ခေတ်၊ စနစ်နှင့် လူနေမှုဘဝတို့သည် အစဉ်ပြောင်းလဲ တိုးတက်နေ၏။
နည်းပညာများ တိုးတက်လာသည်နှင့်အတူ လုပ်ပုံကိုင်နည်း၊ လူနေမှုပုံစံ၊ လူ့အသုံးအဆောင်၊ လက်သုံးကိရိယာမှ အစ စကားအသုံးအနှုန်းတို့ပါ ပြောင်းလဲလာ၏။
ရှေးကထားခဲ့သည့် မြန်မာစကားပုံများတွင် ရှေးမြန်မာများ အသုံးပြုခဲ့သည့် ပစ္စည်းပစ္စယများ ပါခဲ့ရာ ထိုစကားပုံများထဲမှ ပစ္စည်းတော်တော်များများမှာ ယခုခေတ်တွင် မရှိတော့ချေ။ ထိုအခါ ခေတ်လူငယ်များအဖို့ (အဲလေ၊ လူငယ်တင်မဟုတ်ပါ ဘူး။ လူကြီးတွေလည်း အတူတူပါဘဲ) ထိုစကားပုံများကို နားလည်ရန် အခက်အခဲနှင့် ကြုံရသည်။
ဟိုတစ်နေ့က ဆရာဖေနှင်းငွေ မေးခဲ့သည့် လိပ်ပတ်လည် ဟူသည့်စကားမှာ ဤအတိုင်းဖြစ်၏။ စကားဇာစ်မြစ်ကို မသိလျှင် ကုန်း/ရေထဲက လိပ်သတ္တဝါကို ပက်လက်လှန်ကာ ပတ်ချာလည်လှည့်နေသယောင် ထင်နိုင်၏။
ယခုလည်း မကြူက “တစ်ရွာတစ်ကျီဆောက်” ဆိုတဲ့နေရာမှာ “တစ်ကျီ” ဆိုတာ ဘာလဲ ဟု မေးလာပါသည်။
ဤစကားပုံတွင်ပါသည့် တစ်ကျီ ဆိုသည်မှာ စပါးကျီကို ဆိုလို၏။
စပါးကျီဟူသည် စပါးများကို သိုလှောင်ထားရာ အဆောက်အဦတစ်ခု ဖြစ်၏။
ထိုအဆောက်အဦကို သစ်သားတိုင်များ၊ ဝါးကြမ်းခင်း၊ ဝါးထရံတို့ဖြင့် ဆောက်လုပ်ထားပြီး ဖက် သို့မဟုတ် သက်ငယ် မိုးထား၏။ လူဝင်စရာတံခါးပေါက်တစ်ခုသာပါပြီး ပြတင်းပေါက်မရှိ။
ကြွက်များရန်မှ ကာကွယ်ရန် ကြမ်းခင်းကို မြေပြင်မှ တစ်မီတာ (လူခါးတစ်ရပ်) မြှင့်ကာ ဆောက်လုပ်ထား၏။ အတက် အဆင်းလုပ်ရန် သစ်သား သို့မဟုတ် ဝါးလှေခါး တပ်ဆင်ထား၏။
ထရံဟူသည် ဝါးများကို ယက်လုပ်ထားခြင်းဖြစ်ရာ ထရံအပေါက်များကြားမှ စပါးများ ထွက်ကျနိုင်၏။ ထိုအပေါက်များကို နွားချေးများသုတ်လိမ်းကာ ပိတ်စေ၏။ ဤကဲ့သို့ နွားချေးများ သုတ်လိမ်းခြင်းကို နွားချေးကျံသည်ဟု ခေါ်၏။
စပါးကျီ အရွယ်အစားမှာ သတ်သတ်မှတ်မှတ်မရှိပါ။
အချို့လယ်သမားများမှာ လယ်ဧက အနည်းငယ်သာပိုင်ပြီး အချို့လယ်သမားများမှာ လယ်ဧက များစွာပိုင်၏။
ထို့ကြောင့် လယ်ဧက နည်းနည်းသာပိုင်သည့် လယ်သမားများက စပါးကျီ သေးသေး ဆောက်မည်။
လယ်ဧက များများပိုင်သည့် လယ်သမားများက စပါးကျီကြီးကြီး ဆောက်မည် ဖြစ်၏။ တစ်ကျီဖြင့်မလောက်လျှင် နှစ်ကျီ သုံးကျီ စသဖြင့် ဆောက်မည်။
စပါးတစ်ကျီလျှင် စပါးတင်း ၂၀ မှသည် ၅၀၊ ၁၀၀ ခန့်ထိ ဆန့်နိုင်ပါသည်။
အချို့က စပါးကျီကို လေးထောင့်၊ အချို့က အဝိုင်းပုံ ဆောက်လုပ်ကြ၏။
ကျွန်တော် စပါးကျီပုံကို Google တွင်ရှာရာ ရှေးကဆောက်ခဲ့သည့် စပါးကျီဓာတ်ပုံများ မတွေ့ပါ။ ကံအားလျော်စွာ စပါးကျီ ဓာတ်ပုံတစ်ခုကို တွေ့ရပါသည်။ ပုံတွင် ပြထား၏။
ဤသည်မှာ ယခုခေတ်တွင် ခပ်လွယ်လွယ် ဆောက်လုပ် ထားသည့် စပါးကျီ ဖြစ်ပါသည်။ ရှေးက စပါးကျီများမှာ ဤပုံတွင်ပါသည့် စပါးကျီများထက် ပိုလည်းကြီး၊ ပိုလည်းခိုင်ခံ့၊ ပိုလည်း သပ်ယပ်ပါသည်။
တစ်ရွာတစ်ကျီဆောက် ဟူသည့် စကားပုံကို ကျွန်တော်ရှင်းပြပါမည်။
စပါးကျီရှိလျှင် ထမင်းအတွက် ပူစရာမလိုတော့။ ထို့အတူ ခရီးသွားသည့်အခါများတွင်လည်း ရောက်သည့်အရပ်တွင် တည်းခိုနေထိုင်၊ စားသောက်စရာ မပူပင်ရလေအောင် “တစ်ရွာလျှင် အနည်းဆုံး အသိမိတ်ဆွေတစ်ဦး မိတ်ဖွဲ့ထားပါ” ဟု ဆိုလို၏။ စကားပုံတွင်ဖော်ပြထားသည့်အတိုင်း တစ်ရွာလျှင် စပါးကျီတစ်ခု ဆောက်ပါဟု အဓိပ္ပာယ် ကောက်လို့မရ။ စကားပုံက တင်စားပြောထားခြင်းသာ ဖြစ်၏။
ကြွက်မနိုင်၊ ကျီ မီးနဲ့ရှို့ ဟူသည့် စကားပုံတွင်ပါသည့် ကျီဆိုသည်မှာလည်း ထို စပါးကျီကိုပင် ဆိုလိုခြင်းဖြစ်ပါသည်။
စပါးကျီထဲတွင် စပါးများ သိုလှောင်ထားသည်ဖြစ်ရာ ကြွက်များ လာမှာ မုချ။
ထိုအခါ ကြွက်များကို နှိမ်နှင်းရမှာ မုချ။
စကားပုံ၏ မူရင်းအဓိပ္ပာယ်မှာ စပါးကျီတွင် လာရောက်စားသောက်နေသည့် ကြွက်များကို နိုင်အောင် မနှိမ်နှင်းနိုင်၍ စပါးကျီတစ်ခုလုံးကို မီးတင်ရှို့သည် ဟု အဓိပ္ပာယ်ရ၏။
သို့သော် ဤသည်မှာ တင်စားပြောခြင်းသာဖြစ်ပြီး (ဆင့်ပွားအဓိပ္ပာယ်) ဆိုလိုရင်းမှာ တစ်စုံတစ်ယောက်ကို မနိုင်၍ သူရို့ အသိုင်းအဝိုင်းတစ်ခုလုံးကို လှည့်ပတ်ရမ်းတာကို ဆိုလိုပါသည်။
ယခု မြန်မာနိုင်ငံတွင် စစ်ခွေးများက မိမိဖမ်းလိုသည့်သူ တစ်ဦးဦးကို ဖမ်းမမိသောကြောင့် ၎င်းတို့မိသားစုတစ်ခုလုံးကို ဓားစာခံဖမ်းသွားခြင်းမှာ ကြွက်ကိုမနိုင်သောကြောင့် ကျီကိုမီးနှင့်ရှို့ခြင်း ဖြစ်ပါသည်။
သို့ဆိုလျှင် အဘယ်ကြောင့် စပါးကို စပါးကျီနှင့် သိုလှောင်ကြရပါသနည်း။
အဘယ်ကြောင့် ယခုခေတ်တွင် စပါးကျီများ ပျောက်ကွယ်ကုန်ရပါသနည်း။
ရှေးအခါက စပါးတင်းရေများစွာကို အချိန်တိုအတွင်း ကြိတ်ခွဲနိုင်သည့် ဆန်စက်များ မပေါ်သေး။
ထိုအခါ လယ်သမားများသည် စပါးကို အိမ်တွင်သိုလှောင်ကာ စပါးဘဝမှသည် ထမင်းချက်သည့်ဆန် အခြေအနေရောက်အောင် လက်ထိုးကြိတ်များဖြင့် စပါးကြိတ်ခြင်း၊ မောင်းထောင်း၊ ဆန်ဖွပ်၊ ဆန်ပြာခြင်း၊ ဆန်ကာ တိုက်ခြင်းတို့ အဆင့်ဆင့် ပြုလုပ်ကြရ၏။
ဤလုပ်ငန်းမှာ ပင်လည်းပင်ပန်းသလို နှေးလည်းနှေးကွေးလှ၏။ သို့သော်လည်း မတတ်နိုင်။ ဘာတက်ခနော်လော်ဂျီမှ မရှိသေးချိန် အဲသလိုပဲ လုပ်ကြရ၏။ ကျွန်တော်တို့ ငယ်စဉ်ကလည်း ကြိတ်ထိုး၊ မောင်းထောင်းခဲ့ကြရပါသေး၏။
ဆန်စက်များပေါ်လာသည့်အခါ စပါးကို သိုလှောင်စရာမလိုတော့။ စပါးနှင့်ဆန်မှာ ခေါက်ချိုးကွာသည်။ စပါးကို သိုလှောင်ရန် နေရာများစွာလို၏။ ထိုအခါ စပါးအစား ဆန်များကိုသာ အိတ်များဖြင့် သိုလှောင်ကြတော့၏။ ထိုအခါ စပါးကျီလည်း မလိုတော့ပြီ။ တက်ခနော်လော်ဂျီက စပါးကျီကို အလိုအလျောက် ပျောက်ကွယ်စေလေ၏။
ကိုဖိုးရိတ် ကြိတ်ထိုးနေသည်။
အိမ်ရိပ်မှာ စပါးပုံရှိ၏။
ဆန် တစ်စိတ်လောက်ပေးပါ။
ဖျင်အိတ်နှင့် ထည့်ယူမည်လား။
အဖိတ်နေ့ လာယူပါ။
မဖိတ်မစဉ်ပါစေနှင့်။
. . . ဟူသည့် သူငယ်တန်းဖတ်စာကို ရှင်းပြရန် အတော်အချိန်ယူရပေလိမ့်မည်။
ခေါင်းစားမခံလိုသည့် ပညာဝန်များက ခေတ်မမီတော့သော ထိုစာပိုဒ်ကို ဖြုတ်လိုက်ရာ သူငယ်တန်းသင် ဆရာဆရာမများ အဖို့ အတော်သက်သာသွားပေသည်။
ပြောရလျှင် ခေတ်လူတို့ နားမလည်နိုင်သည့် အသုံးများ မြန်မာစကားပုံများထဲတွင် အတော်များများ ရှိပါသည်။
အချို့စကားလုံးများကို ကျွန်တော် နမူနာပြပါမည်။
ဆန်စဉ်ရာ ကျည်ပွေ့မလိုက်နိုင်။
လှည်းဝင်ရိုးသံ တညံညံ၊ ပုဂံဘုရားပေါင်း။
ဒီပုတ်ထဲက ဒီပဲ။
တစ်ချက်တီး၊ နှစ်ချက်တီး (ဤသည်မှာမြန်မာနာရီဖြစ်၏။ မြန်မာနာရီအကြောင်းကို ယခုခေတ် လူတစ်သိန်း လိုက်မေးလျှင် တစ်ယောက်သိဘို့ ခဲယဉ်းလှ၏။)
သုံးချောင်းထောက်၊ လင်ပန်း၊ ဆွမ်းအုပ် (ဤရှေးသုံးပစ္စည်းများကိုလည်း ပြတိုက်များတွင် သွားကြည့်မှသာ မြင်ရမည်။)
