Wednesday, July 18, 2018

အာဇာနည်မိခင်

နှစ်. . လ . . နာရီ အခါရာသီရွေ့ပေမယ့် အာဇာနည်နေ့ကိုဖြင့် မမေ့သင့်ပါသလေ . . . .

မြန်မာလူမျိုးမှန်လျှင် (လူတချို့တော့ဖြင့် ပါချင်မှပါပါလိမ့်မည်) သည်ကနေ့ သည်အချိန်ရောက်က လွမ်းဆွတ်တမ်းတရစမြဲတည်း။
ကျွန်ုပ်လူမှန်းသိတတ်စကတည်းက လုပ်ကြံမှုကြီးအကြောင်းကြားရတိုင်း မျက်ရည်မစို့မိသည့်အခါမရှိ။ ဝမ်းမနည်းမိသည့်အခါ မရှိ။ သည်သီချင်းသည် ကျွန်ုပ်အသည်းနှလုံးကို ကိုင်လှုပ်နိုင်စွမ်းရှိ၏။ မြန်မာပြည်မှ သောက်တလွဲတွေမြင်သည့်အခါတိုင်း ဗိုလ်ချုပ်ကို မတမ်းတမိသည့်အခါမရှိ။ ဟိုလူ့မျက်နှာချိုသွေးရ၊ ဒီလူ့မျက်နှာချိုသွေးရနဲ့ -ာနိုင်ငံဖြစ်လိမ့်မယ် ဆိုသည့်စကားကို သတိမရမိသည့် အခါ မရှိ။

ကျွန်ုပ်ငယ်စဉ်က မိခင်ကြီးဒေါ်ခင်ကြည့်အကြောင်းကို သိပ်မသိခဲ့ပါ။
အသက်ကလေးရလာလို့ ဟိုစာသည်စာများဖတ်မိသည့်အခါကျမှ တစတစ သိလာရတာဖြစ်၏။
ထိုအခါ ဒေါ်ခင်ကြည်၏ စိတ်ဓာတ်ကို ကြက်သီးမွေးညင်းထသည်ထိ ကြည်ညိုမိရသည်။
ဤသည်မှာ အာဇာနည်စိတ်ဓာတ်ဖြစ်၏။ ဗိုလ်ချုပ်နှင့် လိုက်လည်းလိုက်ဖက်ပါပေ့ခင်ဗျာ။

ဗိုလ်ချုပ်တို့ကျဆုံးသည့်အခါတွင် မိခင်ကြီးသည် ငါ့လင် ငယ်ငယ်ရွယ်ရွယ်နဲ့ သေရလေချင်းဟု လူးလှိမ့်ငိုမနေ။ မိမိအပူကို အသာထား၍ ဗိုလ်ချုပ်နှင့်အတူ ကျဆုံးသွားသော အခြား အာဇာနည်များ၏ မိသားစုများကို သွားရောက်အားပေးခဲ့သည်ဆို၏။ ခေါင်းဆောင်ကြီးကတော် ပီသလိုက်ပါပေ့။

ထို့ထက် ကျွန်တော်အကြည်ညိုဆုံးမှာကား ဦးစော၏ မိသားစုများအပေါ် သဘောထားဖြစ်လေသည်။
ဗိုလ်ချုပ်တို့လုပ်ကြံခံရတော့ တရားစွဲပြီး နစ်နာကြေးတောင်းခံနိုင်သည်ဟု အကြံပြုသူများရှိသော်လည်း ဒေါ်ခင်ကြည်က 
"ဒေါ်သန်းခင်က မျက်နှာမရှိဘဲဖြစ်ရတဲ့ မုဆိုးမ။ ကျွန်မက ဂုဏ်ရှိပြီးကျန်ခဲ့ရတဲ့ မုဆိုးမပါ။ ဒါကြောင့် ဒေါ်သန်းခင်ဆီက ကျွန်မ ဘာမှ မယူလိုတော့ပါဘူး။" ဟု ဆိုခဲ့၏။

ကြည့်စမ်းပါ့ခင်ဗျာ။ ဘယ့်ကလောက်ကြီးမြတ်လိုက်သည့် စိတ်ထားပါလဲ။ သည်မျှသဘောထားကြီးသည့် မိန်းမကိုမှ မိန်းမမြတ်ဟု မခေါ်လျှင် ဘယ်မိန်းမကို ခေါ်မည်နည်း။ သည်စာကိုဖတ်မိတော့ ကျွန်တော့်မှာ မိခင်ကြီးကို ကြည်ညိုလွန်း၍ ရှိခိုးဦးတင် မိလေသည်။

ဦးစောနှင့် ဒေါ်သန်းခင်တို့၏သမီး ဒေါ်ဘေဘီစောမှမွေးသည့် ဒုတိယသမီး ဒေါ်မွန်မွန်ရင် မင်္ဂလာဆောင်တော့ အဘွား ဒေါ်သန်းခင်က ဘိသိက်ပွဲဖလားတွင် လီလီပန်းများ စိုက်ထိုးရမည်ဆို၏။ သို့သော် လီလီပန်းကလည်း ရန်ကုန်တစ်မြို့လုံး ဘယ်မှ ရှာလို့မရ။ ဒေါ်ခင်ကြည်၏ အိမ်၌သာ ရှိလေသည်။ ထိုပန်းများကို သွားခူးတော့လည်း အသာတကြည်ပင် ပေးလိုက်ပါသည်။

ပန်းများသွားခူးသည့်နေ့က လာခူးသည့် လူများကို ဒေါ်ခင်ကြည်က အိမ်ပေါ်မှ သော့ပစ်ချပေးရင်း ဘယ်သူ့ မင်္ဂလာဆောင်လဲ ဟု မေးသည်ဆို၏။ ဦးစော၊ ဒေါ်သန်းခင်တို့ရဲ့မြေး မင်္ဂလာဆောင်ပါဟုပြောသော် "သြော်၊ ဒေါ်သန်းခင်က မြေးတွေဘာတွေနဲ့ဆိုတော့ ကျွန်မထက် သူကတောင် ပိုကံကောင်းတာပေါ့" ဟု ပြောခဲ့သည် ဆို၏။

ကျွန်ုပ်ကျေးဇူးအတင်ဆုံးမှာကား ကျွန်ုပ်တို့တိုင်းပြည်အတွက် သမီးတစ်ယောက် လက်ဆောင်ပေးခဲ့ခြင်း ဖြစ်သတည်း။

ကျွန်ုပ်ကား ဗိုလ်ချုပ်နှင့်အတူ ဗိုလ်ချုပ်ကတော် မိခင်ကြီးကို အသည်းနှလုံးထဲ၌ အမြတ်တနိုး တန်ဖိုးထားကာ ထာဝရ သိမ်းဆည်းထားမည် ဖြစ်ပါတော့သတည်း။

အေးငြိမ်း

၁၉ ဇူလိုင်အကြို ၂၀၁၈

No comments: