၎၊ ၅၊ ၁၂။ သင်္ကြန်အရုပ် နှင့် အဟောများ ဖြစ်ပေါ်လာပုံ
ယခု သင်္ကြန်စာနှင့်ပတ်သက်သည့် အကြောင်းအရာတို့ကို
ဖော်ပြခြင်းမှာ သင်္ကြန်စာတွင် ရေးသားထားသည်များကို နားလည်နိုင်စေရန်နှင့် ရှေးမူမပျောက်စေရန်သာ
ဖြစ်ပါသည်။ ယုတ္တိတန်သည်၊ မတန်သည်။ ဖြစ်နိုင်သည်၊ မဖြစ်နိုင်သည်တို့ ကိုမူ မိမိဘာသာ
ချင့်ချိန်ပိုင်းခြား၊ ဝေဘန်သုံးသပ်ရန် ဖြစ်ပါ၏။
အထက်တွင်
သင်္ကြန်ကျချိန်၊ တက်ချိန်ဂြိုဟ်ခွင်များအကြောင်း ရှင်းပြခဲ့ပြီး ဖြစ်ပါသည်။ သို့သော်
လဂ် အကြောင်းမပါ သေးပါ။ လဂ်တွက်နည်းကို နောက်ပိုင်းတွင် ဆက်လက်ရှင်းပြပါမည်။
သင်္ကြန်ကျချိန်၊ တက်ချိန်ဂြိုဟ်ခွင်များအောက်
ဘယ်ဘက်တွင် နတ်သမီးတစ်ဦး ဗြဟ္မာမင်းဦးခေါင်းကိုင်နေပုံ နှင့် ညာ ဘက်တွင် တနင်္ဂနွေဂြိုဟ်မင်း
(သင်္ကြန်မင်းဟုလည်း ခေါ်ပါသည်။ သိကြားမင်းမဟုတ်ပါ။) စီးတော်ယာဉ်တစ်မျိုးမျိုးစီးလျှက်
ဆင်းလာပုံကို ဖော်ပြထားပါသည်။ ယခင်က သင်္ကြန်စာများတွင်မူ နတ်သမီးတစ်ဦးက ဗြဟ္မာမင်းဦးခေါင်းကို
လှမ်းပေးနေပုံ၊ နတ်သမီး တစ်ဦးကယူနေပုံ၊ အခြားနတ်သမီးတစ်ဦးက စောင့်နေပုံတို့ကိုပါ
ထည့်သွင်းရေးဆွဲပါသည်။
သင်္ကြန်အရုပ်များကို
သင်္ကြန်ကျသည့်နေ့ သို့မဟုတ် သင်္ကြန်ဝင်သောနေ့ကို မူတည်သတ်မှတ်သည်။
သင်္ကြန်အဟောများကိုလည်း
နေ့ ခုနစ်နေ့အလိုက် တနင်္ဂနွေဂြိုဟ်မင်း ၀တ်ဆင်သည့် အ၀တ်အစားအရောင်၊ ၀င်ရာထောင့်၊ စီးသောယာဉ်၊
ကိုင်ဆောင်ရာပစ္စည်း၊ လက်အနေအထား။ နတ်သမီးတို့က ဗြဟ္မာမင်းဦးခေါင်းကို လက်ခံသည့် အမူအရာ၊
အနေအထားစသည်တို့ကိုလိုက်၍ တစ်နှစ်ပတ်လုံး အဟောများထုတ်သည်။
ဤနေရာတွင်
တနင်္ဂနွေဂြိုဟ်မင်းဝင်သည် ဟူသောဝေါဟာရမှာ သိကြားမင်းဆင်းသည် ဟူသော ဝေါဟာရကဲ့သို့ တင်စားပြီးခေါ်ဝေါ်ခြင်းသာ
ဖြစ်သည်။ အမှန်မှာ တနင်္ဂနွေဂြိုဟ်မင်းဝင်သည် ဆိုခြင်းမှာ ကောင်းကင်တွင် မြင်တွေ့နေရသော
နေလုံးကြီးသည် ရာသီတစ်မှ နောက်ရာသီတစ်ခုသို့ ကောင်းကင်အီကွေတာမှ ဒီဂရီမည်မျှစောင်းပြီးဝင်လာကြောင်းသာ
ဖြစ်ပါသည်။ တနင်္ဂနွေဂြိုဟ်မင်းဟူသည် နေလုံးကြီးကိုတင်စား ခေါ်ခြင်းဖြစ်၏။ သင်္ကြန်စာတွင်ရေးဆွဲဖော်ပြထားသကဲ့သို့
နတ်သားတစ်ပါး မဟုတ်ပါ။ သို့သော် ဤသည်မှာ အရေးမကြီး။ အရေးကြီးသည်မှာ တနင်္ဂနွေဂြိုဟ်မင်း၏
စီးသောယာဉ် အစရှိသည်တို့ကို မူတည်ကာ ထုတ်ထားသော ဟောချက်များပင် ဖြစ်ပါသည်။
ဗြဟ္မာမင်းဦးခေါင်းကိုကိုင်သော
နတ်သမီး ၇ ပါးတို့မှာ နန္ဒာ၊ ကညာ၊ ဓံသီ၊ ဂေါရဿာ၊ မဟောရကာ၊ ပြောက်ကာ၊ ရဿကာ နတ်သမီးတို့ဖြစ်သည်။
၁၁
နတ်သမီး ခုနစ်ဖော်တို့ ဗြဟ္မာမင်းဦးခေါင်းကို
ကိုင်ဆောင်ရာတွင် -
၁) အလှည့်ကုန်၍ အပ်နှင်းသူ
၂) အလှည့်ကျ၍ လက်ခံသူ
၃) သင်္ကြန်မင်းကို စောင့်သူ စသည်တို့ကို နေ့အလိုက် ဖော်ပြထားရာ
သဘာဝမကျဘဲ ကမောက်ကမဖြစ်နေပါသည်။
အဘယ်ကြောင့်ဆိုသော်
သင်္ကြန်ကျသောရက်မှာ နေ့ (၇) နေ့အစဉ်အတိုင်း ကျသွားခြင်းမဟုတ်ဘဲ ကျချင်သော နေ့တွင် ကျသောကြောင့်
ဖြစ်ပါသည်။
သင်္ကြန်ကျသော
တနင်္ဂနွေ၊ တနင်္လာစသည် နေ့ကိုလိုက်၍ ထုတ်သောဟောချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
၄၀
၎၊ ၅၊ ၁၂၊ ၁။ တနင်္ဂနွေနေ့ သင်္ကြန်ကျ အဟော
တနင်္ဂနွေဂြိုဟ်မင်းသည် ကြာဝတ်ဆံအဆင်းနှင့်တူသော
အ၀တ်တန်ဆာကို ၀တ်ဆင်လျှက်၊ နဂါးကိုစီး၍၊ လက်တစ်ဖက်ကား မြား၊ လက်တစ်ဖက်ကား လွှားကိုကိုင်လျှက်၊
အရှေ့မြောက်ထောင့်ကသည် အနောက်သို့ဝင်၏။ နန္ဒာဒေ၀ီ နတ်သမီးကား အလှည့်စေ့၍၊ ပရမိသွာနတ်မင်း၏သား၊
အာသီအမည်ရှိသော ဗြဟ္မာမင်း၏ ဦးခေါင်းကို ကမ်းသည်ရှိသော် ကညာဒေ၀ီ နတ်သမီးကား ခရီးဦးကြိုဆို၍
ရပ်စောင့်နေလျှက် လှမ်းလင့်၏။ ဓံသီနတ်သမီးကား၊ အဖြူ၊ အနီ၊ အစိမ်း၊ အပြာ၊ အ၀ါအားဖြင့်
ငါးပါးသောအဆင်းဖြင့်ပြီးသော အ၀တ်တန်ဆာကို ၀တ်ဆင်လျှက် သင်္ကြန်မင်းကို စောင့်လင့်၏။
ထို့ကြောင့် မိုးဦး၊ မိုးလယ်ကောင်းအံ့။ မိုးနှောင်းတံ့အံ့။
စစ်မက်များအံ့။ ပြည်ကြီးကို ပြည်ငယ်နိုင်စပြုအံ့။ မင်းဥပါဒ်ဖြစ် အံ့။ ပြည်ရွာမီးလောင်ဘန်များအံ့။
သူဌေးသူကြွယ်၊ ကုန်သည်လယ်လုပ်တို့သည် ဥပဒ်ကုန်ဖြစ်အံ့။ ကျွဲနွားစသော အခြေလေးခု အသေများအံ့။
ထိုအသားကိုစား၍ လူတို့အသားမာပေါက်၍ သေသည်များကုန်အံ့။ လူတို့ ငတ်မွတ်ကုန်အံ့။ ထိုနှစ်၌
အမူးအမတ်တို့ မင်းအမျက်သင့်ကုန်အံ့။ ရေပိုး၊ သားငါး များအံ့။ အတောင်ရှိသော ကျေးငှက်တို့သည်
ဥပဒ်ဖြစ်ကုန်အံ့။ စိန့်ပြည် ပျက်အံ့။ ကွမ်းသီး၊ ငြုပ် စွံအံ့။
၎၊ ၅၊ ၁၂၊ ၂။ တနင်္လာနေ့ သင်္ကြန်ကျ အဟော
တနင်္ဂနွေဂြိုဟ်မင်းသည် နွားနို့သစ်အဆင်းနှင့်တူသော
အ၀တ်တန်ဆာကို ၀တ်ဆင်လျှက်၊ မြွေကိုစီး၍၊ လက်တစ်ဖက် ကား အဲမောင်း၊ လက်တစ်ဖက်ကား ချွန်းတောင်းကိုကိုင်လျှက်၊
အနောက်မြောက်ထောင့်ကသည် တောင်သို့ဝင်၏။ ကညာ နတ်သမီးကား အလှည့်စေ့၍၊ ပရမိသွာနတ်မင်း၏သား၊
အာသီအမည်ရှိသော ဗြဟ္မာမင်း၏ ဦးခေါင်းကို ကမ်းသည်ရှိသော် ဓံသီ နတ်သမီးကား ရွှင်သောမျက်နှာဖြင့်
လှမ်းလင့်၏။ ဃောရဿဒေ၀ီနတ်သမီးကား၊ အဖြူ၊ အနီ၊ အစိမ်း၊ အပြာ၊ အ၀ါ အားဖြင့် ငါးပါးသောအဆင်းဖြင့်ပြီးသော
အ၀တ်တန်ဆာကို ၀တ်ဆင်လျှက် သင်္ကြန်မင်းကို စောင့်လင့်၏။
ထို့ကြောင့် မိုးဦးတံ့အံ့။ မိုးလယ်၊
မိုးနှောင်းကောင်းအံ့။ မိုးတစ်ဖျင်းသုံရွာအံ့။ လူတို့အနာအဖျားများကုန်အံ့။ အဆိပ် ထန်သော
မြွေထူအံ့။ မြွေခဲ၍ သတ္တ၀ါတို့ ဘေးဖြစ်ကုန်အံ့။ ပြည်ရွာဟူသမျှ ဥပဒ်ဖြစ်အံ့။ ကုန်သည်တို့၌ကား
ဒဏ်ရှိအံ့။ ပြည့်ရှင်မင်း နှိပ်စက်အံ့။ မင်းမိန်းမတို့ အမှုအခင်း ဖြစ်သည်များအံ့။ ဗြဟ္မာ့ပြည်
ပျက်အံ့။ ဆား၊ ဆေး ရှားအံ့။
၎၊ ၅၊ ၁၂၊ ၃။ အင်္ဂါနေ့ သင်္ကြန်ကျ အဟော
တနင်္ဂနွေဂြိုဟ်မင်းသည် ဇင်ရွေးနီအဆင်းနှင့်တူသော
အ၀တ်တန်ဆာကို ၀တ်ဆင်လျှက်၊ ဂဠုန်ကိုစီး၍၊ လက်တစ်ဖက်ကား သံလျှက်၊ လက်တစ်ဖက်ကား တံစဉ်ကိုကိုင်လျှက်
(အချို့သော သင်္ကြန်စာတို့တွင် တူရွင်း၊ တံစည်း၊ တံစဉ် ဟု အမျိုးမျိုးဖော်ပြကြသည်။ သို့သော်
သံလျှက် တစ်ဖက်ကိုင်ကား တူကြ၏။) ထက်ဝယ်ဖွဲ့၍၊ မြောက်ကသည် အရှေ့တောင် ထောင့်သို့ဝင်၏။
ဓံသီနတ်သမီးကား အလှည့်စေ့၍၊ ပရမိသွာနတ်မင်း၏သား၊ အာသီအမည်ရှိသော ဗြဟ္မာမင်း၏ ဦးခေါင်းကို
ကမ်းသည်ရှိသော် ဃောရဿဒေ၀ီ နတ်သမီးကား မှောက်ခုံနေ၍ လှမ်းလင့်၏။ မဟောရကာဒေ၀ီနတ်သမီးကား၊
အဖြူ၊ အနီ၊ အစိမ်း၊ အပြာ၊ အ၀ါ အားဖြင့် ငါးပါးသောအဆင်းဖြင့်ပြီးသော အ၀တ်တန်ဆာကို ၀တ်ဆင်လျှက်
သင်္ကြန်မင်းကို စောင့်လင့်၏။
ထို့ကြောင့် မိုးဦးတံ့အံ့။ မိုးလယ်၊
မိုးနှောင်းကောင်းအံ့။ ကျိုင်း၊ ပိတုန်းစသော အတောင်ရှိသော သတ္တ၀ါတို့ ထူကုန်အံ့။ စစ်မက်များအံ့။
ပြည်သူတို့ စိတ်နှလုံး မသာ, ချောက်ချားကုန်အံ့။ ပြည်ရွာ မီးလောင်ဘန်များအံ့။ သူဆင်းရဲ၊
သူကြွယ်တို့ ဒဏ်သင့်ကုန်အံ့။ ခရီးသွား၊ ကုန်သွယ်သောသူတို့ ဥပဒ်ဖြစ်ကုန်အံ့။ စပါး၊
အသီးအနှံ မြောက်အံ့။ အဖျင်းများအံ့။ လူတို့ မွတ်သိပ်ကုန်အံ့။ ပဒေသရာဇ်ပြည် ပျက်အံ့။
ရဟန်း ပုဏ္ဏားတို့ ဒဏ်သင့်ကုန်အံ့။ စစ်သူကြီးတို့ ပြေးထွက်ကုန်အံ့။ အုန်းသီး၊ ငြုပ်
ရှားကုန်အံ့။
တနင်္ဂနွေဂြိုဟ်မင်းသည် ပြည်ပန်းညိုပွင့်
အဆင်းနှင့်တူသော အ၀တ်တန်ဆာကို ၀တ်ဆင်လျှက်၊ ကျွဲရဲကိုစီး၍၊ လက်တစ်ဖက်ကား ပန်းခက်ကိုကိုင်လျှက်၊
လက်တစ်ဖက်ကား ရေချမ်းအိုးကိုပိုက်၍၊ အရှေ့ကသည် တောင်သို့ ထက်ဝယ် ဖွဲ့လျှက်ဝင်၏။ ဃောရဿနတ်သမီးကား
အလှည့်စေ့၍၊ ပရမိသွာနတ်မင်း၏သား၊ အာသီအမည်ရှိသော ဗြဟ္မာမင်း၏ ဦးခေါင်းကို ကမ်းသည်ရှိသော်
မဟောရကာဒေ၀ီ နတ်သမီးကား ငို၍ လှမ်းလင့်၏။ ပြောက္ကာဒေ၀ီနတ်သမီးကား၊ အဖြူ၊ အနီ၊ အစိမ်း၊
အပြာ၊ အ၀ါ အားဖြင့် ငါးပါးသောအဆင်းဖြင့်ပြီးသော အ၀တ်တန်ဆာကို ၀တ်ဆင်လျှက် သင်္ကြန်မင်းကို
စောင့်လင့်၏။
ထို့ကြောင့် မိုးဦး၊ မိုးလယ်တံ့အံ့။
မိုးနှောင်းကောင်းအံ့။ ကျွဲနွားစသော အခြေလေးခု
အသေများအံ့။ မုန်တိုင်းလေပွေ ထန်အံ့။ စပါးအသီးအနှံမကောင်း။ မြတ်သောရဟန်း၊ ပုဏ္ဏား၊ မင်းမိဖုရား၊
မင်းသားတို့ ဒဏ်သင့်ကုန်အံ့။ အမှူးအမတ် သူကြီး ဟူသမျှမကောင်း။ တလိုင်းပြည် ပျက်အံ့။
ဆား၊ ၀ါ ရှားအံ့။
တနင်္ဂနွေဂြိုဟ်မင်းသည် ရွှေအဆင်းနှင့်တူသော
အ၀တ်တန်ဆာကို ၀တ်ဆင်လျှက်၊ သိန္ဓောမြင်းကိုစီး၍၊ ရေချမ်းအိုး ကိုပိုက်လျှက်၊ အနောက်ကသည်
အရှေ့မြောက်ထောင့်သို့ဝင်၏။ မဟောရကာဒေ၀ီနတ်သမီးကား အလှည့်စေ့၍၊ ပရမိသွာ နတ်မင်း၏သား၊
အာသီအမည်ရှိသော ဗြဟ္မာမင်း၏ ဦးခေါင်းကို ကမ်းသည်ရှိသော် ပြောက္ကာဒေ၀ီ နတ်သမီးကား ခရီးဦး
ကြိုဆို၍ ပုဆစ်တုပ်လျှက်လှမ်းလင့်၏။ ရဿကာဒေ၀ီနတ်သမီးကား၊ အဖြူ၊ အနီ၊ အစိမ်း၊ အပြာ၊
အ၀ါအားဖြင့် ငါးပါးသော အဆင်းဖြင့်ပြီးသော အ၀တ်တန်ဆာကို ၀တ်ဆင်လျှက် သင်္ကြန်မင်းကို စောင့်လင့်၏။
ထို့ကြောင့် မိုးဦးတံ့အံ့။ မိုးလယ်၊
မိုးနှောင်းကောင်းအံ့။ ခရီးသွားတို့ ဘေးသင့်ကုန်အံ့။ ဆင်မြင်းစသော အခြေလေးခု ဘေးဖြစ်ကုန်အံ့။
မင်း၏ဆရာ၊ သံဃာ့ရာဇာ၊ ရဟန်း၊ ပုဏ္ဏား၊ ပညာရှိသုခမိန်တို့ အငြင်းအခုန် များကုန်အံ့။ မင်းမိဖုရား၊
မင်းမိန်းမတို့ ဥပဒ်ရှိကုန်အံ့။ ပြည်သူတို့ ဒဏ်သင့်ကုန်အံ့။ တရုတ်ပြည် ပျက်အံ့။ စပါးရှားအံ့။
တနင်္ဂနွေဂြိုဟ်မင်းသည် ခရုသင်းအဆင်းနှင့်တူသော
အ၀တ်တန်ဆာကို ၀တ်ဆင်လျှက်၊ နွားလားဥဿဘကိုစီး၍၊ လက်တစ်ဖက်ကား ပုဆိန်၊ လက်တစ်ဖက်ကား တံစည်းကိုကိုင်လျှက်၊
အရှေ့တောင်ထောင့်ကသည် အနောက်သို့ဝင်၏။ ပြောက္ကာဒေ၀ီနတ်သမီးကား အလှည့်စေ့၍၊ ပရမိသွာနတ်မင်း၏သား၊
အာသီအမည်ရှိသော ဗြဟ္မာမင်း၏ ဦးခေါင်းကို ကမ်းသည်ရှိသော် ရဿကာဒေ၀ီ နတ်သမီးကား ဆောင့်ကြောင့်ထိုင်၍
လှမ်းလင့်၏။ နန္ဒာဒေ၀ီနတ်သမီးကား၊ အဖြူ၊ အနီ၊
အစိမ်း၊ အပြာ၊ အ၀ါ အားဖြင့် ငါးပါးသောအဆင်းဖြင့်ပြီးသော အ၀တ်တန်ဆာကို
ဝတ်ဆင်လျှက် သင်္ကြန်မင်းကို စောင့်လင့်၏။
ထို့ကြောင့် မိုးဦး၊ မိုးလယ်တံ့အံ့။
မိုးနှောင်းကောင်းအံ့။ လူတို့ ဘုရားပုထိုး၊ ကျောင်းကန်၊ ကုသိုလ်ကောင်းမှုပြုသည် များအံ့။
ယုတ်သောထဘီဝတ်ကြောင့် မြတ်သောထဘီဝတ်တို့ ပျက်စီးကုန်အံ့။ သူအကြီးဟူသမျှ ဥပဒ်ရှိအံ့။
ကျွဲနွားစသော အခြေလေးခုတို့ ဥပဒ်ဖြစ်အံ့။ ပြည်ကြီး၊ ပြည်ငယ် ချောက်ချားအံ့။ ရှမ်းတို့ပြည်
ပျက်အံ့။ ပိုးချည်ရှားအံ့။
တနင်္ဂနွေဂြိုဟ်မင်းသည် အောက်မဲညိုပွင့်အဆင်းနှင့်တူသော
အ၀တ်တန်ဆာကို ၀တ်ဆင်လျှက်၊ ဘီလူးကိုစီး၍၊ လက်တစ်ဖက်ကား ထင်းမီးကို ကိုင်၍၊ လက်တစ်ဖက်ကား
ဝမ်းကိုပိုက်လျှက်၊ အရှေ့မြောက်ထောင့်ကသည် အနောက်တောင် ထောင့်သို့ဝင်၏။ ရဿကာဒေ၀ီနတ်သမီးကား
အလှည့်စေ့၍၊ ပရမိသွာနတ်မင်း၏သား၊ အာသီအမည်ရှိသော ဗြဟ္မာမင်း၏ ဦးခေါင်းကို ကမ်းသည်ရှိသော်
နန္ဒာဒေ၀ီ နတ်သမီးကား လက်ယာသို့တစောင်း ခြေဆင်းလျှက် လှမ်းလင့်၏။ ကညာဒေ၀ီ နတ်သမီးကား၊
အဖြူ၊ အနီ၊ အစိမ်း၊ အပြာ၊ အ၀ါ အားဖြင့် ငါးပါးသောအဆင်းဖြင့်ပြီးသော အ၀တ်တန်ဆာကို ၀တ်ဆင်လျှက်
သင်္ကြန်မင်းကို စောင့်လင့်၏။
ထို့ကြောင့် မိုးဦး၊ မိုးနှောင်းကောင်းအံ့။
မိုးလယ်တံ့အံ့။ မိုး ကြိုးကြားတဖျင်းသုံရွာအံ့။ ကောက်ပဲ၊ အသီးအနှံမကောင်း။ ပိုးတောင့်တဲ၊
ဗောက်ဖတ်ထူပြောအံ့။ အရွက်အခက်၊ အဖုအမြစ် ကောင်းအံ့။ ပြည်ရွာမီးလောင်ဘန် များအံ့။ လူတို့
အနာအဖျား များကုန်အံ့။ ကျွဲနွား အသေအပျောက်များအံ့။ ထိုအသားကိုစား၍ လူတို့ အသားမာပေါက်များအံ့။
ပိဋကတ်၊ ဗေဒင်တတ်သော ရဟန်း၊ ပုဏ္ဏားတို့ ဒဏ်သင့်အံ့။ ထိုနှစ် သူပုန်၊ သူကန်များအံ့။
မင်းဥပဒ်ဖြစ်အံ့။ မြေကြီးလှုပ်အံ့။ ဘုရားပုထိုး ပြိုပျက်အံ့။ ကုလားပြည်ပျက်အံ့။ ဆား၊
ငြုပ်စွံအံ့။
ဤကား သင်္ကြန်ကျသော အဟောများတည်း။
No comments:
Post a Comment