၁။ အင်ဂျင်နီယာကောင်စီဥပဒေမှာ အများကထောက်ပြကြတဲ့ ကောင်စီလိုင်စင်မရှိဘဲ
လုပ်ကိုင်ရင် အပြစ်ပေးခံရမယ်။ ထောင်ဒဏ် နှစ်နှစ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေပေါ့လေ။
အင်ဂျင်နီယာကောင်စီက ပြောတာကတော့ ဒီလိုသတ်မှတ်ထားခြင်းဟာ အရည်အသွေးဆိုင်ရာ ပိုမိုကောင်းမွန်ဖို့၊
စံချိန်စံညွှန်းမှီဖို့လို့ ဆိုပါတယ်။ ဒီအပေါ် ဆရာအမြင်ကို သိချင်ပါတယ်။
ဖြေ -
ဒီမှာပြောစရာရှိတာက ဘယ်လိုအလုပ်မျိုးလုပ်ရင်
အပြစ်ပေးခံရမလဲဆိုတာပါ။ ရန်ကုန်နည်းပညာတက္ကသိုလ်မှာ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ ၈ ရက်နေ့က
လုပ်ခဲ့တဲ့ စတုတ္ထအကြိမ်မြောက် အာဆီယံ ပဋိညာဉ်ခံ အင်ဂျင်နီယာပညာရှင်နဲ့ မှတ်ပုံတင် အင်ဂျင်နီယာ
ပညာရှင် လက်မှတ်များပေးအပ်ပွဲ မှာ မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီဥက္ကဌ ဒေါက်တာဝင်းမြင့်က
ဟောဒီလိုပြောခဲ့တယ်လို့ သတင်းစာတွေ ထဲမှာ ဖတ်ရပါတယ်။
“ကောင်စီကထုတ်ပေးထားတဲ့ မှတ်ပုံတင်လက်မှတ်မရှိလျှင်
မည်သည့်အင်ဂျင်နီယာလုပ်ငန်းမှ မလုပ်ရလို့ ပုဒ်မ ၃၇ က ပြဋ္ဌာန်းထားတာ ဖြစ်တဲ့အတွက် အဲဒါကို
ချိုးဖောက်ရင်တော့ ဥပဒေနှင့်အညီ ပုဒ်မ ၄၀ နဲ့ အရေးယူခံရနိုင်စရာ ရှိပါတယ်။”
အဲဒီမှာ သူက “မည်သည့်အင်ဂျင်နီယာလုပ်ငန်းမှ
မလုပ်ရလို့” သုံးသွားတာ တွေ့ပါလိမ့်မယ်။ အဲဒါမမှန်ပါဘူး။ မှားပါတယ်။ တကယ်ဆို
လူကြီးတစ်ယောက်အနေနဲ့ ဥပဒေအတိုင်း အတိအကျပြောသင့်တာပေါ့။ ပုဒ်မ ၃၇ မှာ ပြဋ္ဌာန်းထားတာက
“မည်သူမျှ ဤဥပဒေအရ ထုတ်ပြန်သော နည်းဥပဒေများဖြင့် သတ်မှတ်ထားသည့် အများပြည်သူ ဘေးအန္တရာယ်ဖြစ်စေနိုင်မည့်
အင်ဂျင်နီယာဆိုင်ရာ လုပ်ငန်း နှင့် နည်းပညာဆိုင်ရာ လုပ်ငန်းများကို ကောင်စီက ထုတ်ပေးသော
မှတ်ပုံတင်လက်မှတ်မရှိဘဲ လုပ်ကိုင်ခြင်း မပြုရ။” လို့ ဖြစ်ပါတယ်။
ဒါဆို အဲဒီနည်းဥပဒေဆိုတာ ဘယ်နည်းဥပဒေတွေကို
ညွှန်းတာလဲ။ အဲဒီနည်းဥပဒေတွေမှာ ဘယ်အလုပ်တွေကိုတော့ဖြင့် လုပ်မှတ်မရှိဘဲ လုပ်နိုင်ပြီး
ဘယ်အလုပ်တွေလုပ်ရင်တော့ ဘယ်လက်မှတ်တွေရှိမှလုပ်ရမယ် စတာကို ရှင်းပြဘို့ လိုပါတယ်။
အခု သူက ဘယ်အင်ဂျင်နီယာအလုပ်ပဲလုပ်လုပ် လက်မှတ်မရှိရင်တော့
အရေးယူမှာပဲ ဆိုတဲ့သဘောပြောသွားတဲ့အတွက် လူတွေအားလုံးရဲ့စိတ်ထဲမှာ အထင်မှားအမြင်မှားတွေ
ဖြစ်ကုန်တာပေါ့။ သူပြောပုံအရဆို ကိုယ့်ဘာသာ အိမ်သာဆောက်ရင်တောင် အရေးယူခံရမဲ့ ပုံပဲ။
MD ဦးကျော်လင်းကတော့ သူ့ဖေ့စ်ဘုတ်မှာ ပြန်ရှင်းပြထားတာတွေ့ရပါတယ်။
13/2/2016; 5:48 pm ကတင်တဲ့ Professional
Engineer နှင့် မြန်မာနိုင်ငံ(21) status မှာ -
"PE/RSE လက်မှတ်မရှိဘဲအင်ယာလုပ်ငန်း
လုပ်ကိုင်က တရားစွဲခံရမည်" ဆိုသည်မှာ မမှန်ပါဘူး။မပြည့်စုံပါဘူး။ ဥပမာ - ၈ထပ် အဆောက်အဦ၁လုံးဆောက်နေလျင် တာဝန်ခံRSE ၁ဦးသာလိုပါသည်။
ကျန်လက်ထောက်အင်ယာများ၊ အငယ်တန်းအင်ယာများ အားလုံး PE/RSE ဖြစ်ရန်မလိုပါ။ REလည်းဖြစ်ရန်မလိုပါ။
ထို့အတူ အထပ်၂၀ condo ၁လုံးဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ
အင်ယာ ၂၀ကျော်ရှိပေမဲ့တာဝန်ခံ PE ၁ဦးသာလိုပါသည်။” လို့ ဖော်ပြထားပါတယ်။ ကျွန်တော်တော့
အင်ဂျင်နီယာကောင်စီဥပဒေက ရည်ညွှန်းတဲ့ နည်းဥပဒေဆိုတာ ဘယ်နည်းဥပဒေတွေလဲလို့ သေသေချာချာ
မသိပါဘူး။ ဒါက တစ်ချက်။
နောက်တစ်ချက်
- “ဒီလိုသတ်မှတ်ထားခြင်းဟာ အရည်အသွေးဆိုင်ရာ ပိုမိုကောင်းမွန်ဖို့၊
စံချိန်စံညွှန်းမှီဖို့လို့” ဆိုတာလည်း အပြည့်အ၀ မမှန်ပါဘူး။ လုပ်ပုံလုပ်နည်းမှန်ရင်
အရည်အသွေးကောင်းရနိုင်မယ်။ လုပ်ပုံကိုင်နည်းမမှန်ရင် မရနိုင်ဘူး။
12/2/16
ကလုပ်တဲ့ ဧရာဝတီနဲ့အင်တာဗျူးမှာ မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီ ဒုဥက္ကဋ္ဌ (၁) ဦးဉာဏ်ထွန်းဦးကလည်း
ဘာပြောသလဲ ဆိုတော့ -
“ကျွမ်းကျင်မှုမရှိတဲ့သူတွေ ဦးဆောင်နေတာမို့လို့ အဆောက်အဦပြိုကျတာတို့၊
မီးလောင်တာတို့ ဖြစ်တာ။ အဲဒီအတွက် တွေးခေါ်မြော်မြင် နိုင်တဲ့၊ နည်းစနစ်ကျတဲ့သူတွေဖြစ်အောင်
လုပ်ပေးတဲ့သဘောပါ” တဲ့။ လွဲလိုက်တာခင်ဗျာ။
ဒါဆို
အဲဒီ ကျွမ်းကျင်မှုမရှိတဲ့၊ တွေးခေါ်မြော်မြင်နိုင်စွမ်းနည်းတဲ့သူတွေကို ဘာဖြစ်လို့ အင်ဂျင်နီယာဘွဲ့ဆိုတာကြီး
ပေးလိုက်ပါသလဲ။ နောက်တစ်ခါ အင်ဂျင်နီယာကောင်စီ ဥက္ကဋ္ဌကပဲ ၁၃-၂-၁၆ နေ့က “အင်ဂျင်နီယာဘွဲ့ရပြီးတော့ အပြင်မှာ အလုပ်လက်မဲ့ဖြစ်နေတာတွေ
အများကြီးပဲ။ ဘာမှလည်း သုံးစားလို့မရဘူး။ နိုင်ငံခြားလည်း သွားသုံးလို့မရဘူး။” လို့ပြောခဲ့ပါသေးတယ်။
အင်ဂျင်နီယာကျောင်းဆင်းတွေ
အလုပ်လက်မဲ့ဖြစ်တာဟာ အစိုးရမှာ တာဝန်ရှိသလား၊ အဲဒီကျောင်းဆင်း အင်ဂျင်နီယာတွေမှာ တာဝန်ရှိသလား။
သုံးစားလို့မရတဲ့သူတွေကို ဘာဖြစ်လို့ အင်ဂျင်နီယာဘွဲ့ ပေးတာပါလဲ။ သေချာတာကတော့ အဲဒီကျောင်းသားတွေ
အသုံးမကျတာဟာ ကျောင်းသားတွေကြောင့်မဟုတ်ဘဲ ပညာရေးစနစ်ကြောင့်၊ အစိုးရကြောင့်၊ အဲဒီပညာရေးစနစ်ကြီးမျိုးဖြစ်လာအောင်
လုပ်ခဲ့ကြတဲ့ လူကြီး ဆိုသူတွေကြောင့်သာ ဖြစ်ပါတယ်။ အဲဒါနဲ့များတောင် အဲဒီလူကြီးတွေက
ကိုယ်လုပ်ခဲ့တဲ့အလုပ်ကို ကိုယ့်ဘာသာ တာဝန်မယူဘဲ တဆိတ်ရှိ ကလေးတွေအပေါ် အပြစ်ပုံချနေတာ
ကျွန်တော်ဖြင့် အံ့သြ၀မ်းနည်းလို့ မဆုံးပါဘူး။
အရည်အသွေး၊
စံချိန်စံညွှန်းသတ်မှတ်ချက်ချက်တွေကိုမီဘို့ အင်ဂျင်နီယာတွေကိုတင် လေ့ကျင့်ပေးနေရုံလောက်နဲ့
ဘယ်လိုနည်းနဲ့မှ မဖြစ်နိုင်ပါဘူး။ ဘာစံနစ်၊ စံနှုန်းသတ်မှတ်ချက်တွေမှ မရှိဘဲ၊ အရည်အသွေးစစ်ဆေးမှုတွေမရှိဘဲနဲ့
သူတို့ပြောတဲ့ အရည်အသွေးဆိုင်ရာ ပိုမိုကောင်းမွန်ဖို့၊ စံချိန်စံညွှန်းမှီဖို့လို့ဆိုတာ
ကျွန်တော်ပြောလိုက်ပါမယ်ခင်ဗျာ။ လူမပြောနဲ့။ မိုးပေါ်က သိကြားမင်းဦးမာဃရဲ့ နတ်အင်ဂျင်နီယာတွေ
ကန်ထရိုက်ယူပြီးဆောက်တဲ့ အဆောက်အဦးတွေတောင်မှ မဖြစ်နိုင်ပါဘူးလို့ မှတ်လိုက်ပါ။
အရေးကြီးတာက
ဆွဲထားတဲ့ဒီဇိုင်းအတိုင်း တကယ်လုပ်မလုပ်ဆိုတာ စောင့်ကြည့်စစ်ဆေးဖို့ပါ။ အဲဒီလို စစ်ဆေးမဲ့သူတွေဟာ
သူတို့ ဥပဒေထဲမှာပါတဲ့ RE, RSE, PE တွေဖြစ်ရပါမယ်။ အဲဒါကြောင့် အထက်မှာ ကျွန်တော်က
သူတို့ပြောတာ တစ်ဝက်ပဲမှန်တယ်လို့ ပြောခဲ့တာပါ။
RE, RSE, PE တွေကို လုပ်ငန်းခွင်ထဲမှာ လုပ်နေသမျှ ဆောက်လုပ်ရေးလုပ်ငန်းတွေကို
သတ်မှတ်ထားတဲ့ စံချိန်စံညွှန်း တွေနဲ့အညီ လုပ်မလုပ်စစ်ဆေးဘို့ ခန့်အပ်ထားမယ်။ RE,
RSE, PE တွေကလည်း သတ်မှတ်ထားတဲ့စံချိန်စံညွှန်းတွေကို နားလည်ပြီး တကယ် စစ်ဆေးမယ်၊ စံချိန်မမီတာတွေကို
ပြန်ပြင်ခိုင်းမယ်၊ အပြစ်ပေးအရေးယူသွားမယ်ဆိုပြီး တကယ်လုပ်ကြမယ်ဆိုရင်ဖြင့် တကယ် အရည်အသွေးပြည့်မီတဲ့၊
စံမီ တိုက်တာအဆောက်အဦတွေရလာမှာ ဖြစ်ကြောင်းပါခင်ဗျား။
စင်ကာပူမှာတော့
လုပ်ငန်းတန်ဘိုး စင်ကာပူဒေါ်လာ ၇.၅ သန်းထိဆို QP (Qualified Person) or RE (
Resident Engineer) or RTO (Resident Technical Officer) ။ ပရောဂျက်တန်ဘိုး ၇.၅ သန်းကနေ
၁၅ သန်းအတွင်းဆို RTO တစ်ယောက်၊ ပရောဂျက်တန်ဘိုး ၁၅ သန်းကနေ သန်း ၃၀ အတွင်းဆို RE တစ်ယောက်၊
ပရောဂျက်တန်ဘိုး သန်း ၁၅၀ အထက်ဆို RE ၂ ယောက်၊ RTO ၃ ယောက်ခန့်ထား ရမယ်လို့ သတ်မှတ်ထားပါတယ်။
လုပ်ငန်းတွေကို နိုင်နိုင်နင်းနင်း စစ်နိုင်အောင်ပါ။ အဲဒီ RE, RTO တွေက ဆောက်လုပ်ရေး
လုပ်ငန်း တွေကို စစ်ဆေးပြီး စစ်ဆေးချက်မှတ်တမ်းတွေကို သူတို့အထက်က PE
(Professional Engineer) တွေကို report လုပ်ရပါတယ်။ အဲဒီ နည်းနဲ့ အဆောက်အဦတွေရဲ့ အရည်အသွေးကို
ထိန်းထားပါတယ်။
၂။ မြန်မာနိုင်ငံမှာ အင်ဂျင်နီယာဆိုင်ရာ
စံချိန်စံညွှန်းတွေရေးဆွဲဖို့လိုအပ်နေတယ်ထင်ပါသလား။ (ဥပမာ အဆောက်အဦးခိုင်ခံမှု စံချိန်စံညွှန်း၊
မီးဘေးလုံခြုံမှုစံချိန်စံညွှန်း၊ ငလျှင်ဒဏ်ခံနိုင်မှုစံချိန်စံညွှန်း အစရှိသည်ဖြင့်)
ဖြေ -
မြန်မာနိုင်ငံမှာ အင်ဂျင်နီယာဆိုင်ရာ စံချိန်စံညွှန်းတွေ
ရေးဆွဲပြဌာန်းဘို့ အများကြီး လိုနေပါသေးတယ်။ ကျွန်တော်က Civil Engineer မဟုတ်တာတကြောင်း၊
မြန်မာနိုင်ငံဆောက်လုပ်ရေးလောကမှာ မလုပ်ခဲ့ဖူးတာ တကြောင်းကြောင့် မြန်မာနိုင်ငံမှာ
ဆောက်လုပ်ရေးနဲ့ ပတ်သက်တဲ့ စံချိန်စံညွှန်းတွေ ဘာတွေရှိတယ်ဆိုတာ အတိအကျ မသိပါဘူး။ မြန်မာနိုင်ငံက
ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ နှစ်အတော်ကြာကြာ လုပ်ခဲ့ဖူးတဲ့ သူငယ်ချင်းတွေ ပြောပြချက်အရတော့
ဘာဥပဒေမှ မရှိပါဘူးတဲ့။ စံနှုန်းတွေကတော့ ကျောင်းမှာ သင်လိုက်တဲ့ အင်္ဂလိပ်နဲ့ အမေရိကန်
စံတွေအရ တွက်ကြချက်ကြတယ်လို့ ပြောပါတယ်။
သူတို့ပြောပုံအရ ရန်ကုန်မြို့တော်စည်ပင် နယ်နိမိတ်အတွင်းမှာဆို
စည်ပင်က ကိုင်တွယ်ပြီး အစိုးရလုပ်ငန်းတွေလိုဟာမျိုးကျ ဆောက်လုပ်ရေးက ကိုင်တယ်လို့ ဆိုပါတယ်။
စည်ပင်က ဘယ်လိုစံနှုန်းတွေကိုင်စစ်တယ်လို့ မသိပါဘူး။ ဆောက်လုပ်ရေးမှာလည်း အဲဒီလို သတ်သတ်မှတ်မှတ်
ပြဌာန်းထားတဲ့ စံနှုန်းတွေ မရှိပါဘူးတဲ့။ သူတို့ပြောတာတော့ yellow book, green book
တွေ သုံးတယ်လို့ သိရပါတယ်။ အဲဒါဘာတွေလဲလို့မေးကြည့်တော့ အဆောက်အဦတွေအတွက် ပြဌာန်းထားတဲ့
စံတွေမဟုတ်ဘူးဆိုတာ နားလည်မိပါ တယ်။
CQHP (Committee for Quality Control of
High-rise Building Construction Projects) ရှိတာတော့ ကျွန်တော် သိပါတယ်။ အထပ်မြင့်အဆောက်အဦအတွေအတွက်
စံသတ်မှတ်ချက်ပါ။ ဒါဆို အထပ်မြင့်မဟုတ်တဲ့အဆောက်အဦတွေကျ ဘယ်လိုသတ်မှတ် ချက်တွေ ရှိသလဲ။
အဲဒါတွေ ကျွန်တော် မသိပါဘူး။
နောက်ပြီး Myanmar National Building Code
2012 ဆိုတဲ့စာအုပ်ကြီး ကျွန်တော်တွေ့ဖူးပါတယ်။ India Standard ကို မှီငြမ်း ပြုစု ထားတာပါ။
စာမျက်နှာ ၁၁၀၀ ကျော် ရှိပါတယ်။ စုံတော့ အတော်စုံပါတယ်။ Approve တော့ မဖြစ်သေးပါဘူး။
provisional period မှာပဲ ရှိပါသေးတယ်။
ကျွန်တော်က စင်ကာပူမှာလုပ်နေတာဆိုတော့ စင်ကာပူက
စနစ်တွေကိုပဲ နမူနာထားပြောပါမယ်။
စင်ကာပူမှာ အဆောက်အဦဆောက်လုပ်ရေးအတွက် အဓိကတာဝန်ရှိသူက
BCA (Building And Construction Authority) ဖြစ်ပါတယ်။ အဆောက်အဦအားလုံး BCA က သတ်မှတ်ပြဌာန်းထားတဲ့
စံနှုန်းတွေအတိုင်း ဆောက်ရပါတယ်။ ဥပမာတစ်ခု ပြောရရင် - CONQUAS (Construction
Quality Assessment System) စီးရီးတွေပါ။ အဲဒီအထဲမှာ Ceramic Tiling, Marble &
Granite Finishes, Waterproofing for Internal Wet Areas, Painting, Waterproofing
for External Wall, Timber Flooring, Aluminum Window, Timber Doors စတာတွေ ပါပါတယ်။
စုစုပေါင်း ၁၁ ခု ရှိပါတယ်။ တခြား Code of Practice တွေလည်း အများကြီးရှိပါတယ်။ ဥပမာ
- CP5 - Code of Practice for Electrical Installation, CP13 - Code of Practice for Mechanical Ventilation
and Air-conditioning in Buildings စသည်တို့ ဖြစ်ပါတယ်။
တကယ်ဆို အဆောက်အဦတစ်ခုဆောက်တဲ့နေရာမှာ
BCA တစ်ခုတည်းတင် မဟုတ်ပါဘူး။ တခြားသက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်း ဥပမာ - LTA
(Land Transport Authority), SCDF (Singapore Civil Defence Force) က လိုအပ်ချက်တွေနဲ့လည်း
ကိုက်ညီဘို့ လိုပါတယ်။ မီးသတ်စနစ်အတွက်၊ မီးသတ်ကား ၀င်/ထွက်ဘို့ လမ်းတွေအတွက်ဆိုရင်
SCDF requirement တွေအတိုင်း ဆောက်ရပါ တယ်။ SCDF က Fire Code ဆို အများကြီးပဲ။ ကျွန်တော်တို့ဆီမှာ
အဆောက်အဦးတွေဆောက်တဲ့အခါ မီးကာကွယ်ရေးနဲ့ပတ်သက်လို့ ဘာ ဥပဒေမှ မရှိသေးဘူးလို့ထင်ပါတယ်။
အခု မီးတွေ အရမ်းလောင်တယ်။ အဲဒီအတွက် အဆောက်အဦး မီးကာကွယ်ရေးစနစ်တပ်ဆင် ဘို့ Fire
Code အရေးတကြီးလိုနေပါပြီ။
ဒါတောင် ကျွန်တော်က safety လိုင်းကဖြစ်လို့
construction အပိုင်းကို ခရေစေ့တွင်းကျ သိသေးတာ မဟုတ်ပါဘူး။ အနည်းအကျဉ်း မှတ်သားမိတာလောက်ပဲ
ရှိပါတယ်။ ကျွန်တော်မသိသေးတာတွေ အများကြီးရှိဦးမှာပါ။
၃။ အာဆီယံမဟုတ်တဲ့ တခြားနိုင်ငံတွေက
အသိအမှတ်ပြု လက်မှတ်တွေရရှိထားလည်း မြန်မာနိုင်ငံမှာ အင်ဂျင်နီယာ လုပ်မယ်ဆိုရင် တော့
ကောင်စီအသိအမှတ်အပြုလက်မှတ်လိုတယ်ပြောတယ်။ ဒီအပေါ် ဘယ်လိုမှတ်ချက်များ ပြုချင်ပါသလဲ။
ဖြေ -
ဥပမာပြောရရင်
စင်ကာပူရောက်တဲ့အခါ နိုင်ငံခြားသားတွေဟာ အပြည်ပြည်ဆိုင်ရာ ကားမောင်းလိုင်စင်ကိုင်ထားရင်တောင်
စင်ကာပူ လိုင်စင် ပြန်ပြောင်းရသလိုမျိုးပါ။ လိုင်စင်ပြောင်းတဲ့အခါ စာတွေ့စာမေးပွဲ
(Basic Theory Test) ဖြေရပါတယ်။ အောင်မှ ကားမောင်း လိုင်စင် ထုတ်ပေးတယ်ပေါ့။ မြန်မာပြည်မှာ
လုပ်မယ်ဆို မြန်မာပြည်က ပြဌာန်းထားတဲ့ ဥပဒေ၊ နည်းဥပဒေ၊ စံနှုန်း၊ စနစ်တွေကို လိုက်နာရမှာ
အမှန်ပါဘဲ။ ကျွန်တော်တို့ အခု စင်ကာပူမှာ လုပ်နေတယ်။ စင်ကာပူက ချမှတ်ထားတဲ့ စံနစ်၊
စံနှုန်းတွေနဲ့ အလုပ်လုပ်တာ ပါပဲ။ ဒါပေမဲ့ ကိုယ့်ဆီမှာတော့ ပြဌာန်းထားတဲ့ ဥပဒေ၊ နည်းဥပဒေ၊
Code of Practice, Myanmar Standard, Guidelines စတာတွေ တော့ ရှိထားဘို့ လိုသပေါ့။
မဟုတ်ရင် မင်းတို့ဆီက စနစ်တွေလိုက်နာပါမယ်ကွာ။ ဘာတွေကို လိုက်နာရမလဲဆို မခက်ပါလား။
အဲဒီအတွက်
မြန်မာပြည်က စနစ်တွေသိဘို့ စာမေးပွဲပြန်ဖြေတယ်၊ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ အသိအမှတ်ပြုလက်မှတ်
လိုတယ်ဆိုတာ သဘာဝကျပါတယ်။
ဒါပေမဲ့
အဲဒီအင်ဂျင်နီယာလာရာနိုင်ငံကိုကြည့်ပြီး ကိုယ့်နိုင်ငံတွေက စံတွေနဲ့ကိုက်ညီရင် စင်ကာပူမှာ
Driver licence ပြောင်းသလို တိုက်ရိုက်ပြောင်းပြီး လက်မှတ်ထုတ်ပေးတဲ့စနစ်လည်း ထားသင့်ပါတယ်။
လုပ်ငန်းကိုင်ငန်းတွေ ပိုပြီး ချောမွေ့သွားတာပေါ့။
ကောင်းတာကတော့
မြန်မာနိုင်ငံကချမှတ်ထားတဲ့ စံတွေနဲ့ကိုက်ညီတာ ဘယ်နိုင်ငံတွေရှိသလဲ လေ့လာပြီး ဒီနိုင်ငံ၊
ဒီနိုင်ငံတွေက ဆိုရင် PE ကို PE ချင်း၊ RE ကို RE ချင်း လက်မှတ်ပြောင်းထုတ်ပေးလို့
ရတယ်လို့ တရားဝင်ကြေငြာထားနိုင်ရင် ပိုရှင်းတာပေါ့။ တကယ်လို့ RSE အဆင့်ကလာတဲ့သူက ဒီမှာ PE နဲ့ လုပ်ချင်တယ်ဆိုရင်တော့
စာမေးပွဲ ပြန်ဖြေပေါ့။
၎။ ပြည်ပရောက် မြန်မာနိုင်ငံသားအင်ဂျင်နီယာတွေက
ပြည်တွင်းမှာ ပြန်လုပ်ကိုင်မယ်ဆိုရင်တောင် ဒီလိုသတ်မှတ်ချက်ကြောင့် အခက်အခဲဖြစ်လာနိုင်သလား။
ဒါမှမဟုတ် အတွေ့အကြုံရှိသူတွေအနေနဲ့ ကောင်စီရဲ့စစ်ဆေးမှုကို ကျော်လွှားနိုင်မယ်ထင်ပါသလား။
ဖြေ -
တခြားနိုင်ငံမှာအလုပ်လုပ်နေတဲ့သူတွေ
မြန်မာနိုင်ငံမှာပြန်လုပ်ဖို့ RE, RSE လက်မှတ်တွေလိုမယ်ဆိုတဲ့ သတ်မှတ်ချက်ကြောင့် အခက်
အခဲဖြစ်နိုင်သလားဆိုတော့ အင်မတန် လုပ်သက်ရင့်နေတဲ့သူတွေတောင် နည်းနည်းတော့ ခက်ခဲမှာပါပဲ။ အဲဒီလိုသတ်မှတ်တာကို ကောင်းတယ်၊ မကောင်းဘူးလို့
ပြောတာထက် ကျွန်တော် နည်းနည်းလောက် သုံးသပ်ပြပါမယ်။
အခု
ကျွန်တော် စင်ကာပူမှာလုပ်နေတော့ စင်ကာပူစံနှုန်း (SS - Singapore Standard) တွေအတိုင်း
လုပ်ပါတယ်။ စင်ကာပူစံနှုန်းတွေ ဟာလည်း ဗြိသိသျှစံနှုန်းနဲ့ တခြားစံအတော်များများကို မှီငြမ်းပြုထားတာ
ဖြစ်ပါတယ်။ ကျွန်တော် Myanmar National Building Code က ဘယ်စံနှုန်းတွေကို refer လုပ်ထားသလဲလို့
လိုက်ကြည့်လိုက်တော့ အားလုံးဟာ Indian Standard တွေချည်း တွေ့ရတယ်။ ဒါပေမဲ့ အိန္ဒိယဟာလည်း
ဗြိတိသျှကိုလိုနီဖြစ်ခဲ့လေတော့ ဗြိတိသျှစံနှုန်းတွေနဲ့ သိပ်ကွာမှာမဟုတ်ဘူးလို့ ယူဆရပါတယ်။
ကျွန်တော် သေသေ ချာချာ ဖတ်မကြည့်ရသေးပါဘူး။
ဆိုတော့
တကယ်လို့ ဗြိတိသျှစံနှုန်းချင်းတူတယ်ဆိုရင်တော့ ဖြေဘို့ရာသိပ်ခက်လိမ့်မယ် မထင်ပါဘူး။
လုပ်ငန်းခွင်မှာ တကယ်လုပ်နေတဲ့ သူတွေအနေနဲ့ ဒါတွေကို ကျွမ်းကျင်နေပြီးသားပါ။ တကယ်လို့
စံနှုန်းချင်းမတူခဲ့ရင်တော့ ပြန်လေ့လာနေရတဲ့အတွက် မခက်ရင်တောင် အချိန်ကုန် လူပမ်းဖြစ်နိုင်ပါတယ်။
အင်ဂျင်နီယာကောင်စီရဲ့မေးခွန်းတွေကိုလည်း
ကျွန်တော်မမြင်ဖူးပါဘူး။ အဲဒီမေးခွန်းတွေဟာ လက်တွေ့ဆန်တဲ့ လုပ်ငန်းခွင်နဲ့သက်ဆိုင် တဲ့ မေးခွန်းတွေဖြစ်သင့်ပါတယ်။
ကျောင်းစာတွေချည်းပဲဆိုလို့ကတော့ အောင်ဘို့ရာ သိပ်လွယ်မှာမဟုတ်ပါဘူး။ စင်ကာပူမှာတော့
ဥပဒေ၊ နည်းဥပဒေ၊ Code of Practice တွေကိုလည်း ထည့်မေးပါတယ်။ ဒါပေမဲ့ သူတို့ သတ်မှတ်ထားတဲ့
တက္ကသိုလ်ကဘွဲ့ရလာရင် တိုက်ရိုက် RE (Resident Engineer) လျှောက်ခွင့်ရှိပါတယ်။ မြန်မာပြည်က
တက္ကသိုလ်တွေဟာ သူတို့သတ်မှတ်ထားတဲ့စာရင်းထဲ မပါတဲ့အခါကျ တော့ RE မရပါဘူး။ RTO (Resident
Technical Officer) အဆင့်ပဲရပါတယ်။ RE ဖြစ်ချင်ရင် စင်ကာပူမှာ ကျောင်းဆက်တက်ပေါ့။
ပြည်ပအတွေ့အကြုံရှိတဲ့သူတွေ
အနေနဲ့ ကောင်စီရဲ့ စစ်ဆေးမှုကို အလွယ်တကူ ဖြတ်ကျော်နိုင်ပါ့မလား ဆိုတဲ့ မေးခွန်းကျတော့
အဲဒီ ပြည်ပဆိုတာ ဘယ်နိုင်ငံလည်း ဆိုတာနဲ့ ပိုဆိုင်ပါလိမ့်မယ်။ သေသေချာချာ စည်းနဲ့စနစ်နဲ့
လုပ်နေတဲ့နိုင်ငံတွေက လာတာဆိုရင်တော့ ကျွန်တော့်အထင် သိပ်ခဲယဉ်းလိမ့်မယ်မဟုတ်ပါဘူး။
အဖြစ်ပဲ လုပ်နေတဲ့နိုင်ငံတွေဆိုရင်တော့ ကိုယ်ကလည်း ဘာမှ မလေ့လာဖြစ်တဲ့ အတွက် သီအိုရီပိုင်းတွေ
ပြန်ဖြေရတဲ့အခါ အခက်အခဲဖြစ်မှာ ကျိန်းသေပါဘဲ။
၅။ ပြည်တွင်းမှာတော့ အင်ဂျင်နီယာရဲ့
လက်မှတ်ကို ကန်ထရိုက်ကယူပြီး ဆောက်လုပ်ရေးလုပ်ကြတာတွေ အများကြီးရှိပါတယ်။ အင်ဂျင်နီယာမဟုတ်သူတွေက
ဆောက်တဲ့အတွက် အဆောက်အဦးတွေရဲ့ ကြံ့ခိုင်မှုက မေးခွန်းထုတ်စရာဖြစ်နေတယ်ဆရာ။ ကောင်စီရဲ့
လိုင်စင်သတ်မှတ်ချက်က ဒါတွေကို ပြေလည်စေမယ်လို့ မထင်ဘူးလား။
၆။ ဘာ့ကြောင့်ပါလဲ။
မြန်မာပြည်အခြေအနေက “ပြောပြန်ရင်လဲ အောင်မင်းလွန်ရာ
ကျမယ်” ဆိုသလိုပါ။ အင်ဂျင်နီယာရဲ့လက်မှတ်ကို ကန်ထရိုက်ကယူပြီး ဆောက်နေတယ်ဆိုတော့ အဲသလို
ဘာကြောင့် ဆောက်ခွင့်ပေးထားသလဲ၊ ဘယ်သူမှ တာဝန်ယူပြီး စစ်ဆေးတာ၊ အရေးယူတာ မလုပ်ကြဘူးလား
လို့ မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။
အဆောက်အဦတစ်ခုဆောက်ဘို့ စည်ပင်ကို ခွင့်ပြုမိန့်တင်တယ်
ဆိုပါတော့။ အဲဒီခွင့်ပြုမိန့်က တော်တော်နဲ့ကျတာ မဟုတ်ပါဘူး။ ၃ လ လောက်ကတော့ အနည်းလေး
ကြာပါသတဲ့။ နောက်ပြီး တင်တယ်ဆိုတာ ဖြစ်ကတတ်ဆန်း တင်လို့မရဘူး။ သေသေချာချာ ကျကျနန တွက်ချက်၊
သူတို့လိုအပ်ချက်နဲ့ ကိုက်ညီအောင် ပြန်ပြင်စတာတွေ အကြိမ်ကြိမ်လုပ်ပြီးမှ ဒီ
drawing ကို အတည်ပြုပေးတာ။ ဆိုတော့ ပထမအဆောက်အဦကိုဆောက်လိုက်တဲ့ ကန်ထရိုက်တာက အဲဒီ
drawing အတိုင်း ဆောက်တယ်။ အဲဒီအလုပ် ပြီးသွားပေမဲ့ အဲဒီပုံကို ကော်ပီကူးပြီး ဆက်သုံးတယ်။
နောက်ထပ်ကလည်း တင်ရမှာမလွယ်တော့ အဲဒီကော်ပီကို အင်ဂျင်နီယာ တစ်ယောက်ယောက်ကို ပိုက်ဆံပေး
လက်မှတ်ထိုးခိုင်း၊ တင်လိုက်။ အဲဒါဆို ပိုက်ဆံလည်း အကုန်သက်သာတယ်။ ကျတာလည်း မြန်တယ်။
ဆိုတော့ အခြေအနေက အဲသလို မဖြစ်ဖြစ်အောင် တမင်တကာ ဖန်တီးပေးထားသလို ဖြစ်နေတယ်။
အဲဒီ သေသေချာချာတွက်ချက်ထားတဲ့ drawing အတိုင်း
ဆောက်ကြမယ်ဆိုရင်တောင် မဆိုးသေးဘူး။ ဒါပေမဲ့ သိတော်မူကြတဲ့အတိုင်း ကိုရွှေကန်ထရိုက်တာများက
၂၂ မီလီမီတာ၊ သံချောင်း ၃၀ ထည့်ရမဲ့နေရာမှာ ၁၆ မီလီမီတာ၊ သံချောင်း ၂၀ ပဲထည့်လိုထည့်၊
ဘိလပ်မြေနည်းနည်း သဲများများနဲ့စပ်လိုစပ် လုပ်ကြတယ်။ အဲသလိုလုပ်နေတာကိုလည်း ဘယ်သူကမှ
တာဝန်ယူစစ်ဆေးတာမရှိ။ ရန်ကုန်ရွှေမြို့တော်ကြီး တစ်ခုလုံး ကန်ထရိုက်တာတွေအတွက်တော့ ပွဲတော်ကြီးပေါ့ခင်ဗျာ။
ကျွန်တော့်သူငယ်ချင်းပြောတာတော့ သူ ဆေးရုံဆောက်တဲ့
၎ နှစ်အတွင်း စည်ပင်ကရော၊ အလုပ်သမားဝန်ကြီးဌာနကရော လာစစ်တာ တစ်ခါမှ မကြုံခဲ့ဖူးပါဘူးတဲ့။
အဲလေ လာစစ်လည်း မထူးဘူးလို့ ဆက်ပြောပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ လုပ်ငန်းစစ်လာတယ်ဟေ့
ဆိုတာနဲ့ ပိုက်ဆံအိတ်ချိုင်းကြားညှပ်ပြီး လဖက်ရည်ဆိုင် သွားကြတော့တာကိုး။ ဆိုဒ်ထဲမယ်
ဘာတွေရှိမှန်းတောင် မသိလိုက်ဘူး။ ကန်ထရိုက်တာကပေးလိုက်တဲ့ အထုပ်ကလေး အသာပိုက်၊ လက်ဖက်ရည်လေးငုံ
ပြန်သွားကြတာ။
အဆောက်အဦကြံ့ခိုင်မှုကို မေးခွန်းထုတ်စရာဖြစ်တာ
အင်ဂျင်နီယာက မဆောက်လို့ မဟုတ်ပါခင်ဗျ။ ခုနင်က ကျွန်တော်ပြောခဲ့တဲ့ စနစ်ကြီးအတိုင်း
ဆက်သွားနေလို့ကတော့ အင်ဂျင်နီယာကောင်စီဥပဒေကြီးရှိလည်း ဒုဥက္ကဋ္ဌကြီးပြောသလို မီးတွေလည်း
လောင်မြဲ လောင်နေမှာပါပဲ ခင်ဗျ။ တိုက်တွေလည်း ပြိုမြဲ ပြိုနေမှာပါဘဲ ခင်ဗျလို့ ပြောလိုက်ပြစေ။
အခု ကျွန်တော်တို့ စင်ကာပူက Bukit Timah မှာ
ကွန်ဒိုတိုက် ၈ လုံးဆောက်နေပါတယ်။ အားလုံး ပြည်ကြီးကလာတဲ့ တရုတ်တွေနဲ့ အိန္ဒိယ၊ ဘန်းဂလားလေးတွေချည်းပါပဲ။
အလုပ်သမားအင်အား ၃၅၀ ရှိပါတယ်။ ပရောဂျက်အင်ဂျင်နီယာ အနေနဲ့ structure အတွက် ၂ ယောက်၊
M&E Coordinator ၁ ယောက်, Archi Coordinator ၁ ယောက်၊ ဆိုဒ်အင်ဂျင်နီယာ တစ်ယောက်။
ဒါပဲရှိပါတယ်။ Client ဘက်က ခန့်ထားတဲ့ RE နှစ်ယောက်ရှိပြီး
တစ်ယောက်က structure အတွက်၊ တစ်ယောက်က M&E အတွက် ဖြစ်ပါတယ်။ RTO နှစ်ယောက်ရှိပါတယ်။
အဲဒီအင်ဂျင်နီယာတွေက ဆောက်ဖို့ပေးထားတဲ့ ပုံထဲမှာပါတဲ့
အတိုင်းအတာ အတွက်အချက်တွေအတိုင်း မှန်မမှန် စစ်ပါတယ်။ စစ်ဆေးချက်ကို report တင်ရပါတယ်။
စစ်ဆေးချက်တိုင်းမှာ လက်မှတ်ထိုးရပါတယ်။ သူတို့ဟာ ဒီအဆောက်အအုံရဲ့ အရည်အသွေး အတွက်
တကယ့်အခရာ ကျတဲ့သူတွေပါ။ သူတို့ မျက်လုံးဒေါက်ထောက်ကြည့်မနေရင် ပေးထားတဲ့ဒီဇိုင်းအတိုင်း
ဆောက်မဆောက် ဘယ်သူသိနိုင်မလဲ။
အင်ဂျင်နီယာရဲ့အလုပ်က ဆောက်လုပ်ရေးလုပ်ငန်းတွေကို
ကြီးကြပ်ဖို့ မဟုတ်ပါခင်ဗျ။ သတ်မှတ်ထားတဲ့စံနှုန်းတွေအတိုင်း တွက်မယ်၊ ချက်မယ်။ နောက်ပြီး
ကိုယ်ထုတ်ထားတဲ့ဒီဇိုင်းအတိုင်း တကယ် ဆောက်မဆောက် စစ်မယ်။ အဲဒါပါပဲ။ မြန်မာနိုင်ငံမှာ
အဓိကဟာနေတဲ့ ကွက်လပ်ကြီးကတော့ ခပ်လွယ်လွယ်ပြောရရင် QC ပေါ့ ခင်ဗျာ။ လုပ်ငန်းကို စစ်မဲ့သူလိုနေတယ်။
အဲဒါကြောင့်မို့လို့ ထပ်ပြောလိုက်ပါဦးမယ်။
ဘာ ဥပဒေ၊ နည်းဥပဒေ၊ စံနှုန်း၊ လုပ်ထုံးလုပ်နည်းတွေမှမရှိဘဲ၊ ဘယ်လို စစ်ဆေးရေးမှ မရှိဘဲ
၊ ဘယ်လို တာဝန်ယူမှု၊ တာဝန်ခံမှုမှမရှိဘဲနဲ့တော့ အင်ဂျင်နီယာကျောင်းဆင်းတိုင်းကိုပဲ လိုင်စင်ပေးပေး၊
PE တွေ သိန်းနဲ့ချီပြီးပဲ ရှိနေနေ အဆောက်အဦတွေကတော့ ပြိုမြဲ၊ မီးများလည်း လောင်မြဲ
ဖြစ်နေအုံးမှာပါဘဲ။
၇။ အင်ဂျင်နီယာကောင်စီက ဘာတွေကိုအဓိကထားလုပ်သင့်တယ်ထင်လဲ။
ဖြေ -
အင်ဂျင်နီယာကောင်စီက အဓိကထားလုပ်ရမှာက စံနစ်၊
စံနှုန်းတွေ ပြုစုဘို့လို့ ယူဆပါတယ်။ မြန်မာနိုင်ငံမှာ လက်ဆုပ်လက်ကိုင်ပြစရာ ဆောက်လုပ်ရေးလုပ်ငန်းတွေအတွက်
ဘာဥပဒေရှိပါသလဲ၊ ဘယ်လိုနည်းဥပဒေတွေ ပြဌာန်းထားပါသလဲ၊ ဆောက်လုပ်ရေးဆိုင်ရာ ဘာ
standard, Code of Practice, Guidelines စတာတွေ ရှိပါသလဲ။ ဆောက်လုပ်ရေးလုပ်ငန်းတွေ
စံချိန်၊ စံညွှန်းနဲ့ လုပ်ချင်သပဆို အဲဒီ စံနှုန်းတွေလိုပါတယ်။ ဆောက်လုပ်ရေးဝန်ကြီးဌာနက
ထုတ်ထားတာထင်ပါတယ်။ ဆောက်လုပ်ရေးလုပ်ငန်း ဆိုင်ရာ အခြေခံစံနှုန်းများ ဆိုလား တစ်အုပ်တွေ့ဖူးပါတယ်။ ဒါပေမဲ့
အဲဒါလောက်နဲ့ မလုံလောက်ပါ။
ယုတ်စွအဆုံး မြန်မာနိုင်ငံမှာ ဘယ်စနစ်
(Imperial System or Metric System) ကိုသုံးနေပါသလဲလို့ ကျွန်တော် မေးလိုက်ချင်ပါတယ်။
ဘယ်စနစ်ရယ်လို့ တိတိကျကျမရှိပါ။ ကြုံသလို တည့်သလို သုံးနေတာသာ ဖြစ်ပါတယ်။ မီတာတွေ၊
အလေးချိန်ခွင်တင်းတောင်းတွေ အတွက် စံနှုန်းတွေ၊ calibration တွေဆိုတာလည်း ကြားတောင်
မကြားဖူးပါ။ ဘယ်ကတည်းက စ မကြားဖူးတော့တာလဲဆိုရင် သာလွန် မင်းတရားကြီးနတ်ရွာစံကတည်းက
မကြားမိတော့တာပါ။
မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီက အဲဒါတွေ
လုပ်ရပါမယ်။ မြန်မာနိုင်ငံကို လူလူသူသူဖြစ်ဘို့၊ ကမ္ဘာ့အလယ်မှာ မျက်နှာပန်းလှစေဘို့
ဆိုရင် အဲဒါတွေ မရှိဘဲ မဖြစ်နိုင်ပါဘူး။ အဲဒါကြောင့် အင်ဂျင်နီယာတွေကို လက်မှတ်တွေ
ထုတ်တာလည်း ထုတ်ပေး။ တစ်ဖက်ကလည်း စံချိန်စံညွှန်းရေးဆွဲတဲ့ကိစ္စတွေလည်း လုပ်ကြဘို့ အင်ဂျင်နီယာကောင်စီကို
ဒီနေရာကနေ တိုက်တွန်းလိုက်ပါတယ်။ ကျွန်တော့်အကူအညီ လိုတယ်ဆိုရင်လည်း ကူညီဘို့ အသင့်ရှိကြောင်းပါ။
၈။ စင်ကာပူမှာရော ဒီလိုအဖွဲ့တွေရှိပါသလား။
ရှိခဲ့ရင် ဘယ်လိုတာဝန်တွေကို ထမ်းဆောင်ရသလဲ။
စင်ကာပူမှာလား။ အများကြီးပေါ့ခင်ဗျာ။ ခပ်သေးသေးအဖွဲ့တွေထားလို့
Authority ပိုင်းကဆိုရင် BCA (Building and Construction Authority), PUB (Public
Utility Board), WSHC (Workplace Safety and Health Council), NEA (National
Environment Agency), PEB (Professional Engineers Board), IES (The Institution
of Engineers Singapore) စသဖြင့်ပေါ့ဗျာ။
ဘယ်လိုတာဝန်တွေယူသလဲဆိုတော့ လိုအပ်တဲ့ စံချိန်စံညွှန်းတွေ
ရေးဆွဲပြဌာန်းပေးတယ်။ သူတို့နဲ့သက်ဆိုင်တဲ့အပိုင်းတွေမှာ ပြဌာန်းထားတဲ့ ဥပဒေ၊ နည်းဥပဒေ၊
လုပ်ထုံးလုပ်နည်း၊ စံချိန် စံညွှန်းတွေနဲ့ ညီမညီ စစ်တယ်။ သတ်မှတ်ထားတဲ့ စံချိန်စံညွှန်းတွေအတိုင်း
မလိုက်နာရင် အရေးယူတယ်။ သူတို့နဲ့ သက်ဆိုင်တဲ့ သင်တန်းတွေပေးတယ်။ ဟောပြောပွဲတွေ လုပ်ပေးတယ်။
ဥပမာ - BCA ဆိုရင် အဆောက်အဦပိုင်းဆိုင်ရာ
စစ်တယ်။ အဆောက်အဦဆောက်လုပ်ခြင်းနဲ့ပတ်သက်တဲ့ စံချိန်စံညွှန်းတွေ ရေးဆွဲ ပြဌာန်းတယ်။
BCA Academy ဆိုတာဖွင့်ပြီး ဆောက်လုပ်ရေးနဲ့ပတ်သက်တဲ့ သင်တန်းတွေ ပို့ချပေးတယ်။ အလုပ်သမားတွေ
စွမ်းဆောင်ရည်မြင့်မားလာအောင် CoreTrade ဆိုတဲ့လက်မှတ်တွေ ပေးတယ်။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက်
လျှပ်စစ်စွမ်းအင် အစားသက်သာအောင် Green Mark Scheme တွေ လုပ်ပေးတယ်။
SCDF ဆိုရင် မီးကာကွယ်ရေးစနစ်တွေ စစ်မယ်။ အဆောက်အဦတွေမှာ
မီးကာကွယ်ရေးစနစ်တပ်ဆင်ရေးနဲ့ ပတ်သက်လို့ စံနှုန်းတွေ ပြဌာန်းပေးတယ်။ မီးကာကွယ်ရေးနဲ့ပတ်သက်တဲ့
သင်တန်းတွေပေးတယ်။ လက်ကမ်းစာစောင်တွေ ဝေတယ်။ ပြည်သူလူထုကို မီးကာကွယ်ရေးနဲ့ပတ်သက်တဲ့
ပညာပေးလှုပ်ရှားမှုတွေ လုပ်ပေးတယ်။
LTA ဆိုရင် လမ်းစနစ်၊ လမ်းအ၀င်အထွက်တွေစစ်မယ်။
PUB ဆိုရင် ရေမီးစနစ်တွေစစ်မယ်။ NEA ဆိုရင် ခြင်ယင်ကြွက်၊ ဆူညံသံတွေကို စစ်မယ်။
WSHC ဆိုရင် လုပ်ငန်းခွင် safety နဲ့ပတ်သက်လို့ စံချိန်စံညွှန်းတွေ ရေးဆွဲပြဌာန်းမယ်။
Safety ဆိုင်ရာ သင်တန်းတွေမှာ ဘာတွေသင်ရမယ်ဆိုတာတွေ ပြဌန်းပေးမယ် စသဖြင့်ပေါ့။
ဒါတွေကို တစ်ခုချင်းပြောဘို့တော့မလွယ်ပါဘူး။
သူတို့လုပ်ငန်းတာဝန်တွေက အလွန်ကျယ်ပြန့်ပါတယ်။ အသေးစိတ်ကိုတော့ သက်ဆိုင်ရာဌာနတွေရဲ့
website မှာ ဖတ်ရှုလေ့လာလို့ရပါတယ်။ လိုအပ်တဲ့ Guidelines, handbook စတာတွေကိုလည်း အဲဒီ
website တွေမှာ တင်ပေးထားပါတယ်။ ကြိုက်တဲ့လူဖတ်၊ ကြိုက်သလို download လုပ်ခွင့်ပေးထားပါတယ်။
အခမဲ့ပါ။
၉။ စင်ကာပူရဲ့ အင်ဂျင်နီယာလောကမှာ
အဆောက်အဦးတွေ အရည်အသွေးမှီဖို့အတွက် သူတို့အာဏာပိုင်တွေက ဘယ်လို ထိန်းချုပ်ထားပါသလဲ။
ကျွန်တော်တို့နဲ့ ဘယ်လိုကွာခြားပါသလဲ။
ဒါကို ကျွန်တော် နံပါတ် (၁) မေးခွန်းမှာ တော်တော်များများ
ဖြေခဲ့ပြီးပါပြီ။ အကျဉ်းချုပ်ပြောပြရရင် စင်ကာပူ အာဏာပိုင်အဖွဲ့အစည်း တွေက သူတို့နဲ့သက်ဆိုင်တဲ့
-
ဥပဒေ၊
နည်းဥပဒေ၊ စံချိန်စံညွှန်းတွေ ရေးဆွဲပြဌာန်းတယ်။
လူတွေကို
လေ့ကျင့် ပညာပေးတယ်။ မသိရင် သိအောင် လုပ်ပေးတယ်။ သိအောင်လုပ်ချင်လာအောင် ဆွဲဆောင်တယ်။
စည်းရုံးတယ်။
သတင်းအချက်အလက်ကို
ထိန်ဝှက်မထားဘူး။
အဲဒီ
ဥပဒေ၊ နည်းဥပဒေ၊ စံချိန်စံညွှန်းတွေအတိုင်း လိုက်နာလုပ်ဆောင်ခြင်းရှိမရှိ စောင့်ကြည့်
စစ်ဆေးတယ်။
မလိုက်နာတဲ့သူတွေကို
အပြစ်ပေး အရေးယူတယ်။ ချုပ်ရရင် ဒါပါပဲ။
မြန်မာနိုင်ငံနဲ့ ဘာကွာသလဲဆိုတော့ - မြန်မာနိုင်ငံက
မြန်မာ့နည်းမြန်မာ့ဟန်နဲ့ သိပ်သွားချင်တယ်။ ဆိုရှယ်လစ်တောင် မြန်မာ့ ဆိုရှယ်လစ်လမ်းစဉ်၊
ဒီမိုကရေစီကျပြန်တော့ ဘာတဲ့ စည်းကမ်းကျနသော ဒီမိုကရေစီ။ အဲဒါ အင်မတန်မှကို လွဲပါတယ်။
မြန်မာ့နည်းနဲ့ သွားရင် မြန်မာတစ်နိုင်ငံထဲမှာပဲ သုံးလို့ရလိမ့်မယ် မှတ်ပါ။ ကမ္ဘာ့နိုင်ငံတွေနဲ့ရင်ဘောင်တန်းနိုင်ဘို့ရာ
အပြည်ပြည်ဆိုင်ရာ စံနှုန်းတွေနဲ့ ကိုက်ညီတဲ့ စနစ်တစ်ခုကို မထူထောင်ဘဲ မဖြစ်နိုင်ပါဘူး။
အရေးကြီးဆုံးက ကိုယ်ကျင့်စာရိတ္တကောင်းဘို့၊
ကိုယ့်အလုပ်ကိုကိုယ် တာဝန်ယူဘို့၊ တာဝန်ကျေပွန်အောင် ထမ်းဆောင်ဘို့၊ မှန်မှန်ကန်ကန်
လုပ်ဘို့၊ မဟုတ်တာ မမှန်တာဆို ဘယ်သူ့မျက်နှာမှ မထောက်ပဲ ပြတ်ပြတ်သားသား အရေးယူဘို့၊
ဥပဒေကို လိုတမျိုး၊ မလိုတမျိုးလုပ်တာ မရှိပဲ တရားဥပဒေ အမှန်အကန်စိုးမိုးဘို့ စတာတွေပဲ
ဖြစ်ပါတယ်။
ကျွန်တော်တို့မြန်မာနိုင်ငံသားတွေရဲ့ ကိုယ်ကျင့်စာရိတ္တ၊
အတွေးအခေါ် အယူအဆ၊ လုပ်ပုံကိုင်ပုံတွေ ပြောင်းလဲတိုးတက်လာတာနဲ့အမျှ မြန်မာနိုင်ငံဟာလည်း
ကမ္ဘာ့အလယ်မှာ နေရာ ပြန်ရလာမှာ ဖြစ်ပါတယ်။
၁၀။ တခြားအကြံပြုချက်များရှိရင်
ပြောပြပေးပါ။
ပြောတာလည်း တော်တော်များသွားပြီဆိုတော့ နည်းနည်းပဲ
ထပ်ဖြည့်ပါမယ်။ ဘာပဲလုပ်လုပ် မျက်စိကြီးကြီး၊ နားကြီးကြီးနဲ့လုပ်ကြဘို့။ အရာရာမှာ စနစ်တကျ
လုပ်တတ်ဘို့။ ငါသာသိတယ်၊ ငါသာတတ်တယ် ဆိုတဲ့စိတ်မျိုးမမွေးမိဘို့။ တခြားသူတွေ အထူးသဖြင့်
တက်သစ်စလူငယ်တွေကို အထင်မသေးဘို့။ မြေတောင်မြှောက်ပေးဘို့။ မသိရင် သိအောင်သင်ပေးဘို့။
တခြားသူတွေ ဘယ်လိုတွေလုပ်နေသလဲ။ ငါတို့လည်း
ဘယ်လိုကောင်းအောင် လုပ်မလဲဆိုတာ အမြဲတွေးဘို့။
အရေးကြီးဆုံးက တိုင်းပြည်အပေါ် စေတနာထားဘို့နဲ့
လုပ်တဲ့အလုပ်တိုင်းကို ကောင်းကောင်းမွန်မွန် မှန်မှန်ကန်ကန် လုပ်ကြဘို့ (အကြံအဖန်မလုပ်ကြဘို့)
ဖြစ်ပါတယ်။
တိုင်းသူပြည်သားအားလုံး စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့
လုပ်ကြရင် မကြာခင်သောကာလမှာ ကျွန်တော်တို့ဟာ သူများတွေကို အမီလိုက်နိုင်လိမ့်မယ်ဆိုတဲ့အကြောင်း
ပြောချင်ပါတယ်။
ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျား။
အေးငြိမ်း (လေးမျက်နှာ)
၁၈ ဖေဖော်ဝါရီ၊ ၂၀၁၆
No comments:
Post a Comment