ပဉ္စမပိုင်း (ပဉ္စမ ၂ နှစ် - ၂)
(၉၃) ဂရုတင့် (Grootint)
ဖိုက်ဘာပိုက်ကြီးများဆင်ရာတွင်
ကြီးကြပ်သည့် ဂရုတင့်ကုမ္ပဏီမှ ကျွန်တော်နှင့်တွဲလုပ်ရသူများမှာ နယ်သာလင်နိုင်ငံသား
ဒတ်ခ်ျကြီးများဖြစ်သည့် အာ့ဒ် (Ad) နှင့် ဂုဗ် (Goove)၊ ဂရိလူမျိုး မက်စ် (Max), အီတလီနိုင်ငံမှ
ဘရူနို (Bruno), ဖိလစ်ပိုင်မှ နိုဝယ် (Noel), ဟန်ဂေရီမှ ဖရန့် (Frank) တို့ဖြစ်သည်။
ဖရန့်မှာ ဆောက်လုပ်ရေးမန်နေဂျာဖြစ်၏။ သူတို့အားလုံးနှင့် ကျွန်တော် ပလဲနံပ သင့်ပါသည်။
သို့သော် နိုဝယ်ဆိုသည့် ဖဦးထုပ်ကိုမူ ကျွန်တော်ကြည့်လို့မရပါ။ ဤသည်မှာ နိုဝယ်က ကျွန်တော့်ကို
ဘာလုပ်လို့မှမဟုတ်။ ကျွန်တော်က အလကားနေရင်း သူ့အပေါ် မစ္ဆေယစိတ် ပွားနေခြင်းသာ ဖြစ်ပါသည်။
အဘယ်ကြောင့်ဆိုသော် ပိုက်ကျူစီအင်ဂျင်နီယာ (Piping QC Engineer) ဆိုပြီး လခအများကြီးပေး
ခန့်ထားသော်လည်း နိုဝယ်မှာ ပိုက်နှင့်ပတ်သက်လို့ ဘာမှဟုတ်ဟုတ်ငြားငြား မတတ်သောကြောင့် ကြည့်မရတာ ဖြစ်၏။ ကိုယ့်ထက်သာ မနာလို ဆိုသကဲ့သို့
နိုဝယ်ရသောလခမှာ ကျွန်တော့်လခထက် လေးဆခန့်ရှိလေရာ မဆီမဆိုင် ကျွန်တော့်မှာ အလိုလိုနေရင်း
အူအသည်းယားနေတာသာ ဖြစ်ပါသည်။ နိုဝယ်ကိုကြည့်ရတာ ဘာစိတ်ခံစားမှုမှ ရှိပုံမပေါ်။ သူ့ကို
အဆဲခံရ သည့်တိုင် နာပုံမရ။ စပ်ဖြဲဖြဲနှင့်သာ ဖြစ်ပါသည်။ ပြောချင်သလောက်ပြောကြစမ်းကွာ၊
ငါပိုက်ဆံရပြီးတာပဲ ဟု သဘောထားပုံရပါသည်။
ကျွန်တော်တို့မှာ
တစ်ခန်းထဲတွင် စုထိုင်ကြသည်ဖြစ်ရာ သူတို့လုပ်သမျှ၊ ပြောသမျှအားလုံး မြင်နေကြားနေရသည်။
ကျွန်တော်နှင့် တိုက်ရိုက်ပင်မပတ်သက်သော်ငြားလည်း ဤပိုက်လိုင်းမှာ ကျွန်တော်တို့ကုမ္ပဏီမှ
ကန်ထရိုက်ယူထားသောလိုင်းဖြစ်သဖြင့် ကျွန်တော်တို့နှင့် တစ်နည်းတစ်ဖုံ ပတ်သက်နေပါသည်။
တစ်ခါတစ်ရံ ညပိုင်းဆင်းရချိန်များ၌ ကျွန်တော်နှင့်နိုဝယ် အတူတွဲကျတတ်သည်။ ထိုသည့်အခါများ၌
နိုဝယ်မှာ ညဦးပိုင်း ခဏတဖြုတ် ဆိုဒ်ထဲဟိုလျှောက်၊ သည်လျှောက်လုပ်ပြီး ည ဆယ်နာရီမတီးမီပင်
စားပွဲကိုရှင်းကာ တက်အိပ်ပါတော့ သည်။ ထို့နောက် မနက် ၅ နာရီလောက်ထကာ အစောဆုံးထွက်သော
မော်တော်နှင့် ပြန်၏။ နိုဝယ်တို့ တန်ချက်တော့။
နိုဝယ့်အကြောင်း
ကျွန်တော်နှင့်အတင်းပြောဘက်မှာ ယုန (Una) ဖြစ်၏။ သူက ဂရုတင့်မှ ခန့်ထားသော စာရေးမဖြစ်သည်။
လူသူ လေးပါး အရိပ်အခြည်ကြည့်လျှက် ကျွန်တော့်အနားကပ်လာခါ “အဲဒါ ဖရန့်ပေါ့။ ဒီပရောဂျက်အစမှာ သူ ဖိလစ်ပိုင်ကိုသွားတယ်။ အဲဒီမှာ သူ့သူငယ်ချင်း
မိတ်ဆက်ပေးလို့ နိုဝယ်နဲ့တွေ့တာ။ နိုဝယ်က သူ့ကို ဘာတွေတောင် ဘယ်လိုပြုစုလိုက်တယ်မသိဘူး။
ဘာမှလည်း တတ်တာမဟုတ်ဘဲနဲ့ အင်ဂျင်နီယာဆိုပြီး ခန့်ထားတာ။ သူကတော့ ခန့်မှာကိုး။ သူလခပေးရတာမှ
မဟုတ်တာ။ - -“ စသဖြင့် နှုတ်ခမ်းတလန်၊ ပန်းတလန် ပြောပါသည်။
သို့သော်
အာ့ဒ် တို့ကတော့ တကယ်လုပ်သူများ ဖြစ်၏။ လူကောင်ကြီးများကလည်းကြီးသဖြင့် အပင်ပန်းလည်း
ခံနိုင်သည်။ စားလည်း စားနိုင်သလို ညနေဘက် အလုပ်ကပြန်ပြီဆိုလျှင် ကလီမင်တီမှ ဟော်ကာစင်တာတွင်
ည ဆယ်နာရီ၊ ဆယ့်တစ်နာရီထိအောင် တအေးတဆေး ဘီယာသောက်နေလေ့ရှိသည်။ ဘီယာပင်မသောက်သော်လည်း
တစ်ခါတစ်ရံ သူတို့နှင့်အတူ ကျွန်တော်ဝိုင်းထိုင်တတ် သည်။
သူတို့ယဉ်ကျေးမှုကတော့
အံ့သြဘို့ကောင်းပါသည်။ သူတို့အားလုံးတွင် ဂဲလ်ဖရဲန့် (girl friend) တစ်ယောက်စီရှိ၏။
အာ့ဒ်၏ ဂဲလ်ဖရဲန့်မှာ ဖဦးထုပ်မကလေးဖြစ်ပြီး ဖရန့်၏ ဂဲလ်ဖရဲန့်မှာ ဗီယက်နမ်သူလေး ဖြစ်ပါသည်။
တစ်ခါတစ်ရံ သူတို့ဇနီးသည်များ စင်ကာပူသို့ လိုက်လာသည်။ ထိုအခါ သူတို့ဇနီးသည်များကို
ဒါ ငါ့ ဂဲလ်ဖရဲန့်ကွ ဟု မိတ်ဆက်ပေး၏။ ဇနီးဖြစ်သူများကလည်း ထိုကောင်မလေးများကို ဖော်ဖော်ရွေရွေပင်
ရင်းရင်းနှီးနှီးဆက်ဆံပါသည်။ သူတို့ ဂဲလ်ဖရဲန့်ကောင်မလေးများကလည်း သူတို့ကို တရိုတသေပြုစုသည်။
ကျွန်တော်တို့ မြန်မာများဆိုလျှင် မည်သို့နေပါမည်နည်း။ စင်ကာပူအလည်လာသည့် သင့်ဇနီးသည်အား
ဒါ ငါ့အတည်းလေးလေ၊ နင် ကိုယ့်ညီမလေးလို သဘောထားပေါ့ဟာ
ဟု မိတ်ဆက်ပေးကြည့်ပါ။ ဟင်၊ သေချင်းဆိုး၊ ဒါ
လုပ်စရာလား ဟု ခုံဖိနပ်နှင့် ခေါင်းအခေါက်မခံရလျှင် ကံကောင်း။
လူပေါင်းစုံသလို
စရိုက်လည်း မျိုးစုံလှသည်။ ဘရူနိုမှာ ပျော်ပျော်နေ၊ သေခဲဟူသော ၀ါဒကို လက်ကိုင်ထားသူ
ဖြစ်သည်။ ဘယ်ခါ ကြည့်လိုက်၊ ကြည့်လိုက်။ အမြဲပျော်နေသူ ဖြစ်သည်။ အီတလီလို သီချင်းများကို
အော်ဟစ်ဆိုလိုက် သူသဘောမတွေ့လျှင် ဖန်ကူးရိုး ဟု အီတလီလိုဆဲလိုက်။ နိုဝယ့်ကိုလည်း နှစ်ပြားမတန်အောင်
ပက်ပက်စက်စက် ပြောသူဖြစ်၏။ သို့သော် အထက်တွင်ပြောခဲ့သလို၊ နိုဝယ်မှာ သူ့မပြောသကဲ့သို့
မျက်လုံးအပြူးသားနှင့် စပ်ဖြဲဖြဲလုပ်နေသည်သာ ဖြစ်လေသည်။ အမှန်မှာ ဘရူနိုက ဂရုတင့်မှမဟုတ်။
ဂရုတင့်သို့ ပိုက်များကိုရောင်းသော အီတလီ၊ ဆာပလပ်ကုမ္ပဏီမှ ဖြစ်သည်။ ဂရုတင့်မှ ပိုက်များဆင်ရာသို့
အရည်အသွေးပိုင်းဆိုင်ရာ စောင့်ကြပ် ကြည့်ရှုရန် လွှတ်ထားတာဖြစ်သည်။
မက်စ်မှာမူ
နွားရိုင်းတစ်ကောင် အီအီးပါနေသည်ကို ကြက်ခြေခတ်ထားသည့်ပုံအား A3 စာရွက်နှင့် ပရင့်ထုတ်၊
ပလတ်စတစ် လောင်းကာ သူ့စားပွဲရှေ့တွင် ကပ်ထားသည်။ ဘူးရှစ်မလုပ်နဲ့ (Don’t
Bull-shit) ဟု ဆိုလိုခြင်းဖြစ်၏။ ဆိုဒ်မန်နေဂျာလုပ်သူ ဖရန့်နှင့် မကြာခဏ ပြဿနာတက်သည်။
မက်စ်မှာ ဂရုတင့်မှ မဟုတ်။ Third Party ခေါ် အပြင်ကုမ္ပဏီမှ ဂရုတင့်လုပ်သည်များကို ကြီးကြပ်
စစ်ဆေး ရသူဖြစ်လေသည်။ သူအဘယ်ကြောင့် ဖရန့်နှင့် ပြဿနာတက်ရသနည်း။ အကြောင်းရှိ၏။
ဖရန့်က ဆိုဒ်မန်နေဂျာဆိုတော့ နေချင်သလိုနေ၊ လုပ်ချင်သလိုလုပ်သည်။
တစ်ခါတစ်ရံ Hey, Una, No internet, I am going back ဆိုကာ ပြန်သွားသည်။ တစ်ခါတစ်ရံ
လေးငါးရက်မပေါ်လာ။ ယုနအပြောအရ စင်ကာပူအနှံ့ သွားချင်သလိုသွားပြီး ကျသမျှ တက္ကစီခကို လည်းကောင်း၊
ဝယ်ထားသမျှ ပစ္စည်းတန်ဘိုးအားလုံးကိုသော်လည်းကောင်း ဘောက်ချာဖွင့်ကာ တင်တောင်းသည် ဆိုပါသည်။
ဝယ်သည့် ပစ္စည်းဆိုရာ၌ သူ့ဘို့သာမက၊ သူ့ဂဲလ်ဖရဲန့်ဘို့ဝယ်သည်များကိုပါ တင်တောင်းခြင်းဖြစ်၏။
သူတို့ဘီယာသောက်ခ၊ ဟိုသွားဒီသွား၊ ဟိုဟာဝယ် သည်ဟာဝယ် တင်တောင်းတာအစုစု၊ အကုန်ပေါင်းလိုက်လျှင်
ကျွန်တော့်လခထက်ပင် ပိုများနိုင်ပါသည်။ သူတို့ရသောလခမှာ အာ့ဒ်အပြော အရ စင်ကာပူဒေါ်လာ
တစ်သောင်းနှစ်ထောင်ခန့် ဖြစ်ပါသည်။
ဖရန့်
သည်လိုလုပ်နေတာကို ကြည့်မရသူမှာ မက်စ်ဖြစ်၏။ သည်တော့ မက်စ်နှင့် မကြာခဏစကားများသည်။
သို့သော် သူက ဂရုတင့်မှမဟုတ်တော့ ဘာမှလုပ်လို့မရ။ ပါးစပ်သေနတ်သာ ပစ်လို့ရသည်။
ပိုက်များတပ်ဆင်ခြင်းကို
ဝီကွမ်းမှ တာဝန်ယူသည်။ ယူနီယမ်အလွိုင်းက ၀ီကွမ်းကို ဆပ်ကွန်း (sub-contractor) ပေးထားခြင်း
ဖြစ်၏။ ၀ီကွမ်းမှ အလုပ်သမားအများစုမှာ အိန္ဒိယနှင့် ဘင်္ဂလားကုလားလေးများဖြစ်ပါသည်။ မလေးလူမျိုးအနည်းငယ်လည်း
ပါသည်။ စူပါဗိုက်ဆာများမှာ လီ နှင့် ဆာဖာရီတို့ဖြစ်သည်။ နောက် အဲလက်စ်ဆိုသည့် တစ်ယောက်လည်းရှိသေးသည်။
သို့သော် သူက မနေ့တစ်နေ့ ကမှ အလုပ်သမားဘ၀မှ စူပါဗိုက်ဆာဖြစ်လာသူ ဖြစ်၏။ အလုပ်အကြောင်း
ရေရေလည်လည် နားလည်လို့ဖြစ်လာတာမဟုတ်။ သူဌေးနှင့် ဆွေမျိုးမကင်းသောကြောင့် ဦးထုပ်အဖြူဆောင်းရခြင်းဖြစ်သည်။
လုပ်ငန်းမကျွမ်းကျင်သူအား စူပါဗိုက်ဆာခန့်ထားခြင်းကို အာ့ဒ်က “ဟင်၊ အရင်လက တံမြက်စည်းလှဲနေတဲ့ကောင်က ခု စူပါဗိုက်ဆာဆိုတော့ ဘယ်နဲ့လုပ် သောက်သုံးကျမလဲကွ”
ပါးစပ်ကြီးတစ်လုံးနှင့် ပယ်ပယ် နယ်နယ်ပြောလေ့ရှိသည်။ သို့သော် ဘာမှမထူးပါ။
အလုပ်သမားများထဲမှ
ချိုင်ချီမင်းကဲ့သို့သော ပိုက်ဖစ်တာအချို့မှာ အလွန်တော်သည်။ စူပါဗိုက်ဆာမလိုပဲ လုပ်နိုင်သူများဖြစ်၏။
အိန္ဒိကုလားလေးများထဲမှ MKM တို့ဆိုလျှင် ဘွဲ့ရများဖြစ်သည်။ အခြေအနေအရ ပိုက်ဖစ်တာလုပ်၊
လာမီနိတ်လုပ်နေရခြင်း ဖြစ်၏။ သူတို့က ပညာတတ်တော့ ပြောလို့ဆိုလို့ကောင်း၊ ပေါင်းလို့သင်းလို့
ကောင်းသည်။ အလုပ်ကိုလည်း ခိုခြင်းကပ်ခြင်းမရှိပဲ ကြိုးကြိုးစားစား လုပ်ကြ သူများ ဖြစ်၏။
စူပါဗိုက်ဆာလုပ်သူများမှာမူ
ဖင်လေးတုန်းဆွဲဖြစ်၏။ အလုပ်စတာ ၈ နာရီဖြစ်သော်လည်း ၉ နာရီကျော်မှ အိပဲ့အိပဲ့နှင့် ရောက်လာ
တတ်သည်။ အလုပ်သမားတွေထဲမှ လုပ်တတ်ကိုင်တတ်ရှိသူများက ဘာလုပ်မည်ဆိုတာ သူတို့ဘာသာ သူတို့စီစဉ်။
သူတို့ဟာသူတို့ အလုပ်စတာဖြစ်၏။ ဤသည်ကို အာ့ဒ်တို့ ဂရုတင့်မှလူတွေက မကြိုက်။ သူတို့က
လုပ်ငန်းတိုးတက်မှုအစီရင်ခံစာ (Progress Report) ကို ရေးရသူများ ဖြစ်သဖြင့် ပြီးသင့်သလောက်
အလုပ်မပြီးသည့်အကြောင်း ၀ီကွမ်းကို စည်းဝေးပွဲများတွင် ကွန်ပလိန်းလုပ်သည်။ သို့သော်
ကျွန်တော့်အမြင်တွင်တော့ ဘာမှထူးခြားလာတာ မတွေ့ရပါ။ ပြောလည်း မောင်ပြောပဲဖြစ်၏။ နောက်တော့ လုပ်စရာရှိများအား အလုပ်သမားတွေကိုပြောပြပြီး
လုပ်ခိုင်းရသည်။ မနေနိုင်သော သူတို့က အလိုလိုနေရင်း ၀ီကွမ်းစူပါဗိုက်ဆာများ ဖြစ်နေလေတော့၏။
ဝီကွမ်းမှ
ဆိုဒ်မန်နေဂျာမှာလည်း သည်ပရောဂျက်စတော့မှ မန်နေဂျာရာထူးသို့ရောက်လာသူ ဖြစ်၏။ နော်မန်ဟု
ခေါ်သည်။ သူကတော့ သိပ်မဆိုးလှပါ။ အလုပ်ဆိုသည်မှာ တစ်ဦးကောင်းတစ်ယောက်ကောင်း လုပ်လို့ရတာမဟုတ်။
အားလုံးစုပေါင်း လုပ်ကြရ သည်ဖြစ်ရာ အားလုံးညီညီညွတ်ညွတ်လုပ်ကြပါမှ မိမိတို့မှန်းထားသည့်ပန်းတိုင်သို့
ရောက်နိုင်မည်။ သည့်အတွက် မန်နေဂျာ၊ စူပါဗိုက်ဆာ၊ အင်ဂျင်နီယာ၊ ကျူစီ၊ အထွေထွေအလုပ်သမား
အားလုံး မိမိတို့ကျရာနေရာမှ မိမိတို့တာဝန်ကို မခိုမကပ် လုပ်ကြရန်လိုသည်။ မန်နေဂျာတစ်ယောက်ထဲ
ကောင်းနေလို့ မရသလို၊ မန်နေဂျာလုပ်သူ အသုံးမကျပါက လုပ်သလောက် ခရီးတွင်မည် မဟုတ်ပါ။
ဝီကွမ်းမှ
ခန့်ထားသော Safety Supervisor တစ်ယောက်ရှိသည်။ စတီဗင် ဟူ၏။ သူ့ကျတော့ ပုံစံတစ်မျိုး။
လူရှေ့သူရှေ့တွင် ဟောင်ဖွာဟောင်ဖွာနှင့် သူအလုပ်အလွန်လုပ်ကြောင်းပြသည်။ သို့သော် ဆိုဒ်ထဲတွင်မူ
အလွန်တွေ့ရခဲလှ၏။ တစ်ခါတစ်ရံ ဆေးလိပ် သောက်သော Smoking shed ၌တွေ့ရတတ်သည်။ အခါများစွာ
သူဘယ်ရောက်နေမှန်း မည်သူမှမသိပါ။ ကျွန်တော့်မှာမူ ကိုယ်နှင့် တိုက်ရိုက်မပတ်သက်၊ အနေသာကြီးမို့
မသိချင်ယောင်ဆောင်နေပါသည်။ သို့သော် ကျွန်တော့်မန်နေဂျာဖြစ်သူ မယ်လ်ဘင်းကိုမူ သည်အကြောင်း
ပြောပြထားသည်။
လုပ်ငန်းခွင်
အန္တရာယ်ကင်းရှင်းရေးအရာရှိ (Safety Officer) များမှာမူ မကြာခဏ ဟောတစ်ယောက်၊ ဟောတစ်ယောက်
ပြောင်းနေတာတွေ့ရသည်။ ဘာ့ကြောင့်လည်းတော့ သေသေချာချာမသိပါ။ ကျွန်တော်ရောက်ခါစက
Safety Officer မှာ Lee ဖြစ်၏။ တစ်မနက်တွင် အလုပ်လုပ်ခွင့်ပါမစ်ကိစ္စနှင့်ပတ်သက်ပြီး
ဂျေဗီမှ safety က သဟောက်သဟာနှင့် ပါမစ်စာရွက်ကို ဖြဲပစ်သည်။ Tool Box Meeting မှ လူအများရှေ့တွင်ဖြစ်၏။
သည်တွင် Lee ကလည်း အားကျမခံ ကျန်ပါမစ်အားလုံးကို ဆုတ်ဖြဲလွှင့်ပစ်လိုက်ပါသည်။ ဂျေဗီက
ကောင်မှာ ဘာမှပြန်မပြောသော်လည်း ရှူးရှူးရှားရှားဖြင့် ပြန်ထွက်သွား၏။
ထိုနေ့နေ့ခင်း
စည်းဝေးပွဲအပြီး Lee မှာ မျက်စိမျက်နှာပျက်လျှက် ပြန်ရောက်လာ၏။ မျက်လုံးများနီရဲစွတ်စိုနေသဖြင့်
မျက်ရည်ကျ လာသည်ဟုပင် ထင်ပါသည်။ မနက်ကကိစ္စနှင့်ပတ်သက်ပြီး ဂျေဗီက သူ့ကို မည်မျှဖြဲလွှတ်လိုက်သည်မသိ။
ပြန်ရောက်ရောက်ချင်း မန်နေဂျာ အခန်းအတွင်းဝင်သွားပါသည်။ ပြန်ထွက်လာတော့ အထုပ်အပိုးပြင်ကာ
ပြန်မည်ပြု၏။ ဘာဖြစ်တာလဲဟု ကျွန်တော်မေးတာကိုပင် ဘာမှ ပြန်မဖြေပါ။ ဘိုင့်ဘိုင် ဟုဆိုကာ
ကသောကမြောထွက်သွားပါသည်။ ယနေ့ထိ နောက်ထပ် သူနှင့်တစ်ခါမှ မတွေ့ရတော့ပါ။ သည်လိုပြဿနာ
မျိုး များစွာတွေ့ရပါသည်။ ကျွန်တော်ကြုံခဲ့ရသော ပြဿနာများကို နောက်ပိုင်းပြောပြပါမည်။
Tool
Box ကို မြန်မာပြန်ရလျှင် လက်နက်သေတ္တာ ဟု အဓိပ္ပါယ်ရပါသည်။ meeting မှာမူ စည်းဝေးပွဲဖြစ်၏။
ထို့ကြောင့် မြန်မာပြည်မှလူများကိုသာ ဘာသာပြန်ခိုင်းရလျှင် Tool Box Meeting ကို လက်နက်သေတ္တာစည်းဝေးပွဲဟု
ဘာသာပြန်မည် မုချဖြစ်၏။ ဤသည်မှာ ပြောစရာမရှိသဖြင့် အားအားလျားလျား လျှာအရိုးမရှိတိုင်း
လျှောက်ပြောခြင်းမဟုတ်ပါ။ တကယ့်ကို ဤအတိုင်းဘာသာပြန် ထားတာ လက်တွေ့မျက်တွေ့ကြုံခဲ့ရဖူးခြင်းကြောင့်
ပြောခြင်းဖြစ်သတည်း။ သည်အကြောင်း နောက်ပိုင်းတွင် အသေးစိတ်ပြောပြပါမည်။
Tool
Box Meeting ဟူသည်မှာ နေ့တစ်နေ့၏ အလုပ်မစမီ၊ လုပ်ငန်းခွင်မ၀င်မီ အလုပ်သမားများကို သည်ကနေ့
ဘာတွေ လုပ်မည်။ သည်လိုလုပ်ရာတွင် မည်ကဲ့သို့သော အန္တရာယ်များရှိသည်။ ဤအန္တရာယ်များမဖြစ်အောင်
မည်ကဲ့သို့ကာကွယ်ရမည်။ မည်ကဲ့သို့ သော စည်းမျဉ်းစည်းကမ်းများကို လိုက်နာရမည်။ ယမန်နေ့က
လုပ်ငန်းခွင်တွင် မည်ကဲ့သို့သော အန္တရာယ်များကြုံခဲ့ရသည်။ ဤကဲ့သို့ မလုပ်သင့်။ မည်ကဲ့သို့လုပ်သင့်သည်
စသဖြင့် တစ်နေ့တာ လုပ်ငန်းတာဝန်များနှင့် လုပ်ရာတွင် အန္တရာယ်ကင်းအောင် မည်ကဲ့သို့ လုပ်သင့်
သည် ဆိုသည့်အကြောင်းများကို စူပါဗိုက်ဆာများ၊ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးအရာရှိများ
(Safety Supervisor, Safety Coordination, Safety Officer) စသည်တို့က ပြောပြခြင်း ဖြစ်ပါသည်။
သို့သော်လည်း
သိကြသည့်အတိုင်း ဟ၊ ငါတို့တော့ ဒါတွေသိထားမှ
ဖြစ်မကွ၊ မဖြစ်မနေသွားတက်မှ ဖြစ်မယ်။ ဒါ၊ ငါတို့အတွက် အရေးကြီးတယ်၊ ဒါတွေမသိရင် ငါတို့အတွက်
အန္တရာယ်ရှိတယ် ဟုများ တွေးတောစဉ်းစားကာ စိတ်ပါလက်ပါလာတက်သူ ဘယ်နှဦး ရှိပါ သနည်း။
တစ်ယောက်မှ မရှိပါ။ အောက်ကပုံမှာ လုပ်ငန်းခွင်မ၀င်မီ ကျွန်တော် TBM ပေးနေပုံ ဖြစ်ပါသည်။
အောင်မယ်၊ အများသားဟ ဟု အထင်မကြီးပါနှင့်။ ပျက်ကွက်သူများသဖြင့် တစ်ရက်ပျက်လျှင် တစ်နာရီဖြတ်မည်ဟု
ဝမ်နင်ထုတ်ထားသဖြင့် လာကြခြင်း ဖြစ်ပါသည်။ ဒါတောင် ပျက်မြဲပျက်နေကြသေးသဖြင့် နောက်တော့
တစ်ရက်ပျက်ပါက တစ်ဆယ်ဖြတ်မည်ဟု ပြန်ပြင်လိုက်ရလေ၏။ TBM တက်သူများ စာရင်းကို ကျွန်တော်က
နေ့တိုင်းစာရင်းပြုစုကာ စနေနေ့တိုင်း ရုံးသို့တင်ရသည်။ ပျက်သူများကို ရုံးက လစာမှ ဖြတ်သည်။
အီးစီစီပရောဂျက်တွင် ဂျပန်က မိန်းကွန်းဖြစ်လေရာ သူတို့စနစ်အား
စင်ကာပူတွင်း အတင်းသွပ်သွင်းရန် ကြိုးစားလေတော့၏။ ထိုအထဲတွင် မနက်စောစော အလုပ်မစမီလုပ်ရသော
Took Box Meeting ၌ သွေးပူလေ့ကျင့်ခန်း လုပ်ခိုင်းခြင်းသည်လည်း တစ်ခုအပါအ၀င် ဖြစ်၏။
သူတို့ဂျေဗီရုံးရှေ့တွင်လည်း ရှိရှိသမျှ၊ အရာထမ်း၊ အမှုထမ်းအားလုံးထွက်ကာ လေ့ကျင့်ခန်းလုပ်ရသည်။
သူတို့ကတော့ ရှေ့ဆုံးတွင် ဆောင်းဘောက်စ်ချကာ တီးလုံးဖွင့်လျှက် လုပ်ကြခြင်းဖြစ်၏။ အာ
- ဘယ်ကလာ နည်းပြရနေမလဲဗျာ။ ရှေ့ဆုံးကလူလုပ်တာ ကြည့်ပြီး သူ့နောက်က လူတွေက လိုက်လုပ်။
နောက်ကလူတွေက သူတို့ရှေ့ကလူတွေလုပ်တဲ့အတိုင်း လိုက်လုပ်။ ရှေ့ကလူတွေ ကုန်းဆိုကုန်း။
ရှေ့ကလူတွေ ကွဆို ကွပေါ့။
သို့သော်လည်း
လူပေါင်း ၄-၅၀၀ လောက်ရှိလေရာ ပညာတတ်သူလည်းပါ။ မတတ်သူလည်းပါ။ ယခင်က လေ့ကျင့်ခန်းလုပ်ဖူးသူ
လည်းရှိ။ မလုပ်ဖူးသူလည်း မနည်းလှ။ အချို့မှာလည်း စိတ်ပါလက်ပါကုန်း၏။ အချို့ကျတော့ မတတ်သာလို့လုပ်ရသော်လည်း
စိတ်ပါလို့ မဟုတ်။ ထို့ကြောင့် ကုန်းတာအောင် အဖြစ်ပဲကုန်းသည်။ ထို့ပြင် ကြည့်လုပ်တာပေမင့်
ရှေ့ဆုံးကလူလုပ်တာကို နောက်ကလူ လိုက်လုပ်ရာ မှာ နည်းနည်းလွဲ၊ သူ့နောက်ကလူကထပ်လွဲ။ ဟို့နောက်ဆုံးလူသို့ရောက်သောအခါ
ရှေ့ဆုံးမှလူလုပ်ပြတာနှင့် ဘာမှ မပတ်သက်တော့၊ လုံးလုံးလွဲလေတော့၏။
ကျွန်တော့်မှာ ကျွန်တော်တို့ရုံးရှိရာ အပေါ်ထပ်ရံတာမှနေပြီး သူတို့လုပ်နေတာကြည့်ခါ
တစ်ကိုယ်တည်း ငါးသလောက်ပြုံး၊ ပြုံးမိပါ ၏။ အင်း၊ မြတ်စွာဘုရားဟောခဲ့တဲ့ ပုထုဇနော၊
ဥမ္မတ္တကောဆိုတာ ဒါမျိုးကိုများ ခေါ်တာလား ဟု ကိုယ့်ကိုယ်ကိုယ့် မေးခွန်းထုတ်နေမိ ပါသည်။
ဂျပန်တွေကတော့ မနက်စောစော အလုပ်မလုပ်မီ အကြောအချင်တွေ လျော့သွားအောင် အိပ်ချင်မူးတူးဖြစ်နေသေးရင်တောင်
အိပ်ချင်စိတ်တွေပျောက်ပြီး လန်းလန်းဆတ်ဆတ် ဖြစ်လာအောင် လုပ်ပေးတာနေမှာဘဲ။ သို့ပေသိ
သည်လူ ၅၀၀ လောက်မှာ သူတို့ ရည်ရွယ်သလိုဖြစ်မည့်သူ ဘယ်နှဦး ရှိပါမည်နည်း။ သူရို့ဂျပန်တွေနှင့်
အနောက်ဖက်မှ ကိုအဖြူများကတော့ သေသေချာချာ လုပ်ကြ၊ တကယ် အကြောအချင်လျော့ကြပါလိမ့်မည်။
ကျွန်တော်တို့ အရှေ့တောင်အာရှမှ လူများကတော့ သိတော်မူကြသည့်အတိုင်း၊ ဘာမှ မပြောသာလို့သာ
လုပ်ရသည်၊ အဖြစ်ပဲလုပ်ကြတာများပါသည်။
TBM ကို ဆီလျော်အောင်ဘာသာပြန်ရန် ကျွန်တော်စဉ်းစားဆဲပင်ဖြစ်ပါသည်။ စိတ်ကြိုက်မရသေးပါ။
TBM လုပ်တာ ကောင်းပါ သည်။ အားသာချက်များရှိ၏။ သည်နေ့ဘာလုပ်မည်။ ဘာအစီအစဉ်တွေရှိသည်။
ဘာတွေသူတို့လိုက်နာရမည် စသည်တို့အား လူအားလုံးကို တစ်ထိုင်တည်းနှင့် အားလုံးပြောပြလိုက်နိုင်သည်။
ထို့ပြင် အလုပ်သမားများဘက်မှ ပြန်လည်တင်ပြစရာရှိလျှင်လည်း သည်နေရာတွင် လွတ်လွတ်လပ်လပ်
တင်ပြနိုင်သည်။ ရုံးမှညွှန်ကြားချက်တစုံတရာ ပေးလာလျှင်လည်း သည်နေရာတွင် ပြောပြလိုက်နိုင်သည်။
အရေးကြီး သော သတင်းပလင်းများကိုလည်း သည်နေရာတွင် အားလုံးသို့ပြောပြလိုက်နိုင်သည်။ ဥပမာ
- ဒီကနေ့ ငါတို့ပရောဂျက်က အရေးပေါ်စမ်း သပ်မှု လုပ်လိမ့်မယ်။ ဒီတော့ အရေးပေါ်ဥသြဆွဲသံကြားရင်
မင်းတို့ ဘာတွေလုပ်ရမယ် စသဖြင့် ဖြစ်၏။
ဤတွင် အလျဉ်းသင့်၍ပြောရလျှင် ကျွန်တော်တို့ မြန်မာပြည်မှ လုပ်ငန်းခွင်များ၌လည်း
ဤကဲ့သို့သော TBM များ ရှိလာစေရန် ဆန္ဒဖြစ်မိပါသည်။ အများစုကတော့ ကြိုက်ချင်မှကြိုက်ပါလိမ့်မည်။
အဘယ်ကြောင့်ဆိုသော် TBM ကို အချိန်မှန်လုပ်သည်ဖြစ်ရာ အလုပ်ချိန် နောက်ကျလို့မရ။ ထိုမျှသာမက
TBM ဟူသည် အလုပ်မစမီ နာရီဝက်ခန့်ကြိုလုပ်လေ့ရှိသည်ဖြစ်ရာ TBM မီအောင်သာလာရမည်ဆိုပါက
အနည်းဆုံး နာရီဝက်စောရောက်အောင် လာရမည် ဖြစ်ပေသည်။ နောက်ကျချင်သာ ကျရမည်။ အလုပ်ကို
နာရီဝက်စောလာရမည်ဆိုခြင်း အား မည်သူသည် ၀မ်းမြောက်ဝမ်းသာ ကြိုဆိုပါမည်နည်း။ အားလုံးနှုတ်ခမ်းမဲ့ကြမည့်သူချည်း
ဖြစ်လေသည်။ ထို့ကြောင့် ကျွန်တော်ကသာ မြန်မာပြည်လုပ်ငန်းခွင်များတွင် TBM ကို မဖြစ်မနေလုပ်ကြရန်
ဥပဒေထုတ်ပါ။ မလုပ်သူများအား တင်းတင်းကြပ်ကြပ် အရေးယူပါဟု အဆိုတင်သွင်းပါက တမလွန်သို့ရောက်ရှိနေပြီဖြစ်သော
ကျွန်တော့်မွေးသမိခင်မှာ နေ့တိုင်းခေါင်းကြိမ်းနေရကိန်း ရှိပေသည်။
(၉၆) လာမနိတ်လုပ်ခြင်း (Lamination)
ထို့ပြင်ပိုက်မှာ စက်ဝန်းပုံဖြစ်၏။ သို့သော် တကယ့်တကယ်ကျ စက်ဝန်းအတိုင်း လုံးဝကွက်တိဖြစ်နေအောင် ထိန်းထားဘို့မလွယ်။ အနည်းငယ်တော့ ဘဲဥပုံဖြစ်နေသည်။ သည်တော့ ပိုက်များကိုဆင်ရာတွင် သံချောင်းများ သစ်သားချောင်းများအား ဟိုက်ဒြောလစ်ဂျက်နှင့် ကန်ကာ ၀ိုင်းအောင်ပြန်လုပ်ရသေးသည်။
လာမနိတ်လုပ်ရာတွင်
အာရုံများ၍မရ။ မိမိလုပ်နေသောအလုပ်တွင် သမာဓိကောင်းကောင်းနှင့် လုပ်ရသည်။ ဟိုတွေးဒီတွေး
တွေးနေလျှင် ကောင်းကောင်းဒုက္ခများမည်။ လာမနိတ်လုပ်ရာတွင် ရီဇင်နှင့် ကက်တလစ်တို့ကို
၁၀၀း ၁ နှင့်စပ်ရကြောင်း ပြောခဲ့ပြီ။ ဤအချိုးကိုမှားလို့မရ။ နည်းလျှင် မခြောက်။ များလျှင်
အခြောက်မြန်မည်။
ပိုက်ကြီးများကို
လာမနိတ်လုပ်ရာတွင် ပိုက်အကြီးအသေးကိုလိုက်၍ အနည်းဆုံး နာရီဝက်မှ ၄၅ မိနစ်ထိ ကြာသည်။
လာမနိတ် လုပ်နေစဉ် ကော်ခြောက်လို့မဖြစ်။ တစ်ဝက်တစ်ပျက်နှင့်ကော်ခြောက်လျှင် သေပြီဆရာ။
သည်တော့ ကော်စပ်အလွန်အရေးကြီးသည်။ ကော်စပ်နေတုံး တောင်တွေး၊ မြောက်တွေးတွေးနေသဖြင့်
ကက်တလစ်ထည့်မိမှန်းမသိ၊ မထည့်မိမှန်းမသိ။ ထည့်ပြီးသားကို မထည့်ရသေး ဘူးအထင်နှင့်ထပ်ထည့်လျှင်
ကော်ခြောက်ရမည့်အချိန်မတိုင်မီ ခြောက်မည်။ မထည့်ရသေးတာကို ထည့်ပြီးပြီမှတ်လို့ မထည့်တော့လျှင်
ကော်မခြောက်တော့။ နောက်ပြီး ကော်စပ်သည်ဆိုရာတွင် တစ်ပုံးတစ်လေစပ်ရတာမဟုတ်။ ပိုက်ကအကြီးကြီးဖြစ်သဖြင့်
ကော်ပုံးများစွာ စပ်ရသည်။ သည်တော့ စပ်လိုက်သည့် ခွက်တိုင်းမှာ အချိုးအစားမှန်နေရန်
အလွန်အရေးကြီးလေသည်။
တစ်ခါကပိုက်အဆက်တစ်ခု မစိုမခြောက်ဖြစ်နေသည့်ပြဿနာတစ်ခု ကြုံခဲ့ရသည်။ ကော်မခြောက်တော့
အကုန်ပြန်ခွာထုတ် ရသည်။ ပြန်ခွာထုတ်သည်ဆိုခြင်းမှာ လွယ်လှသောအလုပ်မဟုတ်ပါ။ ခြောက်နေသောအပိုင်းက
ကျောက်စက်စားပစ်လိုက်လို့ရသည်။ လွယ် ပင်မလွယ်စေကာမူ တော်သေးသည် ဆိုရမည်။ သို့သော် မစိုမခြောက်ဖြစ်နေသောအပိုင်းကို
ဖြတ်ထုတ်ဘို့ကတော့ အင်မတန်ခက်ခဲ ပင်ပန်း လှပေသည်။ ထိုစဉ်က ပြဿနာတက်သောပိုက်မှာ ၂.၇
မီတာပိုက်မဟုတ်။ ၂.၂ မီတာထင်ပါသည်။ သို့သော် အလုပ်သမားကလေးများ အသည်းအသန် ကျောက်စက်တိုက်၊
စူးများဆောက်များဖြင့်ဖြတ် လုပ်တာတောင် တစ်ပတ်လောက်ကြာသည်။ အာ့ဒ်ကိုလည်း ဆောက် တစ်လက်နှင့်
ဖြတ်ထုတ်နေတာ တွေ့ရ၏။ အလုပ်သမားကလေးများမှာ အလွန်သနားစရာကောင်းပါသည်။ သည်ဖိုက်ဘာအမှုန်များမှာ
အလွန်ယားသည်။ ခွေးလပွေးသီးကိုင်ဖူးသူများတော့ သိပါလိမ့်မည်။ ဖိုက်ဘာမှုန်ယားခြင်းမှာ
ခွေးလပွေးသီးယားတာထက် ဆိုးပါသည်။ နောက်ပြီး ခဏကလေးလုပ်ရတာမဟုတ်။ တစ်နေ့လုံး ကျောက်စက်တိုက်ရခြင်းဖြစ်ရာ
စဉ်းစားကြည့်ရုံမျှနှင့်ပင် ကြက်သီးထစရာကောင်းပါ သည်။
ယခင်က ယူနီယမ်အလွိုင်းမှ ဖိုက်ဘာပိုက်လိုင်းများကို ဂျူရောင်းအိုင်းလင်းတွင်ဆင်ရာ
ပိုက်လိုင်းသိပ်မကြီးသဖြင့် အခြားသူများ မခေါ်ဘဲ ကျွန်တော်တို့ ကိုယ့်ဟာကိုယ် ဆင်ပါသည်။
ကျွန်တော်လည်းသည်လို လာမနိတ်အဆက် မစိုမခြောက်နှင့်ကြုံဖူးပေါင်း များလှပါပြီ။ ထိုအဆက်များကိုလည်း
ကိုယ်တိုင် ကျောက်စက်တိုက်ခဲ့ဖူး၏။ ထို့ကြောင့် ထိုဒုက္ခကို နဖူးတွေ့ဒူးတွေ့ ကြုံတွေ့ခဲ့ဖူးပြီ။
သည်ဒုက္ခမျိုးဆိုတာ စာဖြင့်ရေးပြရုံဖြင့် သိနိုင်တာမဟုတ်။ ဥပမာ - ဟိုအကောင်မီးဖွားတုံးက ငါ့မှာ ဗိုက်နာလိုက်တာဟယ်၊
သေတောင်သေလိုက်ချင်တယ် - ဟု ဆိုသည်ကို မည်သို့နာမှန်းစာဖြင့် ရေးပြ၍ မရနိုင်သကဲ့သို့တည်း။
ဘာလုပ်လုပ် အန္တရာယ်၊ အထူးသဖြင့် အသက်အန္တရာယ်မဖြစ်ဘို့ အရေးကြီးသည်။ လူတွင်အသက်ထက်
ပိုပြီးတန်ဘိုးရှိတာ ဘာရှိပါသနည်း။ အသက်အန္တရာယ်ဆိုရာတွင်လည်း ခုချက်ချင်း သေလောက်သည့်အန
္တရာယ်အပြင် ခုမသေသေးသော်လည်း နောင် သိပ်မကြာသောကာလတွင် သေမှာကိုပါ ထည့်စဉ်းစားဘို့လိုသည်။
လူ့ခန္ဓာကိုယ်ကို မည်သည့်စက်ကိရိယာဖြင့် အစားထိုးနိုင်ပါသနည်း။ အဲလေ- ခြေတု၊ လက်တု၊
မျက်လုံးတု တပ်လို့ရချင်ရမည်ပေါ့။ သို့သော်အတုသည်အတုသာဖြစ်ပြီး အစစ်မဟုတ်ပါ။ ကျွန်တော်သည်ပင်လျှင်
အောက်သွားတစ်ချောင်း နှုတ်လိုက်ရသဖြင့် သွားအတု အရှင်လုပ်လိုက်ရာ ပါးစပ်ထဲအဆင်မပြေသဖြင့်
ချွတ်ထားရတာများပါသည်။
သို့အတွက်
အလုပ်လုပ်ရာတွင် ခန္ဓာကိုယ်ကို မထိခိုက်အောင်၊ ကျန်းမာရေးကို မထိခိုက်အောင် အကာအကွယ်များ
လုပ်ထားရ မည်။ Safety ဆရာကြီးများတော့ Management Control, Engineering Control စသည်ဖြင့်
ပြောပါ၏။ PPE (Personal Protective Equipment) ကိုနောက်ဆုံးမှာထားသည်။ သို့ရာတွင် ကျွန်တော်မြင်တာကတော့
PPE သာလျှင် ရှေ့ဆုံးမှအမြဲ ဖြစ်နေပါ၏။ သို့အတွက် ယခု PPE အကြောင်း မိတ်ဆွေတို့သိအောင်
ပြောပြပါမည်။
လာမနိတ်လုပ်ရာတွင်
ဖိုက်ဘာဂလပ်စ် အ၀တ်စများသုံးရကြောင်း ပြောခဲ့ပြီ။ သုံးသောအစတွင် သုံးမျိုးရှိ၏။ အောက်ဆုံးတွင်
C veil ခေါ် အပါးစကလေးဖြင့် အုပ်ပေးရသည်။ C Veil မှာ အမျိုးသမီးများအသုံးအဆောင်ဖြစ်သည့်
ပုဝါပါးပါးကလေးနှင့်ဆင်သည်။ သို့သော် သူက ပိုပါးသည်။
ထိုအပေါ်မှ ချော့မက် (Chop Strand Mat) အုပ်သည်။ ပြီးလျှင် ကွန်ဘိုမက်
(Convo Mat) သို့မဟုတ် ၀ူးဗဲန်ရိုဗင် (Woven Roving) တို့ဖြင့် လိုသည့်အထူရအောင် သတ်မှတ်ထားသော
အစီအစဉ်အတိုင်း ထပ်သွားသည်။ အလွှာတိုင်းတွင် ကော်သုတ်ပေးသည်။
ကော်စပ်ရာတွင် ရီဇင်ကို လီတာခွက်များဖြင့်ချင်ပြီး ကက်တလစ်ကိုမူ စီစီ (CC – Cubic Centimeter) အမှတ်အသားများပါသည့် ကက်တလစ်ချင်သည့်ခွက်ဖြင့် ချင်တွယ်သည်။ စပ်ရာတွင်မူ တုတ်ခပ်ရှည်ရှည်တစ်ချောင်းဖြင့် မွှေသည်။ ပိုနေသော သို့မဟုတ် အနည်းငယ် မျက်နှာပြင်တင်းသွားသော ကော်များကိုသွန်ရန် ပလတ်စတစ်ပုံးကြီးတစ်ခုလည်း အရံသင့်ထားရသည်။ ကော်စပ်ရင်း ခဲသွားသော ကော်ခဲ များကိုပစ်ရန် သုံးထပ်ပြားသား သို့မဟုတ် တိုင်ကီကိုထက်ပိုင်းဖြတ်ထားသော သံပုံး၊ သံကန်များလည်း အဆင်သင့်ပြင်ထားရပါသည်။
ဤတွင်
အလျဉ်းသင့်သဖြင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးအကြောင်းပါ အနည်းငယ်ထည့်ပြောပြစေ။ သို့သော်
စာဖတ်သူတို့ကို အားနာသောအားဖြင့် နည်းနည်းပဲ ပြောပါမည်။ သည်းခံဖတ်ပါခင်ဗျား။
သဘာဝပတ်ဝန်းကျင်က
ကျွန်ုပ်တို့ကို စားစရာ၊ ၀တ်စရာ၊ နေစရာများ ဖန်တီးပေးထားသည်ဖြစ်ရာ သဘာဝပတ်ဝန်းကျင်ကို
ကျွန်ုပ်တို့ ကျေးမစွပ်သင့်။ သို့ဆိုလျှင် အဘယ်ကို ကျေးစွပ်သည်ခေါ်ပါသနည်း။ သဘာဝပတ်ဝန်းကျင်ကို
ပျက်စီးအောင်ပြုမူလုပ်ကိုင်တာ၊ ပြောဆိုတာ၊ ကြံစည်တာမှန်သမျှ သဘာဝပတ်ဝန်းကျင်ကို ကျေးစွပ်သည်မည်၏။
အဘယ်ကဲ့သို့ ပတ်ဝန်းကျင်ကို ပျက်စီးအောင်ပြုနေကြ သနည်း။ သိလျှက်နှင့်သော်လည်းကောင်း၊
မသိဘဲလျှက်သော်လည်းကောင်း ဖျက်ဆီးကြသည်။ ယခုခေတ်တွင်မူ သိလျှက်နှင့် မသိချင်ယောင်ဆောင်ကာ
ဖျက်ဆီးသူ၊ ၀ိသမလောဘသားများက ပိုများပါသည်။
ဤသူများတွင်
စက်ရုံမှရေဆိုးများကို ချောင်း၊ မြောင်း၊ မြစ်များအတွင်း အထိန်းအကွပ်မရှိ စွန့်ပစ်ခြင်း၊
တောများကိုမီးရှို့ခြင်း၊ ပထွေးဖြစ်သူများ၏ အကာအကွယ်ကိုယူလျှက် သစ်လုံးများကို အဆမတန်ထုတ်ယူခြင်း၊
တောင်များကို အူအသည်းပြောင်းပြန်လှန်လျှက် ရွှေစသည့်အဖိုးတန်သတ္တုများ ထုတ်ယူကိုယ်ကျိုးရှာခြင်းတို့
ပါပါသည်။ ဤသည်မှာ နမူနာမျှပြခြင်းဖြစ်ပါ၏။
ယခု ဖိုက်ဘာပိုက်များလုပ်ရာတွင်
သုံးသည့်ပစ္စည်းများမှာ ရာနှုံးပြည့်ဓါတုပစ္စည်းများဖြစ်၏။ ထို့အတွက် ထိုပစ္စည်းများကို
ပစ်ချင်တိုင်းပစ်လို့မရ။ လာမနိတ်လုပ်ရာမှ ပိုသည့်ကော်များကို မြေကြီးပေါ်သည်အတိုင်း
သွန်လိုက်လျှင် ထိုပစ္စည်းများမှာ နှစ်ပေါင်း ရာထောင်ကြာသည့်တိုင် ကျေပျက်သွားနိုင်သော
ပစ္စည်းများမဟုတ်။ ၎င်းနှင့်ထိသည့် မြေသားသည် မူလအခြေမှ ပျက်ယွင်းသွားသည်။ ဓါတု ပစ္စည်းကြောင့်ပျက်သွားသည့်မြေကို
ပြန်ပြင်ဘို့ရာမလွယ်။ အဲလေ၊ ငါတော့ အက်စစ်တွေမြေကြီးပေါ် သွန်လိုက်မိပြီ။ သည်မြေကြီးကောင်း
လာအောင် ပြန်လုပ်မှဖြစ်မယ် ဟု မည်သူတွေးမိပါသနည်း။ လုပ်ဘို့ဆိုတာတော့ ဝေးစွခြောက်ပါး။
စင်ကာပူတွင်
အန္တရာယ်ရှိသောစက်မှုထွက် အမှိုက်များကို တင်ပို့ရန်၊ တင်သွင်းရန်၊ သယ်ဆောင်ရန် ဥပဒေရှိပါသည်။
Hazardous
Waste (Control of Export, Import and Transit) Act (Cap 122A) ဟုခေါ်၏။ ပစ်ချင်တိုင်းပစ်လို့မရ။
ထိုအမှိုက်များကို စွန့်ပစ်ခွင့်၊ ဖျက်ဆီးခွင့်လိုင်စင်ရှိသူများသို့သာ အပ်နှံရသည်။
ထိုလိုင်စင်ရထားသူများအား http://www.nea.gov.sg တွင်ကြည့်နိုင်ပါ သည်။ တစ်ဆက်တည်းပြောရလျှင် ပတ်ဝန်းကျင်ထိန်းသိမ်းရေး
ဥပဒေမှာ Environmental
Protection and Management Act (Cap 94A) ဖြစ်ပြီး ပြည်သူ့ကျန်းမာရေးဥပဒေမှာ
Environmental
Public Health Act (Cap 95) ဖြစ်ပါသည်။
ထို့ကြောင့်
လာမနိတ်လုပ်ရာမှ ထွက်လာသော အမှိုက်များအားလုံးကို သံအမှိုက်ကန်ကြီးအတွင်းပစ်ပြီး လိုင်စင်ရာ
အမှိုက် ကောက်သူများအား အကြောင်းကြားရသည်။
သို့ဖြစ်လေရာ လာမနိတ်လုပ်ရာတွင် သုံးသည့်ပစ္စည်းများမှာ
အားလုံး ဓါတုဗေဒစ္စည်းများချည်းဖြစ်၏။ စပ်ထားသောကော်မှာ ကျန်းမာရေးအတွက် အန္တရာယ်ရှိသည်။ အသားကိုထိလိုက်ပါက မီးစနှင့်ထိုးသကဲ့သို့
ပူသည်။ မျက်စိထဲဝင်ပါက ကန်းနိုင်သည်။ ထိုဆေးရည် မှထွက်လာသော အငွေ့ပင်လျှင် ကြာရှည်ထိလျှင်
မျက်စိမှုန်နိုင်သည်။ ထိုအငွေ့များကို ကြာရှည်ရှူမိပါကလည်း ကင်ဆာဖြစ်နိုင်သည်။ ထို့ကြောင့် လာမနိတ်
လုပ်သူများ၏ ကျန်းမာရေး၊ အန္တရာယ်ကင်းရေးကို အထူးတလည် စဉ်းစားရသည်။
အန္တရာယ်ကင်းရေးအတွက် စီမံခန့်ခွဲမှု၊ ခေတ်မီနည်းပညာနှင့်
အကာအကွယ်ပစ္စည်း (Management Control,
Engineering Control, PPE) သုံးမျိုးစလုံးသုံး၍ လုပ်ရသည်။ ဤသည်တို့ကို နည်းနည်းချင်းရှင်းသွားပါမည်။
ခ) အပေါ်ရုံအင်္ကျီ အေပရွန် (Apron)
ခ) အပေါ်ရုံအင်္ကျီ အေပရွန် (Apron)
လာမနိတ်လုပ်လျှင် ဓါတုဆေးရည်များသုံး၍လုပ်ရခြင်းကြောင့် ထိုဆေးရည်များနှင့် လူကိုယ်ခန္ဓာအစိတ်အပိုင်းတို့ထိတွေ့မှု နည်းနိုင်သမျှနည်းနိုင်အောင် ကာကွယ်ပေးရသည်။ ထိုအထဲတွင် အရေးကြီးသောပစ္စည်းတစ်ခုမှာ အပေါ်ရုံအင်္ကျီ - အေပရွန် (Apron) ဖြစ်၏။ အေပရွန်ကို ပလတ်စတစ်စဖြင့်လုပ်ထားသည်။ ထို့ကြောင့် ရေလုံသည်။ ဆေးရည်များမစိမ့်နိုင်။ ထိုဝတ်ရုံကို ခေါင်းမှသည် ခြေထောက် အုပ်သည်ထိ တစ်ဆက်တည်းချုပ်ထားသည်။
ထို့ကြောင့်
ဆေးရည်များစဉ်သည့်တိုင် ခန္ဓာကိုယ်ကို မထိနိုင်။ သို့သော် ပြဿနာမှာ အေပရွန်က ပလတ်စတစ်နှင့်လုပ်ထားသဖြင့်
လေမ၀င်နိုင်။ ထို့ကြောင့် ၀တ်ထားလျှင် အလွန်ပူသည်။ နေကပူတာတစ်မျိုး၊ ပိုက်ထဲမှာလုပ်ရလို့
ပူတာကတစ်သွယ်၊ ဒီကြားထဲ အေပရွန်ကြီး လည်း ၀တ်ထားရသေးဆိုတော့ အလုပ်သမားများမှာ နွေနေ့လည်
မီးလှုံနေရဘိသကဲ့သို့ ဖြစ်တော့သည်။ သည်တော့ Safety များကို ကြောက်လို့သာ ၀တ်ရသည်။ လစ်လျှင်
လစ်သလို ချွတ်ထားတတ်ကြ၏။
ဂ) မျက်နှာအကာ ဖေ့စ်ရှီးလ်ဒ်(Face Shield)
နောက်အရေးကြီးသည့်ပစ္စည်းမှာ မျက်နှာအကာ ဖေ့စ်ရှီး (Face
Shield) ဖြစ်သည်။ ပလတ်စတစ်နှင့် ပြုလုပ်ထား၏။ လာမနိတ်လုပ်ရာတွင် မျက်နှာကို ဆေးရည်များစဉ်နိုင်သည်။
ထို့ကြောင့် ဖေ့စ်ရှီးတပ်ထားရသည်။ သို့သော်လည်းလေ အပြောကတော့ လွယ်တာပ။ ဒါပေသိ၊ လက်တွေ့မှာ
ထင်သလောက်မလွယ်ပါ။ အဘယ်ကြောင့်ဆိုသော် ဆေးမှုန်များမှာ မှန်သို့လာကပ် သဖြင့် တပ်ဆင်ပြီး
သိပ်မကြာမီပင် မှန်များမှာ ၀ါးသွားတော့၏။ ထိုအခါ ကြည့်လို့ မကောင်း တော့။ ကြည့်မကောင်းသည့်အခါ
လူလစ်သည်ဆိုလျှင် သည် ဖေ့စ်ရှီးကို ချွတ်ထားလိုက်ကြ တော့သည်။
မိတ်ဆွေများစဉ်းစားကြည့်ကြပါခင်ဗျား။
သည် ဖေ့စ်ရှီးဝတ်ပြီး လာမနိတ်လုပ်လျှင် နှစ်ရက်သုံးရက်အတွင်း ဖေ့စ်ရှီးများမှာ ဆေးကြောင့်မှုန်ဝါးသွားသည်။
သို့ဆိုလျှင် သည် ဖေ့စ်ရှီး မတပ်လျှင်ကော။ ရှင်းပါသည်။ ဆေးမှုန်များမှာ မျက်နှာ၊ မျက်လုံး၊
နှာခေါင်း၊ ပါးစပ်များအတွင်း အတားအဆီးမရှိ စွတ်ဝင်ကုန်ကြမည် မဟုတ်ပါလော။ အင်မတန် အန
္တရာယ်များပါသည်။ ဒါဖြင့် မှုန်နေတဲ့မှန်ကို ဘာကြောင့်အသစ်မလဲခိုင်း
သလဲဗျာ ဟု မေးပါ။ လဲချင်သပ ခင်ဗျာ။ ဒါပေသိ။ သူဌေးဆိုတဲ့လူမျိုးဆိုတာ သိတယ်မဟုတ်လား။
တစ်ပြားကို နှစ်ပြားမှတ်လို့ခွာနေ ဆိုကိုး။ သည်တော့ ဘဘကြီးခင်ဗျာ။ ကျွန်တော်တို့ ဖေ့စ်ရှီးတွေမှုန်ကုန်ပါပြီ။
အသစ်ထုတ်ပေးပါအုံး လို့ နှစ်ရက်တစ်ခါ၊ သုံးရက်တစ်ခါ လူလေးငါး ဆယ်လောက်က တောင်းနေရင်။
ဒါပေမဲ့ပေါ့လေ။ ဘဘကြီးဆီတော့လဲ ဘယ်သွားတောင်းမလဲ။ ပစ္စည်းထိန်း (Material
Controller) ဆီ သွားထုတ်မှာပေါ့။ ၃ ရက် လောက်ကို ဖေ့စ်ရှီးအခု ၅၀ လောက်ထုတ်ပေးနေရရင်
တစ်လဆိုရင် အားပါး။ သည် ပစ္စည်းထိန်းမှ အဆဲမခံရ လျှင် မည်သူအဆဲခံရမည်နည်း။
သည်တော့
စတိုကိုင်တဲ့လူကလည်း သူအဆဲမခံရခင် လာထုတ်တဲ့ ကောင်လေးတွေကို ဆဲလွှတ်မည်။ ဟင် - ကာနီနာ။ ဟိုနေ့ကမှ အသစ်ထုတ်သွားတယ်။ ခုလာထုတ်ပြန်ပြီ။
သွား၊ မပေးနိုင်ဘူး။ သည်တော့ မည်သူသည် အဆဲခံ၊ အဆိုခံလျှက် မကြာခဏ ထုတ်ချင်ပါမည်နည်း။
ဤသည်မှာ
ဟာသမဟုတ်ပါ။ ကျွန်တော်တကယ်လက်တွေ့မျက်တွေ့ အီးစီစီတွင် ကြုံခဲ့ရခြင်းဖြစ်ပါသည်။ သည်ကိစ္စ
တာဝန် အရှိဆုံးမှာ ကျွန်တော်ဆိုလျှင် မမှားပါ။ ကျွန်တော်က အလုပ်သမားများနှင့်ရော ပစ္စည်းထိန်းနှင့်ပါ
ရင်းနှီးပါသည်။ သို့သော် ပစ္စည်းထိန်း ကရော၊ ဘာများတတ်နိုင်ပါမည်နည်း။ သည်တော့ ကျွန်တော်က
ဖေ့စ်ရှီးများကိုစစ်ကာ ကြည့်လို့ရသေးလျှင် သူတို့ကို အကျိုးအကြောင်း ရှင်းပြလျှက် တပ်ခိုင်းပါသည်။
သိပ်အခြေအနေဆိုးသည့် ဖေ့စ်ရှီးများကိုမူ ကျွန်တော်ကိုယ်တိုင် လဲပေးပါသည်။ ကိုယ်နှင့်မဆိုင်သော်လည်း
ကြားထဲက အကျိုးဆောင်ပေးရခြင်း ဖြစ်၏။ ကျွန်တော့်ကိုတော့ ပစ္စည်းထိန်းက ဘယ်ဆဲလိမ့်မတုံး။
ကျွန်တော်တို့တောမှာလား။ ဘယ့်နဲ့လက်အိတ်ရပါ့မလဲ။ ကြားတောင်မကြားစဘူး။ ပိုးသတ်ဆေးသောဘာသော နားမလည်။ သည်အတိုင်း ကိုင်ကြရတာဖြစ်သည်။ ဒါဖြင့် ပိုးသတ်ဆေး ကိုင်ပြီး လက်ကိုရော ဆပ်ပြာနဲ့ဘာနဲ့ သေသေချာချာဆေးပါသလား။ မင်းနှယ်ကွာ - ကြံကြံဖန်ဖန်၊ တောထဲမှာပါဆိုမှ ဘယ်ဆပ်ပြာရမတုံး။ အိုကွာ၊ ရေတောင် ရှိချင်မှရှိတာ။ ဒီတော့ ဘယ်ပိုးသတ်ဆေး တွေဘာတွေ ရှောင်နေနိုင်မလဲ။ ဆေးဖြန်းပြီးလဲ၊ ဒီအတိုင်း ထမင်းကြိတ်ရတာပဲ လကွ - ဟု ပြန်ဖြေပါ လိမ့်မည်။
ဓါတုဗေဒဆေးရည်များကို
ကိုင်ရန်အတွက် ရာဘာလက်အိတ်အထူ ရှိပါသည်။ ဤ လက်အိတ်မှာမူ ကြာရှည်ခံသဖြင့် သိပ်ပြဿနာမရှိလှပါ။
ဝတ်ရတာလည်း သက်တောင့်သက်သာ ရှိပါသည်။ လက်အိတ်မပါဘဲ သည်ဆေးကို ဘယ်လိုမှကိုင်လို့မဖြစ်။
သည်တော့ လက်အိတ်ဝတ်ဘို့ တော့ အထွေအထူး ပြောစရာမလိုပါ။ လူတိုင်းဝတ်ကြသည်။ သို့သော် လက်အိတ်က
ချွတ်ရ၊ စွပ်ရ သိပ်မလွယ်။ နောက်ပြီး ဆေးရည်ကိုင်လိုက် ဖျင်စကိုင်လိုက် ဆိုတော့ အဆင်ပြေစေရန်
အထဲ၌ ချည်လက်အိတ် တစ်ထပ် ထပ်ဝတ်ကြသည်။ ချည်လက်အိတ် နှင့်ဆိုလျှင် ချွတ်ရ၊ စွပ်ရလည်းလွယ်သည်။
တခြားဟာတွေကိုင်စရာရှိလျှင်လည်း ချည်လက်အိပ် စွပ်ပြီးသားမို့ ကိုင်ရတွယ်ရလွယ်သည်။
ဆက်ပါဦးမည်။
၂၂-၁၀-၂၀၁၂၊ ည ၁၀း၅၂ နာရီ
No comments:
Post a Comment