Wednesday, March 9, 2016

ဘာပြောင်းဘို့လိုသလဲ နှင့် ပထွေးက အဖေထက်ပိုကောင်းခြင်း

(၁)

ကျွန်တော် စိတ်မကောင်းခြင်းကြီးစွာဖြင့် ဤစာကိုရေးပါသည်။

ကျွန်ုပ်တို့က အပြောင်းအလဲကိုအလိုရှိသည်။ ပြောင်းလဲဘို့ NLD ကို မဲပေးပါ ဟု တစ်နိုင်ငံလုံးပွက်လောရိုက်အောင် အော်ကြသောအခါ နားမခံနိုင်သည့် သမ္မတကြီးက ပြောင်းလဲရအောင်ဆိုတော့ ကျွန်တော်တို့ ပြောင်းပြီးမှဟာ ဘာပြောင်းဘို့ လိုသေးလဲ၊ ဒါ့ထက်ထပ်ပြောင်းရရင် ကွန်မြူနစ်ပဲရှိတော့တာပဲ ဟု လူကြီးတန်မဲ့ အဓိပ္ပာယ်ယတ္ထာယ မဲ့သောစကားကို ဆိုသည့်အခါ ကျွန်ုပ်မှာ အံ့သြလွန်းလို့ သေလုမတတ်ရှိချေသည်။
(သူ့အဖေက “ဘာပြောင်းဘို့လိုသလဲ” ဆိုတော့ “ပြောင်းလဲနေတာကို မသိဟန်ဆောင်ပြီး ကျောက်ချရပ်နေခဲ့လို့ပါ” ဟု ပုလင်းတူ ဘူးဆို့ လုပ်သူကလုပ်သေးသည်။)

၎င်းတို့ပြောခဲ့သော ပြောင်းသည်ဆိုခြင်းကား စစ်ယူနီဖောင်းမှ အရပ်သား ယူနီဖောင်းသို့ပြောင်းခြင်းမျှဖြစ်၍ ကျန်တာ ဘာတစ်ခုမှ ပြောင်းတာမရှိ။ ပိုလို့ပင် ဆိုးလာသေးသည်။ အဘယ်ကြောင့် ပိုဆိုးသည်ဟု ကျွန်ုပ်ပြောသနည်း။ ထောင်ကိုအိမ်လုပ်နေသူများအား ရွေးကောက်ပွဲနီးမှ လွှတ်ပေးသည်။ ထိုအခါ ဆိုးသွမ်းလှသဖြင့် သွားဖမ်းသူကို ရဲကိုတောင် သတ်လွှတ်လိုက်သေးသည်။ လူကြီးလူကောင်း သားသမီးများက ဣနြေ္ဒသိက္ခာရှိစွာ မဲဆွယ်နေသည်ကို ပေါ်ပေါ်တင်တင် ဓားနှင့် ၀င်ပိုင်းသည်။ ဤသည်ကိုတောင် မျက်စိမှိတ်ပြီး ပြောင်းနေပြီဟု အတင်းရော အဓမ္မပါ ဇွတ်ငြင်းနေလေရာ ၎င်းတို့ အတွက် ကျွန်ုပ်မှာ ပြောစရာစကားပင် မရှိတော့ပါ။ (ရန်ငြိုးရန်စမရှိဘဲ ဓားနှင့်အတင်းဝင်ခုတ်တာကိုတောင် ကိုယ်မကြိုက်လို့ ဓားနဲ့ခုတ်တာ သူတို့မှာ ဘာအပြစ်မှမရှိဘူးဟု ဟို သင်္ကန်းပတ်ထားပြီး လင်မယားကိစ္စ၀င်ရှုပ်နေသော သူက ပြောလိုက်သေး၏။)

ဘာပြောင်းဘို့လိုသလဲဆိုတာ ထို လက်တဆုပ်စာ အာဏာရူးများကလွဲ၍ ကျန်မြန်မာပြည်သားအားလုံးသိသည်။ ဒါ ကျွန်ုပ်ပြောစရာမလိုပါ။

(၂)

ကျမက မျက်ရည်လွယ်တတ်တဲ့သူမဟုတ်သလို အလွယ်တကူလည်း ငိုတတ်တဲ့ မိန်းမ မဟုတ်ဘူး။ ဒါပေမဲ့ သူတို့ကို မုန်းလွန်းလို့၊ တမင်ကို အော်ကြီးဟစ်ကျယ်နဲ့ ငိုပစ်လိုက်တယ် ဟု သူကပြောသည့်အခါ ကျွန်တော့်မှာ အလွန် စိတ်မကောင်း ဖြစ်ရသည်။ ကိုယ်က ဘာကောင်မှမဟုတ်၍ ဘာမှ ကူညီမပေးနိုင်သည့်အတွက်လည်း ၀မ်းနည်းမိ၏။

ကျွန်တော်က အချိန်ပြည့် safety officer အလုပ်လုပ်နေသဖြင့် BCSS သင်တန်းကို တနင်္ဂနွေပိတ်ရက်များမှသာ သင်ရသည်။ BCSS က လေးရက်သင်တန်းဆိုတော့ တနင်္ဂနွေ လေးရက်သင်သည်။ တစ်လမှာ တနင်္ဂနွေက လေးရက်သာရှိသဖြင့် ကွန်တော့်မှာ ရက်အားမရှိ။ စနေနေ့တွင် CSOC ကလည်း သင်ရသေး၏။ သည်တော့ သားဖြစ်သူကို ဘယ်မှလိုက်မပို့နိုင်။ တခါလာလည်း ဂျူးရောင်းပွိုင့်၊ တခါလာလည်း ဂျူရောင်းပွိုင့်ဟု သူက ကွန်ပလိန်းတက်၏။ ယခု နိုဝင်ဘာတွင် တနင်္ဂနွေ ငါးရက်ပါသည်ဖြစ်ရာ တစ်ရက်နားရသည်။ ထို့ကြောင့် ရှားရှားပါးပါး ထိုနားရက်တွင် သားတို့ကို ယူနီဗာဆယ် စတူဒီယို လိုက်ပို့၏။

ပထမဆုံး ရိုလာကိုစတာစီးပြီး နောက်တစ်နေရာဆက်စဉ် လမ်း၌ ဖုံးဝင်လာ၏။

သူက နေ့စေ့လစေ့ကိုယ်ဝန်ရှိနေပြီး လက်ရှိအိမ်အကူက နိုဝင်ဘာ ၅ ရက်နေ့တွင် သက်တမ်းကုန်မှာဆိုတော့ နောက် အိမ်အကူတစ်ဦးထပ်လျှောက်သည်။ စင်ကာပူတွင် အိမ်အကူလျှောက်ရတာ မလွယ်လှပါ။ ပထမဆုံးအိမ်အကူ ဖြစ်လျှင် အိမ်ရှင်ဖြစ်သူသည် သင်တန်းသွားတက်ရသည်။ အိမ်အကူအတွက် လုံခြုံရေးအာမခံ၊ ဆေးအာမခံများဝယ်ရသည်။ အိမ်အကူ ရောက်လာလျှင် ဆေးစစ်ရမည်၊ အိမ်အကူများသိသင့်သိထိုက်သည်များကို သင်ပေးသည့် အခြေခံသင်တန်းတက်ဘို့ စီစဉ်ရ သည်။ အားလုံးပြီးလို့ IPA letter ရပြီဆိုတော့ လေယာဉ်လက်မှတ်ဝယ်။ စင်ကာပူခေါ်ရ၏။

စင်ကာပူအိမ်ရှင်များကတော့ အေးဂျင့်မှ ခေါ်၏။ သို့သော် ယခုဖုံးဆက်သည့်အမျိုးသမီးကမူ သူ့ဘာသာ လျှောက်တာ ဖြစ်သည်။ ဆိုတော့ IPA letter ရသည်နှင့် လေယာဉ်လက်မှတ်ဝယ်ပို့လိုက်ကာ မြန်မာပြည်မှ မိန်းကလေးကို လှမ်းခေါ် လိုက်သည်။ သည်တွင် ကိစ္စများတော့၏။

အနှီမိန်းကလေး လေဆိပ်ရောက်တော့ အိမ်ဖော်များကို နိုင်ငံခြားလွှတ်ခြင်းအား မြန်မာအစိုးရမှ ပိတ်ပင်ထားသောကြောင့် သွားခွင့်မပြုနိုင်ပါ ဟု ဆိုကာ ထိုမိန်းကလေးအား လေယာဉ်ပေါ်တက်ခွင့်မပြုသဖြင့် ဒုက္ခနှင့်လှလှနှင့် တိုးလေတော့၏။

သူတို့လည်း ဘာလုပ်ရမှန်းမသိသောကြောင့် ကောက်ရိုးတမျှင်အနေနှင့် ကျွန်ုပ်ထံဖုံးလှမ်းဆက်၏။ ကျွန်တော်လည်း ရနိုင်တတ်သမျှသော အဆက်အသွယ်ဖုံးနံပါတ်ကို ရှာဖွေပေးလိုက်၏။ ဒီကနေ့တော့ လေယာဉ်ထွက်ချိန်မမီတော့သောကြောင့် နက်ဖြန်မှ လုပ်ပေးမည်ဟု သိရလေသည်။ လုံးဝလုပ်လို့မရတာထက်စာရင်တော့ လေယာဉ်လက်မှတ်ပြန်ဝယ်ရတာ အပုံကြီး တော်သေးသည်ဟုတွေးကာ ကျွန်ုပ်လည်း ဟင်း ချနိုင်လေတော့၏။ ထို့နောက်တော့ အနီတွေရောအပြာတွေရော ရှိသမျှ ရိုလာကိုစတာ အကုန်စီးကာ သားအဖနှစ်ယောက် ခေါင်းများ ချာလပတ်ရမ်းလျက် ယိုင်တိယိုင်ထိုးနှင့် ပြန်ခဲ့လေသတည်း။

သို့သော် ဇာတ်လမ်းက သည်တွင်မရပ်။

(၃)

သည်ကနေ့မနက် ဟို မမကလေးဆီ အကျိုးအကြောင်းသိရအောင် လှမ်းဖုံးဆက်တော့ သူက မောကြီးပန်းကြီးနှင့် ဇာတ်စုံ ခင်းပြသည်။ ကိုယ်ဝန်က နေ့စေ့လစေ့ဆိုတော့ စကားပြောရတာ ပင်ပမ်းလှ၏။ သို့တိုင် သူကလည်း ပြောချင်၊ ကျွန်တော် ကလည်းသိချင် ဆိုတော့ သူက စုန်ရေဆန်ရေ အကုန်ပြောပြသည်။

ကျွန်တော်ပေးလိုက်သည့်အဆက်အသွယ်နှင့် အဆင်မပြေဟု ဆိုသည်။ နောက်တော့ သည်ကိစ္စများကို လိုင်းဝင် လုပ်ပေးနေ သည့် အေးဂျင့်နှင့် ဆက်မိသည်ဆို၏။ အေးဂျင့်ကို နှစ်သိန်းပေးရမည်။ လေယာဉ်လက်မှတ် ပြန်ဝယ်ကာ ၇ ရက်နေ့ လာရမည် ဆို၏။ (စကားစပ်၍ ပြောရလျှင် မြန်မာပြည်ရှိ ကျွန်တော်အမုန်းဆုံးအရာများထဲ၌ တစ်ခုမှာ ထို “လိုင်းဝင်” ခြင်း ဖြစ်၏။ ကျွန်ုပ်တို့၏ ချစ်လှစွာသော သမ္မတကြီးက ဘာပြောင်းဘို့လိုသေးလဲ မေးသည်ကို အဲဒီလိုင်းဝင်တာကြီး ပျောက်သွားအောင် လုပ်ဖို့ဟာ တစ်ခုအပါအ၀င်ပေါ့ဗျ ဟု ပြောလိုက်ချင်သည်မှာ ပါးစပ်ကို ယားနေပါသည်။)

သို့နှင့် မမကလေးက သံရုံးသို့သွား၏။ သံရုံးကစာနှင့်ဆိုလျှင် အေးဂျင့်ကိုပေးရတာ ပိုများသက်သာလေမလားပေါ့။ သူက ဖြစ်ကြောင်းကုန်စင်ပြောပြတော့ သံရုံးမှ တစ်ယောက်က ရှင်းပြသည်။  

ဟုတ်သလေဗျာ။ ကျုပ်တို့စာထုတ်ထားပေသားကပဲ၊ ဟောဒီမှာ ရော့။ မြန်မာအိမ်အကူများ စင်ကာပူသို့လာခြင်းကို ပိတ်ပင်ထားပါသည် ဆိုတဲ့စာ။

ဟုတ်ကဲ့။ အဲဒါဆို ဒီစာကို အင်္ဂလိပ်လိုရေးထားတဲ့စာလေး ပေးပါ။ ဒီစာကိုပြပြီး MOM ကို သွားပြောရအောင်။ မြန်မာအစိုးရက ပိတ်ထားပါလျက်ကနဲ့ စင်ကာပူက ဘာဖြစ်လို့ IPA letter ထုတ်ပေးရသလဲ ဆိုတဲ့အကြောင်း သွားပြောမယ်။

အဲဗျာ။ ဒါက တရားဝင်ထုတ်ထားတာမဟုတ်ဘူးလေ။ ဘယ် အင်္ဂလိပ်လိုပေးလို့ဖြစ်မတုံး မယ်မင်းကြီးမရဲ့။

တရားဝင်ထုတ်ထားတာမဟုတ်ဘူးဆို၊ ဒါက တရားမ၀င်တဲ့စာလား။ တရားမ၀င်တဲ့စာကို ဘာဖြစ်လို့ ထုတ်သလဲ။

အဲ . . အဲ . .  ဒါ . .  ဒါ . . က . . က . . . ဟို မြန်မာတွေသိရအောင် ထုတ်သလေဗျာ။
ကျမတို့သိရုံနဲ့ ဘာမှ အကျိုးမရှိဘူး။ ဒါကို ဘာဖြစ်လို့ စင်ကာပူအစိုးရကို တရားဝင်အကြောင်းမကြားသလဲ၊ အဲဒီလို အကြောင်းကြားထားရင် ဒီလို ကိစ္စမျိုးတွေ ဖြစ်လာစရာ မရှိဘူး။ ကျမကို ရှင်တို့ သံမှူးနဲ့တွေ့ခွင့်ပေးပါ။

သူက တာဝန်ရှိသူတွေနဲ့ တွေ့ခွင့်မပေးနိုင်ဘူးတဲ့။ ကျမလဲ တော်တော်ဒေါသထွက်တာနဲ့ အော်ဟစ်ငိုပလိုက်တယ်။ သူတို့ကျမကို ဘာတစ်ခုမှ လုပ်မပေးနိုင်ဘူး။ ကျမလဲ သူတို့ရှေ့မှာတင် MOM ကိုလှမ်းဖုံးဆက်တယ်။ ကောင်တာက ဒီကိစ္စသူရှင်းမပေးနိုင်တာ တောင်းပန်ပါတယ်။ သူ့အထက်အရာရှိနဲ့ တွေ့ရအောင် MOM ကိုလာခဲ့ပါလို့ ခေါ်တယ်။

ဒါနဲ့ ကျမ MOM ကို သွားတယ်။ ပြောရမှာ ရှက်လဲရှက်ပါရဲ့ရှင်။ ကိုယ့်နိုင်ငံသံရုံးက ရိုင်းရိုင်းစိုင်းစိုင်းဆက်ဆံလိုက်သမျှ MOM က ကျမကို တကယ့်ကို ဖေးဖေးမမနဲ့ တထိုင်ထဲမှာ အကုန် အဆင်ပြေအောင် လုပ်ပေးလိုက်တယ်။

ကျမ ကိုယ်ဝန်ကြီးနဲ့ဆိုတော့ သူတို့က အေးအေးဆေးဆေး ထိုင်ပြောပါလို့ ပြောတယ်။ နောက်ပြီးတော့ မြန်မာအစိုးရက ပိတ်ထားတဲ့ကိစ္စတော့ သူတို့ ဘာမှ မတတ်နိုင်ဘူး။ ဒါပေမဲ့ သူတို့လုပ်လို့ရသမျှ အကုန်လုပ်ပေးပါမယ် တဲ့။

ပထမဆုံး ခုခေါ်မဲ့ကလေးမရဲ့ IPA letter က တစ်လသက်တမ်းပဲ ရှိတာကို သက်တမ်းတိုးပေးတယ်။ တကယ်လို့ တစ်လအတွင်း မလာနိုင်ခဲ့ရင် အဆင်ပြေအောင်။ နောက်ပြီး သူဝင်လာလို့ရှိရင် ဘာအစစ်အဆေး အမေးအမြန်းမှ မရှိစေရဘူး။ ချောချောမောမော ၀င်လာနိုင်အောင် သူတို့ ICA ကို သတင်းပို့ထားလိုက်မယ် လို့ ပြောတယ်။ နောက်ပြီး ကလေးမသင်တန်းတက်ဘို့ စီစဉ်ထားတာကိုလည်း ရက်ရွှေ့ပေးလိုက်တယ်။

အကယ်၍များ မြန်မာအစိုးရက ခွင့်မပြုလို့ ဘယ်လိုမှလာလို့မရခဲ့ရင်တောင် တင်ထားတဲ့ security bond, medical insurance, သင်တန်းကြေး အားလုံးကို သူတို့ settle လုပ်ပေးမယ် လို့ပြောတယ်။ နောက်ပြီး ခုကလေးမက အချိန်မီ ရောက်မလာခဲ့လို့ လက်ရှိ အိမ်အကူကလည်း သက်တမ်းကုန်ပြီး ပြန်ရမယ်ဆိုရင် ကြားထဲမှာ ဘယ်သူမှမရှိပဲ ဒုက္ခရောက်မှာ စိုးလို့ လက်ရှိ ၅ ရက်နေ့မှာ သက်တမ်းကုန်တော့မဲ့ အိမ်အကူရဲ့ ၀ပ်ပါမစ်ကိုလည်း ချက်ချင်း သက်တမ်းတိုးပေးလိုက်တယ်။
ကျမ ပထမကလေးက ငယ်သေးတော့ နင် အိမ်အကူ နှစ်ယောက်ခေါ်ချင်လည်း ခေါ်လေ။ တကယ်လို့ ခေါ်ချင်သပဆိုရင် လက်ရှိ အိမ်အကူကို သက်တမ်းတစ်နှစ် ထပ်တိုးပေးမယ်တဲ့။

ဆိုတော့ ကျွန်မလည်း ၀မ်းနည်းတာနဲ့ မျက်ရည်ကျမိတယ်။

အို အို၊ ဘာမှ ၀မ်းမနည်းပါနဲ့။ ငါတို့ အားလုံးအဆင်ပြေအောင်လုပ်ပေးပါမယ် ဆိုပြီး အဲဒီအရာရှိက ကျမကို ရေတိုက်လိုက်ပါ သေးတယ်။

(၄)

ဝမ်းနည်းသည်မှာ သူမဟုတ်။ ကျွန်ုပ်ဖြစ်၏။
ကျွန်ုပ်တို့မှာ အဖေအရင်းက နှိပ်စက်သည့်ဒဏ် မခံနိုင်သောကြောင့် ပထွေးဆီခိုလှုံနေရရာ ပထွေးက အဖေအရင်းထက် ပိုကောင်းနေသောကြောင့် ၀မ်းနည်းမိခြင်း ဖြစ်လေသည်။

မိတ်ဆွေများခင်ဗျား -

ကျွန်ုပ်တို့ တိုင်းသူပြည်သားများ၏ အနှီဒုက္ခသုက္ခများမှ လွတ်ကင်းစေရန် ကျွန်ုပ်တို့ကိုယ်တိုင် လုပ်ကြရမည်။
ထိုသို့လုပ်နိုင်မည့် အခွင့်အရေးကား လက်တကမ်းမျှသာ လိုတော့သည်။
ကျွန်ုပ်တို့၏ အိပ်မက်များအတိုင်း ဖြစ်လာလိမ့်မည်ဟု (အကြီးအကျယ်) မျှော်လင့်မိပါသည်။

ကျွန်ုပ်တို့ တိုင်းသူပြည်သားများစိတ်ချမ်းသာ ကိုယ်ချမ်းသာနှင့် လူတစ်ယောက်ကဲ့သို့ တူတူတန်တန် နေရမည့်တစ်နေ့ကို မလွဲမသွေ ရောက်ကြရလိမ့်မည်။
ရောက်ကြပါစေကုန်သတည်း။

ကျေးဇူးတင်ပါသည်။

အေးငြိမ်း
၃ နိုဝင်ဘာ၊ ၂၀၁၅


မှတ်ချက်။      ။ Security bond မှာ စင်းဒေါ်လာ ၅၀၀၀ ဖြစ်ပြီး medical insurance မှာ စင်းဒေါ်လာ ၁၅၀၀၀ ဖြစ်ပါသည်။ 

No comments: