Saturday, June 12, 2021

“မြန်မာပြည်ပညာရေးနှင့် အစွန်းရောက် ဝါဒီများ” ဆောင်းပါးအား ပြန်လည်ချေပခြင်း (၁)

ဇွန်လ ၉ ရက်၊ ၂၀၂၁ နေ့ထုတ် ကြေးမုံသတင်းစာ၊ စာမျက်နှာ (၆) ပါ ဒေါက်တာရင်ရင်နွယ်၏

“မြန်မာပြည်ပညာရေးနှင့် အစွန်းရောက် ဝါဒီများ” ဆောင်းပါးအား ပြန်လည်ချေပခြင်း

============================================

 

(၁) ဒေါက်တာရင်ရင်နွယ်

 

ကျွန်တော်သည် ယခင် ၂၀၁၅ ခုနှစ်လောက်များဆီက ဒေါက်တာရင်ရင်နွယ်ကို အထင်ကြီး လေးစားခဲ့ပါသည်။ သူ့အပြော အဆိုများအရ လူတော်တစ်ယောက်ဖြစ်မည်ဟု ခန့်မှန်းကာ လေးစားခဲ့မိခြင်း ဖြစ်၏။

 

VOA တွင် ဦးကျော်ဇံသာနှင့် “မြန်မာ့မျက်မှောက်ရေးရာ ဆွေးနွေးခန်း” တွင် ပြောဆိုချက်များအရ လည်းကောင်း၊ ရတနာပုံ နေပြည်တော်သတင်းစာ တွေ့ဆုံမေးမြန်းခန်းများအရ လည်းကောင်း သူသည် ခေသူတစ်ယောက်မဟုတ် ဆိုကာ အထင်ကြီး လေးစားခဲ့ခြင်း ဖြစ်၏။ သူ့ကို ပိုပြီးသတိထားမိတာ ရိုဟင်ဂျာအရေးတွင် ဖြစ်၏။

 

သို့သော် ထိုဟာကြီးထဲတွင် ဖွတ်ကြီးအောင်းနေမည်မှန်း မရိပ်မိခဲ့။ ယခု ဖွတ်ကြီးထွက်လာတော့မှ တောင်ပို့ကြီးမှန်း သိရတော့၏။ သို့နှင့် သူ့အကြောင်းတွေ မွှေနှောက်ရှာတော့ အောက်ပါအတိုင်း တွေ့ရ၏။

 

ဒေါက်တာရင်ရင်နွယ်မှာ မြန်မာပြည်ကို ရစရာမရှိအောင် ဖျက်ဆီးသွားခဲ့သည့် ဦးနေဝင်း၏သား ဖြိုးနေဝင်း၏မယား ဟောင်း ဖြစ်ချေ၏။ ဖြိုးနေဝင်းက သူ့အဖေ၏သားပီပီ ဂျာမန်အမျိုးသမီးတစ်ယောက်နှင့် ယူသွားလေရာ ကျန်ရစ် ဖြစ်ခဲ့သူဖြစ်၏။

 

၁၉၈၈ စက်တင်ဘာလထိ ရန်ကုန်တက္ကသိုလ် ဘူမိဗေဒဌာနတွင် ကထိအဖြစ်တာဝန်ထမ်းဆောင်ခဲ့၏။ ၁၉၉၁ မှစကာ ယူနီဆက်တွင် အလုပ်လုပ်ရာ ၂၀၁၁ ထိဖြစ်၏။

 

၂၀၁၄ ဇွန်လ ၁၈ ရက်နေ့တွင် တိုးချဲ့ဖွဲ့စည်းလိုက်သည့် သမ္မတဦးသိန်းစိန်၏ ပညာရေးအကြံပေးအဖွဲ့တွင် အဖွဲ့ ခေါင်းဆောင် ဖြစ်လာခဲ့၏။

 

၂၀၁၄၊ နိုဝင်ဘာ ၃၀ ကုန်သည်စက်မှုအသင်းချုပ်တွင် ပြုလုပ်သည့် မြန်မာနိုင်ငံစီးပွားရေးအကူးအပြောင်း ဆွေးနွေးစရာ နှင့်ရွေးချယ်စရာအကြောင်း ဟောပြောပွဲတွင် ဒေါက်တာရင်ရင်နွယ်က “ပညာရေးစနစ်သည် နိုင်ငံရေးကစားကွက် မဖြစ်သင့်” ဟု ပြောခဲ့ဖူးပါသေးသည်။

 

(၂) “CDM” မလုပ်ခဲ့သော နိုင်ငံ့ဝန်ထမ်းများနှင့်

 

ဒေါက်တာရင်ရင်နွယ်သည် ၂၀၂၁၊ မေလ ၁၇ ရက်နေ့ ကြေးမုံသတင်းစာ၌ “CDM” မလုပ်ခဲ့သော နိုင်ငံ့ဝန်ထမ်းများနှင့် “Social Punishment” ခံနေရသူများအတွက် ဆိုကာ ဆောင်းပါးတစ်ပုဒ် ရေးခဲ့ပါသေး၏။ ၎င်း၏ ရေးသားချက်တချို့မှာ အောက်ပါအတိုင်း ဖြစ်၏။

 

၎င်းက “မြန်မာပြည်တွင် Facebook ကို မှီဝဲအသုံးပြုသူအများစုမှာ အပေါ်ယံလောက်သာ စဉ်းစားကြသည်။” ဟု ဆို၏။

 

ဤသည်မှာကား ဖေ့စ်ဘုတ်သုံးသူအားလုံးကို သိမ်းကြုံး၍ ဝါးလုံးချေးသုတ် ရမ်းလိုက်ခြင်း ဖြစ်၏။ ကျွန်ုပ်တို့သည် ဖေ့စ်ဘုတ်အားဖြင့် မြန်မာပြည်တွင် ဘာတွေဖြစ်ပျက်နေသည်ကို အချိန်နှင့် တပြေးညီ သိခွင့်ရ၏။ ဖေ့စ်ဘုတ်ကို ဆင်းရဲချမ်းသာမရွေး၊ ပညာတတ်/မတတ် မရွေး၊ လူအတန်းအစားမရွေး အားလုံးအတွက် ဖွင့်ပေးထားသည် ဖြစ်ရာ ဖေ့စ်ဘုတ်တွင် သောင်းပြောင်းရောရာများ ပါမည်မုချ။ လိုတာယူ၊ မလိုတာ ပစ်လိုက်ရုံဖြစ်၏။ ဖေ့စ်ဘုတ်သုံးသူ အများစုမှာ အပေါ်ယံလောက် စဉ်းစားသည် ဆိုခြင်းကား မျက်မမြင်ပုဏ္ဏားက ဆင်ဆိုတာ နံရံကြီးပါကွာ ဟု ပြောသကဲ့ သို့သာ ဖြစ်ချိမ့်မည်။ 

 

နောက်တစ်ခုလည်း ကြည့်လိုက်ပါဦး။ CDM ဝန်ထမ်းများကို အပြတ်အသတ် စော်ကား ရေးသားထား၏။

 

++++++++++++++++++++++++++

“မြန်မာပြည်မှ ဝန်ထမ်းများ CDM လုပ်ခြင်းသည် သူတစ်ပါးအပေါ် အကျပ်ကိုင်မှု (coercion) ပါနေသည်။ CDM အစစ်ဆိုသည်မှာ ဆိုကရိတ်တီးစ်ကဲ့သို့ မိမိ၏ယုံကြည်ချက်အပေါ် ခိုင်မာစွာရပ်တည်သော ကိုယ်ပိုင် ဆုံးဖြတ်ချက် သာြဖစ်သင့်သည်။ နိုင်ငံ့ဝန်ထမ်းတစ်ဦးသည် အစိုးရကိုဆန့်ကျင်လိုသောကြောင့် CDM လုပ်ရန် ဆုံးဖြတ်ပါက ဒီမိုကရေစီ သဘောတရားများအရ ထိုဝန်ထမ်းမှာ လွတ်လပ်စွာ ဆုံးဖြတ်ပိုင်ခွင့်ရှိသည်။ တစ်ချိန်တည်းတွင် ထိုဝန်ထမ်းသည် ဖြစ်လာမည့် ပြစ်ဒဏ်နှင့် အကျိုးဆက်အားလုံးကိုလည်း ဒေါက်တာကင်းဂ်နှင့် ဆိုကရိတ်တီးစ်ကဲ့သို့ ရဲရဲဝံ့ဝံ့ ရင်ဆိုင်ရန် ဆုံးဖြတ်ပြီးသား ဖြစ်သင့်သည်။ ဤကဲ့သို့ မဟုတ်ဘဲ CDM မလုပ်သော အခြားဝန်ထမ်းများ၊ အထူးသဖြင့် မိမိ၏ လက်အောက် ငယ်ဝန်ထမ်းများအား အတင်းအကျပ် CDM လုပ်ရန် ဖိအားပေးနေသော CDM ပါမောက္ခများ၊ CDM ကျောင်းဆရာများ၊ CDM ဆရာဝန်များသည် သူတို့ကိုယ်တိုင် ဒီမိုကရေစီသဘောတရားများကို ချိုးဖောက်နေသည်ဟု ဆိုရပေမည်။

နိုင်ငံခြားတွင်နေသော မြန်မာများသည်လည်း စစ်ကျွန်ပညာရေး ကို အားမပေး” ဟူ၍ ကလေးများကို ကျောင်းမတက် စေရန် ဆော်ဩကြသည်။ ထိုမြန်မာများသည် မိမိတို့၏ကလေးများကို နိုင်ငံခြားတွင် ကျောင်းထားပြီး မြန်မာပြည်တွင် စာသင်ကျောင်းများနှင့် တက္ကသိုလ်များပျက်အောင် တိုက်တွန်းနေသည်။ အစိုးရကျောင်းများကို မသုံးလျှင် ကလေးများကို မည်ကဲ့သို့ ပညာတတ်အောင်သင်မည်ကို အဖြေမပေးနိုင်။ အခြေအနေအမှန် (reality) ကို မေ့နေသူများဖြစ်ကြသည်။ မိမိတို့ကြိုက်နှစ်သက်သော အစိုးရမတက်မချင်း နိုင်ငံ၏စနစ် များအားလုံးကိုပျက်သုဉ်းရန် တွန်းအားပေးနေသောသူများ ဖြစ်သည်။

++++++++++++++++

ဒေါက်တာရင်ရင်နွယ်က CDM လုပ်သည့်ဝန်ထမ်းများမှာ အခြားသူများက အတင်းအကြပ်ကိုင် ဖိအားပေးနေသဖြင့် လုပ်နေရသည်၊ မိမိယုံကြည်ချက်ကြောင့်မဟုတ် ဟု ဆိုထား၏။

 

နေစရာအိမ်ပင် ဘယ်နေမှန်းမသိသော မီးရထားဝန်ထမ်းများ သေတ္တာကလေးများရွက်ကာ ဆင်းလာသည်မှာ အဘယ်သူ၏ ဖိအားကြောင့် ဆိုသည်ကို အနှီ ကုလသမဂ္ဂအရာရှိကြီးလုပ်ခဲ့ဖူးသူ ဒေါက်တာမကြီးကို အကျွန်ုပ် မေးလိုက် ချင်၏။ 

 

ဝန်ထမ်းလစာကိုသာ မှီခိုနေထိုင် စားသောက်နေရသည့် မြန်မာပြည် တနံတလျားမှ အစိုးရဝန်ထမ်းများသည် မည်သူက အတင်း တိုက်တွန်းနှိုးဆော်နေ၍ CDM လုပ်နေကြပါသနည်း။ 

 

၎င်းမှာ ငယ်စဉ်ကပင် စစ်ဘော၏အရသာကို မြိန်ရည်ရှက်ရည် သိရှိနားလည်ခဲ့သူဖြစ်လေရာ ယခုလည်း သူ့ပထွေး စစ်ခွေးများကပေးသည့် စည်းစိမ်များကို ခံစားလျှက် အပြင်ကို နည်းနည်းမှ ထွက်မကြည့်ဘဲ ကျွဲခြေရာခွက်ကို အဟုတ်ကြီးထင်ကာ ရမ်းသမ်းမှန်းတုတ်နေမှန်း ၎င်း၏ ပထွေးများကလွဲ၍ ထမင်းစား ကြီးလာသည့် လူတိုင်း ခန့်မှန်း သိရှိနိုင်လေသည်။

 

ဤဆောင်းပါးအကြောင်းကို အကျယ်တဝင့် မရေးတော့ပါ။ မူလ ရည်ရွယ်ရင်း ဆောင်းပါးကိုသာ ဆက်ပါမည်။ ရင်ရင်နွယ်ဆိုတာ ဘယ်သို့သော သဘောရှိသူမှန်း မိတ်ဆွေတို့ သိစေရန် လမ်းခင်းပေးခြင်းမျှ ဖြစ်ပါ၏။


(၃) မြန်မာပြည် ပညာရေးနှင့် အစွန်းရောက်ဝါဒီများ

==========================

 

အနှီ ဒေါက်တာရင်ရင်နွယ်ကပင် ၂၀၂၁၊ ဇွန်လ ၉ ရက်နေ့ ကြေးမုံသတင်းစာ၌ “မြန်မာပြည် ပညာရေးနှင့် အစွန်းရောက် ဝါဒီများ” ဟု ရေးပြန်ပါ၏။

 

သူရေးထားသည့် ဤဆောင်းပါးကိုမူ တစ်ပိုဒ်ချင်း ပြန်ရှင်းပါမည်။ 

 

++++++++++++++++++++++

 

အပိုဒ် (၁)

=======

 

မြန်မာနိုင်ငံရှိ အခြေခံပညာရေးကျောင်းများကို ပြန်ဖွင့်မည်ဟုကြေညာခဲ့သည့်အချိန်မှစ၍ ကလေးများ ကျောင်းမတက် စေရန် ခြိမ်းခြောက်မှုနှင့် အကြမ်းဖက်မှုအမျိုးမျိုး ဖြစ်ပေါ်နေသည်မှာ အများအသိပင်ဖြစ်သည်။

 

++++++++++++++++++++++

 

အောင်မလေးဗျာ။ ကျုပ်တို့ တိုင်းသူပြည်သားတွေ ကလေးတွေ ကျောင်းမတက်ဘို့ စည်းရုံးနေတာ မှန်ပါသဗျာ။ ဒါပေသိ ကျောင်းမတက်ဖို့ ဘယ်သူက ခြိမ်းခြောက်နေပါသလဲ။ ဘယ်သူကများ အကြမ်းဖက်နေပါသလဲ။ ဖေဖော်ဝါရီ (၁) ရက် စစ်အာဏာသိမ်းပြီးချိန်ကစပြီး ကျုပ်တို့ပြည်သူများဟာ ဘယ်သောအခါကမှ အကြမ်းဖက် လုပ်ငန်းတွေကို မလုပ်ဆောင်ခဲ့ပါခင်ဗျာ။ အဖမ်းခံရတဲ့တိုင် လက်ကလေးနောက်ပစ်ပြီး လိုက်သွားကြတာပါ။ ပြန်ပြီး ထိုးတာကြိတ်တာ တောင် မတွေ့ရပါဘူး။ အသာတကြည် အဖမ်းခံတဲ့သူတွေကိုပဲ စစ်သားတွေက ကန်ကျောက် ရိုက်နှက်နေတာပါ။ နေ့တိုင်း မမြင်ချင့်အဆုံးဖြစ်နေတဲ့ အဲဒီမြင်ကွင်းတွေကို မတွေ့မမြင်ရအောင် ဒေါက်တာ ရင်ရင်နွယ် ဘယ်ချောင်သွား အိပ်နေသလဲ ခင်ဗျား။ 

 

++++++++++++++++++++++

 

အပိုဒ် (၂)

=======

 

အကြမ်းဖက်သမားများက ကျောင်းများကို မီးရှိ့ဖျက်ဆီးကြသည်။ ဗုံးဖေါက်ခွဲကြသည်။ ဝန်ထမ်းများကို သတ်ဖြတ်သည်။ တရားခံများကို ဖမ်းမိသည်မှာ များသည်။ ထိုဖမ်းမိသော အကြမ်းဖက်သမားများမှာ NUG/PDF/CRPH အဖွဲ့များကို ထောက်ခံသူများနှင့် ယင်းအဖွဲ့များက စေခိုင်းသည်ဟု ဝန်ခံကြသည်။ မေလ ၃၀ ရက်နေ့တွင် NLD ပါတီနှင့် ဆက် နွယ်နေသူ တစ်ဦးက ကလေးများကျောင်းတက်လျှင် လက်ပြတ်ခြေပြတ် ဖြစ်လိမ့်မည် ဟုပင်ခြိမ်းခြောက်ခဲ့သည်။ 

(အညွှန်း ၁)။

 

++++++++++++++++++++++

 

ဒေါက်တာရင်ရင်နွယ်က ကျောင်းတွေကို မီးရှို့၊ ဗုံးခွဲ၊ လူတွေကိုသတ်တဲ့သူတွေဟာ ပြည်သူတွေဖြစ်တယ်လို့ အသားလွတ် စွပ်စွဲနေပါကလား။ ကျုပ်တို့ပြည်သူတွေမှာ ဘယ်နေရာကနေ ဗုံးရနိုင်မလဲ ဆိုတာလောက်တောင် မစဉ်းစားတတ်တဲ့ သူက အင်္ဂလန်နိုင်ငံ၊ ကင်းဘရစ်တက္ကသိုလ်က ဘွဲ့ရလာပါတယ် ဆိုတော့ အင်း၊ စမ်းမ်သင်းတော့ ရောင်းနေပြီလို့သာ ဆိုလိုက်ချင်ပါတော့တယ်ခင်ဗျာ။ နောက်ပြီး ဘာတဲ့။ 

 

‘အကြမ်းဖက်သမားများမှာ NUG/PDF/CRPH အဖွဲ့များကို ထောက်ခံသူများနှင့် ယင်းအဖွဲ့များက စေခိုင်းသူများ ဖြစ်သည်’ ဆိုပါလား။ ဒေါက်တာရင်ရင်နွယ်ရာ၊ ငါ့သမီးလေး တော်လှနဲ့။ ယောင်းမမြင်းစီးပြီး ထွက်လာပါကလား။ သူ့ခေါင်းထဲက ဦးဏှောက်တွေ ဘယ်များရောက်ကုန်လို့ ဒီစကားပြောလိုက်တာပါလိမ့်။ သူတို့ပဲ ထောင်ထွက်လူဆိုး တွေကို မီးရှို့ခိုင်း၊ လူသတ်ခိုင်း၊ နောက်ပြီးတော့မှ NUG က လွှတ်တာပါပြောခိုင်း။ ဟို့ ၈၈ က အကွက်တွေကို မသိတာလား။ မသိချင်ယောင် ဆောင်တာလား။ ခင်ဗျားပဲသိမှာပါနော်။

 

နောက်ပြီး သူရည်ညွှန်းထားတဲ့ ဗီဒီယိုက ကိုမျိုးရန်နောင်သိမ်း ပြောထားတာပါ။ ကိုမျိုးရန်နောင်သိမ်းပြောတာတွေသည် NLD နှင့် မည်သို့မှ မပတ်သက်ပါလို့ ဟို့အရင်ကတည်းက ထုတ်ပြန်ထားတာလဲ မသိ။ မသိဆို စာလည်းမဖတ်။ သူပဲ ‘ဖေ့စ်ဘုတ်သုံးသူတွေဟာ အပေါ်ယံလောက်သာ စဉ်းစားကြသူတွေ ဖြစ်သည်’ ဆိုထားပြီး သူပဲ ဖေ့စ်ဘုတ်ကို ရည်ညွှန်းတာဆိုတော့ ခင်ဗျားလည်း အပေါ်ယံလောက် စဉ်းစားသူပဲပေါ့နော်။

 

++++++++++++++++++++++

 

အပိုဒ် (၃)

=======

 

အစိုးရကိုဆန့်ကျင်သူများကလည်း ဤသို့သော အကြမ်းဖက်မှုများသည် တရားမျှတသည်ဟု ယုံကြည်ကြ၍ အားပေး လှုံ့ဆော်ကြသည်။ ထိုသူတို့က “စစ်ကျွန်ပညာရေး” နှင့် သုံးစားမရသောပညာရေး” ဟုပြောဆို၍ မိဘများကို ကျောင်းမထားရန် တိုက်တွန်းကြသည်။

 

++++++++++++++++++++++

 

ဘာတယ်။ “ဤသို့သော အကြမ်းဖက်မှုများသည်” - မြတ်စွာဘုရား။

 

မမြသွဲ့သွဲ့ခိုင်ကလေး သူ့ဘာသာသူ ရပ်နေတာကို ခေါင်းကို သေနတ်နဲ့ချိန်ပစ်တုံးက ဒေါက်တာရင်ရင်နွယ် ဘာအသံမှ မထွက်ခဲ့ပါလားခင်ဗျ။ ဘာတဲ့။ ကျမ မသိလိုက်လို့ပါလို့ ခင်ဗျားထောက်ခံတဲ့ စစ်ဗိုလ်ချုပ်တွေလို ဖင်ပိတ် ငြင်းအုံးမလို့ လား။ 

 

ကရင်ရွာတွေအပေါ် လေယာဉ်နဲ့ဗုံးကျဲချတာ။ မင်းတပ်ကို လူမဆန်ဘဲ မှုန့်မှုန့်ညက်ညက်ချေတာတွေကိုလည်း မမြင်မိဖူး ပေါ့။ ဟတ်လား။

 

အကယ်၍ ဒေါက်တာရင်ရင်နွယ် ကြည့်ချင်သပဆို အိမ်တွေကို တဒိုင်းဒိုင်းနဲ့ အကြောင်းမဲ့ သေနတ်တွေနဲ့ လိုက်ပစ်နေတဲ့ စစ်သားတွေရဲ့ ဗီဒီယိုတွေ ကျွန်တော့်ဆီမှာ စုဆောင်းထားတာ အများကြီး ရှိပါတယ်။ ကြည့်ချင်သပဆို ပို့ပေးပါမယ်။ ဘာလဲ အဲဒီစစ်သားတွေဟာ PDF တွေပါလို့ ငြင်းအုံးမလို့လား။ အာဟ။


ဆက်ပါဦးမည်။

 

အေးငြိမ်း (လေးမျက်နှာ)

၁၂ ဇွန်လ၊ ၂၀၂၁

No comments: