၁။ အဘယ်ကြောင့် စိုက်ပျိုးရေးအန္တရာယ်ကင်းဝေးရေး
အရေးကြီးသနည်း
မြန်မာနိုင်ငံသည်
စိုက်ပျိုးရေးအဓိကနိုင်ငံဖြစ်သည့်အားလျော်စွာ အလုပ်လုပ်သူ၏ ၆၅ မှ ၇၀ ရာခိုင်နှုံးမှာ
စိုက်ပျိုးရေး လုပ်သားများ ဖြစ်သည်။ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်နေရင်း မတော်တဆထိခိုက်မှုဖြစ်ပါက
ငွေကြေးအရသော် လည်းကောင်း၊ အချိန်အားဖြင့်သော်လည်းကောင်း၊ အခြား မမျှော်မှန်းနိုင်သော
လူမှုရေးဆုံးရှုံးမှုများသော်လည်းကောင်း ကြုံတွေ့ရနိုင်သည်။
စိုက်ပျိုးရေးလုပ်ငန်းတွင် ပါဝင်လုပ်ကိုင်နေသူများမှာ
အိမ်ထောင်ဦးစီး သို့မဟုတ် လုပ်နိုင်ကိုင်နိုင်သူ သားပျို၊ သမီးပျို များ အများဆုံးဖြစ်ပေ၏။
ထို့ကြောင့် ထိုသူများသာ တစ်စုံတစ်ခုဖြစ်ခဲ့ပါက ထို အိမ်ထောင်စုအဖို့ ကြီးစွာသော နစ်နာဆုံးရှုံးမှုနှင့်
ကြုံရပေမည်။ ထို့ကြောင့် စိုက်ပျိုးရေးလုပ်ငန်း၌ ဘေးအန္တရာယ်ကင်းရေးသည်လည်း အခြား ဆောက်လုပ်ရေး၊
စက်မှုလုပ်ငန်း စသည်တို့နှင့်တန်းတူ အရေးကြီးပေသည်။
စိုက်ပျိုးရေးလုပ်ငန်းတွင် များစွာသောလုပ်ငန်းတို့
ပါဝင်ပတ်သက်နေသည်။ လယ်ကိုထွန်ယက်စိုက်ပျိုးရာတွင် ကျွဲ၊ နွား တိရစ္ဆာန်များသုံးသည့်နည်းတူ
ယခုအခါ လယ်ယာသုံးစက်ကိရိယာများကိုလည်း တိုးချဲ့သုံးစွဲလာနေကြပြီ ဖြစ်၏။ ထို့အတူ ပေါက်တူး၊
ပေါက်ပြား၊ တူရွင်း၊ ငန်းပြား၊ ကောက်ရိတ်တံစဉ်၊ မြက်ရိတ်တံစဉ် စသည့် လယ်ယာသုံးလက်နက်ကိရိယာများကို
လည်း သုံးစွဲကြရသည်။ မြေသြဇာအတွက် နွားချေးမြေသြဇာကိုသုံးသည့်နည်းတူ၊ ဓါတ်မြေသြဇာများကိုလည်း
သုံးကြရသည်။ အထူးသဖြင့် ပေါင်းသတ်ဆေး၊ ပိုးသတ်ဆေး၊ မှိုသတ်ဆေးများကိုလည်း မရှောင်မလွှဲသာ
သုံးကြရသေးသည်။ မမြင်ရသော သဘာဝ ဘေးအန္တရာယ်များအနေနှင့် မြွေ၊ ပင့်ကူ၊ မြေကြွက်အစရှိသည်တို့၏
အန္တရာယ်လည်း ရှိသေးသည်။
တိုးတက်သောနိုင်ငံကြီးများ (ဥပမာ
- အမေရိကန်၊ ကနေဒါ၊ သြစတေးလျား စသည်) တွင် လယ်ယာလုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေးအတွက်
Farm Safety Plan စသည့် အစီအစဉ်များ ချမှတ်ဆောင်ရွက်ပါသည်။ မြန်မာနိုင်ငံတွင် လက်ရှိအခြေအနေနှင့်
မဖြစ်နိုင်သေးပါ။ သို့သော် ဖြည်းဖြည်းချင်း ထူထောင်ယူရပါမည်။
ထို့ကြောင့် ထိုစက်ပစ္စည်း၊ ဓါတုပစ္စည်း၊
သဘာဝအန္တရာယ် အစရှိသည်တို့မှ မည်သို့ကာကွယ်ရမည်ကို ယခု စုဆောင်းတင်ပြထားပါသည်။
၂။ ပညာပေးအစီအစဉ်
မတော်တဆမှုတွင်
မသိသဖြင့် ဖြစ်ရခြင်းနှင့် သိလျက်နှင့်ဖြစ်ရခြင်းဟု နှစ်မျိုးရှိ၏။ နှစ်မျိုးစလုံး
မည်သည်မှ မကောင်း။ သို့သော် မသိသဖြင့် ဖြစ်ရခြင်းက ပိုဆိုးသည်။ မည်သို့ကာကွယ်ရမည်ကို
သိလျှင် ကာကွယ်ရန် အခွင့်အလမ်း ရှိပေသေး၏။ ထို့ကြောင့် မည်သို့ကာကွယ်ရမည်ကိုသိရန် အရေးကြီးသည်။
ဤသို့သိစေရန် အစိုးရအနေနှင့်ရော၊ အစိုးရမဟုတ်သည့်အဖွဲ့အစည်းများကပါ ပညာပေးလုပ်ငန်းများကို
ကျယ်ကျယ်ပြန့်ပြန့် လုပ်ပေးရန် လိုပါသည်။
ပညာပေးလုပ်ငန်းဟူသည်
ငွေကုန်ကြေးကျများသလို လူအင်အားနှင့် အချိန်လည်းလိုသည်။ အထူးသဖြင့်ကား စိုက်ပျိုးရေးအန္တရာယ်ကင်းဝေးရေးအသိပညာ
နှင့် လုပ်ငန်းအတွေ့အကြုံရှိသည့် နားလည်တတ်ကျွမ်းသူ အများအပြား လိုအပ်သည်။ ထိုမျှသာမက
ပညာပေးလုပ်ငန်းဟူသည် တစ်ပွဲတိုးထလုပ်၍မရဘဲ အစဉ်မပြတ် အမြဲပြုလုပ်နေရမည့်အရာ ဖြစ်လေသည်။
မသိသေးသူများကိုသိအောင် ပညာပေးသင်တန်းများပြုလုပ်ပေးရုံမျှမက သိပြီး၊ တတ်ကျွမ်းပြီးသူများကိုလည်း
ခေတ်အလျောက်ပြောင်းလဲနေသော နည်းပညာ၊ အတတ်ပညာများနှင့် အကျွမ်းတ၀င်ရှိနေစေရန်။ ပြုပြင်ပြောင်းလဲထားသော
ဥပဒေ၊ နည်းဥပဒေများနှင့် မျက်ခြေမပြတ်စေရန်၊ အသစ်ပေါ်ထွက်လာသည့် စက်ကိရိယာ၊ အီလက်ထရောနစ်ပစ္စည်း
စသည်တို့နှင့်လည်း ရင်းနှီးကျွမ်းဝင်မှုရှိစေရန်လည်း အရေးကြီးပါသည်။ ဤသည်မှာ စဉ်ဆက်မပြတ်ပညာရေး
(Continous Education or Life Long Learning) ဖြစ်သည်။
စဉ်ဆက်မပြတ်ပညာရေးကို
အစိုးရမှ စနစ်တကျ စီမံဆောင်ရွက်ပေးရန် လိုပါသည်။ သက်ကြီးပညာရေး (Adult Education) စီမံချက်များရေးဆွဲချမှတ်
အကောင်အထည်ဖော်ခြင်း၊ အသက်ကြီးပြီး အတန်းပညာနိမ့်သူများအား ဆက်လက် ပညာသင်လိုက သင်နိုင်စေရန်
အခွင့်အလမ်းများဖွင့်ပေးခြင်း၊ သင်တန်းပြီးသူများအတွက် လခတိုးပေးခြင်း၊ သင်တန်းစရိတ်
အချို့အ၀က်ကို အစိုးရမှ ထောက်ပံ့ပေးခြင်း စသည်တို့ ပြုလုပ်ပေးရန် လိုပါသည်။ သို့မှသာ
နိုင်ငံဖွံ့ဖြိုးရေးအတွက် အလွန် အရေးကြိးသော စွမ်းရည်ပြည့် လူသားအရင်းအမြစ်ကို ရရှိမည်ဖြစ်ပါသည်။
အချိန်တိုအတွင်း
အကောင်အထည်ဖော်နိုင်သည့် ပညာပေးအစီအစဉ်များတွင် အောက်ပါတို့ ပါဝင်ပါသည်။
၁။ လက်ကမ်းစာစောင်များ ရိုက်နှိပ်ဖြန့်ဝေခြင်း
၂။ ပိုစတာများရိုက်နှိပ်ဖြန့်ဝေကာ ဈေး၊ ကျောင်းစသည့် လူအများစုဆုံရာနေရာများ၊
လမ်းဆုံလမ်းခွများ၌ ကပ်ခြင်း
၃။ လက်စွဲစာအုပ်များ ရိုက်နှိပ်ဖြန့်ဝေခြင်း
၎။ ပြပွဲ၊ ပြိုင်ပွဲများ ကျင်းပပေးခြင်း
၅။ ဟောပြောပွဲများ ကျင်းပပေးခြင်း
၆။ (ဆရာဖြစ်သင်တန်းများအပါအ၀၀င်) သင်တန်းများ ပေးခြင်း
၃။ စိုက်ပျိုးရေးလုပ်ငန်းအန္တရာယ်ကင်းရေးတွင် အစိုးရ၏
အခန်းကဏ္ဍ
အစိုးရမှ
ဆောင်ရွက်ပေးရမည့်အပိုင်းမှာ ပိုမိုကျယ်ပြန့်သလို အလွန်ဂရုစိုက်ဆောင်ရွက်ရမည့်အပိုင်းများ
ပါဝင်ပါ သည်။ ဥပမာ - ဥပဒေ၊ နည်းဥပဒေများ ရေးဆွဲပြဌာန်းခြင်း
အောက်ပါလုပ်ငန်းတို့မှာ
စိုက်ပျိုးရေးလုပ်ငန်းအန္တရာယ်ကင်းရေးအတွက် အစိုးရမှ တာဝန်ယူဆောင်ရွက်ရမည့် လုပ်ငန်းများဖြစ်၏။
၁။ စိုက်ပျိုးရေးလုပ်ငန်းအန္တရာယ်ကင်းရေးအတွက် ဥပဒေ၊ နည်းဥပဒေများ
ရေးဆွဲ အကောင်အထည်ဖော်ခြင်း
၂။ စိုက်ပျိုးရေး အန္တရာယ်ကင်းရေးအရာရှိများ၊ ကျွမ်းကျင်သူများ
ခန့်အပ်ဆောင်ရွက်စေခြင်း
၃။ အန္တရာယ်ကင်းရေးအတွက် လိုအပ်သောပစ္စည်းကိရိယာများ ထောက်ပံ့ပေးခြင်း
၎။ ပီပီအီးများ ထောက်ပံ့ပေးခြင်း
၅။ အရေးပေါ်အစီအစဉ်များ ဆောင်ရွက်ပေးခြင်း
၆။ ထိခိုက်မှုအာမခံ၊ အသက်အာမခံများ ထားပေးခြင်း
ပီပီအီး = PPE – Personal Protective Equipment = လုပ်ငန်းခွင်ထိခိုက်မှုအန္တရာယ်များမှကာကွယ်ရန်
ဝတ်ဆင်ရသော အသုံးအဆောင် အ၀တ်အစား၊ ပစ္စည်း
၎။ အန္တရာယ်နှင့် ကာကွယ်ရမည့်နည်းလမ်းများ
စိုက်ပျိုးရေးလုပ်ငန်းတွင်
ကြုံတွေ့ရနိုင်သည့်အန္တရာယ်များမှာ အောက်ပါတို့ဖြစ်ပါသည်။
၁။ စက်မှုအန္တရာယ်
၂။ ဆူညံသံအန္တရာယ်
၃။ ချော်လဲခြင်း၊ အမြင့်မှလိမ့်ကျခြင်း စသည့်
အန္တရာယ်
၎။ လေးလံသောပစ္စည်းများကို မ,ခြင်း၊ ကြမ်းတမ်းခက်ခဲသောအလုပ်များအား
လူအင်အားသုံးပြီး လုပ်ခြင်းတို့အတွက်
ကြုံတွေ့ရနိုင်သည့် အန္တရာယ်
၅။ ဓါတုဆေးရည်၊ အမှုန် နှင့် အခြားကျန်းမာရေးအတွက်
အန္တရာယ်ရှိသော ပစ္စည်းများနှင့် ထိတွေ့ရာမှ ရမည့်အန္တရာယ်
၆။ မြွေကိုက်ခြင်း၊ နေပူရှပ်ခြင်း။ အပူငုပ်ခြင်း၊
အအေးမိခြင်း အစရှိသော အခြားကျန်းမာရေးဆိုင်ရာ အန္တရာယ်များ
၅။ အန္တရာယ်ဖြစ်စေနိုင်သည့် အရာများ
စိုက်ပျိုးရေးလုပ်ငန်းတွင်အန္တရာယ်ဖြစ်စေနိုင်သော
အရာတို့မှာ အောက်ပါတို့ဖြစ်ပါသည်။
၁။ လက်သုံးကိရိယာများ
၂။ ဓါတုဗေဒ ပစ္စည်းများ
၃။ တိရစ္ဆာန်များ
၎။ သဘာဝ တောရိုင်းတိရစ္ဆာန်၊ အကောင်ပလောင်များ
၅။ လယ်ယာသုံးစက်ကိရိယာများ
၆။ ရာသီဥတု
၆။ ယေဘူယျ အန္တရာယ်ကင်းရေးစည်းမျဉ်းများ
၁။ အလုပ်လုပ်သည့်အခါ အရက်သေစာမသောက်စားပါနှင့်။ အရက်သေစာ
သောက်စားထားသည့်အခါ အလုပ်မလုပ်ပါနှင့်။ အထူးသဖြင့် စက်ကိရိယာများကို မောင်းနှင်ခြင်း
မပြုပါနှင့်။
၂။ ပစ္စည်းများမ,သည့်အခါ မည်ကဲ့သို့ မ,ရမည်ကို သိထားပါ။ အလေးအပင်များမ,ရန်လိုလျှင်
အကူအညီခေါ်ပါ။ မနိုင်ရင်ကာ မ,လျှင် တစ်သက်လုံးခါးနာသွားတတ်သည်။
၃။ ပူပြင်းသောရာသီ၌ အလုပ်လုပ်ရလျှင် ရေဘူးအမြဲဆောင်ထားပါ။
ရေမကြာခဏသောက်ပေးပါ။ နေပူထဲတွင် အလုပ်လုပ်ရ မည်ဆိုလျှင် ထီးကဲ့သို့သော အရိပ်ရစေမည့်အရာများ
ဖန်တီးပါ။
၎။ အလုပ်လုပ်လျှင် ရာသီဥတုဒဏ်ခံနိုင်စေရန် (ဖြစ်နိုင်ပါက)
လက္ရွည္အက်ႌ၀တ္ပါ။ ခမောက်ဆောင်းပါ။
၅။ ဓါတ်ဆီပုံး အနီးတွင် ဆေးလိပ်သောက်ခြင်း၊ မီးဖိုခြင်း၊
မီးခြစ်ခြင်း၊ မီးရှို့ခြင်း၊ ဓါတ်ဆီပုံးအတွင်း ဖယောင်းတိုင်မီးနှင့် ကြည့်ခြင်း စသည်တို့မလုပ်ပါနှင့်။
၆။ နွားမီးထည့်သည့် အလေ့ရှိလျှင် နွားတင်းကုပ်အနီးကောက်ရိုးမပုံပါနှင့်။
နွားမီးထည့်ထားလျှင် သတိဝီရိယနှင့် အိပ်ပါ။ တင်းကုပ်အနီး မီးလောင်လွယ်သည့် ပစ္စည်းများ
မထားပါနှင့်။ နွားစာကောက်ရိုး၊ မြက်ခြောက် စသည်တို့ကို ရှင်းလင်းထားပါ။
၇။ စက်မောင်းထားစဉ် ဆီဖြည့်ခြင်း မည်သည့်အခါမှ မလုပ်ပါနှင့်။
၈။ ဓား၊ ပေါက်ချွန်းစသည့် အန္တရာယ်ရှိသော လက်သုံးကိရိယာများကို
ကလေးများမမီနိုင်သည့် နေရာတွင်ထားပါ။
၇။ လက်သုံးကိရိယာများ၏ အန္တရာယ်
စိုက်ပျိုးရေးလုပ်ငန်းအတွက် လက်သုံးကိရိယာများတွင် ပေါက်တူး၊
ပေါက်ပြား၊ ပေါက်ချွန်း၊ ငန်းပြား၊ ထွန်ခြစ်၊ ဓားမ၊ ဓားတို၊ ဓားရှည်၊ မြက်ရိတ်တံစဉ်၊
ကောက်ရိတ်တံစဉ်၊ လက်ထိုးလွှ၊ စူး၊ ဆောက်၊ တူ၊ ပန်းပင်ဖြတ်ကတ်ကြေး၊ ပုဆိန်၊ ရဲဒင်း စသည်တို့ ပါဝင်ပါသည်။
ထိုလက်သုံးကိရိယာများအတွက်
ဖြစ်နိုင်သော အဓိကအန္တရာယ်မှာ ခုတ်မိခြင်း။ ရှမိခြင်း၊ ထုမိခြင်း၊ ညှပ်မိခြင်းတို့ပင်
ဖြစ်ပါသည်။ မည်သည့်ထိခိုက်မှုအန္တရာယ်ကိုမဆို ကြိုတင်ကာကွယ်နိုင်သည်ဖြစ်ပေရာ အထက်ပါ လက်သုံးကိရိယာများကို
သုံးသည့်အခါ၌လည်း ထိခိုက်မှုအနည်းဆုံးဖြစ်အောင် တားဆီးနိုင်ပါသည်။
လက်သုံးကိရိယာများကြောင့်
ထိခိုက်ဒဏ်ရာရခြင်းကို ကာကွယ်ရန် အရေးကြီးသောတစ်ချက်မှာ ကြံ့ခိုင်ရေး၊ ပြုပြင်ထိန်းသိမ်းရေး
ပုံမှန်လုပ်ပေးခြင်းဖြစ်ပါသည်။ အထက်ဖော်ပြပါ စိုက်ပျိုးရေးလုပ်ငန်းသုံး လက်နက်ကိရိယာများမှာ
ပုံသဏ္ဍာန်အရ ကွဲပြားသွားသော်လည်း အလုပ်လုပ်ပုံ သဘောတရားမှာ အတူတူပင်ဖြစ်သဖြင့် ဤနေရာတွင်
အားလုံးအတွက် ခြုံပြောပါမည်။
၁) မြန်မာလယ်ယာလုပ်ငန်းသုံး လက်နက်ကိရိယာများ၏
ဖွဲ့စည်းပုံမှာ ရိုးရှင်းပါသည်။ ကိရိယာများတွင် များသောအားဖြင့် လက်ကိုင်နှင့် အသွား
နှစ်မျိုးသာပါတတ်သည်။ ဥပမာ - ပေါက်ပြားတွင် လက်ကိုင်နှင့် ပေါက်ပြားအသွားသာ ပါသလို
ငန်းပြားတွင်လည်း လက်ကိုင်နှင့် အသွားသာ ပါပါသည်။ အရေးကြီးသည်မှာ လက်ကိုင်နှင့်အသွား
မြဲမြဲမြံမြံဆက်နေမိဘို့ ဖြစ်ပါသည်။
လက်ကိုင်သည်
ချောင်နေပါက အသွားကျွတ်ထွက်ကာ လူကို ထိခိုက်ဒဏ်ရာ ရစေနိုင် ပါသည်။ ဥပမာ - ထင်းတုံးကိုခွဲရန်
ပုဆိန်ကိုမြှောက်လိုက်ရာမှ ပုဆိန်သွားကျွတ်ထွက်ကာ လူပေါ် ပြန်ကျခြင်း၊ သို့မဟုတ် အနီးအနားရှိ
သူတစ်ဦးဦးကို ထိမှန်ခြင်း စသည်ဖြစ်တတ်ပါသည်။ ထို့အတူ ဓားခုတ်သည့်အခါ တွင်လည်း ဓားရိုးချောင်နေပါက
အရိုးမှ ဓားကျွတ်ထွက်ကာ ထိခိုက်ဒဏ်ရာ ရစေနိုင်ပါသည်။
ထို့ကြောင့်
မိမိတို့လက်နက်ကိရိယာများကို ကောင်းမကောင်း၊ ခိုင်မခိုင်၊ အသုံးမပြုမီ နေ့စဉ် စစ်ဆေးရန်
လိုပါသည်။ အကယ်၍ လက်ကိုင်ချောင်နေသည်ကိုတွေ့ပါက ပြုပြင်ပြီးမှ သုံးရပါမည်။
၂) နောက်တစ်ချက်မှာ
လက်နက်ကိရိယာများကို ထက်နေစေရန် အမြဲသွေးပြီး သုံးရပါမည်။ တုံးနေသောလက်နက် ကိရိယာများသုံးလျှင်
ပိုမိုအားစိုက်ရသဖြင့် ပိုပင်ပန်းသလို ခရီးလည်းမတွင်ပါ။ ပိုအားစိုက်ရ သဖြင့် အန္တရာယ်ပိုများပါသည်။
၃) တတိယအချက်မှာ အလုပ်ကို စိတ်ပါဝင်စားစွာ
အာရုံစိုက်၍လုပ်ခြင်း ဖြစ်ပါ သည်။ အဖြစ်အများဆုံး ထိခိုက်ဒဏ်ရာရမှုများမှာ အလုပ်လုပ်နေစဉ်
စိတ်ကတခြား ရောက်နေခြင်း၊ တောင်တွေး၊ မြောက်တွေးတွေးနေခြင်းပင် ဖြစ်ပါသည်။ အာရုံများထွေပြားနေစဉ်၊
ပူပင် သောကများနေစဉ်၊ ပြဿနာတစ်ရပ်ရပ်နှင့် ရင်ဆိုင်နေရစဉ် အလုပ်လုပ်ပါက ထိခိုက်ဒဏ်ရာရဘို့
အလားအလာများပါသည်။ မြက်ရိတ်လျှင်သော်လည်းကောင်း၊ ကောက်ရိတ်လျှင်သော်လည်းကောင်း တံစဉ်ရှတတ်သည်။
၎) လက်နက်ကိရိယာများနှင့် ကစားခြင်းသည်
အလွန်အန္တရာယ်များလှ၏။ မည်သည့်အခါမှ လက်နက်ကိရိယာများ နှင့် ကလူကျီစယ်ခြင်း မပြုပါနှင့်။
အချိန်လွန်မှ နောင်တရတတ်သည်။
၈။ ဓါတုဗေဒပစ္စည်းများ အန္တရာယ်
စိုက်ပျိုးရေးလုပ်ငန်းတွင်တွေ့ရမည့်
ဓါတုဗေဒပစ္စည်းများမှာ ဓါတ်မြေသြဇာ၊ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး၊ မှိုသတ်ဆေး၊ ကြွက်သတ်ဆေးတို့
ဖြစ်ပါသည်။
ဓါတုဗေဒပစ္စည်းများမှာ
အထူးသဖြင့် ပိုးသတ်ဆေးများမှာ လူ၏ကျန်းမာရေးကို ဆိုးရွားစွာထိခိုက်စေနိုင်သည်။ အသက်အန္တရာယ်ပင်
ရှိပါသည်။ ထို့ကြောင့် ထိုဆေးများကို မည်ကဲ့သို့ကိုင်တွယ်ရမည်။ မည်ကဲ့သို့ သယ်ဆောင်ရမည်။
မည်ကဲ့သို့သုံးစွဲရမည်။ မည်ကဲ့သို့ သိုလှောင်ရမည်။ ဆေးအကြွင်းအကျန်များကို မည်ကဲ့သို့စွန့်ပစ်ရမည်
အစရှိသည်တို့ကို သေသေချာချာ သိထားရန်လိုပါသည်။
လယ်သမား၊
ကိုင်းသမား၊ ခြံတောင်သူအစရှိသူတို့ကို ထို ဓါတုဗေဒဆေးဝါးများအကြောင်း သေသေချာချာ သိထားရန်
ဟောပြောပြသပေးခြင်း၊ သရုပ်ပြပွဲများပြုလုပ်ပေးခြင်း၊ လက်ကမ်းစာစောင်များဝေခြင်း စသည်တို့
ပြုလုပ်ပေးရ ပါမည်။
ယခု စိုက်ပျိုးရေးသုံး ဓါတုဗေဒပစ္စည်းများအကြောင်း သိသင့်သလောက်
အကျဉ်းရုံးဖော်ပြလိုက်ပါသည်။
ဓါတုဗေဒ ပစ္စည်းများသည် လူခန္ဓာကိုယ်အတွင်းသို့ လမ်းသုံးသွယ်မှ ၀င်ရောက်နိုင်သည်။
(၁) ဓါတုဆေးများကို ကိုင်တွယ်ပြီး သေချာစွာလက်မဆေးပဲ အစား အသောက်များကို စားသုံးလျှင်
ပါးစပ်မှတစ်ဆင့်
ဝင်ရောက်နိုင်သည်။
၂) ဓါတု ဆေးများ ကိုယ်ခန္ဓာအရေပြားကို ထိမိလျှင် အသားထဲသို့ စိမ့်ဝင်နိုင်သည်။
(၃) ဓါတုဓါတ်ငွေ့များကိုရှုမိလျှင် နှာခေါင်းမှ တစ်ဆင့် အသက်ရှုလမ်းကြောင်းအတွင်း
ဝင်ရောက်နိုင်သည်။
-
လူကိုသော်လည်းကောင်း၊
တိရစ္ဆာန်များကိုသော်လည်းကောင်း၊ သဘာဝပတ်ဝန်းကျင်ကိုသော်လည်းကောင်း ဘေးဖြစ်စေတတ်သည့်
ပစ္စည်းများ (Hazardous Material) ကို ခိုင်ခံ့ကောင်းမွန်သည့်နေရာများတွင် သိုလှောင်ထားရမည်။
သို့မှသာ ငလျင်လှုပ်ခြင်း၊ မုန်တိုင်းတိုက်ခြင်း စသော သဘာဝဘေးအန္တရာယ်များ ကျရောက်သည့်အခါ
ယိုစိမ့်ခြင်း၊ ဖိတ်စဉ် ခြင်းတို့မှ ကာကွယ်နိုင်မည်။
-
ပိုးသတ်ဆေးစသည့် အဆိပ်အတောက်ရှိသည့်ဆေးဝါးများကို
မူလပုံးအတွင်းတွင်သာ ထည့်သိုသိမ်းဆည်းပါ။ မည်သည့်အခါမှ သောက်ရေသန့်ဘူးများအတွင်း၊ အစားအသောက်ဘူးခွံအလွတ်များအတွင်း
မထည့်ပါနှင့်။ မှားယွင်း စားသောက်မိပါက အသက်ဆုံးသည်ထိ အလွန်အန္တရာယ်များပါသည်။
-
ဓါတုဗေဒပစ္စည်းများ
ထည့်သည့် ပုံး၊ ပုလင်း စသည်တို့ကို အမြဲ နာမည်တပ်ထားရပါမည်။ ဓါတုဆေးရည်များကို ရေသန့်ပုလင်းအဟောင်းနှင့်
မည်သည့်အခါမှ မထည့်ပါနှင့်။ ရေနှင့် မှားသောက်မိပါက အလွန်အန္တရာယ် ကြီးပါသည်။
-
ဓါတုဆေးဝါးများကို
မည်သည့်အခါမှ အစားအသောက်များနှင့် အတူရောမထားပါနှင့်။
-
ဓါတုဆေးဝါးများကို
လေ၀င်လေထွက်ကောင်းသော၊ အေး၍ခြောက်သွေ့သော၊ မီးနှင့်ဝေးသော၊ ကလေးများ လက်လှမ်းမမီနိုင်သော
နေရာတွင် စနစ်တကျ သိုလှောင်သိမ်းဆည်းပါ။ ဆေးများလျှင် ဂိုဒေါင်နှင့်သိုလှောင်ထားပြီး
ဂိုဒေါင်ကို သော့ခတ်ထားပါ။ ဂိုဒေါင်သည် လေအ၀င်အထွက် ကောင်းပါစေ။ အလုံပိတ်အခန်းတွင်
ထားပါက ထိုဆေးများမှထွက်လာသော ဓါတ်ငွေ့များသည် အခန်းတွင်းလှောင်ပိတ်မိနေကာ အခန်းအတွင်းသို့
ဝင်လာသူအား ဒုက္ခပေးနိုင်ပါသည်။ အခန့်မသင့်လျှင် အသက်ပင်ဆုံးရှုံးနိုင်ပါသည်။
-
ဓါတုဆေးဝါးများကိုင်တွယ်သည့်အခါတိုင်း
လုပ်ငန်းသုံးမျက်မှန် (Safety Goggle)၊ (လိုအပ်ပါက မျက်နှာအကာ - Face Shield) ၊ ရာဘာလက်အိတ်၊
လိုအပ်ပါက နှာခေါင်းအကာ (Respirator)၊ လိုအပ်ပါက ဓါတုဗေဒ ဆေးရည်များဒါဏ်ကိုခံနိုင်သည့်
အ၀တ်အစား(Chemical Protective Clothing) စသည်တို့ ၀တ်ဆင်ရပါမည်။
-
ဓါတုဗေဒဆေးဝါးများနှင့်အလုပ်လုပ်သည့်အခါ
လေကောင်းလေသန့်ရသောနေရာ သို့မဟုတ် အလုံပိတ် မဟုတ်သော နေရာများတွင် လုပ်ပါ။ လေတိုက်သောနေရာ
မဟုတ်လျှင် ပန်ကာဖြင့် လေမှုတ်ထားပေးရမည်။ သို့မှသာ ဓါတုဗေဒ အဆိပ်ဓါတ်ငွေ့များကို ဖယ်ထုတ်နိုင်မည်။
-
ဓါတုဗေဒပစ္စည်းများဖြင့်
အလုပ်လုပ်ပြီးတိုင်း မိမိလက်များကို ဆပ်ပြာဖြင့် သေချာစွာ ဆေးကြောရပါမည်။ အလုပ်ပြီးသွားသည့်အခါတွင်လည်း
ခန္ဓာကိုယ်ကို ရေများများနှင့် ချိုးရပါမည်။ ဆေးကိုင်ထားသောလက်ဖြင့် ပါးစပ်၊ နှာခေါင်း၊
မျက်လုံး စသည်တို့ကို မထိမိစေရန် ဂရုစိုက်ပါ။ ထိုဆေးများသည် ချက်ခြင်း အစွမ်းမပြသေးသော်လည်း
နှစ်ကြာလာသည့် အခါ ကင်ဆာကဲ့သို့သော ရောဂါများကို ဖြစ်စေတတ်သည်။
-
မည်သည့် ဓါတုပစ္စည်းမှန်းမသိပါက
ရမ်းမလုပ်ပါနှင့်။ နားလည်တတ်ကျွမ်းသူကို မေးပါ။
-
ဓါတုဗေဒပစ္စည်းများ
ထားသိုရာနေရာများတွင် မည်သည့်အခါမျှ ဆေးလိပ် သောက်ခြင်း၊ အစာနှင့် ရေစသည်တို့ စားသောက်ခြင်း
မပြုရ။
-
ဓါတုဆေးများ သိုလှောင်ထားရာ
အနီးသို့ မည်သည့်အစားအသောက်မှ ယူဆောင်မသွားပါနှင့်။
-
မိမိကိုင်တွယ် အသုံးပြုရမည့်
ဓါတုပစ္စည်းများအား မည်သို့ကိုင်တွယ်ရမည်၊ မည်သည့်အန္တရာယ်များရှိသည်၊ မည်သို့သုံးရမည်
စသည်တို့ကို ကောင်းကောင်း သိနေရမည်။
-
ဓါတုဗေဒ ပစ္စည်းများနှင့်
အလုပ်မလုပ်မီ သေသေချာချာ ပြင်ဆင်ပါ။
-
ဓါတုပစ္စည်းများကို
အတတ်နိုင်ဆုံး မဖိတ်မစဉ်အောင် ဂရုစိုက်ပါ။ ဖိတ်စဉ်သွားလျှင် ချက်ခြင်းသန့်ရှင်းရေးလုပ်ပါ။
ဓါတုဆေးဝါးအမှိုက်များကို သီးသန့်အမှိုက်ပစ်ရမည့် နေရာများတွင်သာ ပစ်ရပါမည်။ အခြားအမှိုက်များနှင့်
ရောနှောပြီး မပစ်ရ။
-
မီးလောင်ခဲ့လျှင်
မည်ကဲ့သို့ မီးသတ်ရမည်ကို သိထားရပါမည်။
-
ဓါတုဗေဒ ပစ္စည်းများနှင့်
အလုပ်လုပ်ပြီးတိုင်း ထိုအ၀တ်ကို ပြန် မ၀တ်ပါနှင့်။ ရေနှင့် ကောင်းစွာ လျှော်ဖွပ်ပြီးမှ
ဝတ်ပါ။
-
လက်သည်းများကို အမြဲညှပ်ပါ။
လက်သည်းရှည်လျှင် လက်သည်းများအကြား၌ ဓါတုဆေးများကြွင်းကျန်နေတတ်သည်။
-
မည်သည့်အခါမျှ အ၀တ်မ၀တ်ဘဲ၊
ဘွတ်ဖိနပ် မစီးဘဲ ဓါတုဆေးများကို မကိုင်ပါနှင့်။
-
ဓါတုဆေးများကိုင်တွယ်နေစဉ်
အိမ်သာသွားလိုပါက လက်ကို သေသေချာချာ ဆေးပြီးမှသွားပါ။
-
ဓါတုဆေးများ ကိုယ်ပေါ်သို့စဉ်လျှင်
ရေများများဖြင့် ဆေးကြောပါ။
-
ဓါတုဆေးများ မျက်လုံးအတွင်းသို့ဝင်လျှင်
ရေများများဖြင့် အနည်းဆုံး ၁၅ မိနစ်ကြာသည်ထိ ဆေးကြောပါ။ မျက်လုံးကို လုံးဝ မပွတ်ပါနှင့်။
-
မတော်တဆ ဓါတုဆေးများ
ပါးစပ်အတွင်း ၀င်ရောက်သွားပါက အန်ထုတ်ရန် မကြိုးစားပါနှင့်။ ရေများများသောက်ပါ။ နောက်
ဆရာဝန်ထံ အမြန်ဆုံးပြပါ။
-
ဓါတုဆေးများ အ၀တ်သို့
စဉ်လျှင် ချက်ခြင်း ချွတ်လဲပါ။ ဆက်မ၀တ်ပါနှင့်။ ဖြစ်နိုင်လျှင် ချက်ခြင်းလျှော်ပါ။
No comments:
Post a Comment