Monday, July 30, 2018

ဧဝံမေသုတံ

ကျွန်တော် စတုတ္ထနှစ်ကျောင်းသားဘဝက ဆရာကြီး ဆန်းထွန်း (မန်းတက္ကသိုလ်) ၏ စာပေဟောပြောပွဲကို ကျောင်းတွင် နားထောင်ခဲ့ရပါသည်။

ကြာပြီဆိုတော့ အားလုံးကို မမှတ်မိတော့ပါ။ သို့သော် ကဗျာလေးတစ်ပိုင်းတစကိုတော့ မမေ့သေးပါ။ ကျန်းမာရေးအတွက် ဟောတာ ဖြစ်၏။
ဓာတ်စာမဟုတ်၊ ချက်ပြုတ်ဒေါသ၊ . . . . . . . . ၊ ညခါခန်းတွင်း၊ မီးလင်းမနေ၊ . . .
ဆိုလိုသည်မှာ စားနေကျအစာမဟုတ်လျှင် အစာမကျေတတ်။ ချက်ပြုတ်ရာတွင် ကောင်းကောင်းမကျက်ပါက အစာမကျေတတ်၊ ညအိပ်သည့်အခါ အခန်းတွင်း၌ မီးထွန်းမထားရ . . . စသည်။

ထိုမှဆက်၍ နောက်တစ်ပိုဒ်ကို ပါဠိကလေးနှင့်ရွတ်ပြသည်။ ဒါနံပိဏ္ဍံ ပသံသေးယျ စသဖြင့်ဖြစ်၏။ စကားလုံးများ မှန်ချင်မှ မှန်ပါလိမ့်မည်။ အတိအကျမမှတ်မိတော့ပါ။ အသံထွက်ကိုသာ ခပ်ရေးရေး မှတ်မိသည်။ အဓိပ္ပာယ်မှာ -
အစားအစာကို အစာကျေညက်ပြီးသွားသည့်အခါမှ ချီးမွမ်းရာ၏။
မိန်းမကိုလည်း အသက်အရွယ်အိုမင်းသွားသည့်အခါမှ ငါ့မိန်းမ ငါ့အပေါ်သစ္စာရှိလိုက်တာ ဟု ချီးမွမ်းရာ၏။ - ဟူ၏။

ဤသည်မှာ ပဉ္စတန္တရထဲမှထင်ပါသည်။ မမှတ်မိတော့ပါ။ (ဟင် . . မင်းဟာကလည်း မှတ်မိတာတော်တော်၊ မမှတ်မိတာကများများ ဖြစ်နေပါလားကွ)

၂၀၁၆၊ မတ်လက ကျွန်တော် ပို့စ်တစ်ခု ရေးခဲ့သည်။ ပျော်ခဲ့ရသော နွေရက်များ ဟူ၏။ ကျွန်တော် အလွန်ပျော်ခဲ့ရသော နေ့ရက်များ အကြောင်းဖြစ်၏။ (http://shwenyein.blogspot.com/2016/04/blog-post_7.html)

ကျွန်တော့်ဘဝတွင် မှတ်မှတ်ရရ အလွန့်အလွန်ပျော်ခဲ့ရသော အချိန်နှစ်ခု ရှိခဲ့သည်။
ပထမတစ်ခုမှာ ၁၉၉၀ ရွေးကောက်ပွဲကာလ က NLD အပြတ်အသတ် အနိုင်ရစဉ်က ဖြစ်၏။ သည်တုံးက ရေဒီယိုက ရွေးကောက်ပွဲ ရလဒ်များ ကြေငြာလိုက်၊ ဝေးကနဲအော်ကာ ပျော်လိုက်ကြနှင့် ကျွန်တော်တို့ အလွန်ပျော်ခဲ့သည်။ ထီပေါက်လျှင်ပင် ဤမျှ ပျော်မိမည် မဟုတ်ပါ။ သို့သော် ကျွန်တော်တို့ မှန်းချက်နှင့်နှမ်းထွက် မကိုက်ခဲ့။

နောက်တစ်ခုမှာ ၂၀၁၆ ခုနှစ်၊ မတ်လက လွှတ်တော်အတွင်းသို့ ပင်နီများ အစုလိုက်၊ အပြုံလိုက် ဝင်ရောက်လာသည်ကို တွေ့မြင်ရ စဉ်က ဖြစ်၏။ သို့ဆိုလျှင် ၂၀၁၅ မဲနိုင်တုံးက ဘာကိစ္စမပျော်ဘဲ လွှတ်တော်ထဲဝင်လာကမှ ပျော်ရသနည်း ဟု မေးပါ။ အလွန် ညစ်ပတ်စုတ်ပဲ့လှသူများအကြောင်း သိနေ၍ မဲနိုင်သည့်တိုင် မယုံရဲသောကြောင့် ဖြစ်ပါသည်။ ၂၀၁၆၊ မတ်လမှာ အာဏာ လွှဲပေးမယ် ဆိုတာတောင် အင်း၊ ဘယ်လိုဉာဏ်နီဉာဏ်နက်တွေများ ထုတ်အုံးမလဲမသိဟု စိတ်တထင့်ထင့် ဖြစ်နေခဲ့သည်။

သို့သော် ကျွန်ုပ်၏ပျော်လုံးကလေးမှာ ကြာကြာမခံလိုက်။ ခွေးလျက်သည့် ထန်းလျက်ခဲကဲ့သို့လည်းကောင်း၊ အဝတ်ဘီရိုထဲ ထည့်ထားသည့် ပရုပ်လုံးကလေးကဲ့သို့ လည်းကောင်း တစ်နေ့တခြား လုံးပါးပါးလာလိုက်သည်မှာ ယခုတော့ ကျန်ကောင်း ကျန်ရာသာ ကျန်ပါတော့သည်။ အဲလေ ကျန်တောင်မကျန်တော့ပါ။ ဝမ်းနည်းစရာဖြစ်၏။

လူအများသိပြီးသား တခြားဟာတွေ ထားလိုက်ပါ။ ကိုယ့်ပေါင်ကိုယ် လှန်ထောင်းရမည့် အကြောင်းများကိုလည်း မပြောလိုတော့ပါ။

ယခု မြန်မာပြည်အောက်ပိုင်း၌ ရေကြီး၍ လူအများဒုက္ခရောက်နေတာကြည့်ပြီး ကျွန်တော့်စိတ်ထဲ အလွန်မကောင်းဖြစ်မိပါသည်။
နောက်ပြီး သည် အစိုးရ ဆိုတာကြီးကိုလည်း ငါနှင့်ကိုင်တုတ်ချင်ပါသည်။

မြန်မာပြည်၌ ရေကြီးသည်မှာ အဆန်းမဟုတ်။ နှစ်တိုင်းကြီးနေသည်။ သည်ဟာကြီးကို သိနေလျက်ကနှင့် ရေကြီးရင် ဘာလုပ်မလဲ ဆိုကာ ကြိုတင်ပြင်ဆင်မထားသည်ကတော့ အလွန့်အလွန် ညံ့ဖျင်းလွန်းလှသည်။ ဟိုအကောင်တွေ လက်ထက်တုံးက ဖြစ်ပျက်ခဲ့တာတွေကိုတော့ ထားလိုက်ပါတော့။ ကိုယ့်တစ်ဘို့ထဲကလွဲပြီး တခြားကိစ္စ ဘာမှ ခေါင်းထဲထည့်မထားသူတွေမို့ ဒေါသ ထွက်ရတာ တန်သေးသည်။

အခုကိစ္စမှာတော့ ဘယ်လိုခံစားရမှန်းပင် မသိပါ။

လူတွေ ရေနစ်နေတော့မှ ထမင်းထုပ်သွားဝေတာ အလုပ်မဟုတ်ပါ။ အဲသဟာ လူဖျင်းလူညံ့တို့ လုပ်တာဖြစ်သည်။ အဲသလောက်ကတော့ လူတိုင်းလုပ်တတ်သည်။ သူများလုပ်သလို ကော်ပီကူးလိုက်လုပ်နေတာ ကိုယ်အသုံးမကျမှန်း ပြောပြနေရာ ရောက်သည်။

အရေးပေါ်စီမံချက် (Emergency preparedness) ဟူသည် အရေးကြုံလာလျှင် ဘယ်လိုလုပ်ကြမလဲ ဟု ကြိုတင်စီမံထားတာ ဖြစ်သည်။

ü  ဘယ်လိုအရေးပေါ်ကိစ္စတွေဖြစ်တတ်သည်။ ဥပမာ - မီးလောင်ခြင်း၊ ရေကြီးခြင်း၊ ငလျင်လှုပ်ခြင်း၊ အကြမ်းဖက်ခြင်း
ü  မည်သည့်အရေးပေါ်ကိစ္စဆို မည်ကဲ့သို့ တုံ့ပြန်မည်။
ü  ကယ်ဆယ်ရေးအတွက် မည်သည့်စက်ပစ္စည်း၊ ကရိယာများလိုမည်။
ü  ကယ်ဆယ်ရေးအဖွဲ့ ဖွဲ့ထားမည်။ ထိုအဖွဲ့တွင် ကယ်ဆယ်မည့်အဖွဲ့၊ ရှေးဦးသူနာပြုအဖွဲ့၊ သယ်ယူပို့ဆောင်ရေးအဖွဲ့၊ ပစ္စည်းများ ထောက်ပံ့ရေးအဖွဲ့၊ မီးသတ်အဖွဲ့ စသည်တို့ပါမည်။
ü  ဒုက္ခသည်များကို မည်သည့်နေရာတွင် နေရာချထားမည်။
ü  အရေးပေါ်ကိစ္စမှာ မည်မျှကြာနိုင်သည်။
ü  ထိုအခါ ထိုဒုက္ခသည်များအတွက် အစားအသောက်ကို မည်ကဲ့သို့ စီမံမည်။
ü  ဆေးဝါးကုသမှုအတွက် မည်သည့်ဆေးဝါးများ လိုမည်။ ဆရာဝန်၊ သူနာပြုဦးရေ။

အစရှိသည်တို့ စီစဉ်ထားရမည်။

နောက်ပြီး သည်အစီအမံ တကယ်အလုပ်ဖြစ်မဖြစ်၊ အရေးပေါ်စီမံချက်တွင် ပါသူတို့ အစိမ်းသက်သက် ဖြစ်မနေစေရန်၊ တကယ် လက်တွေ့လုပ်ရတော့မှ ယောင်တီးယောင်န ဖြစ်မနေစေရန် ကြိုတင်ကာ ဇာတ်တိုက် လေ့ကျင့်ထားရမည်။ ဇာတ်တိုက် လေ့ကျင့်ခြင်းကို တစ်နှစ် (၂) ကြိမ် လုပ်ရမည်။

အခု သင်တို့ ဘာလုပ်ထားပါသနည်း။
သည်ကိစ္စကို ဘာမှ အရေးမကြီးဟု ထင်ထားပါသလား။
လူထောင်ပေါင်းများစွာ ဒုက္ခရောက်နေရတာကိုမှ အရေးမကြီးဘူးထင်လျှင် ဘယ်အရာကို အရေးကြီးသည် ထင်ပါသနည်း။

ရေကြီးရေလျှံ၍ စိုက်ပျိုးမြေများ၊ စိုက်ခင်းများပျက်လျှင် ဘယ်လိုလုပ်ကြမည်ဟု တွေးမိပါသလား။
မျိုးစေ့ကိစ္စ၊ စိုက်ပျိုးချေးငွေကိစ္စ၊ ဓာတ်မြေသြဇာကိစ္စ ဘာတွေများ စီစဉ်ထားကြပါသလဲ။
ရေကျသွားသည့်အခါ လမ်းတံတားများပြန်လည် ပြင်ဆင်ရေးကိစ္စ၊
အို - လုပ်ရမှာတွေ တပုံကြီးရှိသည်။

မိတ်ဆွေတို့ -
ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ လက်သန်းများဖြင့် မကောင်းဆိုးရွားကောင်တွေကို တောထုတ်ခဲ့ပြီးပြီ။

မိတ်ဆွေတို့သည် -
တာဝန်ကျေအောင် အစွမ်းကုန်ကြိုးစားကြပါကုန်လော။

ဘာလုပ်ရမှန်းမသိလျှင် ကျွန်ုပ်တို့ကို ခေါ်ယူအသုံးချကြပါကုန်လော။
ပိုက်ဆံအကျိုးအမြတ် တစ်ပြားတစ်ချပ်မှ မယူဘဲ မြန်မာနိုင်ငံအတွက် ကူညီရန် အသင့်ရှိကြောင်း ကျွန်ုပ်တို့ တိုးတိုးတစ်မျိုး၊ ကျယ်ကျယ်တဖုံ ပြောခဲ့ပြီးပါပြီ။

ဆရာကြီး ဆန်းထွန်း (မန်းတက္ကသိုလ်) ၏ စာလေးကို နည်းနည်းဖြည့်ပါရစေ။

အစားအစာကို အစာကျေညက်ပြီးသွားသည့်အခါမှ ချီးမွမ်းရာ၏။
မိန်းမကိုလည်း အသက်အရွယ်အိုမင်းသွားသည့်အခါမှ ငါ့မိန်းမ ငါ့အပေါ်သစ္စာရှိလိုက်တာ ဟု ချီးမွမ်းရာ၏။

အစိုးရတစ်ရပ်ကို -
၎င်းတို့ဆင်းသွားသည့်အခါကျမှ -
တော်လိုက်တဲ့အစိုးရ -
ကောင်းလိုက်တဲ့အစိုးရဟု -
ချီးမွမ်းရာ၏။

ကျေးဇူးတင်ပါသည်။

အေးငြိမ်း

၃၀ ဇူလိုင်၊ ၂၀၁၈

No comments: