(၁) နှစ်စဉ်ညစ်ညမ်းလာနေသည့် ကမ္ဘာ့လေထု
ယခု ၂၀၁၃ ခုနှစ် ဇွန်လလယ်လောက်က
အင်ဒိုနီးရှားမှ မီးရှို့မှုများကြောင့် စင်ကာပူတွင် မီးခိုးပြာများ ဆိုးဆိုးရွားရွား
ဖုံးလွှမ်းခဲ့သည်။ လေထုအတွင်းရှိ မီးခိုးပြာစံချိန်မှာ စင်ကာပူသမိုင်းတွင် အဆိုးရွားဆုံးဖြစ်ခဲ့၏။
စင်ကာပူအစိုးရကလည်း ဤကိစ္စကို အပူတပြင်း အရေးတကြီးထားတာ အရေးယူဆောင်ရွက်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော်
လေထုညစ်ညမ်းမှုသည် လူတို့အား နာတာရှည်ရောဂါကို ဖြစ်စေရုံမျှသာမက အချို့သော ကလေးငယ်များနှင့်
သက်ကြီးရွယ်အိုများအတွက် အသက်အန္တရာယ်ပင် ရှိစေ နိုင်သောကြောင့် ဖြစ်သည်။
လေထုညစ်ညမ်းမှုကြောင့် ကမ္ဘာ့ကြီးကို
လွှမ်းခြုံထားသော လေထုမှ အိုဇုန်းလွှာပေါက်ပြဲကာ လူသားတို့၏ ကျန်းမာရေး နှင့် သဘာဝပတ်ဝန်းကျင်ကို
ထိခိုက်လာနေကြောင်း နှစ်အတန်ကြာကပင် သတိထားမိခဲ့ကြသည်။ ထို့ကြောင့် အိုဇုန်းလွှာပေါက်မှု
၏ အဓိကလက်သည်ဖြစ်သော လူလုပ် ဟေလိုကာဘွန်ဓာတ်ငွေ့ (CFC - Chloro Fluro Carbon,
Freon, Halon) သုံးစွဲမှု လျှော့ချရေးကို ကမ္ဘာနှင့်အ၀ှမ်း ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ခဲ့ကြသည်။
စက်မှုဖွံ့ဖြိုးလာခြင်းနှင့်အတူ
ကမ္ဘာပေါ်ရှိမြို့ကြီး မြို့ကြီးအတော်များများမှာ လေထုညစ်ညမ်းမှုအန္တရာယ်ကို ဆိုးဝါးစွာခံစား
နေကြရသည်။ ထိုမြို့ကြီးများမှာ မြို့ကြီးသလောက် လူဦးရေလည်းထူထပ်သည်။ ထိုမြို့နေလူများမှာ
လေထုညစ်ညမ်းမှုကြောင့် အဆုပ်ရောဂါနှင့် အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါတို့မှာ ရှိသင့်သည့်
ကမ္ဘာ့ပျမ်းမျှနှုန်းထက် များစွာကျော်လွန်နေသည်။ နှလုံးရောဂါနှင့် ကင်ဆာဖြစ်ပွားမှုနှုန်း
တိုးပွားလာနေသည်။ ကလေးများတွင် မွေးရာပါအင်္ဂါချို့ယွင်းမှုနှုန်း များပြားလာသည်။
ယခုအခါ ထိုကဲ့သို့အခြေအနေရှိသော
မြို့ကြီးများတစ်နေ့တခြား များပြားလာလျှက်ရှိ၏။ အချို့ ဖွံ့ဖြိုးဆဲနိုင်ငံများတွင်
ထင်းမီးများသုံးနေရဆဲ၊ ကျောက်မီးသွေးလောင်စာများ သုံးရဆဲ။ ထိုမီးလောင်မှုများမှ ထွက်လာသည့်
မီးခိုးပြာများသည် လေထုအားအန္တရာယ်ရှိသော အမှုန်အမွှားများဖြင့် ဖြည့်တင်းလျှက်ရှိ၏။
လေထုညစ်ညမ်းလျှက်ရှိသော မြို့ကြီးများအနက်
မည်သည့်မြို့များမှာ အဆိုးဆုံးအခြေအနေတွင်ရှိသနည်း။ ပုဂ္ဂလိက အင်တာနက်စာမျက်နှာများ၊
အစိုးရတို့ထုတ်ပြန်သောသတင်းအချက်အလက်များကို စုဆောင်းလျှက် လွန်ခဲ့သောနှစ်အနည်းငယ်က
လေထုအရည်အသွေးကို သုတေသနပြုထားသည့် စာတမ်းများအား စုစည်းလျှက် ဝေါစထရိဂျာနယ် အမှတ်စဉ်
၂၄/၇ တွင် ဖော်ပြခဲ့၏။
ကမ္ဘာပေါ်တွင် လေထုညစ်ညမ်းမှု အများဆုံးသောမြို့ကြီးများမှာ
အောက်ပါတို့ဖြစ်၏။
၁၊ ၁။ ဘေဂျင်း (တရုတ်နိုင်ငံ)
မကြာသေးမီက
အန္တရာယ်ရှိသော ဓာတ်ငွေ့များဖြင့် ဖုံးလွှမ်းခဲ့သောကြောင့် ဘေဂျင်းမြို့တော်၏ လေထုညစ်ညမ်းမှုမှာ
အလွန်ဆိုးဝါးသည့်အခြေအနေသို့ ရောက်ရှိခဲ့သည်။ ကျောင်းများတွင် ပြင်ပလှုပ်ရှားမှုအစီအစဉ်များကို
ပယ်ဖျက်ခဲ့၏။ ကလေးများ နှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာ (ဥပမာ - ရင်ကြပ်ပန်းနာ)
ရှိသူလူကြီးများအား အိမ်တွင်း၌ပင်နေကြရန် အကြံပြု ခဲ့သည်။
မြို့တော်လေထုအတွင်း
ဆာလဖာဒိုင်အောက်ဆိုဒ် ပါဝင်မှုနှုန်းမှာ ကမ္ဘာ့စံချိန်ကိုချိုးလျက် ၂၀၀၀ မှ ၂၀၀၅ ထိ ရောက်ခဲ့
သည်။ နိုက်ထြိုဂျင်ဒိုင်အောက်ဆိုဒ်ပါဝင်မှုနှုန်းမှာ ဆာအိုပေါ်လို နှင့် မက္ကဆီကိုစီးတီးမြို့များနောက်
တတိယအမြင့်ဆုံးနေရာကို ယူခဲ့သည်။ ၂၀၀၈ ခုနှစ် အိုလံပစ်ပွဲတော်တွင် မြို့တွင်းမှ ကားစီးရေကို
ထက်ဝက်လျှော့ချခဲ့ရာ လေထုအရည်အသွေး တိုးတက် ကောင်းမွန်လာခဲ့သော်လည်း ပွဲတော်ပြီးသွားသည်နှင့်
မူလ အခြေအနေသို့ ပြန်လည်ရောက်ရှိခဲ့သည်။
၁၊ ၂။ နယူးဒေလီ (အိန္ဒိယနိုင်ငံ)
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ မကြာသေးမီက တွေ့ရှိချက်များအရ
အိန္ဒိယနိုင်ငံ၊ နယူးဒေလီရှိလေထုထဲရှိ အမှုန်အမွှား ပါဝင်မှုနှုန်းသည် ကျန်းမာရေးနှင့်ညီညွတ်သည်ဟု
WHO က သတ်မှတ်ထားသော စံနှုန်းထက် ၆ ဆမျှပိုများနေကြောင်း တွေ့ရသည်။ ဟားဗတ် အပြည်ပြည်ဆိုင်ရာ
လေ့လာသုံးသပ်ချက်များအရ မြို့တော်နေလူဦးရေ ၁၃.၈ သန်းအနက် လူ ၅ ဦးလျှင် ၂ ဦးမှာ အသက်ရှူလမ်းကြောင်းဆိုင်ရာ
ရောဂါများခံစားနေရသည်။
နယူးဒေလီလေထုအတွင်းရှိ
အမှုန်များသည် အလွန်ထူထပ်ကြပ်သိပ်လျှက်ရှိသောလမ်းများ၊ မော်တော်ကား အိတ်ဇော များမှ ထွက်ခြင်းဖြစ်သည်ဆို၏။
လေထုညစ်ညမ်းမှုဒဏ်ကို အခံရဆုံးမှာ ဆောက်လုပ်ရေးလုပ်သားများနှင့် အငှားယာဉ် မောင်းသူများ
ဖြစ်ပြီး ၎င်းတို့သည် ကျန်းမာရေးအလွန်ဆိုးဝါးလျှက် စောစီးစွာသေဆုံးနေကြရသည်။
၁၊ ၃။ ဆန်တီယေဂိုမြို့၊ ချီလီနိုင်ငံ
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ စံချိန်စံညွှန်းများအရ လူများ၏
ကျန်းမာရေးနှင့် ညီညွတ်စေရန် မြို့ပြလေထုအတွင်း အမှုန်အမွှားပါဝင်မှုနှုန်းမှာ လေ ၁ ကုဗမီတာလျှင်
၅၀ မိုက်ခရိုဂရမ် ဖြစ်၏။ သို့သော် ဆန်တီယေဂိုမြို့တွင်မှု အမှုန်အမွှား ပါဝင်မှုနှုန်းမှာ
၂၀၀ မိုက်ခရိုဂရမ်မျှရှိလေသည်။ ၂၀၀၈ ခုနှစ် အချို့နေ့များ၌ ၄၄၄ မိုက်ခရိုဂရမ်ထိပင်
ရောက်ခဲ့လေသည်။ ထိုမျှသာမကသေး။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏မှတ်တမ်းများအရ ဆန်တီယေဂိုမြို့သည် မြေပြင်အိုဇုန်းဓာတ်ပါဝင်နှုန်းမှာ
ကမ္ဘာပေါ်တွင် ဒုတိယအများဆုံးဖြစ်၏။
၁၊ ၄။ မက္ကစီကိုစီးတီး၊ မက္ကစီကိုနိုင်ငံ
ဆားလ်ဘတ်တက္ကသိုလ်မှ သုတေသနမှတ်တမ်းများအရ မက္ကစီကိုစီးတီး၏
လေထုထဲတွင် ဆာဖာဒိုင်အောက်ဆိုဒ်၊ နိုက်တြိုဂျင်အောက်ဆိုဒ် နှင့် ကာဘွန်မိုနောက်ဆိုဒ်
အစရှိသည့် အန္တရာယ်ဖြစ်စေသော အဓိက လေထုညစ်ညမ်းမှုပစ္စည်းများ အားလုံးလိုလို ပါဝင်နေကြောင်းတွေ့ရသည်။
မြို့တော်၏ဆုပ်ကိုင်မိလျက်သား အန္တရာယ်နောက်တစ်ခုမှာ ထူထပ်လှသော မိုးတိမ်များသည် မြို့တော်ကောင်းကင်ယံတွင်
တစ်နေ့တာလုံး တွဲလွဲခိုလျှက်ရှိခြင်းပင် ဖြစ်၏။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏မှတ်တမ်းများအရ
မက္ကစီကိုစီးတီး၏ မြေပြင်-အိုဇုန်းလွှာပါဝင်မှုမှာ ကမ္ဘာပေါ်တွင် အမြင့်ဆုံး ဖြစ၏။
၁၊ ၅။ အူလန်ဘာတာ၊ မွန်ဂိုလီးယား
အူလန်ဘာတာမြို့တော်လေထုတွင် ပါဝင်သည့်အမှုန်အမွှားများမှာ
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ သတ်မှတ်ထားသော နှုန်းထားထက် ၁၄ ဆပိုများလေသည်။ မသန့်ရှင်းသောလေကြောင့်
နာတာရှည်လည်ချောင်းနာ၊ နှလုံးနှင့် သွေးကြောဆိုင်ရာ ရောဂါများ အဖြစ်များ ခဲ့သည်။ အဘယ်မျှ
ဆိုးဝါးသနည်းဟူမူ တစ်ခါတစ်ရံတွင် နေ့လည်နေ့ခင်း၌ပင် မြူများ အလွန်ထူထပ်စွာ ကျနေသောကြောင့်
လမ်းကိုကောင်းစွာ မမြင်ရသဖြင့် ကားများ ရှေ့မီးဖွင့်မောင်းရသည်ထိ ဖြစ်သည်။
၁၊ ၆။ ကိုင်ရိုမြို့၊ အီဂျစ်နိုင်ငံ
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ မကြာသေးမီက ထုတ်ပြန်ချက်များအရ
ကမ္ဘာ့နိုင်ငံများအနက် နယူးဒေလီပြီးလျှင် ကိုင်ရိုသည် လေထုထဲ၌ အမှုန်အမွှားပါဝင်မှု ဒုတိယအများဆုံးမြို့
ဖြစ်သည်။ လွန်ခဲ့သောနှစ်အနည်းငယ်က WHO ၏ အစီရင်ခံစာ အရ ကိုင်ရိုမြို့သူမြို့သားများသည်
စီးကရက် ၁၇.၈သန်းမှထုတ်လွှတ်သော မီးခိုးနှင့်ညီမျှသည့် လေထုအတွင်း နေထိုင်နေရသည် ဟု
ဆိုသည်။ အကြောင်းကား အီဂျစ်မှကားများသည် ခဲမပါသော ဓါတ်ဆီကိုမသုံးသောကြောင့် ဖြစ်၏။
အကျိုးဆက်အနေနှင့် မြို့သူမြို့သားများသည် နေ့စဉ် အလွန်မြင့်သော ခဲဆိပ်သင့်နေကြရသည်။
မကြာခဏဆိုသလိုပင် ကိုင်ရို၌ တိမ်မဲများ သိပ်သည်းစွာ
ဖုံးလွှမ်းတတ်လေ့ရှိ၏။ ထိုတိမ်မဲများကား လယ်သမားတို့ စပါးခွံကိုမီးရှို့ရာမှ ထွက်ပေါ်လာသည့်
အဆိပ်များစွာပါသော မီးခိုးငွေ့များပင် ဖြစ်တော့သည်။
၁၊ ၇။ ချုံကင်း၊ တရုတ်နိုင်ငံ
တရုတ်နိုင်ငံမှ အလွန်လျှင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာသည့်
မြို့တစ်မြို့ဖြစ်သည့် ချုံကင်းမြို့တွင် စက်မှုလုပ်ငန်းများနှင့် လျှပ်စစ်ဓာတ်အားပေးစက်ရုံများ၌
ကျောက်မီးသွေးလောင်စာကို အသုံးပြုမှုကြောင့် လေထုညစ်ညမ်းမှုမှာ အလွန်ဆိုးဝါးလာလျှက် ရှိသည်။ မသန့်ရှင်းသောလေကြောင့် မြို့နေလူများမှာ ရောဂါဘယထူပြောလာသည်။
လေ့လာချက်များအရ ယဉ်ကျေးမှုဓလေ့ထုံးစံ များကြောင့် မိန်းကလေးများ၏ ကိုယ်ရေးကိုယ်တာကို
ဖုံးကွယ်ထားလိုသဖြင့် စာရင်းကောက်ယူခြင်း မပြုနိုင်သည့်တိုင် အသက် ၁၄ နှစ်အောက် ကလေးငယ်များ၏
၎.၆၃% မှာ ပန်းနာရင်ကြပ်ရောဂါကို ခံစားနေရသည်ဆို၏။ ထို့ပြင် မော်တော်ကား အိတ်ဇောမီးခိုး
များကြောင့် နိုက်တြိုဂျင်အောက်ဆိုဒ် ပါဝင်မှုနှုန်းမှာ တစ်နေ့တစ်ခြား မြင့်တက်လာလျှက်
ရှိသည်။
၁၊ ၈။ ဂွမ်ဇူ၊ တရုတ်နိုင်ငံ
လူဦးရေ ၁၂ သန်းနေထိုင်သည့် တရုတ်နိုင်ငံ၏ ခရိုင်မြို့ကြီးတစ်မြို့ဖြစ်သော
ဂွမ်ဇူသည် လေထုထဲတွင် အမှုန်အမွှားပါဝင်မှု အဆိုးဆုံးမြို့ကြီးတစ်မြို့ ဖြစ်၏။ ၂၀၀၇ ခုနှစ်လေ့လာချက်များအရ
လေထုထဲတွင်ပါဝင်သော အမှုန်များမှာ ဘေဂျင်းထက်ပင်ဆိုး သေးသည်။ မကြာသေးမီက ထုတ်ပြန်သော
WHO မှတ်တမ်းများအရ လေထုထဲတွင် ဆာလဖာဒိုင်အောက်ဆိုဒ် ပါဝင်နှုန်းမှာ ဘေဂျင်းပြီးလျှင်
ကမ္ဘာ့ဒုတိယအဆိုးဆုံး ဖြစ်၏။ စက်မှုလုပ်ငန်းများနှင့် ယာဉ်ဦးရေ တိုးတက်များပြားလာနေသော
ဂွမ်ဇူတွင် လူအပေါင်းတို့မှာ အသက်ရှုမ၀ခြင်း၊ ချောင်းဆိုးခြင်း၊ ခေါင်းကိုက်ခြင်း၊ အားနည်းခြင်းနှင့်
မူးဝေပျို့အန်ခြင်းများကို တစ်နေ့တစ်ခြား တိုး၍ ခံစားလာနေရသည်။
၁၊ ၉။ ဟောင်ကောင်
ဟောင်ကောင်လေထု၌ နိုက်တြိုဂျင်အောက်ဆိုဒ်၊ အိုဇုန်း၊
ဆာလဖာဒိုင်အောက်ဆိုဒ် နှင့် ကာဘွန်မိုနော့ဆိုဒ်တို့ များစွာ ကျော်လွန် မြင့်မားနေသည်။
လူတို့အသက်ရှုရန် ကျန်းမာရေးနှင့်ညီညွတ်သောလေကို တိုင်းရာတွင် သုံးသည့် API (Air
Pollution Index) မှာ ဟောင်ကောင်၌ ၅၀၀ ထိမြင့်တက်ခဲ့သည်။ ၁၉၉၅ ခုနှစ်နောက်ပိုင်းနှစ်များ၌
ယခုနှစ်သည်ကား လေထုညစ်ညမ်းမှု အဆိုးဝါးဆုံးအခြေအနေကို ရောက်ခဲ့သည်။ အစိုးရက လူထုကို
အိမ်/အဆောက်အဦ ပြင်ပလုပ်ငန်းများ (outdoor activities) မလုပ်ရန် ထုတ်ပြန်ကြေငြာခဲ့ရသည်ထိ
ဖြစ်ခဲ့သည်။ ထိုအခြေအနေမှာ WHO ၏ စံနှုန်းများထက် ၁၂ ဆမှ ၁၄ ဆထိ ပိုမြင့်နေခြင်း ဖြစ်၏။
မကြာသေးမီက စစ်တမ်းများအရ ဟောင်ကောင်လူထု၏ ၇၀% မှာ သူတို့၏ဆိုးဝါးလှသော လေထုအရည်အသွေးအပေါ်
မကျေနပ်ကြောင်း ပြသခဲ့သည်။
၁၊ ၁၀။ ကဘူး၊ အာဖဂန်နစ္စတန်
အာဖဂန်စစ်ကြောင့် ကျေးလက်တောရွာများမှ စစ်ဘေးဒုက္ခသည်များ
ပြောင်းရွှေ့လာသည့်အတွက် အာဖဂန်မြို့တော်မှာ လူနေထူထပ်မှု အလွန်မြင့်တက်ခဲ့သည်။ မူလက
ကဘူးမြို့တော်ကို လူဦးရေ ၅ သိန်းနေထိုင်ရန် အတွက်သာ ဒီဇိုင်းပြုလုပ်ထားခဲ့ သော်လည်း
ယခုလက်ရှိလူဦးရေမှာ ၅ သန်းဖြစ်၏။ လူများဖြင့် ကျပ်သိပ်လျက်ရှိသော မြို့တော်တွင် အများစုမှာ
ထမင်းချက်ရန် ထင်းမီးဖိုများကိုသာ သုံးကြသည်။ မီးရရှိရေးအတွက် ဓာတ်ငွေ့သုံးဂျင်နရေတာများအား
မောင်းနှင်ကြ၏။ အိမ်များတွင် အနွေးဓာတ် ရစေရန် ကားတာယာအဟောင်းများကို မီးရှို့ကြသည်။
မော်တော်တော်ကားများမှာ ခဲပါဝင်သော ဓာတ်ဆီကိုသုံးကြ၏။
အကျိုးဆက်အားဖြင့်
လေထုအတွင်း အဆိပ်အတောက်ရှိသော အမှုန်အမွှားများ အဆမတန်မြင့်တက်ခဲ့ပေရာ သမ္မတ ဟာမစ်ကာဇိုင်းက
နိုင်ငံကို အရေးပေါ်အခြေအနေ ကြေငြာခဲ့ရသည်ထိ ဖြစ်ခဲ့သည်။ ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာန
ညွှန်ကြားရေးမှူးက ကဘူးတွင် လေထုညစ်ညမ်းမှုသည် အဓိကပြဿနာကြီးဖြစ်နေခဲ့ပြီး လူပေါင်းများစွာတို့မှာ
အသက်ရှူ လမ်းကြောင်းဆိုင်ရာရောဂါများ၊ အလားဂျစ်နှင့် ကင်ဆာထိပင်ဖြစ်နေကြောင်း ပြောကြားခဲ့သည်။
လေထုညစ်ညမ်းမှုအခြေအနေပြ ကမ္ဘာ့မြေပုံ
(မြို့ပြများရှိ အမှုန်အမွှား
PM10 ကို တိုင်းတာရရှိမှုအခြေအနေ။ ၂၀၀၃ - ၂၀၁၀)
၂။ လေထုညစ်ညမ်းမှုဆိုတာ ဘာလဲ
လေထုညစ်ညမ်းမှုဆိုသည်မှာ ဓာတ်ပစ္စည်းများကြောင့်ဖြစ်စေ၊
ရုပ်ပစ္စည်းများကြောင့်ဖြစ်စေ၊ ဇီဝပစ္စည်းများကြောင့် ဖြစ်စေ သဘာဝအတိုင်းရှိနေသော သန့်စင်သည့်လေထုထဲသို့
အညစ်အကြေးများ ပါဝင်လာခြင်း၊ လေထုသည့် အညစ်အကြေးများဖြင့် စွန်းထင်းလာခြင်းကို ခေါ်သည်။
လေထုကိုညစ်ညမ်းစေသည့် အရာများသည် လူတို့၏ ကျန်းမာရေးကို ဆိုးဝါးစွာ ထိခိုက်စေနိုင်
သည်။ ပတ်ဝန်းကျင်ကို ပျက်စီးစေသည်။ ကောက်ပဲသီးနှံများကို ဆုတ်ယုတ်စေသည်။
လူထုကျန်းမာရေးအတွက် အန္တရာယ်ရှိသည့်
လေထုကို ညစ်ညမ်းစေသော အရာများမှာ ဖုံများ၊ အမှုန်များ၊ အိုဇုန်း၊ ကာဘွန်မိုနောက်ဆိုဒ်၊
နိုက်တြိုဂျင် ဒိုင်အောက်ဆိုဒ်၊ ဆာလဖာဒိုင်အောက်ဆိုဒ်တို့ဖြစ်ကြသည်။ ထိုလေထုထဲမှ အရာများမှာ
လူတို့၏ အသက်ရှုလမ်းကြောင်း ပြဿနာများကို ဖြစ်ပေါ်စေပြီး အသက်ဆုံးရှုံးသည်ထိ ဒုက္ခပေးတတ်သည်။
လေထုကိုညစ်ညမ်းစေသော ပစ္စည်းများမှာ
လူတို့၏ပယောဂကြောင့်သော်လည်းကောင်း၊ သဘာဝတရားအားဖြင့်သော် လည်းကောင်း ဖြစ်ပေါ်သည်။ မီးရှို့ရာမှသော်လည်းကောင်း၊
အင်ဂျင်များမောင်းနှင်ရာမှ သော်လည်းကောင်း၊ စက်ရုံအလုပ်ရုံများ မှသော်လည်းကောင်း၊ တောမီးလောင်ခြင်းများမှ
သော်လည်းကောင်း လေထုကို ညစ်ညမ်းစေသည်။ ထိုအရာများမှာ အမှုန်များ အဖြစ်သော်လည်းကောင်း၊
ရေခိုးရေငွေ့၊ မြူများအဖြစ်သော်လည်းကောင်း၊ ဓာတ်ငွေ့များအဖြစ်သော်လည်းကောင်း တည်ရှိနေနိုင်
သည်။
လေထုကိုညစ်ညမ်းစေသော ပစ္စည်းများအား
ပထမဆင့် (Primary Pollutant) နှင့် ဒုတိယဆင့် (Secondary Pollutant) ဟုထပ်မံခွဲနိုင်သည်။
၂၊ ၁။ ပထမဆင့် လေထုညစ်ညမ်းပစ္စည်းများ
ပထမဆင့် လေထုညစ်ညမ်းပစ္စည်းများမှာ
ပစ္စည်း သို့မဟုတ် လုပ်ငန်းများမှ လေထုအတွင်း တိုက်ရိုက်စွန့်ထုတ်သော ပစ္စည်းများ ဖြစ်၏။
ဥပမာ - မီးတောင်ပေါက်ကွဲရာမှ လေထုအတွင်း စွန့်ထုတ်လိုက်သော ပြာများ၊ မော်တော်ယာဉ်အိတ်ဇောများမှ
ထွက်သည့် ကာဘွန်မိုနောက်ဆိုဒ်ဓာတ်ငွေ့များ၊ စက်ရုံများမှ
စွန့်ထုတ်လိုက်သည့် ဆာလဖာဒိုင်အောက်ဆိုဒ်များ စသည်။
ဒုတိယဆင့် လေထုညစ်ညမ်းပစ္စည်းများမှာ လေထုအတွင်းသို့ စွန့်ထုတ်လိုက်သည့်ပစ္စည်းများနှင့်
လေထုအတွင်းမှ ဓာတ်များ ဓာတ်ပြုကာဖြစ်ပေါ်လာခြင်းဖြစ်၏။ ထင်ရှားသည့်ဥပမာမှာ မြေပြင်ပေါ်ရှိ
အိုဇုန်းဖြစ်သည်။ အချို့ညစ်ညမ်းပစ္စည်းများမှာ ပထမဆင့်
ရော ဒုတိယဆင့်ပါ နှစ်မျိုးလုံးဖြစ်သည့် လေထုညစ်ညမ်းပစ္စည်းများဖြစ်သည်။
လူတို့၏ ပယောဂကြောင့် ဖြစ်ပေါ်သည့် ပထမဆင့် လေထုညစ်ညမ်းပစ္စည်းများမှာ
အောက်ပါတို့ဖြစ်၏။
Ø ဆာလဖာဒိုင်အောက်ဆိုဒ် (Sulphur Dioxides – SO2) - ကျောက်မီးသွေး၊
ရေနံအစရှိသော ကျောက်ဖြစ်ရုပ်ကြွင်း လောင်စာများကို မီးရှိုရာမှ ထွက်ပေါ်လာသည်။ မီးတောင်ပေါက်ကွဲလျှင်လည်း
ဤဓာတ်ငွေ့ထွက်၏။ ဤဓာတ်ငွေ့နှင့် ထိမိလျှင် မျက်စိယားယံခြင်း၊ ချောင်းဆိုးခြင်း၊ ပိုဆိုးသော
အခြေအနေများတွင် ပန်းနာရင်ကြပ်ရောဂါနှင့် အသက်ရှူ လမ်းကြောင်း ပြဿနာများကို ဖြစ်ပေါ်စေတတ်သည်။
Ø နိုက်ထြိုဂျင် ဒိုင်အောက်ဆိုဒ် (Notrogen Dioxides) - ဂျင်နရေတာများ၊
လျှပ်စစ်ဓာတ်အားပေးစက်ရုံများ၊ ကား၊ ရထား၊ သင်္ဘောစသော အင်ဂျင်တပ်ယာဉ်များမှ ဤဓာတ်ငွေ့ကို
ထုတ်လွှတ်သည်။ မိုးကြိုးပစ်ခြင်းမှလည်း ဤဓာတ်ငွေ့ထွက်၏။ ဤဓာတ်ငွေ့ကို အညိုရောင်တိမ်တိုက်များအဖြစ်လည်းကောင်း
မြို့ကြီးများ၏ လေအောက်ဘက်တွင် အညိုရောင်စဉ်တန်း များအဖြစ်လည်းကောင်း မြင်နိုင်သည်။
ကြက်သွေးရောင် ဤဓာတ်ငွေ့တွင် စူးရှသောအနံ့လည်းရှိ၏။ ဤဓာတ်ငွေ့ကို ရှူရှိုက်မိပါက လည်ချောင်းနာ၊
အဆုပ်နာ ရောဂါများဖြစ်တတ်သည်။
Ø ကာဘွန်မိုနောက်ဆိုဒ် (CO – Carbon Monoxide) – ဤဓာတ်ငွေ့သည်
အရောင်မရှိ၊ အနံ့မရှိ၊ လူကိုယားယံစေခြင်း စသည်မဖြစ်။ သို့သော် ကာဘွန်မိုနောက်ဆိုဒ်ကို
ရှုမိပါက ခန္ဓာကိုယ်အတွင်းရှိ အောက်ဆီဂျင်များကို ကန်ထုတ်သဖြင့် အလွန်အဆိပ်အတောက်ပြင်းထန်သော
ဓာတ်ငွေ့ဖြစ်သည်။ ဤဓာတ်ငွေ့သည် လောင်စာများ၏ မပြည့်ဝသော လောင်ကျွမ်းခြင်း
(incomplete combustion of the fuel) မှ ထွက်ပေါ်လာသည်။ လောင်စာများတွင် ရေနံဆီ၊ ဓါတ်ဆီ၊
ဒီဇယ်ဆီ၊ သဘာဝဓာတ်ငွေ့၊ ကျောက်မီးသွေး၊ ထင်း စသည်တို့ပါသည်။ ကာဘွန်မိုနောက်ဆိုဒ် အကြီးအကျယ်ထွက်သည့်နေရာကို
ပြပါဟု ဆိုလျှင် ယာဉ်ရထားများ၏ အိတ်ဇောမီးခိုးများကို ပြရပါလိမ့်မည်။
(မှတ်ချက်။ ။ အင်ဂျင်များ၊ ကားရထား၊
သင်္ဘောများမှ မီးခိုးအမဲများ ထွက်နေသည်ကို မြင်ဖူးကြပါလိမ့်မည်။ ဤမီးခိုးများမှာ မပြည့်ဝသော
လောင်ကျွမ်းခြင်းကြောင့် ဖြစ်၏။ ဆီကိုအပြည့်လောင်ကျွမ်းလျှင် မီးခိုးမထွက်ပါ။ အကယ်၍
အင်ဂျင်တစ်လုံးသည် မီးခိုးအမဲများထုတ်နေသည်ဆိုပါက ထိုမီးခိုးများသည် လူအတွက်ရော သဘာဝပတ်ဝန်းကျင်လေထုအတွက်ပါ
အလွန် အန္တရာယ် များသဖြင့် အမြန်ဆုံးပြင်ရန်လိုပါသည်။ စင်ကာပူတွင် ဆောက်လုပ်ရေးလုပ်ငန်းများ၌
အင်ဂျင်မီးခိုးမဲများ ထွက်/မထွက် အမြဲ စောင့်ကြည့်နေရသူမှာ ECO (Environmental
Control Officer) ဖြစ်သည်။ အကယ်၍ အင်ဂျင်မီးခိုးများတွေ့လာရပြီဆိုပါက စက်ပြင်ဆရာကို
အကြောင်းကြားကာ ချက်ချင်းပြင်ဆင်စေရသည်။ မော်တော်ကားများ မီးခိုးမဲထွက်ပါက ယာဉ်ထိန်းရဲက
ဖမ်းမည်ဖြစ်၏။ ဤကား စကားချပ်)
Ø ဗီအိုစီ (VOC – Volatile Organic Compounds) – ထိုဓာတ်ငွေ့များမီသိန်း
နှင့် မီသိန်းမဟုတ်သော ဓာတ်ငွေ့များဟု ထပ်မံခွဲနိုင်သည်။ ကမ္ဘာကြီးကို ပူနွေးလာစေသည့်
အဓိကဓာတ်ငွေ့မှာ မီသိန်းဖြစ်၏။ အခြား ဟိုက်ဒြိုကာဘွန်ဗီအိုစီ ဓာတ်ငွေ့များမှာ ကမ္ဘာကြီးပူနွေးလာရန်
မီသိန်းကို ပံ့ပိုးပေးသည်။ မီသိန်းမဟုတ်သော ဓာတ်ငွေ့များတွင် ဘင်ဇင်း (benzene၊ တိုလူအင်း
(toluene)၊ ဇိုင်လင်း (xylene) စသည်တို့ပါပြီး ၎င်းဓာတ်ငွေ့များမှာ ကင်ဆာရောဂါကို ဖြစ်စေ
သည်။ ကြာရှည်ရှူရှိုက်မိလျှင် သွေးကင်ဆာကဲ့သို့သော ရောဂါဆိုးများကို ဖြစ်စေ၏။ စက်မှုလုပ်ငန်းများတွင်
သုံးတတ် သော ၁,၃-ဗျူတာဒင်းဓာတ်ငွေ့သည်လည်း အန္တရာယ်ရှိသော ဓာတ်ငွေ့တစ်မျိုးဖြစ်လေသည်။
Ø အမှုန်အမွှားများ (PM – Particulate Matters) - အမှုန်အမွှားအမျိုးအစားပေါင်း
များစွာရှိ၏။ ၎င်းတို့သည် အလွန် သေးငယ်သောဖုံမှုန်များအဖြစ် သော်လည်းကောင်း၊ ဓာတ်ငွေ့ထဲတွင်
ငွေ့ရည်ခဲကလေးများအနေနှင့် သော်လည်းကောင်း ရှိနေနိုင်သည်။ လူတို့၏ ပယောဂကြောင့်သော်
လည်းကောင်း၊ သဘာဝဖြစ်စဉ်များမှ သော်လည်းကောင်း ထိုအမှုန်များ ထွက်နိုင်သည်။ သဘာဝဖြစ်စဉ်များ၌
မီးတောင်ပေါက်ကွဲခြင်း၊ သဲ၊ ဖုန် မုန်တိုင်းများတိုက်ခတ်ခြင်း၊ တောမီးလောင်ခြင်း၊ ပင်လယ်ရေမွှားများထခြင်း
စသည်တို့ပါဝင်၏။ လူတို့ပယောဂများတွင် စိုက်ပျိုးရေးလုပ်ငန်းများအတွက် တောမီးရှို့ခြင်း၊
အမှိုက်သရိုက်များကို မီးရှို့ခြင်း၊ လျှပ်စစ်ဓာတ်အားပေးစက်ရုံများ၊ မော်တော်ယာဉ်များ၊
စက်ရုံများ၌ လောင်စာဆီများကို မီးရှို့ခြင်း၊ လမ်းခင်းခြင်း၊ ကတ္တရာခင်းမထားသော လမ်းပေါ်တွင်
လှည်းစသည့်ယာဉ်များ မောင်းနှင်ခြင်း စသည်တို့ ပါဝင်သည်။ ထိုအမှုန်အမွှားများတွင် ခဲ၊
ဖုန်မှုန့်၊ အမိုးနီးယား၊ သတ္တု စသည်တို့ပါဝင်ပြီး အဆုပ်ကင်ဆာ စသည့်ရောဂါများ ဖြစ်စေနိုင်သည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ ထုတ်ပြန်ချက်အရ လေထုအတွင်း ပါဝင်သည့် အမှုန်အမွှားများကြောင့်
သေဆုံးရမှုနှုန်းမှာ မြို့ကြီးများတွင် ၁၅% မှ ၂၀% ထိရှိသည်ဆို၏။
Ø CFC (Chloro Fluro Carbon) - ကမ္ဘာကြီးကို ၀န်းရံထားသည့် လေထုအတွင်းမှ
အိုဇုန်းလွှာကို ပျက်စီးစေသည့် အဓိက ဓာတ်ငွေ့ဖြစ်ပြီး ယခုအခါ ထိုဓာတ်ငွေ့သုံးစွဲခြင်းကို
ပိတ်ပင်ထားသည်။
Ø အမိုးနီးယား (NH3 – Ammonia) - စိုက်ပျိုးရေးလုပ်ငန်းများမှ အမိုးနီးယားထွက်သည်။
အမိုးနီးယားသည် အပင်များအား အဟာရဓါတ်ကို ပေး၏။ ပြင်းသောအနံ့ရှိ၏။ စိုက်ပျိုးရေးလုပ်ငန်းများတွင်သာမက
ဆေးထုတ်ရာတွင်ပါ အမိုးနီးယားကို သုံးသော်ငြားလည်း အမိုးနီးယားသည် စားစေတတ်၏။ အန္တရာယ်လည်းရှိ၏။
Ø ခဲ (Pb –Lead) – သတ္တုများအရည်ကြိုရာမှသော် လည်းကောင်း၊ ခဲပါသော
ဓာတ်ဆီကို လောင်ကျွမ်းရာမှ သော် လည်းကောင်း၊ ဘက္ထရီလုပ်ငန်းများမှသော် လည်းကောင်း၊ အမှိုက်ကိုမီးရှို့ရာမှသော်လည်းကောင်း
ခဲဆိပ်ထွက်သည်။ ခဲဆိပ်သည် ကလေးသူငယ်များ၏ အာရုံကြောစနစ် ဖွံ့ဖြိုးခြင်းကို ကြီးစွာသော
အနှောက်အယှက်ဖြစ်စေသည်။ ထိုအခါ ကလေးသူငယ်များ၏ ဉာဏ်ရည်ကျဆင်းပြီး စာသင်ကြားရေးကို နှောင့်နှေးစေသည်။
မှတ်ဉာဏ်နည်းစေသည်။ သွေးလှည့်ပတ်စနစ်ဆိုင်ရာ ရောဂါများရစေသည်။
Ø အနံ့အသက်များ - အမှိုက်ပုံ၊ လူတို့စွန့်ပစ်သောအညစ်အကြေး၊ တိရစ္ဆာန်များ၏အညစ်အကြေး
စသည်တို့မှ ထွက်သည်။
Ø ရေဒီယို သတ္တိကြွခြင်း - နျူကလီးယားစက်ရုံများ ပေါက်ကွဲခြင်း၊
ယိုစိမ့်ခြင်း။ စစ်ပွဲများမှ ပေါက်ကွဲမှုများကြောင့် ရေဒီယို သတ္တိကြွခြင်း ဖြစ်သည်။
၂၊ ၂။ ဒုတိယဆင့် လေထုညစ်ညမ်းပစ္စည်းများ -
Ø မြူများ (Smog) - မြူများ (smog = smoke + fog = မီးခိုး+ရေငွေ့)
သည် ကျောက်မီးသွေးကို မီးရှို့သည့်အခါ ဖြစ်တတ် သည်။ ထိုမြူများမှာ မီးခိုးနှင့် ဆာလဖာဒိုင်အောက်ဆိုဒ်တို့
ဓာတ်ပြုရာမှ ရလာခြင်းဖြစ်သည်။ သို့သော် ယခုခေတ်တွင် စက်ရုံများ၊ မော်တော်ကား၊ ရထားအိတ်ဇောများမှထွက်သည့်
မီးခိုးသည်လည်း ထိုမြူမျိုးကို ဖြစ်စေသည်။ ထိုအိတ်ဇော မီးခိုးများသည် နေရောင်ခြည်ထဲမှ
ခရမ်းလွန်ရောင်ခြည်နှင့် ဓာတ်ပြုကာ မြူကိုဖြစ်စေသည်။
Ø မြေပြင်အိုဇုန်း (Ground level ozone – O3) – နေရောင်ခြည်ထဲတွင်ပါသော
နိုက်တြိုဂျင်အောက်ဆိုဒ်နှင့် ဗီအိုစီများ၏ ဓာတ်ပြုမှုကြောင့် အိုဇုန်းကို ဖြစ်စေသည်။
လေထုထဲတွင် အများအပြားရှိနေသော အိုဇုန်းများမှာ များသောအားဖြင့် လူတို့ ကျောက်ဖြစ်ရုပ်ကြွင်း
လောင်စာများကို မီးရှို့ရာမှ ထွက်လာခြင်းဖြစ်၏။ ထိုအိုဇုန်းသည် အဆုပ်၏ အလုပ်လုပ်ခြင်းကို
အနှောက်အယှက်ပေးသည်။
၂၊ ၃။ လေထုညစ်ညမ်းသည့်ပစ္စည်းများ ထွက်ပေါ်ရာနေရာများ
လေထုညစ်ညမ်းသည့်ပစ္စည်းများကား
နေရာပေါင်းစုံမှ ပုံစံမျိုးစုံဖြင့် ပေါ်ထွက်နေကြသည်။ သို့သော် ၎င်းတို့ကို အုပ်စုခွဲ လိုက်ပါက
အဓိက အုပ်စုကြီးနှစ်စု ရသည်။
၂၊ ၃၊ ၁။ လူတို့၏ ပယောဂကြောင့် ထွက်ပေါ်ခြင်း
(Anthopogenic Sources)
Ø တည်ငြိမ်ရင်းမြစ်များ - လျှပ်စစ်ဓာတ်အားပေးစက်ရုံများ၊ ကုန်ထုတ်စက်ရုံများ၊
အမှိုက်ကိုမီးရှို့သည့်စက်များ၊ မီးဖိုများနှင့် အခြားလောင်စာဆီသုံး စက်ကိရိယာများ၊ အမှိုက်ပုံ၊
တောင်ယာ၊ စိုက်ခင်းများမီးရှို့ခြင်း၊ ထင်းမီးဖိုဖြင့် ထမင်းချက်ခြင်း စသည်
Ø ရွေ့လျားရင်းမြစ်များ - မော်တော်ကား၊ လေယာဉ်ပျံ၊ မီးရထား၊
သင်္ဘော စသည်
Ø ဓာတုဗေဒပစ္စည်းများ၊ ဖုံများ
Ø ဗားနစ်ရှ်၊ ဆံပင်ဖြန်းဆေး၊ အိမ်သုတ်ဆေး၊ သင်နာစသည်တို့မှထွက်သော
ဆေးအခိုးအငွေ့များ
Ø အမှိုက်ပုံ၊ ကျွဲနွား၊ ၀က်စသော တိရစ္ဆာန်များ၏ ချေးပုံများမှထွက်လာသော
မီသိန်းဓာတ်ငွေ့များ - မီသိန်းဓာတ်ငွေ့သည် အလွန်မီးလောင်လွယ်သည်။ ပေါက်ကွဲနိုင်သည်။
အောက်ဆီဂျင်ကို ဖယ်ထုတ်တတ်သည့် သဘာဝရှိသဖြင့် မီသိန်း ဓာတ်ငွေ့ကိုသာ ရှူမိပါက အလွန်တိုတောင်းသော
အချိန်အတွင်း သေနိုင်သည်။
Ø စစ်ရေးလက်နက်များ - နျူကလီးယားလက်နက်၊ အဆိပ်ငွေ့လက်နက်၊ ဒုံးပျံများ
၂၊ ၃၊ ၂။ သဘာဝရင်းမြစ် (Natural Sources)
Ø အပင်များမရှိသော ကျပ်တီးကုန်းမြေ၌ လေတိုက်သောကြောင့် ဖုံများထခြင်း
Ø သစ်ပင်၊ ပန်းပင်များ ၀တ်မှုံကူးခြင်း
Ø တောရိုင်းတိရစ္ဆာန်များ၏ အညစ်အကြေးများကြောင့် ထွက်သော မီသိန်းဓာတ်ငွေ့များ
Ø တောမီးလောင်ရာမှ ထွက်သော မီးခိုးနှင့်ပြာများ
Ø သဲမုန်တိုင်း၊ ဖုန်မုန်တိုင်းများတိုက်သဖြင့် ထ သော ဖုန်၊
အမှုန်များ
Ø မီးတောင်ပေါက်ကွဲခြင်းမှထွက်သော မီးခိုးပြာမှုန်များ၊ ဆာလဖာနှင့်
ကလိုရင်းများ
၂၊ ၄။ IAQ (Indoor Air Quality)
ဖွံ့ဖြိုးပြီးသောနိုင်ငံကြီးများတွင်
အိမ်များ၊ ရုံးများ၊ အဆောက်အဦအများစုမှာ အလုံပိတ်ပြီး လေအေးပေးစက်ဖွင့်ထားသဖြင့် ထိုအခန်းထဲ၌
နေထိုင်၊ အလုပ်လုပ်ကြသော သူများအတွက် လေအရည်အသွေး (Indoor Air Quality) ကိုပါ ထည့်သွင်း
စဉ်းစား ကြပါသည်။
မြန်မာနိုင်ငံတွင်မူ
တစ်နိုင်ငံလုံးရှိလူဦးရေနှင့် နှိုင်းစာလိုက်လျှင် လေအေးပေးစက်အတွင်း နေထိုင်လုပ်ကိုင်နေကြသူ
ဦးရေမှာ မပြောပလောက်သေးသဖြင့် ဤနေရာတွင် ချန်ခဲ့ပါမည်။ နောင် အကြောင်းအပေါင်းသင့်မှ
IAQ အကြောင်း ဆောင်းပါး တစ်ပုဒ် ထပ်ရေးပါဦးမည်။
၃။ ကျန်းမာရေး
လူတို့သည်
တစ်ရံမလပ် လေကိုရှူရှိုက်နေကြရကုန်၏။ သာမန်လူကြီးတစ်ဦးသည် တစ်ရက်လျှင် လေ ၂၀ ကုဗမီတာ
(၇၀၆ ကုဗပေ) ကို ရှူသွင်းရှူထုတ် လုပ်နေသည်။ လူတို့ရှူသွင်းလိုက်သော ထိုလေသည် လေကောင်းလေသန့်
ဖြစ်ဖို့ရာ အရေးကြီး ၏။ ရှူသွင်းလိုက်သောလေသည် အဆုတ်အတွင်းသို့ တိုက်ရိုက်ဝင်ရောက်သွားသည်။
ထို့ကြောင့် လေမသန့်ပါက အဆုတ်ကို တိုက်ရိုက် ဒုက္ခပေးနိုင်သည်။
မသန့်ရှင်းသောလေကြောင့် မည်သည့်ရောဂါရမည်နည်း
ဆိုသည်မှာ လေ၏ညစ်ညမ်းမှုအဆင့်၊ လေထဲတွင် ပါဝင်သော ဓာတ်ပစ္စည်း အမျိုးအစား၊ ထိုလေကို ရှူမိသည့်ကြာမြင့်ချိန်၊
ထိုသူ၏ ကိုယ်ခံအားစနစ်စသည်တို့ပေါ် များစွာမူတည်နေပါသည်။ လေထုညစ်ညမ်းမှုကြောင့် ကမ္ဘာပေါ်တွင်
နှစ်စဉ်လူပေါင်း ၂.၄ သန်းတို့သေဆုံးနေရပြီး ယင်းတို့အနက် ၁.၅ သန်းမှာ အိမ်တွင်းလေ မသန့်ရှင်းမှုကြောင့်ဖြစ်ကြောင်း
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ထုတ်ပြန်ခဲ့သည်။ ဘာမင်ဂမ်တက္ကသိုလ်မှ လေ့လာချက်များက အဆုပ်ရောင်ရောဂါကြောင့်
သေဆုံးရမှုများသည် မော်တော်ကားမီးခိုးများကြောင့်ဖြစ်သော လေထုညစ်ညမ်းမှုနှင့် ဆက်နွယ်လျှက်
ရှိကြောင်း ဖော်ပြခဲ့သည်။ လေထုညစ်ညမ်းမှုနှင့်ဆက်နွယ်နေသော ရောဂါများကြောင့် ကမ္ဘာတစ်ဝှမ်း
သေဆုံးရမှုများမှာ ကားတိုက်၍ သေဆုံးမှုများထက်ပင် ပိုများနေကြောင်း ၂၀၀၅ ခုနှစ် ဖေဖော်ဝါရီလက
ဘီဘီစီမှ ထုတ်ပြန်ကြေငြာခဲ့သည်။
လေထုညစ်ညမ်းမှုမြင့်မားသည့်
ဖွံ့ဖြိုးဆဲတိုင်းပြည်များတွင် မသန့်ရှင်းသောလေကို ရှုရှိုက်ရသဖြင့် လေဖြတ်ခြင်းကိုပင်
ဖြစ်ပေါ်စေသည်ဆို၏။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ လေအရည်အသွေးလမ်းညွှန်ချက်၌ အကယ်၍သာ လေထုညစ်ညမ်းမှုကို
လေ ၁ ကုဗမီတာတွင် PM10 အမှုန်အမွှားပါဝင်နှုန်း ၇၀ မိုက်ခရိုဂရမ်မှ ၂၀ မိုက်ခရိုဂရမ်သို့
လျှော့ချနိုင်ခဲ့ပါက လေထုညစ်ညမ်းမှု ကြောင့် သေဆုံးမှုကို ၁၅% ထိလျှော့ချနိုင်လိမ့်မည်ဟု
ဆိုပါသည်။
မှတ်ချက်။ ။
PM2.5 ဆိုသည်မှာ
အမှုန်၏အချင်း ၂.၅ မိုက်ခရွန်မီတာ (aerodynamic diameter smaller than 2.5 µm) ထက်ငယ်သော
အမှုန်များကို ခေါ်ခြင်းဖြစ်ပြီး PM10 ဆိုသည်မှာ အမှုန်၏အချင်း ၁၀ မိုက်ခရွန်မီတာ (particles
with an aerodynamic diameter smaller than 10 µm) ထက်ငယ်သော အမှုန်များကို ခေါ်ခြင်းဖြစ်သည်။
၁ မိုက်ခရွန်မီတာဆိုသည်မှာ ၁ မီတာ၏ အပုံတစ်သန်းပုံလျှင် တစ်ပုံဖြစ်သည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ လေအရည်အသွေး လမ်းညွှန်ချက်
No comments:
Post a Comment