(၇) အဒိန္နာဒါန
ခုတစ်ခါ
နောက်သီလတစ်ခုဖြစ်တဲ့ အဒိန္နာဒါနကံအကြောင်းဆက်ပြောပြမယ်။
ဒီကံကလည်း
လူ့ဘ၀ နေမှုထိုင်မှုမှာ အင်မတန် အရေးကြီးတဲ့အတွက် ဦးကြီးသေသေချာချာရှင်းပြမယ်။ အဒိန္နာဒါနကံကို
ခိုးတယ်လို့ ဘာသာပြန်ရင် မပြည့်စုံဘူး။ ခိုးတယ်ဆိုတာ အဒိန္နာဒါနကံရဲ့ အစိတ်အပိုင်းလေး
တစ်ခုမျှသာဖြစ်တယ်။ ပါဏာတိပါတ ကံလိုပဲ အဒိန္နာဒါနကံလည်း အင်မတန်သိမ်မွေ့တယ်။ အဲဒါကိုနင်တို့နားလည်အောင်
ဥပမာတွေနဲ့ ရှင်းပြမယ်။
အဒိန္နာဒါနာဆိုတာ
သူတစ်ပါးရဲ့ပစ္စည်းဖြစ်စေ၊ အချိန်ဖြစ်စေ၊ လုပ်အားဖြစ်စေ ဘာဖြစ်ဖြစ် ကိုယ်မပိုင်တဲ့အရာကို
မူလပိုင်ရှင် မသိဘဲဖြစ်စေ၊ မသိအောင်ဖုံးဖိလို့ဖြစ်စေ မတရားသဖြင့် ရယူတာဘဲ။
လူတစ်ယောက်ဟာ
ကုမ္ပဏီတစ်ခု ဒါမှမဟုတ် အစိုးရဌာနတစ်ခုခုမှာ အလုပ်လုပ်တယ်ဆိုပါစို့။ အဲဒီလူကို လခပေးထား
တာသည် သူယူရမဲ့တာဝန်ကို အပြည့်အ၀ ထမ်းဆောင်ဘို့ ပေးထားတာ။ စင်ကာပူမှာ အလုပ်ချိန် မနက်
၈ နာရီကနေ ညနေ ၅ နာရီထိ ၈ နာရီလုပ်ရတယ်။ ၁၀ နာရီမှာ ကော်ဖီချိန် မိနစ် ၂၀၊ နေ့ခင်း
၁၂ နာရီမှာ နေ့လည်စာစားချိန် တစ်နာရီ၊ ညနေ ၃ နာရီမှာ ကော်ဖီချိန် မိနစ် ၂၀ ပေးထားတယ်။
ဒါက တရားဝင်နားတဲ့အချိန်။
ဆိုတော့
အဲဒီတရားဝင်နားဘို့ ပေးထားတဲ့အချိန်ကလွဲပြီး ကျန်တဲ့အချိန်တွေမှာ အလုပ်လုပ်ဖို့ အဲဒီလူဟာ
သူ့မှာတာဝန် မရှိဘူးလား။ အဲဒီလူ အချိန်ပြည့်အလုပ်လုပ်၊ မလုပ်ဆိုတာကို စီစီတီဗီနဲ့ ကြည့်နေစရာအကြောင်းမရှိဘူး။
သူ့ကို တန်ရာတန်ကြေး လခပေးထားတဲ့အတွက် လုပ်ပေးဘို့လို့ သူ့မှာတာဝန်ရှိတယ်။ သူ့ကို အတင်းရိုက်ခိုင်းနေစရာကို
မလိုဘူး။ အဲဒါကို အဲဒီလူက သူ့ဟာသူခံယူထားရမယ်။
တကယ်လို့
အဲဒီလူက အလုပ်ထဲမှာ ခိုကပ်နေမယ်။ တခြားလူတွေလည်း မရှိရော၊ အလုပ်မလုပ်ဘဲ သူ့ဟာသူ လုပ်ချင်ရာ
တွေလုပ်နေမယ်ဆိုရင် အဲဒီလူဟာ အဒိန္နာဒါနာကံထိုက်တာပဲ။ ဘာဖြစ်လို့လည်းဆိုတော့ သူ့ကို
အလုပ်လုပ်ဖို့ ပိုက်ဆံပေး ခိုင်းထားတဲ့အချိန်တွေကို သူ ခိုးယူဖြုန်းတီးပစ်လိုက်လို့ဘဲ။
ကိုယ့်ကိုပေးထားတဲ့ လခနဲ့ ကိုယ်လုပ်ရတာ မတန်ဘူးထင်သလား၊ သူဌေးကို ပေါ်တင်သွားပြော၊ ဒါမှမဟုတ်
အလုပ်ထွက်။ ကိုယ့်ကိုတန်ရာတန်ကြေးပေးတဲ့ဆီ သွားလုပ်ပေါ့။ အင်မတန် ရှင်းနေတာ ပဲ။ ဒီလခကို
ကိုယ်က ကျေကျေနပ်နပ်လက်ခံထားတယ်ဆိုရင်ဖြင့် ဒီအလုပ်ကို တာဝန်ကျေအောင်ကို လုပ်ပေးရမယ်။
ငါရို့တိုင်းပြည်မှာ
အဲဒါမျိုးတွေအများကြီးရှိခဲ့ဖူးတယ်။ နင်တို့က ငယ်သေးလို့ နားလည်ချင်မှ နားလည်မယ်။ ရုံးကို
နာရီဝက်လောက် နောက်ကျပြီးမှ လာတယ်။ နာရီဝက်လောက် စောပြန်တယ်။ ထမင်စားချိန်ကိုလည်း ဟိုဘက်
၁၅ မိနစ်၊ သည်ဘက် ၁၅ မိနစ် လောက်စီ၊ စုစုပေါင်း နာရီဝက်လောက် ခိုးလိုက်သေးတယ်။ ကြားထဲမှာ
လဖက်သုတ်စားလိုက်၊ ဟိုမင်းသမီးနဲ့ ဒီမင်းသား ဟ၀ှာဖြစ်ကြတာတွေ စုပြီး အတင်းတုတ်လိုက်။
တစ်နေ့လုံးနေလို့ လုပ်ချိန် ၄ နာရီမပြည့်ဘူး။ (အခု ပင်စင်ယူသွားကြပြီ ဖြစ်တဲ့ အရင်
မဆလခေတ်တုံးက ၀န်ထမ်းတွေကို ပြောတာပါခင်ဗျာ။ အခုခေတ်ဝန်ထမ်းတွေ မပါပါဘူး။ တော်ကြာ အလကား
နေရင်း အဆဲခံနေရဦးမယ်။)
ငါတို့တိုင်းပြည်ကြီး
LDC (Least Development Country) ဘ၀ကို ဇောက်ထိုးမိုးမျှော် ထိုးကျသွားရတဲ့ အကြောင်းတွေ
မှာ အဲဒီ တရားဝင်၊ တိတ်တိတ်ပုန်း ငတက်ပြားတွေလည်း တစ်ကြောင်းအပါအ၀င်ပဲ။ ပြောလိုက်တော့ဖြင့်
ဝိပဿနာ၊ ဘာဝနာ။ နိဗ္ဗာန်ရောက်ကြောင်းကနေ တစ်ပြားသားမှ မလျှော့ဘူး။ တော်ကြာဝင်လိုက်ရပြန်ပြီ
ဆယ်ရက်စခန်း၊ တော်ကြာ အဓိဌာန်ဝင်တာ ဘယ်နှစ်ရက်။ ရုံးရောက်တော့ အဲဒီဆယ်ရက်စခန်းနဲ့ အဓိဌာန်တွေအကြောင်း
ဖောက်သည်ချနေရတာ ၃ ရက်နဲ့မပြီးဘူး။ ကိုယ် ကိုယ်နှိုက်က အဒိန္နာဒါနာကံတွေ ကျူးလွန်နေတယ်ဆိုတာ
သဘောမပေါက်ဘူး။
နောက်တစ်ခု။
ဘုရားဒကာ၊ ကျောင်းဒကာကြီးတွေ။ လူရှေ့သူရှေ့မှာတော့ တိုက်ပုံကြီးတွေ၊ ခေါင်းပေါင်းကြီးတွေနဲ့၊
အကျပါလား။ ခန့်ခန့်ကြီး။ တဟဲဟဲနဲ့ ပြောလိုက်ရတဲ့ နိဗ္ဗာန်ရောက်ကြောင်း။ ဟိုပရောဂျက်အတွက်
သိန်း ၁၀၀၀ လဲချပေးလိုက် ရော အဲဒီ ဘုရားဒကာကြီးအိတ်ထဲ သိန်း ၅၀၀ လောက်ဝင်သွားတယ်။ ဘုရားဒကာကြီးက
သူ့တပည့်တွေကို ကြည့်ရှုစောင့်ရှောက် တဲ့ အနေနဲ့ အဲဒီပရောဂျက်ကြီးကို ကိုယ့်တပည့်သားမြေးတွေကို
လက်လွှဲလိုက်တယ်။ ပရောဂျက်လဲရပြီဆိုရော အဲဒီတပည့် သားမြေးတွေကလည်း အဖေ့ဆီက အမွေရတဲ့အလား၊
တစ်ခါတည်း တိုက်ခန်းတွေဆောက်၊ မြေတွေ ကောက်ကက်ဝယ်လိုက်ကြ တယ်။ အဲဒီလို အဆင့်ဆင့်ဖြတ်အုပ်လိုက်ကြတာ
ပရောဂျက်လုပ်ဖို့အတွက်ကျတော့ ပိုက်ဆံ သိန်း ၁၀၀ တောင် အနိုင်နိုင် ကျန်တော့တယ်။ အဲဒီ
သိန်း ၁၀၀၀ တန်ပရောဂျက်ကြီးကို မြန်မာ့နည်း မြန်မာ့ဟန်နဲ့ အကောင်အထည်ဖော်ပြ၊ အပေါ်ယံမှာ
သနပ်ခါးလိမ်းပေးလိုက်တာ ဖွေးလို့၊ လှလို့။ ဖွင့်လိုက်ရတဲ့ လမ်း၊ ဖြတ်လိုက်ရတဲ့ ဖဲကြိုး။
ကောင်မလေး လှလှလေးတွေက ဗန်းလေးတွေ ကိုင်လိုက်လို့။ သောက်ကျိုးနဲ။ သူတို့မှ မဖွင့်လိုက်ရရင်
ဒီလမ်းကြီး ဖြတ်သွားလို့မရတော့မဲ့အတိုင်း။ လမ်းဖွင့်လို့ တစ်လလောက်လဲကြာရော အဲဒီလမ်းကြီး
ဟိုနားကကျိုး၊ ဒီနားကပေါက်။ ၆ လလောက်လဲကြာရော သုံးလို့မရတော့ဘူး။
အဲဒီတော့
ဒီတိုင်းပြည်မှ မမွဲ။ ဘယ်တိုင်းပြည်မွဲမလဲ၊ ပြော။ ဒါပေမဲ့ ဟိုအကောင်၊ နောက်ဖေးလမ်းကြားက
လုံချည် သွားရုပ်တာကျတော့ အဲဒီလူကြီးတွေကပဲ မရအရဖမ်း၊ အမှုတွေဆင်ပြီး ဒဏ်ငွေရိုက်၊ ထောင်ချလုပ်ကြတာပါကလား။
ငါတို့ခိုးတာ လူမမြင်ဘူး။ မင်းလဲ လူမမြင်အောင်ခိုးလို့ သင်ခန်းစာပေးနေတာနဲ့ မတူဘူးလား။
ဦးကြီးပြောချင်တာက
ကိုယ်ကိုးကွယ်နေတဲ့ဘာသာကို ကိုယ့်ဟာကိုယ် မလေးစားဘူး။ ဘုရားရှေ့သွားရွတ်နေတဲ့၊ ဘုန်းကြီးတွေဆီသွားပြီး
ဆောက်တည်နေတဲ့ အဒိန္နာဒါနာဆိုတာကို ဘာမှန်းမသိကြဘူး။ သိလဲမသိချင်ဘူး။ သိတောင်မှ မသိချင်ယောင်
ဆောင်နေတယ်။ အဲဒါ ဘာလုပ်တာတဲ့လဲ။ ဘာခံယူချက်လဲ။ ဘာကိစ္စ ဘုန်းကြီးနဲ့ ဘုရားကို သွားညာနေကြသလဲ။
သူများ ဘာသာတွေကျတော့ ပြောလိုက်ရတဲ့ မကောင်းကြောင်း။ ငါလုပ်နေတာ ဟုတ်သလားလို့ ဘယ်သူပြန်ဆန်းစစ်သလဲ။
နောက်ပြီး အချိန်ခိုးတာ။ သူများအားမှန်းမသိ၊
မအားမှန်းမသိ သွားလည်။ အရေမရအဖတ်မရတွေပြော။ တစ်ဖက်သားက အားနာလို့သာ နားထောင်နေရတယ်၊
သူ့မှာလုပ်စရာတွေရှိသေးတော့ ပြန်စေချင်လှပြီ။ ပြန်ပါတော့လို့ နှင်လွှတ်လို့ကလည်း မကောင်း။
မြန်မာစကားပုံတောင် ရှိသေးတယ်။ “ဧည့်သည်ညဥ့်နက်၊
အအိပ်ခက်” တဲ့။ အိမ်ရှင်လုပ်တဲ့သူက အိပ်ချင်လှပြီ။ ဧည့်သည်ကတော်တော်နဲ့ မပြန်တော့
အိပ်လို့မရတဲ့ ဒုက္ခကိုပြောတာ။ အဲဒါက အချိန်ခိုးတာ။ တခြားလူအချိန်ကို သွားခိုးတာ။
အဲဒီကိစ္စ
ဦးကြီးလည်း မကြိုက်ဘူး။ ကိုယ့်မှာက လုပ်စရာတွေ တပုံကြီး။ ဧည့်သည်လာလို့ ဧည့်ခံစကားပြောနေရတယ်။
ဧည့်သည်ကလည်း အလိုက်မသိဘူး။ တောရောက်တောင်ရောက်။ ဘာတဲ့၊ အလ္လာပ၊ သလ္လာပတဲ့။ ဦးကြီးကတော့
မကြိုက်ဘူး။ ပြောစရာရှိတာပြော၊ ပြန်။
ဒါပေမဲ့လည်း
လူ့လောကမှာ တစ်ခါတစ်ခါ ကိုယ်မကြိုက်ပေမဲ့ သည်းခံလုပ်နေရတာတွေလည်း ရှိတာပဲ။ တစ်ယောက်နဲ့
တစ်ယောက် ခင်မင်ရင်းနှီးတယ်ဆိုတာကလည်း အဲဒီလို အလ္လာပ၊ သလ္လာပပြော၊ ဟိုသွား၊ ဒီသွား၊
အတူလည်၊ စားကြသောက်ကြ။ ဒီလိုမှ ရင်းနှီးမှုကိုရတာကိုး။ ဦးကြီးလိုသာ လိုတာပဲပြော၊ ပြီးရင်ပြန်တော့ဆို
ဘယ့်နှယ်လုပ် ခင်မင်ရင်းနှီးတယ်ဆိုတာ ဖြစ်ပါတော့ မလဲ။ ဒါပေမဲ့ အလ္လာပ၊ သလ္လာပပြောရင်
တခြားသူ အားမအားတော့ ကြည့်သင့်တာပေါ့။ သူ့မှာ ဘာတွေလုပ်စရာရှိနေသလဲ။ မဟုတ်ဘူးလား။
နောက်တစ်ခုက
ဈေးသည်တွေ။ အရောင်းအ၀ယ်လုပ်တယ်ဆိုတာ သာမန် ရိုးရိုးသားသားလုပ်ကိုင်စားသောက်ကြရင် အဲဒါ
သမ္မာအာဇီဝ၊ တရားနဲ့ညီတဲ့အသက်မွေးဝမ်းကျောင်းအလုပ်။ ဒါပေမဲ့ ငါတို့ဆီမှာဖတ်ရတဲ့သတင်းတွေကြားရတာ
အင်မတန် စိတ်မချမ်းသာစရာကောင်းတယ်။ ဗုဒ္ဓဘာသာ ဒီလောက်ထွန်းကားတဲ့၊ တရားပွဲကြီးတွေ တချိမ်းချိမ်းကျင်းပနေတဲ့တိုင်းပြည်မှာ
ဒါမျိုးတွေလုပ်နေတာ ကိုယ့်မျက်နှာကိုယ်တောင် ဒါးနဲ့လှီးဘို့ကောင်းတယ်။
နင်တို့လည်း
ကြားမိမှာပေါ့။ တော်ကြာ ဘယ်စားသောက်ကုန်မှာတော့ဖြင့် အန္တရာယ်မကင်းတဲ့ ဓာတုဆေးဝါးတွေပါလို့၊
တော်ကြာ ဘယ်ငါးပိတွေမှာတော့ဖြင့် ဘာဆေးတွေပါလို့။ တော်ကြာ ဘယ်တိုင်းရင်းဆေးတွေကိုတော့ဖြင့်
ပိတ်ပင်လိုက်ပြန်ပြီ။ အဲဒါ ဘာတွေဖြစ်နေတာလဲ။ နင့်ကြီးကြီးပြောတာတော့ ငါးပိတွေတောင်
ဝယ်မစားရဲဘူး ဆိုပါလား။ ငါးပိဆို ယင်လိုက်မယ်။ ယင်နားရင် ပိုးလောက်လန်းတွယ်မယ်။ ဒီတော့
ပိုးလောက်လန်းမတွယ်အောင် လုံအောင်ဖုံးအုပ်ထားမယ်။ ကျကျနန သိုလှောင် ထားမယ်ဆိုတဲ့အစား
ငါးပိကို ပိုးသတ်ဆေးနဲ့ ဖြန်းသတဲ့။ ကြည့်စမ်း၊ ဘယ့်လောက် အသိဉာဏ်နုံနဲ့လိုက်တဲ့ သူတွေလဲ။
အခုလဲ ကြားရပြန်ပြီ။ ငါးပိမှာ ဓာတ်မြေသြဇာတွေပါတယ်တဲ့။ ဦးကြီးဖြင့် နားကိုမလည်နိုင်ဘူး။
သမာဓိချိန်ခွင်တဲ့။
မြန်မာပြည်မှာဘဲ ရှိတယ်။ ဘယ့်နဲ့ကွယ်။ ၀ယ်တဲ့လူက တစ်ဆယ်သားဝယ်ရင် တစ်ဆယ်သားအပြည့် ပေးရမှာ
မဟုတ်လား။ ဘာကိစ္စ သမာဓိချိန်ခွင် သွားချိန်နေစရာရှိမလဲ။ အင်မတန်ရှက်စရာကောင်းတဲ့ လုပ်ရပ်တွေ
မဟုတ်ဘူး လား။ သာသနာ နေလိုလလိုထွန်းကားနေတဲ့ ငါတို့တိုင်းပြည်မှာ ဖြစ်နေတာတွေ။ တစ်ပိသာဝယ်တာကို
၉၅ ကျပ်သားပဲ ချိန်ပေး လိုက်တယ်။ ၅ ကျပ်သားခိုးထားလိုက်တယ်ဆိုရင် အဲဒီဈေးသည်ကို သမ္မာအာဇီဝလုပ်နေပါတယ်လို့
ပြောနိုင်မလား။ ခုနက ၀က်သတ်နေတဲ့သူက ဖြူဖြူစင်စင်လုပ်နေတယ်ဆိုရင် အဲဒီဈေးသည်ထက် အများကြီးသာတယ်။
နောက်ပြီး
ဆီရောင်းတာ။ ဆီဆိုတာ သိတဲ့အတိုင်း ခွက်ထဲကလောင်းချလိုက်ရင် ချက်ချင်းအကုန်ကျသွားတာ
မဟုတ်ဘူး။ အချိန်နည်းနည်းယူတယ်။ အဲဒါကို အခွင့်ကောင်းယူပြီး ဆီကိုချင်ပြီးပြီးချင်း၊
ခွက်ကိုချက်ချင်း ပြန်ရုတ်လိုက်တယ်။ ဆိုတော့ ဆီက ခွက်မှာကပ်ကျန်နေခဲ့တယ်။ တကယ်လို့
သူသာ မှန်မှန်ကန်ကန်ရောင်းဝယ်၊ လုပ်ကိုင်စားသောက်တာ မှန်ရင် အဲဒီဆီကို အကုန်ကုန်အောင်
အချိန်ယူထည့်မပေးသင့်ဘူးလား။ အချိန်မရဘူး၊ နောက်မှာ ၀ယ်သူတွေ တန်းစီနေတယ် ဆိုရင် ခွက်ထဲကပ်ကျန်နေမဲ့ဆီအစား
နည်းနည်းပိုထည့်ပေးလိုက်တော့ ဘာဖြစ်သွားမလဲ။ အဲဒါ ကိုယ်ကျင့်တရားအပေါ် ခံယူထားတဲ့ စိတ်ဓာတ်အပေါ်
မူတည်နေတယ်။ အဲဒီလို ဆီကို ၀ယ်တဲ့သူဆီကနေ မသမာတဲ့နည်းနဲ့ ကုပ်ကပ်ယူထားလိုက်တာဟာ အဒိန္နာဒါနာ
ပဲ။ အဲဒီစိတ်ဓာတ်သာရှိနေလို့ကတော့ ဘုန်းကြီးရှေ့သွား ငါးပါးသီလခံမနေနဲ့၊ အလကားဘဲ။ ဘုန်းကြီးနဲ့ဘုရားကို
သွားညာတာနဲ့ တူနေလို့ မုသာဝါဒကံတောင် အလိုလိုကျူးလွန်နေပြီးသားဖြစ်မယ်။
နောက်တစ်ခု၊
လယ်သမားတွေ စပါးရောင်းတာ။ ငါ့မှာကလည်း ပြောစရာတွေ ပေါ်ပေါ်လာတယ်။ ပေါ်ဆို အရင် ကတည်းက
ဒါတွေမြင်နေကြားနေခဲ့ရလို့ ငါ့စိတ်ထဲ မကျေမနပ်ဖြစ်နေတာ ကြာလှပြီ။ နင်တို့တော့ တောမှာမနေခဲ့ရလို့
သိချင်မှ သိမယ်။ စပါးချင်တာတောင် ရိုးရိုးချင်တာမဟုတ်ဘူး။ တင်းတောင်းချင်းအတူတူ ချင်တဲ့အပေါ်မူတည်ပြီး
တင်းပိုတာတို့၊ လိုတာတို့ လုပ်လို့ရတယ်။ စပါးကို ဟောသလို ဝေါကနဲ ဟုန်ပြီးလောင်းချလိုက်ရင်
စပါးဟာ တင်းတောင်းထဲကို တင်းပြည့်ကျပ်ပြည့်ဝင်သွား တာမဟုတ်တဲ့အတွက် ၁၆ ပြည်အပြည့်မရှိတော့ဘူး။
စပါးကို ဟောသလို ဖြည်းဖြည်းချင်းသွန်ထည့်မှ တင်းပြည့်ကျပ်ပြည့် ၀င်သွားလို့ ၁၆ ပြည်
အပြည့်ရတယ်။
ကိုယ်သာ
ရိုးရိုးသားသားစိတ်ရှိတယ်ဆိုရင် ဘာကိစ္စ အဲဒီ စပါးချင်တာ နှစ်မျိုးဖြစ်နေစရာရှိမလဲ။
ဟုတ်တယ်မဟုတ်လား။ အဲဒါကို ချိန်စဉ်းလဲ၊ တောင်းစဉ်းလဲလို့ခေါ်တယ်။ နောက်ပြီးတော့ တောမှာ
စပါးကိုတောင်သူတွေဆီက၀ယ်ပြီး ကုန်သည်တွေဆီ ပြန်ရောင်းတဲ့ စပါးပွဲစားဆိုတာရှိတယ်။ အဲဒီစပါးပွဲစားတွေမှာ
တင်းတောင်းနှစ်မျိုးရှိတယ်ဆိုပါလား။ တောင်သူတွေဆီက ၀ယ်တဲ့တင်းတောင်းက နည်းနည်းပိုကြီးပြီး
ကုန်သည်တွေဆီပြန်ရောင်းတဲ့ တင်းတောင်းကတော့ နည်းနည်းသေးတယ်။ ဦးကြီး ကိုယ်တွေ့ကြုံခဲ့တာတော့
မဟုတ်ဘူး။ တောမှာနေတုံးက သူများတွေ ပြောတာ နားစွန်နားဖျား ကြားဖူးတာ။ ဒါပေမဲ့ ခုဖြစ်ရပ်တွေနဲ့
နှိုင်းစာကြည့်ရင် ဒါ အများကြီးဖြစ်နိုင်တယ်။ အဲဒါကို အဒိန္နာဒါနာမခေါ်ရင် ဘယ်ဟာကို သွားခေါ်မလဲ။
နင်တို့တော့
ကြားဖူးလားမသိဘူး။ ကြက်သား၊ ၀က်သားတွေကို ရေထိုးရောင်းတယ် ဆိုတာ။ ဦးကြီးတို့ ရေဆင်းမှာ
နေတုံးက နင့်ကြီးကြီး အဆုပ်ထဲရေ၀င်လို့ ရန်ကုန်လာ ဆေးကုရတယ်။ အဲဒီတုံးက ငါတို့တည်းတာ
ရွာမကျောင်းလမ်းထဲက ရေခဲစက်ဝင်းထင်တယ်၊ ကိုမြင့်လွင်၊ မ၀င်းတို့ အိမ်မှာ။
တစ်မနက်
ငါအိပ်ယာထ မျက်နှာသစ်နေတုံး ဟိုဘက်လမ်းမှာ လူတွေ အ၀တ်လျှော်တဲ့ဒန်ဇလားကြီးတွေရယ်၊ စက်ဘီး
လေထိုးတဲ့ ပိုက်ကြီးတွေရယ်နဲ့ အလုပ်ရှုပ်နေကြတာ။ ငါလည်း ဘာပါလိမ့်လို့ မလှမ်းမကမ်းကနေ
သွားစပ်စုမိတယ်။ အောင်မလေး ကွယ်။ ကြက်ပိန်လေးတွေကို ၀ဖီးနေတဲ့ကြက်ကြီးတွေ ဖြစ်အောင်
လုပ်နေတာပါလား။ ဒန်ဇလားကြီးထဲမှာ အမွေးနှုတ်ပြီးသား ကြက်တွေထည့်ထားပြီး တစ်ယောက်က စက်ဘီးလေထိုးတံနဲ့
တစ်ကောင်ပြီးတစ်ကောင် ရေတွေ ထိုးထည့်နေတာ။ အံ့သြကုန် နိုင်ဖွယ်ပဲ။ ဘာအဆင့်မြင့်နည်းပညာမှ
မလို၊ ဘာပိုက်ဆံမှမသုံးရဘဲနဲ့ စက္ကန့်ပိုင်းအတွင်း ကြက်တွေဘဲတွေကို ၀ဖီးလာအောင် လုပ်တဲ့နိုင်ငံ၊
ကမ္ဘာပေါ်မှာ ဦးကြီးတို့တစ်နိုင်ငံပဲ ရှိမယ်ထင်ပါရဲ့။
နင်တို့စဉ်းစားကြည့်စမ်း။
အလေးကလည်း ခိုးသေးတယ်၊ ရေကလည်းထိုးသေးတယ်၊ ဒါ့အပြင် ကြက်တွေက ဖြူဖတ် ဖြူလျော်ဖြစ်နေရင်
ဝယ်တဲ့သူမကြိုက်ဘူးဆိုပြီး ဆေးကလည်း ဆိုးလိုက်သေးတယ်။ ၀ယ်တဲ့သူတွေခမျာ ဘာရစရာရှိတော့သလဲ။
လုပ်ပုံတွေ ပြောပါတယ်။
ပြောရမယ်ဆို
အများကြီးပါဟာ။ ဒါပေမဲ့ ပြောလက်စနဲ့ နည်းနည်းတော့ ပြောလိုက်ရဦးမယ်။ ငါတို့ငယ်ငယ်တုံးက
ခုခေတ် လို အသင့်ဝတ် အထည်တွေသိပ်ရှိသေးဘူး။ ပိတ်စကိုဝယ်ပြီး ချုပ်တဲ့လူဆီမှာ ကိုယ်တိုင်းပေး
ချုပ်တယ်။ နင်တို့ဘဘလဲ တကယ်တော်တဲ့ စက်ချုပ်ဆရာကြီးပဲ။ ငါတို့ရွာမှာ စက်ချုပ်တတ်တာ
တစ်ယောက်နှစ်ယောက်ပဲရှိတယ်။ အခု အိမ်က အပ်ချုပ်စက် ကြီးဟာ နင့်ဘဘ လူပျိုဘ၀ကတည်းက စက်ကြီး။
စင်းဂါးတံဆိပ်။ ခုထိ ကောင်းနေသေးတယ်။
ပိတ်စကိုတော့
ကွင်းကောက်တို့၊ ဟင်္သာတို့သွားရင် ၀ယ်တယ်။ အရင်တုံးက လူတွေဟာ ရိုးရိုးသားသားပါဟာ။ ဘာ
ကူလီကူမာမှ မများဘူး။ ခုခေတ်ကျမှ ဘယ့်နှယ် ကပြောင်းပြိ၊ ကပြောင်းပြန်၊ ကိုးယို့ကားယားတွေ
ဖြစ်လာရတယ် မဆိုနိုင်ဘူး။ လူတွေရဲ့ လောဘတွေဖြစ်မှာပေါ့။
အဲဒီပိတ်စ၀ယ်တာမှာလည်း
ကြည့်လိုက်ဦး။ ဖျင်စဆိုတာ ဆွဲလိုက်ရင် စန့်ပါလာတာပဲ။ ရိုးရိုးသားသား အထည်ရောင်းတဲ့
သူဆိုရင် ဖျင်စကို ကိုက်တောင်နဲ့တိုင်းတဲ့အခါ ဒီအတိုင်း၊ ဖျင်စအရှိအတိုင်း တိုင်းပေးမှာပေါ့။
ဟော၊ မရိုးသားတဲ့ အထည်သည် ကျတော့ ၀ယ်တဲ့သူကို စကားတွေဖောင်လောက်အောင်ပြောပြီး ဖျင်စကိုရသလော
ဆွဲတိုင်းလိုက်တယ်။ စကားပြောတယ်ဆိုတာ ၀ယ်တဲ့သူက သူတိုင်းတဲ့ဆီ အာရုံမရောက်အောင် လွှဲထားတာ။
ဒီတော့ အင်္ကျီချုပ်ဘို့လို့ သုံးတောင်ဝယ်တယ်။ သုံးတောင်မပြည့် တဲ့အခါကျတော့ ချုပ်တဲ့နေရာမှာ
ပြဿနာတက်တယ်။ သူ့ကိုယ်တိုင်း အတိအကျ မချုပ်နိုင်တော့ဘူး။ အဲဒီပြဿနာတွေ ဒီတစ်ခါ ရန်ကုန်ပြန်ရင်
နင့်ဘဘ မေးကြည့်။ သူကောင်းကောင်းသိတယ်။
နောက်တစ်ခုက
ကား၊ ရထားခိုးစီးတာ။ ရထားကို လက်မှတ်ဝယ်မစီးဘဲ လက်မှတ်စစ်ဒီတွဲလာရင် ဟိုဘက်တွဲ သွား
ရှောင်နေတယ်။ သူတင်မဟုတ်ဘူး။ ကလေးတွေကိုပါ ပိုက်ဆံမကုန်အောင် ရထားဘယ်လိုစီးရမယ်ဆိုတာ
သင်ပေးသေးတယ်။ ဖြစ်ပုံ။ အဲဒါ ကောင်းသလား။
ငြုပ်သီးမှုန့်လုပ်တဲ့သူတွေက ကောင်းတဲ့ငြုပ်သီးကို
ဝယ်မကြိတ်ဘဲ ဈေးသက်သာတဲ့ ဖလံဖြူတွေဝယ်ကြိတ်၊ နောက်ပြီး ဆေးဆိုးရောင်း။ မီးသွေးရောင်းတဲ့သူတွေကလည်း
ပိုပြီးအလေးချိန်စီးတဲ့ ခြေတုံးတွေထည့်ရောင်း။ ရောင်တော့လည်း မီးသွေး တောင်းကို ရေဖြန်းပြီးတော့ချိန်တယ်။
(ဖလံဖြူဆိုသည်မှာ ရောဂါကျသဖြင့် အဖြူ သို့မဟုတ် ၀ါကျင့်ကျင့်ဖြစ်နေသော ငြုပ်သီးတောင့်များဖြစ်၏။
ခြေတုံးဆိုသည်မှာ မီးသွေးဖုတ်သည့်အခါ မီးလုံးဝကျွမ်းမသွားဘဲ သစ်သားတစ်ပိုင်း၊ မီးသွေးတစ်ပိုင်းဖြစ်နေသော
တုံးများကို ခေါ်သည်။ မီးထည့်သည့် အခါ တော်တော်နှင့်မီးမစွဲ၊ မီးစွဲသည့်အခါလည်း ကောင်းကောင်းမီးမလောင်နိုင်ဘဲ
မီးခိုးများအူနေတတ်သည်။)
နောက်ပြီး မီတာခိုးသုံးတယ်။ နင်တို့တော့
သိမလားမသိဘူး။ လျှပ်စစ်ကို အိမ်တွေပို့တဲ့အခါ အဲဒီအိမ်က လျှပ်စစ် ဘယ်လောက်သုံးသလဲသိရအောင်
လျှပ်စစ်သုံးစွဲမှုကို တိုင်းတဲ့မီတာ တပ်ပေးထားတယ်။ လျှပ်စစ်က အဲဒီမီတာကိုဖြတ်ပြီး အိမ်ဆီစီးသွားတော့
သူ့အပေါ်ဖြတ်စီးသွားတဲ့လျှပ်စစ်ကို မှတ်ပေးထားတယ်။ များများသုံးရင်၊ များများစီးမယ်၊
များများပိုက်ဆံ ပေးရမယ်။ နည်းနည်းသုံးရင် နည်းနည်းပဲစီးလို့ နည်းနည်းပဲပိုက်ဆံပေးရမယ်။
အဲဒီတော့ များများသုံးပြီး နည်းနည်းပဲ ပိုက်ဆံပေးရ အောင် လျှပ်စစ်ကို မီတာကိုဖြတ်မစီးစေဘဲ
ကျော်စီးစေတယ်။ အဲဒါကို မီတာခိုးတယ်လို့ခေါ်တယ်။ မီတာခိုးတယ်ဆိုတာ မီတာပုံးကို ခွပြီး
ဟိုဘက်သည်ဘက် ၀ါယာကြိုးနဲ့ဆက်ပြီးသုံးတာ။
မျိုးစုံပါဘဲဟာ။ ငါသာအချိန်ရရင်
ငါတို့တိုင်းပြည်က အဲဒီခိုးနည်းဝှက်နည်းတွေကို လိုက်သုတေသနပြုပြီး ဆရာကြီး မဟာဂီတ ဦးပြုံးချိုက
နေအေးလိမ်နည်းတွေ စုရေးသလိုမျိုး ရေးလိုက်ချင်သေးတယ်။ အဲဒီလိုသာရေးလိုက်ရလို့ကတော့
“အင်ဆိုက်ကလိုပီးဒီးယား ဗမာခိုးနည်းကား” ဆိုပြီး ကျမ်းစာအုပ်ကြီး တစ်အုပ်ဖြစ်လာမလားမသိဘူး။
နေပါဦးဟယ်။ အခု နင်တို့စင်ကာပူရောက်လာတော့
ဟို လှည်းတန်းဈေးထိပ်မှာထားတဲ့ သမာဓိချိန်ခွင်ဆိုတာလိုမျိုး တွေ့မိသလား။ NTUC က ချိန်ခွင်တွေ အလေးခိုးလိမ့်မယ်လို့
ယူဆမိသလား။ ဈေးထဲက ကြက်သား၊ ၀က်သားတွေ ရေထိုးတယ် လို့များ တွေ့မိသလား။ အဲဒါ ဘာကြောင့်လဲ။
စင်ကာပူကလူတွေ နေ့တိုင်း ဘုန်းကြီးကျောင်းသွားပြီး ငါးပါးသီလ ယူနေလို့လား။
ဒါဖြင့် ငါတို့တိုင်းပြည်မှာရော၊
ဘာဖြစ်လို့ အဲဒီလို မလုပ်နိုင်ရမလဲ တဲ့။ တကယ်သာ ငါတို့လူမျိုးတွေဟာ ငါးပါးသီလကို အမှန်အကန်
စောင့်ချင်သပဆိုရင် ဘုန်းကြီးဆီတောင် သွားစရာမလိုဘူး။ ကိုယ့်ချိန်ခွင်ကို မှန်မှန်ကန်ကန်ဖြစ်အောင်
စစ်ဆေး နေမယ်။ ကိုယ့်အလေးချိန်ခွင် တင်းတောင်းတွေကို ကိုယ့်ဟာကိုယ် ချိန်ကိုက်နေမယ်။
ဟဲ့၊ နင်တို့အလေးတွေတိုက်ကြည့်ကြဟဲ့။ တော်ကြာ အလေးတွေမပြည့်လို့ရှိရင် အလကားနေရင်း
ငရဲငအုံတွေကြီးနေမယ်ဟဲ့ လို့ အချင်းချင်း သတိတွေပေးမယ်။ ကိုယ့် တင်းတောင်းတွေ မမှန်ရင်တောင်
ငါတို့တောင်းကတော့ဟေ့၊ ဟောင်းနေပြီဆိုတော့ ချင်လိုက်ရင် နို့ဆီတစ်ဘူးလောက် လျော့ လျော့နေတယ်။
ရော့၊ ဟောဒီမှာ နို့ဆီတစ်ဘူးထပ်ယူသွားလို့ ပြောမယ်ဆိုတဲ့ အလေ့အထတွေ ထူထောင်လို့ မရတော့ဘူးလား။
သားဖြစ်သူ ပရောဂျက်ထဲက ပိုက်ဆံတွေ
ဘုန်းလာရင်တောင် မိဘလုပ်တဲ့သူတွေက မှိန်းစားမနေဘဲ ဟဲ့၊ င့ါသား၊ ပိုက်ဆံတွေ များလှချည်လား။
ဘယ်ကရသလဲ။ မင်းပရောဂျက်ထဲကဆိုရင်တော့ မယူကောင်းဘူးနော်။ မရှိရင် အမေတို့ ငါးပိဖုတ်
နဲ့ စားမယ်။ အဲဒီပိုက်ဆံတွေ မင်းပြန်မဆပ်နိုင်ရင် တစ်သံသရာလုံး ခံရလိမ့်မနော်။ မမိုက်နဲ့ငါ့သား
လို့ မပြောကောင်းပေဘူးလား။
ကိုင်း၊ ပြောစမ်းပါ။ အဲဒါ ဘာကြောင့်လဲ။
နင်တို့က အခုမှ လူ့လောကထဲ စ၀င်လာရမဲ့အရွယ်တွေ။ အဲဒီ အတုမခိုးကောင်း တဲ့ဟာတွေ အတုမယူနဲ့။
အဲဒါတွေ ကြပ်ကြပ်ရှောင်ကြ။ နင်တို့လို လူငယ်တွေက စပြီး ပျက်စီးနေပြီးဆိုရင်တော့ ဒီတိုင်းပြည်ကြီး
အဖတ်ဆယ်လို့ ရမှာမဟုတ်တော့ဘူး။ ဒီတိုင်းပြည်ကြီးကို နင်တို့ပဲ ထူထောင်ကြရမှာ။ ဒီတော့
နင်တို့တွေ၊ နင်တို့အရွယ်ရှိတဲ့ လူငယ်တွေ ကောင်းမွန်မှန်ကန်တဲ့၊ မြင့်မြတ်တဲ့ အတွေးအခေါ်၊
အယူအဆတွေ ရှိနေဘို့၊ ခံယူတတ်ဘို့ အလွန်အင်မတန် အရေးကြီးတယ်။ အဲဒါကို နင်တို့ ရင်ထဲ၊
နှလုံးထဲ၊ ကျောက်ကပ်ထဲ အသွေးအသားထဲမှာ စူးစူးနစ်နစ် နားလည်သဘောပေါက် ထားဘို့လိုတယ်။
ဒါပေမဲ့၊ ဒီလို အကြံအဖန်တွေ၊ ညစ်တီးညစ်ပတ်တွေဖြစ်လာတာ
သိပ်မကြာသေးဘူး။ သိပ်မကြာသေးဘူးလို့ ထင်တာပဲ။ ဦးကြီးတို့ငယ်ငယ်တုံးက ဒါမျိုးတွေ မကြားမိပါဘူးဟယ်။
တို့တောက အိမ်တွေမှာ ဘယ့်နှယ်တံခါးရယ်လို့ ရမလဲ။ အင်မတန် ချမ်းသာတဲ့ အိမ်တချို့တလေကလွဲလို့
ဘယ်အိမ်မှ တံခါးရှိတာမဟုတ်ဘူး။ ဦးကြီးတို့ မိဘများအိမ်မှာလည်း တံခါးမရှိဘူး။ နောက်အရီးတို့နဲ့ပေါင်းနေတဲ့အခါကျတော့
အဲဒီအိမ်မှာ တံခါးရှိတယ်။ တံခါးကို ၀ါးနဲ့ ယက်ထားပြီး သစ်သားဘောင် ကွပ်ထား တယ်။ တံခါးက
တော်ရုံအားနဲ့ ဖွင့်လို့မရဘူး။ အင်နဲ့အားနဲ့ တံခါးရွက်ကြီးကို ဆွဲတင် ရတာ။ နောက်ပြီး
သစ်သားချောင်းကြီးနဲ့ ကန့်လန့်ထိုးပိတ်တယ်။ အဲဒီသစ်သားချောင်းကြီးကို မင်းတုပ် လို့ခေါ်တယ်။
တော်တော်များများအိမ်တွေမှာ တံခါးမရှိဘူး။
ဒီအတိုင်းအိပ်ကြတာဘဲ။ တံခါးမရှိတာတင်မဟုတ်ဘူး။ လယ်ပြီးတဲ့အခါ စပါးတွေကို ရွာထဲမတိုက်ရသေးခင်
တလင်းထဲမှာ ဒီအတိုင်းပုံထားတာပဲ။ ဘယ်အစောင့်တွေ၊ အစက်တွေရမလဲ။ ခိုးချင်လို့ကတော့ ညဘက်
လယ်ထဲသွား စပါးတွေရိတ်လို့ရတယ်။ တခြားကောက်ပဲသီးနှံတွေလည်း ဒီအတိုင်းပေါ့။ ဒါပေမဲ့
ငါတို့ဘက်မှာ စပါးခိုးရိတ် တယ်တို့ မြေပဲခိုးနှုတ်တယ်တို့ ကြားရခဲတယ်။
ဝမ်းနည်းစရာကောင်းတာက ငါတို့လူ့အဖွဲ့အစည်းဟာ
ခိုးတာကို အားပေးအားမြှောက်ပြုနေကြတယ်။ ခိုးတာကို ယဉ်ကျေးမှုတစ်ရပ်အနေနဲ့ လက်ခံကျင့်သုံးနေကြတယ်။
ဦးကြီးအနေနဲ့ အဲဒီအခြေအနေကြီးကို အလွန်အင်မတန့်ကို စိတ်ပျက်မိ တယ်။ နင်တို့က ကလေးဆိုတော့
နားလည်ချင်မှ နားလည်ဦးမယ်။ ဒါပေမဲ့ အဲဒါဘာလဲဆိုတာကို ဦးကြီးရှင်းပြမယ်။ ကြိုးစား
နားလည်အောင်လုပ်။
ဦးကြီးတို့ ကျောင်းပြီးတော့ အလုပ်ရှာတယ်။
၁၉၈၆ ခုနှစ်အကျော်ပိုင်းက။ အဲဒီမှာ ဦးကြီးတို့ ပတ်ဝန်းကျင် အသိုင်းအ၀ိုင်း က အလုပ်တစ်ခုကို
ဘာနဲ့ချိန်ထိုးကြည့်သလဲဆိုတော့ အောက်ဆိုဒ် ဆိုတာကြီးနဲ့ တိုင်းကြတယ်။ ဘာရာထူးလဲ၊ ဘာတာဝန်တွေ
ယူရမလဲဆိုတာ ဘယ်သူမှ စိတ်မ၀င်စားဘူး။ ယုတ်စွအဆုံး လခဘယ်လောက်ရသလဲ ဆိုတာတောင် စိတ်မ၀င်စားဘူး။
သူတို့ စိတ်ဝင်စားတာ အောက်ဆိုဒ်။
အလုပ်တစ်ခု ဟန်ကျမကျဆိုတာကို အဲဒီ
အောက်ဆိုဒ်ဆိုတဲ့ ပေတံနဲ့တိုင်းတယ်။ အဲဒီအလုပ် ဘယ်လောက် အောက်ဆိုဒ် များများရမလဲ။ အောက်ဆိုဒ်များတဲ့အလုပ်ဆို
လူတွေအားကျတဲ့မျက်လုံးတွေနဲ့ ၀ိုင်းကြည့်ကြတယ်။ မကြာခင် သူဌေးဖြစ်တော့မှာ ဆိုတော့ သူ့အနားကို
လူတွေဝိုင်းလာတယ်။ မျက်နှာတွေက ပြုံးလို့။ အစ်ကိုကြီးရေ၊ ညီလေးရေ၊ မောင်လေးရေနဲ့ အသံလေးတွေကို
ချိုလို့။ သမီးရှင်တွေကလည်း ဟဲ့၊ မောင်ဘယ်သူတို့များ နေနိုင်လိုက်တာ၊ အိမ်လေးဘာလေးတောင်
လာလည်ဖော်မရဘူး၊ နင့်နှမ က တမေးထဲမေးနေတယ် ဆိုပြီး သောက်ရှက်မရှိ၊ အတင်းရော အဓမ္မပါ
ချူလို့။
ဟဲ့၊ အယ်မယ်လေး၊ နင်တို့နှယ်။
အောက်ဆိုဒ်တောင်မသိဘူးလား။ ခိုးလို့ရတဲ့ပိုက်ဆံကို အောက်ဆိုဒ်လို့ ခေါ်သဟဲ့။ သြော်၊
ငါ့နှယ်။ အရာရှိကြီးတစ်ယောက်က သူများအိမ်က ပိုက်ဆံသွားခိုးပါ့မလားဟဲ့။ အဲဒီလို ထမင်းစားစရာမရှိလို့၊
ငတ်လို့၊ သူများပစ္စည်းကို အိမ်ပေါ်တက်ပြီး ခိုးကြောင်ခိုးဝှက်ခိုးတာက အညံ့စားသူခိုး၊
တေလေဂျပိုး သူခိုး။ ငတုံးသူခိုး ဟဲ့။
အခုခိုးတယ်ဆိုတာက လူကြီးလူကောင်းသူခိုး၊
အကောင်းစားသူခိုး၊ အရာရှိသူခိုး။ နင်တို့ကို ဟိုးအစပိုင်းတုံးက ပရောဂျက် သိန်း ၁၀၀၀
ဘိုးရရင် သိန်း ၅၀၀ ဘိုးဖျောင်ထားလိုက်တယ် ဆိုတာ ပြောခဲ့တယ်မဟုတ်လား။ အဲဒါကို ခိုးတယ်လို့မခေါ်
နင့်ဂျီးဒေါ် လို့ ခေါ်မလား။ ငါ့နှယ် နင်တို့ပြောရတာ၊ လက်ပေါက်ကပ်လိုက်တာ။ အောင်မယ် သူတို့ခိုးတယ်ဆိုတာက
ဂုဏ်ရှိတယ်ဟဲ့။ နောက်ပြီး ကိုယ်က လက်ဖျားနဲ့တောင်တို့စရာမလိုဘဲ အလိုလို အိတ်ထဲရောက်လာတာ။
အရင်တုံးက ပုဆိုးခြောက်ထည်နဲ့နေလာခဲ့ရတဲ့သူကလည်း
အခုဆို တိုက်ကြီးတွေနဲ့၊ ကားအကောင်းစားကြီးတွေနဲ့၊ ဦးဘယ်သူ၊ ဒေါ်ဘယ်ဝါ၊ သား မောင်ရစ်ချတ်သတိုးအောင်နိုင်မိုး
တို့၏ ကောင်းမှု၊ နတ်လူသာဓု ခေါ်စေသောဝ် ဆိုပြီး ကဗ္ဗည်း စာတမ်းကြီးတွေတင်၊ ကျောင်းကြီးတွေဆောက်၊
ဘုရားကြီးတွေတည်လိုက်လို့။
သြော်၊ ခွကျလိုက်တာ။ ပုဆိုးခြောက်ထည်တောင်
မသိပြန်ဘူး။ လဲစရာပုဆိုးထည်လဲမရှိလို့ ဒီပုဆိုးလေးကိုပဲ လျှော်လိုက်၊ ခြောက်တော့ဝတ်လိုက်နဲ့
ပုဆိုးကို အခြောက်ခံဝတ်ရတာကို ပုဆိုးခြောက်ထည်ရှိတယ်လို့ ခေါ်တယ်။ ငါတို့ခေတ်တုံးက ဘန်းစကား။
ခုတော့ သုံးမသုံးမသိတော့ဘူး။
အဲဒီလိုဖြစ်ပျက်နေတာဟာ လူတစ်ယောက်တည်း၊
တစ်ဖွဲ့တည်း။ တစ်နေရာတည်းမှာတင် မဟုတ်ဘူး။ ငါတို့တစ်နိုင်ငံလုံး မှာ ဖြစ်နေတာ။ အဲတော့
အဲဒီလူ့အဖွဲ့အစည်းကြီးမှ မပျက်စီး။ ဘယ်လူသွားပျက်စီးတော့မတဲ့လဲ။ ပြောစမ်း။
အဲ ဟိုမှာ ကောင်းစားနေတဲ့၊ ရာထူးလက်ကိုင်၊
ဒါမှမဟုတ် အရာရှိပြုတ်တွေကို မှန်မှန်ကန်ကန် သွားစစ်တမ်း ကောက်ကြည့်စမ်းပါ။ သူ့ဘိုးဘေးဘီဘင်တွေ
လက်ထက်က ကျိကျိတက်ချမ်းသာလာလို့ ခုထိ သုံးလို့မကုန်၊ လှူလို့မခန်း ဖြစ်နေတာလား။ သူ့ယောက္ခများ
ဖားကန့်မှာ ကျောက်တွင်းအောင်လို့ သူဌေးဖြစ်လာတာလား။ ဒါမှမဟုတ် ဘီလ်ဂိတ်ဆီက အမွေရထားတာလား။
သွားစစ်ဆန်းပါ။
ငါ ရေဆင်းမှာ ကျောင်းဆရာအလုပ်ရတော့
မင်းနှယ်ကွာ၊ ဘာအောက်ဆိုဒ်မှ ရစရာမရှိတဲ့အလုပ်များ လုပ်ရသေးတယ် လို့တောင် အပြောခံရတယ်။
ငါတို့လူ့အဖွဲ့အစည်းက ရိုးရိုးသားသား၊ ကြိုးကြိုးစားစားလုပ်တဲ့လူဆိုရင် ငတုံး၊ ငအ၊
ဘာမှသုံးလို့ စားလို့မရတဲ့အကောင်။ ဟော၊ ခုနလို ရစရာမှန်သမျှ အကုန်သိမ်းကြုံးအိတ်ထဲထည့်ပြီး
ချမ်းသာလာတဲ့သူမှ လူတော်၊ အင်မတန် ထူးချွန်ထက်မြက်တဲ့လူ၊ လူစွမ်းကောင်းလို့ အဲဒီလိုပဲသတ်မှတ်လာခဲ့ကြတယ်။
အခုတော့ ဦးကြီးလည်း ဗမာပြည်နဲ့ကင်းကွာနေတာ
၁၅ နှစ်လောက်ရှိပြီဆိုတော့ အဲဒီအယူအဆတွေ အခုရှိသေးလား၊ မရှိတော့ဘူးလား မပြောတတ်တော့ဘူး။
အခုထိ ရရင် ဘနဖူးသိုက်တူးမယ်ဆိုတဲ့ အတွေးအခေါ်အယူအဆတွေ ရှင်သန်နေဦးမယ်၊ နိုင်ငံတော်ဘဏ္ဍာတွေ
ဘုံးရတာကိုဆက်ပြီး ဂုဏ်ယူစွာနဲ့ လက်ခံနေကြဦးမယ်၊ မဟုတ်မတရားတာလုပ်တဲ့သူတွေ ဆက်ပြီး
အရောင်တောက်နေဦးမယ်၊ ထင်ပေါ်နေဦးမယ်၊ ၀ံ့ကြွားနေဦးမယ်၊ ကောင်းစားနေဦးမယ် ဆိုရင်တော့
အဲဒီ တိုင်းပြည်ကြီးကို သိကြားမင်းကြီး နားကင်းတ၀င်းဝင်းနဲ့ ဆင်းကယ်ရင်တောင် နလံမထူဘူးမှတ်။
ကိုင်း၊ ငါ ဒီလောက် အာချောင်လိုက်ရရင်
နင်တို့ အဒိန္နာဒါနာဆိုတာဘာလဲလို့ ရေးရေးလောက် သဘောပေါက်ပြီလို့ ထင်တယ်။ ဒီအကြောင်း
ဒီမှာဘဲ ရပ်လိုက်ကြစို့။ နောက်သီလတစ်ပါးဆက်ရအောင်။
ဆက်ပါဦးမည်။
ကျေးဇူးတင်ပါသည်။
အေးငြိမ်း
၂၄၊ ၈၊ ၂၀၁၃။ နေ့လည် ၃း၁၅ နာရီ
No comments:
Post a Comment