Sunday, August 18, 2013

ဘ၀နေနည်း အနုပညာ (၁)

အချီး

စနေ၊ တနင်္ဂနွေ ညနေပိုင်း ထမင်းစားပြီး ၇ နာရီလောက်မှ ၉ နာရီလောက်ထိ တူမများကို မြန်မာပြက္ခဒိန်အကြောင်း၊ နက္ခတ္တဗေဒအကြောင်း၊ ယခု ဘ၀နေနည်း အနုပညာအကြောင်း ကျွန်တော် ပြောပြပါသည်။ ထိုအကြောင်းများကို 
ယခု ဘ၀နေနည်း အနုပညာဟု လူအထင်ကြီးအောင် ကြီးကြီးကျယ်ကျယ် ခေါင်းစဉ်တပ်လျှက် မိတ်ဆွေတို့၏ သားသမီး မြေးမြစ်များ၊ တူ၊ တူမများအား ပြန်လည်ဖောက်သည်ချနိုင်စေရန် ရေးပါမည်။ အသေးစိတ်ရေးမှာ ဖြစ်သည့်အတွက် တော်တော် ရှည်ချင်ရှည်ပါလိမ့်မည်။ (ခေါင်းစဉ်တူသော်လည်း ဆရာမြသန်းတင့် ဘာသာပြန်ထားသော ဘ၀နေနည်းအနုပညာ နှင့်မတူပါ။ သီးခြားဖြစ်၏။ ကျွန်တော်က ဗုဒ္ဓဘာသာက ညွှန်ပြသော ဘ၀နေနည်း အကြောင်းပြောပြမှာ ဖြစ်ပါသည်။)
ကျွန်တော်တွေးပုံပြောပုံဆိုပုံများသည် အခြားသူများတွေးပုံ၊ ပြောပုံ၊ ဆိုပုံများနှင့်မတူကြောင်း ကျွန်တော်ရေးထားသည့် စာများကို ဖတ်မိသူများ သတိပြုမိပါလိမ့်မည်။ ယခုကျွန်တော်ပြောပြမည်များမှာလည်း အခြားသူများ လက်ခံကျင့်ကြံ၊ လုပ်ကိုင် နေကြသည်များနှင့် အတော်ကွဲလွဲပါလိမ့်မည်။ ကျွန်တော်နှင့် သဘောထားမတိုက်ဆိုင်သူများ မဖတ်ပါနှင့်။ ကြိုက်သူများသာ ယူပါဟု ကြိုတင် အသိပေးလိုပါသည်။ သူများတကာတွေ နိစ္စဒူဝ လုပ်ကိုင်နေသည်များကို ပိဿာလေးနှင့် ဘေးပစ်သလို ပြောမှာ ဖြစ်ပါသည်။
သို့သော် ကျွန်တော်ယူဆသည်များမှာ ကျွန်တော့်ကိုယ်ပိုင် အယူအဆမဟုတ်။ မြတ်စွာဘုရားဟောခဲ့သည်ကို လိုက်နာ လုပ်ဆောင်ခြင်းမျှသာဖြစ်ကြောင်းလည်း ပြောလိုပါသည်။ မြတ်စွာဘုရား၏ ၀ါဒမှာ ၀ိဘစ္ဆ၀ါဒ (ခွဲခြမ်းစိတ်ဖြာ သုံးသပ်သည့်ဝါဒ) ဖြစ်၏။ အဘယ်ကိုရည်၍ ပြောသနည်း။ ကာလာမသုတ်ကို ရည်ညွှန်း၍ ပြောပါသည်။ ကာလာမသုတ်အကြောင်း မသိသေးသူများ ရှာဖတ်ကြပါ။
            ယခုကျွန်တော်ပြောသည်များမှာလည်း မြတ်စွာဘုရား၏ တရားတော်များကို ကလေးတွေနားလည်အောင် အရပ်စကားနှင့် ပြန်ပြောပြခြင်းမျှသာ ဖြစ်ပါသည်။
            အဘယ်ကြောင့် ကလေးများ၊ လူငယ်များကိုရည်ညွှန်းရပါနည်းဟူမူ အရိုးရင့်သွားသည့် လူကြီးများမှာ ပြုပြင်ပြောင်းလဲရန် မလွယ်တော့သောကြောင့် ပြောလဲအလကားပဲဆိုကာ သူတို့ကို ဘေးဖယ်ထားခြင်းဖြစ်ပါသည်။
            တူမများကိုပြောသည့်အတိုင်း စကားပြောဟန်ဖြင့် ရေးပါမည်။ တစ်ပတ်တစ်ခါ ပြောခြင်းဖြစ်သဖြင့် တစ်ပါတ်တစ်ခါ ရေးပါမည်။

(အထူးမှတ်ချက်။       ။ ယခုရေးမည်မှာ ကျွန်တော့်တူမများအား သွန်သင်ဆုံးမသည်များကို ပြန်လည်ဖောက်သည်ချတာသာ ဖြစ်ကြောင်း ပြောခဲ့ပါသည်။ စာရှုသူမိတ်ဆွေများ ကျွန်တော့်ကို ဆရာကြီးလာလုပ်တယ် ထင်မှာစိုးသည့်အတွက် ဖြစ်ပါ၏။)

(၁)

            လာ၊ ငါ နင်တို့ကို ဘ၀နေနည်း အနုပညာအကြောင်းပြောပြမယ်။ နင်တို့က လူ့ဘ၀ထဲကို အစစ်အမှန်ရောက်သေးတာ မဟုတ်ဘူး။ အခုမှ လူ့ဘ၀ထဲမှာဘယ်လိုနေရမယ်၊ ထိုင်ရမယ်ဆိုတဲ့အကြောင်းတွေကို လေ့လာတဲ့ အရွယ်ပဲ ရှိသေးတယ်။ ဒီတော့ လူ့လောကထဲရောက်တဲ့အခါ လူတွေနဲ့ ပေါင်းသင်းဆက်ဆံတဲ့အခါ၊ လူ့ဘ၀တစ်လျှောက်လုံးကို ဘယ်လိုမှန်မှန်ကန်ကန် နေသွားရမလဲဆိုတာ အင်မတန် အရေးကြီးတဲ့အတွက် ငါ နင်တို့ကို အဲဒီအကြောင်းတွေ နည်းနည်းချင်း ပြောပြမယ်။ မှတ်လဲထား။ လက်တွေ့လည်း ကျင့်။
            ခု နင်တို့ ကျောင်းတက်ပြီး စာသင်နေတာ ဘာအတွက်လဲ။ ဦးကြီးအနေနဲ့ ဒီလောက်ပိုက်ဆံတွေ အကုန်ခံပြီး နင်တို့ကို စင်ကာပူခေါ်ကျောင်းနေခိုင်းတာ အလကားမဟုတ်ဘူး။ နင်တို့နောင်ရေးအတွက် ထမင်းစားလက်မှတ်တစ်ခုရအောင် ဆိုတဲ့ ရည်ရွယ်ချက်ထက် အများကြီးပိုတယ်။ သူများတွေ နေတာထိုင်တာ စားတာသောက်တာ၊ သွားတာလာတာ၊ လုပ်ပုံကိုင်ပုံ ပြောဆိုကျင့်ကြံပုံတွေကို အတုခိုးပြီး သူများတွေထက် ပိုသာအောင်၊ တွေးတတ်ခေါ်တတ်အောင်၊ လူလိုသူလို နေတတ်အောင် လေ့လာသင်ယူစေချင်လို့ဘဲ။
            ငါ ဒီလာကျောင်းတက်တာ အလုပ်ရရုံတစ်ခုထဲအတွက်ပဲ ဆိုရင်တော့ ဦးကြီးပိုက်ဆံကုန်ရကျိုးမနပ်လှပေဘူး။ အလုပ်ရရုံ လောက်အတွက်တော့ စင်ကာပူလာစရာ လိုမလား။ မြန်မာပြည်မှာဘဲ ကျောင်းတက်ပြီး အလုပ်လုပ်ရင်ရော မဖြစ်တော့ဘူးတဲ့လား။
နင်တို့ ကျောင်းသာပြီးသွားတယ်။ တခြားသူတွေနဲ့ ဘာမှမထူးဘူး။ ယောယိမ်းလိုက် ဘသားယိမ်းလိုက်ဆိုရင်တော့ဖြင့် ဦးကြီး သိန်းပေါင်းများစွာ အကုန်အကျခံကျောင်းထားရပေကျိုး မနပ်ပေဘူး။
            အဲဒီအတွက် နင်တို့ကို ဦးကြီးက ဘ၀ကို အကျိုးရှိရှိ ဘယ်လိုနေရထိုင်ရမလဲ ဆိုတာ ပြောပြတာဘဲ။

(၂)

            The grass is always green on the other side. ဆိုတဲ့အင်္ဂလိပ်စကားရှိတယ်။ မြန်မာလိုဆိုရင်တော့ အမေကျော်၊ ဒွေးတော်လွမ်းတာဘဲ။ ဗုဒ္ဓဘာသာမှာ ဘ၀ကို ဘယ်လိုတန်ဘိုးရှိအောင် နေရမလဲလို့ ညွှန်ပြထားတာတွေ အများကြီးရှိတယ်။ ကိုယ့်ဆီကဟာတွေတော့ သိအောင်မကြိုးစား၊ သူများဟာတွေကိုပဲ အထင်ကြီးတယ်၊ လိုက်အတုခိုးချင်တယ်ဆိုရင် အဲဒါ ဒွေးတော်လွမ်းတာပဲ။ အဲဒါကိုသေသေချာချာ နားလည်ဘို့လိုတယ်။ အင်္ဂလိပ်လိုရေးထားတာတွေကိုပဲ အထင်ကြီးနေဘို့မဟုတ်ဘူး။ ဘာတဲ့။ ဆရာမောင်အံ့ ရေးထားတာတောင်ရှိသေးတယ်။ ဗုဒ္ဓဘာသာက ညွှန်ပြသော လူမှုရေးကျင့်ဝတ်များ ထင်ပါရဲ့။ ငါ အသက် ၃၀ လောက်က ဖတ်ထားတာ။ ကြာပြီဆိုတော့ မေ့တောင်နေပြီ။ အိမ်ပြန်ရောက်ရင် ဦးကြီးစာအုပ်စင်ထဲမှာ ရှာဖတ်ကြည့်။
            အခု နင်တို့ကို အဲဒီအကြောင်း ပြောပြမယ်။ သေသေချာချာနားထောင်။ ဒါဟာ ဗုဒ္ဓဘာသာကတရားဆိုပေမဲ့ လူသား အားလုံးနဲ့ဆိုင်တယ်။ တရားတစ်ခုဟာ လူတိုင်းအတွက် မှန်နေမှ ဓမ္မလို့ ခေါ်တယ်။ ဒီနားမှာတော့မှန်ပါရဲ့။ ဟိုလူ့အတွက်တော့ ချွင်းချက်ဆိုရင် အဲဒါဟာ ဓမ္မမဖြစ်နိုင်ဘူး။
            နင်တို့ကို တစ်ယောက်ယောက်က နင်တို့ဗုဒ္ဓဘာသာရဲ့ အနှစ်သာရက ဘာလဲလို့ မေးလာခဲ့ရင် ဘယ်လိုဖြေမလဲ။  သိပ်ရှေရှေဝေးဝေးမှတ်ရမှာပျင်းရင် တစ်ကြောင်းပဲမှတ်ထား။ နင်တို့ ဘုန်းကြီးကျောင်းသွားတိုင်း တရားနာတိုင်း နာရတဲ့၊ ကြားရတဲ့ ဟာ။ ဘာတဲ့လဲ။
            ‘အပ္ပမာဒေန၊ သမ္ပာဒေထ’ မမေ့ကြနဲ့။ သတိနဲ့နေကြ။ ဒါပဲ။ အဲဒါလေးပဲမှတ်ထား။ လွယ်လွယ်ပြောရရင် ကိုယ် ဘာလုပ် နေသလဲဆိုတာ ကိုယ်သိနေဘို့ပဲ။ စာဖတ်ရင် စာဖတ်တဲ့အထဲမှာ စိတ်ရှိနေရမယ်။ ထမင်းစားရင် ထမင်းကိုပဲ စိတ်ပါလက်ပါ စားရမယ်။ လမ်းလျှောက်နေရင်လည်းပဲ ကိုယ်နင်းနေတာ ကျောက်ပြားလား ကတ္တရာလမ်းလား သိနေရမယ်။ ဟို့ ဆယ်ရက်စခန်း သွားဝင်တယ်ဆိုတာ အဲဒါ သွားလေ့ကျင့်တာပဲ။ ဆိုတော့ အတိုချုပ် ဘာပဲလုပ်လုပ်၊ ကိုယ်ဘာလုပ်နေသလဲ ဆိုတာ သိနေရမယ်။ အဲဒီလိုမှတ်ထား။
            အကယ်၍သာ နင်တို့ ကိုယ်လုပ်တာ ကိုယ်သိနေတယ်ဆိုရင် စာကျက်တဲ့အခါ စာအရမြန်တယ်။ ဆရာစာရှင်းပြတဲ့အခါ နားလည်လွယ်တယ်။ တရားသွားနာတဲ့အခါ သဘောပေါက်လွယ်မယ်။ ခုတော့ နင်တို့ကြည့်လိုက်စမ်း။ ခုခေတ် လူတွေဖြစ်နေတာ။ လမ်းသွားရင် စိတ်က လျှောက်နေတဲ့လမ်းမှာမရှိဘူး။ အိုင်ဖုန်းဆီရောက်နေတယ်။ ထမင်းစားရင်လဲ ကိုယ်ဘာစားလို့ စားမှန်း မသိဘူး။ အိုင်ဖုန်းပေါ်မှာဘဲ စိတ်ရောက်နေတယ်။ စင်ကာပူမှာ ပလက်ဖောင်းတွေ ကောင်းနေပေလို့ဘဲ။ ရန်ကုန်၊ ငါတို့အိမ်နားက အပေါက်တွေဗလပွနဲ့ ပလက်ဖောင်းတွေလိုသာဆို မြောင်းထဲပြုတ်ကျတာ ကြာပေါ့။
            အဲဒါ လူတွေ အကြီးအကျယ်လွဲနေတဲ့ အချက်ဘဲ။ ကိုယ်ဘာလုပ်လို့ လုပ်နေမှန်းမသိတဲ့လူ ဘယ်နဲ့လုပ် ခရီးတွင်မလဲ။
            ဒါ ပထမဆုံးသိထားရမဲ့အချက်။

(၃)

နောက်တစ်ခု။ ဗုဒ္ဓဘာသာရဲ့ အနှစ်သာရ။
သဗ္ဗပါပဿ အ,ကရဏံ၊ ကုသလဿ ဥပသမ္ပဒါ။
သစိတ္တ ပရိယောဒပနံ၊ ဧတံ ဗုဒ္ဓါန သာသနံ။
၁။ မကောင်းတာမှန်သမျှ ဘာမှမလုပ်နဲ့ တဲ့။ သဗ္ဗ ဆိုတာ အားလုံး။ ပါပံဆိုတာ မကောင်းမှု။
၂။ ကောင်းတာမှန်သမျှ အကုန်လုပ်ပါ တဲ့။ ကုသလ ဆိုတာ ကောင်းမှု။ သမ္ပဒါဆိုတာ ဖြည့်ကျင့်တာ။ လုပ်တာ။
၃။ ကိုယ့်စိတ်ကို ဖြူစင်အောင်ထားပါ တဲ့။
            အဲဒီတရားတွေဟာ မြတ်စွာဘုရားဟောထားတဲ့တရားအနှစ်ချုပ်ပဲ တဲ့။
ဗုဒ္ဓ ဆိုတာ သိတဲ့သူ။ ဘယ်ဟာကိုသိသလဲဆိုတော့ သံသရာက လွတ်မြောက်ကြောင်းကို သိတယ်။ သံသရာဆိုတာ ဘာလဲ ဆိုတော့ စက်ဝိုင်း။ အစလည်းမရှိ၊ အဆုံးလည်းမရှိ။ ကြက်မကြီးနဲ့ ကြက်ဥ ဘယ်ကစသလဲဆိုတဲ့ ပုစ္ဆာဟာ သံသရာ။ မွေးတယ်၊ သေတယ်။ ပြန်မွေးလာတယ်၊ ပြန်သေသွားတယ်။ ထပ်မွေးလာပြန်တယ်။ ထပ်သေသွားပြန်တယ်။ အဆုံးမရှိဘူး။ ဘယ်နေရာက စမွေးလာခဲ့မှန်းလည်း မသိဘူး။ နောက်တစ်ခုက -
            သာသနံ ဆိုတာ သာသနာ။ သာသနာဆိုတာ အဆုံးအမ။ မြတ်စွာဘုရားက ဒီလိုမနေနဲ့၊ ဒီလိုနေ၊ ဟောဒီလိုကျင့်ကြံကြ လို့ ဟောပြောပြသ ဆိုဆုံးမခဲ့တာတွေဟာ သာသနာ။ အဲဒီအဆုံးအမတွေအတိုင်း လိုက်နာကျင့်သုံးတဲ့သူတွေဟာ ဗုဒ္ဓဘာသာဝင်။
            အဲဒါကို သံပေါက်လေးနဲ့ အလွယ်မှတ်ထားလို့ရတယ်။
            ‘မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ ဖြူအောင် စိတ်ကိုထား။’ ဒါပဲ။ အလွတ်ကျက်ထား။ မမေ့စေနဲ့။

            မကောင်းတာတွေ မလုပ်နဲ့ဆိုတော့ မကောင်းတာဆိုတာ ဘာလဲလို့ သေသေချာချာ သိထားဘို့လိုတယ်။ အာ၊ မကောင်းတာဆိုတာ ကိုယ်မကြိုက်တဲ့ဟာ မကောင်းတာပေါ့လို့ လွယ်လွယ်မပြောနဲ့လေ။ နင်တို့ကြိုက်တဲ့ ကိုးရီးယားကား၊ ဦးကြီးမှ မကြိုက်တာ။ ဦးကြီးနားထောင်တဲ့ country song တွေ နင်တို့ ကြိုက်ပါ့မလား။ ကိုယ်မကြိုက်တာနဲ့ မကောင်းဘူးလို့ သတ်မှတ်လို့ ဘယ်ရမတုံး။
            ဒါပေမဲ့ မကောင်းမှုဆိုတာ ဘာလဲလို့ မြတ်စွာဘုရားက သေသေချာချာ ပြောပြထားခဲ့တယ်။ အဲဒါကို ကိုယ်က သေသေချာ ချာ သဘောပေါက်၊ နားလည်ထားဘို့၊ သိထားဘို့ပဲလိုတယ်။ မကောင်းမှုဆိုတာဘာလဲလို့ သေသေချာချာ၊ ဂဃနဏသိထားမှ မကောင်းမှုကို မလုပ်နိုင်မှာပေါ့။
            အလားတူပဲ ကောင်းမှုဆိုတာ ဘာတွေလဲ။ ဘယ်လိုဖြည့်ကျင့်ရမလဲ။ စိတ်ကို ဘယ်လိုဖြူစင်အောင် လျှော်ဖွပ်မလဲ။
            ဒီတော့ အတိုချုပ်မှတ်ထား။ “မကောင်းတာမလုပ်နဲ့။ ကောင်းတာလုပ်။ စိတ်ကို သန့်သန့်လေးထား။” ရပြီလား။
            အဲဒါတွေကို ဦးကြီး တစ်ခုချင်း၊ နည်းနည်းချင်းပြောပြမယ်။ နားမလည်ရင် ထပ်မေး။ နားလည်တယ်ဆိုမှ ရှေ့ဆက်မယ်။

