မိုးကြိုးပစ်သဖြင့် မြန်မာနိုင်ငံတွင်
လူနှင့် ကျွဲနွားများ နှစ်စဉ်သေဆုံးနေရသည်။ ထို့ကြောင့် မိုးကြိုးအန္တရာယ်မှ မည်ကဲ့သို့
ရှောင်ရှားရမည်ကို ထည့်သွင်းဖော်ပြလိုက်ပါသည်။
၁။ မိုးရွာမှသာမဟုတ်။ မိုးမရွာဘဲ တိမ်ထူထပ်နေလျှင်လည်း မိုးကြိုးပစ်နိုင်သည်ကို
သတိထားပါ။
၂။ မိုးကြိုးပစ်မည့် အလားအလာရှိလျှင် ရေအိုင်၊ ချောင်း၊ မြောင်းများကို ရှောင်ကြဉ်ပါ။
၃။ တောင်ကုန်း၊ ထီးထီးဖြစ်နေသည့်သစ်ပင်၊ ထန်းပင်၊ အုန်းပင် စသည့် မြင့်သောနေရာများကို
ရှောင်ကြဉ်ပါ။
၎။ မည်သည့်အဆောက်အအုံ၊ သစ်ပင်မှမရှိသော ဟင်းလင်းပြင်ကို ရှောင်ကြဉ်ပါ။ ဟင်းလင်းပြင်၌
သင်သည်
အမြင့်ဆုံးနေရာဖြစ်သဖြင့် မိုးကြိုးပစ်နိုင်ချေ
ပိုများသည်။ ထို့ပြင် ကွင်းပြင်၌ ၀မ်းလျားမှောက်နေခြင်း မပြုပါနှင့်။
၅။ မိုးကြိုးများပစ်နေစဉ် ဆံပင်များထောင်ထလာပြီဆိုလျှင် အထူးသတိပြုပါ။ ခြေနှစ်ဖက်ကို
စုကာ
ဆောင့်ကြောင့်ထိုင်ချပါ။ နားများကို
လက်နှစ်ဖက်ဖြင့် အုပ်ထားပါ။ သို့မဟုတ် လက်ဖြင့် ဒူးများကို ပိုက်ထားပြီး
ဦးခေါင်းကို ဒူးပေါ်မှောက်တင်ထားပါ။
၆။ လယ်ထွန်နေစဉ် ဖြစ်ပါက ချက်ခြင်း ထွန်ကိုဖြုတ်ပြီး ကုန်းပေါ်တက်ပါ။ သင်အပါအ၀င်
ကျွဲနွားများကို
ရေနှင့်ဝေးရာသို့ မောင်းသွားပါ။
၇။ မြစ်လယ်၌ လှေငယ်ပေါ်ရောက်နေစဉ် မိုးရွာ၊ မိုးကြိုးပစ်လာပါက လှေအလယ်၌ ဒူးတုပ်ထိုင်ပါ။
ဒူးကိုလက်နှင့်ပိုက်ပြီး ခေါင်းကို
ဒူးပေါ်ငုံ့တင်ထားပါ။
၈။ မိုးကြိုးများပစ်နေစဉ် တစ်ဦးနှင့်တစ်ဦး လက်ချင်းတွဲမထားပါနှင့်။ ပူးကပ်မနေပါနှင့်။
တစ်ဦးနှင့်တစ်ဦး အနည်းဆုံး
၁၅ ပေ၊ ပေ ၂၀ ခန့်အကွာတွင် နေပါ။
၉။ သစ်တောအတွင်းရောက်နေစဉ် မိုးရွာ မိုးကြိုးပစ်ပါက အနိမ့်ဆုံးသစ်ပင်အောက်သို့
ခိုဝင်ပါ။
၁၀။ မြောင်းများ၊ ချိုင့်များရှိလျှင် ထိုအနိမ့်ပိုင်းနေရာများသို့ ဆင်းနေပါ။
၁၁။ ရွှေငွေလက်ဝတ်လက်စားများ ၀တ်ဆင်ခြင်း၊ သော့တွဲများချိတ်ဆွဲထားခြင်း မပြုပါနှင့်။
၁၂။ သတ္တုပစ္စည်းများ (ဥပမာ - မီးကြိုး၊ သံဆူးကြိုး၊ မော်တာ၊ ပေါက်ချွန်းပေါက်ပြား၊
လျှပ်စက်လက်နက်ကိရိယာ)
စသည်တို့မှ ဝေးဝေးနေပါ။
၁၃။ မိုးရွာလာပြီ မိုးကြိုးများပစ်လာပြီဆိုလျှင် အဆောက်အအုံ၊ သစ်ပင်စသည်တို့ဆီ
ရှာပြီးသွားပါ။
၁၄။ မိုးကြိုးမုန်တိုင်းများကျနေစဉ် ရေမချိုးပါနှင့်။ ပြူတင်းပေါက်များမှ ဝေးဝေးနေပါ။
ရေဒီယို၊ တီဗီ၊ ကွန်ပြူတာ
စသည်တို့ကို ပိတ်ထားပါ။ ပလပ်ချွတ်ထားပါ။
အရေးပေါ်ကိစ္စမှလွဲ၍ ဖုံးပြောခြင်းကို ရှောင်ကြဉ်ပါ။ မိုးကြိုးသည်
မီးကြိုး၊ ဖုန်းကြိုးများမှ တဆင့်
ဝင်ရောက်လာတတ်သည်။
v မိုးကြိုးသည် မည်သည့်အခါမှ တစ်နေရာထဲကို နှစ်ကြိမ်ထပ်မပစ်ဟု
မထင်ပါနှင့်။
v မိုးကြိုးမှ လျှပ်စစ်သည် ဗို့အားသန်းပေါင်းများစွာရှိသဖြင့်
သာမန် ရာဘာပြား၊ ပလစ်စတစ်စများနှင့် ကာကွယ်၍ မရပါ။ မိုးကြိုးလျှပ်စစ်သည် ၁၀ ပေမှ ပေ
၂၀ ထိခုန်ကူးနိုင်သည်။
v မြင့်မားသော အဆောက်အဦးများတွင် မိုးကြိုးလွှဲများ တပ်ဆင်ထားပါ။
v အီကွေတာနှင့်နီးသောဒေသများ၊ မြင့်မားသောတောင်တန်းများတွင်
မိုးကြိုးပိုအပစ်များသည်။
v တစ်ကမ္ဘာလုံးတွင် စက္ကန့်တိုင်း စက္ကန့်တိုင်း၌ မိုးကြိုးအကြိမ်တစ်ရာပစ်နေပြီး
မိုးကြိုးမုန်တိုင်းများ အကြိမ် ၂၀၀၀ ခန့် ဖြစ်ပေါ် နေသည်။
v မိုးခြိမ်းခြင်းနှင့် မိုးကြိုးပစ်ခြင်းသည် အလွန်နီးကပ်စွာ
ဆက်နွယ်နေ၏။
v ယခုအခါ မိုးကြိုးပစ်နိုင်ချေကို တိုင်းတာသော အီလက်ထရောနစ်ကိရိယာများ
ပေါ်နေပါပြီ။
မိုးကြိုးပစ်ခံရလျှင်
ရသောဒဏ်ရာများမှာ မီးလောင်ဒဏ်ရာ၊ စုတ်ပြဲဒဏ်ရာနှင့် အရိုးကျိုးခြင်းတို့ ဖြစ်နိုင်ပါသည်။
မိုးကြိုးပစ်ခံရသောလူနာတွင် လျှပ်စစ်ဓါတ် အကြွင်းအကျန်မရှိသဖြင့် ဓါတ်လိုက်မှာမပူရပါ။
မိုးကြိုးပစ်ခံရသည့် လူနာများတွင် သတိမေ့နေသော လူနာကို ဦးစွာပြုစုပါ။ ဆိုးဆိုးရွားရွားအခြေအနေတွင်
အသက်ဆုံးရှုံးနိုင်ပါသည်။
အကယ်၍
မီးလောင်ဒဏ်ရာများတွေ့ရပါက မည်သည့်ဆေးမှ မထည့်ပါနှင့်။ မည်သည့်အ၀တ်စနှင့်မှလည်း မအုပ်ပါနှင့်။
ဒဏ်ရာကို သန့်ရှင်းစွာထားပါ။ အသားနှင့်အင်္ကျီကပ်နေလျှင်လည်း ခွာထုတ်ဖို့ မကြိုးစားပါနှင့်။
လူနာအား
သွေးတိုးစမ်းပါ။ အသက်ရှူမရှူ စမ်းကြည့်ပါ။ အကယ်၍အသက်ရှူရပ်နေပါက သင်သည် CPR
(Cardio-Pulmonary Resuscitation) လုပ်နည်းတတ်လျှင် CPR လုပ်ပေးပါ။ ထို့နောက် ဆေးရုံသို့
အမြန်ဆုံးပို့ပါ။
စီပီအာ
(CPR) ဆိုသည်မှာ ခေတ္တအသက်ရှူရပ်သွားသူကို အသက်ပြန်ရှူလာစေရန် လုပ်ပေးသောနည်း ဖြစ်သည်။
မိုးကြိုးပစ်ခြင်းကြောင့်သော်လည်းကောင်း၊ ဦးခေါင်းကို တစ်ခုခုဖြင့်ထိမှန်သောကြောင့်
လည်းကောင်း၊ ရေနစ်လျှင်သော် လည်းကောင်း၊ ပန်းနာ ရင်ကြပ်ကြောင့်သော်လည်းကောင်း၊ နှလုံးရောဂါကြောင့်သော်လည်းကောင်း၊
အန်ဖတ်ဆို့လျှင်သော် လည်းကောင်း၊ မူးယစ်ဆေး အလွန်အကျွံသုံး ခြင်းကြောင့်သော်လည်းကောင်း
ဖြစ်တတ်ပါသည်။ ဆီးချိုရှိသူများ ဆီးချိုကျလျှင် (သွေးထဲ၌သကြားပါဝင်မှု အလွန်အမင်းကျဆင်းသွားခြင်း)
လည်း သတိမေ့တတ်ပါသည်။
စီပီအာကို မှန်မှန်ကန်ကန်လုပ်တတ်ပါက
အသက်တစ်ချောင်းကို ကယ်တင်နိုင်ပါသည်။ ထို့ကြောင့် မည်ကဲ့သို့ စီပီအာလုပ်ရမည်ကို ထည့်သွင်းဖော်ပြလိုက်ပါသည်။
ပထမဦးစွာ သတိမေ့နေသောလူနာကို
အသာအယာလှုပ်ပြီး ခေါ်ကြည့်ပါ။ မည်သည့်တုံ့ပြန်မှုမှမရလျှင် သတိမေ့ နေတာ သေချာပါသည်။ သတိမေ့နေသော
လူနာသည် မိမိပါးစပ်အတွင်းမှ အံဖတ်၊ ချွဲ စသည်တို့ကို ထွေးမထုတ်နိုင်ပါ။ ထိုအံဖတ်၊ ချွဲများသည်
အသက်ရှူလမ်းကြောင်းကို ပိတ်ဆို့ကာ အသက်ဆုံးရှုံးစေနိုင်ပါသည်။ ထို့ကြောင့် ထိုအံဖတ်၊
ချွဲများကို ရှင်းထုတ်ပေးရန် လိုပါသည်။
စီပီအာလုပ်ရန်အဆင့်ဆင့်မှာ
အောက်ပါအတိုင်းဖြစ်ပါသည်။
နှာခေါင်းနားတွင်
နားနှင့်ကပ်၍နားထောင်ခြင်းဖြင့် အသက်ရှူနေမနေ စမ်းသပ်နိုင်ပါသည်။
၂။ သွေးခုန်နှုန်းစမ်းကြည့်ပါ။
သွေးခုန်နှုန်းကို လူနာ၏လည်ပင်းနံဘေးတွင် စမ်းသပ်နိုင်ပါသည်။
သွေးတိုးနေသည်ကိုစမ်းမိလျှင် အခြေအနေကောင်းပါသည်။ သွေးခုန်နှုန်းကို စမ်းမရပါက စီပီအာလုပ်ရန်
အမြန်ဆုံးပြင်ဆင်ပါ။
၃။ လူနာကို ညီညာသော ကြမ်းပြင်၊ မြေမျက်နှာပြင်ပေါ်တွင် ပက်လက်အနေအထားဖြင့်
ထားပါ။ လူနာ၏ ကျောရိုးသည် တစ်ဖြောင့်တည်းရှိနေပါစေ။ ဦးခေါင်း နှင့် ဇက်အောက်တွင် အ၀တ်စကိုခေါက်ပြီးခုပေးထားပါ။
ဦးခေါင်းကို နောက်သို့ အနည်းငယ်လှန်ထားပါ။ မေးကိုအောက်သို့ဆွဲချပြီး ပါးစပ်ကိုဟပေးပါ။
၎။ လူနာဘေးတွင် ဒူးထောက်ထိုင်ပါ။ တင်းကျပ်နေသော အင်္ကျီအ၀တ်အစားများကို
လျှော့ပေးပါ။ လူနာ၏ လျှာကို ရှေ့သို့ ဆွဲထုတ်ထားပါ။ သို့မဟုတ် ဘေးသို့ကပ်ထားပါ။ လျှာသည်
အသက်ရှူပေါက်ကို ပိတ်မနေစေရန် အထူးသတိထားပါ။ ပါးစပ်သည် အပွင့်အနေအထားတွင် အမြဲရှိနေပါစေ။
၅။ လူနာအား အသက်ရှူမရှူ ထပ်မံစမ်းသပ်ပါ။ အသက်ရှူလာသည်ဆိုလျှင်
တစောင်းအနေအထားတွင် လှည့်ထားပေးပါ။ ဤအနေအထားတွင် လူနာ၏ လက်တစ်ဖက်ကို ခေါင်းပေါ်သို့
ဆန့်ထုတ်ထားပါ။ ကျန်လက်တစ်ဖက်ကို ကွေးပြီး ခေါင်းအောက်တွင် ခုပေးထားပါ။ အောက်ဖက်ခြေထောက်ကို
ဆန့်ထားပြီး အပေါ်ဘက်ခြေထောက်ကို ၄၅ ဒီဂရီ ကွေးပေး ထားပါ။
၆။ အကယ်၍ လူနာသည် သွေးလည်းမခုန်၊ အသက်လည်းမရှူဆိုလျှင် လူနာ၏
နှာခေါင်းကို လက်မလက်ညှိုးတို့ဖြင့် ညှပ်လျှက် ပိတ်ပြီး အသက်ပြင်းပြင်းရှူပါ။ ထို့နောက်
လူနာ၏ပါးစပ်ကို မိမိ၏ပါးစပ်ဖြင့် အုပ်စေလျှက် နှစ်စက္ကန့်ကြာမျှ နှစ်ကြိမ် ဖြည်းညင်း
စွာ လေမှုတ်သွင်းပါ။ လူနာ၏ ရင်ဘတ် ဖောင်းလာမလာစောင့်ကြည့်ပါ။ ပါးစပ်ကို ဟ နေပါစေ။ လျှာကိုလည်း
ဘေးကပ်နေ ပါစေ။ ဤအတိုင်း လူနာ၏ရင်ဘတ် ဖောင်းလာသည်ထိ ဆက်လုပ်ပါ။
၇။ အကယ်၍ လူနာ၏ရင်ဘတ် ဖောင်းလာလျှင် သို့မဟုတ် လူနာကိုယ်တိုင်
သူ့ဘာသာသူ အသက်ရှူလာနိုင်လျှင် လူနာကို သွေးခုန်နှုန်းစမ်းကြည့်ပါ။ ထို့နောက် အဆင့်
(၅) တွင်ပြထားသည့်အတိုင်း ထားပေးပါ။
၈။ အကယ်၍ လူနာအသက်မရှုသေးလျှင် လူနာ၏ ရင်ညွန့်အထက် လက်နှစ်လုံးအကွာ၌
ညာလက်ဖ၀ါးပေါ်၌ ဘယ်လက် ဖ၀ါးထပ်တင်ပြီး ဖိလိုက်ကြွလိုက် အကြိမ် ၃၀ လုပ်ပေးပါ။ ထိုသို့
ဖိရာတွင် သင့်လက်များကို ကွေးမသွားပါစေနှင့်။ တတောင်ဆစ်များကို အဖြောင့်ထားပါ။ ပါးစပ်မှ
၁ ရယ်၊ ၂ ရယ်၊ ၃ ရယ် ၊ ၄ ရယ် ၊ ၅။ ၁ ရယ်၊ ၂ ရယ်၊ ၃ ရယ် ၊ ၄ ရယ် ၊ ၁၀။ ၁ ရယ်၊ ၂ ရယ်၊
၃ ရယ် ၊ ၄ ရယ် ၊ ၁၅။ ၁ ရယ်၊ ၂ ရယ်၊ ၃ ရယ် ၊ ၄ ရယ် ၊ ၂၀။ ၁ ရယ်၊ ၂ ရယ်၊ ၃ ရယ် ၊ ၄ ရယ်
၊ ၂၅။ ၁ ရယ်၊ ၂ ရယ်၊ ၃ ရယ် ၊ ၄ ရယ် ၊ ၃၀။ စသည်ဖြင့် ရေပြီး နှိပ်ပါ။
၉။ ထို့နောက် အဆင့် (၆) အတိုင်း လူနာ၏ ပါးစပ်အတွင်းသို့ နှစ်ကြိမ် လေမှုတ်သွင်းပါ။ ထို့နောက် လူနာ အသက်ရှူလာမလာ ကြည့်ပါ။ အသက်မရှူသေးလျှင် အဆင့် (၆) နှင့် (၈) အတိုင်း ၅ ကြိမ်ခန့် ဆက်တိုက်လုပ်ပေးပါ။
၁၀။ လူနာအသက်ပြန်ရှူလာပြီဆိုလျှင် အဆင့် (၅)တွင် ဖော်ပြထားသည့်အတိုင်း
လူနာကို တစောင်းအိပ် ထားပေးပါ။
၁။ မည်သည့်အခါမှ လူနာကိုပစ်ပြီး ထွက်မသွားပါနှင့်။
၂။ သွေးခုန်နှုံးစမ်းမိလျှင် ရင်ဘတ်ကို မဖိပါနှင့်။
၃။ မည်သည့်အစားအသောက်မှ လူနာကို မပေးပါနှင့်။
၎။ လူနာ၏ဦးခေါင်းကို ငြိမ်သက်စွာထားပါ။
၅။ လူနာသတိပြန်ရလာစေရန်ရည်ရွယ်ပြီး လူနာ၏မျက်နှာကိုရိုက်ခြင်း။
ရေဖြင့်လောင်းခြင်း စသည်တို့ မည်သည့်အခါမှ မလုပ်ပါလေနှင့်။
၆။ လူနာ၏ ဦးခေါင်းအောက်တွင် ခေါင်းအုံးမခုပါနှင့်။ အသက်ရှူလမ်းကြောင်း
ပိတ်သွားတတ်သည်။
စိုက်ပျိုးရေးလုပ်ငန်းသည် စပါးစိုက်ခင်း၊
ကန်သင်းကြိုကန်သင်းကြား၊ မြက်ပင်၊ ခြုံနွယ်များအကြား၊ ရွှံ့ထဲရေထဲ၌ လုပ်ရသည်ဖြစ်ရာ အဆိပ်ရှိသတ္တ၀ါများနှင့်
မကြာခဏကြုံတွေ့ရတတ်ပါသည်။ ထိုအထဲတွင် မြွေ၊ ကင်း၊ ပင့်ကူ၊ ပျား၊ ပိတုန်း စသည့် အကောင်တို့မှာ အဓိကအန္တရာယ်ဖြစ်သည်။
ယခု ထိုအကောင်များကိုက်လျှင်
မည်ကဲ့သို့ရှေးဦးသူနာပြုစုရမည်ကို အသုံးတည့်ရုံ ဖော်ပြလိုက်ပါသည်။
၁) လူနာကို စိတ်အေးအေးထားဘို့ ပြောပါ။ ငါတို့ဆေးရုံကို အချိန်မီပို့ပေးပါ့မယ်။
ဘာမှမဖြစ်နိုင်ပါဘူးကွာ ဟု
အားပေးစကားပြောပါ။
၂) မြွေကိုက်ခံရသည့် ခန္ဓာကိုယ်အစိတ်အပိုင်းကို မလှုပ်ရှားနိုင်အောင် လုပ်ပေးထားပါ။
လှုပ်လှုပ်ရှားရှားလုပ်ခြင်းဖြင့်
သွေးလည်ပတ်မှုပိုမြန်ပြီး ခန္ဓာကိုယ်တွင်း
အဆိပ်ပျံ့နှုန်းပိုမြန်စေသည်။
(Ref: Guidelines for the Clinical Management of Snake
bites in the South East Asia Region, Page 24, 25, 26
By WHO,
New Delhi Press, 2005 version)
၃) ဆွဲကြိုး၊
လက်ကောက်စသည်တို့ဝတ်ထားပါက ချွတ်ထားပေးပါ။ အ၀တ်အစားများ တင်းကျပ်နေပါက
ဖြေလျှော့ပေးပါ။
၎) လူနာကို လှဲထားပါ။ သို့သော် ကိုယ်အထက်ပိုင်းသည် မြွေကိုက်ခံရသောနေရာထက် မြင့်နေပါစေ။
၅) ရေ၊ ဆပ်ပြာတို့ဖြင့် မြွေကိုက်ခံရသောနေရာကို ဆေးကြောပေးပါ။
၆) မြွေကိုက်ခံရသည့်နေရာသို့ ပတ်တီးစည်းပေးထားပါ။ ထိုသို့ပတ်တီးစည်းပေးခြင်းဖြင့်
ထိုနေရာမှ သွေးများ
အခြားနေရာသို့ စီးဆင်းမှုကို နှေးသွားစေသည်။
၇) လူနာကို ငြိမ်ငြိမ်သက်သက်ထားပါ။
၈) ဆေးရုံပို့ရန် အမြန်ဆုံးစီစဉ်ပါ။
၁။ လူနာကိုသာဂရုစိုက်ပါ။ မြွေကိုလိုက်ရှာရိုက်သတ်ခြင်းဖြင့် အချိန်ကုန်မခံပါနှင့်။
ယခုခေတ်ပေါ်ဆေးများမှာ
မည်သည့်မြွေမဆိုထိုး၍ရသော ဆေးများဖြစ်သဖြင့်
မြွေကို ဆေးရုံသို့ယူသွားရန် မလိုပါ။
၂။ ယခင်ကမူ ခြေထောက်အောက်ပိုင်းတွင် မြွေကိုက်ခံရပါက ပေါင်အရင်းကို တင်းတင်းကြပ်ကြပ်စည်းရန်
ယူဆခဲ့ကြ ပါသည်။ ခန္ဓာကိုယ်အထက်ပိုင်းသို့
သွေးမရောက်စေရန် ဖြစ်သည်။ သို့သော် ဤနည်းမှာ
အလွန်လွဲမှားသည့်နည်းဖြစ်၏။ ပေါင်ကို
ပတ်တီးတင်းတင်းစည်းလိုက်ခြင်းဖြင့် နှလုံးမှလွှတ်လိုက်သောသွေးများ
ခြေအောက်ပိုင်းသို့ မရောက်နိုင်တော့ချေ။
ဤအတိုင်းသာ မိနစ် ၄၀ ခန့် သွေးမရောက်လျှင် ခြေအောက်ပိုင်း
ပုပ်သွားတတ်သည်။
၃။ မြွေကိုက်သည့်နေရာသို့ ဓားဖြင့်ခွဲပြီး မြွေဆိပ်စုပ်ထုတ်ခြင်း၊ မီးကင်ခြင်း၊
ပါးစပ်ဖြင့်စုပ်ခြင်း စသည်တို့ ဘာမှ
မလုပ်ပါနှင့်။
၎။ လူနာကို အရက်တိုက်ခြင်း၊ အခြားအရည်များတိုက်ခြင်း မပြုပါနှင့်။
မြွေဟောက်၊
ငန်းတော်ကြားစသောမြွေများအကိုက်ခံရပါက ဒဏ်ရာရသော ခန္ဓာကိုယ်အစိတ်အပိုင်းကို လှုပ်ရှားမှု
နည်းစေရန် သစ်သားပြား သို့မဟုတ် ကတ်ထူစက္ကူအမာပြားတို့၏ အကူအညီဖြင့် ပတ်တီး ခပ်တင်းတင်းစည်းပေးပါ။
သို့သော် အရမ်းမတင်းပါစေနှင့်။ ပတ်တီးအတွင်း လက်ညှိုးထိုးထည့် ကြည့်လိုက်ပါ။ ခပ်တင်းတင်းဖြစ်နေလျှင်
ရပါပြီ။
သို့သော်လည်း မြွေပွေးအကိုက်ခံရလျှင်မူ
ဤကဲ့သို့စည်းခြင်းဖြင့် အခြေအနေကို ပိုဆိုးစေသည်ဟု ဆိုပါသည်။ မြွေပွေးကိုက်ခံရလျှင်
သန့်ရှင်းသော အ၀တ်ပါးစကို အပြား လက်လေးသစ်ခန့်ခေါက်၍ ဒဏ်ရာပေါ်တွင် ခပ်ဖွဖွစည်းပေး ထားပါ။
လူနာကို
ဆေးရုံပို့သည့်အခါ လှည်းဖြင့်မပို့ပါနှင့်။ လူထမ်းစင်မှာ လှည်းထက်ပိုမိုငြိမ်သက်သဖြင့်
ထမ်းစင်ဖြင့်ပို့တာ ပိုကောင်းပါသည်။
v မြွေကိုသတ်ရန် မကြိုးစားပါနှင့်။
v တွင်းများအတွင်း၊ ခြုံပုတ်များအတွင်း လက်မနှိုက်ပါနှင့်။
v ကောက်လှိုင်းစည်းတော့မည်၊ ကောက်လှိုင်းပုံလှန်တော့မည်ဆိုလျှင်
ကောက်လှိုင်းကို တုတ်ဖြင့် ချောက်လှန့်ပြီးမှကိုင်တွယ်ပါ။
v မြက်တောထဲသွားရမည်ဆိုလျှင် လည်ရှည်ဘွတ်ဖိနပ် စီးသွားပါ။
v ညအခါခရီးသွားစရာရှိလျှင် လက်နှိပ်ဓါတ်မီးဆောင်သွားပါ။
ကင်းမြီးကောက် ထိုးလျှင် အောက်ပါအတိုင်းပြုစုပါ။
၁။ ကင်းမြီးကောက် အထိုးခံရသည့်နေရာကို ရေအေးဖြင့်လောင်းပြီး ဆေးကြောပါ။ အဆိပ်ဆူးကို
ဝါးပြား၊
ပလတ်စတစ် အမာပြား စသည်ဖြင့် ခြစ်ထုတ်ပါ။
ဇာကနာဖြင့်နှုတ်ဖို့မကြိုးစားပါနှင့်။ အသားထဲသို့ ပိုပြီးစိုက်ဝင်
သွားတတ်သည်။ ၀ါးကြောနှီးစဖြင့် ခြစ်ထုတ်လျှင်ရပါသည်။
ဘာမှမရှိလျှင် လက်သည်းနှင့်ခြစ်ထုတ်ပါ။
၂။ ဒဏ်ရာပေါ်သို့ အနာဂျက်ဆစ်ဆီလိမ်းလျှင် ရပါသည်။ ထိုဆီလိမ်းထားသည့်အပေါ် ရေခဲရနိုင်လျှင်
ရေခဲကို
ရေခဲအိတ်နှင့်ထည့်ပြီး (သို့မဟုတ်)
ပလတ်စတစ်အိတ်ဖြင့်ထုပ်ပြီး အုပ်ပေးပါ။
၃။ အနာသက်သာအောင် pain killer ဆေးများသောက်နိုင်ပါသည်။
၎။ ဖြစ်နိုင်လျှင် ဆရာဝန်ပြပါ။
အချို့ကင်းများမှာ
သေစေနိုင်သည်ထိ အဆိပ်ပြင်းသဖြင့် မပေါ့ပါနှင့်။ အဆိပ်ညှစ်ထုတ်ရန် ရည်ရွယ်ချက်ဖြင့်
ဒဏ်ရာကို ဓားဖြင့်ခွဲခြင်းမှ ရှောင်ကြဉ်ပါလေ။ မသက်သာသည့်ပြင် ပိုဆိုးသွားတတ်သည်။ ဒဏ်ရာကို
မည်သည့်အခါမှ ပတ်တီးဖြင့် တင်းကြပ်စွာစည်းထားခြင်း မပြုပါနှင့်။ သွေးလှည့်ပတ်မှုကို
အနှောက်အယှက်ဖြစ်သည်။
ပင့်ကူရှပ်ခြင်းသည်လည်း ပုံမှန်ကြုံတွေ့ရတတ်သည့် အန္တရာယ်တစ်ခုဖြစ်ပါသည်။
အချို့ပင့်ကူများမှာ အဆိပ်ပြင်း တတ်သော်လည်း များသောအားဖြင့် အိမ်များ၌တွေ့ရတတ်သည့်
ပင့်ကူများမှာ အသက်ဆုံးရှုံးသည်ထိ မဖြစ်နိုင်ပါ။ သို့သော် အသက် ၆ နှစ်အောက် ကလေးငယ်များ၊
အသက် ၆၀ အထက် လူကြီးများတွင်မူ ပြင်းထန်စွာ ခံစားရနိုင်ပါသည်။
ထိုအကောင်များ ကိုက်ခြင်း၊ တုပ်ခြင်း၊
ထိုးခြင်းများမှာ မည်သည့်ဆေးဝါးမျှမလိုဘဲ လူ့ခန္ဓာကိုယ်၏ ရောဂါပြီးစနစ်က အလိုအလျောက်
ကုသပေးနိုင်ပါသည်။ အကယ်၍ ဆိုးရွားစွာခံစားရလျှင်မူ ဆေးရုံသို့ အမြန်သွားသင့်ပါသည်။
ထိုသို့သွားရာ တွင် ပင့်ကူကိုသတ်ပြီး ဆရာဝန်ထံယူသွားသင့်ပါသည်။
ပင့်ကူရှပ်လျှင်
ထိုနေရာနီရဲယောင်ယမ်းလာမည်။ ခေါင်းကိုက်မည်။ ချွေးစေးပြန်မည်။ အားနည်းလာမည်။ မူးဝေမည်။
ပျို့အန်ချင်မည်။ ပျို့အန်မည်။ ဗိုက်နာမည်။ မျက်လုံးများ ယောင်ကိုင်းလာမည်။ အသက်ရှူကြပ်လာမည်။
ပင့်ကူရှပ်လျှင်
ထိုနေရာတစ်ဝိုက်ပေါ် ဆပ်ပြာသုံးပြီးရေဖြင့် စင်ကြယ်အောင်ဆေးပါ။ ထို့နောက် ရေခဲကို ရေခဲအိတ်
(သို့မဟုတ်) ပလတ်စတစ်အိပ်နှင့်ထည့်ပြီး ကပ်ပေးနိုင်ပါသည်။ ရေခဲမရနိုင်ပါက အ၀တ်ကိုရေဆွတ်၊
ရေစင်စင်ညှစ်ပြီး ကပ်ပေးနိုင်ပါသည်။ သို့သော် မသိနားမလည်ဘဲ မည်သည့်ဆေးမှ ထိုးခြင်း၊
သောက်ခြင်းမပြုပါနှင့်။ ဖြစ်နိုင်လျှင် ဆရာဝန်နှင့်ပြပါ။
သာမန်အားဖြင့် ပိတုန်းတုတ်ခြင်း၊ ပျားတုပ်ခြင်းတို့မှာ အန္တရာယ်မရှိပါ။
မည်သည့်ဆေးမှမလိုဘဲ အလိုအလျောက် ပျောက်ကင်းနိုင်ပါသည်။ သို့သော် အသက် ၃ နှစ်ထက်ငယ်သူ
ကလေးငယ်များ၊ ဆီးချိုရှိသူများ၊ နှလုံးရောဂါသည်များ၊ အိုမင်း မစွမ်းသူများ၊ ဓါတ်မတည့်တတ်သူ
(အလားဂျစ်ဖြစ်တတ်သူ) များအဖို့ အန္တရာယ်ရှိနိုင်ပါသည်။
ပျားတုပ်ခံရလျှင်
ထိုနေရာတစ်ဝိုက်ကို ဆပ်ပြာနှင့် ရေသန့်သန့်ဖြင့် စင်ကြယ်အောင်ဆေးပါ။ ထို့နောက် ရေခဲကို
ရေခဲအိတ် (သို့မဟုတ်) ပလတ်စတစ် အိပ်နှင့်ထည့်ပြီး ကပ်ပေးနိုင်ပါသည်။ ရေခဲမရနိုင်ပါက
အ၀တ်ကိုရေဆွတ်၊ ရေစင်စင်ညှစ်ပြီး ကပ်ပေးနိုင်ပါသည်။ ပျားတုပ်ခံရသည့်နေရာကို မြှင့်ပေးထားပါ။
ဒဏ်ရာပေါ်
ရေဆေးခြင်းကို တစ်နေ့လျှင် နှစ်ကြိမ်၊ သုံးကြိမ်ခန့်လုပ်ပေးနိုင်ပါသည်။
မှတ်ချက်။ ။
ဒဏ်ရာပေါ်ရေခဲကပ်ရာတွင် ရေခဲအတုံးလိုက် တိုက်ရိုက်ကပ်ခြင်းရှောင်ပါ။ ရေခဲလောင်တတ်သည်။
နေပူထဲတွင် အလုပ်လုပ်ပါက နေအပူကြောင့် ကျန်းမာရေး ထိခိုက်တတ်သည်။
အခြေအနေဆိုးပါက အသက် အန္တရာယ်ရှိသဖြင့် ဂရုစိုက်ရန် လိုပါသည်။ နေပူထဲ၌ ကြာရှည်အလုပ်လုပ်လျှင်
ချွေးခန်းမည်၊ အရေပြားများခြောက်သွေ့ကာ ကိုယ်အပူချိန်မြင့်တက်လာမည်။ သွေးခုန်နှုန်းမြန်လာမည်။
မျက်စိသူငယ်အိမ် ကျုံ့ဝင်လာမည်။
အပူလွန်သူအား
အောက်ပါအတိုင်း ပြုစုပါ။
၁။ နေရိပ်အတွင်းသို့ အမြန်ဆုံးရွှေ့ပါ။
၂။ တင်းကြပ်နေသော အ၀တ်အစားများကို ဖြေလျှော့ပါ။
၃။ ယပ်ခပ်ပေးပါ။ ပန်ကာရလျှင် ပန်ကာဖြင့် အအေးခံပါ။
၎။ အ၀တ်ကို ရေဆွတ်၊ ရေစင်စင်ညှစ်ပြီး ခန္ဓာကိုယ်အနှံ့ ကပ်ပေးပါ။
ရေခဲရနိုင်လျှင် ရေခဲကို အ၀တ်နှင့်ထုပ်ပြီး ကပ်ပေးပါ။
၅။ အချိုရည်အေးအေး သို့မဟုတ် ရေအေးအေးကို ၁၅ မိနစ်တစ်ကြိမ်
တိုက်ပေးပါ။
၆။ လူနာအား သက်တောင့်သက်သာ နားနေပါစေ။
ဖြစ်နိုင်လျှင်
မိမိအလုပ်လုပ်သည့်နေရာကို အရိပ်ရရန် စီမံပါ။ ရေဘူးဆောင်ထားပြီး ရေမကြာခဏ သောက်ပါ။ နေပူထဲတွင်
တာရှည်အလုပ်မလုပ်ဘဲ အရိပ်ထဲသွားကာ မကြာခဏနားပေးပါ။
-
အိမ်ခေါင်မိုးပေါ်တက်ရန်
လိုသည့်အခါ ထုပ်တန်းများ ကောင်းမကောင်း ဦးစွာစစ်ဆေးပါ။
-
မည်သည့်အခါမှ အရဲမကိုးပါနှင့်။
-
အမြင့်သို့တက်သည့်အခါ
လှေခါးများ ကောင်းမကောင်း အမြဲစစ်ပါ။
-
ချထားသည့် လှေခါးအခြေသည်
ခိုင်ခိုင်မြဲမြဲရှိပါစေ။ လှုပ်လီလှုပ်လဲ့ပစ္စည်းများအပေါ် မည်သည့်အခါမှ လှေခါး မထောင်ပါနှင့်။
-
ကြမ်းပြင်မှ အပေါက်များ၊
ကတုတ်ကျင်းများကို အဖုံးဖုံးထားပါ။ စောက်နက်သော မြောင်းများကို လက်ရမ်းကာ ထားပါ။
-
ကြိုးများကို သေချာကျနစွာ
ခွေသိမ်းပါ။
-
ပစ္စည်းများကို စနစ်တကျသေချာစွာ
သိမ်းဆည်းခြင်းသည် ခလုတ်တိုက်လဲမည့်အန္တရာယ်မှ အလိုလို ကာကွယ်ပြီးဖြစ်သည်။
များသောအားဖြင့်လောင်သောမီးများမှာ
ပေါ့ဆမီးများဖြစ်သည်။ မီးကိုအသုံးပြုရာတွင် အထူးသတိပြုပါ။
v ထင်းမီးဖိုဖြင့် ထမင်းချက်လျှင် ချက်ပြုတ်ပြီးသည်နှင့် မီးကိုငြိမ်းသတ်ထားပါ။
v မီးပွားများမလွင့်စေရန် မီးဖိုကို သွပ်ပြားဖြင့် ကာရံထားပါ။
v မီးဖိုအနီးတွင် အလွယ်တကူ မီးလောင်စေတတ်သောပစ္စည်းများ မထားပါနှင့်။
ထင်းသုံးသည့်အခါ ထင်းကို တစ်ခါချက်လောက်ရုံ လိုသလောက်သာ ယူပါ။
v ထမင်းချက်နေရင်း မီးဖိုတွင်မီးများတောက်လျှက်ရှိပါက အဝေးသို့မသွားပါနှင့်။
သွားစရာရှိလျှင် တစ်ယောက် ယောက်ကို အစောင့်ထားခဲ့ပါ။
v ဖယောင်းတိုင်၊
အမွှေးတိုင်၊ ခြင်ဆေးခွေ စသည့် မီးလောင်နေသော ပစ္စည်းများထားကာ အိမ်မှထွက်သွားခြင်း။
အမှိုက်ပုံအားမီးရှို့ကာ မီးမသတ်ဘဲ အခြားသွားခြင်း မလုပ်ပါနှင့်။
v ကလေးများ
မီးနှင့်ဆော့ကစားခြင်းကို တင်းတင်းကျပ်ကျပ် တားမြစ်ပါ။
v
ရေနံ၊ ဓါတ်ဆီပုံးများ၊ တိုင်ကီများအနီးတွင်
ဆေးလိပ်သောက်ခြင်း၊ မီးခြစ်ခြင်း၊ မီးထွန်းခြင်း လုံးဝမလုပ်ပါနှင့်။
v
အိပ်နေစဉ် ခြင်ဆေးခွေထွန်းထားလိုသော်
စောင်ခြင်ထောင် စသည်တို့နှင့် လွတ်လွတ်ကင်းကင်းတွင် ထွန်းပါ။
v
ဓါတ်ဆီ၊ ရေနံဆီစသည်တို့ကို မည်သည့်အခါမှ ပိုးလိုးပက်လက်
မထားပါနှင့်။ လုံခြုံသော ပုံးများအတွင်း သေချာစွာ
ထည့်၍
တင်းကျပ်စွာ အဖုံးဖုံးထားပါ။ ထိုပုံးများကို လေ၀င်လေထွက်ကောင်းသော နေရာ၌သာထည့်ပါ။
v
မီးအသုံးပြုသည့်နေရာ၊ လောင်စာဆီဆိုင်၊
ကုန်စုံဆိုင် စသည်တို့တွင် မီးသတ်ဗူးများထားပါ။
v
မီးပြတ်ပြီဆိုလျှင် မိန်းကိုချထားလိုက်ပါ။
မီးလာမှ ပြန်ဖွင့်ပါ။
v
အပြင်သွားတော့မည်ဆိုလျှင်လည်း
အကောင်းဆုံးမှာ မိန်းချခဲ့တာ ဖြစ်ပါသည်။ မီးက မည်သည့်အချိန်ပြတ်ပြီး
မည်သည့်အချိန်ပြန်လာမည်ကို မသိနိုင်။
v
အချိန်မတော်မှ မီးလာလျှင် လူတိုင်းရေတင်တတ်ကြစမြဲ။
ထိုအခါ ရေမော်တာဖွင့်ထားပြီး ပြန်အိပ်မနေပါနှင့်။
v
မီးလာတုန်း ထမင်းဟင်းချက်ရတာဆိုပြီး
အချိန်မတော် ထမင်းထချက်ကာ မီးဖိုကို ခလုတ်ဖွင့်ထားပြီး ပြန်အိပ် နေခြင်းမျိုး
လုံးဝမလုပ်ပါနှင့်။ အလွန်အန္တရာယ်များပါသည်။
v
ဓမ္မာရုံ၌ ဆွမ်းလောင်းရန်
ချက်ပြုတ်ကြသူများအနေနှင့် ထမင်း၊ ဟင်းအိုးကြီးများမှာ ကြီးမားလှသည်ဖြစ်ရာ
တော်တော်နှင့်မကျက်။ တစ်ညလုံး ချက်ပြုတ်ကြရသည်။ ထိုအခါ အားလုံးအိပ်မည့်အစား
အလှည့်ကျအိပ်ပါ။ အနည်းဆုံး တစ်ယောက်တော့ မီးစောင့်နေဘို့ လိုပါသည်။
v
ဗုဒ္ဓဘာသာများပီပီ ဘုရားကို ဖယောင်းတိုင်၊
အမွှေးတိုင်စသည်တို့ ပူဇော်တတ်ကြသည်။ ထိုဖယောင်းတိုင် အမွှေးတိုင်များကို လေတိုက်၍လဲကျပြီး
အနီးရှိ ဘုရားကျောင်းပေါ်တင်ထားသော ပရိတ်ကြီးစာအုပ်ကို မီးစွဲမည်။ ထိုကမှ
ဘုရားကျောင်း လိုက်ကာစကို မီးစွဲမည်။ အိမ်တွင်လူမရှိပါက တစ်ရပ်ကွက်လုံး ပြာကျမည်။
ထို့ကြောင့် ဘုရားမီးပူဇော်သော ဖယောင်းတိုင်၊ အမွှေးတိုင်များကို
အပြင်သွားလျှင်သော်လည်းကောင်း၊ အိပ်ပြီဆိုလျှင်သော် လည်းကောင်း
အားလုံးငြိမ်းသတ်ခဲ့ဘို့ လိုပါသည်။
v
တောရွာများ၌ မိုး၊ ဆောင်း
စသည့်အချိန်များတွင် နွားတင်းကုပ်များ၌ နွားမီးထည့်သည်။ လူက အိပ်ပျော်နေချိန်
နွားမီးမှမီးပွားက လေတိုက်ပြီးလွင့်စင်ကာ အနီးရှိကောက်ရိုးပုံသို့လောင်မည်။ ထိုအခါ
တစ်ရွာလုံးပြာကျမည်။ ထို့ကြောင့် နွားမီးထည့်သူများ သတိဝိရိယရှိဘို့
အင်မတန်လိုသည်။ အနီးပတ်ဝန်းကျင်၌ ကောက်ရိုးပုံများ၊ အထူးသဖြင့် ရွာအတွင်း ကောက်ရိုးပုံများမထားဘို့
အလွန်အရေးကြီးပါသည်။
v
ဆောင်းအခါ ချမ်း၍ မီးလှုံရာမှ
စောင်စကိုမီးစွဲပြီး အသက်ဆုံးရသော အဖိုးကြီး၊ အဖွားကြီးများပင် ရှိပါသည်။ မီးဟူသည်
မည်သည့်မီးကိုမှ ပေါ့လို့မရ။ အထူးသတိထားရသည်။
v
မိုးဦးမကျမီ လယ်များ၊ ကိုင်းများ၊
တောင်ယာများကို မီးရှို့တတ်ကြပါသည်။ ထိုသို့မီးရှို့သည့်အခါ မီးကိုမငြိမ်းသတ်ဘဲ
မည်သည့်အခါမှ အိမ်ပြန်မလာပါနှင့်။ မီးအားလုံး သေပြီဆိုတာ သေချာမှ ပြန်လာပါ။
အနည်းငယ်မှ ကြွင်းကျန်သော မီးသည်ပင် တစ်ရွာလုံးကို ပြာကျစေနိုင်ပါသည်။
နိဂုံး
လူ့အသက်ကို မည်သည်နှင့်မှ အစားထိုးလို့မရစကောင်း။ အသက်ထက်ပိုပြီး
တန်ဘိုးရှိတာ ဘာမှမရှိ။ စည်းစိမ်ဥစ္စာ မည်မျှချမ်းသာသည်ဆိုစေ သေသည့်အခါ အားလုံးထားသွားရစမြဲ။
ထိုနည်းတူစွာပင် လူ့ခန္ဓာကိုယ် အစိတ်အပိုင်းကို မည်သည့် ပစ္စည်းနှင့်မှ အစားထိုးလို့မရနိုင်။
ချမ်းသာသဖြင့် ငွေကို တောင်လိုပုံပေးသည့်တိုင် မူလလူ့ခန္ဓာကိုယ်ကိုရအောင် လုပ်ပေးနိုင်
သည့် အတတ်ပညာ ယခုထိမပေါ်သေး။
အန္တရာယ်ဟူသည်
မဖြစ်မီက ကြိုတင်ကာကွယ်ရသည်။ ဖြစ်ပြီးမှ သို့မဟုတ် သေပြီးမှ သို့မဟုတ် လက်ကျိုး၊ ခြေကျိုး
ပြီးမှဆိုလျှင် ဘာမှလုပ်လို့မရတော့။ အလွန်နောက်ကျသွားပြီဖြစ်သည်။ ထို့ကြောင့် အန္တရာယ်မဖြစ်မီ
ကြိုတင်ကာကွယ်ရသည်။
ယခု စိုက်ပျိုးရေးလုပ်ငန်း၌
တွေ့ကြုံရတတ်သည့် အန္တရာယ်များနှင့် ကာကွယ်နည်းများအကြောင်း လက်လှမ်းမီသမျှ စုဆောင်း
တင်ပြထားပါသည်။ အားလုံးနားလည်အောင် ကြိုးစားပြီး လက်တွေ့ လိုက်နာကျင့်သုံးကြရန် တိုက်တွန်းပါသည်။
အသင် ဘေးအန္တရာယ်ကင်းခြင်းသည်
သင့်မိသားစုကို စောင့်ရှောက်ခြင်း မည်၏။ သင်တစ်စုံတစ်ခု ဖြစ်ပါက သင့်မိသားစု ဒုက္ခရောက်မည်ကို
အမြဲခေါင်းထဲထည့်ထားပါ။
ထို့ကြောင့်
တစ်ခုခုလုပ်မည်ကြံတိုင်း သင့်မိသားစုကို သတိရပါ။
၁၃ - ၁၁ - ၂၀၁၂။ ည ၉း၃၅ နာရီ
ရည်ညွှန်းစာအုပ်စာတမ်း၊ အင်တာနက် ၀က်ဘ်ဆိုဒ်များ
1.
California
Agricultural Teachers’ Essential Guide to Safety
2. The Farm Safety Guide – Occupational Health and
Safety, Canada
3. First Aid for Pesticide Poisoning – Oklahoma Cooperative
Extension Service
4. Safe Handling of Pesticide – Texas Department of
Insurance
5. Lightning Safety Tips – National Weather Service
Weather Forecast Office , Hastings, NE
6. http://www.lightningsafety.noaa.gov/overview.htm
7. Agri Machinery Safety – Texas Department of Insurance
8. GUIDE TO GOOD
FARMING PRACTICES - FAO
9. Agricultural Safety Workbook – www.worksafe.wa.gov.au
12. http://firstaid.webmd.com/snakebite-treatment
http://firstaid.webmd.com/allergy-insect-sting-treatment
http://firstaid.webmd.com/allergy-insect-sting-treatment
22. http://www.stewardshipcommunity.com/best-spraying-practices
= = = = = = = =
= = = = = = x x x x x x x x = = = = = = = = = = = = = =
No comments:
Post a Comment