ဦးပေါင်းကို ဆွမ်းတော်တင် (ဤစကား နားလည်ဘို့ရာ ယခုလိုဆောင်းပါးတစ်စောင် ရေးပြပြီးရှင်းပြမှ ဖြစ်မည်။ သို့တိုင် နားလည်ဘို့ရာ မလွယ်ပါ။)
အောက်ပါ လယ်လုပ်ခြင်းနှင့် ပတ်သက်နေသည့် အသုံးများကိုလည်း လယ်လုပ်ငန်းနှင့် မယဉ်ပါးသည့် လူငယ်များ မသိနိုင်။
ဆန်ကော၊ ဆန်ကာ၊ ကျိတ်ထိုးသည်၊ မောင်းထောင်းသည်၊ အဖျင်း၊ အမှော်၊ နို့ရည်ခဲ၊ မောင်းညို၊ စပါးနယ်၊ တလင်း၊ တလင်းနယ်သည်၊ စပါးလှေ့သည်၊ ကောက်သင်းကောက်သည်၊ လုံးတီးဆန်၊ ကောက်ရိုး၊ ရိုးပြတ်၊ ကောက်လှိုင်းတိုက်၊ ကောက်ဆွ၊ စလယ်ဝင်အိုး။
ဤတွင် ကျွန်တော် ၈ တန်း ကျောင်းသားလောက်က ရီစရာ အဖြစ်အပျက်ကလေးတစ်ခုကို ပြန်ပြောင်း သတိရမိပါသည်။
ထိုစဉ်က အထက်တန်း ကဗျာလက်ရွေးစင်တွင် ခလောက်ကလေးရယ်တဲ့ ဒိုးဒိုးဒေါင် ဟူသည့် ရှေးကဗျာတစ်ပုဒ်ပါ၏။
ဤကဗျာကို စကားပြေပြန်သည့်အခါ ကျောင်းသူတစ်ဦးက . .
“နွားညီနောင်၊ စည်အောင်ပ ဖေကျောင်း” ဟူသည့် အပိုဒ်ကို . .
“နွားညီနောင်၏အမည်မှာ စည်အောင်ပ နှင့် ဖေကျောင်းတို့ ဖြစ်ပါသည်။” ဟု ပြန်ဆိုလေရာ ကျောင်းသားများအကြား ဟားစရာတစ်ခု ဖြစ်ခဲ့ဖူးလေ၏။
ထိုစဉ်က ကျွန်တော်က ၈ တန်း၊ ကျွန်တော့်အစ်ကို ကိုသန်းနိုင်က ဆယ်တန်း။
သူပြောပြ၍ ကျွန်တော် ပြန်သိရ၏။
တစ်ခါကလည်း နိုင်ငံကျော် အဆိုတော်ကြီးတစ်ဦးဖြစ်သူ “မင်းအောင်” အကြီးအကျယ် လွဲခဲ့ဖူးသေးသည်။
ကျွန်တော်တို့ ၉ တန်း၊ ၁၀ တန်း ကျောင်းသားအရွယ်လောက်က သူ၏ အင်မတန်ကျော်ကြားလှသည့် “အသည်းနွမ်းခေါ်သံ” သီချင်း ပေါ်ခဲ့၏။ သူ့သီချင်းအစမှာ . .
ရဝေ ရဝေ ဪ . . မြိုင်စောင်းမှာလ . . ဥဒေါင်းတွေ တွန်သံ တွန်သံကြားရင် . . ဟု ဖြစ်၏။
အဲ့ငယ် . .
သူက ရဝေ ဆိုသည်မှာ တော ဖြစ်သည်ဟု နားလည်ထားပုံရပါသည်။
သို့သော် “နန်းရဝေ မန်းမြေမှာ စပယ်လှိုင်တော့” ဟူသည့် ကဗျာအရ “ရဝေ” သည် နန်းတော်ဖြစ်၏။
မင်းအောင်က “ရဝေ ရဝေ ဪ . . မြိုင်စောင်းမှာလ . . “ လုပ်လိုက်ရာ တောထဲတွင် နန်းတော်ကြီးကို သွားဆောက် ထားသလို ဖြစ်နေလေ၏။
မကြူရေ -
ဂလောက်ဆို လုံလောက်ပြီ ထင်ပါရဲ့ဗျာ။
(လုံလောက်ရင်တော့ အဂ္ဂိရတ်ထိုးဘို့ပဲ ကျန်တော့တယ်)
“တစ်ကျီ” ဆိုတာ ဘာလဲ ဟု မေးလှာသည့် မကြူကို အထူးကျေးဇူးတင်ပါသည်။
အေးငြိမ်း
၁၅ ဇွန်လ၊ ၂၀၂၁
No comments:
Post a Comment