Sunday, November 11, 2012

အာဆီယံနှင့် ထွေးဦးမြန်မာ

 

အာဆီယံတဲ့။ ငယ်ငယ်တုံးကတော့ ရာထူးခန့်စာမေးပွဲဖြေဘို့ အသည်းအသန်ကျက်လိုက်ရတဲ့ အာဆီယံအကြောင်း။ အာဆီယံဆိုတဲ့ အသင်းကြီး ဘယ်လိုပေါ်ပေါက်လာသည်။ ဘာရည်ရွယ်ချက်တွေရှိသည်။ ဘာတွေ အကောင်အထည် ဖော်မည်။ အာဆီယံနိုင်ငံတွေက ဘယ်နိုင်ငံတွေတဲ့။ ဟဲ့ - ဘယ်နိုင်ငံတော့ အာဆီယံဖြစ်သွားပြန်ပတဲ့။ ဘာတွေလုပ်မယ်ဆိုပဲ။ စသဖြင့် ထွားလိုက်ပါတဲ့လေလုံး။ သည်တုံးကတော့ ကျွန်တော် အာဆီယံကို အတော်လေး အထင်ကြီးမိ၏။ သို့သော်လည်း ပေါ့လေ။ ဒါက သူငယ်နှပ်စားဘ၀မှာတုံးကပါ။

            အသက်ကလေးနည်းနည်းရလာလို့ စာလေးပေလေးတွေလည်းဖတ်၊ နိုင်ငံခြားအတွေ့အကြုံကလေးတွေရလာတော့မှ သြော် - အာဆီယံ ဆိုတာ အာဆန်ယီကိုပြောတာပါလားဟု သဘောပေါက်ရတော့၏။ အာဆီယံတဲ့။ ဖွတ်၊ တစ်နိုင်ငံနဲ့ တစ်နိုင်ငံသွားဘို့ ဗီဇာလေးတောင် ကင်းလွတ်ခွင့်မပေးနိုင်ဘဲနဲ့။ ဘယ်မလဲ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနဲ့ အကျိုးအမြတ်။ ထားပါတော့။ ခုက ဒီကြီးကြီးကျယ်ကျယ် နိုင်ငံရေးစကားလုံးတွေပြောဘို့မဟုတ်ပါ။

            ပိသေလောက်တဲ့စကားလုံးကြီးတွေ လေလုံးထွားထွားနဲ့သုံးပြီး လေယာဉ်စရိတ်ကလေးတောင် ထုတ်မပေးနိုင်တဲ့ အကြောင်း (အဲလေ) ပိုက်ဆံမရှိတဲ့အကြောင်း ပြောမလို့ (အဲလေ) အတင်းတုတ်မလို့ ဖြစ်ပါသည်။

            ကျွန်တော်နှင့် ကိုသောင်းတန် အခုလ ၈ ရက်နေ့က ထွေးဦးမြန်မာရုပ်သေးပွဲကို Cultural Hotel ၌သွားကြည့်ကြ၏။ သည်ဟိုတယ်တွင် သည်ပွဲကျင်းပနိုင်ရန် အစ်မကြီး ဒေါ်သန်းသန်းနုက စရိတ်စကအဖြစ် စင်းဒေါ်လာ ၁၀၀၀ ကျခံပါသည်။

              အာဆီယံနိုင်ငံများ၏ ရုပ်သေးပွဲတော်ကြီးတွင် ပါဝင်ဆင်နွှဲရန် မန္တလေးမှ စိန်မွတ်တားဆိုင်းဝိုင်းနှင့် ရန်ကုန်မှ ထွေးဦးမြန်မာရုပ်သေးအဖွဲ့ တို့ ပေါင်းလာကြတာဖြစ်၏။ အာဆီယံဆိုတော့ ထိုင်း၊ လာအို စသည့်နိုင်ငံများလည်း ပါသည်ပေါ့။ ဘယ်နိုင်ငံတွေကလာပြီး ဘယ်လိုကကြသည်ကို ကျွန်တော်သွားမကြည့်သဖြင့် မသိပါ။ ကျွန်တော်သွားကြည့်သော Cultural Hotel မှပွဲမှာ မြန်မာများအတွက် သီးသန့်စီစဉ်ခြင်းဖြစ်သည်။

            ကျွန်တော်က ၅ နာရီ အလုပ်ပြီးပြီးချင်းသွားခြင်းဖြစ်သဖြင့် အစောကြီးရောက်သွားသည်။ ကျွန်တော်အလုပ်လုပ်နေ သော Kallang Bahru နှင့် Cultural Hotel မှာ ဆယ်မိနစ်တောင်မလျှောက်ရ။ နီးနီးကလေးဖြစ်၏။ ရောက်တော့ ကျွန်တော် က ကိုယ့်ကိုယ်ကိုယ်မိတ်ဆက်ကာ ဆိုင်းဆရာကြီး စိန်မွတ်တား။ သူ့အဖွဲ့သားများနှင့် စကားစနေပြောပါသည်။ သူတို့အဖွဲ့တွင် ၇ ဦးပါပြီး၊ ရုပ်သေးအဖွဲ့တွင် ၈ ဦး၊ စုစုပေါင်း ၁၅ ဦးဟု ဆို၏။

            ကျွန်တော်က စိန်မွတ်တား၏ လက်သံများကို ယခင်ကတည်းက သဘောကျနှစ်သက်သဖြင့် ကွန်ပြုတာထဲတွင် သိမ်းထားကာ စာရေးသည့်အခါများတွင် နားထောင်လေ့ရှိသည်။ ဤသည်ကို စိန်မွတ်တားအားပြောပြကာ သူ့လက်သံများ ဖွင့်ပြလိုက်သောအခါ စိန်မွတ်တားမှာ အလွန်သဘောကျသွားလေသည်။ ထို့ကြောင့် ကျွန်ုပ်အား သူ့လက်သံ ဓါတ်ပြားနှစ်ချပ် ပေးလေသည်။ (သို့သော်လည်း ပေးလိုက်သော စီဒီများမှာ ဖွင့်မရသဖြင့် စိတ်မကောင်းခြင်းကြီးစွာဖြစ်ရပါသည်။)

            အဆိုမိန်းကလေးမှာ ရီရီသန့်၏ တူမအရင်းဖြစ်သည်။ လှတောသူဖြစ်ပြီး အသံကောင်း၏။ စိန်မွတ်တား၏ သား ဗိုလ်နိုင်မှာလည်း လက်သံပြောင်လှသည်။ အလွန်အတီးကောင်းလှ၏။ သူတို့က အားရပါးရ တီးလည်းတီး၊ ဆိုလည်းဆို၊ ပြောလည်းပြောသွားကြပါသည်။ ကျွန်တော်ကား သည်ဆိုင်းသံဗုံသံများကို အလွန်သဘောကျ နှစ်သက်သူဖြစ်သဖြင့် သဘောအကျကြီးကျလေသတည်း။














ရုပ်သေးအဖွဲ့ကိုတည်ထောင်သူမှာ သင်္ဘောအရာရှိတစ်ဦးဖြစ်လေသည်။ သဘောင်္သားဘ၀မှ ရုပ်သေးသဘင်၊ မြန်မာ့ ယဉ်ကျေးမှုကို ၀ါသနာပါလှသဖြင့် သည်ရုပ်သေးသဘင်မတိမ်ကော မပျောက်ပျက်ရအောင် ထွေးဦးမြန်မာဟု တည်ထောင် ထားခြင်းဖြစ်လေသည်။
            မိတ်ဆွေတို့ စဉ်းစားကြည့်ပါခင်ဗျား။ ရုပ်သေးကို တကယ့်အခန်းအနားကြီးများမဟုတ်ဘဲ၊ သာမန်ဇာတ်ပွဲ၊ ကြည့်ချင်ပွဲ များအနေနှင့် မည်သူများ တခုတ်တရ ငှားပါသနည်း။ ငှားသည်ဆိုစေ ရှာမှရှားထဲက ဖြစ်လေသည်။ ရှေးဘုရင်များခေတ်ကမူ အမြင့်သဘင်ဟု မြှောက်စားခဲ့သည်။ ယခု မေ့လျော့ခြင်းခံထားရသည့် အဖိုးတန်အရာများတွင် ရုပ်သေးသဘင်သည်လည်း တစ်ခုအပါအ၀င်ဖြစ်လေရာ ရုပ်သေးပညာရှင်များမှာ တိမ်မြုပ်ပျောက်ကွယ်ကုန်ကြရလေ၏။ တစ်နှစ်ကို ပွဲ ၂၀ ပဲလိုက်ရတယ် ထားပါဦး။ သည်ပွဲ ၂၀ က ရသည့်ပိုက်ဆံနှင့် တစ်နှစ်ပတ်လုံး မည်ကဲ့သို့ သွားထမင်းစားပါမည်နည်း။ ရုပ်သေးမင်းသား၊ မင်းသမီးကို အိန္ဒြာကျော်ဇင်ကဲ့သို့ မည်သူ သိန်း ၉၀၊ ၁၀၀ ပေးငှားပါမည်နည်း။ (သူတို့ပေါက်ဈေးတွေ ကျွန်တော်မသိပါ ဘူး။ ရမ်းတုတ်လိုက်တာပါ။ တကယ်ဆို သိန်း ၁၀၀ တောင် ကချင်မှ ကပါလိမ့်မယ်။) အာဇာနည်တို့က တစ်ပွဲလောက်တက်ဟဲ လိုက်ရင် တစ်လစာလောက် ထိုင်စားလို့ရသည်။ ရုပ်သေးတစ်ပွဲကလျှင် တစ်လစာ စားလောက်ပါမည်လော။
            ရုပ်သေးအဖွဲ့သားများသည်လည်း ကျကျနန၊ သေသေချာချာ၊ ဟန်ကျပန်ကျ ကပြသွားကြပါသည်။ အလွန်ကောင်း လှ၏။ ကျွန်တော်လည်း အိတ်ကပ်ထဲပါသမျှ ၄၀ နှင့် ကိုသောင်းတန်ဆီပါသမျှ ၃၀ ချေးကာ စုစုပေါင်း ၇၀ လှူဒါန်းလိုက် ပါသည်။ ကျွန်တော်က သူတို့အဖွဲ့ကို ထမင်းလိုက်စားပါရန် ဖိတ်ခေါ်သော်လည်း စီစဉ်သူရှိသဖြင့် မလိုက်ကြပါ။
            သည်ကနေ့ နိုဝင်ဘာ ၁၁ ရက်နေ့၊ စိုက်ပျိုးရေးလုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေးအကြောင်း ရေးနေစဉ် ကိုသောင်း တန် ဖုံးဆက်လာ၏။ သူက သည်ပွဲကို ၃ ရက်စလုံး၊ ၃ ညဆက်တိုက် သွားကြည့်ခဲ့သူဖြစ်သည်။ ထို့ပြင် ပွဲစီစဉ်သူများနှင့်လည်း စကားစနေပြောခဲ့၏။
            သူက ယခုပွဲကိုလာရောက်ဆင်နွှဲရာတွင် မိမိတို့စရိတ်နှင့် မိမိတို့လာခဲ့ကြရပါကြောင်း ဆိုင်းဆရာကြီးကရော၊ ရုပ်သေး ဒါရိုက်တာကပါ ပြောပြသည် ဆိုပါသည်။ တည်းဘို့၊ ပွဲကာလအတွင်း စားဘို့ကိုတော့ အာဆီယံက စီစဉ်ပေးသည်။ သို့သော် ပွဲက တစ်နေရာထဲမဟုတ်။ သုံးရက် သုံးနေရာ ဖြစ်လေရာ တစ်နေရာနှင့်တစ်နေရာ အကူးအပြောင်းကိုတောင် အာဆီယံ ဆိုသည့် လူကြီးလူကောင်းက မစီစဉ်ပေးနိုင်။ ရုပ်သေးဆရာမှာ စင်ကာပူတွင် အသိမိတ်ဆွေများရှိသဖြင့် ၎င်းတို့ကို အကူအညီ တောင်းကာ သယ်ယူပို့ဆောင်ခဲ့ရပါကြောင်း ဆိုလေသည်။
            ကိုသောင်းတန်က အနို့ဆရာကြီးတို့က ယဉ်ကျေးမှုဝန်ကြီးဌာနကို မပြောပြဘူးလား ဟု မေးသည့်အခါ ပြောပါသော်ကော မောင်ရယ်။ ယဉ်ကျေးတဲ့ ၀န်ကြီးဌာနက အာဆီယံပွဲအတွက် ခရီးစရိတ်တော့ ထုတ်မပေးနိုင်ပါ။ ဆရာကြီးတို့ပွဲဖျက်ချင်သာ ဖျက်လိုက်ကြပါလို့ ယဉ်ယဉ်ကျေးကျေးလေး ငြင်းလိုက်သကွဲ့ ဆိုပါ၏။
            ဆိုင်းဝိုင်း၊ ဗုံမောင်း၊ ရုပ်သေးသေတ္တာ စသည်တို့ကို မည်ကဲ့သို့သယ်ပါသနည်း ဟု စပ်စုလေသော် ၎င်းတို့က အာဆီယံပွဲ ဆင်နွှဲရအောင် စင်ကာပူနိုင်ငံသွားမှာ ဖြစ်ပါသဖြင့် ပစ္စည်းပစ္စယများသယ်ရန် ကီလိုပိုပေးပါမည့်အကြောင်း မေတ္တာရပ်ခံသောကြောင့် မူလကပေးထားသော တစ်ဦးလျှင် ကီလို ၂၀ အစား ကီလို ၃၀ သို့ တိုးပေးလိုက်သည် ဆို၏။  သို့သော်လည်း ဆိုင်းဝိုင်း၊ ဘာညာသာရကာများချည်း ကီလို ၄၀၀ ရှိလေရာ ကျန် ကီလို ၅၀ မှာ သူတို့အသုံးအဆောင် အ၀တ် အစားများနှင့် ပြည့်လေတော့သည်။
            သည်တော့ ကျွန်တော် ပေသီးခေါက်ကြည့်ရာ ဆစ်ခ်အဲ၊ နှစ်ပါတ်တစ်ကက် ဆိုတော့ စင်းဒေါ်လာ ၅၀၀ခန့် ရှိပေမည်။  တစ်ယောက် ၅၀၀ ဆိုတော့ ၁၅ ယောက်။ စင်းဒေါ်လာ ၇၅၀၀။ ဟိုက်ရော။ နည်းသည့်ပိုက်ဆံမဟုတ်။
            သံရုံးကိုလည်းဖိတ်သဖြင့် ဟိုပွဲမှာ သံအမတ်ကြီးတို့လည်း လာရောက်ကာ ဆယ်မိနစ်မျှ ၀တ်ကျေတန်းကျေ အားပေး သွားကြပါသည်။ သည်ခရီးစရိတ်ကိစ္စ သံအမတ်ကြီးတို့ သိချင်မှသိပါမည်။ သိရအောင် ပြောပြမည့်သူရော ရှိပါသလား။ သိလျက်နှင့် ဘာမှမလုပ်ပေး ဆိုလျှင်တော့ ဟိုလူကြီးသားသမီး၊ မြေးမြစ်၊ ဆွေမျိုးညာတကာအပေါင်း။ ပျင်းလို့ စင်ကာပူကို ရှော့ပင်းထွက်တာတောင် လေးငါးသောင်း၊ တစ်သိန်းကုန်နိုင်ပေရာ မြန်မာနိုင်ငံကို ကိုယ်စားပြုယှဉ်ပြိုင်ပါသည် ဆိုသော သည်ရုပ်သေးပွဲကျမှ ဘာတစ်ပြားမှ မထုတ်ပေး၊ မသိချင်ယောင်ဆောင်နေသည်ဆိုလျှင်တော့ တော့ တော့။ ဒါတွေကျွန်တော် ဘာမှ မသိပါ။
            အဲလေ၊ အာဆီယံပြောပါတယ်။ ဟုတ်ပေါင် မြန်မာနိုင်ငံတော်ကြီးကို ပြောပါတယ်။ အဲလေ၊ ထူးပါဘူး အတူတူနဲ့ အနူနူပါဘဲ။ မြန်မာနိုင်ငံကို ကိုယ်စားပြုယှဉ်ပြိုင်ရအောင်သွားတဲ့ သည် (ပိုက်ဆံလည်း များများစားစားရှိရှာမည် မဟုတ်ပါတဲ့) အနုပညာရှင်တွေကို မျက်နှာလွှဲ ခဲပစ် လုပ်တာကတော့။ နောက်ပြီး ကြီးကြီးကျယ်ကျယ် အာဆီယံနိုင်ငံပေါင်းစုံလို့ နာမည်ကြီး ခံပြီး လေယာဉ်စရိတ်ကလေးတောင် မတတ်နိုင်တဲ့ အာဆန်ယီအဖွဲ့ကြီးကတော့။
            အကျွန်ုပ် ဘယ်ကဲ့သို့နားလည်ရပါမည်နည်း။ (ကျွန်တော်အထင်မကြီးတဲ့အထဲ အဲဒါတွေလည်း ပါသပေါ့ဗျာ။)
            Cultural Hotel ပွဲတုံးကတော့ အနုပညာမြတ်နိုးသူများအဖွဲ့က စင်းဒေါ်လာ ၇၆၀ ဆိုလား ချီးမြှင့်ပါ၏။ အခြားသူများ ကို လိုက်လံကောက်ခံတာတော့ ဘယ်ရွေ့ဘယ်မျှရသည်မသိရပါ။ သို့သော် ၇၅၀၀ မရတာကတော့ သေချာပါသည်။ ဖျော်ဖြေသူများကို ငါးဆယ်မျိုး တစ်ရာမျိုးလာရောက်ဆုချကြတာတော့ ကျိုးကြားကျိုးကြား ရှိပါသည်။ သို့သော် ဘယ်နည်းနှင့်မှ လမ်းစရိတ်ကျေစရာအကြောင်းမရှိပါ။
            ဒါပါပဲဗျာ။ ကိုသောင်းတန်ဖုံးဆက်လာလို့ ရင်ထဲခိုးလိုးခုလုဖြစ်နေတာနဲ့ ချရေးလိုက်တာပါ။ ဘယ်သူ့ကိုမှတော့ ထိခိုက်စေလိုလို့ မဟုတ်ပါ။ သို့သော် မြန်မာပြည်ကိုယ်စားပြု နာမည်ခံပြီး နင့်ဟာနင်ကိုယ်စားပြုချင်လို့ပြုတာ ငါတို့နဲ့ ဘာဆိုင်သလဲကွယ် ဟု ပေလာယကံလုပ်ရက်လေသော။ အာဆီယံနိုင်ငံဘောင်းဇုံဟု ကြီးကြီးကျယ်ကျယ် ဟစ်လေသော အနှီသကောင့်သားများကို အာဆီယံဆိုသည့်နာမည်ကိုမှ အားမနာ။ သည်လိုပစ်စလက်ခတ် လုပ်မှုကို သောက်မြင်ကပ်လှ သဖြင့် မိတ်ဆွေတို့သိစေရန် အချိန်ကုန်ခံကာ ရေးခြင်းဖြစ်ပါ၏။
            (သည်ပွဲကိုလုပ်ဘို့ရာ အာဆီယံလူကြီးများကို တင်ပြသော်လည်း သူတို့က သဘောမတူသဖြင့် ရံပုံငွေထုတ်မပေးဟု ဆိုသည်။)
အေးငြိမ်း
၁၁-၁၁-၂၀၁၂ ညနေ ၅း၅၂ နာရီ

1 comment:

Witmone said...

ဗီဇာမပေးဘူးဆိုလို့ ... စင်ကာပူနိုင်ငံအပါအ၀င် အာယန်စီနိုင်ငံသား အားလုံးကို ဘာလို့ မြန်မာနိုင်ငံက ဗီဇာလွတ်ကင်းခွင့်မပေးရပါသလဲ? Pride ပေါ့ဗျာ...

ကျွန်တော့တော့..တရုပ်၊ကုလား၊ဘန်ဂလား တွေကို တွေကိုခဏထားပြီး..အာယန်စီနိုင်ငံသားအားလုံးကို မြန်မာဘက်ကစပြီး ဗီဇာဖရီးဝင်ခွင့် အရင်ပေးပစ်မယ်...