Thursday, August 15, 2013

လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေး (ဆောက်လုပ်ရေး) (၄)

အခန်း (၄)

အန္တရာယ်များကို စီမံခန့်ခွဲခြင်း (Risk Management)

            လူအများလှုပ်ရှားသွားလာ လုပ်ကိုင်နေကြသည့် ဆောက်လုပ်ရေးလုပ်ငန်းသည် အန္တရာယ်များဖြင့် ပြည့်နှက်နေ၏။ လူအသေအပျောက် နည်းနိုင်သမျှနည်းအောင်၊ မတော်တဆ ထိခိုက်ဒဏ်ရာရမှုကို တတ်နိုင်သမျှလျှော့ချနိုင်ရန် ထိုအန္တရာယ် များကို စနစ်တကျစီမံခန့်ခွဲရန် လိုသည်။

            အန္တရာယ်များကို စီမံခန့်ခွဲရာတွင် အဆင့်သုံးဆင့်ပါသည်။ 
  • ပထမအဆင့် - လုပ်ငန်းခွင်အတွင်း ဖြစ်နိုင်ချေရှိသော အန္တရာယ်များကို ရှာဖွေဖော်ထုတ်ခြင်း
  • ဒုတိယအဆင့် - ထိုအန္တရာယ်များကို အကဲဖြတ်ခြင်း
  • တတိယအဆင့်မှာ အန္တရာယ်များကို ထိန်းချုပ်ခြင်းနှင့် မည်မျှထိရောက်သည်ကို ပြန်လည်လေ့လာသုံးသပ်ခြင်း

ဆောက်လုပ်ရေးလုပ်ငန်းခွင်၌ များသောအားဖြင့် တွေ့ကြုံရသော အန္တရာယ်များမှာ ဖျောက်ဖျက်ပစ်ဘို့ရာမလွယ်။ ထိုအခါ ထိုအန္တရာယ်များကို လျှော့ချရန်လိုလာသည်။ ဤသို့လျှော့ချခြင်း၌ အောက်ပါနည်းများဖြင့် ထိန်းချုပ်နိုင်သည်။ ထိုနည်းများသည် ဖြစ်နိုင်ရမည်၊ လက်တွေ့ဆန်ရမည်။ 
  • အစားထိုးခြင်း
  • အင်ဂျင်နီယာနည်းဖြင့် ထိန်းချုပ်ခြင်း
  • အုပ်ချုပ်ရေးအဖွဲ့မှ ထိန်းချုပ်ခြင်း
  • တစ်ကိုယ်ရေကာကွယ်ရေးပစ္စည်းများ အသုံးပြုခြင်း

နောက်အရေးကြီးသော အချက်မှာ မိမိတို့ရေးဆွဲထားသော ထိန်းချုပ်နည်းစနစ်များကို လက်တွေ့ကျကျ အကောင် အထည်ဖော်ဘို့ ဖြစ်ပါသည်။

၎၊ ၁။  အန္တရာယ်စီမံခန့်ခွဲရေးအဖွဲ့ / အန္တရာယ်အကဲဖြတ်ခြင်း (Risk Assessment) အဖွဲ့ ဖွဲ့စည်းခြင်း

            အန္တရာယ်စီမံခန့်ခွဲရေးအဖွဲ့ / အန္တရာယ်အကဲဖြတ်ခြင်းအဖွဲ့တွင် အဖွဲ့ခေါင်းဆောင်နှင့် အဖွဲ့ဝင်များဟူ၍ ပါရှိသည်။ ဤအဖွဲ့တွင်ပါဝင်သူများမှာ လုပ်ငန်းကို ကောင်းစွာကျွမ်းကျင် နားလည်သူများဖြစ်ပြီး မိမိတို့လုပ်ငန်းအတွင်း၌ မည်ကဲ့သို့သော အန္တရာယ်များကို ကြုံတွေ့ရနိုင်သည်၊ ထိုအန္တရာယ်များ လျော့နည်းပပျောက်အောင် မည်ကဲ့သို့သော နည်းလမ်းများဖြင့် ထိန်းချုပ်နိုင်သည်၊ မည်သည့်အန္တရာယ်မှာ ဆိုးဆိုးဝါးဝါးဖြစ်တတ်ပြီး မည်သည့်အန္တရာယ်မှာတော့ မပြောပလောက်ဟု ဝေခွဲနိုင်ရမည်၊ အန္တရာယ်၏ ပြင်းအားအနည်းအများကို မှန်းဆနိုင်ရမည်၊ မည်သည့်အန္တရာယ်မှာ ဖြစ်ခဲသည်၊ မည်သည့် အန္တရာယ်မှာ မကြာခဏဖြစ်တတ်သည် စသည်တို့ကို ကောင်းစွာသဘောပေါက် နားလည်သူများဖြစ်ရမည်။
ဤအဖွဲ့သည် အန္တရာယ်များကို စီမံခန့်ခွဲခြင်းနှင့် အန္တရာယ်အကဲဖြတ်ခြင်းအား ပြင်ဆင်ရမည်။ အန္တရာယ် အကဲဖြတ် ခြင်းတွင် ညွှန်ပြထားသည့် အန္တရာယ်များအား ထိန်းချုပ်သည့် နည်းလမ်းများကို လုပ်ငန်းခွင်အတွင်း လိုက်နာကျင့်သုံးမှုရှိမရှိ စောင့်ကြည့် အကဲခတ်နေရမည်။
            (စင်ကာပူ၌) အန္တရာယ်အကဲဖြတ်ခြင်းအဖွဲ့ အဖွဲ့ခေါင်းဆောင်သည် MOM အသိအမှတ်ပြု သင်တန်းကျောင်း (Approved Training Provider) မှ သင်တန်းဆင်းပြီးသည့် အန္တရာယ်အကဲဖြတ်ခြင်း၌ ကျွမ်းကျင်သူ ဖြစ်ရမည်။ အဖွဲ့ဝင်များ မှာမူ အင်ဂျင်နီယာ၊ ကျွမ်းကျင်သူ၊ ပညာရှင်၊ စက်မောင်းသူ၊ စက်ပြင်သူ၊ လ.အ.က ၀န်ထမ်းများ၊ ကြီးကြပ်ရေးမှူး စသည့်သူတို့ ဖြစ်နိုင်သည်။

၎၊ ၂။ တာဝန်ဝတ္တရားများ

စီမံကိန်းမန်နေဂျာသည် -
  • မိမိလုပ်ငန်း၌ အရေးကြီးသော လုပ်ငန်းမှန်သမျှအတွက် အန္တရာယ်အကဲဖြတ်ချက်ကို လုပ်ငန်းမစမီကတည်းက တင်ကြို ရေးဆွဲထားရမည်။ 
  • အန္တရာယ်အကဲဖြတ်ချက်၌ အန္တရာယ်အဆင့်သည် ‘မြင့်’ အနေအထားတွင် မရှိစေရန် သေချာရမည်။
  • အန္တရာယ်အကဲဖြတ်ချက်၌ ဖော်ပြထားသော အန္တရာယ်တားဆီးရေး အကာအကွယ်မှန်သမျှ အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်ရမည်။
  • အန္တရာယ်ရှိသောနေရာ၌ အလုပ်လုပ်သူအားလုံးအား ထိုနေရာ၌ မည်ကဲ့သို့သော အန္တရာယ်ရှိနေသည်၊ ထိုအန္တရာယ်များကို လျော့နည်းအောင် မည်ကဲ့သို့ ကာကွယ်တားဆီးရမည်၊ ထိုအလုပ်အတွက် မည်ကဲ့သို့သော အန္တရာယ်ကင်းလုပ်ငန်း အစီအစဉ် ရှိသည် စသည်တို့ကို ပြောပြထားရမည်။
  • ရေးဆွဲထားသော  အန္တရာယ်အကဲဖြတ်ချက်ကို လက်တွေ့ကျင့်သုံးခြင်းရှိမရှိ စောင့်ကြည့်နေရမည်။
  • အန္တရာယ်အကဲဖြတ်ချက်အား ထိရောက်မှုရှိမရှိ၊ ပြန်လည်သုံးသပ်နေရမည်။
  • စီမံကိန်းမန်နေဂျာသည် ၎င်း၏တာဝန်ဝတ္တရားများကို တစ်ဦးတစ်ယောက်သို့ လွှဲအပ်တာဝန်ပေးထားနိုင်သည်။

အန္တရာယ်စီမံခန့်ခွဲရေး အဖွဲ့ခေါင်းဆောင်သည် -
  • လုပ်ငန်းခွင် အန္တရာယ်စီမံခန့်ခွဲရေးဆိုင်ရာ ညှိနှိုင်းဆောင်ရွက်မှုများ၌ အလုပ်ရှင်အား ကူညီပေးရမည်။
  • အစိုးရ၏ နောက်ဆုံးထုတ်ပြန်ချက်များအား တစ်လတစ်ကြိမ် သို့မဟုတ် အနည်းဆုံးအားဖြင့် တစ်နှစ်လျှင်တစ်ကြိမ် အလုပ်ရှင် အား တင်ပြအသိပေးရမည်။ ထို့နောက်သင့်တော်သော အန္တရာယ်ထိန်းချုပ်ရေး နှင့် အကောင်အထည်ဖော်ရေးနည်းလမ်းများ ကိုလည်း အကြံပြုတင်ပြရမည်။
  • အန္တရာယ်အကဲဖြတ်ခြင်းကို နည်းဥပဒေများနှင့် လျော်ညီစွာစီရင်ပေးခြင်းဖြင့် အလုပ်ရှင်အား ကူညီရမည်။

ဝန်ထမ်းများ နှင့် အလုပ်သမားများသည် -
  • ချမှတ်၊ ရေးဆွဲထားသော အန္တရာယ်ကင်းရေးဆိုင်ရာ အစီအစဉ်များနှင့် အန္တရာယ်အကဲဖြတ်ခြင်းတို့ကို သိနားလည်အောင် ကြိုးစားလျှက် ညွှန်ကြားထားချက်များအတိုင်း အတိအကျလိုက်နာရမည်။

၎၊ ၃။ မည်သည့်လုပ်ငန်းအား အန္တရာယ်အကဲဖြတ်ခြင်း လုပ်မည်ကို ဆုံးဖြတ်ခြင်း

            ဆောက်လုပ်ရေးလုပ်ငန်းတွင် လုပ်ငန်းအမျိုးအစားများစွာ ပါဝင်နေ၏။ ရုံးလုပ်ငန်း၊ ပစ္စည်းသယ်ယူပို့ဆောင်ခြင်း၊ ပစ္စည်းသိုလှောင်ခြင်း၊ လူအားဖြင့် ပစ္စည်းများ မ,ခြင်း၊ ဖောက်ကလစ်ဖြင့် ပစ္စည်းများ မ,ခြင်း/သယ်ခြင်း၊ ကရိန်းဖြင့် ၀န်ချီ ၀န်မ လုပ်ခြင်း၊ ငြမ်းဆင်ခြင်း၊ စက်ကိရိယာများ မောင်းနှင်ခြင်း၊ ကျောက်ပုံးရိုက်ခြင်း၊ သံချီသံကွေးခြင်း၊ ဂဟေဆော်ခြင်း၊ ဓာတ်ငွေ့ဖြင့် ဖြတ်ခြင်း၊ ကွန်ကရိလောင်းခြင်း၊ ပလာ စတာကိုင်ခြင်း၊ အုတ်စီခြင်း၊ မဆလာဖျော်ခြင်း၊ ကြိုတင်ပုံသွန်းကွန်ကရိ အစိတ်အပိုင်းများအား ဆင်ခြင်း၊ မြေတူး၊ မြေဖို့ခြင်း၊ ပိုင်ရိုက်ခြင်း၊ ကွန်ကရိအား ထိုးခွဲခြင်း၊ ဆေးသုတ်ခြင်း၊ မီးကြိုးများ သွယ်တန်းခြင်း၊ ရေပိုက်လိုင်းများ၊ ဓာတ်ငွေ့ပိုက်လိုင်းများ သွယ်တန်းခြင်း၊ လေအေးပေးစနစ် တပ်ဆင်ခြင်း၊ ဓာတ်လှေခါး၊ စက်လှေခါး တပ်ဆင်ခြင်း၊ တံခါးများ တပ်ဆင်ခြင်း၊  မီးကာကွယ်ရေးစနစ် တပ်ဆင်ခြင်း၊ အဆောက်အဦပြင်ပ၌ အလှဆင်မှန် များ၊ ဆိုင်းဘုတ်များတပ်ဆင်ခြင်း စသဖြင့် လုပ်ငန်းအမျိုးအစား များစွာရှိပါသည်။
            လုပ်ငန်းတိုင်း၌ အန္တရာယ်အကဲဖြတ်ခြင်းလုပ်ရမည် ဆိုသော်လည်း အန္တရာယ်စီမံခန့်ခွဲရေးအဖွဲ့သည် အန္တရာယ် အကဲဖြတ်ခြင်းကို မည်သည့်လုပ်ငန်းများအတွက် ဦးစားပေးလုပ်ဆောင်ရမည်ကို သိနားလည်ရမည်၊ ဆုံးဖြတ်ရမည် ဖြစ်၏။
           
၎၊ ၄။ အန္တရာယ်အကဲဖြတ်ခြင်းလုပ်မည့်နေရာကို သတ်မှတ်ဘောင်ခတ်ခြင်း

            ပိုမို၍ အာရုံစူးစိုက်လုပ်နိုင်ရန် မည်သည့်နေရာတွင် အန္တရာယ်အကဲဖြတ်ခြင်းလုပ်မည်ကို ရွေးချယ်ရမည်။ ပိုင်ရိုက်ခြင်း၊ မီးကြိုးသွယ်ခြင်းတို့ကဲ့သို့ လုပ်ငန်းမှာ လုပ်ငန်းခွင်ကြီးတစ်ခုလုံးအတွက် ဖြစ်သော်လည်း ပစ္စည်းသိုလှောင်ရာတွင် မူ ဂိုဒေါင်၌သာဖြစ်သည်။ ဓာတ်လှေခါးဆင်ရာတွင်လည်း နေရာသီးသန့်အတွက်သာ ဖြစ်၏။
ဤသို့နေရာရွေးရာတွင် မြေညီထပ်မှာလား အထပ်မြင့်မှာလား၊ အဆောက်အအုံ အထဲမှာလား၊ အပြင်မှာလား စသဖြင့် ရွေးရသည်။ နေရာကိုလိုက်၍ ကြုံတွေ့ရနိုင်သည့် အန္တရာယ်လည်း ကွဲပြားသွားသည်။ ဥပမာ - ကြမ်းပြင်ပေါ်၌ တံခါးဆင်သူအတွက် ပြုတ်ကျမည့်အန္တရာယ် မရှိသလောက်ရှားမည်။ အဆောက်အဦပြင်ပတွင် ကြွေပြား၊ သို့မဟုတ် မှန်၊ ဆိုင်းဘုတ် တပ်ဆင်သူများ၏ အဓိကအန္တရာယ်မှာ အမြင့်မှ ပြုတ်ကျမည့် အန္တရာယ်ဖြစ်သည်။
            သို့အတွက် အန္တရာယ်အကဲဖြတ်ခြင်းအဖွဲ့တွင် ဆိုင်ရာဆိုင်ရာဌာနမှ ပုဂ္ဂိုလ်များ ပါဝင်ရန် လိုသည်။ ဂိုဒေါင်တွင် တာဝန်ကျသူကို မီးဆင်မည့်အန္တရာယ်အကဲဖြတ်ခြင်း၌ ထည့်ရန် မသင့်တော်။ ရေပိုက်ဆင်မည့်သူကို ဆေးသုတ်ခြင်းအတွက် လုပ်မည့် အန္တရာယ်အကဲဖြတ်ခြင်း၌ မထည့်ရ။

၎၊၅။ လုပ်ငန်းအစီအစဉ်ချမှတ်ခြင်း

            အန္တရာယ်အကဲဖြတ်ခြင်းကို လုပ်ငန်းအဆင့်အလိုက် ရေးဆွဲရသည်။ ဥပမာ - ဆေးသုတ်ခြင်း ဆိုပါစို့။ ဆေးသုတ်ရန် လုပ်ငန်းအစီအစဉ်မှာ အောက်ပါအတိုင်းဖြစ်မည်။ မည်သည့်နေရာတွင် ဆေးသုတ်မည်နည်း ဆိုသည့်အပေါ်မူတည်၍ အနည်းငယ် အပြောင်းအလဲရှိနိုင်ပါသည်။

  • ဆေးပုံးများကို လုပ်ငန်းခွင်သို့ သယ်ဆောင်လာခြင်း
  • ဆေးပုံးများကို သိုလှောင်ခြင်း
  • ဆေးစပ်ခြင်း
  • နံရံကို ဆေးသုတ်ခြင်း
  • မျက်နှာကျက်ကိုဆေးသုတ်ခြင်း
  • အဆောက်အအုံပြင်ပနံရံကို ဆေးသုတ်ခြင်း
  • သန့်ရှင်းရေးလုပ်ခြင်း
  • လက်ကျန်ဆေးများကို စွန့်ပစ်ခြင်း


ဤနေရာတွင် မည်သည့်ဌာန၊ အဖွဲ့က မည်သည့်နေရာတွင် မည်သည့်လုပ်ငန်းကို မည်ကဲ့သို့လုပ်မည်နည်း ဆိုသည်ကို တိကျစွာ ဖော်ပြရမည်။ ထို့ပြင် လုပ်ငန်းအမျိုးအစားအလိုက် အုပ်စုများ ခွဲနိုင်သည်။ ဥပမာ - လက်သမားလုပ်ငန်း၊ ပန်းရံလုပ်ငန်း၊ ၀န်ချီလုပ်ငန်း စသည်။

၎၊ ၆။ အန္တရာယ်အကဲဖြတ်ခြင်းရေးဆွဲရန် လိုအပ်သော သတင်းအချက်အလက်များ စုဆောင်းခြင်း

            အန္တရာယ်အကဲဖြတ်ခြင်းရေးဆွဲရန်အတွက် လုပ်ငန်းအလိုက် လိုအပ်သော သတင်းအချက်အလက်များ စုဆောင်းရန် လိုပါသည်။ ထို သတင်းအချက်အလက်များတွင် အောက်ပါတို့ ပါဝင်၏။

  • စီမံကိန်းလုပ်ငန်းခွင် မြေပုံ
  • လုပ်ငန်းအစီအစဉ် (Work flowchart)
  • လုပ်ငန်းအမျိုးအစားများစာရင်း
  • ဓာတုပစ္စည်းများ၊ စက်ကိရိယာများ၊ လက်သုံးကိရိယာများ စာရင်း
  • ယခင်အခါကာလများမှ မတော်တဆမှတ်တမ်းများ
  • ဤလုပ်ငန်းနှင့်သက်ဆိုင်သည့် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများ
  • လုပ်ငန်းခွင် လေ့လာချက်၊ ၀န်ထမ်းများ၊ အလုပ်သမားများနှင့် တွေ့ဆုံမေးမြန်းချက်များ
  • လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး စစ်ဆေးချက်၊ တွေ့ရှိချက်မှတ်တမ်းများ
  • လက်ရှိကျင့်သုံးနေသော အန္တရာယ်ထိန်းချုပ်ရေးနည်းလမ်းများ
  • လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး လုပ်ငန်းစစ် (safety audit) အစီရင်ခံစာများ
  • အလုပ်သမားများနှင့် ၀န်ထမ်းများ၊ ပစ္စည်းထုတ်လုပ်သူ၊ ၀န်ဆောင်မှုပေးသူ စသည်တို့၏ အကြံပြုချက်များ
  • အလုပ်သမား၊ ၀န်ထမ်းများ၏ လုပ်ငန်းခွင်ကျန်းမာရေးဆိုင်ရာ မှတ်တမ်းနှင့် ပြဿနာများ


၎၊ ၇။ အန္တရာယ်အကဲဖြတ်ချက်

            အန္တရာယ်ကို စူးစမ်းရှာဖွေခြင်း (hazard identification), အန္တရာယ်အကဲဖြတ်ခြင်း (risk evaluation) နှင့် အန္တရာယ်ကို ထိန်းချုပ်ခြင်း (risk control) ဟု အန္တရာယ်အကဲဖြတ်ချက်နည်းလမ်း၌ အဆင့် (၃) ဆင့်ပါသည်။ ထိုအဆင့်များ ကို ၄၊ ၅ တွင်ဖော်ပြခဲ့သည့် လုပ်ငန်းအစီအစဉ်အလိုက် ရေးဆွဲရသည်။
            အကယ်၍ အန္တရာယ်အဆင့် (risk level) သည် အစိမ်းရောင်နယ်အတွင်း ကျရောက်ခဲ့ပါက အန္တရာယ်နည်းသော အခြေအနေဖြစ်၏။ လက်ရှိ ရှိပြီးသား အန္တရာယ်ထိန်းချုပ်ရေးနည်းလမ်းများနှင့်ပင် လုံလောက်သည်။ နောက်ထပ် ထည့်ဖြည့် စရာ မလို။ အကယ်၍ အန္တရာယ်အဆင့် (risk level) သည် အ၀ါရောင်နယ်အတွင်း ကျရောက်ခဲ့ပါက အလယ်အလတ် အန္တရာယ်ရှိသော အခြေအနေဖြစ်၏။ အတော်အသင့် အန္တရာယ်ရှိသည်။ လက်ရှိရှိပြီးသား အန္တရာယ်ထိန်းချုပ်ရေးနည်းလမ်း များနှင့်ပင် မလုံလောက်။ နောက်ထပ် အန္တရာယ် ထိန်းချုပ်ရေးနည်းလမ်းများ ထပ်မံ ဖြည့်တင်းပေးဘို့ လိုသည်။
            အကယ်၍ အန္တရာယ်အဆင့် (risk level) သည် အနီရောင်နယ်အတွင်း ကျရောက်ခဲ့ပါက အလွန်အန္တရာယ်များသည့် အခြေအနေဖြစ်၏။ ထိုအခြေအနေတွင် အလုပ်လုပ်ခွင့်မပြု။ ဖြစ်နိုင်သမျှသော အန္တရာယ်ထိန်းချုပ်ရေးနည်းလမ်းများသုံးကာ  အန္တရာယ်အဆင့်ကို အလယ်အလတ်ထိရောက်အောင် လျှော့ချရန်လိုသည်။ အန္တရာယ်အဆင့်သည် အလယ်အလတ် (အ၀ါရောင်နယ်ပယ်) အတွင်းရောက်လာမှ အန္တရာယ်ထိန်းချုပ်ရေး နည်းလမ်းများအပြည့်အ၀သုံးကာ လုပ်ခွင့်ပြုသည်။

၎၊ ၇၊ ၁။ အန္တရာယ်များကို စူးစမ်းရှာဖွေခြင်း (hazard identification)

            အသင့်တော်ဆုံးနည်းလမ်းများသုံးလျှက် အန္တရာယ်ကို စူးစမ်းရှာဖွေရမည်။ အလုပ်၏သဘာဝ မည်ကဲ့သို့ရှိသည်။ မည်ကဲ့သို့သော အန္တရာယ်များကြုံတွေ့ရနိုင်သည်။ မမြင်နိုင်သော မည်သည့်အန္တရာယ်များရှိသည် စသည်တို့ကို အကဲဖြတ် အဖွဲ့တွင်ပါဝင်သူများအားလုံး ခေါင်းချင်းဆိုင်ကာ တိုင်ပင်ဖော်ထုတ်ရမည်။ မိမိတို့လုပ်ငန်းမှသာမဟုတ်ဘဲ အခြား ပြင်ပ ပယောဂကြောင့် ရနိုင်မည့် အန္တရာယ်များကိုပါ ထည့်သွင်းစဉ်းစားရမည်။
            ပထမဦးဆုံး ၄၊ ၅ တွင်ဖော်ပြခဲ့သည့် လုပ်ငန်းအစီအစဉ်ကို အန္တရာယ်အကဲဖြတ်ချက်ဇယား (ဇယားအမှတ် ၄၊ ၁) ၏ ကော်လံ (၁ခ - လုပ်ငန်း) တွင် ချရေးပါ။
            ကော်လံ (၁ဂ - အန္တရာယ်) တွင် ထိုလုပ်ငန်းလုပ်စဉ် ကြုံတွေ့ရနိုင်သည့် အန္တရာယ်များကို ရေးပါ။ လုပ်ငန်းတစ်ခု အတွက် အန္တရာယ်တစ်ခုမက ရှိနိုင်ပါသည်။ အန္တရာယ်တစ်ခုချင်းအတွက် တစ်လိုင်းစီတွင်ရေးပါ။ ထိုအန္တရာယ်များတွင် မီးလောင်မည့်အန္တရာယ်၊ ဆူညံသံအန္တရာယ်၊ အပူလွန်ခြင်း၊ ဓာတ်ရောင်ခြည်သင့်ခြင်း၊ လူအားဖြင့်မ,ခြင်း စသည့် ရုပ်ဝတ္တု အန္တရာယ်များ၊ လည်နေသည့် စက်အကြား ညပ်ခြင်း၊ လှုပ်ရှားနေသည့် စက်အစိတ်အပိုင်းဖြင့် ထုမိ၊ ရိုက်မိခြင်း စသည့် စက်မှု အန္တရာယ်များ၊ ဓာတ်လိုက်ခြင်းစသည့် လျှပ်စစ်အန္တရာယ်များ၊ အဆိပ်၊ စားစေတတ်သည့် ဓာတုပစ္စည်း၊ မီးလောင်စေသည့် ပစ္စည်း စသည့် ဓာတုပစ္စည်းများ အန္တရာယ်၊ ဗိုင်းရပ်၊ ကူးစက်ရောဂါ၊ ဆီး၊ သွေး၊ တံတွေး စသည်တို့မှ ကူးစက်တတ်သည့် ရောဂါ အန္တရာယ် စသည်တို့ကို ထည့်သွင်းစဉ်းစားရပါမည်။

၎၊ ၇၊ ၂။ အန္တရာယ်အကဲဖြတ်ခြင်း (risk evaluation)

အကြမ်းဖျဉ်းအားဖြင့် အကဲဖြတ်ဇယား နှစ်မျိုးရှိပြီး မိမိလုပ်ငန်းနှင့် ကိုက်ညီမည်ထင်သည့် နှစ်သက်ရာ ဇယားတစ်မျိုး ကို သုံးနိုင်၏။ သို့သော် ၅ x ၅ အန္တရာယ်အကဲဖြတ်ဇယားကို သုံးရန် အကြံပြုပါသည်။ အန္တရာယ်များသည်၊ နည်းသည်ဟု ပြော သည်ထက် ဂဏန်းနှင့်ပြခြင်းက ပိုမိုရှင်းလင်း လွယ်ကူပါသည်။ ဥပမာ - တစ်ခါတစ်ရံ (၃) မှ ဖြစ်သော်လည်း ဖြစ်မည်ဆိုလျှင် သေလောက်သည့် အန္တရာယ်မျိုး (၅) ဆိုပါက အန္တရာယ်ဦးစားပေးအဆင့်နံပါတ် (Risk Prioritisation Number – RPN) မှာ (၃ x ၅ = ၁၅) ဖြစ်ပါသည်။ ၁၅ ဆိုလျှင် အန္တရာယ်များသည်ဟု သတ်မှတ်၏။ ထို့ကြောင့် အနီကွက်ထဲကျရောက်သည်။ ထိုအလုပ်မျိုးကို လက်မခံနိုင်။ ဖြစ်နိုင်သမျှသော ထိန်းချုပ်မှုများဖြင့် အ၀ါရောင်အကွက်ထဲရောက်သည်ထိ လုပ်ယူရမည်။

၃ x ၃ အန္တရာယ်အကဲဖြတ်ဇယား


၅ x ၅ အန္တရာယ်အကဲဖြတ်ဇယား

 

အလုပ်၌ ကြုံတွေ့ရနိုင်သည့် အန္တရာယ်များကို စူးစမ်းရှာဖွေပြီးသည့်နောက် ထိုအန္တရာယ်များကို အကဲဖြတ်ရမည် ဖြစ်ပါသည်။ ဤအဆင့်သည် အရေးကြီး၏။ အန္တရာယ်ကို မှန်ကန်စွာ အကဲဖြတ်တတ်ရမည်။ ဤအန္တရာယ်သည် မကြာခဏ ဖြစ်တတ်သလား၊ ၃ နှစ်လောက်ကြာမှ တစ်ခါ ဖြစ်သလား။ ဖြစ်နိုင်ရင် သေလောက်သလား။ ဘာမှမဖြစ်လောက်ဖူးလား စသည်ဖြင့် မှန်မှန်ကန်ကန် ဆုံးဖြတ်တတ်ရပါမည်။ ဤကဲ့သို့မှန်ကန်စွာဆုံးဖြတ်နိုင်မှ အန္တရာယ်အဆင့်ကိုလည်း မှန်ကန်စွာ ပေးနိုင်မည်ဖြစ်၏။

            အထက်ပါ ၅ x ၅ အန္တရာယ်အကဲဖြတ်ဇယား၌ အန္တရာယ်ပြင်းအားကို ၅ ဆင့်ခွဲထားပါသည်။


အန္တရာယ်ပြင်းအားကဲ့သို့ပင် ဖြစ်နိုင်သည့် ကြိမ်နှုန်းကိုလည်း ၅ ဆင့်ခွဲထားပါသည်။


၎၊ ၇၊ ၃။ အန္တရာယ်ကို ထိန်းချုပ်ခြင်း (risk control)

            အန္တရာယ်အကဲဖြတ်ဇယားတွင် အန္တရာယ်ဦးစားပေးအဆင့်နံပါတ်ကို သတ်မှတ်လိုက်ပြီးသည့် နောက်တစ်ဆင့် လုပ်ရမည်မှာ ထိုအန္တရာယ်များကို လျော့နည်းကျဆင်းသွားအောင် မည်ကဲ့သို့ ထိန်းချုပ်မည်နည်းဟူသည့် နည်းလမ်းကို ချမှတ်ပေးခြင်းဖြစ်၏။
            အန္တရာယ်ကို ထိန်းချုပ်ရာတွင် နှစ်မျိုးရှိ၏။ တစ်မျိုးမှာ လက်ရှိရှိပြီးသား ထိန်းချုပ်နည်းများ ဖြစ်ပြီး နောက်တစ်မျိုးမှာ ကြီးမားသည့် အန္တရာယ်များကို ပိုမိုသက်သာလာအောင် လျှော့ချရန်အတွက် ထပ်ထည့်ပေးရသည့် ထိန်းချုပ်နည်းများ ဖြစ်၏။
ဤထိန်းချုပ်နည်းများတွင် အခန်း (၃) ၌ ပြဆိုခဲ့သော အန္တရာယ်ကန့်သတ်ထိန်းချုပ်ခြင်း နည်းလမ်းများ ပါဝင်၏။
            မူလ လက်ရှိရှိပြီးသား ထိန်းချုပ်နည်းများဖြင့် အန္တရာယ်များကို ကန့်သတ်ထိန်းချုပ်ထားသည့်တိုင် အန္တရာယ် ဦးစားပေးအဆင့်နံပါတ်မှာ အနီရောင်နယ်ပယ် (အလွန်အန္တရာယ်များ) ထဲ၌ ရှိနေသေးသည်ဆိုလျှင် ၎င်းကို နောက်ထပ် ထိန်းချုပ်နည်းအသစ်များ ထပ်မံပံ့ပိုးပေးရသည်။ ထိုအခါ အန္တရာယ်ဦးစားပေးအဆင့်နံပါတ်မှာ အစိမ်းရောင်နယ်ပယ် (အန္တရာယ်နည်း) သို့ လျော့နည်းကျဆင်း သွားရမည်။ သို့သော် အစိမ်းရောင်မဟုတ်လျှင်သော်မှ အ၀ါရောင်နယ်ပယ်တွင် ရှိနေသေးလျှင် သတ်မှတ်ထားသော အန္တရာယ်ထိန်းချုပ်ရေးနည်းစနစ်များကို တင်းတင်းကျပ်ကျပ်လိုက်နာစေလျှက် ခွင့်ပြုနိုင် သည်။  
            နောက်အရေးကြီးသည့် တစ်ချက်မှာ ဤအန္တရာယ်ထိန်းချုပ်ခြင်းကို မည်သူက မည်သည့်အချိန်တွင် ဆောင်ရွက်မည် နည်း ဟူသော မေးခွန်း၏ အဖြေဖြစ်သည်။ ဤနေရာတွင် (ကြီးကြပ်ရေးမှူး၊ မည်သည့်လ) ဟု ယေဘူယျဖော်ပြသည်ထက် (ဦးမောင်မဲ၊ ကြီးကြပ်ရေးမှူး။ ၂၀၊ ၈၊ ၂၀၁၃) ဟု အတိအကျဖော်ပြလျှင် လုပ်ရကိုင်ရတာ ပိုမိုလွယ်ကူပါသည်။
            သို့မှသာ အကယ်၍ လုပ်ငန်းခွင်အတွင်း သွားရောက်စစ်ဆေးသည့်အခါ အန္တရာယ် အကဲဖြတ်ချက်၌ ဖော်ပြထား သည့် ထိန်းချုပ်ရေးနည်းလမ်းများကို လက်တွေ့ဆောင်ရွက်ထားကြောင်း မတွေ့ရသည့်အခါ ဤကိစ္စကို ချက်ချင်း လုပ်ခိုင်း နိုင်ရန် သက်ဆိုင်ရာတာဝန်ရှိသူကို အလွယ်တကူ ရှာဖွေနိုင်မည်၊ သတ်မှတ်ရက်အတွင်း ပြီးအောင်လုပ်ရန် တွန်းအားပေး နိုင်မည်ဖြစ်၏။

၎၊ ၈။ လက်တွေ့အကောင်အထည်ဖော်ခြင်း

            အန္တရာယ် အကဲဖြတ်ချက်ကို ရေးဆွဲပြီးသွားလျှင် စီမံကိန်းမန်နေဂျာသည် ဤအကဲဖြတ်ချက်ပါ အန္တရာယ်ထိန်းချုပ် ခြင်းကို လုပ်ငန်းခွင်အတွင်း လက်တွေ့အကောင်အထည်ဖော်ကြောင်း သေချာစေရမည်။ အကောင်အထည်ဖော်ရာ၌လည်း လုပ်ငန်းမစတင်မီ ကြိုတင်လုပ်ဆောင်ထားရန် ဖြစ်၏။ ဤသို့လုပ်ဆောင်ရန်အတွက် မည်သူသည် မည်သည်ကို မည်သည့် အချိန်တွင် လုပ်ဆောင်ရမည်ဟု လုပ်ငန်းစီမံချက် (Action Plan) ရေးဆွဲထားရန် လိုသည်။
            ထို့နောက် ထိုလုပ်ငန်းစီမံချက်အတိုင်း လုပ်မလုပ်ကို မျက်ခြေမပြတ် စောင့်ကြည့်အကဲခတ်နေရန်လည်း လို၏။
            နောက်အရေးကြီးသည့်တစ်ချက်မှာ ဤ အန္တရာယ်အကဲဖြတ်ချက်ကို သက်ဆိုင်သူအားလုံး (ကြီးကြပ်ရေးမှုး၊ အလုပ်သမား၊ အင်ဂျင်နီယာ စသည်) အား ရှင်းလင်းပြောပြထားရန် ဖြစ်၏။ ၎င်းတို့လုပ်ကိုင်မည့် လုပ်ငန်းမှ ဖြစ်နိုင်ချေရှိသော အန္တရာယ်များနှင့် ထိုအန္တရာယ်များမဖြစ်အောင် မည်ကဲ့သို့ လိုက်နာလုပ်ဆောင်ရမည်ကို အန္တရာယ်ကင်းစွာ လုပ်ကိုင်နိုင်ရေး အစီအစဉ် (Safe Work Procedure) နှင့်ယှဉ်ပြီး ရှင်းလင်းပြောပြရမည်။
ထို့နောက် ရှင်းလင်းပြောပြသည်များကို ကောင်းစွာ သဘောပေါက်နားလည်ကြောင်း၊ အလုပ်လုပ်သည့်အခါ ထို အန္တရာယ် အကဲဖြတ်ချက်က ညွှန်ပြထားသည့်အတိုင်း လိုက်နာလုပ်ဆောင်ပါမည့်အကြောင်း လက်မှတ်ထိုးကာ မှတ်တမ်းယူ ထားရပါမည်။ နောင် မတော်တဆမှုစသည့် အကြောင်းတစ်စုံတစ်ခုဖြစ်လာသည့်အခါ ငါမသိပါဘူး ဟု မငြင်းနိုင်စေရန် ဖြစ်၏။
ထို အန္တရာယ်အကဲဖြတ်ချက်ကို အန္တရာယ်ကင်းအကဲဖြတ်ချက်မှတ်ပုံတင် (Risk Register) မှတ်တမ်းစာအုပ်တွင် Revisiion No. နှင့်တကွ ရေးသွင်းထားရမည်။ သတ်မှတ်ထားသည့် အချိန်ရောက်တိုင်း ပြန်လည်သုံးသပ် (review) လုပ်ရ မည်။
             
၎၊ ၉။ အန္တရာယ်အကဲဖြတ်ချက်အား ပြန်လည်သုံးသပ်ခြင်း (Risk Assessment Review)

            အန္တရာယ်အကဲဖြတ်ချက် စတင်ရေးဆွဲစဉ်ကတည်းက မည်သည့်နေ့ရက်တွင် နောက်တစ်ချိန် ပြန်လည်သုံးသပ် ရမည်ဟု ဖော်ပြထားရသည်။ အန္တရာယ်အကဲဖြတ်ချက်ကို အောက်ပါအခြေအနေများတွင် ပြန်လည်သုံးသပ်ရမည်။

  • ပြန်လည်သုံးသပ်ရမည့် အချိန်ရောက်သည့်အခါ
  • မတော်တဆမှု၊ အန္တရာယ်ဖြစ်လုနီးကြုံရသည့်အခါ (Near Miss)၊ အန္တရာယ်ရှိသောအခြေအနေများနှင့် ကြုံရသည့်အခါများ
  • လုပ်ငန်းသဘာဝပြောင်းသွားသည့်အခါ၊ လုပ်ငန်းအခြေအနေ ပြောင်းသည့်အခါ၊ သုံးသည့်ပစ္စည်းများ ပြောင်းသည့်အခါ
  • အစိုးရ၏ ထုတ်ပြန်ကြေငြာချက်များသည် အန္တရာယ်အကဲဖြတ်ချက်အပေါ် သက်ရောက်သည့်အခါ


ဆက်ပါဦးမည်။

အေးငြိမ်း
၁၅၊ ၈၊ ၂၀၁၃။ ည ၁၁း၃၆နာရီ 


No comments: