Wednesday, March 9, 2016

စည်းကမ်းရှိသော နိုင်ငံသားများဖြစ်အောင် ပြုစုပျိုးထောင်ခြင်း

စည်းကမ်းရှိသော နိုင်ငံသားများဖြစ်အောင် ပြုစုပျိုးထောင်ခြင်း (၂)

(၁)

(ကျွန်ုပ်က ဖြစ်ပျက်နေသည့်အခြေအနေကြီးတစ်ခုကို ခြုံငုံသုံးသပ်ပြခြင်းမျှသာဖြစ်ပြီး မြန်မာနိုင်ငံအတွင်းရှိ လူသန်း ၆၀ လုံး ပျက်စီးသွားသည်ဟု ဆိုလိုရာမရောက်ကြောင်း စာဖတ်သူတို့ သိပါသည်။ ဦးဏှောက်ရှိသူ၊ ဆင်ခြင်စဉ်းစားတတ်သူများကိုမူ မည်ကဲ့သို့ ပျက်အောင် ဖျက်နိုင်ပါအံ့နည်း။ ၎င်းတို့အသိပညာက ၎င်းတို့ကို ထိန်းကျောင်းသွားပါသည်။ ယခု ဤစာကို ရေးနေသော အကျွန်ုပ်သည်ပင် ဦးနေ၀င်းအာဏာသိမ်းသည့် ၁၉၆၂ ခုနှစ်တွင် မွေးဖွားခဲ့သော ထိုစနစ်ဆိုးအတွင်းမှ သားကောင်တစ်ဦးဖြစ်ပေရာ ကျွန်ုပ်မပျက်စီးသဖြင့်သာ ဤစာကိုရေးနိုင်ကြောင်း မိတ်ဆွေတို့ကို ကြေငြာမောင်း ခတ်စရာပင် မလိုပါ။ ကဲ့ရဲ့ခြင်း အရင်မလိုပါနှင့်ဦးဟု မေတ္တာရပ်ခံပြစေ။)

ယခင် “ကျွန်ုပ်တို့ တိုင်းသူပြည်သားများ အဘယ်ကြောင့် စည်းကမ်းမဲ့ကြရသနည်း ဆိုခြင်းအကြောင်း” ဆောင်းပါးတွင် လက်ရှိ ဖြစ်နေရသော ပြဿနာများ၏ အကြောင်းရင်းကို ရှာဖွေထားပါသည်။ အမေးတိုင်းတွင် အဖြေရှိ၏။ ပြဿနာ၏ ဇာစ်မြစ်ကိုသိမှ အဖြေမှန် (Answer မဟုတ်ပါ။ Solution ဖြစ်ပါသည်။) ကိုသိနိုင်မည်။ အဖြေမှန်ကိုသိပြီး လက်တွေ့လုပ်ဆောင်ကြလျှင် လက်ရှိ ဖြစ်ပျက်နေသော ပြဿနာများကို ဖြေရှင်းနိုင်ပါလိမ့်မည်။

သို့သော် လူသည်စက်မဟုတ်။ စက်ပျက်လျှင် ပြင်ရလွယ်သည်။ မည်သည့်အပိုင်းကပျက်သနည်း ဆိုသည်ကို ရှာဖွေကာ ထိုအပိုင်းကို ပြင်လို့ရလျှင်ပြင်၊ ပြင်လို့မရလျှင် အသစ်နှင့် အစားထိုးလဲလှယ်လိုက်ပါက ကောင်းသွားမည်သာ ဖြစ်၏။ ဈေးကွက်တွင် ရှာဝယ်လို့မရနိုင်တော့လျှင်တောင်မှ မိမိဘာသာ တီထွင်ဖန်တီးနိုင်သည်။ ယုတ်စွအဆုံး၊ သည်စက်ကို လုံးဝ သုံးမရတော့ဘူး ဆိုအံ့။ တစ်လုံးလုံး လွှင့်ပစ်လိုက်ပြီး စက်သစ်ဝယ်သုံးနိုင်သေး၏။

သို့သော် လူပျက်တာကို ပြင်ဘို့မလွယ်လှပါ။ အထူးသဖြင့် ကျွန်ုပ်တို့ မြန်မာတစ်နိုင်ငံလုံးမှာ ရာစုနှစ်တစ်ဝက်လောက် မျိုးနှင့် ရိုးနှင့်ချီကာ ဖျက်ဆီးခံလိုက်ရသဖြင့် လူကြီး၊ လူရွယ်၊ လူငယ်အတော်များများ ပျက်စီးသွားခြင်းဖြစ်သည်။ မပျက်ဘဲ ကျန်နေသူ များမှာ လက်တစ်ဆုပ်စာမျှသာ ရှိတော့၏။ ထိုမပျက်သေးသူများက စာများရေး၍တစ်နည်း၊ ဟောပြောပွဲများ ကျင်းပ၍တစ်ဖုံ၊ သင်တန်းများပို့ချ၍ တစ်သွယ်၊ အမျိုးမျိုးသောနည်းလမ်းများဖြင့် မိမိတတ်နိုင်သလောက် ပြန်လည်အဖတ်ဆယ်နေတာ တွေ့ကြရပါလိမ့်မည်။ သို့သော် တစ်ဦးတစ်ယောက်၊ တစ်ဖွဲ့ချင်း ဤကဲ့သို့လုပ်နေရုံဖြင့် မည်မျှ အကျိုးသက်ရောက်မှု ရှိပါမည်နည်း။ လူသန်း ၆၀ (သို့မဟုတ် ၅၁ သန်း) အတွက်မူ ဆင့်ပါးစပ် နှမ်းပက်သကဲ့သို့သာ ဖြစ်နေပါလိမ့်မည်။

မြန်မာစကားတွင် တောင်းဆိုးပလုံးဆိုးသာ ပစ်လို့ရမယ်။ သားဆိုးသမီးဆိုးကိုတော့ ပစ်ရိုးထုံးစံမရှိ ဟူသော စကားပုံ ရှိ၏။ ဆိုးပေတေလိပ်၊ အလွန်အင်မတန် ပျက်စီးနေသူဖြစ်ပါစေ။ မည်သည့်နေရာသို့ သွားပစ်ပါမည်နည်း။ သည်နေရာက ပစ်လိုက်လျှင် ဟိုနေရာရောက်သွားကာ ရောက်သည့်နေရာတွင် ဒုက္ခဆက်ပေးနေဦးမည်သာ ဖြစ်လေသည်။ ထို့အတွက်အဖြေကား ထို သားဆိုး ကို သားကောင်းဖြစ်လာအောင် လုပ်ပေးရေးဖြစ်၏။

ယခု ဆိုးနေသည်က လူတစ်ဦး၊ တစ်စု၊ တစ်ဖွဲ့တည်းမဟုတ်။ မြန်မာတစ်မျိုးသားလုံးလိုလို ဖြစ်၏။ ပျက်သမှ ကိုယ်ကျင့်တရားများ ပျက်သည်၊ ယဉ်ကျေးမှုများပျက်သည်၊ ခံယူချက်များပျက်သည်၊ အသိပညာများ ပျက်သည်၊ အဆိုးဆုံးကား ကောင်းမွန်မှန်ကန် သည့် အတွေးအခေါ် အယူအဆများ ပျက်သုဉ်းသွားခြင်း ဖြစ်သတည်း။ ပျက်သည်ဆိုရာတွင် မြို့ပြတွင်သာ မဟုတ်။ တောလက် ကျေးရွာများတွင်ပါ ပျက်သည်။ လူငယ်များသာ မဟုတ်။ လူကြီးများလည်း ပျက်သည်။

ဤကဲ့သို့ ပျက်စီးနေကြသဖြင့်သာ ယခင်ဆောင်းပါးတွင် ဖော်ပြခဲ့သလို အမှိုက်များ တွေ့ကရာပစ်ခြင်း၊ ကားများမောင်းချင်သလို မောင်း၊ ကျော်ချင်သလိုကျော်၊ ရပ်ချင်သလိုရပ်ခြင်း၊ မြစ်ချောင်းများအတွင်း ရေဆိုးရေပုပ်များ စည်းမရှိ၊ ကမ်းမရှိ သွန်ချခြင်း၊ စီမံကိန်းအတွက် ချပေးလိုက်သည့် ငွေကြေးကို အပြည့်အ၀မသုံးဘဲ စီမံကိန်းဘို့နည်းနည်း၊ မိမိအိပ်ကပ်အတွင်းသို့ များများ ထည့်ခြင်း စသည့် အမှုကိစ္စများ ဖြစ်ပေါ်လာရခြင်း ဖြစ်ပေသည်။

ယခု ပြဿနာဖြစ်ရခြင်း အကြောင်းရင်းကို သိပြီဖြစ်၍ ထိုပြဿနာများ၏ အဖြေကို ရှာကြည့်ပါမည်။

(၂)

ပစ္စည်းတစ်ခုကို ဖြစ်စေ၊ အဆောက်အဦတစ်ခုကို ဖြစ်စေ။ အသစ်ဆောက်ရတာက အဟောင်းကိုပြန်ပြင်ရတာထက် ပိုလွယ် သည်။ မိမိစိတ်ကြိုက် ဆောက်နိုင်သည်။ မိမိစိတ်ကြိုက် ပုံဖော်နိုင်သည်။ သို့သော် အဟောင်းကိုပြန်ပြင်ရတာကျတော့ နဂိုရှိပြီးသားအရာတွေကို ပြန်လည် ဖြိုဖျက်ပစ်ရသည်။ ဒီဇိုင်းအသစ်နှင့် ကိုက်ညီအောင် လှီးထုတ်တန်တာ လှီးထုတ်၊ ထပ်ဖို့ တန်တာဖို့၊ ဖြတ်တန်တာ ဖြတ်။ လုပ်ရသည်။ ဤသို့လုပ်ရာတွင် အခန့်မသင့်ပါက ပြိုပျက်၊ ကျိုးပဲ့သွားနိုင်သည်။ ထို့ကြောင့် အဟောင်းကိုပြင်ခြင်းထက် အသစ်ဆောက်ရခြင်းက ပိုလွယ်သည်ဟု ဆိုခြင်းဖြစ်၏။

တိုင်းပြည်တစ်ခုကို ထူထောင်ဘို့ဆိုတာ လွယ်လွယ်လေးနှင့် မဖြစ်နိုင်။ အထူးသဖြင့် ပျက်စီးနေသည့် လူ့အဖွဲ့အစည်းကြီးတစ်ခုကို ပြန်လည် အဖတ်ဆယ်ဘို့အရာမှာ ပိုမလွယ်သေးသည်။

ဥပမာအနေနှင့် စင်ကာပူကို ပြပါမည်။

စင်ကာပူကို မလေးရှားမှ ခွဲထုတ်ချိန်တွင် စင်ကာပူနိုင်ငံသူနိုင်ငံသားများမှာ ရိုးရိုးသားသား တောသူတောင်သားများချည်း ဖြစ်၏။ ပကတိအရှိအတိုင်း ဘာမှ မပျက်စီးသေးသော လူ့အဖွဲ့အစည်းတစ်ခုအဖြစ် ရှိသည်။ ဤလူ့အဖွဲ့အစည်းကို မစ္စတာလီနှင့် သူ့အစိုးရ အဖွဲ့က သူရို့စိတ်ကြိုက် ပုံဖော်ယူသည်။ သူရို့သွားမည့်လမ်းခရီးတွင်ရှိသည့် ဆူးငြောင့်ခလုတ်မှန်သမျှ အကုန်ဖယ်ရှားပစ်သည်။ မိမိတို့တည်ဆောက်လိုသည့် ပုံသဏ္ဍာန်ရအောင် တင်းတင်းကျပ်ကျပ် တည်ဆောက်ယူသည်။ သူတို့က တိုင်းပြည်အပေါ် တကယ် စေတနာထားသည်။ စင်ကာပူကို မိမိတို့လိုချင်သော ပုံစံရအောင် မည်ကဲ့သို့ လုပ်ယူရမည်နည်း ဆိုသည်ကို သိသည်။ မိမိတို့မသိသည်များကို ပညာရှင်များနှင့်တိုင်ပင် ဆွေးနွေးသည်။ ကိုယ်ဘာမှမတတ်တာကို ၀န်ခံလျှက် နိုင်ငံခြားမှ ရင်းနှီးမြှုပ်နှံမှု နှင့် အတတ်ပညာများ၊ အတတ်ပညာရှင်များကို ဖိတ်ခေါ်သည်။ မိမိနိုင်ငံသားများကို ထူးချွန်ထက်မြက်သူများဖြစ်လာအောင် လေ့ကျင့်ပေးသည်။ နိုင်ငံကို ပညာရေးဖြင့်တည်ဆောက်မှသာ စဉ်ဆက်မပြတ် တိုးတက်နေမည့် နိုင်ငံဖြစ်မည်ဆိုသည်ကို သဘောပေါက်သည့်အတွက် ပညာရေးကို အားသွန်ခွန်စိုက် လုံးပမ်းသည်။ သူတို့က တိုင်းပြည်ထူထောင်ရာတွင် သဘာဝ သယံဇာတ အရင်းအမြစ်နှင့် ထူထောင်တာမဟုတ်။ လူအရင်းအမြစ်နှင့် ထူထောင်ခြင်းဖြစ်သည်။ တော်တည့်ထက်မြက်သော၊ အမြော်အမြင်ကြီးသော၊ နိုင်ငံအပေါ် တကယ်စေတနာထားသော ခေါင်းဆောင်များ၏ ဦးဆောင်မှုအောက်တွင် နိုင်ငံသားများက လည်း နောက်လိုက်ကောင်းပီသစွာ ကြိုးစားကြသည်။ ဤသို့ဖြင့် သောက်စရာရေတောင်မရှိသော စင်ကာပူသည် ဆယ်စုနှစ် သုံးခုအတွင်း အာရှကျားတစ်ကောင်အဖြစ် ငွားငွားစွင့်စွင့် ရပ်တည်လာနိုင်ခဲ့သည်။

ချမ်းသာသော မြန်မာနိုင်ငံသည် အရှေ့တောင်အာရှတွင် ထိပ်ဆုံး၌ ရပ်တည်နေချိန်၌ စင်ကာပူနိုင်ငံမှာ ယခုမှ စ,ထူထောင်ဘို့ စဉ်းစားရတုံးရှိသေးသည်။ သို့သော် စင်ကာပူနိုင်ငံသည် အရှေ့တောင်အာရှတွင် ကျားဖြစ်သွားချိန်၌ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ၏ ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံမှာ နွားပြန်ဖြစ်နေချေပြီ။

ယခုအခါ ကျွန်တော်တို့နိုင်ငံမှ ထိပ်တန်းအရာရှိကြီးများက မြန်မာပြည်ကို စင်ကာပူကဲ့သို့ဖြစ်အောင်လုပ်မည်ဟု မကြာခဏ ကြုံးဝါးနေသံကြားရသည့်အခါ ကျွန်ုပ်မှာ ၎င်းတို့အား လွန်စွာသနားလှသောကြောင့် စုပ်တသပ်သပ်ဖြစ်မိလေ၏။

စင်ကာပူနိုင်ငံမှာ မြန်မာနိုင်ငံ၏ မြို့ကြီးတစ်မြို့စာလောက်သာ ရှိသည်၊ စင်ကာပူနိုင်ငံ၏ GDP per capita မှာ USD 55,980 ဖြစ်နေချိန်၌ မြန်မာနိုင်ငံ၏ GDP per capita မှာ USD 1,113 သာ ရှိသည်၊ စင်ကာပူနိုင်ငံသည် ကောင်းစွာထူထောင်ပြီး ဖြစ်သည့် ဖွံ့ဖြိုးသောနိုင်ငံဖြစ်၍ မြန်မာနိုင်ငံမှာ ဖွံ့ဖြိုးဆဲနိုင်ငံဘ၀သာ ရှိသေးသည် . . စသည့် စသည့် အရေးကြီးသော အချက်များကို တစ်ချက်ကလေးမှ ထည့်သွင်းမစဉ်းစားပါဘဲလျက် စင်ကာပူမှ အိမ်၊ လမ်းနှင့် သစ်ပင်များစိုက်ပျိုးထားတာလောက်ကြည့်ပြီး ငါတို့လည်း ဒါလောက်တော့ လုပ်တတ်ပါတယ်ကွာ ဟု တွေးထင်သည့် ၎င်းတို့၏ အသိဉာဏ်၊ ဦးဏှောက်နှင့် တွေးခေါ်ချင့်ချိန် နိုင်စွမ်းတို့ကို သိမြင်နိုင်ပါသည်။ 

နိုင်ငံတစ်နိုင်ငံကိုထူထောင်ရေးတွင် အရေးအပါဆုံးသူများမှာ Policy Maker များဖြစ်၏။ နိုင်ငံထူထောင်ရေးတွင် တစ်ဦးကောင်း တစ်ယောက်ကောင်းလုပ်၍ ရတာမျိုးမဟုတ်။ သူ့ကဏ္ဍနှင့်သူ တော်သည့်တတ်သည့်သူများကို တာဝန်ပေးရမည်။ နိုင်ငံခြားမှ ပညာရှင်များ ငှားရမ်းကာ အကြံဉာဏ်များ ရယူရမည်။

ကျွန်တော့်ဦးဏှောက် တစ်မိုက်လောက်နှင့် နိုင်ငံထူထောင်ရေးကို ကြီးကြီးကျယ်ကျယ် မပြောလိုပါ။ ကျွန်တော့်ထက် တတ်သိ၊ နားလည်သူများ အများကြီးရှိပါသည်။ ယခု ကျွန်တော်ဦးတည်နေသည်မှာ စည်းကမ်းရှိသောနိုင်ငံသားများဖြစ်အောင် အဘယ်ကဲ့သို့ လုပ်ယူရမည်နည်း ဆိုသည့်အကြောင်းဖြစ်သဖြင့် ထိုအကြောင်းကိုသာ ဆွေးနွေးပါမည်။

(၃)

စည်းကမ်းရှိသော နိုင်ငံသားများ ဖြစ်လာစေရေးအတွက် ၎င်းတို့အား လုံလောက်သော ထောက်ပံ့မှုများ ပံ့ပိုးပေးရန် လိုပါသည်။ ဤသို့ပံ့ပိုးရန် ကောင်းမွန်မှန်ကန်သော စနစ်များ ထူထောင်ရမည်။ မည်သည့်စနစ်များကို မည်ကဲ့သို့ထူထောင်ရမည်ကို အကျဉ်းမျှ တင်ပြပါမည်။

ပထမဆုံး အရေးကြီးသည်မှာ ပညာရေးစနစ်ဖြစ်၏။ တိုင်းသူပြည်သားများ စည်းကမ်းရှိလာစေရေးတွင် ၎င်းတို့၏ အသိဉာဏ် ပညာ အဆင့်အတန်းကို မြှင့်ပေးရန် အလွန်အရေးကြီးပါသည်။ ယခုလည်း မြန်မာတစ်နိုင်ငံလုံးတွင် ပညာရေးစနစ်ကို ပြုပြင် ပြောင်းလဲရန် အားသွန်ခွန်စိုက် ကြိုးပမ်းနေကြသည်ဟု ကြားသိရ၊ သတင်းတွေဖတ်ရပါသည်။ သို့သော် ၃ နှစ်ကျော်လာသည့်တိုင် သိသိသာသာ ပြောင်းလဲလာတာ မတွေ့ရသေးပါ။ လူငယ်များ၏ ဘ၀တစ်သက်တာကို အဆုံးအဖြတ်ပေးမည့် ဆယ်တန်း စာမေးပွဲတွင်မတော့ ဂုဏ်ထူးများ ပိုထွက်လာတာ တွေ့ရပါသည်။ ဂုဏ်ထူးများပိုထွက်လာရုံဖြင့် အသိဉာဏ်ပညာ အဆင့်အတန်း ပိုမြင့်လာလိမ့်မည်ဟု ကျွန်တော်ကတော့ မယူဆပါ။ အဘယ်ကြောင့်ဆိုသော် ကြက်တူရွေးပင်လျှင် သင်ပေးက ရွတ်တတ်သော ကြောင့်တည်း။

စာကျက်၍ အလွတ်ရွတ်ဖြေလို့ ဂုဏ်ထူးထွက်သည်မှာ ဘာမှမဆန်းပါ။ ဤသည်မှာ ပညာရတာမဟုတ်။ စာရတာသာ ဖြစ်ပါ သည်။ ကြီးကြီးကျယ်ကျယ် မတန်မရာပုံခိုင်းရလျှင် ပိဋကဋ်သုံးပုံ အာဂုံဆောင်ရုံမျှနှင့် အရဟတ္တမဂ်ဉာဏ်၊ ဖိုလ်ဉာဏ်ကို မရနိုင်သကဲ့သို့ဖြစ်၏။ ပညာဟူသည် မိမိ၏ကိုယ်ပိုင်ဉာဏ်နှင့် စဉ်းစားချင့်ချိန် တွေးခေါ်မြော်မြင်နိုင်စွမ်းကို ဆိုလိုသည်။ ထို့ကြောင့် အလွတ်ကျက် ဖြေနေသော လက်ရှိပညာရေးရည်မှန်းချက်ကို ပြောင်းပစ်ရန်လိုပါသည်။ ပညာရေးရည်မှန်းချက်များတွင် တွေးခေါ်မြော်မြင် နိုင်စွမ်းရှိရေး၊ ကိုယ်ကျင့်စာရိတ္တမြင့်မားရေးတို့ ပါဝင်သင့်၏။

ယခု အတည်ပြုတော့မည်လိုလိုဖြစ်နေသည့် အငြင်းပွားစရာ ပညာရေးဥပဒေမှာလည်း လိပ်ခဲတည်းလည်း။ ပညာရေးဥပဒေကို မကြိုက်သည့် ကျောင်းသူကျောင်းသားကလေးများအားလည်း လက်နှင့်ရွယ်လိုက်ကြသေးသည်။ ကျောင်းသားကလေးများ ကလည်း နု နုလှချည့်။ လက်နှင့်ရွယ်ရုံကလေးရွယ်တာတောင် ဆေးရုံဆေးခန်းရောက်ကြရသေး၏။ ရိုက်များရိုက်လျှင်ဖြင့် မတွေးဝံ့စရာ။ 

ပညာရေးဥပဒေကို မြန်မာနိုင်ငံမှ တကယ့်ထိပ်တန်း ဆရာကြီး၊ ဆရာမကြီးများ ပါဝင်ရေးသားထားသည်ဖြစ်၍ ကျွန်တော့်မှာ မတို့ မထိရဲအောင်ဖြစ်ရ၏။ မိသားစုရှိရာ ပြည်တော်သို့ မကြာခဏပြန်နေရသေးသည့် အတွက်ကြောင့်လည်း မကြိုက်တာများ ရှိတာတောင် သိပ်မပြောရဲ။ တရားဥပဒေ စိုးမိုးရေးဆိုသည်မှာ ယခုထိ စာအုပ်ထဲတွင် အိပ်ပျော်နေတုံးရှိသေးသည်။ မတော် ခဏ လောက် လိုက်ခဲ့စမ်းပါဆိုလျှင် ကိုယ်ကျိုးကြီးနည်းရချည့်။ ၂၀၁၆ လောက်ကျလျှင်တော့ ပြောသာဆိုသာရှိမည်လား မသိ။

လုပ်မလား၊ မလုပ်ဖူးလားဟု အတင်းအဓမ္မ ဓားနှင့်မိုးကာ စည်းကမ်းရှိခိုင်းစေရသည်ထက် တိုင်းသူပြည်သားတို့ ကိုယ့်အသိ စိတ်ဓာတ်နှင့်ကိုယ် လိုက်နာကျင့်ကြံကြပါမှ ပိုမိုထိရောက် အကျိုးရှိနိုင်ပေမည်။ ထို့ကြောင့် တိုင်းသူပြည်သားအားလုံးတို့ကို အသိပညာပေးရေး အစီအစဉ်များ ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်ပေးရန် လိုပါသည်။ လုပ်သည်ဆိုရာတွင်လည်း ဂေါ်ဇီလာလောက် ဆိုင်းဘုတ်ကြီးများထောင်၊ နောက်ပြီး လူကြားကောင်းရုံ အဖြစ်လုပ်ပြ။ အဆုံးတွင် တစ်အိမ်တစ်ယောက်မထွက်မနေရ စနစ်ဖြင့် အတင်းလာခိုင်းကာ အောင်ပွဲကြီးများ ချိမ့်ချိမ့်သဲကျင်းပဘို့ ပြောတာမဟုတ်။ တကယ် ထိရောက်၊ အကျိုးရှိမည့် ပညာပေး အစီအစဉ်များကို စနစ်တကျ ရေးဆွဲအကောင်အထည်ဖော်ခြင်းကို ဆိုလိုခြင်း ဖြစ်၏။

ပညာရေးစနစ်ကို အကောင်အထည်ဖော်ရာတွင်လည်း ငါတို့နိုင်ငံမှာ ငါတို့စနစ်နဲ့ငါတို့သွားမယ် ဟု ငါတကော ကော၍မရ။ အောင်မြင်နေသော ဖွံ့ဖြိုးပြီးတိုင်းပြည်များ၏ ပညာရေးစနစ်များကို လေ့လာ၊ အတုယူကာ မိမိတို့ လူနေမှုစနစ်နှင့်ကိုက်ညီအောင်၊ မိမိတို့နိုင်ငံ၏ အခြေခံစီးပွားရေးလုပ်ငန်း၊ ကုန်ထုတ်လုပ်ငန်းများကို အထောက်အကူပြုအောင် ရေးဆွဲရန် လိုပါသည်။

(၄)

နောက်တစ်ခုမှာ မြို့ပြစနစ် ဖြစ်၏။ မြို့ပြစနစ်မှာ အလွန်ကျယ်ဝန်းပါသည်။ ကျွန်တော်သည် မြို့ပြပညာရှင်တစ်ဦးမဟုတ်မူ၍ ကျွန်တော်လေ့လာမိသလောက် စင်ကာပူမှ စနစ်များကို အခြေခံကာ ပြောကြည့်ပါမည်။ ဒေါက်တာကျော်လတ်ကဲ့သို့ မြို့ပြစီမံကိန်းအကြံပေးပုဂ္ဂိုလ်ကြီးများက ကျွန်တော့်ထက်ပို၍ တတ်ကျွမ်းနားလည်ပါသည်။

မြို့သူမြို့သားများ စည်းကမ်းလိုက်နာလာစေရေးအတွက် စနစ်ကျသော မြို့ပြတစ်ခု တည်ဆောက်ပေးရန် အလွန် အရေးကြီးပါ သည်။ ကျွန်တော် စင်ကာပူမှစနစ်များဖြင့် ယှဉ်ကာ ရှင်းပြပါမည်။ (ကျွန်တော်ရေးသားသော စင်ကာပူမှအမှိုက်သိမ်းစနစ်၊ ရေပေးဝေရေး စနစ်၊ မီးအန္တရာယ် ကာကွယ်ရေးစနစ်၊ ရေဆိုးထုတ်စနစ်၊ သယ်ယူပို့ဆောင်ရေးစနစ်၊ စိမ်းလန်းစိုပြည်ရေး စနစ်များအကြောင်း စင်ကာပူမှစနစ်များ အမည်ဖြင့် နှင်းဆီဖြူစာပေမှ ထုတ်ဝေရန် စီစဉ်နေပါသည်။ စင်ကာပူစနစ်များကို အသေးစိတ် လေ့လာလိုသူများ ထိုစာအုပ်တွင် ဖတ်ရှုနိုင်ပါသည်။ ဤကား စကားချပ်။)

မြို့ပြနေပြည်သူများ စည်းမဲ့ကမ်းမဲ့ အမှိုက်မပစ်စေရေးအတွက် အစိုးရမှ အလွန်ကောင်းမွန်သော အမှိုက်သိမ်းစနစ်တစ်ရပ် ရေးဆွဲ အကောင်အထည်ဖော်ရန် လိုပါသည်။ စင်ကာပူအစိုးရသည် အမှိုက်သိမ်းရေးအတွက် တစ်နိုင်ငံလုံးကို ဒေသလေးခုခွဲကာ ကန်ထရိုက်တာလေးဦးကို တာဝန်ပေးထားသည်။ (၎င်းကိုယ်တိုင် အမှိုက်မသိမ်းပါ။) ထိုကန်ထရိုက်တာလေးဦးက မိမိ တာဝန်ကျရာဒေသမှ အမှိုက်များကို မိမိဘာသာ နိုင်နိုင်နင်းနင်း ရှင်းထုတ်သွားသည်။ နေရာတစ်ခုခုတွင် အမှိုက်များပုံနေပါက ကန်ထရိုက်တာကို လှမ်းသတင်းပေးလိုက်ရုံ ဖြစ်၏။

အမှိုက်သိမ်းရေးကို တာဝန်ယူသည့် အစိုးရအဖွဲ့အစည်းမှာ NEA (National Environment Agency) ဖြစ်ပါသည်။ NEA က အမှိုက်သိမ်းရေး အစီအမံများ (Waste management) ကို ချမှတ်ဆောင်ရွက်၏။ ကန်ထရိုက်တာများ၏ အမှိုက်သိမ်းမှု အခြေအနေကို စောင့်ကြည့်အကဲခတ်သည်။ စင်ကာပူနိုင်ငံ သန့်ရှင်းသပ်ယပ်နေစေရေးအတွက် တာဝန်ယူထားသည်။ ပြည်သူ များ အမှိုက်မပစ်စေရန် ပညာပေးအစီအစဉ်များ လုပ်ပေးသည်။ အမှိုက်စုဆောင်းရေး ဥပဒေတစ်ခုဖြစ်သည့် Environmental Public Health (General Waste Collection) Regulations အရ ဥပဒေမလိုက်နာသူများကို အပြစ်ပေး အရေးယူသည်။

အမှိုက်ဟူသည် ပြည်သူ့ကျန်းမာရေးနှင့် တိုက်ရိုက်ပတ်သက်လျက်ရှိရာ အမှိုက်များကို နိုင်နိုင်နင်းနင်း ရှင်းနိုင်စေရေးအတွက် အမြဲကြိုးစားနေသည်။ အိမ်များမှထွက်သောအမှိုက်၊ စားသောက်ဆိုင်များမှ ထွက်သောအမှိုက်၊ စူပါမားကက်၊ စက်ရုံအလုပ်ရုံ၊ ဆောက်လုပ်ရေးလုပ်ငန်း စသည်တို့မှထွက်သော အမှိုက်များကို မီးရှို့တန်တာမီးရှို့၊ မြေဖို့တန်တာဖို့၊ ပြန်သုံးသင့်တာသုံး (recycle) လုပ်သည်။ Zero waste Singapore အစီအစဉ်ဖြင့် ပစ်လိုက်သမျှအမှိုက်များကို အလဟဿဖြစ်မသွားစေပဲ အားလုံး ပြန်သုံးနိုင် စေရန် ကြိုးစားလျက်ရှိသည်။

စင်ကာပူအမှိုက်သိမ်းစနစ်သည် အလွန်ကောင်းသဖြင့် အိမ်များ၊ ဆိုင်များ၊ စက်ရုံများ၊ ဆောက်လုပ်ရေး လုပ်ငန်းများအနေနှင့် ထွက်လာသမျှ အမှိုက်များကို အလွယ်တကူ ပစ်နိုင်သည်။ အမှိုက်အတွက် မည်သည့်နေရာမှ တကူးတက သွားနေစရာမလို။ မိမိအိမ်နှင့် လက်လှမ်းတမီတွင်ပင် ပစ်နိုင်သည်။ ယခင်ကာလများက ဆောက်ခဲ့သော တိုက်အဟောင်းများတွင် မီးဖိုချောင်အတွင်း အမှိုက်ပစ်ချသည့်မြောင်း လုပ်ထားပေးကာ အမှိုက်ကို မိမိအိမ်ခန်းထဲမှနေ၍ပင် ပစ်ချလို့ရသည်။ ယခု HDB flat များတွင် အမှိုက်ပစ်ချသည့် မြောင်းကို အိမ်ခန်းများ၏ အလယ်လောက်တွင် ထားပေးသည်။ အစွန်ဆုံးအိမ်ခန်းမှ အမှိုက်ပစ်ရာနေရာသို့ တစ်မိနစ်အတွင်း ရောက်နိုင် သည်။

ထို့ပြင် ဘူတာရုံများ၊ ဈေးကြီးများ၊ ဘတ်စ်ကားမှတ်တိုင်၊ ပန်းခြံ၊ လူနေတိုက်ခန်းများအောက်တွင် အမှိုက်ပုံးများကို လက်လှမ်း တမီတွင်ထားပေးသည်ဖြစ်ရာ အမှိုက်ပစ်လိုလျှင် တကူးတကလိုက်ရှာနေစရာမလို။ အနီးရှိအမှိုက်ပုံးတွင်း ပစ်ထည့်လိုက်ရုံ ဖြစ်၏။ ထို့ပြင် အခြားသူများက အမှိုက်ပုံးအတွင်း ထည့်နေသည်ကို တွေ့မြင်နေခြင်းကလည်း မိမိအနေနှင့် တွေ့ကရာ အမှိုက်မပစ်စေရန် သတိပေးနေသကဲ့သို့ ဖြစ်သည်။ နေရာတကာ အမှိုက်မရှိ၊ သန့်ရှင်းသပ်ယပ်နေခြင်းက အမှိုက်ကို တွေ့ကရာပစ်ရန် လက်တွံ့ စေလေ၏။

ကျွန်တော် မြန်မာပြည်ပြန်သည့်အခါ ပြဿနာတစ်ခုမှာ အမှိုက်ကို မည်သည့်နေရာတွင် ပစ်ရမှန်းမသိခြင်း ဖြစ်၏။ ကျွန်တော်က စင်ကာပူတွင်နေတာ ဆယ်စုနှစ် နှစ်ခုနီးပါးရှိပြီဆိုတော့ အမှိုက်ကို တွေ့ကရာမပစ်တတ်။ ထို့ကြောင့် ရန်ကုန်မြို့ထဲ စသည်ဖြင့် အပြင်ထွက်သည့်အခါ တစ်ခုခုစားသောက်ပြီးသည့်အခါ သို့မဟုတ် တစ်ရှုးစသည့် အမှိုက်များကို လက်ကကိုင်ထားရလေသည်။ ထို့နောက် အမှိုက်ပုံးကို ယောက်ယက်ခတ်အောင် ရှာပြီး တွေ့သည့်အခါမှ ပစ်ရသည်။ တစ်ခါတစ်ရံ ကိုယ်သိထားသည့် အမှိုက်ပစ်၍ရသည့်နေရာထိ သယ်လာပြီးမှ ပစ်ရသည်။

ကျွန်တော်တို့နေတာက ကမာရွတ်၊ ပြည်ရိပ်မွန်အိမ်ယာမှာ။ အမှိုက်ပစ်စရာနေရာ လုပ်ပေးမထား။ အမှိုက်ကို ညနေ ၃ နာရီတွင် တစ်ကြိမ်၊ ၅ နာရီတွင်တစ်ကြိမ် လာသိမ်းသည်ဟု အစ်မကြီးပြောပြသဖြင့် သိရ၏။ သူတို့က အိမ်များမှ အမှိုက်များကို တွန်းလှည်း ဖြင့် တစ်ပါတည်း သိမ်းသွားသည်။ သူတို့အမှိုက်လှည်းလာမည့်အချိန်ကို စောင့်နေရသည်။

ကျွန်တော့်အမျိုးသမီးမှာ အလုပ်လုပ်နေသည်ဖြစ်ရာ အိမ်သို့ ညနေ ၆ နာရီလောက်မှ ပြန်ရောက်သည်။ အိမ်တွင် သူနှင့် သားနှင့် နှစ်ယောက်တည်းသာ နေသည်။ သားက ၂ တန်းကျောင်းသား။ ညနေကျမှ အမေဖြစ်သူနှင့် အတူတူအိမ်ပြန်ရောက်သည်။ သို့အတွက် ၅ နာရီလာသိမ်းသော အမှိုက်လှည်းကို မမီ။ ထိုအခါ မိမိအိမ်မှအမှိုက်ကို သူများလည်း မပေးချင်၍ အိမ်အနီးမှ လွတ်နေသော ကွက်လပ်တွင် အများသူငါနည်းတူ ပစ်လေသည်။ အနို့ သည်နေရာမပစ် ဘယ်နေရာသွားပစ်ပါမည်နည်း။ ဒါ တစ်နေ့ထဲမဟုတ်။ နေ့တိုင်းဖြစ်သည်။

သူတို့စနစ်က အမျိုးမျိုးပြောင်းနေတာဖြစ်၏။ ယခင်ကတော့ ကျွန်တော်တို့အိမ်ရှေ့မှ လမ်းကြားလေးထိပ်တွင် ပုံခွင့်ပေးကာ အမှိုက်ကားက လာရှင်းတာ ဖြစ်သည်။ ထိုစနစ်တုံးကမှ အဟုတ်သား။ အမှိုက်ပုံတွင် ပစ်လို့ရသေးသည်။ ယခု ထိုနေရာတွင် အမှိုက်ပုံခွင့်မပြုတော့ဘဲ အမှိုက်လှည်းများဖြင့် လာသိမ်းခြင်းဖြစ်သည်။

ကျွန်တော်တို့ ပြည်ရိပ်မွန်၊ (၈) ရပ်ကွက်အတွင်း မည်သည့်နေရာတွင်မှ တရားဝင် အမှိုက်ပစ်စရာနေရာ လုပ်ပေးမထား။ သည်တော့ လွတ်သည့်နေရာတွင် ပစ်ကြရသည်။ ကျွန်တော်တို့တိုက်ဘေး ကပ်လျက်တွင် မည်သည့် အဆောက်အဦးမှ မဆောက်ရသေးသော မြေကွက်လပ်ကြီးတစ်ခု ရှိ၏။ ထိုနေရာသည်ကား ဤအနီးနေသူတို့ အမှိုက်ပစ်ရာနေရာ ဖြစ်နေတော့ သည်။ ကျွန်တော်သည်ပင်လျှင် ငှက်ပျောသီးစားပြီးပါက ထိုနေရာသို့သာ ပစ်လိုက်ရသည်။

စာရှုသူများခင်ဗျား -

ကျွန်တော်ကား မည်သည့်အခါမှ စည်းမဲ့ကမ်းမဲ့နေတတ်သူမဟုတ်။ စည်းကမ်းမဲ့ခြင်းကို မစင်ကဲ့သို့ ရွံမုန်းတတ်သလို အခြား သူများ စည်းကမ်းမရှိလျှင်လည်း အင်မတန် ကဲ့ရဲ့တတ်၏။ မိတ်ဆွေများဖြစ်လျှင်မူ အားမနာတမ်း တည့်တည့်ပြောတတ်လေ သည်။ သို့သော် အမှိုက်ပစ်စရာနေရာမရှိသည့် (၈) ရပ်ကွက်၊ ပြည်ရိပ်မွန်အိမ်ယာမှ အခြေအနေများက ကျွန်တော့်အား စည်းကမ်းမဲ့သူဖြစ်အောင် အတင်းတွန်းပေးနေလေ၏။ ရန်ကုန်ပြန်သည့်အခါတိုင်း ကျွန်တော့်မှာ အတော် စိတ်မသက်မသာ ခံစားရလေသည်။

မြန်မာပြည်သားလူအများတို့ကို စည်းကမ်းမဲ့လှချည့်ဟု ကဲ့ရဲ့သာနေသည်။ စည်းနှင့်ကမ်းနှင့်နေချင်လာအောင် မည်သည့်အရာမှ ပံ့ပိုးပေးမထား။ နင်တို့လိုစည်းမဲ့ကမ်းမဲ့တွေနဲ့ ဘယ့်နှာလုပ် ဒီမိုကရေစီနိုင်ငံထူထောင်မလဲ ဟု ကိုယ်အသုံးမကျတာကို နိုင်ငံသားများအား လွှဲချနေသူများသို့ နောက်တစ်ခါ ကျွန်တော်ပြန်လာလျှင် အမှိုက်ပစ်စရာနေရာတွေ မြင်ချင်ပါသည်ဟုသာ ပြောလိုပါသည်။

(၅)

နောက်တစ်ခုက ကားများကို စည်းမဲ့ကမ်းမဲ့ ရပ်ရခြင်းဖြစ်၏။

ကျွန်တော်တို့ ကမာရွတ်မြို့နယ်၊ (၈) ရပ်ကွက်တွင် ၈ ထပ်တိုက် ၉ လုံးရှိသည်။ တစ်ထပ်လျှင် ၆ ခန်း (အချို့တိုက်များမှာ ၄ ခန်း) နှုန်းဖြင့် တိုက်တစ်လုံးတွင် ၄၈ ခန်းရှိ၏။ ဆိုတော့ ထိုရပ်ကွက်တွင် အခြားလုံးချင်းအိမ်များမပါ တိုက်ခန်းအိမ်ယာချည်း ၃၈၄ ခန်း၊ အိမ်ထောင်စု ၃၈၄ စုခန့် နေထိုင်ကြသည်။ နောက်ဆောက်သော ၈ ထပ်တိုက် မှ ၁၆ ခန်းနှင့်ပေါင်းလိုက်ပါက ဤရပ်ကွက်တွင် အိမ်ထောင်စု ၄၀၀ ရှိ၏။ အစိုးရအရာရှိမင်းများက ကျွန်ုပ်တို့ ဤရပ်ကွက်နေသူများအား ငမွဲများအောက်မေ့ကာ ကားရပ်ဘို့နေရာ စီစဉ်ပေးမထားဘဲ အိမ်ချည်း အပြည့်ဆောက်ထား၏။ သို့သော် ကျွန်ုပ်မှလွဲ၍ ကျန် အိမ်ထောင်စုတော်တော်များများမှာ ကားဝယ်စီးနိုင်ကြသည် ဖြစ်ရကား ၎င်းတို့ပိုင်ကားများကို ရပ်စရာနေရာမရှိ၍ မိမိတို့တိုက်ရှေ့တွင်ပင် ရပ်ထားကြရ၏။ တိုက်တစ်လုံး တစ်အိမ်ထောင်ဆို ဘာမှ အကြောင်းမဟုတ်။ ခုတော့ တိုက်တစ်လုံးလျှင် ဆယ်ဂဏန်းမျှသော အိမ်ထောင်စုများမှာ ကားပိုင်သည်ဖြစ်ရကား ကားများမှာ အိမ်ရှေ့လမ်းများပေါ်တွင် ကြပ်သိပ်ရပ်ထားရလေသည်။ လမ်းဟိုဘက်သည်ဘက်ကို ခွကာ ကားများကို ရပ်လိုက်သည့်အခါ လမ်းမှာ ကားတစ်စီးသွားသာရုံမျှ ရှိတော့၏။ ထိုကျဉ်းမြောင်းလှသော လမ်းကလေးပေါ်တွင်ပင် ကား၊ ဆိုက်ကား၊ လူ၊ တွန်းလှည်းစသည်တို့ သွားကြရလေရာ အလွန်အန္တရာယ်များလှပါသည်။

ယုတ်စွအဆုံး ခေတ္တကားရပ်စရာပင် နေရာမရှိ။ ကားများမှာ လမ်းနှစ်ဘက်စလုံးတွင် ရပ်ထားကြရသည်ဖြစ်၍ လမ်းအလယ်၌ ကားတစ်စီးသွားသာရုံမျှသာ ကျန်တော့ရာ ထိုနေရာတွင် ခေတ္တခဏ ကားရပ်လိုက်သည်ဆိုလျင်ပင် လမ်းပိတ်သွားတော့သည်။ ကျွန်တော် ဧပြီလက သားရှင်ပြုအတွက် ရွာသွားရန် ဘတ်စ်ကားကြီး တစ်စီးငှားသည်။ ပစ္စည်းပစ္စယများတင်ရန် ကားကြီးကို အိမ်ရှေ့တွင်ပင် ရပ်ထားရသည်။ ပစ္စည်းများတင်နေစဉ် လမ်းပိတ်နေ၏။ အပြင်မှ ပြန်လာသောကားတစ်စီးက ရပ်စရာနေရာ မရှိ၍ ကျွန်ုပ်တို့ ဘတ်စ်ကားကြီးရှေ့တွင် ပိတ်ရပ်သွားသည်။ နောက်ဘက်တွင်လည်း တစ်စီးရပ်ထားပြန်၏။ ဘတ်စ်ကားကြီး ထွက်မယ် လုပ်တော့ ရှေ့ရောနောက်ပါ ပိတ်နေသဖြင့် ထွက်လို့မရ။ ကားထွက်နိုင်ဘို့အရေး ကျွန်ုပ်တို့မှာ ဤနေရာတွင် နာရီဝက်ကြာသည်။

ဤဖြစ်ရပ်မျိုးမှာ ကျွန်ုပ်တို့ (၈) ရပ်ကွက်တစ်ခုတည်းမဟုတ်။ ရန်ကုန်တစ်မြို့လုံး ဤအတိုင်းချည်းဖြစ်လေရာ တစ်နေ့တစ်နေ့ ဤကဲ့သို့သော ပြဿနာပေါင်းမည်မျှရှိလေမည်ကို တွေးကြည့်ရုံနှင့် ရင်မောလှပါသည်။

ဟိုးယခင် ကားများသိပ်မရှိသေးခင် ကာလများကဆောက်ခဲ့သော အဆောက်အဦးများကိုထားပါ။ ကားဦးရေမများသေးသဖြင့် ကားရပ်နားရာနေရာကို ထည့်မစဉ်းစားဟု အကြောင်းပြပါက ခွင့်လွှတ်နိုင်စရာရှိသေးသည်။ သို့သော် ယခုခေတ် ဤမျှ များပြားလှ သောကားများကို တွေ့မြင်နေရပါလျှက် ယခုခေတ်ဆောက်သည့် အဆောက်အဦများတွင် ကားရပ်နားရာနေရာကို ထည့်သွင်း မစဉ်းစားခြင်းကား အလွန်နုံချာညံ့ဖျင်းလှသော စီမံခန့်ခွဲမှု၊ အမြော်အမြင်နည်းမှု၊ အသိဉာဏ်ပညာချို့တဲ့မှုပင် ဖြစ်တော့၏။

၎င်းတို့၏ အမြော်အမြင်နည်းပါးမှုနှင့် စီမံခန့်ခွဲမှု ညံ့ဖျင်းခြင်းကား ဤ ကားရပ်သည့်နေရာတစ်ခုတည်းသာ မဟုတ်။ သြချယူရ လောက်အောက်ပင် ဘက်စုံထောင့်စုံ ညံ့ဖျင်းလှပါပေသည်။

ကားပိုင်ရှင်များအတွက်သာမက ကားမပိုင်သည့်သူများအတွက်ရော ဘာစဉ်းစားပါသနည်း။

ဘတ်စ်ကားရောက်သည့်နေရာများတွင်မူ လမ်းတစ်လမ်းထဲ၌ ဘတ်စ်ကား လိုင်းပေါင်းများစွာ ပြေးဆွဲပေးသော်လည်း ဘတ်စ်ကား မရောက်သည့်နေရာ၌မူ တစ်စီးမှ မရှိပါ။ ဘတ်စ်ကားလိုင်းများကို စီမံခန့်ခွဲပေးသည့် (ယခင်ကအခေါ် မ.ထ.သ၊ ယခုတော့ မည်သို့ခေါ်သည်မသိပါ) အလွန်အမြော်အမြင်နည်းပါးလှသော

ရန်ကုန်၌ ဘတ်စ်ကားလိုင်းများပြေးဆွဲပုံ ရောက်သင့်သည့်လမ်းများ မရောက်ပုံ စီမံခန့်ခွဲမှု ညံ့ဖျင်းပုံ
ဘတ်စ်ကားမှတ်တိုင်များ ထားပုံ။ လိုင်းပေါက်မှတ်တိုင်ကို ဖျက်လိုက်ပုံ

 လမ်းလျှောက်ရန် ပလက်ဖောင်းကောင်းကောင်းမရှိပုံ

 မိလ္လာစွန့်စနစ်
အိမ်သာအလွယ်တကူသွားရန် မြို့တွင်းမြို့ပြင် မည်သည့်နေရာမှ မရှိပုံ။ ဘူတာရုံမှ အိမ်သာများ အလွန်ညစ်ပတ်ပုံ
ရေဆိုးထုတ်စနစ်
ရေမြောင်းစနစ်၊ ၅ ပေအကျယ်၊ ၅ ပေအနက်ရေမြောင်းတူးခိုင်းသူအား ဆယ်သိန်းလောက်ပေးချင်၊ ဆုချတာမဟုတ်ဘဲ မဟုတ်က ဟုတ်က အမိန့်များလျှောက်ထုတ်ပြီး ရန်ကုန်မြို့ကြီးကို ဖျက်ဆီးနေမည့်အစား တောသွား၍ ယာထွန်စားရန် အရင်းအနှီးပေးလိုခြင်း ဖြစ်

ကလေးကစားကွင်းမရှိ၊ အပန်းဖြေရန် အောက်ဆင်းထိုင်ရန် ထိုင်ခုံမရှိ၊ အဖေကြီး ကွမ်းယာဆိုင်၌ ထိုင်ရပုံ
လှည်းတန်းခုံးကျော်တံတားအောက်၌ ကလေးများ စကိတ်စီး ကစားရပုံ

ယခင်က ဆိုရှယ်လစ်စနစ်ကို မြန်မာ့မူမြန်မာ့ဟန်ပြောင်းကာ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ဟု လုပ်ခဲ့သည်။ ယခုလည်း ဘာတဲ့ “စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ” ဆိုပါလား။ သူတို့ပြောပုံဖြင့် အခြားတိုင်းပြည်များမှ ဒီမိုကရေစီများမှာ စည်းကမ်းမဲ့လှသော ဒီမိုကရေစီများ ဖြစ်နေသယောင်ယောင်။ ဤသည်ကိုကြည့်ခြင်းအားဖြင့် အနှီပုဂ္ဂိုလ်ကြီးများမှာ သူများစီလို့သာ ယောင်တောင် ပေါင်တောင် လိုက် စီ ရသည်။ ဒီမိုကရေစီဆိုသည်ကို ရေရေရာရာမသိဘဲ ရမ်းတုတ်နေမှန်း သိသာလှ၏။


ပုသိမ်မုံရွာလမ်းမကြီးမှ မိုင်တိုင်များကို ဓားဖြင့်ခွဲသွားခြင်း
သောက်ရေအိုးမှ ရေခွက်များကို သံကြိုးဖြင့် ချည်ထားရခြင်း


ဆက်ပါဦးမည်။

အေးငြိမ်း
၁၄ ဇွန်၊ ၂၀၁၅။ ည ၁၀း၃၈ နာရီ

No comments: