ပိုးသတ်ဆေးကို ကိုင်တွယ်ရာတွင်လည်းကောင်း၊ ဆေးဖြန်းရာတွင်လည်းကောင်း
အထူးသတိပြုကိုင်တွယ်ပါ။ ပိုးသတ်ဆေးသည် အချိန်တိုအတွင်းသေစေနိုင်သည်ဆိုသောအချက်ကို အမြဲခေါင်းထဲထည့်ထားပါ။
၂။ ပိုးသတ်ဆေးကို လိုသလောက်သာစပ်ပါ။
၃။ အလုံပိတ်အခန်းအတွင်း ပိုးသတ်ဆေးထည့်ခြင်း၊ လှယ်ခြင်းများမလုပ်ပါနှင့်။ အိမ်အပြင်တွင်လုပ်ပါ။
၎။ ရာဘာလက်အိတ်၊ အသက်ရှူကိရိယာတို့ကို မ၀တ်ဆင်မီ ပေါက်ပြဲနေသလား၊ ကောင်းကောင်းအလုပ်လုပ်သလား
စစ်ဆေးပါ။
၅။ ပိုးသတ်ဆေးဖြန်းပြီးလျှင် အ၀တ်အစားများ၊ ဦးထုပ်၊ ခမောက်၊ လက်အိတ်၊ ဘွတ်ဖိနပ်၊
မျက်မှန် အားလုံးကို
သေချာစွာ ဆေးကြောပါ။
၆။ လေထန်နေစဉ်၊ မိုးရွာနေစဉ်ဆေးမဖြန်းပါနှင့်။
၇။ ဆေးဖြန်းသည့်အခါ နော်ဇယ်ကို မည်သည့်အခါမှ မိမိရှိရာဘက်သို့ မလှည့်ပါစေနှင့်။
မိမိနှင့်ဝေးရာသို့သာ
အမြဲဦးတည် ထားပါ။
၈။ လေညာမှသာ ဆေးဖြန်းပါ။ မည်သည့်အခါမှ လေအောက်မှနေ၍ ဆေးမဖြန်းပါနှင့်။
၉။ ဆေးဖြန်းနေတုံး ဆေးလိပ်သောက်ခြင်း၊ ရေသောက်ခြင်း။ အစာစားခြင်း လုံးဝမလုပ်ပါနှင့်။
ဆေးလိပ်သောက်လို၊
ရေသောက်လို၊ အစာစားလိုသည့်အခါ ဆေးဖြန်းခြင်းကို
ရပ်ပါ။ ခြေလက်မျက်နှာအားလုံးကို ဆပ်ပြာ၊ ရေတို့နှင့်
စင်ကြယ်စွာဆေးကြောပြီးမှ စားသောက်ပါ။
အများအားဖြင့်
ပိုးသတ်ဆေးကြောင့် နေထိုင်မကောင်းဖြစ်လျှင် ဖြစ်တတ်သော ရောဂါလက္ခဏာများမှာ အိပ်ချင်ခြင်း၊
ခေါင်းကိုက်ခြင်း၊ ခေါင်းမူးခြင်း၊ ချွေးအလွန်အကျွံထွက်ခြင်း။ အမြင်ေ၀၀ါးခြင်း၊ ဗိုက်နာခြင်း၊
အော့အန်ခြင်း၊ ကြွက်သားများ နာကြင်ခြင်း။ ကြွက်တက်ခြင်း
စသည်တို့ဖြစ်ပါသည်။
ဤလက္ခဏာများကို
ဆေးဖြန်းပြီးနောက် ညပိုင်း သို့မဟုတ် နောက်တစ်ရက်တွင် ခံစားရတတ်ပါသည်။
ပိုးသတ်ဆေးနှင့် အလွန်အကျွံထိတွေ့မိပြီဆိုလျှင် ဖြစ်တတ်သော ရောဂါလက္ခဏာများမှာ အသက်ရှူရခက်ခဲလာခြင်း၊ နှာခေါင်း၊ ပါးစပ်တို့မှ သွားရည်များ မထိန်းနိုင်မသိမ်းနိုင်ကျလာခြင်း။ သူငယ်အိမ်ကျဉ်းမြောင်းသွားခြင်း၊ သတိလစ် မေ့မြောခြင်း စသည်တို့ဖြစ်ပါသည်။ ဤလက္ခဏာများတွေ့ရပါက အလွန်အန္တရာယ်ရှိသော အခြေအနေဖြစ်ပါသည်။ အသက်ပင်ဆုံးရှူံး စေနိုင်သဖြင့် အချိန်မဆိုင်းဘဲ ဆေးရုံသို့ အမြန်ဆုံးပို့ရပါမည်။
၈၊ ၅။ ရှေးဦးသူနာပြုစုနည်း
၁။ လူနာကို ဆေးဖြန်းသည့်နေရာမှ ဝေးရာသို့ အမြန်ဆုံးသယ်သွားပါ။
၂။ ဆေးဖြန်းနေစဉ် ၀တ်ထားသည့်အတ်အစားများကို အမြန်ဆုံး လဲပေးပါ။
၃။ ခြေလက်မျက်နှာများကို ရေဖြင့် ဆေးကြောပေးပါ။
၎။ လူနာထနိုင်လျှင် ခေါင်းမှဖြိုပြီး ဆပ်ပြာတိုက်၊ ရေများများချိုးပါ။
ခေါင်းလျှော်ပါ။
၅။ အကယ်၍ ပါးစပ်ထဲဝင်လျှင် လူနာကို သောက်နိုင်သမျှ ရေများများတိုက်ပါ။
ရေသည်ပိုးသတ်ဆေး၏ ပြင်းအားကို
လျော့စေသည်။
၆။ ပိုးသတ်ဆေးအငွေ့ကို ရှုမိလျှင်လည်း မူးမေ့တတ်သည်။ ထိုအခါ
လူနာကို လေကောင်းလေသန့်ရသည့်နေရာသို့ အမြန်ဆုံး
သယ်ထုတ်ပါ။ လူနာကိုသွားဆွဲသည့်အခါ
သင်လည်း ပိုးသတ်ဆေးငွေ့မရှုမိစေရန် အတတ်နိုင်ဆုံးသတိထားပါ။ ရနိုင်လျှင်
အသက်ရှူအထောက်အကူပြုကိရိယာဝတ်ပြီးမှ
သွားပါ။
၇။ မျက်လုံးထဲဝင်လျှင် မျက်လုံးကိုဖြဲ၍ ရေများများဖြင့် အနည်းဆုံးး
၁၅ မိနစ်ခန့် ဆေးကြောပေးပါ။
၈။ လူနာကို ဆေးရုံသို့ပို့ရန် အမြန်ဆုံးစီစဉ်ပါ။
၈၊ ၆။ ပိုးသတ်ဆေးကြွင်း အန္တရာယ်
ပိုးသတ်ဆေးသည်
ဖြန်းပြီးသည်နှင့် ချက်ချင်းဓါတ်ပြယ်မသွားပါ။ ၎င်းနှင့်ထိတွေ့သော သစ်သီးသစ်ရွက်၊ သစ်ပင်ပန်း
မာလ်များ၊ အ၀တ်အစားများပေါ်တွင် ကျန်နေရစ်သည်။ ထို့ကြောင့်
သစ်သီးဝလံများကို ဆေးဖြန်းပြီးလျှင် ချက်ခြင်းစားသုံးရန် မသင့်ပါ။ အထူးသဖြင့် ဈေးသို့တင်ပို့ရောင်းချမည့်
သစ်သီးဝလံများကို ဈေးသို့ပို့ခါနီးမှ ဆေးဖြန်းခြင်းမျိုး လုံးဝမလုပ်ပါနှင့်။ ၀ယ်သူများသည်
ဈေးမှဝယ်လာသော သစ်သီးဝလံများကို လတ်လတ်ဆတ်ဆတ် ချက်ပြုတ်၊ စားသောက်ကြမည်ဖြစ်ရာ မိမိ
ဖြန်းလိုက်သော ဆေးကြောင့် မိမိအသီးအနှံကို ၀ယ်ယူစားသုံးသူတို့ ရောဂါရသွားလျှင် မိမိတာဝန်မကင်းပါ။
အသီးအနှံများပေါ်တွင်
ဆေးကြွင်းမည်မျှကျန်ရစ်သည် ဆိုခြင်းမှာ တရားသေပြောရန် ခက်ပါသည်။ ဆေးအမျိုးအစား၊ ဆေးစပ်သောပမာဏအချိုးအစား၊
ရာသီဥတု စသဖြင့် အချက်များစွာပေါ်မူတည်ပါသည်။ ဥပမာ - ဆေးကို သတ်မှတ်ထား သည့် အချိုးအစားအတိုင်း
မှန်မှန်ကန်ကန်စပ်မည်။ ဆေးဖြန်းပြီးသည့်ညတွင်ပင် မိုးသည်းသည်းမည်းမည်း ရွာသည်ဆိုလျှင်
နောက်နေ့မနက် အသီးအနှံများတွင်ကျန်သော ဆေးပမာဏမှာ နည်းပါမည်။ ပိုးပိုမိုသေစေရန် ရည်ရွယ်ချက်ဖြင့်
ဆေးကို သတ်မှတ်ထားသည်ထက် ပိုစပ်သည်။ ဖြန်းသည့်အကြိမ်လည်း များသွားသည်။ မိုးလည်းမရွာဆိုလျှင်
နောက်နေ့ ဈေးတွင် ချရောင်းသည့် မိမိအသီးအနှံများမှာ ဆေးကြွင်း အမြောက်အများကျန်နေနိုင်ပါသည်။
သို့သော် ဓါတ်ခွဲခန်းတွင် မတိုင်းတာဘဲ မည်မျှ ကြွင်းကျန်သည်ကို သာမန်မျက်စေ့ဖြင့် မပြောနိုင်ပါ။
အကောင်းဆုံးမှာ
ပိုးသတ်ဆေးထုတ်လုပ်လိုက်သော ကုမ္ပဏီက ပေးလိုက်သည့် အညွှန်းအတိုင်း တိတိကျကျ လိုက်နာခြင်းဖြစ်ပါသည်။
စားသုံးသူများသည်လည်း ဈေးမှဝယ်လာသည့် အသီးအနှံများကို ချက်ချင်းမစားဘဲ မနက်ပိုင်း
ဝယ်လာသည့် အသီးအနှံကို ညနေပိုင်း သို့မဟုတ် နောက်နေ့မှ ချက်စားလျှင် ပိုမို အန္တရာယ်ကင်းပါသည်။
သည်အသီးအနှံများ တွင် မည်သည့်ပိုးသတ်ဆေး၊ မည်မျှပါလာမှန်း မည်သူမျှ မသိနိုင်ပါ။ ဤပိုးသတ်ဆေး
အကြွင်းအကျန်များ လူ့ခန္ဓာကိုယ်တွင်း ၀င်ရောက်သွားလျှင် ချက်ချင်းပင် မသေနိုင်သော်လည်း
ရောဂါပေါင်းစုံရနိုင်ပါသည်။
ယခုအခါ စိုက်ပျိုးရေးလုပ်ငန်းများတွင်
စက်များကို တွင်ကျယ်စွာ အသုံးပြုလာကြပြီဖြစ်ရာ စက်များကို သုံးခြင်းဖြင့် ဖြစ်စေနိုင်သော
အန္တရာယ်များအကြောင်းကိုလည်း သိထားရန် လိုပါသည်။ အောက်ပါတို့မှာ စက်မှုအန္တရာယ်ကာကွယ်ရေး
အတွက် လမ်းညွှန်ချက်များဖြစ်ပါသည်။
-
စက်ဝယ်သည့်အခါ ထိုစက်ကို
မည်သို့မည်ပုံအသုံးပြုရမည်ဆိုသည့် စက်ပိုင်ရှင်လက်စွဲ (Owner’s Manual) တပါတည်း ပါလာရပါမည်။
မပါလာလျှင် စက်ဝယ်သည့်ဆိုင်တွင်တောင်းပါ။
-
စက်မောင်းတော့မည်ဆိုလျှင်
သင်သည် တကယ်စက်ကို မောင်းတတ်တာ သေချာပါသလား။ စက်မောင်းသင်တန်း တက်ထားပါသလား။ မည်သို့မောင်းရမည်ကို
သေသေချာချာ သိပါသလား ဆိုတာ ကိုယ့်ကိုယ်ကို ပြန်ဆန်းစစ်ပါ။
-
စက်ပိုင်ရှင်လက်စွဲစာအုပ်ကို
သေသေချာချာဖတ်ပြီး နားလည်အောင်ကြိုးစားပါ။ နားမလည်လျှင် နားလည် တတ်ကျွမ်းသူများထံ ချဉ်းကပ်မေးမြန်းပါ။
ထိုစာအုပ်ထဲမှ ညွှန်ကြားချက်များအတိုင်း တိတိကျကျလိုက်နာပါ။ သင်သည် သင့်စက်အကြောင်း
ကောင်းစွာနားလည်နေပါစေ။
-
အရေးပေါ်အခြေအနေတွင်
စက်အား မည်ကဲ့သို့ရပ်တန့်ရမည်ကို သေချာစွာ သိနေပါစေ။
-
အတက်အဆင်းများကို
ထွန်စက်ကို ဂီယာကြီး နံပတ် ၁ ဖြင့်သာ တက်ဆင်းရမည်။ မည်သည့်အခါမှ အမြန် မောင်းတက်၊ ဆင်းခြင်းမပြုရ။
-
ထွန်စက်ပေါ်တွင် တစ်ဦးတည်းသာ
မောင်းနှင်စီးနင်းရမည်။ မည်သည့်အခါမှ လူပိုတင်ခြင်း မပြုရ။
-
စက်မောင်းသည့်အခါဖြစ်စေ၊
စက်ပျက်၍ ပြင်ဆင်သည့်အခါဖြစ်စေ သေသေချာချာနားလည်သူကိုသာ မောင်းခိုင်း / ပြင်ခိုင်းပါ။
တတ်ယောင်ကားများကို မောင်းခိုင်းခြင်း၊ ပြင်ခိုင်းခြင်း လုံးဝမလုပ်ပါနှင့်။ အသက် (၁၆)
နှစ်အောက် ကလေးငယ်များကို စက်မမောင်းခိုင်းပါနှင့်။
-
နောက်တွဲယာဉ်များချိတ်သည့်အခါ
သတ်မှတ်ထားသော နေရာတွင်သာ ချိတ်ဆက်ခြင်းပြုရမည်။
-
ထွန်စက်ပေါ် အတက်အဆင်းပြုသည့်အခါ
လက်ကိုင်၊ ခြေနင်းများကို သေသေချာချာကိုင်တွယ် တက်၊ ဆင်းရမည်။
-
ထွန်စက်ကို ချိန်ညှိခြင်းပြုသည့်အခါ
မိမိချိန်ညှိသည့်အစိတ်အပိုင်းအကြောင်း ကောင်းစွာနားလည် တတ်ကျွမ်းရမည်။ နားမလည်ဘဲ ချိန်ညှိခြင်းမပြုရ။
-
မောင်းသူထိုင်ခုံနေရာမှသာ
ထွန်စက်ကို စက်နှိုးပါ။ ထွန်စက်ကို စက်နှိုးသည့်အခါ ဂီယာအားလုံး၊ ပီတီအိုဂီယာစသည် တို့ကို
အလွတ် (neutral – N) နေရာတွင်ရှိနေမှန်း သေချာပါစေ။
-
စက်ကို ပြင်သည့်အခါ၊
ဆီဖြည့်သည့်အခါ၊ သန့်ရှင်းရေးလုပ်သည့်အခါ၊ ပေါင်းမြက်များကို ရှင်းလင်းလိုသည့်အခါ စက်ကို
သေချာစွာ ရပ်ထားပါ။ စက်မောင်းနေစဉ် မည်သည့်အခါမှ မလုပ်ပါလေနှင့်။
-
စက်ကို သတ်မှတ်ထားသည့်
အချိန်ကာလအတိုင်း (ရေဆေး၊ ဆီထိုးစသည့်) ပုံမှန်ကြံ့ခိုင်ရေး (maintenance) လုပ်ပါ။
မည်သည့်အချိန်တွင် မည်ကဲ့သို့လုပ်ရမည်ကိုလည်း သေချာစွာသိနေပါစေ။
-
လည်ပတ်နေသော စက်အစိတ်အပိုင်းအားလုံးအား
အဖုံး၊ အကာများတပ်ဆင်ထားပါ။ မည်သည့် အခါတွင်မှ စက်အဖုံးများကို ဖြုတ်မထားပါနှင့်။ ထိုအဖုံးများမှာ
စက်၏ လည်ပတ်။ လှုပ်ရှားနေသော အစိတ်အပိုင်းနှင့် လူ့ကိုယ်ခန္ဓာအစိတ်အပိုင်းတို့ မထိနိုင်စေရန်
ကာကွယ်ပေးထားခြင်းဖြစ်သည်။
-
ကလေးငယ်များ စက်နှင့်ဆော့ကစားခြင်းကို
တင်းတင်းကြပ်ကြပ်တားမြစ်ပါ။ လုံးဝခွင့်မပြုပါနှင့်။
-
စက်မောင်းသည့်အခါတိုင်း
လက်ဝတ်လက်စားများ (ဆွဲကြိုး၊ ဟန်းချိန်း စသည်) တို့ကို ၀တ်ဆင်မထားပါနှင့်။ စက်ညပ်နိုင်သည့်အန္တရာယ်
ရှိပါသည်။
-
စက်မောင်းသည့်အခါ
အင်္ကျီအ၀တ်အစားများကို တွဲလောင်းကျမနေစေရန်၊ ဘိုသီဘတ်သီဖြစ်မနေစေရန် ဂရုစိုက်ပါ။ ဘိုသီဘတ်သီဖြစ်နေသော
အ၀တ်အစားများမှာ စက်ညပ်နိုင်သည့်အန္တရာယ် ရှိပါသည်။
-
ဆံပင်ရှည်သူများ ဆံပင်ကို
ဆံထုံးထုံးထား၊ သေသေချာချာစည်းထားရပါမည်။ ဆံပင်များလေထဲလွင့်နေလျှင် စက်ညပ်နိုင်သည့်အန္တရာယ်
ရှိပါသည်။
-
သတ်မှတ်ထားသည့် အကာအကွယ်
အ၀တ်အစားများ ၀တ်ဆင်ပါ။
-
ထွန်စက်ကို ရပ်ထားသည့်အခါတိုင်း
ပါကင်ဘရိတ်ဆွဲထားပါ။ မည်သည့်အခါမှ ဆင်ခြေလျှောများတွင် မရပ်ပါနှင့်။
-
စက်သုံးသည့်အခါတိုင်း
မသုံးမီ ဆီ၊ ရေ၊ လေ၊ ၀ိုင် (Fuel, Coolant, Tyre Pressure, Engine Oil) စစ်ပါ။
-
နောက်ဆုတ်သည့်အခါ၊
ကန်သင်းရိုးများကျော်သည့်အခါများတွင် အထူးသတိထားပါ။
-
လယ်ယာသုံးစက်ကိရိယာများကို
အများပြည်သူသုံးလမ်းများတွင် မောင်းနှင်သည့်အခါ မည်သည့်အခါမှ အမြန်နှုံးကို မြှင့်ပြီး
မမောင်းပါနှင့်။ လယ်ထွန်သည့်စက်ကိရိယာသည် လမ်းပေါ်တွင် အမြန်မောင်းရန် ဒီဇိုင်းလုပ်ထားခြင်းမဟုတ်
သည့်အတွက် အမြန်မောင်းသည့်အခါ အလွန် အန္တရာယ်များပါသည်။
-
ထွန်စက်ကို မည်သည့်အခါမှ
တစ်ဆစ်ချိုးမကွေ့ပါနှင့်။ မှောက်တတ်သည်။ ထွန်စက်သည် ကားကဲ့သို့မဟုတ်။ ကိုယ်ထည်မြင့်သည်။
ထို့အတွက် မြေဆွဲဗဟိုလည်း မြင့်သည်။ တည်ငြိမ်မှုနည်းသည်။ မှောက်လွယ်သည်။
-
ညအခါ မောင်းရမည်ဆိုလျှင်
မီးများကောင်းပါစေ။ မီးမရှိပဲ မမောင်းပါနှင့်။
-
ကျွဲနွားအသစ်ဝယ်လာပြီဆိုလျှင်
သခင်နှင့်ယဉ်ပါးအောင် ဦးစွာပြုပါ။ ချက်ချင်းမခိုင်းပါနှင့်။
-
သူတို့အနားသို့ချဉ်းကပ်သည့်အခါ
အသံပေးပြီးမှ ချဉ်းကပ်ပါ။ သူတို့မသိဘဲ ရုတ်တရက် အနားကပ်လျှင် လန့်ပြီး ကန်ကျောက်မိတတ်သည်။
-
ချဉ်းကပ်သည့်အခါ နောက်ပိုင်းမှ
ချဉ်းကပ်သည်ထက် ရှေ့မှချဉ်းကပ်ခြင်းက ပိုအန္တရာယ်ကင်းပါသည်။
-
မိမိကျွဲနွားများ၏
အမူအကျင့်ကို ကောင်းစွာ သိနားလည်ပါစေ။ ဆိုးသောကျွဲနွားများကို အမြဲ သတိဖြင့် ကိုင်တွယ်ပါ။
-
ကျွဲနွား၊ သိုးဆိတ်
စသည်အများအပြားမွေးမြူထားသည့် ခြံများတွင် လုံခြုံရေးတံခါးပေါက်ကို အမြဲသတိထားပါ။ အရေးပေါ်အခြေအနေတွင်
ခြံအတွင်းမှ အမြန်ဆုံးထွက်နိုင်ရန် သတိပြုပါ။
-
အချို့တိရစ္ဆာန်များသည်
သားပေါက်သောအခါ သားဇောဖြင့် အခြားသူများကို ရန်လိုတတ်သည်။ ထို့ကြောင့် သားသည်မအေ တိရစ္ဆာန်များအနီး
ချဉ်းကပ်လျှင် အထူးသတိထားပါ။
-
ဖြစ်နိုင်လျှင် ကျွဲနွားများကို
အချိန်မှန် ကာကွယ်ဆေးထိုးပါ။
-
တိရစ္ဆာန်အသေများကိုစားခြင်းသည်
အလွယ်တကူ ရောဂါကူးစက်နိုင်သဖြင့် ရောဂါဖြစ်ပြီး သေဆုံးသော တိရစ္ဆာန် များကို ချက်ခြင်းမြေမြှုပ်ပစ်ပါ။
ရောင်းဝယ်ခြင်း၊ စားသောက်ခြင်း လုံးဝမပြုပါနှင့်။
စိုက်ပျိုးရေးလုပ်ငန်းတွင်
ပစ္စည်းများကို မ,ခြင်း။ တစ်နေရာမှ တစ်နေရာသို့သယ်ခြင်းများ မလွဲမသွေ ပြုလုပ်ရပေ လိမ့်မည်။
ထိုသို့မ,ရာတွင် မ,ပုံ မ,နည်း မသိပါက ခါးနာခြင်း အန္တရာယ်ရှိပါသည်။ ခါးနာခြင်းသည် တစ်သက်လုံး
ဒုက္ခပေး တတ်သည်။ ထို့ကြောင့် ပစ္စည်းများကို မ,ရာတွင် စနစ်တကျ မတတ်ရန် အရေးကြီးပါသည်။
ပစ္စည်းများကို မ,တော့မည်ဆိုလျှင်
မ,မ မီ သင့်ကိုယ်သင် ဦးစွာမေးပါ။
Ø ဒီပစ္စည်းကို ငါမ,နိုင်ပါ့မလား။
Ø ဘယ်လောက်လေးသလဲ။
Ø ဘယ်လောက်ဝေးဝေးထိ သယ်သွားရမလဲ။
Ø နောက်အကူအညီတစ်ယောက်ယောက် ခေါ်ဘို့လိုမလား။
သင် မ,ကို မ,ရတော့မည် ဆိုပါက အောက်ပါနည်းလမ်းအတိုင်း မ,ပါ။
၁) ပစ္စည်းနှင့် အနီးဆုံးတွင် ကပ်ထိုင်လိုက်ပါ။ ပစ္စည်းကို ကိုယ်နှင့် အနီးဆုံးတွင်ရှိပါစေ။
၂) မ,ရာတွင် ခါးကို အတတ်နိုင်ဆုံး မတ်မတ်ထားပါ။
၃) မ,သည့်အားကို ခြေထောက်များပေါ်တွင်သာ ရှိပါစေ။ ခါးပေါ်မသက်ရောက်ပါစေနှင့်။
၎) ပစ္စည်းကို မ,ပြီး ထသည့်အခါ ကုန်းမထပါနှင့်။ ခြေထောက်များ၏အားဖြင့် တည့်တည့်မတ်မတ်
ထ,ပါ။
၅) လှည့်ရန်လိုသည့်အခါ ခါးဖြင့် မလှည့်ပါနှင့်။ ခြေထောက်များသုံးပြီး တစ်ကိုယ်လုံးလှည့်ပါ။
၆) ပစ္စည်းကိုချသည့်အခါတွင်လည်း ခါးကိုကုန်းပြီး မချပါနှင့်။ ခြေထောက်ပေါ်တွင်တည့်တည့်ထိုင်ချပါ။
၇) ခါးကို တတ်နိုင်သမျှ
မတ်မတ်ထားပြီး ချပါ။
No comments:
Post a Comment