Friday, July 27, 2018

မှန်သည်တစေ၊ မရှိချေ နှင့် ဆီမဆွတ်ဘဲထည့်သော ဂျင်း

(၁) မှန်သည်တစေ၊ မရှိချေ

ကျွန်တော်ငယ်ငယ်က အလွန်တဇွတ်ထိုးနိုင်ခဲ့သည်။ အဲလေ အခုလည်း သိပ်မထူးပါ။
ငါပဲ အသိ၊ ငါပဲ အတတ်၊ ငါပဲ  အမှန်လုပ်ခဲ့တာ အတော့်ကို များခဲ့သည်။
ယခု ပြန်တွေးကြည့်တော့မှ အတော်အူတဲ့ငါပဲ ဟု ကိုယ့်ကိုယ်ကိုယ် ပြန်ကျိန်ဆဲမိချင်၏။

ကျွန်တော်တို့ငယ်စဉ်က သူငယ်တန်းလား၊ ပထမတန်းလား ဖတ်စာတွင် ရှင်မဟာရဋ္ဌသာရ၏ "ငါ၏စိတ်တွင်၊ ထင်၏မလွဲ၊ လိပ်ခဲတည်းလည်း၊ ဟုတ်တည်းဧကန်၊ အာမသန်နှင့်၊ မှန်သည်တစေ၊ မရှိချေ" ဟူသော ကဗျာအပိုင်းအစလေး ပါသည်။ ဤဆုံးမစာကား လူ့ဘဝ၌ နေထိုင်ကျင့်ကြံရေးအတွက် အလွန်အဖိုးတန်လှသည်။

မိမိစိတ်ထဲ၌ သေချာပေါက်မှန်ပါသည်ဟု ထင်ထားသည့် အချို့အရာများသည် တခါတလေ လွဲနေတတ်ပါသည်။ ထို့ကြောင့် တစုံတစ်ယောက်နှင့် အငြင်းမပွားမီ မိမိအသိများ မှန်ကန်ကြောင်း ထပ်လောင်း သက်သေပြရန် လိုပါသည်။

ဒါ ကျွန်တော်တို့တင်မဟုတ်ပါ။ သိပ္ပံတွေ့ရှိချက်များသော်မှ ယခင်တွေ့ရှိချက်များမှာ မှားနေကြောင်း နောက်တွေ့ရှိချက်များက သက်သေပြပါသည်။

ဥပမာ - ရှေးယခင်က မြွေကိုက်လျှင် ဒဏ်ရာကို ဓားဖြင့် ကြက်ခြေခတ်ခွဲကာ အဆိပ်များကို ပါးစပ်ဖြင့် စုပ်ထုတ်ပစ်ရမည်ဟု လက်ခံ ခဲ့ကြ၏။ ယခု ထိုအယူအဆကို လက်မခံတော့ပါ။ ယခုမူ မြွေကိုက်လျှင် ဒဏ်ရာကို သန့်စင်အောင် ဆေးကြော၍ လက်နှစ်လုံးခံကာ အဝတ်ဖြင့် ပတ်တီး မလျော့မတင်းစည်းလျှက် ဆေးရုံသို့သာ အမြန်သယ်သွားရန် ညွှန်ကြားပါသည်။

ထို့ကြောင့် ကျွန်တော်တို့လည်း မိမိ သိထားသည်များကို အသေဆုပ်ကိုင်ထား၍ မရ။ ယခင်က အမှန်တရားများသည် ယခု မှန်ချင်မှ မှန်တော့မည်။ အနို့ သမုတိသစ္စာပေကိုး။

(၂) လူ၌ နားနှစ်ရွက်ရှိရခြင်းအကြောင်း

ကိစ္စတစ်ခုပေါ်လာသည့်အခါ ဖေ့စ်ဘုတ်တွင် ပြောကြရာ၌ ကျွန်ုပ်တို့သည် သူတစ်ဦးတစ်ယောက် ပြောစကားပေါ် အခြေခံကာ ဝိုင်းသမကြသည်။ ဟိုတစ်ဖက်က ပြောစကားကို မကြားကြရ။ သည်အခါ ဝေဖန်မှုများမှာ ဘက်လိုက်မှုများ ဖြစ်လာသည်။

ဟိုတစ်နေ့က လူနာတစ်ယောက် သေဆုံးမှုဖြင့် ဆေးရုံကြီးတစ်ခုမှ အထူးကုဆရာဝန်ကြီးတစ်ယောက်ကို စွပ်စွဲထားသည့် ပို့စ်ကို ဖတ်ရသည်။ ကျွန်တော့်စိတ်ထဲ ဇဝေဇဝါဖြစ်မိ၏။ သည်မျှ ပစ်စလက်ခတ် ဖြစ်ပါ့မလားဟုလည်း သံသယဝင်မိ၏။

များမကြာမီ ထိုဆေးရုံမှ အချက်ကျကျ ပြန်လည်ချေပထားသည့် စာတစ်စောင်ထွက်လာသည်။ ထိုရောအခါကျမှ ကျွန်တော်လည်း ဘဝင်ကျသွားသည်။

ကျွန်တော်တို့သည် လူသားများဖြစ်၍ ချစ်တတ်သည်၊ မုန်းတတ်သည်၊ သနားတတ်သည်၊ စာနာတတ်သည်။
ထို့အတူ -
ကျွန်ုပ်တို့၌ ဆင်ခြင်စဉ်းစားဉာဏ်ရှိသလို အလွန်လည်း ဉာဏ်နုံနဲ့တတ်သည်။ ဆင်ခြင်တိုင်းထွာတတ်သည့် ဉာဏ်ရှိသလို သူများပြောသမျှကိုလည်း အယုံလွယ်တတ်သည်။

ကြာတော့ ကြာပါပြီ။

စင်ကာပူမှ East coast တွင် ငါးမန်းပေါ်ပြီး လူများကိုလိုက်ဆွဲနေသည် ဆိုသည့်သတင်းကို ယုံမှတ်ကာ ကျွန်တော်ရှယ်မိသည်။ နောက်မှ မိတ်ဆွေများက တကယ်လို့သာ ငါးမန်းပေါ်တယ်ဆို Today, The Straits Times သတင်းစာကြီးတွေမှာ ရေးမှာပေါ့ဗျာ ဆိုတော့မှ ကျွန်တော့်မှာ သည်လောက်ကလေးမှ မဆင်ခြင် မစဉ်းစားနိုင်သည့် ကိုယ့်အသိဉာဏ်နုံနဲ့မှုအပေါ် ဒေါသထွက်မိ လေသည်။

နောက်ပြီး သည်ခေတ်ကြီးမှာ ဓာတ်ပုံနှင့် ဗီဒီယိုနှင့်တကွ မြင်ရတာတောင်မှ စိတ်ချရတာမဟုတ်။ ဓာတ်ပုံကို ကွန်ပြူတာသုံးလျှက် မိမိလိုသလို ပြုပြင်ပြောင်းလဲနိုင်သလို ဗီဒီယိုများကိုလည်း ကိုယ်လိုရာရောက်အောင် တည်းဖြတ်ယူလို့ရသည်။ ဟိုတစ်နေ့က လူဆီတွေမိတယ်ဆိုတော့ ကျွန်တော်တောင် ဖြတ်ကနဲ ယုံလိုက်မိသေးသည်။ ဖြစ်နိုင်မှန်း မဖြစ်နိုင်မှန်း စဉ်းစားရကောင်းမှန်း မသိ။

ကျွန်ုပ်တို့တွင် ဆင်ခြင်စဉ်းစားဉာဏ်ရှိတာမှန်၏။ သို့သော် ထိုစဉ်းစားဉာဏ်ကို အခါခပ်သိမ်း ထုတ်မသုံးမိသောကြောင့် မမှားသင့်သော အမှားများ မှားကြရသည်။

ထို့ကြောင့် တစ်ခွန်းတည်းသောစကားကိုသာ ဆိုရမည်ဖြစ်၍ လူတွင် ပါးစပ်တစ်ပေါက်သာပါသည်။
ဟိုဘက် သည်ဘက် နှစ်ဘက်သော စကားကို ချင့်ယုံရန် နားနှစ်ဘက်ပါသည် ဟု ဆိုကြခြင်းဖြစ်သည်။ ဟုတ်သည်ဖြစ်စေ၊ မဟုတ် သည်ဖြစ်စေ ဤစကားကလေးမှာ အလွန်စဉ်းစားစရာကောင်းသော စကားကလေး ဖြစ်၏။

နောက်ပြီး သည်ခေတ်ကြီးမှာ ပိုလို့တောင် ယုံရခက်သေးသည်။ လူအပေါင်းမှာ ဖေ့စ်ဘုတ်ကို အသုံးချကာ ဂျင်း၊ မိတ်သလင်၊ စပါးလင်၊ ကရဝေး၊ ဖာလာ၊ သစ်ဂျပိုး၊ နာနတ်စေ့ ရှိသမျှ အကုန်ထည့်လေသည်။

တစ်ခါတစ်ခါ ကျွန်တော် ဖေ့စ်ဘုတ်ဖတ်ရမှာ အလွန်ကြောက်မိ၏။ ဖေ့စ်ဘုတ်ဖတ်ရင်းဖတ်ရင်း ကိုယ့်ကိုယ်ကိုယ်တောင် မယုံသင်္ကာ ဖြစ်လာသည်။ အနို့ လူသတ်တာ သေချာပေမယ့်လည်း ကွင်းလုံးကျွတ်လွတ်တဲ့အမှုက ရှိသေးသကိုး။ ကျွန်တော့်မှာ သည်သတင်းကို ဖတ်ရတော့ အိပ်မက်များ မက်နေတာလားလို့ ကိုယ့်အသားကိုယ် လက်သည်းနှင့် ပြန်ဆိတ်ကြည့်မိသည်။ အယ်လယ်လယ်၊ နာလိုက်တာခင်ဗျာ။ ဒဂယ်ကြီးဖစ်နေပါပေါ့လား။ ဒါကျတော့ ဂျင်း၊ မိတ်သလင်တို့ထက် ပိုအဆင့်မြင့်သည်။ ဘယ်လိုနာမည်ပေးရမှန်းတောင်မသိ။ (အရမ်းလည်း ရေးလို့မဖြစ်။ တော်ကြာ ၆၆ ဂငယ်တို့ ဃကြီးတို့နဲ့ တြားစွဲမှာ ကြောက်ရသေးသည်။)

တရားသူကြီးများကို ဟိုဘက်သည်ဘက်နားထောင်ဘို့ရာ နားရွက်နှစ်ဘက် ပေးထားသည်။ အနှီလူကြီးများတွင်တော့ နား ဘယ်နှစ်ရွက်ပါမှန်း ကျွန်ုပ်မသိပါချေ။

(၃) လူ (၄) မျိုး

ပညာရပ်တစ်ခုဟူသည် အလွန် နက်နဲလှ၏။ စာလေး မဖြစ်စလောက် ဖတ်ဖူးရုံနှင့် ငါသိလှပြီ၊ တတ်လှပြီဟု အထင်ကြီးနေလို့ မဖြစ်။ သို့မဟုတ်ပါက ဟိုလူကြီးတွေလို စင်ကာပူ တစ်ခေါက်လောက် အလည်လာ၊ လမ်းများပေါ် လျှောက်သွားကြည့်ပြီး စင်ကာပူကို ငါတို့ ဘယ်နှနှစ်မှာ ကျော်ရမယ် ဆိုတာလို ဖြစ်နေပေလိမ့်မည်။

ယခုလည်း မြန်မာပြည်တွင် safety အသံ အတန်ငယ် ကျယ်လောင်လာ၍ safety ဆရာကြီးများ၏ အသံများကိုလည်း ကျယ်ကျယ်လောင်လောင် ကြားလာရ၏။ သို့သော် ကျမ်းကြီးကျမ်းခိုင်များကို ကိုးကားပြောဆိုခြင်းထက် ငါသိထားတာတွေနှင့် အော်နေကြခြင်း ဖြစ်၏။

ဤသို့ပြောခြင်းဖြင့် သူတို့ကို နှိမ်တာ၊ ရှုတ်ချတာ မဟုတ်ပါ။ သူတို့မသိလျှင် သိအောင်သင်ပေးဘို့ရာ သိသူများမှာ တာဝန်ရှိသည်။ အနို့ ကိုယ်တောင် မြန်မာပြည်ပြန် မလုပ်နိုင်တာ။ သူတို့လုပ်နေတာပဲ ကျေးဇူးတင်ပါအုံး။ သို့တိုင် ကိုယ်သိသမျှလေးပေါ် အခြေခံကာ စကားလုံးအကြီးကြီးတွေနှင့် တွေ့ကရာတွေ လျှောက်အော်နေတာတွေကိုလည်း မကြိုက်ပါ။ ပြောပြီဆိုလျှင် လူပြိန်းပြော မပြောဘဲ အချက်ကျကျ ပြောတတ်ရမည်။ သို့မှ Safety professional ပီသမည်။

နောက်တစ်ခုက မသိနားမလည်သူတို့အပေါ် လူလည်လုပ်ကာ နှပ်ပတ် စားသောက်နေသူများကို ကျွန်ုပ် အလွန် အော့နှလုံးနာမိ ပါသည်။ မြန်မာပြည်၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးတာ မှန်ပါသည်။ သို့သော် ဤသည်ကို အခွင့်ကောင်းယူကာ လုပ်စားနေတာ ကိုတော့ ကျေးဇူးမတင်ပါ။ အစိုးရဌာနများနှင့်ပေါင်းကာ ဂျင်းကို ပါးပါးလှီးတာမဟုတ်ဘဲ အတက်လိုက် ဆီမဆွတ်ဘဲ ထည့်နေကြ လေသည်။ တခြားလည်း ဘာမှမရှိလေတော့ သကောင့်သားကလေးများမှာ ဤဂျင်းတက်ကြီးများကိုပင် ကျေးဇူးတတင်နှင့် အထည့်ခံနေကြရလေသေး၏။ ရင်နာစရာဖြစ်ပါသည်။

ရှင်မဟာရဋ္ဌသာရ၏ သရက်နှင့်အိုး၊ ကြွက်နှင့်မိုးကို မှီးရလျှင် ဤဒွန္နယာကြီး၌ လူလေးမျိုးရှိ၏။
၁။ ကောင်းလည်းမကောင်း၊ မတော်လည်းမတော်သည့်သူ
၂။ ကောင်းတော့ကောင်းပါ၏။ မတော်သည့်သူ။
၃။ တော်တော့တော်ပါ၏။ မကောင်းသည့်သူ။
၎။ ကောင်းလည်းကောင်း။ တော်လည်းတော်သည့်သူ။

ပထမအမျိုးအစားမှာမူ လူ့လောကကြီးအတွက် အမှိုက်များဖြစ်၏။ လူ့ဘောင်လောကကြီးကို ဘာမှအကျိုးမပြု။ သို့သော် အာဏာတည်းဟူသော အလွန်မက်မောစရာကောင်းလှသည့် အဆီတုံးကြီးကို အာသာငမ်းငမ်းဖြင့် လက်ဝယ်ရရှိအောင် ကြိုးပမ်းနေသူများအဖို့တော့ ထိုအမှိုက်များမှာ အလွန်အသုံးတည့်လေသည်။  

ဒုတိယအမျိုးအစားလူများမှာ ဘာသုံးလို့ရပါမည်နည်း။ လူဆိုတာ ကောင်းနေရုံနှင့်မပြီး။ တကယ် လုပ်တတ်ကိုင်တတ်ရှိမှလည်း ဖြစ်မည်။ ထိုသူများကိုသာ ဦးဆောင်ခိုင်းလို့ကတော့ လူ့လောကကြီး ငါးပါးမှောက်စရာရှိသည်။ ဤသည်ကို ကျွန်ုပ် အကျယ်ရှင်းပြ နေစရာမလိုပါ။ ယခုကျွန်ုပ်တို့မျက်စိရှေ့တွင် အထင်အရှားမြင်နေကြရပြီ ဖြစ်သည်။ နမူနာပြစရာများမှာ အလွန်များလှ၏။

တတိယအမျိုးအစားများမှာ လူ့လောကကြီးအတွက် အလွန်အန္တရာယ်များလှသည်။ ထိုကဲ့သို့သော သူများကြောင့်ပင် ဤကမ္ဘာကြီး၌ လူပေါင်းသန်းနှင့်ချီကာ သေကြေပျက်စီးကြရသည်။ လူအပေါင်းတို့ ဒုက္ခပင်လယ်ဝေကြရသည်။

ဤသူတို့ အာဏာရလာသည့်အခါ ခုနစ်ရက်သားသမီးတို့ စိတ်ဆင်းရဲ၊ ကိုယ်ဆင်းရဲဖြစ်ကြရသည်။ ကျွန်ုပ်တို့ တိုင်းသူပြည်သားများ မှာ ဤကဲ့သို့သော လူစားများကြောင့် နှစ်ကာလများစွာ ဒုက္ခတွင်းသို့ သက်ဆင်းခဲ့ကြရ၏။ ထိုသူတို့ကြောင့် မြန်မာ့လူမှု အသိုင်းအဝိုင်းကြီးတစ်ခုလုံး ပြိုလဲ ပျက်စီးခဲ့ရ၏။

အထက်တွင် ကျွန်တော်ပြောခဲ့သည့် မသိနားမလည်သူများကို ဆီမဆွတ်ဘဲ ဂျင်းအတက်လိုက်ထည့်သူများမှာ ဤကဲ့သို့သော လူမျိုးများဖြစ်၏။

စတုတ္ထအမျိုးအစားမှာမူ ဟိုးဓာတ်ပြားခေတ်က ပေါ်ခဲ့သည့် သီချင်းလို "ရှိတော့ရှိတယ်၊ ရှားတယ်" ထဲက ဖြစ်ပါသည်။ ပထမ၊ ဒုတိယ နှင့် တတိယတန်းစားလူများမှာ လူ့ဦးရေ၏ ၉၉ ရာခိုင်နှုန်းမျှရှိလေရာ စတုတ္ထလူတန်းစားမှာ ထို ၉၉ ယောက်သော ဗရုတ်သုက္ခတို့အကြား ညပ်နေကာ ဘယ်လိုမှ လှုပ်မရ၊ လှည့်မရဖြစ်နေလေ၏။  



(၄) သေစရာပေါလှသော ကျွန်ုပ်တို့တိုင်းပြည်

ဤကမ္ဘာပေါ်တွင် သေစရာနည်းလမ်း အပေါဆုံးတိုင်းပြည်ကို ပြပါဆိုလျှင် မြန်မာပြည်ကို ပြရလိမ့်မည်။

ခြံစည်းရိုးမှီထိုင်မိလျှင်လည်း သေနိုင်သည်။ (မယုံမရှိနှင့်။ မနေ့ကမှ ဆေးကျောင်းသားလေး သေသွားခဲ့ပြီ။)
လမ်းလျှောက်သွားလျှင်လည်း သေနိုင်သည်။ (ဟို ၈ တန်းကျောင်းသားကလေးကို ကြည့်ပါ။)
အိမ်မှာနေရင်းတောင် သေနိုင်သည်။ (ဟိုတစ်နှစ်က လူတစ်ယောက် ဝရံတာတွင် ဖုန်းပြောနေရင်း လက်ရမ်းကို မှီမိတာ လက်ရမ်းကျိုးကျပြီး သေခဲ့ရသည်။)
ရေတွင်းဆယ်ရင်း အစုလိုက်အပြုံလိုက် သေနိုင်သည်။
ရေမဆေးကျောက် တန်ခိုးကြောင့် လူပေါင်းရာနှင့်ချီသေနိုင်သည်။
လမ်းဘေး ကိုယ့်ဘာသာကိုယ် ထိုင်နေရင်းက မင်းက မိုက်လို့ကြည့်တာလား ဆိုကာ ဓားနှင့်အထိုးခံရပြီး သေနိုင်သည်။
လေဆိပ်ထဲမှာ ကိုယ့်ဘာသာ ကိုယ့်မြေးကလေးချီပိုးထားရင်းလည်း သေနတ်နှင့်အပစ်ခံရကာ သေနိုင်သည်။
ကိုယ့်ဘာသာ ဆိုင်ကယ်စီးသွားရင်း လေယာဉ်ပျံနှင့်အတိုက်ခံရကာ သေနိုင်သည်။ (ဆန်းလည်းဆန်းပါပေ့။)

ကျွန်ုပ်တို့မှာ "ကံမကောင်းလို့" ဟူသော အကြောင်းပြချက်ကလေးရှိနေ၍သာ တော်တော့သည်။
လူအသုံးမကျတိုင်း ကံကိုချည်း ဖို့နေလို့ ဤကဲ့သို့အဖြစ်များ ပိုများနေသလားမဆိုနိုင်။

ဤကဲ့သို့ သေစရာပေါလှသည့်တိုင် စနစ်တကျလုပ်ဖို့ စိတ်မကူးဘဲ ဟိုနားကအပေါက်လိုက်ဖာ၊ သည်နားက အပေါက်လိုက်ဖာ လုပ်နေသည်များမှာလည်း အတော်တော့ စိတ်ပျက်စရာကောင်းလှ၏။

လူသတ်မိသည်ဆိုသည့်တိုင် ပူစရာမလိုပါ။ ကွင်းလုံးကျွတ်လွတ်နိုင်သည့် အခွင့်အလမ်းများက ရှိနေသေးသည်။ ကွင်းလုံးကျွတ် မလွတ်။ တစ်သက်တစ်ကျွန်းဆိုသည့်တိုင် လွတ်ငြိမ်းချမ်းသာခွင့်နှင့် ပြန်လွတ်လာနိုင်သည်။ လူဆိုးသူခိုးများခင်ဗျား။ ဘာမှ မပူကြပါနှင့်။ ထောင်ချလည်း ခဏသာဖြစ်၍ ရက်မစေ့ခင် နည်းအမျိုးမျိုးနှင့် ပြန်လွတ်လာနိုင်ပါသည်။ သို့အတွက် ဆိုးကြပါ။ မိုက်ကြပါ။ သတ်ကြဖြတ်ကြပါ။ လွတ်လွတ်လပ်လပ် မုဒိန်းကျင့်ကြပါ။ ကိုယ့်သမီးကိုယ်လည်း မုဒိန်းကျင့်ပါ။ ကိုယ့်အမေကိုယ် လည်း မုဒိန်းကျင့်ပါ။ ဤသည်မှာ လူ့အခွင့်အရေးဖြစ်၏။ အိမ်တကာလိုက် အိမ်ဖော်လုပ်ရင်းလည်း မုဒိန်းအကျင့်ခံရပါသည်ဆိုကာ တရားစွဲကြပါ။ ထစ်ကနဲ စကားများလျှင်လည်း သတ်သာပစ်လိုက်ပါ။ ပြီးမှ အရူးလက်မှတ်ထုတ်ပြလိုက်၊ ကိစ္စပြီးသည်။ သူ့ခေါင်းကို သေနတ်နဲ့တေ့ပစ်တာ သူ့ကို သေစေလိုတဲ့ ဆန္ဒနဲ့ပစ်တာ မဟုတ်ပါ ဟုလည်း ငြင်းနိုင်သည်။ မြန်မာပြည်မှာ ဘာမဆို အကုန်လုပ်လို့ရသည်။ ဘာမဆို အကုန်ဖြစ်နိုင်သည်။

သည်တော့ မအေပေးထားသည့် အသက်ကလေး ဆက်ရှင်နေစေဘို့ ကျွန်ုပ်တို့ သွားသတိ၊ လာသတိ၊ အစစအရာရာ သတိရှိကြမှ ဖြစ်မည်။

ဤသည်ကို သိလို့လည်း မြတ်စွာဘုရားက ကြိုဟောခဲ့တာဖြစ်မည်။

အပ္ပမာဒေန၊ သမ္ပာဒေထ။
မမေ့မလျော့၊ မပေါ့မဆသောသတိနှင့် ပြည့်စုံကြကုန်။

ကျေးဇူးတင်ပါသည်။

အေးငြိမ်း

၂၇ ဇူလိုင်၊ ၂၀၁၈ 

No comments: