(၁)
စကားလေးတလုံးရလိုက် လျှောက်ဖွလိုက်နှင့် လူများတကာဖွတိုင်း
ချေးကသေးကစ လျှောက်ဖွတာမျိုး ကျွန်တော် ၀ါသနာမပါပါ။ သို့သော် ဖေ့စ်ဘုတ်တွင် ဟိုရေးသည်ရေး
ရေးနေကြလေရာ အူယားလှသောကြောင့် မရှိမဲ့ရှိမဲ့အချိန်လေးတွေကနေ ဖဲ့ရေးလိုက်ရပြန်ပါပေ၏။
(၂)
တခါသော် တက္ကသိုလ်ပြည်မှ ဒိသာပါမောက္ခဆရာကြီးအထံသို့ ပညာသင်ကြားရန်
မောင်ဖြူနှင့် မောင်မဲတည်းဟူသော ကျောင်းသားငယ်နှစ်ဦး တချိန်တည်း၊ တပြိုင်တည်း ရောက်လာကြလေကုန်သော
ဟူသတတ်။
အိမ်ထဲဝင်လာကတည်းက ဆရာကြီးက ထိုသူငယ် နှစ်ဦးကို အကဲခတ်နေသည်။
ကျောင်းသားငယ်နှစ်ဦးမှာ တောလမ်းမှ လာကြရသည်ဖြစ်၍ ခြေထောက်တွင်ပေလာသော ရွှံှ့ဗွက်များကို
အသီးသီး ဆေးကြောကြလေသည်။
မောင်ဖြူမှာ ရေကိုတန်ရုံလောင်းလျက် သေချာစွာပွတ်သပ်ဆေးကြောသည်ဖြစ်၍
ရေမကုန်ပဲ ခြေကို သန့်ရှင်းအောင် ဆေးနိုင်လေသည်။
မောင်မဲမှာမူ ရေကိုသာ တဗွမ်းဗွမ်းလောင်းသည်။ ခြေဖနောင့်မှ
ရွှံ့များကို စင်အောင် မဆေးနိုင်။
သည်ကတည်းက ဆရာကြီးက မောင်ဖြူသည်သာ သင်သမျှအတတ်ပညာများကို
ကုန်စင်အောင် ရနိုင်၍ မောင်မဲမှာမူကား ဘွဲ့လက်မှတ်တစ်ခု ပိုင်ရုံကလွဲပြီး ဘာမှတတ်မှာမဟုတ်ဟု
အတတ်သိလိုက်ပြီဖြစ်၏။
သည်လိုနှင့်
လေးနှစ်တာကာလပတ်လုံး တက္ကသိုလ်ကျောင်းတော်ကြီးတွင် ပညာသင်ကြားကြပြီးသကာလ အသီးသီး အသက
အသက ဘွဲ့လက်မှတ်များပိုက်ကာ ပြည်တော်ပြန်ကြလေသည်။
အပြန်တောလမ်း၌
ချေးပုံကြီးများတွေ့လေသော် မောင်မဲက ဟိုက်၊ သောက်ကျိုးနဲ။ ဒီလောက်ကြီးတဲ့ ချေးပုံကြီးတွေဆိုမှတော့
နည်းနည်းနောနော အကောင်ကြီးမဟုတ်ဘူး ဟု ကြောက်လန့်တကြား ပြေးမည်ပြု၏။ မောင်ဖြူက နေစမ်းပါဦးကွာ၊
ငါကြည့်စမ်း ပါရစေဦးဟု ချေးပုံကြီးကို သေချာစွာကြည့်လေသော် ၀ါးရွက်များနှင့် အသီးအရွက်များသာ
တွေ့သည်ဖြစ်၍ ဒါဆင်ချေးပုံကွ ဟု အတတ်ပြောလေ၏။ ဟိုက် - ဆင်ချေးပုံဆိုတော့ ဒီအနီးအနားမှာ
ဆင်ကြီးရှိမှာပဲ။ ငါတို့ကိုသာ တွေ့သွားရင်တော့ နင်းသတ်တာနဲ့ သေတော့မှာပဲ ဟု ကြောက်လန့်တကြား
ပြေးထွက်သွားလေသည်။
မောင်ဖြူမှာမူကား
အင်း - ချေးနဲ့သေးနဲ့နီးနေပုံထောက်တော့ ဒါဟာ ဆင်မကြီးပဲ။ နောက်ပြီး ရှေ့ခွာရာထက် နောက်ခွာရာက
တော်တော်ကြီးပိုနက်နေတော့ ဇီးနဲ့ ဆင်မကြီးဖြစ်မယ်။ ခြေလှမ်းကို အလျင်စလိုလှမ်းသွားပုံပေါက်တော့
မီးဖွားခါနီးနေပြီ။ ငါတော့ ကော်တာပဲ ဟု အနီးတ၀ိုက်လိုက်ရှာလေသော် မီးဖွားခါစ ဆင်မကြီးကို
သားကလေးနှင့်တကွ တွေ့လေ၏။ မောင်ဖြူလည်း ဆင်ကလေးကို ချော့မော့၊ ဆင်မကြီးကို ခေါင်းပွတ်၊
ကိုယ်ပွတ်နှင့် အသာအယာချြော့မှုလေရာ ဆင်မကြီးမှာ တခဏအတွင်း ယဉ်ပါးသွားလေ၏။
ရွာအတွင်းသို့
ဆင်မကြီးစီးဝင်လာသော မောင်ဖြူကိုတွေ့လေသော် မောင်မဲမှာ တအံ့တသြနှင့် လာရောက်မေးမြန်း။
အကြောင်းစုံ သိရလေသော ဤသို့တွေး၏။
အင်း၊
အတော်မတရားတဲ့ဆရာကြီးပဲ။ မောင်ဖြူကိုတော့ ပညာကုန်သင်ပေးလိုက်ပြီး ငါ့ကျတော့ ပညာတွေ
သျှိုထားတယ်။ အခု ကြည့်စမ်း၊ ချေးပုံတွေ့တာချင်းအတူတူ မောင်ဖြူကျ အကုန်သိနေတယ်။ ငါကျ
ဘာမှ မသိဘူး။ ဆရာကြီးကို သွားကွန်ပလိန်း လုပ်မယ်။
သို့နှင့်
မောင်မဲလည်း ဆရာကြီးထံ ပြန်ရောက်လာလေ၏။ ဖြစ်ကြောင်းရယ်ကုန်စင် သတင်းကြားပြီးဖြစ်သော
ဆရာကြီးမှာ မောင်မဲပြန်လာမည်သိသဖြင့် မအံ့သြတော့ချေ။
လာရင်းကိစ္စကလေးများ
လင်းစမ်းပါအုံး မောင်ရဲ့ ဟု ဆရာကြီးက မသိဟန်ဆောင်ပြီး မေးလေသော် -
ဘာဖြစ်ရမတုံး
ဆရာကြီးရယ်၊ ပိုက်ဆံအတူတူပေးသင်တဲ့ တပည့်ချင်းအတူတူ မောင်ဖြူကျတော့ ပညာအကုန်သင်ပေးတယ်။
ကျွန်တော့်ကျတော့ ပညာတွေ သျှိုထားတယ်။ အဲဒါ မကျေနပ်လို့ လာခဲ့တာပဲ။
ဒါကဒီလိုရှိသကွဲ့မောင်ရဲ့။
မောင်ဖြူက ပညာတွေလိုချင်တော့ ဆရာကြီးယိုတဲ့ ချေးကို တစ်နေ့တပုံကုန်အောင် စားတယ်။ အဲဒါကြောင့်
သူ့ကို ပညာကုန်သင်ပေးလိုက်တာပဲ။ တကယ်လို့ မောင်လည်း မောင်ဖြူ့လို ဆရာကြီးချေးကို စားနိုင်မယ်ဆိုရင်
သင်ပေးမှာပေါ့ကွယ်။
အာ၊
ဒါလေးများ ပြောပြောက စောရောပေါ့ ဆရာကြီးရယ်။ ပညာသာတတ်မယ်ဆို ကျွန်တော် တပုံမဟုတ်ဘူး၊
သုံးပုံစားဆိုလဲ စားပါမယ် ဆရာကြီး။
သို့နှင့်
ဆရာကြီးလည်း တပည့်တစ်ယောက်ကိုခေါ်ကာ ခိုင်းလိုက်၏။ တပည့်လည်း ထန်းလျက်နှင့် ငှက်ပျောသီးကို
ရောနယ်လျှက် အပေါက်ဖောက်ထားသော ၀ါးကျည်တောက်အတွင်းမှ ငှက်ပျောဖက်ပေါ်သို့ ညှစ်ချလိုက်သော်
လူလုပ် အီအီးပုံကလေး ရလေတော့၏။
ဆရာကြီးလည်း
အိမ်သာအတွင်းသို့ ဟန်ပြ၀င်ကာ မောင်မဲကိုခေါ်လျက် မောင်မဲရေ၊ ဆရာကြီးတော့ အီအီးပါခဲ့ပြီဟေ့၊
သွားစားချေတော့ ဟု ဆိုလေသော် မောင်မဲလည်း အိမ်သာတွင်းသို့ အီအီးစားရန်ဝင်၏။
ငှက်ပျောသီးနှင့်ထန်းလျက်ရောထားသော
အီအီးအတုများကို စားလျက် မောင်မဲတွေးသည်မှာ အင်း၊ ပညာရှိများ အီအီးတောင်မှ မွှေးလို့ချိုလို့။
စားလို့တောင်ကောင်းသေး။
အိမ်သာတွင်းမှ
ပြန်ထွက်လာသော မောင်မဲကို ဆရာကြီးက . . . ဘယ့်နှယ်လဲဟေ့
မောင်မဲ၊ စားခဲ့ပြီလား။
ဟုတ်ကဲ့၊
စားခဲ့ပြီးပါပြီ ဆရာကြီးခင်ဗျာ။ ဆရာကြီးတို့လို ပညာရှိများမတော့ ယိုတဲ့ချေးတောင် မွှေးလို့ချိုလို့ပါလား
ဆရာကြီးရယ်။
ကိုင်း၊
ကိုင်း၊ မောင်။ အေးအေးဆေးဆေးသာ ပြန်ပါတော့။ ငှက်ပျောမှန်း ချေးမှန်းတောင် ခွဲခြားသိနိုင်စွမ်းမရှိတဲ့
မောင့်လိုလူမျိုးကို ဆရာကြီးအနေနဲ့ ဘယ်လိုနည်းနဲ့မှ ပညာတတ်အောင် သင်ပေးဘို့ မဖြစ်နိုင်ပါဘူးကွယ်။
(၃)
ဒေါ်အောင်ဆန်းစုကြည်က
လူငယ်များ အင်တာနက်ကို အလွဲသုံးပြီး အချိန်ဖြုန်းနေကြောင်း ပြောသည်ကို ဘာကိုဆိုလိုလို့
ဆိုလိုမှန်းမသိ။
အဖွားကြီးက
အိမ်တွင်းအကျယ်ချုပ်ကျနေတော့ ဖုန်တက်နေတဲ့ စာအုပ်ကလေး သုံးလေးအုပ်ပဲ ဖတ်ဖူးတာ။ အင်တာနက်တို့
အွန်လိုင်းတို့ဆိုတာ ဘာမှ နားလည်တော့တာ မဟုတ်ဘူး . . . တို့ ပြောတာက တဖွဲ့။
ဟေ့ကောင်တွေ၊
ဒေါ်စုဆိုတာ ဟောမှာကြည့်စမ်း။ မင်းတို့မမွေးခင်ကတည်းက ကွန်ပြူတာ သုံးလာတာကွ . . . ဆိုတာက
တဖွဲ့။
ဖွဘုတ်ကို
အသုံးချလျက် ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ ကိုယ်ထင်ရာရမ်းတုတ်ကြကုန်သော မောင်မယ်အပေါင်းတို့အား
. .
ငှက်ပျောမှန်း၊
ချေးမှန်းသိအောင် အားထုတ်ကြပါ ဟု တိုက်တွန်းလိုက်ရပါ၏။
ဝှူး၊
မောထှာ။
ကျေးဇူးတင်ပါသည်။
အေးငြိမ်း
၁၉
ဇန္န၀ါရီလ၊ ၂၀၁၆။ ည ၁၀း၀၅ နာရီ
No comments:
Post a Comment