နိဒါန်း
ကျွန်ုပ်တို့နားသည် အချိန်တိုင်း၊ နာရီတိုင်း၊ နေ့တိုင်း
အသံများကို နားထောင်ရလျှက်ရှိ၏။ နားဆိုသည်မှာ အပွင့်ဖြစ်သဖြင့် ကြားချင်သည်ဖြစ်စေ မကြားချင်သည်ဖြစ်စေ
ရှိရှိသမျှသော အသံတို့ နားအတွင်း ၀င်ရောက်လာသည်ကို လက်ခံရသည်သာ ဖြစ်လေသည်။ မိမိအား
အနှောက်အယှက်မပေးသည့်အသံ သို့မဟုတ် ကိုယ်ကြားလိုသည့်အသံကို ကြားရသည့်အခါတွင် ဘာမှပြဿနာမရှိသော်လည်း
ကိုယ်မကြားလိုသော အသံများကို ကြားရလျှင် စိတ်အနှောက်အယှက် ဖြစ်ရသည်။
ထို့ထက်
ထိုအသံများက မိမိတို့နားကို ဒုက္ခပေးသဖြင့် အကြားအာရုံချို့တဲ့သွားလျှင် တစ်သက်လုံး
နားပင်းကြီးဘ၀ဖြင့် အရိုးထုတ်ရပေလိမ့်မည်။ နားလေးခြင်းကို ကုသပေးနိုင်သည့် ဆေးပညာ မည်သည့်နိုင်ငံမှာမှ
မပေါ်သေး။ အကြားအာရုံကို ကုစားပေးနိုင်သည့် ဆေးမရှိ။ နားလေးခြင်းသည် ထာဝရ ဖြစ်၏။ တစ်ဦးနှင့်တစ်ဦးဆက်သွယ်ရာတွင်
အဓိကအားဖြင့် ပြောဆို ဆက်သွယ်ကြရသည်။ စာနှင့်ရေးပြီး ပြောလို့ရသည် ဖြစ်စေ၊ စကားပြောဆိုဆက်သွယ်ခြင်းလောက်တော့
ခရီးမရောက်။ အဆင်မပြေနိုင်။ ထို့ကြောင့် အကြားအာရုံမဆုံးရှုံးရလေအောင် ကြိုတင်ကာကွယ်ခြင်းသည်
အလွန်အရေးကြီးလှ၏။
ဖွံ့ဖြိုးသောနိုင်ငံကြီးများတွင်
ဆူညံသံကို ဥပဒေထုတ်ကာ ထိန်းချုပ်ထား၏။ လူအများ အေးအေးဆေးဆေး စိတ်အေးချမ်းသာ အနားယူ၊
အပန်းဖြေခြင်းသည် အလွန်အရေးကြီး၏။ မြန်မာနိုင်ငံတွင် ဆူညံသံ၏ အန္တရာယ်ကို မည်သူမှ သတိမပြုမိသေး။
အရေးတယူ လုပ်ရကောင်းမှန်း မသိကြသေး။ ထို့ကြောင့် မြန်မာပြည်သား လူအများတို့မှာ အလွန်
ဆူညံလှသော အသံပလံများကို သည်းညည်းခံ အောင့်အည်းနားထောင်နေကြရသည်။ သည်းမခံလို့ရော ဘာလုပ်လို့
ရပါ မည်နည်း။ ဘာမှ မတတ်နိုင်ပါ။ လူ ၁၀၀ လျှင် ၉၉ ယောက်လောက်မှာ ငါလုပ်ရင် သူများကို
ဘယ်လိုထိခိုက်ပါလိမ့်မလဲဟု စဉ်းစားဆင်ခြင်းခြင်း မရှိသူများဖြစ်လေရကား ထိုတစ်ဦးအတွက်
ကျန် ၉၉ ယောက်မှာ စိတ်ဒုက္ခရောက်ကြရသည်။
ယခု ကျွန်တော်
ဆူညံသံများအကြောင်းနှင့် ထို ဆူညံသံများကို မည်ကဲ့သို့ ထိန်းချုပ်နိုင်သည်။ အခြားနိုင်ငံများ၌
ဆူညံသံကို ဥပဒေဖြင့် မည်ကဲ့သို့ ထိန်းချုပ်ထားပုံများကို စုဆောင်း တင်ပြလိုက်ပါသည်။
မြန်မာပြည်သား လူအများတို့သည် ဆူညံသံများ၏ ဘေးဒုက္ခမှ ကင်းဝေးကြပါစေသတည်း။
၁။ ဆူညံသံဆိုတာ ဘာလဲ
အသံသည်
တုန်ခါမှုကြောင့်ဖြစ်သည်။ ဂီတာကြိုးများကို တီးခတ်လိုက်သည့်အခါ ကြိုး၏တုန်ခါမှုကြောင့်၊
လင်းကွင်း ကို တီးလိုက်သည့်အခါ လင်းကွင်းကြေးချပ်များ၏ တုန်ခါမှု၊ စကားပြောသည့်အခါ လည်ချောင်းအတွင်း
လေလှိုင်းများ၏ တုန်ခါမှု၊ လေတိုက်သည့်အခါ လေတိုးသဖြင့် သွပ်ပြားများ၏ တုန်ခါမှု စသည်တို့ကြောင့်
အသံဖြစ်သည်။ ထိုအသံသည် လှိုင်းများအဖြစ် လေကိုဖြတ်လျှက် ကျွန်ုပ်တို့နားအတွင်း ၀င်ရောက်လာသဖြင့်
အသံကိုကြားရခြင်း ဖြစ်သည်။
‘ဆူညံသံ’
ဟူသော အင်္ဂလိပ်စကားလုံး ‘Noise’ ဟူသည် ‘nausea’ ဟူသည့် လက်တင်စကားလုံးမှ ဆင်းသက်လာ သည်။
အလိုမရှိအပ်၊ မလိုလားအပ်သော အသံ၊ သို့မဟုတ် ကျယ်ပြီး နှစ်သက်ဖွယ်မရှိသော၊ မျှော်မှန်းမထားသော၊
စိတ်အနှောင့်အယှက် ဖြစ်စေသောအသံဟု အဓိပ္ပါယ်ရ၏။
ဆူညံသံသည်
သဘာဝမှလာသည်ထက် လူများကြောင့် ဖြစ်တာပိုများသည်။ မြို့ပြလူနေမှုဘ၀များကြောင့်သော် လည်းကောင်း၊
သယ်ယူပို့ဆောင်ရေး လုပ်ငန်းများမှသည် လည်းကောင်း၊ စက်မှုလုပ်ငန်းများမှသည်လည်းကောင်း
ဆူညံသံ ထွက်ပေါ်သည်။ အိမ်အတွင်းမှ ဆူညံသံမှာ ကျယ်လောင်စွာဖွင့်ထားသည့် ဆောင်းဘောက်စ်၊
တီဗီသံ၊ ကြာရှည် ဖုံးစကား ပြောသံ စသည်တို့ပါဝင်သည်။ ထိုဆူညံသံ၏ဆိုးကျိုးကို ထိုပတ်ဝန်းကျင်တွင်
နေထိုင်သူတို့ နိစ္စဒူဝ ခံစားကြရသည်။
လေယာဉ်ပျံသံ၊
ကားသံ၊ ရထားသံ၊ ဆောက်လုပ်ရေးလုပ်ငန်းမှ စက်ယန္တယားများ၏အသံ၊ မြက်ဖြတ်စက်သံ စသည်တို့မှာ
မြို့ပြများ၏ ဆူညံသံထွက်ပေါ်ရာ အရင်းအမြစ်များဖြစ်၏။ မြန်မာပြည်တွင်မူ အလှူခံမဏ္ဍပ်၊ ထီကြော်ငြာ၊
အသံမစဲပဋ္ဌာန်းပွဲ၊ တရားပွဲ၊ အလှူ၊ မင်္ဂလာဆောင်၊ အသုဘ၊ ရပ်ကွက် ပျော်ပွဲရွှင်ပွဲများမှ ထွက်ပေါ်လာသည့်
အသံချဲ့စက် အသံများ။ ထို့ပြင် လမ်းဘေးမှ ခွေးလေခွေးလွင့်များ၏ ရန်ဖြစ်ကြ၊ ကိုက်ကြခဲကြ၊
တော်သလင်းလတွင် အပျော်ကြူးကြသည့် အသံ၊ လူနေရပ်ကွက်များအတွင်း စက်မှုလုပ်ငန်းများ ထူထောင်ထားသဖြင့်
သစ်ခွဲစက်၊ မီးစက်၊ တူထုသံ၊ အဆောက်အအုံများ ဆောက်လုပ်ခြင်းမှ ထွက်ပေါ်လာသည့် ကွန်ကရစ်ဖျော်စက်များမှ
အသံ၊ ကွန်ကရစ်ခွဲစက်များ၏ ဆူညံသံ၊ စသည့်အသံများပါ ပါပါသည်။
သို့ရာတွင်
ဆူညံသံဟု သတ်မှတ်ရာ၌ အနည်းငယ်ရှုပ်ထွေးပါသည်။ ဥပမာ - လူငယ်များသည် ယနေ့ခေတ်ပေါ် တေးသီချင်းများကို
ကျယ်လောင်စွာဖွင့်၍ နားထောင်ရာ ၎င်းတို့အဖို့ သာယာသံဖြစ်သော်လည်း လူကြီးသူမများအတွက်မူ
သာယာသံမဖြစ်နိုင်။ ဆူညံသံဟုသာ သတ်မှတ်ပါလိမ့်မည်။ ထို့အတူ အသက် ၄၀ ကျော်၊ ၅၀ ကျော်တို့
နှစ်ချိုက်စွာ နားထောင် သည့် ကိုအံ့ကြီး၊ မေရှင်၊ မြင့်မြင့်ခင်တို့၏ သီချင်းများကို
အချို့မှလွဲ၍ အဘယ်လူငယ်များသည် နားဝင်ပီယံ ဖြစ်ပါမည်နည်း။ ၎င်းတို့အတွက်မူ အလွန်ပျင်းစရာ၊
အိပ်ချင်စရာကောင်းသော သီချင်းများဖြစ်ပေမည်။
ပြင်ပဆူညံသံများ
(outdoor noise) ကို ပေါင်းရုံးပြီး ပတ်ဝန်းကျင်ဆူညံသံ (environmental noise) ဟု ခေါ်သည်။
၂။ ဆူညံသံကြောင့်ဖြစ်သော ကျန်းမာရေး အန္တရာယ်
ဆူညံသံသည် အသံတိတ်လူသတ်သမား ဖြစ်၏။ သို့သော် ထင်သာမြင်သာမရှိသဖြင့်
မည်သူမှ သတိမထားမိကြ။ ဖွံ့ဖြိုးသောနိုင်ငံကြီးများတွင် ဆူညံသံကြောင့် ပြည်သူများ မည်သည့်ရောဂါများ၊
မည်မျှရနေသည်ကို သုတေသနပြုကြသည်။ ထိုသုတေသနတွေ့ရှိချက်များကို ထုတ်ပြန်ကာ မည်ကဲ့သို့ကုစားရမည်ကို
အဖြေရှာကြသည်။ လက်တွေ့လုပ်ဆောင်ခြင်းဖြင့် လည်း ပြည်သူတို့၏ လူနေမှုဘ၀၊ ဘ၀အရည်အသွေး
(quality of life) တိုးတက်လာစေရန် ကြံဆောင်ကြသည်။
ဆူညံသံကြောင့်
စိတ်အနှောင့်အယှက်ဖြစ်ရခြင်းကို ယုံမှားသံသယရှိရန် မလိုပါ။ ဆူညံသံကြောင့် မပြောပလောက် သော ရောဂါသေးသေးကလေးမှသည် သေနိုင်သည့်
ရောဂါကြီးများထိ ဖြစ်နိုင်၏။ အလွန်သိမ်မွေ့လှသော ဆူညံသံကလေး သည်ပင် ကျန်းမာရေးကို ထိခိုက်စေနိုင်သည်။
ဆူညံသံကြောင့် ကျန်းမာရေးကို ထိခိုက်စေနိုင်သည်ဟု ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးနှင့် အမေရိကန်ပတ်ဝန်းကျင်ထိန်းသိမ်းရေး
အေဂျင်စီ (U.S Environmental
Protection Agency (EPA) က လက်ခံထားသည်။ ဆူညံသံကြောင့်
ရနိုင်သောရောဂါများမှာ နှလုံးသွေးကြောဆိုင်ရာ ရောဂါများ၊ သွေးတိုးရောဂါ၊ အိပ်မပျော်ခြင်း၊
စကားပြောထစ်ခြင်း၊ စိတ်တိုခြင်း၊ စိတ်အနှောက်အယှက်ဖြစ်ခြင်း၊ စိတ်ဖိစီးမှု များခြင်း၊
ခေါင်းကိုက်ခြင်း စသည်တို့ဖြစ်ပြီး ကလေးများတွင် အသိဉာဏ်ဖွံ့ဖြိုးမှုကို ထိခိုက်စေနိုင်သည်။
အလွန်ဆူညံသော အသံများသည် အသိဉာဏ် ချို့တဲ့ခြင်း နှင့် စိတ်ရောဂါတို့ကိုပါ ဖြစ်စေသည်။
ဆူညံသံများသည် အနားယူခြင်းကို အနှောက်အယှက်ဖြစ်စေသဖြင့် လူတို့၏ ယေဘူယျ ဘ၀အရည်အသွေးကို
ထိခိုက်စေလေသည်။
အလွန်ကျယ်လောင်သောအသံကို
ရုတ်တရက်ကြားလိုက်ရခြင်းကြောင့် သွေးတိုးခြင်း၊ နှလုံးခုန်နှုန်းမြန်ခြင်း၊ ကြွက်တက်ခြင်း
စသည်တို့ဖြစ်တတ်၏။ လူတို့သည် ဆူညံသံ 135dB နှင့်အထက်ကိုကြားရလျှင်
နာကျင်မှုကို ခံစားရသည်။
၃။ ဆူညံသံကြောင့် ကလေးများ၏ ဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်ခြင်း
ဆူညံသံကြောင့် ကလေးငယ်များ၏ စကားပြောခြင်းနှင့် နားထောင်ခြင်းကို
ထိခိုက်စေပါသည်။ နားထဲ၌ ပိတုန်း မြည်သံကဲ့သို့ တ၀ီဝီအသံများ ကြားနေရတတ်သည်။
ဆူညံသည့်ပတ်ဝန်းကျင်တွင် ပညာသင်ယူရသောကလေး၌
အောက်ပါတို့ ဖြစ်စေနိုင်၏။
Ø စာဖတ်နှုန်း နှေးကွေးခြင်း
Ø ဆရာ၊ ဆရာမများ၏ အသံထွက်ကို ကောင်းစွာမကြားရသဖြင့် ဘာသာစကားသင်ယူရာတွင်
အသံထွက်လွဲမှားခြင်း
Ø သင်ခန်းစာပေါ် အာရုံစူးစိုက်မှုနည်းသဖြင့် သင်ခန်းစာကို ကောင်းစွာ
မကျေညက်ခြင်း
Ø ဆူညံသံများကြောင့် မပျော်ရွှင်သည့်အတွက် ငယ်ငယ်ရွယ်ရွယ်နှင့်
သွေးတိုးရောဂါဖြစ်ခြင်း၊ စိတ်ဖိစီးမှုများခြင်း
အပြန်အလှန်အားဖြင့် တိတ်ဆိတ်သောနေရာ၌
ပညာသင်ကြားရသောကလေးသည် စာဖတ်မြန်မည်၊ သင်ခန်းစာကို ကျေကျေ ညက်ညက်နားလည်မည်၊ ပျော်ရွှင်မှုကို
အပြည့်အ၀ရသဖြင့် ကျန်းမာသန်စွမ်းမည်။
၎။ အသံ၏ သဘာဝ (Characteristics of Sound)
အသံ၏ သဘာဝ သုံးမျိုးရှိသည်။ အသံ၏အမြန်နှုန်း
(speed or velocity) ၊ ကြိမ်နှုန်း (frequency) နှင့် အသံလှိုင်း အလျား (wave
length) တို့ ဖြစ်၏။ အသံသည် အပူချိန် ၂၀ ဒီဂရီစင်တီဂရိတ်ရှိသော လေထဲ၌ တစ်စက္ကန့်လျှင်
၃၄၄ မီတာ သွား၏။ အသံသည် အရည်၊ အစိုင်အခဲများအတွင်း၌ လေထဲတွင်သွားသည့်နှုန်းထက် ပိုမြန်မြန်သွားနိုင်သည်။
အောက်တွင် အသံသွားနှုန်းများကို ဖော်ပြထားပါသည်။
အသံ၏တုန်ခါမှု (ကြိမ်နှုန်း - frequency) ကို hertz (Hz) ဖြင့်တိုင်းတာသည်။
ကြိမ်နှုန်းဆိုသည်မှာ တစ်စက္ကန့် အတွင်း တုန်ခါသည့်အရေအတွက် ဖြစ်၏။ စကားပြောရာမှ ထွက်လာသည့်အသံ၏
ကြိမ်နှုန်းမှာ ၂၀၀ မှ ၃၀၀၀ Hz ရှိသည်။ ကျွန်ုပ်တို့နားသည် ကြိမ်နှုန်း ၁၀၀၀ မှ ၅၀၀၀
ရှိသောအသံကို အလွယ်တကူ ကြားနိုင်၏။
အသံ၏ လှိုင်းအလျားကို
အောက်တွင် ဖော်ပြထားပါသည်။
Wavelength = speed / frequency
Speed of sound = 345 m/s @ 25° C
For a 1000 Hz (cycles/sec) sound, wavelength =
345/1000 = 0.35 m
၅။ အသံကို တိုင်းတာခြင်း
အသံကို
ဒက်စီဘယ် (decibels – dB) ဖြင့် တိုင်းတာနိုင်သည်။ အသံ ၁၀ ဒက်စီဘယ်တိုးတိုင်း နှစ်ဆပိုကျယ်လာ
သည်။ ၇၅ ဒက်စီဘယ်ထက်များသော အသံကို အမြဲကြားနေရပါက အကြားအာရုံချွတ်ယွင်းနိုင်သည်။ အိမ်ခန်းတွင်းမှ
အသံသည် ၃၀ ဒက်စီဘယ်ထက် နည်းသင့်သည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက အကြံပြု၏။ ဒက်စီဘယ်
ဂဏန်း များလာလေ နားကို ဒုက္ခပေးနိုင်လေဖြစ်သည်။
လူများသည်
6 ~ 30,000 Hz (ကြိမ်နှုန်း ၆ မှ ၃၀၀၀၀ ထိ) ရှိသောအသံများကိုသာ ကြားနိုင်စွမ်းရှိသည်။
1 Hertz (Hz) ဆိုသည်မှာ 1 cycle per second ဖြစ်သည်။ 1 cycle per second ဆိုသည်မှာ
တစ်စက္ကန့်အတွင်း နားကိုလာရောက် ထိခတ်သော အသံလှိုင်းအရေအတွက် ဖြစ်၏။ မွေးခါစမှ အသက် ၁၁
နှစ်ထိ ကလေးသူငယ်များသည် 30,000 Hz အသံကိုကြားနိုင်သော်လည်း အသက် ၁၂ နှစ်ကျော်သည့်
အခါ ထိုကြားနိုင်စွမ်းမှာ 20,000 Hz သို့ ကျဆင်းသွားသည်။ အသက် ၅၀ ကျော်သည့်အခါတွင်မူ
4000 Hz ရှိသည့် အသံကို သာ ကြားနိုင်တော့သည်။ ထို့ကြောင့် လူတို့ကြားနိုင်သည့် အသံမှာ
ကြိမ်နှုန်း 20 Hz မှ 20,000 Hz အတွင်း ဖြစ်၏။
ကြိမ်နှုန်း
20 Hz အောက်ငယ်သည့်အသံများကို infrasonics ဟုခေါ်ပြီး ကြိမ်နှုန်း 20,000 Hz ထက်မြင့်သည့်
အသံများကို ultrasonics ဟု ခေါ်ပါသည်။ ယနေ့ခေတ် ဆေးပညာ၌ ကိုယ်ဝန်စမ်းသပ်ရာ၌သုံးသည့်
အာထရာဆောင်း ဆိုသည်မှာ ထို ကြိမ်နှုန်းမြင့်အသံများကို ခေါ်ခြင်းဖြစ်ပါသည်။
ဒက်စီဘယ်သည်
လောဂရစ်သမ်စကေး ဖြစ်၏။ အသံကို နှစ်ဆချဲ့လိုက်ပါက 10 dB တိုးသည်။ ထို့ကြောင့် 30 dB
ရှိသောအသံသည် 20 dB ရှိသောအသံထက် ဆယ်ဆလောက် ပိုပြင်းပြီး အသံနှစ်ဆပိုကျယ်သည်။ 40
dB ရှိသောအသံသည် 20 dB ရှိသော အသံထက် အဆတစ်ရာလောက် ပိုပြင်းပြီး အသံလေးဆလောက် ပိုကျယ်သည်။
၆။ ဆူညံသံ အမျိုးအစားများ
ဆူညံသံများကို အောက်ပါတိုင်း အမျိုးအစား ခွဲခြားနိုင်ပါသည်။
OSHA က impulse or impact
noise အား အသံထွက်ပေါ်ချိန် ၅၀၀ မီလီစက္ကန့် (စက္ကန့်ဝက်) ထက်ပိုမကြာသော၊ အသံအကျယ်ဆုံးအချိန်
၃၅ မီလီစက္ကန့်ထက် ပိုမကြာသောအသံကိုခေါ်၏။ လုပ်ငန်းခွင်ရှိ လူများသည် 140dB ထက် ပိုကျယ်သော
ထိုအသံမျိုးကို မကြားရနိုင်စေရန် အကာအကွယ်များ လုပ်ပေးထားရမည်။
၇။ နားတည်ဆောက်ပုံ (Structural Anatomy of an ear)
နားကို
အပြင်နား (External ear, Auricles or Pinna)၊ အလယ်နား (Middle Ear, Cavity) နှင့် အတွင်းနား (Inner ear, Labyrinth) ဟု
သုံးပိုင်း
ပိုင်းခြားနိုင်၏။ အပြင်နား၌ Auricles ဟု ခေါ်သော အသံကိုစုပေးသည့် အော်လံ (နားရွက်)
နှင့် နားစည်အထိရောက်သည့် ပြွန် (EAC -
External Auditory Canal) တို့ပါသည်။ အပြင်နား နှင့် အလယ်နားကို Tympanic Membrane
ခေါ် နားစည်အမြှေးပါးနှင့် ပိုင်းခြားထား၏။
အလယ်နားတွင်
တူ (Malleus)၊ ပေ (Incus) နှင့် အထိန်းကွင်း (Stapes) ခေါ် အရိုးသုံးချောင်းတို့ တစ်ခုနှင့်
တစ်ခု၊ အရွတ်ကလေးများနှင့် ချိတ်ထားကြ၏။ ထိုအရိုးကလေးများမှာ အသံကြားခြင်းအတွက် အလွန်အင်မတန်
အရေးပါလေသည်။
နားတူ
(Malleus) သည် အပြင်ဆုံး၌ရှိပြီး နားစည်၏ အလွှာကြားတွင် ကပ်နေ၏။ အတွင်းဘက်ဆုံး အထိန်းကွင်း
(Stapes) ကို ကြက်ဥပုံ (Oval Window) ၌ အုပ်ထားသည်။ အလယ်နားနှင့် အတွင်းနားကို အရိုးနံရံကြီးထဲမှ
ပြတင်းပေါက်ပုံစံ ကြက်ဥပုံ (Oval Window) နှင့် အ၀ိုင်းပုံ (Round Window) များဖြင့်
ဆက်သွယ်ပေးထား၏။
အတွင်းနားမှကား
အလွန်ရှုပ်ထွေးသည့် ခရုပတ်ပုံစံ (Labyrinths) အခွေကြီးဖြစ်သည်။ ထိုခရုပတ်ကြီးအတွင်း
အာရုံကြောလှုံ့ ဆော်မှုကို ပေးသည့် အရည် (Inner ear fluid)၊ အလွန်သေးငယ်သည့် အာရုံကြောဆဲလ်
(Inner Cells & Outer Cells)များ၊ အာရုံကြောမျှင် (Auditory nerve fibers) များ တည်ရှိသည်။ အတွင်းနားမှ အာရုံကြောမျှင်များမှာ
စုစည်းသွားပြီး ဦးနှောက်မှ အကြားအာရုံနှင့် သက်ဆိုင်သော အပိုင်းသို့ ရောက်သွား၏။
ထိုအာရုံကြောမျှင်ကလေးများမှာ
အကြားအာရုံအတွက် အလွန်အရေးကြီးပေသည်။ မြက်ပင်ကလေးများအား တက်နင်းပါက တစ်ကြိမ်တွင် ပြန်ထောင်မတ်လာနိုင်သည်။
နှစ်ကြိမ်တွင်လည်း ပြန်ထောင်မတ်လာနိုင်သေးသည်။ သို့သော် ထိုမြက်ပင်ကလေးများမှာ အကြိမ်ပေါင်းများစွာ
အနင်းခံရပါက ပြန်လည်ထောင်မတ်လာနိုင်စွမ်းမရှိတော့ဘဲ လုံးဝ သေသွား လေသည်။
အာရုံကြောမျှင်ကလေးများမှာလည်း
ဤသဘောအတိုင်းဖြစ်၏။ ကျယ်လောင်သောအသံကိုကြားရပါက အာရုံကြော မျှင်ကလေးများကို ထိခိုက်သည်။
သို့သော် ပျက်စီးမသွားဘဲ ပြန်ကောင်းလာ၏။ အကြိမ်များစွာ ထိခိုက်ခံရပါမူ အာရုံကြောမျှင်
ကလေးများ လုံးဝသေသွားသည်။ ထိုအာရုံကြောမျှင်ကလေးများ ပြန်လည်ရှင်သန်လာအောင် လုပ်ဖို့ရာ
မလွယ်ကူလှပါ။ ထိုအခါ နားထိုင်းသွားတော့၏။
၈။
အသံ တစ်နေရာမှတစ်နေရာသို့ ကူးပြောင်းခြင်း နှင့် အသံကိုကြားရခြင်း (Sound
Transmitting)
အသံတစ်နေရာမှ
တစ်နေရာသို့ ကူးပြောင်းရောက်ရှိရန် ကြားခံပစ္စည်း (medium) လိုသည်။ ထိုကြားခံပစ္စည်းမှာ လေ၊ သစ်သား၊ သံချောင်း၊ ရေ စသည်တို့ ဖြစ်နိုင်သည်။
အသံည်တစ်နေရာမှ တစ်နေရာသို့ တုန်ခါမှုကို လက်ဆင့်ကမ်းခြင်း ဖြင့် ရောက်ရှိသည်။ ထို့ကြောင့်
ကြားခံမရှိသောအရပ် (လေဟာနယ် - vaccum) တွင် အသံဖြတ်သန်းသွားရန် မဖြစ်နိုင်။ ဆိုလိုသည်မှာ
မည်သည့်လေမှမရှိသော အာကာသထဲတွင် မည်သည့်အသံကိုမှ မကြားရ။
လေထုကို
ဖြတ်သန်းရောက်ရှိလာကြသည့် အသံများအား နားရွက်က စုစည်းပေးပြီး အပြင်နားပြွန်ကို ဖြတ်ကာ
နားစည်ကို ရိုက်သည်။ ထိုရိုက်ခတ်မှုကြောင့် လေထုထဲမှ အသံလှိုင်းများအား တုန်ခါမှု
(Vibration) အသွင်ပြောင်းပြီး နားစည်ကို တုန်ခါစေသည်။
ထိုအခါ
နားစည်၌ ကပ်နေသည့်အရိုး (Malleus) သည်လည်း ဆက်လက်တုန်ခါ၏။ ထို့နောက် နားအလယ်ပိုင်းမှ
တူ၊ ပေ၊ ထိန်းကွင်း ဟူသည့် အရိုးလေးများကို ဆက်လက် တုန်ခါစေသည်။ ထိုအခါ အတွင်းနားထဲ၌
(Inner Ear Fluid) အရည်များ စီးဆင်းလှုပ်ရှားသွား၏။ ဤနည်းဖြင့် လေထုထဲမှအသံလှိုင်းများအား
တုန်ခါမှုများအဖြစ် ပြောင်းပေးလိုက်သည်။ ထိုတုန်ခါမှုများကို လျှပ်စစ်သံလိုက်လှိုင်း
(Electrical Impulses) များအဖြစ် ပြောင်းလဲပေး၏။
တုန်ခါမှုများကြောင့်
အတွင်းနားထဲမှ အရည်များ လှုပ်ရှားလာကာ အတွင်းနားထဲမှ အာရုံခံဆဲလ်များအား လှုပ်ရှား စေသည်။
ထိုဆဲလ်လှုပ်ရှားမှုများက လျှပ်စစ်စီးကြောင်းများကို ဖြစ်စေ၏။ ဆဲလ်အမျိုးအစား မတူသကဲ့သို့
ထွက်ပေါ်လာသော လျှပ်စီးကြောင်းချင်းလည်း မတူပါ။ အချို့လျှပ်စီးကြောင်းများမှာ ကြိမ်နှုန်းမြင့်အသံ
(High Frequency Sound) (အသံဩ) များ ဖြစ်ပြီး အချို့  လျှပ်စီးကြောင်းများမှာ ကြိမ်နှုန်းနိမ့်အသံ
(Low Frequency Sound) (အသံစူး) များ ဖြစ်၏။
အတွင်းနားထဲမှ
မည်သည့်ဆဲလ်များသည် မည်ကဲ့သို့သော အသံမျိုးအတွက် တာဝန်ရှိသည် ဆိုခြင်းကိုမူ ခန္ဓာကိုယ်
က သတ်မှတ်ပြီးသားဖြစ်၏။ ဆဲလ်တစ်ခုစီမှ ထွက်လာသည့် လျှပ်စစ်သံလိုက်လှိုင်းများမှာ သက်ဆိုင်ရာ
အာရုံကြောမျှင် အလိုက် ဦးဏှောက်သို့ တက်သွားကြ၏။ထို Nerve Fibers အားလုံးကို စုလိုက်သည့်အခါ
(Cranial Nerve 8th) ခေါ် အကြားအာရုံဆိုင်ရာနာ့ဗ်ကြောမကြီး ဖြစ်သွား၏။ လျှပ်စစ်သံလိုက်လှိုင်းများသည်
အာရုံကြောမကြီးမှတစ်ဆင့် ဦးနှောက်၏ အကြားအာရုံဆိုင်ရာနေရာ (Auditory Cortex) ကို ရောက်လာ၏။
ဤနေရာတွင်
အကြားအာရုံဆိုင်ရာ သိမှု၊ မှတ်သားမှု၊ တုန့် ပြန်မှုများအတွက် ဦးနှောက်၏ အခြားနေရာများသို့
လျှပ်စီးကြောင်းများ ဆက်ပို့ပါသည်။ ဥပမာ - လူနှစ်ဦး စကားပြောနေစဉ်တွင် အခြားသူပြောတာ
မှန်သလား၊ မှားသလား ဆိုခြင်းကို့ ဦးနှောက်က အသံကြားရသည့် တစ်ချိန်တည်း၌ပင် ဝေဖန်ပိုင်းခြားနေချေသေးသည်။ သို့မဟုတ်
တစ်ခုခုကို သင်ယူနေသည့် အခါများ၌လည်း သင်ကြားနေသော အချိန်၌ပင် သင်ယူမှတ်သားမှုကို ဦးနှောက်၏
အခြားနေရာများမှ လုပ်ဆောင်နေပါသည်။ ထိုမျှသာမက အကယ်၍ သင့်အား တစ်စုံတစ်ယောက်က ရန်ပြုလာလျှင်
ထွက်ပြေးမလား၊ ခုခံမလား ဆိုသည်ကို ဦးနှောက်က ဆုံးဖြတ်ပေးပါလိမ့်မည်။
၉။ အကြားအာရုံချို့ယွင်းခြင်း
အကြားအာရုံချို့ယွင်းခြင်း၌ သုံးမျိုးရှိ၏။
၁။ conductive
deafness နှင့် ၂။ Sensori-neural hearing loss ၃။ Mixed hearing loss တို့ ဖြစ်သည်။ ကိရိယာဖြင့် စမ်းသပ်၍ နားအကြားမကောင်းဟု သိရလျှင် ပထမဦးစွာ Conductive
deafness ဖြစ်သည်၊ Sensorineural hearing loss သို့မဟုတ် Mixed hearing loss ဖြစ်သည်ကို ခွဲခြားရန်လိုပါသည်။ Mixed
hearing loss ဆိုသည်မှာ conductive deafness ရော Sensori-neural hearing loss နှစ်မျိုးလုံး
ဖြစ်ပေါ်နေခြင်း ဖြစ်ပါသည်။
၉၊
၁။ Conductive deafness
Conductive
deafness သည် နားအပြင်ပိုင်း သို့မဟုတ် နားအလယ်ပိုင်း ချို့ယွင်းခြင်းကြောင့် ဖြစ်သည်။
Conductive deafness ၌ အသံဖိအားလှိုင်းများသည် နားအတွင်းပိုင်းထိမရောက်။ အသံလှိုင်းများကို အတွင်းနားသို့
မပို့ပေးနိုင်သောကြောင့် နားမကြားရခြင်းဖြစ်သည်။
များသောအားဖြင့် နားစည် ပေါက်ခြင်း၊
နားအလယ်ပိုင်းမှ အရိုးကလေးများ ပျက်စီးခြင်း စသည်တို့ကြောင့် ဖြစ်သည်။ (အထက်ဖော်ပြပါ
နားတည်ဆောက် ပုံကို ကြည့်ပါ။) ထိုနားအလယ်ပိုင်း အရိုးကလေး သုံးချောင်းမှာ တစ်ခုက တူ၊
တစ်ခုက ပေ၊ အခြားတစ်ခုက လက်ခံဖြစ်လျှက် ၀င်လာသည့်အသံတုန်ခါမှုကို နှစ်ဆမှ သုံးလေးဆထိချဲ့ကာ
နားစည်ထံ ပို့ပေးသည်။
နားအလယ်ပိုင်း၌
တုန်ခါမှုဒဏ်ကို ခံနိုင်စေရန် ကြွက်သားများက ထိန်းပေး၏။ အလွန်ကျယ်လောင်သော အသံများကြားရလျှင်
ထိုကြွက်သားများက တုန်ခါမှုကို အလွန်အကျွံမဖြစ်စေရန် အလိုအလျောက်အထိန်း သို့မဟုတ် အသံအတိုးအကျယ်ထိန်း
(volume control) ကဲ့သို့ ဆောင်ရွက်ပေးသည်။
ကြေးစည်တီးသံကဲ့သို့
စူးရှကျယ်လောင်သည့်အသံမျိုးကြားသည့်အခါ နားစည်သည် ၎င်း၏နားကွင်းကလေးများကို အနည်းငယ် လိမ်ပေးလိုက်သည်။
ထိုအခါ အထိန်းကွင်း (stirrup) အား ဦးတည်ဘက် မတူသည့်ဘက်သို့ လည်စေ၏။ ဤကဲ့သို့ ဦးတည်ဘက်ကို
ပြောင်းပေးလိုက်ခြင်းဖြင့် အတွင်းနားသို့ ပြင်းထန်သည့် အားသက်ရောက်မှုမှ အကာအကွယ် ပေးသည်။
နား၏ အာရုံခံအရိုး၊
ကြွက်သားနှင့် အကြောကလေးများသည် တုံ့ပြန်မှုကောင်း၏။ သို့တိုင် သေနတ်ပစ်လိုက်သည့် အခါ
ကြားရသော ရုတ်တရက် ကျယ်လောင်သည့် ပေါက်ကွဲသံမျိုးကိုမူ မတုံ့ပြန်နိုင်။ အေးအေးဆေးဆေး
အနားယူနေသည့် ကြွက်သားသည် ချက်ချင်းထ တုံ့ပြန်ရန်မလွယ်။ ထိုအခါ နားတွင်း အစိတ်အပိုင်းများ
ပျက်စီးသွားသည်။ ဤသည်ကို Conductive
deafness ဟုခေါ်၏။
Conductive deafness နားလေးခြင်းမှာ နားအလယ်ပိုင်းရှိ
တူ၊ ပေ၊ ကွင်း အရိုးကလေးများ ပျက်စီးသွားခြင်းကြောင့် ဖြစ်သည်။ Conductive
deafness ကို နားကြားအထောက်အကူ ကိရိယာများသုံး၍ အကြားအာရုံကောင်းလာအောင် လုပ်နိုင်
သည်။ ထို့ပြင် ခွဲစိတ်ကုသခြင်းဖြင့်လည်း ပြန်ကောင်းလာနိုင်၏။ အလွန်ကျယ်လောင်သောအသံ
(ဥပမာ - သေနတ်ပစ်သံ၊ ပေါက်ကွဲမှု) တို့ကြောင့် Conductive deafness ဖြစ်နိုင်သည်။ တစ်ခါတစ်ရံတွင်
Traumatic hearing loss ဟုလည်း ခေါ်သည်။ အများဆုံးဖြစ်နိုင်သည့်
conductive loss မှာ 50~60 dB ဖြစ်၏။
၉၊
၂။ Sensorineural hearing loss
နောက်နားလေးခြင်းတစ်မျိုးမှာ
Sensorineural hearing loss ဖြစ်၏။ ဤအမျိုးအစား နားလေးခြင်းတွင် မွေးရာပါ နားလေးခြင်း၊
ပြင်းသောဆေးများသောက်ရ၍ နားလေးခြင်း၊ အပြင်းဖျားသဖြင့် နားလေးခြင်း၊ အသက်ကြီးလာ၍ နားလေးခြင်း၊
အလွန်ဆူညံသည့် အသံများကို ဆက်တိုက်ကြားနေရ၍ နားလေးခြင်း စသည်တို့ပါဝင်သည်။ မည်သည့်နည်းဖြင့်
နားလေး သည်ဖြစ်စေ ဖြစ်ရသည့်အကြောင်းမှာ နားအတွင်းပိုင်းမှ အာရုံခံဆဲလ်ကလေးများ ပျက်စီးသောကြောင့်
ဖြစ်၏။ ထို အာရုံခံ ဆဲလ်ကလေးများက အလုပ်နှစ်မျိုး လုပ်ပေး၏။ တစ်မျိုးမှာ ၀င်လာသည့်အသံကို
စက်မှု (တုန်ခါမှု) စွမ်းအင်မှလျှပ်စစ် (လျှပ်စစ်သံလိုက်လှိုင်း) စွမ်းအင်သို့ ပြောင်းပေးသည်။
နောက်တစ်မျိုးမှာ ထိုအသံကို တုန်ခါမှုနှုန်းမည်မျှ၊ ပြင်းအားမည်မျှ၊ မည်သည့်အသံ ဆိုသည်ကို
ဦးဏှောက် သို့ သတင်းပို့သည်။ ထိုအခါ ဦးဏှောက်က ထိုအသံသည် ဂစ်တာသံဖြစ်သည်၊ တယောသံဖြစ်သည်၊
မိန်းမသံဖြစ်သည်၊ ခွေးဟောင်သံဖြစ်သည် စသဖြင့် ခွဲခြားပေးသည်။
ဤ အာရုံခံဆဲလ်ကလေးများမှာ ခန္ဓာကိုယ်တွင်
အကောင်းဆုံးအကာအကွယ်ပေးထားသည့် အရာကလေးများ ဖြစ်၏။ ၎င်းတို့မှာ ခန္ဓာကိုယ်အရိုးပေါင်း ၂၀၆
ခုအနက် အမာဆုံးအရိုးများပေါ်တွင် ခိုင်မြဲစွာစိုက်ဝင်နေပြီး အညှိများဖြင့်လည်း အကာအကွယ်ပေးထားသည်။
သို့တိုင် အလွန်စူးရှသောအသံကို ကြာရှည်ကြားနေရပါက ပျက်စီးနိုင်သေးသည်။ နားကြပ်ဖြင့်
သီချင်းနားထောင်ခြင်းမျိုးကဲ့သို့ ကျယ်လောင်သည့်အသံကို မပြတ်ကြားနေရပါက ဤနားထိုင်းမှုမျိုး
ဖြစ်စေတတ်သည်။ ဤအမျိုးအစားနားထိုင်းခြင်းမှာ တဖြည်းဖြည်းဖြစ်လာခြင်းဖြစ်သည့်အတွက် မသိသာ။
ထို့ကြောင့်ပင်လျှင် သတိမမူမိဖြစ်ကာ နားထိုင်းသွားရခြင်း ဖြစ်လေတော့သည်။
Sensorineural
hearing loss ကို ကုသ၍မရနိုင်၊ နားကြားအထောက်အကူပြုပစ္စည်းသုံး၍ မရနိုင်ပါ။ ဤအမျိုးအစား
နားထိုင်းခြင်းကို မွေးရာပါ၊ အသက်ကြီးသဖြင့်၊ ဖျားသောကြောင့်၊ ဆေးပြင်းများကြောင့်
စသဖြင့် အတန်းအစားအမျိုးမျိုး ခွဲနိုင်သည်။
ကိုယ်ဝန်ဆောင်မိခင်၌
ဂျိုက်သိုးပေါက်လျှင် သို့မဟုတ် တုပ်ကွေးဖြစ်လျှင်လည်း မွေးလာမည့် သားသမီးတွင် Sensorineural
hearing loss ဖြစ်နိုင်ပါသည်။ ပါးချိတ်ယောင်နာ၊ ကြက်သွေးရောင် အင်ပျဉ်များထတတ်သည့်
ကူးစက်အဖျား ရောဂါ၊ ဦးဏှောက်အမြှေးယောင်ရောဂါ၊ ဆံဆို့နာ၊ ကြက်ညှာချောင်းဆိုး၊ တုပ်ကွေးစသည့်ရောဂါများနှင့်
ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်သော အခြား ရောဂါများကြောင့် Sensorineural hearing
loss ဖြစ်နိုင်ပါသည်။ အသံအာရုံကြောများနှင့် ကပ်လျက်တွင် အကျိတ်ထွက်ပါက အာရုံကြောများကို
ဖိမိသဖြင့် Sensorineural hearing loss ဖြစ်နိုင်ပါသေးသည်။
ကွီနိုင်၊
နီယိုမိုင်ဇင်၊ ဒိုင်ဟိုက်ဒြို စထရက်ပတိုမိုင်ဇင် စသော ဆေးပြင်းများ သောက်ရလျှင်လည်း
Sensorineural hearing loss ဖြစ်နိုင်၏။ ထို့ကြောင့် ဆေးကို ဆရာဝန်ညွှန်ကြားချက်အတိုင်း
ထိန်းထိန်းသိမ်းသိမ်း သောက်ရပါမည်။
၁၀။ အကြားအာရုံချို့ယွင်းမှုကို စစ်ဆေးခြင်း
အကြားအာရုံချို့ယွင်းမှုကို
စစ်ဆေးသည့်နည်းများ ရှိ၏။
ပထမဆုံးစစ်ဆေးသည်မှာ မျက်မြင်စစ်ဆေးခြင်း
Physical Exam ဖြစ်သည်။ နား၊ နှာခေါင်း၊ လည်ချောင်း တို့အား ဓါတ်မီးဖြင့်ထိုးကာ မှန်ဘီလူးဖြင့်ကြည့်ရှုပြီး
နားအတွင်းပိုင်း အင်္ဂါများ ပျက်စီးချို့ယွင်းမှု ရှိမရှိ စစ်ဆေးခြင်းဖြစ်၏။
နောက်တစ်ခုမှာ
air conduction testing ဖြစ်သည်။ လူတို့၏ နားကြားနိုင်စွမ်းကို pure-tone
audiometer ဖြင့် တိုင်း၏။ ကိရိယာမှ အတိုးအကျယ်အမျိုးမျိုးရှိသော အသံများကို ထုတ်ပေးသည်။
ထိုအသံများအား လူ၏နားအတွင်းလွှတ်ကာ မည်မျှကျယ်သည့် အသံကိုကြားနိုင်သနည်းဟု စစ်ဆေးခြင်းဖြစ်သည်။
၎င်းကို နားတစ်ဖက်ချင်းကို သီးခြားစီစစ်ဆေးသည်။
နောက်တစ်မျိုးမှာ
Bone conduction test ဖြစ်သည်။ ဦးခေါင်းကို ကိရိယာတပ်ကာ တုန်ခါမှုတစ်ခု ထုတ်လွှတ်လျှက်
နားအတွင်း ပို့လွှတ်သည်။ ထိုတုန်ခါမှုက အပြင်နားကိုဖြတ်လျှက် အတွင်းနားထိ ၀င်သွားသည်။
ဤစမ်းသပ်မှုဖြင့် နားအလယ်ပိုင်း၌ ပြဿနာတစ်စုံတစ်ရာ ရှိမရှိ၊ နားအတွင်းပိုင်း ကောင်းမကောင်းကို
စစ်ဆေးနိုင်သည်။
ထိုမျှသာမက
audoimetry test, acoustic reflex test, tympanometry test, otoacoustic emissions
test, auditory brainstem response test စသဖြင့်လည်း များစွာရှိပါသေး၏။ တစ်ခုသိထားရမည်မှာ
အသက်ကြီးလာသည်နှင့် အမျှ နားကြားနိုင်စွမ်းလည်း လျော့ကျလာသည် ဆိုခြင်းဖြစ်ပါသည်။
၁၁။
ဆူညံသံကြောင့် အနှောင့်အယှက်ဖြစ်စေနိုင်သည့် လုပ်ငန်းများ
ü အာရုံစူးစိုက်မှုကို
အနှောင့်အယှက်ဖြစ်စေခြင်းကြောင့် စာသင်ကြားရေး၊ သုတေသန၊ တွက်ချက်ခြင်း၊ စူးစမ်းလေ့လာမှု၊
စစ်ဆေးမှု၊ ဆန်းစစ်မှုများကို ထိခိုက်ခြင်း
ü တစ်ဦးနှင့်တစ်ဦး
ပြောဆိုဆက်သွယ်ရာတွင် ကောင်းစွာမကြားရသဖြင့် သဘောပေါက်လွဲနိုင်ခြင်း၊ ပေးလိုသော သတင်းစကားများ
မှားယွင်းနိုင်ခြင်း
ü အခြားသူကြားရစေရန်
စကားကို အော်ပြောရသဖြင့် အားအင်ကုန်ခန်းခြင်း၊ စိတ်မသက်မသာ ဖြစ်ရခြင်း
ü ဆူညံမှုကြောင့် စိတ်အနှောင့်အယှက်ဖြစ်သဖြင့်
လုပ်ငန်းအပေါ်ထိခိုက်ခြင်း၊ လုပ်ငန်းမတွင်ကျယ်ခြင်း၊ အမှားမှား အယွင်းယွင်း ဖြစ်ခြင်း
၁၂။ ဆူညံသံများကို ထိန်းချုပ်ခြင်း
ဆူညံသံကို
ထိန်းရန် အကွာအဝေးကို ပိုတိုးပေးဘို့ လိုသည်။ ဆူညံသံသည် အကွာအဝေးနှစ်ဆကွာဝေးသွားတိုင်း
6dB လျော့ကျသွား၏။ ထို့ကြောင့် အသံလာရာလမ်းကို ပိုမိုရှည်အောင် ပြုလုပ်ပေးရမည်။ ဥပမာ
နံရံများဖြင့် ပိတ်ဆို့ ကာဆီးခြင်း။
သာမန်မော်တော်ကားတစ်စီးမောင်းသည်ကို
ပေ ၁၀၀ (မီတာ ၃၀) ခန့်အကွာမှနားထောင်ပါက ဆူညံသံသည် 50dB မျှဖြစ်၏။ သို့သော် တံခါးဖွင့်မောင်းသည့်
ကားမောင်းသူ၊ သို့မဟုတ် ကားနားမှဖြတ်သွားသူ အနေနှင့် 70dB မျှရှိသော အသံကို ကြားရပါမည်။
ဂျက်လေယာဉ်ပျံတစ်စီး ပျံတက်သွားစဉ် ပေ ၂၀၀၀ (မီတာ ၆၀၀) အကွာအဝေးမှလူတစ်ဦးအနေနှင့်
110dB ရှိသော ဆူညံသံကို ကြားရမည်။ ဤအသံမှာ ၃ ပေ (တစ်မီတာ) အကွာမှ ကားတစ်စီးဖြတ်မောင်းသွားသည့်
အသံနှင့် ညီမျှသည်။
ဆူညံသံများကို
ထိန်းချုပ်ရန် နည်းလမ်းများမှာ အောက်ပါတို့ဖြစ်ပါသည်။
၁။ ဆူညံသံကိုလျှော့ချရန် သို့မဟုတ် ဖျောက်ဖျက်ရန်မှာ ဆူညံသံထွက်ပေါ်နေသည့်
အရာကိုဖယ်ပစ်လိုက်ရန် ဖြစ်၏။ ဥပမာ - ဆူညံသံထွက်ပေါ်နေသည့်အရာမှာ အသံချဲ့စက်ဖြစ်ပါက အသံချဲ့စက်ကို
ရပ်လိုက်ခြင်းမျိုး ဖြစ်၏။
၂။ ဆူညံသံထွက်ပေါ်နေသည့်နေရာနှင့် အိမ် သို့မဟုတ် ကျောင်း
အကြား အသံကိုကာပေးမည့် နံရံတစ်ခုတည်ဆောက် ပေးနိုင်ပါသည်။ အင်္ဂလိပ်လို sound barrier
ဟု ခေါ်ပါသည်။
၃။ ပြူတင်းပေါက်များ၊ တံခါးများစသည်ဖြင့် အသံဝင်နိုင်သည့်အပေါက်အားလုံးကို
ပိတ်ထားပါ။
၎။ အခန်းအနားများကို အိမ်၊ သို့မဟုတ် ကျောင်းများနှင့် ဝေးရာ
(ဥပမာ - ပန်းခြံအတွင်း) တွင် ကျင်းပပါ။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ အစီရင်ခံစာ၌ အောက်ပါအတိုင်းဖော်ပြထားပါသည်။
ဆူညံသံကို လွယ်ကူစွာထိန်းနိုင်သည်။
သို့သော် လူအများက ပူညံပူညံမလုပ်သရွေ့မည်သူကမှ အရေးတယူ မလုပ်ကြပါ။ အသံဆူညံမှုကြောင့်
လူအများက ပူညံပူညံလုပ်မှ အစိုးရအဖွဲ့များက အရေးယူဆောင်ရွက်ကြသည်။ သို့သော် အချိန်အတော်နောက်ကျနေတတ်သည်။
အောက်တွင် ဆူညံသံကို ထိန်းရန် အကြံပြုချက်များကို ဖော်ပြထားပါသည်။
၁။ ပထမဦးဆုံးလုပ်ရမည်မှာ ဆူညံသံကို ထွက်ပေါ်ရာ အရင်းအမြစ်မှ လျှော့ချရန်ဖြစ်၏။
ဤနေရာတွင် ဒီဇိုင်းနှင့် အသံထိန်းကိရိယာများ လိုအပ်သလိုတပ်ဆင်ရန် ဒီဇိုင်းထုတ်မှုနှင့်
တပ်ဆင်မှုတို့ပါဝင်သည်။ ဥပမာ - ကားနှင့် မော်တော်ဆိုင်ကယ်အိတ်ဇောမှ ဆိုင်လင်ဇာများ၊
အသံလုံမီးစက်များထုတ်လုပ်တပ်ဆင်ခြင်း။ ကားအမြန်နှုန်းကျု လျှော့ချခြင်း၊ လမ်းမျက်နှာပြင်ဒီဇိုင်းပြောင်းခြင်း၊
ကားစီးရေ လျှော့ချခြင်း စသည်။
ထို့ပြင် ဆူညံသည့်ဧရိယာ၌
အလုပ်လုပ်ရသည့် အလုပ်သမားများကို နားကြပ်များဝတ်ဆင်စေခြင်းလည်း ပါဝင်သည်။
၂။ စက်ကိရိယာများအား ဆူညံမှုနည်းအောင် ဒီဇိုင်းပြောင်းလဲခြင်း၊ တုန်ခါမှုကို
ထိန်းခြင်း၊ အသံကို စုပ်ယူနိုင်သည့် ပစ္စည်းများသုံးခြင်း၊ အသံမထွက်စေရန် အုပ်ဆောင်း၊
အကာ၊ သေတ္တာများ တပ်ဆင်ခြင်း။
၃။ ဆေးရုံများ၊
ကျောင်းများ၊ ပြခန်းများ၊ လူနေရပ်ကွက်များ စသည့်အနီးပတ်ဝန်းကျင်တွင် မော်တော်ယာဉ်ဟွန်းမတီးရဇုန်
သတ်မှတ်ခြင်း၊ နံရံများကို အသံလုံနံရံများဖြင့် အစားထိုးခြင်း။ ထိုဧရိယာများ၌ ကားသွားလာနှုန်းကို
လျှော့ချခြင်း။
၎။ အိမ်ခန်းတွင်းမှ
ဆူညံသံကိုလျှော့ချခြင်း
အိမ်ခန်းတွင်း ဆူညံသံကိုလျှော့ချရေးအတွက် အောက်ပါတို့
ပြုလုပ်ရန် အကြံပေးထားပါသည်။ (သို့သော်လည်း ဤအကြံပြုချက်များမှာ အမေရိကန်မှဖြစ်သဖြင့်
မြန်မာနိုင်ငံအတွက်မူ သိပ်လက်တွေ့မဆန်လှပါ)။
က) အိမ်ပတ်ပတ်လည်တွင် သစ်ပင်ပန်းပင်များစိုက်ပါ။
ထိုသစ်ပင်ပန်းပင်များက ဆူညံသံကို စုပ်ယူထားပါလိမ့်မည်။
ခ) အိပ်ခန်း၊
စာဖတ်ခန်း၊ ဧည့်ခန်း စသည်တို့ကို ဆူညံသံနှင့် ဝေးရာဘက်တွင်ထားပါ။ ဆူညံသံလာရာဘက်တွင်
စင်္ကြန်၊
အိမ်သာ၊ ရေချိုးခန်း စသည်တို့ ထားပါ။
ဂ) အိမ်ဆောက်သည့်အခါ အိမ်သာ၊ ရေချိုးခန်း၊ မီးဖိုဆောင်တို့ကို
ကပ်လျက်အနေအထားတွင်လည်းကောင်း၊
အိပ်ခန်း၊
စာကြည့်ခန်းများကို ထိုအခန်းများနှင့် ဝေးရာဘက်တွင်လည်းကောင်း ထား၍ဆောက်ပါ။
ဃ) အခန်းများကို အသံလုံနံရံများ၊ ကြမ်းခင်းများ၊
မျက်နှာကျက်များဖြင့် တည်ဆောက်ပါ။
ဆူညံမှုကို ဥပဒေဖြင့် ထိန်းချုပ်ရန်လိုသည်။
ထိုဥပဒေသည် သိပ္ပံနည်းကျရမည်။ လက်တွေ့ဆန်ရမည်။ တိုင်းတာ၍ ရ,ရမည်။ မလိုလားအပ်သော ဆူညံမှုများကို
တားမြစ်ရမည်။ အရေးယူရမည်။ ဒဏ်ရိုက်ခြင်းဖြင့် အပြစ်ပေးအရေးယူရမည်။ ကျယ်လောင်စွာ စကားပြောခြင်း၊ ငြင်းခုံခြင်း၊
ဖုံးပြောခြင်း၊ ရေဒီယိုဖွင့်ခြင်း စသည့် မလိုအပ်ဘဲ ဆူညံသံဖြစ်စေမည့် အပြုအမူ များ မပြုလုပ်မိကြစေရန်၊
အခြားသူများ၏ အနားယူ၊ အပန်းဖြေမှု၊ စိတ်အနှောက်အယှက်ဖြစ်မှုကို အမြဲ ထည့်သွင်းစဉ်းစားရန်
တို့ကို ရေဒီယို၊ ရုပ်မြင်သံကြားများမှတစ်ဆင့် ပြည်သူလူထုကို ပညာပေးရန်လိုပါသည်။ အသံချဲ့စက်များဖွင့်ချိန်ကိုလည်း
လူများ အနားယူအိပ်စက်သည့်အချိန်များတွင် မဖွင့်ရန် ဥပဒေဖြင့် ထုတ်ပြန် ပြဌာန်းထားရပါမည်။
(စင်ကာပူတွင် ည ၁၀ နာရီခွဲအထိ သာ ခွင့်ပြုပါသည်။ စနေနေ့ည ၁၀ နာရီမှ တနင်္လာနေ့မနက် ၇
နာရီထိ အများပြည်သူအိမ်ယာများအနီးတွင် မည်ကဲ့သို့သော ဆူညံမှုမျိုးကိုမှ မပြုလုပ်ရန်
တားမြစ်ထား၏။)
သို့သော်လည်း အချို့ဆူညံသံများမှာမူ ယာဉ်မတော်တဆမှုမဖြစ်အောင်
တားဆီးရေးအတွက် အသုံးကျသေး၏။ ဥပမာ - ဒီဇယ်စက်ခေါင်းဖြင့် ပြေးဆွဲသောရထားသံမှာ အလွန်ဆူညံလှသဖြင့်
လူနှင့်တိရစ္ဆာန်များအား ရထားမလာမီ ရထားလမ်းများမှ ဝေးရာသို့ရှောင်သွားနိုင်ရန် အလိုလို
သတိပေးပြီး ဖြစ်နေပေသည်။
၁၃။ ဆူညံမှုကို ဥပဒေဖြင့် ထိန်းချုပ်ခြင်း
အင်္ဂလန်တွင်
ရဲကား၊ အရေးပေါ်ကား၊ မီးသတ်ကားများမှလွဲ၍ လူနေအိမ်ခြေများအကြား အသံချဲ့စက်ဖွင့်ခြင်းကို
ည ၉ နာရီမှ နံနက် ၈ နာရီထိ မပြုလုပ်ရန် တားမြစ်ထား၏။ အကယ်၍ ထိုတားမြစ်ထားသော နာရီများအတွင်း
ပွဲလမ်းသဘင်များ ပြုလုပ်လိုပါက သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းသို့ ပွဲမိန့်လိုင်စင်
လျှောက်ထားနိုင်သည်။ သို့သော် ထိုပွဲများသည် မဲဆွယ်ပွဲ နှင့် ကြော်ငြာများ မဖြစ်စေရ။
အစားအသောက်ရောင်းချခြင်းအတွက်
အသံချဲ့စက်များသုံးခြင်းကို နေ့မွန်းတည့်မှ ည ၇ နာရီထိသာ ခွင့်ပြုသည်။ ည ၁၁ နာရီမှ
နံနက် ၇ နာရီထိ၊ လူနေတိုက်တာအိမ်ခြေ နှင့် ဥယျာဉ်ပန်းခြံများမှ ဆူညံသံများထွက်ပေါ်ခြင်းကို
တားမြစ်သည်။ အကယ်၍ ဆူညံသံကြောင့် အများပြည်သူက တိုင်တန်းခဲ့လျှင် သက်ဆိုင်ရာအရာရှိသည်
ထိုနေရာသို့သွားကာ ဆူညံမှုကို တိုင်းတာကာ သတ်မှတ်ထားသည့်ပမာဏထက် ကျော်လွန်နေပါက သတိပေးတားမြစ်ရမည်။
ထိုသတိပေးခြင်းကို မလိုက်နာ၊ ငြင်းဆန်သူအား ဒဏ်ငွေ ပေါင် ၁၀၀ (မြန်မာငွေ ကျပ်တစ်သိန်းခွဲနီးပါး)
ပေးဆောင်စေရမည်။ ထို့ပြင် အိမ်အတွင်း ၀င်ရောက်၍ ဆူညံသံကိုဖြစ်ပေါ်စေသည့် အရာဝတ္ထုအား
သိမ်းဆည်းရမည်။ အိမ်အတွင်းဝင်ရောက်ခြင်းကို အဟန့်အတားပြုပါက ဒဏ်ငွေ ပေါင် ၁၀၀၀ (မြန်မာငွေ
ကျပ် တစ်ဆယ့်ငါးသိန်းနီးပါး) ထိ ဒဏ်တပ်ရိုက်နိုင်သည်။ ဆူညံသံဖြစ်စေသည့် ပစ္စည်းအား သိမ်းဆည်းခြင်းကို
အနှောက်အယှက်ပြုပါက ပေါင် ၁၀၀၀ (မြန်မာငွေ ကျပ် တစ်ဆယ့်ငါးသိန်းနီးပါး) ဒဏ်ရိုက်နိုင်သည်။
၁၃၊ ၁။ စင်ကာပူတွင် ဆောက်လုပ်ရေးလုပ်ငန်းများမှ ထွက်ပေါ်သည့်
ဆူညံသံကို ဥပဒေဖြင့် ထိန်းချုပ်ထားပုံ
ဆူညံသံကို
ထိန်းချုပ်ခြင်းအတွက် စင်ကာပူတွင် ဇုံသုံးမျိုး သတ်မှတ်ထားပါသည်။ ပထမတစ်ခုမှာ အလွန်
အရေးကြီးသောနေရာများဖြစ်သည့် ဆေးရုံ၊ စာသင်ကျောင်း၊ ပညာသင်ကြားသည့်နေရာဌာန (ကောလိပ်၊
တက္ကသိုလ်၊ သိပံ္ပ စသည်)၊ ဘိုးဘွားရိပ်သာများ။ ဒုတိယမှာ လူနေအိမ်များ နှင့် နောက်တစ်မျိုးမှာ
အထက်ပါနှစ်မျိုးတွင် မပါဝင်သော အခြား အဆောက်အဦများဟု ဖြစ်၏။
အချိန်ကိုလည်း
သုံးမျိုးသတ်မှတ်၏။ နေ့လည်နေ့ခင်း၊ ညဦးပိုင်းနှင့် အိပ်ချိန်တို့ဖြစ်သည်။
ဆူညံသံကို
တိုင်းတာရာတွင်လည်း သုံးမျိုးဖြစ်၏။ တစ်မျိုးမှာ ၁၂ နာရီပျမ်းမျှ၊ နောက်တစ်မျိုးမှာ
တစ်နာရီ ပျမ်းမျှဖြစ်ပြီး ကျန်တစ်မျိုးမှာ ၅ မိနစ် ဖြစ်၏။
အထက်ပါ
သုံးမျိုးကို ရုံးတက်ရက်များနှင့် ရုံးပိတ်ရက်များဟု နှစ်မျိုးထပ်မံခွဲခြား သတ်မှတ်ပါသည်။
၎င်းတို့ကို
ဇယားချလိုက်လျှင် အောက်ပါအတိုင်းရ၏။
ဤတွင် အကြောင်းအပေါင်းသင့်လာ၍ ကျွန်တော်လုပ်ခဲ့သည့် ပရောဂျက်တစ်ခု
ဒဏ်ရိုက်ခံရပုံကို ပြန်လည် ဝေမျှလိုပါသည်။
၂၀၁၁ နှင့်
၂၀၁၂ ခုနှစ်များက ကျွန်တော် Kallang Bahru Complex ကို CT Hub အဖြစ် ပြန်ဆောက်သည့်
ပရောဂျက်၌ လုပ်ခဲ့ပါသည်။ Safety Officer အနေနှင့် ပထမဦးဆုံး စလုပ်တာဖြစ်သဖြင့် အရာရာသည်
အသစ်အဆန်း ဖြစ်လျှက် တစ်ခုခုကို ပြတ်ပြတ်သားသား မဆုံးဖြတ်နိုင်။
ကျွန်တော်တို့
ပရောဂျက်တည်ရှိရာနေရာမှာ စက်မှုဇုံ (Industrial Zone) ဖြစ်သဖြင့် မည်သည့် လူနေအိမ်ခြေမှမရှိ။
သို့သော်လည်း မနီးမဝေး၌ ဟော်တယ်အသေး သုံးလုံးရှိသည်။ ဟော်တယ်ကို လူနေအိမ် (residential)
အဖြစ်သတ်မှတ် သည်လား၊ မသတ်မှတ်သည်လား ကျွန်တော် သေသေချာချာမသိ။ ဥပဒေများ၌ လိုက်ရှာကြည့်တော့
လူနေအိမ်အဖြစ် သတ်မှတ်ထားသည့် အဆောက်အဦများထဲ၌ မပါ။ သို့သော် ကျွန်တော်က သေချာစေရန်
ပရောဂျက်အုပ်ချုပ်ရေးအဖွဲ့သို့ ထိုဟော်တယ်များအား လက်ညှိုးထိုးပြလျှက် ကျွန်တော်တို့ပရောဂျက်မှ
အသံများသည် သတ်မှတ်ထားသည့် ကန့်သတ်ချက် ထက် ကျော်လွန်နေကြောင်း၊ ထို့ကြောင့် ထိန်းထိန်းသိမ်းသိမ်းလုပ်ကြပါရန်
ပြော၏။
ထိုအခါ
ထို မန်နေဂျာဆိုသူများက ကျွန်တော့်ကို ဟော်တယ်ဆိုတာ လူနေတဲ့အိမ်လို့ မင်းကို ဘယ်သူပြောသလဲ
ဟု အကြီးအကျယ် ဆူပူကြိမ်းမောင်းပါ၏။ ကျွန်တော်က ထိုဟော်တယ်များအား ဓါတ်ပုံရိုက်၊
Google earth မှနေ၍ အကွာအဝေး များတိုင်းကာ ကျွန်တော်သူတို့ကို ပြောပြီးကြောင်း မှတ်တမ်းတင်ထားပါသည်။
ဘာမှမဖြစ်တော့ ဘာမှမဖြစ်ပါ။
တစ်ခုသော
တနင်္ဂနွေမနက် ၇ နာရီခန့်တွင် ကွန်ကရိနံရံကို ဘရိတ်ကာဖြင့်ခွဲပါသည်။ မိတ်ဆွေတို့ သိတော်မူ
ကြသည့်အတိုင်း ဆူညံနေသည့် ပတ်ဝန်းကျင်၌ တော်ရုံတန်ရုံဆူတာ ဘယ်သူမှ သတိမပြုမိပါ။ သို့သော်
အလွန် တိတ်ဆိတ် နေသည့် ပတ်ဝန်းကျင်တွင် မိန်းမပျိုတစ်ဦး၏ ဒေါက်ဖိနပ်ခွါသံ တစ်ဒေါက်ဒေါက်သည်ပင်
အလွန်ကျယ်လောင်လှသည် ဖြစ်ရကား ထိုအနီးနေသူ တစ်ဦးဦးက NEA (National Environment
Agency) သို့ လှမ်း ကွန်ပလိန်းလုပ်ပါသည်။
နောက်နေ့ကျတော့
ကျွန်တော်၊ ပရောဂျက်မန်နေဂျာ၊ ဆိုဒ်အေးဂျင့် စသည့် တာဝန်ရှိသူများကို NEA က လှမ်းခေါ်သည်။
နောက်ပြီး သူတို့က တနင်္ဂနွေနေ့တွင် အလုပ်လုပ်လို့မရကြောင်း ပြောပြ၏။ ထိုအခါ ပရောဂျက်မန်နေဂျာက
ငါတို့ပရောဂျက်က စက်မှုဇုံထဲမှာပဲကွ ဟု ပြန်လည်ချေပပါသည်။ ထိုအခါ NEA officer က ကျွန်တော်လုပ်သကဲ့သို့
ကျွန်တော်တို့ ဆိုဒ်မြေပုံကို အတိုင်းအတာနှင့်တကွ google map မှ ထုတ်လာကာ ပြ၏။ ထို့နောက်
ကျွန်တော်ပြခဲ့သည့် ဟော်တယ်များကို သူတို့အားပြလျှက် ဟော်တယ်မှာလူနေသလား မနေဘူးလားဟု
မေးပါသည်။
ကျွန်တော့်ကို
သဟောက်သဟာနှင့် မာန်လိုက်မဲလိုက်လုပ်ခဲ့သည့် ထိုသကောင့်သားများမှာ အစိုးရအာဏာပိုင်အဖွဲ့
နှင့်တွေ့တော့ ပါးစပ်ကြီးပြဲနေပါ၏။ ရလဒ်အနေနှင့် ပထမအကြိမ် ဒဏ်ငွေ ၅၀၀၀ ရိုက်လိုက်သည်။
ထိုမျှမက မင်းတို့ နောက်တစ်ခါ တနင်္ဂနွေနေ့အလုပ်လုပ်ရင် (အလုပ်ဆိုတာမှ တံမြက်စည်းလှည်းတာလည်းပါတယ်
ဟု ဖြည့်စွက်ပြောလျှက်) ငါတို့ရုံးကို လာစရာမလိုတော့ဘူး။ တရားရုံးက ဆက်လုပ်လိမ့်မယ်။
အကယ်၍ တရားရုံးက ဆင့်ခေါ်စာရတယ်ဆိုရင်တော့ ပိုက်ဆံ ၄ သောင်း အဆင်သင့်ဆောင်ထားပါဟု ပြောလိုက်လေ၏။
သို့နှင့်မှ ခေါင်းမာလျှက် ဆက်လုပ်နေဦးမည်ဆိုပါက တစ်နေ့လျှင် ဒဏ်ငွေ ၁၀၀၀ ထပ်ရိုက်ပါလိမ့်မည်။
သူတို့ဒဏ်ရိုက်ခံရတာ
ကျွန်တော် ၀မ်းသာစရာအကြောင်းမရှိပါ။ သို့သော် ၀မ်းထဲမှကျိတ်လျှက် မှတ်ပလားကွ ဟု ပြောလိုက်ပါ၏။
ဒဏ်ရိုက်ခံရသောစာကို မိတ်ဆွေတို့မြင်ဖူးအောင် ထည့်ပြလိုက်ပါသည်။
ဤအကြောင်း ကိုကိုကြီးကို ကျွန်တော်ပြောပြတော့
ကျွန်တော်တို့ အိမ်နားက သစ်စက်ဗျာ၊ နေ့နေ့ညည မောင်းနေ တာ ဘယ်လိုမှ နားမခံနိုင်ဘူး။
အဲဒီဥပဒေ ပေးစမ်းပါပြောသဖြင့် ကျွန်တော်သူ့ဆီ အီးမေးပို့ပေးလိုက်ပါသည်။ မိတ်ဆွေတို့
ဖတ်လိုပါက NEA website ၌ အခမဲ့ download လုပ်နိုင်ပါသည်။
ကျွန်တော်တို့ ပြည်သူများသည် လောက်စပီကာသံ၊
စက်သံ၊ ကြော်ငြာသံများ၏ဒဏ်မှ ကင်းဝေးကြပါစေကုန် သတည်း။
ကျေးဇူးတင်ပါသည်။
အေးငြိမ်း (လေးမျက်နှာ)
၉၊ ၈၊ ၂၀၁၃ နေ့လည် ၃း၅၀ နာရီ
ရည်ညွှန်းစာအုပ်စာတမ်းများ
၁။ Cause and Effects of Noise Pollution by
Danniel G. Nunez
၂။ Noise Pollution – Sources, Effects and Control by
Narendra Singh and S.C.Davar
၃။ Noise Effects Handbook – NPC Library
၎။ Noise pollution and its control
၅။ Noise Pollution – Environmental Protection
UK
၆။ How to Fight Noise Manual – Noise Free America
၇။ Environmental Protection and Management (Control of
Noise At Construction Site) Regulations 1999
၈။ Workplace Safety and Health (Noise) Regulations
2011
3 comments:
ကိုယ်တိုင်ခံစားရတဲ့ ဆူညံသံကြောင့်ဖြစ်တဲ့ရောဂါ၊ ထပ်ဖြည့်ဆွတ်ချင်ပါတယ်။
ဆူညံသံများအကျိုးရလဒ် .. မြန်မာပြည်တွင်နားပင်း၊နားကန်းဖြစ်သွားသူအရေအတွက်ကို မသိနိုင်သော်လည်း၊ အမေရိကန်တွင် နားကန်း။ နားပင်းဖြစ်သွားသူအရောအတွက် အတိကျရှိသည်။ နားမကြားဖြစ်သွားရခြင်း၊ နားအာရုံချို့တဲ့ခြင်းများမှာ ဆူညံသံကြောင့်ဟု သုတေသနပညာရှင်များက ယူဆကြသော်လည်း၊ နားအူရောဂါခံစားနေရသူများ အမေရိကန်ပြည်တွင် ၃၅သန်းရှိသည်။ ၁၅% အများအားဖြင့် ယောင်္ကျားအများစု ခံစားနေရသည်။ စက်ရံများတွင် နားကြပ်မကာကွယ်ခြင်းထက် Hip Pop မြူးဇစ်သီချင်းများကို နားကွဲလုမတတ် နားကြပ်ဖြင့် အသံကုန်၊ကျယ်လောင်စွာ နားထောင်ခြင်း၊ ကာရာအိုကေခန်းတွင် တဒုန်းဒုန်း၊ အသံချဲ့စက်များဖြင့် ကျယ်လောင်လှသော ခေတ်သီချင်းများကို အမေရိကန်များ ငယ်စဉ်က နေ့စဉ်နားထောင်ခဲ့ခြင်းကြောင့် ဟု ကျွန်ုပ်ယူဆပါသည်။ ကျွန်ုပ်လည်း ငယ်စဉ်က ၅နှစ်တိုင် ခေတ်ပေါ်တီးဝိုင်း ခေါင်းဆောင်ခဲ့ပြီး၊ စူးသျှ၊ကျယ်လောင်စွာ အသံချဲ့စက်ကြီးများဖြင့်၊ စတိတ်စင်ပေါ်တွင် တီးခတ်ခဲ့ခြင်းလည်း အသက်၄၅နှစ်အရွယ်ရောက်မှာ ဆူညံသံရောဂါ ခံစားရခြင်းဖြစ်သည်။ ဆေးသိပ္ပံအရ မပျောက်နိုင်ဟု ဆိုသော်လည်း ကျွန်ုပ်ကတော့ ပျော်က်သွားမည်ဟု မျှော်လင့်ဆဲဖြစ်သည်။
http://www.murann.com/ezine/index.php?option=com_content&view=article&id=417:2011-02-06-06-51-48&catid=2:knowledge&Itemid=44
ယခုဆောင်းပါးကို ဖတ်ရသဖြင့် ကျေးဇူးတင်ပါသည်။
ကားဘော်ဒီလုပ်ငန်းကဲ့သို့ သော ဆူညံသည့် လုပ်ငန်းများမှာ လူနေရပ်ကွက်များအတွင်းမရှိသင့်ပါ။ မြန်မာနိုင်ငံတွင် စီးပွားရေးကြောင့်သာမက ဘာသာရေးကို အကြောင်းပြ ပြီးလည်း ဆူညံမှုများစွာပြုနေကြပါသည်။ ထိန်းချုပ်သောဥပဒေရှိသင့်ပါသည်။ မန်းတလေးတွင်နေစဉ်က မနက်စောစော ဘုန်းကြီးကျောင်းမှ ကျယ်လောင်လွန်းသော တောသီချင်းများစွာကြားရပါသည်။ ဘာသာခြားမဆိုထားဘိ မိမိပင် စိတ်ပျက်လှပါသည်။ အလှူ ရှိလျှင်လည်း ကျယ်လောင်လွန်းစွာ သီချင်းဖွင့်ကြပါသည်။ မင်္ဂလာဆောင်သွားလျှင်လည်းခန်းမထဲတွင် သီချင်းသံမှာ ကျယ်လောင်လွန်းတာက များပါသည်။ ဥပဒေ မရှိသေးစေကာမူ လူအများမှာ အသိတရားမျှ မရှိကြပါ။ သူတပါးကို အားမနာကြပါ။ အဘယ်ကြောင့် အသိတရားနုံနဲ့ သူ များလွန်းပါသည်။ ယခုဆောင်းပါးကို ဂျာနယ်တစ်ခုခုမှာပါစေချင်ပါသည်။
၂၄၊ ၈၊ ၂၀၁၃ နေ့ထုတ် The Voice ဂျာနယ်တွင် ဤ "ဆူညံသံများ၏ အန္တရာယ်" ဆောင်းပါး ပါပါလိမ့်မည်။
Post a Comment