(၄)

            အခု ဒါတွေဦးကြီးပြောပြနေတာ တရားဟောနေတာ မဟုတ်ဘူး။ တရားနာချင်ရင် တရားပွဲသွား။ ခုပြောပြနေတာက လူ့ဘ၀ကို တန်ဘိုးရှိရှိ ဘယ်လိုနေသွားရမလဲ ဆိုတာပြောပြနေတာ။
            စောစောကပြောခဲ့တဲ့ မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ ဖြူအောင် စိတ်ကိုထား ဆိုတာကို လက်တွေ့ကျင့်သုံးဘို့ နည်းလမ်း သုံးသွယ်ရှိတယ်။ ပါဠိလိုပြောရရင်၊ သီလ၊ သမာဓိ၊ ပညာ။
            လူမှာ ကိုယ်၊ နှုတ်၊ နှလုံး သုံးပါးရှိတဲ့အနက် ကိုယ်နဲ့နှုတ်ကို သီလ ဆိုတာနဲ့ ထိန်းရတယ်။ သီလဆိုတာ အကျင့်။ အကျင့်မှာ ကောင်းတဲ့အကျင့်နဲ့ မကောင်းတဲ့အကျင့် နှစ်မျိုးရှိတဲ့အနက် ခုပြောတဲ့သီလက ကိုယ့် ကိုယ်အမှုအရာ၊ နှုတ်အမူအရာ တွေ၊ မကောင်းတာ မလုပ်မိအောင်၊ မကောင်းတာ မပြောမိအောင် စောင့်ထိန်းရတဲ့တရားကို ပြောတာ။ မကောင်းတာ မလုပ်နဲ့။ မကောင်းတာ မပြောနဲ့။ အဲဒါ သီလ။
            သီလမှာ ရှောင်ရမဲ့ ၀ါရိတ္တသီလနဲ့ ဆောင်ရမဲ့ စာရိတ္တသီလ လို့နှစ်မျိုးရှိတယ်။ ငါတို့တော့ မကောင်းတာ ဘာမှမလုပ်ဖူး ဟေ့ ဆိုပြီး စောင်ခေါင်းမြီးခြုံအိပ်နေတာဟာ သီလစောင့်တာ မဟုတ်ဘူး။ အဲဒါကျတော့ ပျင်းတာ။ သီလဆိုတာ မကောင်းတာတွေ မလုပ်မိအောင် ရှောင်ကြဉ်တာ။ စောင့်ထိန်းတာ။ နောက်ပြီး ကောင်းတာတွေပဲ အမြဲလုပ်နေရမှာ။ မကောင်းတာတွေတော့ မလုပ်ပါ ဘူး။ ဒါပေမဲ့ ကောင်းတာတွေလဲမလုပ်ဘူးဆိုရင် အဲဒါ တစ်ခြမ်းပဲ့သီလ။
            သီလစောင့်တယ်ဆိုတာ လပြည့်၊ လကွယ် ဥပုသ်နေ့ကျမှ ဘုန်းကြီးကျောင်းသွား၊ ပုတီးကြီးစိပ်ပြီး ဥပုသ်စောင့်ရတာမျိုး မဟုတ်ဘူး။ မနက်မိုးလင်းပြီဆိုကတည်းက ငါ ဒီနေ့ မကောင်းတာမှန်သမျှ ဘာမှမလုပ်ဘူး။ ကောင်းတာ၊ မှန်တာတွေပဲလုပ်မယ် လို့ ကိုယ့်ကိုယ်ကိုယ် ကတိပြုပြီး နေ့တိုင်းစောင့်ထိန်းနေရမဲ့အရာ။ အဲဒါကို နိစ္စသီလလို့ခေါ်တယ်။ အနိစ္စဆိုတာ မမြဲတဲ့သဘော။ နိစ္စဆိုတာက အနိစ္စရဲ့ပြောင်းပြန်၊ မြဲတဲ့သဘော။ ဒီတော့ နိစ္စသီလ ဆိုတာ အချိန်နဲ့အမျှ မကျိုးမပေါက်အောင် ထိန်းထားတဲ့ ကိုယ်ကျင့်တရားကို ခေါ်တာ။

            ပြန်ပြောပြမယ်။ သီလဆိုတာ ဘုန်းကြီးကျောင်းသွားပြီး သြကာသ၊ သြကာသ၊ အာမဘန္တေပါ အရှင်ဘုရားလို့ဆိုမှ သီလ စောင့်တာမဟုတ်ဘူး။ ဘုန်းကြီးကျောင်းသွား ဥပုသ်တော့စောင့်ပါရဲ့။ ကျောင်းကပြန်လည်းလာရော လုပ်ချင်တာတွေ၊ မဟုတ်တာတွေ၊ အကုန်လျှောက်လုပ်မယ်ဆိုရင် အဲဒီသီလကို ဘာသီလခေါ်မလဲ။ ကြောင်သူတော် သီလပဲဖြစ်မနေဘူးလား။ အဲဒါ နင်တို့ သေသေချာချာ သဘောပေါက်ထားဘို့လိုတယ်။ အဲဒါ တစ်နေ့တစ်ရက်ထဲ ကျင့်ရမှာမဟုတ်ဘူး။ နင်တို့ အသက်ရှင်နေသမျှ ဘ၀ တစ်လျှောက်လုံး ကျင့်သုံးသွားရမှာ။ နေ့ရှိသရွေ့ သီလရှိနေဘို့လိုတယ်။ ဘုန်းကြီးကို သွားမညာနဲ့။
            နောက်တစ်ခုက သမာဓိ။ သီလက ကိုယ်နဲ့နှုတ်ကိုပဲ ထိန်းနိုင်တယ်။ စိတ်ကိုထိန်းဘို့ကျတော့ သမာဓိ နဲ့ကျင့်ရတယ်။             သမာဓိဆိုတာ စိတ်က နေရာတစ်ခုထဲမှာ ရှိနေတာ။ ဟိုး အစပိုင်းမှာ ပြောခဲ့သလို။ ကိုယ်လုပ်နေသမျှ သိနေတာ။ ဒါဖြင့် ဘယ်လိုကျင့်မလဲတဲ့။ သဘောတရားအားဖြင့်တော့ ပီဘိလွယ်လွယ်လေးဘဲ။ လုပ်ဖို့တော့ ခက်တယ်။
            စိတ်ဆိုတာမှာ နှစ်ပိုင်းရှိတယ်။ စိတ်ရယ်၊ နောက်တစ်ခုက စေတသိက်ရယ်။ စိတ်ရဲ့ မူလသဘာဝက ရေလိုဘဲ။ ကြည်လင် အေးမြနေတယ်။ စိတ်ညစ်တယ်။ စိတ်ဆိုးတယ်။ စိတ်ပူတယ်။ စိတ်ကောက်တယ် ဆိုတာတွေက ရေထဲကို အပြာရောင်၊ အ၀ါ ရောင်၊ အနီရောင်၊ အစိမ်းရောင်တွေ ဆိုးသလို စိတ်ကို ဆေးဆိုးလိုက်တာ။
            အဲဒီလို စိတ်ကိုအရောင်ဆိုးတာက စေတသိက်။ အဲဒီစေတသိက်တွေ ဘာမှမရှိတော့ဘဲ မူလ စိတ်ရဲ့သဘာဝကို ပြန်ရရင် မချမ်းသာဘူးလား။ စိတ်ကောက်တာ၊ စိတ်ဆိုးတာ၊ စိတ်ညစ်တာဘာမှမရှိတော့တဲ့အတွက် အင်မတန် ချမ်းသာတယ်။ အဲဒီ စိတ်ရဲ့ အရောင်တွေကို ချွတ်ပစ်ဘို့ ကြိုးစားတာ သမာဓိ။
            ဥပမာပြရရင် နင်တို့အိပ်ပျော်နေတဲ့အခါ စိတ်ညစ်တာတို့၊ စိတ်ပျက်တာတို့၊ စိတ်ချမ်းသာတာတို့ ရှိသေးလား။ ဘာမှ မရှိတော့ဘူး။ အနို့ အိပ်ပျော်နေတာကိုး။ အဲဒီတော့ အိပ်ပျော်သွားရင် အင်မတန် ချမ်းသာတယ်။ စိတ်ညစ်နေတဲ့အခါ အိပ်လိုက်လို့ အိပ်ပျော်သွားရင် အင်မတန် ချမ်းသာတယ်။
အဲဒီသဘောပဲ။ တရားထိုင်တယ်၊ သမာဓိထူထောင်တယ်ဆိုတာ စိတ်ထဲကို ဘာစေတသိက်မှ၊ ဘာအရောင်တွေမှ ၀င်မလာအောင်၊ ရှိနေတဲ့ စိတ်ပူတာ၊ စိတ်ပျက်တာ၊ စိတ်ချမ်းသာတာတွေကို မောင်းထုတ်ပြီး စိတ်ရဲ့မူလ သဘာဝပြန်ရအောင် လုပ်တာ။ အဲဒီလို ဘာစေတသိက်မှ မရှိတော့တဲ့အခါ စိတ်ဟာ ဖြူစင်သွားတယ်။ သန့်ရှင်းသွားတယ်။ အဲဒီအခါ အင်မတန် ချမ်းသာတယ်။ အဲဒါ သမာဓိ။            
            အဲဒီတော့ မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ ဖြူအောင်စိတ်ကိုထား နိုင်ဘို့ရာ သီလ၊ သမာဓိတို့နဲ့ ဆောက်တည် ယူရတယ်။ ရှင်းပြီလား။
            ဒါဖြင့် ပညာက ဘာလို့ပါနေရတာလဲ တဲ့။ ဦးကြီးပြောပြမယ်။
            ခု နင်တို့ကျောင်းတက်နေတာကို ဘာလုပ်တယ်လို့ ပြောသလဲ။ အရပ်စကားနဲ့ ပညာသင်တယ်၊ ပညာရှာတယ်။ ဒီလိုပဲ ပြောကြတာ မဟုတ်ဘူးလား။ ဒါပေမဲ့ ပညာဆိုတာ ဘာလဲတဲ့။
            ဟိုအခန်းထဲက ကောင်မလေး။ NTU မှာ မာစတာတက်နေတာ။ ဦးကြီး သူသွားတိုက်တာကြည့်နေတယ်။ တစ်ခါတည်း၊ ရေပိုက်ခေါင်းကိုဖွင့်ထားတယ်။ လူကစိမ်ပြေနပြေ သွားတိုက်နေလိုက်တာ။ ရေတွေက တဝေါဝေါကျလို့။
            အဲဒါ ဘာမာစတာလဲ။ ဘာပညာလဲ။ ဦးကြီးက သမီးတို့ကို အထင်မကြီးဘူးလို့ နင်တို့ ပြောတယ်မဟုတ်လား။ ဦးကြီးက အထင်ကြီးစရာမရှိလို့ ပြောတာမှတ်။ အခု အဲဒါတွေပြင်ရအောင် ပြောပြနေတာ။ အထင်ကြီးလာအောင်လို့၊ အထင်ကြီးချင်စရာ ကောင်းအောင်လို့ လုပ်ပေးနေတာ။ 
            အကယ်၍သာ အဲဒီကောင်မလေးမှာ မာစတာတန်းတက်နေတဲ့ ပညာအဆင့်အတန်းသာရှိခဲ့ရင်၊ မာစတာနဲ့ညီမျှတဲ့ ဦးဏှောက်သာရှိခဲ့ရင် သူအဲဒီရေတွေကို အလဟဿဖြုန်းတီးပစ်ပါ့မလား။ ရေပိုက်ခေါင်းဖွင့်ရတာ ဘယ်လောက် အချိန်ယူရလို့လဲ။ ဘယ်လောက် ခက်ခဲပင်ပန်းလို့ ကြိုဖွင့်ထားရတာလဲ။ နောက်ပြီး ဒီဘက်အခန်းထဲက ကောင်မလေးလည်း အတူတူပဲ။
            ပန်းကန်ဆေးမယ်ကြံတော့ ပန်းကန်က ဘယ်နေမှန်းမသိသေးဘူး။ ရေကို အရင်ဖွင့်ထားတယ်။ နောက်တော့မှ ပန်းကန်သွားယူပြီး စိမ်ပြေနပြေဆေးတယ်။ သူတို့ပန်းကန်သုံးခါဆေးတဲ့ရေဟာ ဦးကြီးရေတစ်ခါချိုးစာလောက်ရှိတယ်။ ဒါဖြင့် သူတို့ တက်နေတဲ့ မာစတာဆိုတာ ဘာမာစတာလဲ။ ဒီလောက်မှ သူတို့မှာ အသိဉာဏ်မရှိတော့ဘူးလား။ သူတို့သင်ထားတာတွေ ဘာတွေလဲ။ ဒီလောက် အသေးအဖွဲလေးတွေကိုမှ ဆင်ခြင်စဉ်းစားနိုင်စွမ်းမရှိတဲ့ အဲဒီလိုမျိုးဦးဏှောက်တွေကို ဦးကြီးအနေနဲ့ ဘယ်လိုလုပ် သွား အထင်ကြီးရမလဲ။ အဲဒီရေသုံးတာ တစ်ခုတည်းတင် မဟုတ်ဘူး။

            ဟောဒီမှာကြည့်စမ်း၊ ဒီအသက်အရွယ်ရောက်နေပြီ။ စင်ကာပူလာပြီး မာစတာတန်းတက်နေပြီ။ အ၀တ်လျှော်စက်ကို တစ်ခါသုံးရင် ရေဘယ်လောက်ကုန်မယ်၊ မီးဘယ်လောက်စားမယ်၊ အဲဒါကြောင့် အ၀တ်တစ်ထည်၊ နှစ်ထည်ထဲနဲ့ အ၀တ်လျှော်စက် ကို မသုံးသင့်ဘူးဆိုတာ မတွေးမိဘူးလား။ ငါ ပေါက်တတ်ကရတွေ လျှောက်ပြောနေတာမဟုတ်ဘူး။ ဟောဒီမှာကြည့်။ ငါ ဓာတ်ပုံရိုက်ထားတယ်။


နောက်ပြီး ကမ္ဘာပေါ်မှာ အစားအသောက်ချို့တဲ့ပြီး လူသန်းပေါင်းများစွာ သေကြေပျက်စီးနေကြရတယ်။ ငါတို့ အစား အသောက်ကို အလဟဿ မဖြစ်စေသင့်ဘူး။ ကုန်နိုင်သလောက်ပဲ ၀ယ်ပြီး ကုန်နိုင်သလောက်ပဲစားမယ်လို့ ဘယ်သူတွေးသလဲ။ မိဘဆီက ပိုက်ဆံအလကားရနေတော့ ပိုက်ဆံကို တန်ဘိုးမထားဘူး။ ဟောဒီမှာ ကြည့်စမ်း။ သင်္ဘောသီး၊ မှိုတွေတက်ပြီး ပုပ်နေပြီ။ ဘယ်လောက်နှမြောစရာ ကောင်းသလဲ။ 


ဒီမှာလည်းကြည့်လိုက်၊ ပဲပြုပ်ပန်းကန်။ မှိုတွေနဲ့။ 


ဒါတွေကို ဒီလိုလုပ်ရင် ပိုက်ဆံတွေ အလဟဿဖြစ်မယ်။ ရောဂါတွေရမယ်ဆိုတာ သူတို့မသိဘူးတဲ့လား။ ဒါ ဦးကြီးက သူများလုပ်တာ အပြစ်ပြောဘို့ မျက်လုံးဒေါက်ထောက်ကြည့်နေတာ မဟုတ်ဘူး။ မဖြစ်သင့်တာတွေ မဖြစ်ရအောင်၊ နင်တို့ရဲ့ quality of life တက်လာအောင် ပြောပြနေတာ။
            ဒါဆို သူတို့သင်ခဲ့တာ ဘာတွေလဲ။ သူတို့ခေါင်းထဲမှာ ဘာတွေရှိသလဲ။ လူမှန်းသိတတ်ကတည်းက ကျောင်းမှာ ပညာ ဆိုပြီး ပင်ပင်ပန်းပန်း အချိန်တွေအကုန်ခံပြီး ခု အသက်အရွယ်ထိ သင်လာခဲ့ရတာ။ ဘာတွေရခဲ့သလဲ တဲ့။ နှမြောစရာ ကောင်းလိုက်တာ။ ဟဲ့၊ ကျောင်းတက်၊ စာကျက်ပြီးရလာတဲ့ ဘွဲ့လက်မှတ်ဟာ ပညာမဟုတ်ဘူးမှတ်။ အဲဒါဟာ ပီဘိ ထမင်းစား လက်မှတ်ကလေးမျှသာ ဖြစ်တယ်။
            ပညာ ဆိုတာ အဲဒီကျောင်းက သင်ပေးလိုက်တာတွေကို အခြေခံပြီး အကျိုးရယ်၊ အကြောင်းရယ်၊ အဆိုးရယ်၊ အကောင်းရယ်၊ အမှားရယ်၊ အမှန်ရယ် ဝေဖန်သုံးသပ်တတ်မှ ပညာလို့ ခေါ်သဟဲ့။ နင်တို့ပြောရတာ မောလိုက်တာ။

            ဟောဒီမှာလည်း သီလ၊ သမာဓိ၊ ပညာဆိုပြီး ဘာလို့ ပညာကို ထည့်ထားရတာလဲ။ အဲဒီ သီလဆိုတဲ့၊ သမာဓိ ဆိုတဲ့ ဟာတွေလုပ်တဲ့နေရာမှာ မမှားအောင် ပညာက ထိန်းကွပ်၊ ဦးဆောင်ပေးဘို့လိုလို့ ပညာကို ထည့်ထားရတာ။ ပညာက ဦးမဆောင် ရင် သီလလုပ်နေရင်းနဲ့ တလွဲသီလတွေ ဖြစ်သွားတတ်တယ်။ သမာဓိဆိုပြီး မသမာတွေ ဓိသွားတတ်တယ်။ အဲဒါကြောင့် ပညာကို အရေးတကြီးထည့်ထားရတာ။
            အဲဒါတွေကို နောက်ပိုင်းကျမှ ဖြည်းဖြည်းချင်း ပြောသွားမယ်။

နာရီပြန်တစ်ချက်တီးနေပြီဖြစ်သည့်အတွက် နက်ဖြန်မှ ဆက်ပါမည်။

ကျေးဇူးတင်ပါသည်။

အေးငြိမ်း
၁၈၊ ၈၊ ၂၀၁၃။ နာရီပြန်တစ်ချက်တီး

(၅)

            အရင်တစ်ပတ်က သီလအကြောင်းပြောခဲ့တယ်။ ရှောင်ရမဲ့သီလနဲ့ ဆောင်ရမဲ့သီလ နှစ်ပါးရှိကြောင်းလည်း ပြောခဲ့တယ်။ အခု အဲဒီသီလအကြောင်း ဆက်ပြောပြမယ်။
            သီလမှာ သာမန်ရိုးရိုးစောင့်တဲ့သီလနဲ့ အသက်ကိုအသေခံပြီး စောင့်တဲ့သီလ လို့ နှစ်မျိုးရှိသေးတယ်။ အဲဒီလို အသက်ကို အသေခံပြီးစောင့်တဲ့သီလကို အဓိသီလ လို့ခေါ်တယ်။ အဓိဆိုတာ အလွန်အကျူး၊ အထူးအမြတ်လို့ အဓိပ္ပါယ်ရတယ်။ ဒါဆို ဘာကြောင့် အသက်ကိုအသေခံပြီး သီလကို စောင့်ရသလဲ၊ အဲဒီ သီလဟာ ဘယ်လောက်အရေးကြီးနေလို့လဲ တဲ့။
            ဒီမှာ ငါပြောပြမယ်။ ဟုတ်မဟုတ် ကိုယ့်ဟာကိုယ် ဝေဘန်သုံးသပ်။
            ကိုယ်လုပ်တဲ့ ကုသိုလ်ကံ၊ အကုသိုလ်ကံတွေဟာ ကိုယ့်နောက်ကို အရိပ်လိုလိုက်နေတယ်ဆိုတာ နင်တို့ သိတယ် မဟုတ် လား။ ကောင်းတာလုပ်တဲ့သူ ကောင်းတာရမယ်။ မကောင်းတာ လုပ်တဲ့သူ၊ မကောင်းတာရမယ်။ အဲဒီကုသိုလ်ကံ၊ အကုသိုလ်ကံ တွေဟာ စွမ်းအင်တည်မြဲခြင်းနိယာမလိုပဲ။ ကိုယ်လုပ်သမျှ မကောင်းမှုကံ၊ ကောင်းမှုကံတွေရဲ့ အကျိုးရလဒ်တွေဟာ ဘ၀ဆက်တိုင်း လိုက်ပါနေတယ်။
အဲဒီတော့ ကောင်းတာတွေများများလုပ်တဲ့သူမှာ ကောင်းတဲ့ကုသိုလ်ကံတွေ အများကြီးရှိနေတယ်။ မကောင်းတာတွေ လုပ်နေတဲ့သူတွေမှာလည်း ဘဏ်မှာငွေတွေကို ဖြည်းဖြည်းချင်းစုနေသလို သူတို့ဟာ မကောင်းတဲ့အကုသိုလ်ကံတွေကို စုနေကြတယ်။
အခုကြည့်စမ်း၊ နင်တို့ အခုဒီမှာ ကောင်းကောင်းနေရတယ်။ ကောင်းကောင်းစားရတယ်။ လိုချင်တာ လက်တစ်ကမ်းမှာ အချိန်မရွေးရနေတယ်။ ဘာပူစရာပင်စရာ ရှိသလဲ။ အခု နင်တို့ ဟောဒီမှာ ကြက်သားတို့၊ ၀က်သားတို့ နေ့တိုင်းစားနေရလို့ ကြက်သားဆို မုန်းတောင်နေပြီမဟုတ်လား။ ဦးကြီးတို့ ငယ်ငယ်တုံးက အသားဟင်းဆိုတာ တစ်လနေလို့ တစ်ခါ မစားရဘူး။ နွေရာသီများဆို ဘာဟင်းမှ ချက်စရာမရှိလို့ ငြုပ်သီးကို ကြက်သွန်နီနဲ့ ဆားနဲ့ရောသုပ်၊ နောက်ပြီး ရေနွေးကြို၊ ကြက်သွန်နီ လှီးထည့်။ အဲဒီ ဟင်းနှစ်ခွက်နဲ့ စားခဲ့ကြရတာ။ တို့ရွာမှာ အခုလည်း အဲဒီလို စားတဲ့အခါ စားနေကြရသေးတာပဲ။ နင်တို့ မယုံရင် အခု ကြီးကြီးကို ဖုံးဆက်မေးလို့ရတယ်။ ဦးကြီးပြောတာ တကယ်ဟုတ်သလား၊ ညာနေတာတွေလား ဆိုတာ။
ငါတို့ငယ်ငယ်က ကွင်းကောက်ကို ကျောင်းသွားတက်ရတာ။ ငါးတန်းကျောင်းသားဆိုတာ အသက်ဆယ့်တစ်နှစ်။ အဲဒီ အရွယ်က ၁၄ မိုင်ခရီးကို ခြေလျင်လျှောက်သွားပြီး ကျောင်းတက်ရတာ။ ခြေလျင်လျှောက်တယ်ဆိုတာတောင် လမ်းရယ်လို့ ကောင်းကောင်းရှိတာမဟုတ်ဘူး။ ကန်းသင်းပေါင်တွေပေါ် ခြုံကြို၊ ခြုံကြားတွေကနေ ကျွတ်တွေတွယ်၊ မျှော့တွေတွယ်နဲ့။ လမ်းမှာ ဖြတ်ကူးရတဲ့ချောင်းက ရေကြီးနေရင် အသက်အန္တရာယ်တောင်ရှိသေးတယ်။ အဲဒီလို သွားခဲ့ကြရတာ။
အခု နင်တို့ဒီမှာ MRT စီးသွားရတာတောင်၊ တစ်နာရီကျော်သွားရသေးလို့ ငြီးငြူနေကြတယ်။ ငါ မပြောလိုက်ချင်ဘူး။ MRT ထဲမှာ အဲယားကွန်းနဲ့။ နင်တို့ ရန်ကုန်ဘတ်စ်ကားစီးခဲ့ဖူးတာပဲ။ အခုမှ ကြီးကျယ်နေလိုက်တာ။
ငါတို့ရွာမှာက ဟင်းမရှိပေမဲ့ ထမင်းကို ၀၀လင်လင်စားရသေးတယ်။ ဘာဟင်းမှ မရှိတဲ့အဆုံး၊ ဆီးဆန်းဆားဖြူးစားလို့ ရသေးတယ်။ ဦးကြီးရေဆင်းမှာတုံးက အဲဒီက ၀န်ထမ်းတော်တော်များများက အညာဘက်က။ သူတို့ ဘာပြောတယ် မှတ်သလဲ။ အခု ဒီမှာ ၀န်ထမ်းဆန်ရတော့ ထမင်းကို စားချင်သလောက်စားရတာ အင်မတန့်ကို လူ့ဘ၀ အရတော်လှပြီ။ ဘာဟင်းမှ မလိုဘူး။ သူတို့ဆီမှာဆို မိုးတွင်းဘက်၊ ဆန်မရှိလို့ ပြောင်းတို့၊ လူးတို့နဲ့ ရောကြိုစားရတာ တဲ့။ အဲဒီ သူတို့က အင်မတန်ကောင်းလှပါတယ် ဆိုတဲ့ ၀န်ထမ်းဆန် ဆိုတာကို နင်တို့ငါကျွေးကြည့်ချင်တယ်။ အဲဒါကို ပါးစပ်နဲ့ပြောလို့မရဘူး။ နင်တို့ ကြီးကြီးဆီ ဖုံးဆက်မေးကြည့်။ ၀န်ထမ်းဆန်ဆိုတာ စားလိုက်ရင် ဘယ်လိုနေသလဲ လို့။
ဒါ့ထက်ဆိုးတဲ့ဘ၀တွေ အများကြီးရှိသေးတယ်။ ဦးကြီးတို့ မြန်မာပြည် တစ်နံတစ်လျား၊ အလှူတွေလိုက်လုပ်တုံးက မြေကြီးပေါ်မှာထိုင်ပြီး လေမလုံ၊ မိုးမလုံ ကျောင်းတွေမှာ စာသင်နေကြရတဲ့၊ ထမင်းတောင်စားစရာမရှိလို့ ဘုန်းကြီးတွေက ခေါ်မွေးထားရတဲ့ ကလေးတွေ၊ အများကြီးပဲ။
ဒါဖြင့် ဘာဖြစ်လို့ အဲဒီလို ဘ၀တွေ ကွာသွားရသလဲတဲ့။ ဒါလဲ ဦးကြီးက စိတ်ထဲထင်တာတွေ လျှောက်ပြောနေတာ မဟုတ်ဘူး။ မြတ်စွာဘုရား ဟောခဲ့တာပဲ။ ဘယ်သုတ်လဲဆိုတာတော့ မေ့နေပြီ။
တစ်နေ့မှာ ဘုရားရှင်ကို ရဟန်းလားဘာလား၊ တစ်ယောက်က လျှောက်တယ်။ အရှင်ဘုရား၊ လူတွေမှာ တချို့က အသက်တိုကြတယ်။ တချို့ကျတော့ အသက်ရှည်ကြတယ်။ တချို့ကျတော့ လှလိုက်တာ၊ တချို့ကျတော့ ရုပ်ဆိုးလိုက်တာ။ တချို့ကျတော့လည်း ကျန်းမာလိုက်ကြတာ။ ဘာရောဂါမှ မရှိဘူး။ တချို့ကျတော့လည်း မွေးကတည်းက ဆရာဝန်နဲ့၊ ဆေးခန်းနဲ့ ပြတ်ရတယ်လို့ကို မရှိဘူး။ ဘီလ်ဂိတ်တို့ဆို ချမ်းသာလိုက်တာ။ တပည့်တော်တို့ကျတော့လည်း တစ်ခါမှ လူမွေးလူတောင် မပြောင်ပါလားဘုရား။ အဲဒါ ဘာကြောင့်ပါလဲ လို့မေးလျှောက်တော့ မြတ်စွာဘုရားက ဟဲ့၊ အဲဒါတွေဟာ အတိတ်က သူတို့လုပ်ခဲ့ တဲ့ ကောင်းမှုကံ မကောင်းမှုကံတွေကြောင့်ဘဲ။
အရင်တုံးက ကောင်းတာတွေလုပ်ခဲ့တဲ့သူတွေ ကောင်းတာတွေရခဲ့တယ်။ အရင်တုံးက မကောင်းမှုတွေပြုပြီး အကုသိုလ် ကံတွေကို စုဆောင်းလာခဲ့တဲ့သူတွေဟာ အခုဘ၀မှာ မင်းမြင်ရတဲ့အတိုင်း ဒုက္ခ၊ သုက္ခတွေ ခံစားနေရတာပဲ တဲ့။
ဘာဖြစ်လို့ အသက်ရှည်၊ အသက်တိုသလဲ။ ဘာဖြစ်လို့ ချမ်းသာ၊ ဆင်းရဲသလဲ ဆိုတာ ငါးပါးသီလအကြောင်း ရှင်းပြတဲ့ အခါကျမှ သေသေချာချာ ပြောပြမယ်။
ဒါလောက်ဆို သဘောပေါက်ပြီ။ ဟုတ်တယ်မဟုတ်လား။ ကောင်းတာလုပ်ရင် ကောင်းတာရမယ်။ မကောင်းတာလုပ်ရင် သံသရာနဲ့ချီပြီး ခံရမယ်။ အဲဒီတော့ သူတော်ကောင်းတွေဟာ သံသရာဘေးကြီးကို အင်မတန်ကြောက်ကြလို့ သီလကို အသက်နဲ့ လဲပြီး စောင့်တာဘဲ။ သေတယ်ဆိုတာ ခုဘ၀ပြီးသွားတာ။ ဒါပေမဲ့ သီလကျိုးသွားရင်တော့ အဲဒီဆိုးကျိုးတွေကို ဘယ်နှစ်ဘ၀ဆက် ခံရမလဲ မသိနိုင်ဘူး။
သီလစောင့်ပြီး သေတယ်ဆိုရင် ဘယ်သောအခါမှ မကောင်းတဲ့ နေရာရောက်မှာ မဟုတ်ဘူး။ ကောင်းရာဘ၀ကိုပဲ ရောက်ဖို့ရှိတယ်။ ကောင်းတဲ့နေရာရောက်မယ်ဆိုရင်ဖြင့် သေဘို့ဟာ ဘာကြောက်စရာရှိတော့မလဲ။ သေတယ်ဆိုတာ ဒီဘ၀ကနေ ဟိုဘ၀ကို ပြောင်းတဲ့ ပီဘိ ဖြစ်စဉ်ကလေးတစ်ခုမျှသာဘဲ။ နင်တို့ ရန်ကုန်ကနေ လေယာဉ်စီးပြီး စင်ကာပူ လာတယ်။ သေတယ် ဆိုတာလဲ အဲဒီသဘောပဲ။ ရန်ကုန်ဆိုတဲ့ ဒီဘက်ဘ၀ကနေ သေခြင်းတရားဆိုတဲ့ လေယာဉ်ကိုစီးပြီး နောက်ဘ၀ဆိုတဲ့ စင်ကာပူကို သွားတာ။ ဒါပေမဲ့ လေယာဉ်စီးတာက အကြာကြီး။ သေတယ်ဆိုတာ ပီဘိ ခဏကလေး။ ဒီဘ၀ကနေ နောက်ဘ၀ကိုကူးတယ် ဆိုတာ တစ်စက္ကန့်တောင် မကြာဖူး။ အဲဒီအကြောင်း အဘိဓမ္မာအကြောင်းပြောတဲ့အခါကျ ရှင်းပြမယ်။
အဲဒီတော့ ကောင်းတဲ့ဘ၀ရောက်မယ်ဆိုတာသိနေတဲ့ သူတော်ကောင်းတွေအနေနဲ့ သေဘို့ရာ ဘာကြောက်မလဲ။ ဒါပေမဲ့ သီလသာကျိုးရင် မဟုတ်တဲ့နေရာတွေ ရောက်ပြီး ဆိုးကျိုးတွေခံစားရတော့မယ်။ အဲဒီအတွက် သီလကို အသက်နဲ့လဲပြီး စောင့်တယ်။

သဘောပေါက်ပြီလား၊ အဓိသီလ အကြောင်း။ နင်တို့ ဆရာကြီးဦးသုခ ရိုက်တဲ့ တစ်ပါးသီလ ဆိုတာ မကြည့်ဖူးကြဘူး ထင်တယ်။ ကြည့်ဖူးရင်လဲ ကြည့်ဖူးကြလိမ့်မယ်။ ဒါဖြင့် အဲဒီ တစ်ပါးသီလကြည့်ပြီး ဘာတွေရလိုက်သတဲ့လဲ။ ဆရာကြီးပြောချင် တဲ့ဟာကို သေသေချာချာ သဘောပေါက်သလား။ လူ၁၀၀ အဲဒီကားကိုကြည့်ရင် သေသေချာချာ သဘောပေါက်တဲ့လူ ၁၀ ယောက်တောင်မှ ရှိဘို့ခက်လိမ့်မယ်။ တကယ်လို့သာ လူတွေအားလုံး အဲဒါ သဘောပေါက်ကြရင် မြန်မာပြည်ကြီး ခုလောက် ဖြစ်နေစရာတောင် အကြောင်းမရှိဘူး။

(၆) 

            ဗုဒ္ဓ၀င် (ဗုဒ္ဓဖြစ်တော်စဉ်) တွေဆိုတာ အလကားဟောခဲ့တာ မဟုတ်ဘူး။ မြတ်စွာဘုရားက သူ အလောင်းတော်ဘ၀မှာ ဘယ်လို ကျင့်ကြံကြိုးကုတ်၊ အားထုတ်ခဲ့တယ်။ ဘယ်လိုနေခဲ့ထိုင်ခဲ့တယ် ဆိုတာတွေကို သူ့တပည့်သားမြေး၊ သာဝကတွေကို လည်း သူကျင့်ကြံခဲ့သလို နေကြထိုင်ကြဘို့၊ နေစေချင်လို့ ဟောခဲ့တာပဲ။
ခုတော့ လူတွေက သုတ္တန်တရားသွားနာတယ်။ ဘုန်းကြီးက - - - - ဘာဖြစ်လေတော့သတည်း။ သာဓု၊ သာဓု၊ သာဓု ဆိုပြီး ထပြန်လာခဲ့ကြတယ်။ ဘုန်းကြီးဟောသွားတဲ့တရားထဲက ဘာတွေ ငါတို့ရလိုက်သလဲ၊ အဲဒါ ဘာကိုဆိုလိုသလဲ၊ အဲဒီတရားကို လက်တွေ့ဘ၀မှာ ဘယ်လိုအသုံးချမလဲ ဆိုတာ ဘယ်သူတွေးသလဲ။ အဲဒါတွေကို ဦးကြီး နည်းနည်းချင်းရှင်းပြမယ်။

            ဟို့ အစပိုင်းမှာ မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ ဖြူအောင် စိတ်ကိုထားဆိုတဲ့ တရားအနှစ်ချုပ်ကို ပြောခဲ့တယ်။ မကောင်းမှုဆိုတာ ဘာတွေလဲ၊ ဘယ်လိုရှောင်မလဲ၊ ကောင်းမှုတွေဆိုတာ ဘာတွေလဲ၊ ဘယ်လိုဆောင်ရမလဲ။ အဲဒီ မကောင်းမှုကို ရှောင်ပြီး ကောင်းမှုကိုဆောင်ဘို့ သီလကိုဘယ်လိုစောင့်ထိန်းရမလဲဆိုတာ အခုဆက်ပြီး ရှင်းပြမယ်။
            တကယ်ဆို အဲဒါတွေဟာ နင်တို့ သိပြီးသားတွေပဲ။ အဲလေ သိသလိုလို ရှိနေတာတွေပဲ။
            နင်တို့ဘုန်းကြီးကျောင်းသွားတိုင်း သြကာသ၊ သြကာသ၊ x x x x၊ အာမဘန္တေပါ၏ အရှင်ဘုရား၊ ပါဏာတိပါတာ ဘာညာ မဆိုကြဖူးလား။ အဲဒီပါဏာတိပါတ ဆိုတာ အလွတ်မရဘူးလား။ ဟာ၊ ရသပေါ့။ ဟိုးငယ်ငယ်ကလေးထဲက ရနေတာ။
            ဒါဖြင့် အဲဒီ ပါဏာတိပါတ တို့၊ အဒိန္နာဒါနာတို့ဆိုတာ ဘာတွေလဲလို့ သိသလား။
            သိတာပေါ့၊ ဦးကြီးကလဲ။ ပါဏာတိပါတာ ဆိုတာ သူများအသက်မသတ်နဲ့၊ အဒိန္နာဒါနာဆိုတာ သူများပစ္စည်း မခိုးနဲ့။
            အေးပါ။ ငါက နင်တို့သိနေတာ မှားနေတယ်လို့ မဆိုပါဘူး။ ဒါပေမဲ့ အဲဒီအဓိပ္ပါယ်ကို သေသေချာချာ၊ ပိုင်းပိုင်းခြားခြား နားမလည်ကြဘူး။ အဲဒါ နင်တို့ ကလေးတွေတင် မဟုတ်ဘူး။ လူကြီးတွေရောပဲ။ နားမလည်တဲ့အတွက်ကြောင့်သာ မဟုတ်တာ တွေ လုပ်နေကြတာ၊ မြန်မာတစ်နိုင်ငံလုံးဘဲ။ ဦးကြီးရှင်းပြမယ်။ ဒါပေမဲ့ ဒါတွေက ဖတ်ထားတာကြာပြီဆိုတော့ တချို့ဟာတွေ မေ့တောင်နေပြီ။ နင်တို့ဟာနင်တို့ရှာဖွေသာ ဖတ်ကြည့်ကြပေရော့။

ပါဏာတိပါတ

            သတ်မှု၊ ခိုးမှု၊ ကာမေသု၊ သုံးခု ကာယကံ လို့ကျက်ထားလို့ရတယ်။ နင်တို့ပြောသလို ပါဏာတိပါတာဆိုတာ သတ်တာပဲ။ ဒါပေမဲ့ ဘယ်လိုသတ်ရင် ပါဏာတိပါတကံမြောက်သလဲ၊ ဘယ်လိုသတ်ရင် ပါဏာတိပါတကံ မမြောက်ဘူးလဲ ဆိုတာရှိတယ်။
            အရင်တုံးက ရှင်ဘုရင်တွေ တိုင်းပြည်အုပ်ချုပ်တယ်။ အဲဒီတုံးက ရာဇ၀တ်မှုကျူးလွန်တဲ့ လူတွေကို သေဒဏ်အပြစ် ပေးတယ်။ အဲဒီသေဒဏ်ကျတဲ့သူကို သတ်ရတဲ့လူကို အာဏာပါးကွက်သား လို့ခေါ်တယ်။ လက်မရွံ့လို့လည်း ခေါ်တယ်။ အကောင်းသား၊ အမွန်သား လူကြီးတစ်ယောက်ရဲ့ ဇက်ကို ဒါးနဲ့ပိုင်းဘို့ရာ လက်ရွံ့နေလို့မဖြစ်ဘူး။ အဲဒါကြောင့်မို့ လက်မရွံ့လို့ ခေါ်တာ။
            ဒီတော့ အာဏာပါးကွက်သားရဲ့အလုပ်က လူသတ်ရမဲ့အလုပ်။ သေဒဏ်ကျလာတဲ့သူတွေကို ဒါးနဲ့ပိုင်းပြီး သေအောင် လုပ်ရမဲ့အလုပ်။ သူ့အလုပ်ကိုက လူသတ်ရမဲ့အလုပ်။ လူသတ်ရမဲ့လူက လူမသတ်ချင်ပါဘူး ငြင်းနေလို့ရှိရင် သူသေဘို့ပဲရှိတယ်။ သေသေချာချာ နားထောင်နော်။
            အဲဒီပါးကွက်အာဏာသားကြီးက သေဒဏ်ကျလာတဲ့၊ သူသတ်ရမဲ့လူကို သောက်မြင်ကပ်လို့ ဒါးနဲ့ပိုင်းတာလား၊ သူလုပ်ရမဲ့ အလုပ်ကိုလုပ်တာလား။ ဒါ ရှင်းတယ်။ အဲဒီလူကိုမုန်းလို့၊ သေစေချင်လို့ သတ်တာမဟုတ်ဘူး။ သူ့အလုပ်ကိုက အဲဒီလူရဲ့ဇက်ကို ဒါးနဲ့ပိုင်းပြီး သေအောင်လုပ်ရမဲ့အလုပ်။ ဒါကြောင့် အဲဒီလိုသတ်တာသည် သူလုပ်ရမဲ့အလုပ်ကိုလုပ်တာ။ ဒါဖြင့် အဲဒီလူကြီး လူသတ်တာကို ပါဏာတိပါတကံထိုက်တယ်လို့ ဆိုမလား။
            နောက်တစ်ခု၊ နင်တို့ဈေးထဲမယ် ၀ယ်စားနေတဲ့ ၀က်သားကို ဘယ်လိုရလာတယ် ထင်သလဲ။ ငါတော့ မရောက်ဖူးပါဘူး။ ကိုမင်းဝေပြန်ပြောပြလို့ သိတာ။ ဆင်မလိုက်မှာ ၀က်တွေသတ်တဲ့ ၀က်ကျင်းရှိတယ်။ အဲဒီမှာ ၀က်တွေသတ်ရတဲ့လူ ရှိတယ်။ ၀က်တွေရဲ့ နှလုံးသားရှိတဲ့နေရာတည့်တည့်ကို လှံနဲ့ထိုးလိုက်ရင် တစ်ချက်ပဲ။ အဲဒီလူက နေ့တိုင်း လှံထိုးရတဲ့အလုပ်ကို လုပ်ရတော့ သူ့ထိုးချက်တွေ မလွဲဘူး။ ရုံထဲက ထွက်လာတဲ့ဝက်တွေကို သူထိုးလိုက်တယ်ဆိုရင် တစ်ချက်ပဲ။ နှစ်ခါပြန်မထိုးရဘူး။ ဒါ ကိုမင်းဝေ ပြောပြတာ။
            ဒါဆို အဲဒီ ၀က်သတ်သမားရော။ သူအဲဒီဝက်တွေကို လှံနဲ့ထိုးနေတာ။ သေစေချင်လို့ထိုးတာလား၊ သူ့အလုပ်ကို သူလုပ်နေတာလား။ ဒါပေမဲ့ ၀က်သတ်သမားက သူ့အလုပ်သူ မလုပ်ဘဲ ဟင်၊ ကမြင်းမ၀က်တွေ၊ သေတာကောင်းတယ်။ သေလဟ၊ နောက်တစ်ကောင်လာဦး သေစမ်း လို့ ဒေါနဲ့မောနဲ့ သေစေချင်တဲ့စေတနာတွေနဲ့ ထိုးနေတယ် ဆိုရင်တော့ သူ ပါဏာတိပါတကံ မြောက်တယ်။ ဘာဖြစ်လို့တဲ့လဲ။ ကိုယ်လုပ်ရမဲ့အလုပ်ကို မလုပ်လို့။ ၀က်သတ်ရမယ်ဆို၊ ၀က်ကိုပဲသေအောင် သတ်ရမှာ။ အဲဒီဝက်တွေအပေါ်မှာ သနားတာတို့၊ မုန်းတာတို့ ဘာမှမရှိစေနဲ့။
            နင်ရို့သဘောပေါက်အောင် ဥပမာတစ်ခု ထပ်ပြောပြမယ်။  
            တစ်ခါတုံးက သီလရှင်ကျောင်းတစ်ခုနဲ့ မနီးမဝေးမှာ ခန္ဓာကိုယ်နဲ့ရင်းနှီးစားနေတဲ့ ပြည့်တန်ဆာမတစ်ယောက်ရှိသတဲ့။ ပြည့်တန်ဆာမဆိုတော့ သူ့အလုပ်ကိုက ယောက်ျားတွေနဲ့ လုံးထွေးနေရမဲ့အလုပ်။ ဒီတော့ သူ့အိမ်ကို ယောက်ျားတွေ ၀င်ထွက် သွားလာနေတာ ဘာဆန်းသလဲ။
            ဒါကို မြင်နေ၊ ကြားနေရတဲ့ သီလရှင်ကြီးက မနှစ်မြို့ဘူး။ ကြည့်စမ်း၊ ပြည့်တန်ဆာမ။ ကောင်းရာမွန်ရာတော့ လုပ်ကိုင် စားသောက်နေတာမဟုတ်ဘူး။ အချောင်ရတဲ့အလုပ်ကို လုပ်နေတယ်။ ယောက်ျားတွေ တရုံးရုံးနဲ့ - ဆိုပြီးတော့ အချိန်တိုင်း ပြည့်တန်ဆာမအပေါ် အကုသိုလ်တွေ ပွားနေတယ်။ ဟိုကတော့ သူ့အလုပ်နဲ့သူ ဟုတ်လို့။ ဒီနေ့ ဘယ်နှယောက်လာသွားပြီ။ ဒီနေ့တော့ နေ့တွက်စီသွားပြီလို့ ကိုယ့်ဟာကိုယ်တွက်ပြီး တိန်တိန့်ကို မြည်လို့။
            သူတို့နှစ်ယောက်သေတဲ့အခါ ပြည့်တန်ဆာမက နတ်ပြည်ရောက်သွားပြီး နတ်စည်းစိမ်တွေ ခံစားနေတဲ့အချိန်၊ ခုနက ပြည့်တန်ဆာမအပေါ် အမြဲအကုသိုလ်ပွားနေတဲ့ သီလရှင်ကြီးကတော့ ငရဲကျသွားသတဲ့။
            အဲဒါ ကိုယ့်အလုပ် ကိုယ်မလုပ်တာပဲ။
            ပြောလက်စနဲ့ နောက်တစ်ခု ထပ်ပြောပြဦးမယ်။ နောက်မှဆို မေ့သွားမှာစိုးလို့။ သေသေချာချာ မှတ်ထား။
            တစ်ခါတုံးက ဈင်ဘုန်းကြီးနှစ်ပါး ခရီးသွားနေကြတယ်။ ဈင်ဘုန်းကြီးဆိုတာ ခပ်လွယ်လွယ်ပြောရရင် ဂျပန်ဗုဒ္ဓဘာသာ ဘုန်းကြီးတွေကို ခေါ်တာ။ ဒါပေမဲ့ ဗုဒ္ဓဘာသာအယူဝါဒတွေနဲ့ ဈင်ဘာသာ အယူဝါဒတွေ အကုန်တူတာတော့ မဟုတ်ဘူး။ ဒါ ထား။ နင်တို့သိချင် ကိုယ့်ဟာကိုယ် လေ့လာလို့ရတယ်။
            သွားကြရင်းနဲ့ လမ်းမှာ လူတစ်ယောက်လျှောက်သာရုံ တံတားကလေး တစ်ခုကို ရောက်လာကြတယ်။ တံတားရဲ့တစ်ဖက် မှာ မိန်းမပျိုလေးတစ်ယောက်၊ တံတားကို မကူးရဲလို့၊ တုန်ချိတုန်ချိ ဖြစ်နေတယ်။ အဲဒါကိုမြင်တော့ ဘုန်းကြီးတစ်ပါးက မိန်းမပျို ကလေးကို ပွေ့ချီပြီး တံတားတစ်ဖက်ကို ပို့ပေးလိုက်တယ်။ အဲဒီလိုလုပ်တာကို နောက်ဘုန်းကြီးတစ်ပါက မကျေနပ်ဘူး။ ဒါပေမဲ့ ဘာမှမပြောဘူး။ သူတို့ဆက်လျှောက်လာကြတယ်။
            ကျောင်းရောက်တော့ ဟိုဘုန်းကြီးက မအောင့်နိုင်ဘူး။ ဖွင့်ပြောတယ်။ ကိုယ်တော်၊ ဒီလိုလုပ်တာ ကောင်းသလားပေါ့။ ဟိုဘုန်းကြီးက ရုတ်တရက်ဆိုတော့ နားမလည်ဘူး။ ဘာကိုပြောတာလဲ အရှင်ဘုရားပေါ့။ ဒီတော့မှ ဟိုဘုန်းကြီးက သူ၊ ကောင်မလေးကို ချီပြီး တံတားတစ်ဖက်ကို ပို့ပေးခဲ့တဲ့ကိစ္စပြောပြတယ်။ အဲဒီတော့ ဟိုဘုန်းကြီးက ဘာပြန်ပြောတယ် မှတ်သလဲ။
            အလို၊ တပည့်တော်က အဲဒီဒကာမလေးကို တံတားမှာဘဲထားခဲ့ပြီ။ အရှင်ဘုရားက ကျောင်းထိသယ်လာတုံးပါလား လို့ ပြန်ပြောတော့မှ ဟိုဘုန်းကြီး သူမှားမှန်း သဘောပေါက်သွားတယ်။ ဟိုဘုန်းကြီး ကောင်မလေးကို ပွေ့ချီပို့တယ်ဆိုတာ တဏှာရာမနဲ့ အသားချင်းထိချင်လို့ ပွေ့တာမဟုတ်ဘူး။ သူလုပ်စရာရှိတာ လုပ်သွားတာ။ ဒါကို ဘေးကကြည့်တဲ့ ဘုန်းကြီးက သဘောမပေါက်ဘူး။ အဲဒီမှာ ဘယ်သူမှားသလဲ။

            ကိုင်း၊ အခု ပါဏာတိပါတကို ပြန်ကောက်ရအောင်။ ခုနက ၀က်ထိုးသမားနဲ့ ပါးကွက်အာဏာသားတို့ဟာ သူတို့အလုပ်ကို သူတို့လုပ်နေတာဖြစ်လို့ အဲဒါကို မိစ္ဆာဇီဝ (မကောင်းတဲ့အသက်မွေးမှု) လို့ခေါ်မလား။ အဲဒါကြောင့် သူတို့အသက်သတ်နေတာကို ပါဏာတိပါတကံ နေ့တိုင်းကျူးလွန်နေတဲ့သူတွေလို့ ဆိုမလား။ သူတို့က သူတို့လုပ်စရာရှိတာ သူတို့လုပ်တာ။
            ဒါဆိုရင် ရာဇ၀တ်မှုကျူးလွန်တဲ့သူကို သေမိန့်ချတဲ့ ဘုရင်မှာရော အပြစ်ရှိသလား။ သူကလည်း သေဒဏ်ကျလောက်တဲ့ အပြစ်ကျူးလွန်တာမို့လို့ သေဒဏ်ချလိုက်တာ၊ ဒီဘုရင်ဟာ သူ့အလုပ်ကို သူလုပ်တာဆိုရင်တော့ဖြင့် အပြစ်မရှိနိုင်ဘူး။ ဒါပေမဲ့ သူ့မယားလိုချင်၊ သူ့လင်လှံနဲ့ထိုး ဆိုတဲ့စကားရှိတယ်။
             ဘုရင်တစ်ပါးဟာ အမျိုးသမီးလှလှလေးမြင်တော့ အင်မတန်လိုချင် ဆိုပဲ။ ဒါပေမဲ့ အဲဒီအမျိုးသမီးမှာက ယောက်ျား ရှိတယ်။ ဘုရင်ဆိုတော့ သူများမယား အတင်းလုယူလို့ကလည်း မဖြစ်။ အဲဒီအခါကျတော့ ဟိုလူကို ရာဇ၀တ်မှုမြောက်အောင် အမျိုးမျိုးကြံစည်တယ်။ ဒီလူ ရာဇ၀တ်သားဖြစ်မှ သတ်လို့ရမှာကိုး။ စာထဲဖတ်ဖူးတာပဲ။ တကယ်ဟုတ်မဟုတ်တော့ မသိဘူး။
            ဟိုလူလည်း အမှုဖြစ်ရော၊ သေဒဏ်ချတာကိုး။ ဒီလူသေတော့ သူ့မယားကို သိမ်းပိုက်တယ်။ ဒီတော့ ရိုးရိုးရာဇ၀တ်မှု ကျူးလွန်လာတဲ့လူကို သေဒဏ်ချတာနဲ့၊ သူ့မယားလိုချင်လို့ ပြစ်မှုဆင်၊ သေဒဏ်ချတာ အပြစ်ချင်းတူပ့ါမလား။ ဘယ်လိုမှ မတူနိုင် ဘူး။ ဟိုဘုရင်က သူလုပ်စရာရှိတာ လုပ်တာ။ ဒီဘုရင်က သူ့မယားလိုချင်လို့ တမင်သက်သက်လုပ်တာ။ အဲဒီအတွက် ဟိုဘုရင် သေဒဏ်ပေးတာသည် ပါဏာတိပါတကံ မမြောက်ဘူး။ သူ့မယားလိုချင်လို့ သူ့လင်ကို သေဒဏ်ပေးတာကျတော့ ပါဏာတိပါတကံ မြောက်တယ်။ အင်မတန်သိမ်မွေ့တယ်နော်။ ဒါကို နင်တို့ ကောင်းကောင်း သဘောပေါက်ထားဘို့လိုတယ်။
            လူတွေကို သေဒဏ်အမိန့်ချလိုက်တိုင်းသာ ပါဏာတိပါတကံ မြောက်ရမယ်ဆိုရင် ငရဲဘုံမှာ တရားသူကြီးတွေချည်း ဖြစ်နေတာ့မှာဘဲ။ တစ်ပါးသူကို သူ့အပြစ်အတွက် ပြစ်ဒဏ်ချတိုင်းသာ ငရဲကျရမယ်ဆိုရင် ဘယ်သူတရားသူကြီးအလုပ် လုပ်ချင်တော့မလဲ။
            အဲဒီသဘောတရား နားလည်တဲ့အခါကျမှ လူ့လောကမှာ ဘယ်လိုနေထိုင် ကျင့်ကြံရမလဲဆိုတာ သိနိုင်မယ်။
            ဒီတော့ ပြန်အနှစ်ချုပ်ကြည့်ရအောင်။
            ပါဏာတိပါတကံမြောက်ဘို့ အင်္ဂါ (၅) ပါးနဲ့ပြည့်စုံရတယ်။ ဘယ်လိုအင်္ဂါတွေလဲ။
၁။ အသက်ရှိတဲ့သတ္တ၀ါဖြစ်ရမယ်။
၂။ အဲဒီသတ္တ၀ါဟာ အသက်ရှိနေတယ်လို့လည်း သိရမယ်။
၃။ သေစေလိုတဲ့စေတနာနဲ့ သတ်တာလည်း ဖြစ်ရမယ်။
၎။ တကယ်လည်း သတ်ရမယ်။
၅။ သေလည်း သေရမယ်။
            အဲဒီအင်္ဂါ ငါးပါးနဲ့ပြည့်စုံမှ ပါဏာတိပါတကံမြောက်တယ်။ ခုနကပြောခဲ့တဲ့ အာဏာပါးကွက်သားတို့၊ ၀က်ထိုးတဲ့လူတို့၊ တရားသူကြီးတို့မှာ နံပါတ် (၃) အင်္ဂါ ချို့ယွင်းနေတယ်။ အဲဒါကြောင့် သူတို့လုပ်ခဲ့တဲ့အမှုဟာ ကံမမြောက်ဖူး။ ရှင်းရှင်းပြောရရင် သူ့အလုပ်သူလုပ်သွားတဲ့ အာဏာပါးကွက်သားဟာ သူဓားနဲ့ပိုင်းလိုက်လို့ ရာဇ၀တ်သားသေသွားပေမဲ့ သူ့မှာ ပါဏာတိပါတကံ မမြောက်ဘူး။ ၀က်ထိုးတဲ့လူဟာ ၀က်တွေအပေါ် ချစ်ခြင်းမုန်းခြင်းမရှိဘဲ သူ့အလုပ်သာသူလုပ်သွားရင် သူ့မှာ ပါဏာတိပါတကံ မမြောက်ဘူး။ တရားသူကြီးဟာလည်း ဥပဒေနဲ့အညီ တရားခံကို သေဒဏ်စီရင်ချက်ချခဲ့ရင် သူ့မှာ ပါဏာတိပါတကံမမြောက်ဘူး။
            ကိုင်း၊ ရှင်းပြီလား။
            ငါ ဘာဖြစ်လို့ ဒီ ပါဏာတိပါတကံတစ်ခုတည်းကို ဒီလောက်ထိ ရှည်ရှည်ဝေးဝေး ရှင်းပြနေရသလဲဆိုရင် ဒီဒါကို ကောင်းကောင်းသဘောပေါက်မှ နောက်သီလတွေကိုလည်း သေသေချာချာ သဘောပေါက်မှာ မို့လို့ပဲ။ ခုပြောခဲ့တဲ့ ပါဏာတိ ပါတကံနဲ့ နောက်သီလလေးပါးလည်း သဘောတရားချင်း အတူတူပဲ။ တရားကိုယ်ချင်းပဲ နည်းနည်းကွာသွားတာ။ 

ဆက်ပါဦးမည်။

ကျေးဇူးတင်ပါသည်။

အေးငြိမ်း
၁၈၊ ၈၊ ၂၀၁၃။ မနက် ၁၀း၄၄ နာရီ


No comments: