၆၊ ၃၊ ၃။ မြန်မာ ပညာရှိ ဦးကျော်ရန် ထုတ်ဘော်ပြောဆိုသော စကားများ
ရန်ကုန်မြို့၌ ကျင်းပပြုလုပ်သော
လထပ်ရက်ငင် စုံစမ်းရေးကော်မတီအဖွဲ့၏ အစည်းအဝေးတွင် (၁၅-၁၀-၃၈) ၁၃၀၀-ပြည့်နှစ် သီတင်းကျွတ်လပြည့်ကျော်
၇-ရက်နေ့ မန္တလေးမြို့ မြန်မာပညာရှိ ဦးကျော်ရန် ထုတ်ဘော်ပြောဆိုသော စကားများမှာ အောက်ပါအတိုင်း
ဖြစ်သည်။
ဥက္က၏ အမိန့်အတိုင်း ပဌမစပြီး တပည့်ကျော်
လျှောက်ထားလိုတာက မနေ့က ဦးဝေဒင်္ဂတ ကိုယ်တော်က ရက်ငင် ၀ါထပ်ကို တိုင်းပြည်အရှင်များက
ဆုံးဖြတ်သော်လည်း တရားနှင့်ညီမှသာ လိုက်နာဘို့ရန်ဆိုတော့ ချယ်ရာမင် ဥက္ကဋ္ဌ ကိုယ်တော်က
ဖြေဘို့ရန် အမိန့်ရှိပါတယ်။ ကျွန်တော်ကဖြေရန် မနေ့က သတိတော့ရပါရဲ့။ သို့သော်လည်း အစည်းအဝေးမှာ
ဆရာတော် ကျမ်းတတ်ပုဂ္ဂိုလ်ကြီးများ ရှိလေတော့ သူတို့သဘောအတိုင်း လုပ်ပေတော့လို့ ထားလိုက်တယ်။
သည်လိုထားတာကလည်း ကျွန်တော်မဖြေနိုင်လို့လား ဆိုတော့ မဖြေနိုင်လို့ မဟုတ်ပါဘူး။ ဖြေဘို့
ကျွန်တော် လေ့ကျက်ထားတာ ရှိပါတယ်။ သည်ပြင် ပုဂ္ဂိုလ်များလည်း သိပါတယ်။ ဆရာတော် ဦးသောဘဏလည်း
သိပါတယ်။
သည် ၀ါထပ်ရက်ငင်သည့် အကြောင်းနှင့်
ပတ်သက်၍ ဆရာတော်များသိတဲ့အတိုင်း ဦးသောဘဏကိုယ်တော်က ကျမ်းဂန်တွေ အမျိုးမျိုးနှင့်
စီစဉ်ပြီး ပြောသွားပါတယ်။ သည်တော့ ကျွန်တော်ကလည်း ကျမ်းဂန်အထောက်အထားပြုပြီး ပြန်ပြောရမှာဘဲ။
သည်တော့ သည် တိထီ၊ ခဋီ၊ နက္ခတ်နှင့်ဆိုင်တဲ့အကြောင်းမှာ ဝေါဟာရလပြည့်နေ့မှာ အမှတ်ထားပြီးတော့
ထိုလပြည့်နေ့၏အထွက် နောက် တရက်နေ့ ၌ ၀ါဆိုဝါကပ်ပြုရမည်လို့ သည်လိုဆိုထားတာ၊ ကျမ်းဂန်မှာ
အတိအလင်းရှိတယ်။ သည်တော့ ၀ါဆိုလပြည့်အထွက် တရက်နေ့မှာ ၀ါကပ်၊ ၀ါဆိုရတယ်ဆိုတော့ လပြည့်နေ့အစစ်ကို
ရှေးဦးစွာ ရှာမှီးရမည်လို့ အမှန်သိအောင် လုပ်ရမည်လို့ အချို့ အချို့သော ပုဂ္ဂိုလ်ကြီးများ၊
ထိုပုဂ္ဂိုလ်ကြီးများ၏ တပည့်တပန်းများက လိုက်နာပြီး အယူရှိနေပါတယ်။ သည်လို အယူရှိတာကို
မရှိရဘူးလို့ ကျွန်တော်တို့လိုလူများက မဆိုနိုင်၊ မတတ်နိုင်ပါဘူး။ ရဟန်းတော်များ အချင်းချင်းလည်း
မတတ်နိုင်ပါဘူး။
သည်တော့ ကျွန်တော်ပြောလိုတာက အရင်
ပြည်ထဲရေးဝန်ကြီးချုပ် ဦးဘ လက်ထက်တုန်းက ၀ါဆိုဝါကပ်နှင့် ပတ်သက်၍ အင်္ဂပူ မှာ အငြင်းအခုံဖြစ်ပြီး
ရိုက်ကြနှက်ကြဖြစ်လို့ ဆိုတဲ့အကြောင်းတွေ သတင်းစာထဲမှာပါတာ တွေ့ကြပါတယ်။ သည်တွင်မျှ
မကသေးဘူး၊ ၀ါထပ်တဲ့ပုဂ္ဂိုလ်ဘက်က ၀ါမထပ်တဲ့ပုဂ္ဂိုလ်ဘက်ကို သပိတ်မှောက်ပြီး ဆွမ်းမလောင်းဘဲနေကြတဲ့
တကာ၊ တကာမတွေကြောင့် ဘုန်းကြီး တွေပါ ဒုက္ခဖြစ်ကြရတယ်။ တဘက်ကလည်း သည်အတိုင်းဘဲ ပြန်ပြီးသပိတ်မှောက်ကြတယ်။
သည်ကျအောင် အဓိကရုဏ်းဖြစ်နေတော့ လူငါးယောက်ထက်ပိုပြီး သည် ၀ါဆိုဝါကပ်အကြောင်း မပြောရဘူး
ဆိုပြီး နယ်ပိုင်ဝန်ထောက် ဦးသီဟန်က ပုဒ်မ ၁၄၄-နှင့် အမိန့်တောင် ထုတ်ပြီးတားမြစ်ရတယ်။
သည်တော့ကျွန်တော်က
ပြည်ထဲရေးဝန်ကြီး ဦးဘကို သည်ကိစ္စဟာ မကြာခင် တိုးပွားလာလိမ့်မည်လို့ သတိပြုဘို့ကောင်းတဲ့
အကြောင်းကို တိုင်ပင်ပါတယ်။ သို့သော်လည်း သူက လူဧကိုး။ ကျွန်တော်တို့က နိုင်ငံရေးကိုလိုက်စားလာတော့ကာ
ရှေ့ကို ကိုယ်တော်တွေ စကားများမှာကို မြော်မြင်လို့ ပြည်ထဲရေးဝန်ကြီးကို ပြောတော့ ပြည်ထဲရေးဝန်ကြီးက
ဦးကျော်ရန်၊ ၀ါထပ်ရက်ငင်ကို အစိုးရက သာသနာပိုင် ဆရာတော်ကို လွှဲထားတဲ့အထဲမှာ ၀င်ရောက်စွက်ဖက်ဖို့
မရှိပါဘူး။ ကျွန်တော်တို့ အစိုးရထုံးစံအတိုင်း ဟိုက်ကုတ်လွှတ်တော်မှစ၍ အောက်ရုံးထိသည်တိုင်အောင်
အင်္ဂလိပ်နှင့် မြန်မာပြက္ခဒိန်များ သတ်မှတ် ပြီးတော့ ပုံနှိပ်ပြီးတော့ ပေးရပါတယ် တဲ့။
သည်တော့မှ အစိုးရ ရုံးတွေနှင့် နယ်က ရွာသူကြီးများထိတိုင်အောင် အစိုးရက ပြက္ခဒိန်တွေ
ပုံနှိပ်ဝေငှပါတယ်။ ရာဇ၀တ်ရုံး၊ တရားမရုံးများမှာ ရက်ချိန်းပေးလျှင် ဖြစ်စေ၊ အစိုးရကပေးတဲ့
အမိန့်ကိုလိုက်နာပြီး လာရတယ်။ မလာလျှင် အပြစ်ခံရတယ်။ အစိုးရမှာ သည်မျှဘဲအသုံးကျတယ်။
သံဃာတော် များမှာ ဒွါရနှင့်ကံကွဲပြီး နှစ်ပေါင်း ၆၀-၇၀ ၀ါဆိုဝါကပ်လွဲလာကြတယ်။ ကိုယ်ဝါဆိုချင်သည့်နေ့ကို၊
ဝါဆိုဝါကပ်ချင်သည့်နေ့ကို ၀ါကပ်ကြ ပါတယ်။ အစိုးရကလည်း သူတို့အယူဝါဒကို မနှောင့်ယှက်ပါဘူး။
တာကြောင့် ဦးကျော်ရန် ဧဧနေပါ။ သည်ကိစ္စမျိုးဖြစ်မည် မထင်ပါဘူးလို့ ပြောဘူးပါတယ်။
သည်တော့ သူပြောတာ စာတွေပေတွေနှင့်ကြည့်တော့
တရားသဖြင့်ကျတယ်။ တရားသဖြင့်ကျတာက ဘာကြောင့်လဲ ဆိုတော့ကာ သည်မှာ လျှောက်လွှာတခုရှိပါတယ်။
ဘယ်လိုလျှောက်သလဲဆိုတော့ -
(၁) တပည့်အပေါင်းတို့ လျှောက်ပါသည် ဆရာတော်ဘုရား။ ရက် မာသ
ကလာ တိထီ၊ ပါဋိပဒ၊ ပုဏ္ဏမာ၊ ပုဏ္ဏမီဟူသော လောကပညတ် အမှတ်သင်္ကေတ၏ အနက်အဓိပ္ပါယ်ကို သိလိုပါကြောင်း။
(၂) ရဟန်းတော်တို့ ဥပုသ်ပြုတော်မူကြသော ပန္နရသီ၏ အရကို လ၀န်း၏
အစိတ် တိထီ ၁၅-ကို ပန္နရသီဆိုရမည်၊ ဝေါဟာရ ၁၅-ရက်ကို ပန္နရသီဆိုရမည်ဟူ၍ မယူဆနိုင်ပါကြောင်း။
။ သည်နေရာမှာ ဆိုလိုတာက ပြက္ခဒိန်မှာ
တိထီ ၁၅-ရှိမှ ၀ါဆိုရမှာလား၊ ဝေါဟာရ လဆန်း ၁၅-ရက်ခေါ် လပြည့်နေ့မှာ ၀ါဆိုရမှာလား။ လမပြည့်ဘဲ
ဝါဆိုလျှင် အပြစ်ရှိသလားလို့ လျှောက်ထားတယ်။
(၃) ပန္နရသီနေ့တို့၌ ပုဏ္ဏာတိထီမရသောအခါ ဥပုသ်ပြုအပ်၊ မပြုအပ်။
(၄) လထပ်ရက်ငင် မကွဲမပြား အထက်နိုင်ငံ၊ အောက်နိုင်ငံ အညီအညွတ်
ဥပုသ်ပြုတော်မူသော ပန္နရသီနေ့တို့၌ ပုဏ္ဏာတိထီ မရသောအခါ မရှိ၊ ပုဏ္ဏာတိထီမရဘဲနှင့် ဥပုသ်ပြုအပ်၊
မပြုအပ် ဟု မေးလျှောက်ပါသည်။ ကျွန်တော်တို့အထက်မြန်မာပြည်၊ အောက်မြန်မာပြည် ဥပုသ်ပြု
ဝါဆိုဝါကပ်လျှင် လပြည့်နေ့တိုင်း ဒုတိယ၀ါဆိုလပြည့်နေ့မှာ တိထီ ၁၅-လုံးပြည့်မှီသော လပြည့်အစစ်လား
လို့ လျှောက်ထားတယ်။
(၅) ဘုရားသခင်လက်ထက် အရိယာပုထုဇဉ် အရှင်မြတ်တို့သည် ပုဏ္ဏာတိထီကို
မရသော ပန္နရသီနေ့တို့၌ ဥပုသ်ပြုတော် မူကုန်သည်၊ မမူကုန်သည်။
(၆) လောကီကျမ်းလာ ဥတုသုံးပါးယူပုံနှင့် သာသနာဝင်ကျမ်းလာ ဥတုသုံးပါးယူပုံ
တူမတူ။
(၇) ရဟန်းတော်တို့သည် တနင်္ဂနွေကြဋ်သို့ မရောက်သောအခါ ၀ါဆိုလပြည့်နေ့၌
ပုဏ္ဏာတိထီကို မရသောအခါ ၀ါဆိုလပြည့်နေ့၌ အာသဠှီနှင့် စန်းမယှဉ်သောအခါ အထွက်တရက်နေ့၌
ဝါကပ်အပ်၊ မကပ်အပ်။
ယုဂန္ဓရာဘိဓဇ
ဖက်ရဲဆရာတော်အား ဤကဲ့သို့လျှောက်ထားတော့ကာ အတိုချုပ်က ဘာဆုံးဖြတ်သလဲဆိုလျှင် ကောင်းကင်မှာ
ဖြစ်ပေါ်နေသည့် နေတို့၊ လတို့၊ နက္ခတ်တာရာတို့သည် လူများ၊ ရဟန်းတော်များကို အကျင့်စာရိတ္တနှင့်စပ်ပြီး
အကျိုးလည်းမပေးနိုင်၊ အပြစ်လည်း မပေးနိုင်။ ရဟန်းတော်တို့ အကျင့်၊ လူတို့အကျင့်ကောင်းမကောင်း
ပဓာနဖြစ်သည်။ နေလနက္ခတ်တာရာတို့သည် အပြစ်လည်း မပေးနိုင်၊ ဥပဒ်သင့်အောင်လည်း မလုပ်နိုင်ဘူးဆိုပြီး
ဆုံးဖြတ်ထားပါတယ်။ တနည်းအားဖြင့် ကျောင်းတကျောင်းကို အရပ်တရပ်က သံဃာတော်များရောက်လာတယ်။
သည်ကျောင်းမှာ သံဃာတော် ၁၀- ပါးရှိတယ်။ အခြားကရောက်လာတာက ၅-ပါးလောက်ရှိတယ်။ အဲသည်တော့ကာ
ဥပုသ်ပြုဘို့ရာ ကွဲနေကြလျှင် သို့မဟုတ် ၀ါဆိုဝါကပ်ဘို့ရာကွဲလို့ ဘယ်ဟာကိုလိုက်ရပါမည်လဲ
ဆိုလျှင် နက္ခတ်ပဓာန မဟုတ်ဘူး။ အများညီညွတ်ဘို့ လိုရင်းဘဲ၊ အာဝါသိက ရဟန်းတော်များရာကိုသာ
လိုက်ရမည်။ နောက်တကြောင်းက ကျွန်တော်တို့ မြန်မာပြည်က သီဟိုကျွန်းတို့၊ ယိုးဒယားတို့
သွားကြတယ်။ သွားတဲ့ ရဟန်းတော် ဗုဒ္ဓဘာသာများက အပါး ၂၀-လောက်သွားမယ်။ ဟိုက ဗုဒ္ဓဘာသာ ရဟန်းတွေက
တထောင်နှစ်ထောင်၊ ၀ါဆိုဝါကပ်လိုလျှင် အများဘက်ကိုလိုက်ရမယ်။ ဟိုနိုင်ငံက ၀ါဆိုတာကိုလိုက်လို့
အပြစ်မရှိပါဘူး တဲ့။
၎င်းပြင်
ကျွန်တော်တို့မန္တလေးမြို့မှာ ၁၂၅၀-ပြည့်နှစ်က ယခုအထိ နှစ် ၅၀-ရှိပါပြီ။ ယခု သည်ကလူတွေထဲက
ဘယ်သူမှမပါဘူး။ ရောက်လည်းမရောက်ဘူး။ အဲသည်အခါမှာ ရက်ငင်ပါမပါ၊ အငြင်းအခုံဖြစ်တဲ့အခါမှာ
ယခုတွင်က ပြောတဲ့စကားအတိုင်းဘဲ ဆုံးဖြတ်ထား ပါတယ်။ သည်အဆုံးအဖြတ်ရဲ့ လိုရင်းမှာ ငြင်းခုံတဲ့နေရာမှာ
၁၂၅၀-ပြည့်နှစ်၌ ရက်မငင်သော်လည်း ၎င်းပညာရှိတို့အဆိုတွင်ပင် ၅၀-ပြည့်နှစ် ဒုတိယ၀ါဆိုလဆန်း
၁၅-ရက်နေ့မှာ မကာရန္တအလို ပုဏ္ဏာတိထီ ၁၄၊ ခဋီ ၂၄၊ သန္ဒိဋ္ဌအလို ၎င်းတိထိ ၁၄၊ ခဋီ ၂၁-ရကြောင်းနှင့်
ပါလာသည့် အတိုင်းလည်း ဥတ္တရာသဠ်နက္ခတ် နှင့် ယှဉ်ပြိုင်ဆိုင်မိလျှက်ပင် ရှိသည်ဖြစ်၍ ၀ိနည်းကျမ်းဂန်နှင့်ညီကြောင်း
အဆုံးအဖြတ်ပြုထားပါတယ်။ ပါဠိတော့မတတ်ပါဘူး။ အနက်ဘဲ ဘတ်ပြပါမည်။
အာသဠှီပဏ္ဏမာယ၊
ဝါဆိုလပြည့်နေ့၏၊ ၀ါ၊ ၀ါဆိုလပြည့်နေ့မှ၊ အနန္တရေ၊ အခြားမဲ့ဖြစ်သော၊ ပါဋိပဒဒိသေ၀ါ၊ အထွက်
တရက်နေ့၌ ၎င်း၊ အာသဠှီပုဏ္ဏမတော၊ ၀ါဆိုလပြည့်နေ့မှ၊ အပရာယ၊ တပါးသော။ ပုဏ္ဏမာယ၊ ၀ါခေါင်လပြည့်နေ့၏။
ဝါ၊ ၀ါခေါင် လပြည့်နေ့မှ၊ အနန္တရေ၊ အခြားမဲ့ဖြစ်သော။ ပါဋိပဒဒိဝသေ၀ါ၊ အထွက်တရက်နေ့၌၎င်း။
ဝိဟာရံ၊ ကျောင်းကို၊ ဇဂ္ဂိတွာ၊ သုတ်သင်၍။ ပါနီယံ၊ သောက်ရေကို၎င်း၊ ပရိဘောဇနိယံ၊ သုံးဆောင်ရေကို၎င်း၊
ဥပဋ္ဌာပေတွာ၊ ပြည့်စုံစေ၍။ ၀ါ၊ ဖြစ်စေ၍။ သဗံ္ဗ၊ အလုံးစုံသော စေတိယ၀န္ဒနာဒိသာမိစိကမံ္မ၊ စေတီကို
ရှိခိုးခြင်းစသော အရိုအသေပြုအပ်သောအမှုကို။ နိဋ္ဌာပေတွာ၊ ပြီးစေ ၍၊ ဣမသိံ္မ၀ိဟာရေ၊ ဣမံတေမာသံ
ဝဿံ ဥပေမီတိ၊ ဣမသိံ္မ၀ိဟာရေ၊ ဣမံတေမာသံ ၀ဿံ ဥပေမိဟူ၍။ သတိံဝါ၊ တကြိမ်၎င်း၊ ဒွိတိက္ခတံ္တုဝါ၊
နှစ်ကြိမ် သုံးကြိမ်၎င်း။ ၀ါစံ၊ စကားကို၊ နိစ္ဆာရေတွာ၊ မြွက်၍၊ ၀ဿံ၊ ၀ါသို့။ ဥပဂန္တဗံ္ဗ၊
ကပ်အပ်၏။
ဝါဆိုဝါကပ်တဲ့နေရာမှာ
တိထီ၊ ခဋီ၊ နက္ခတ်နှင့်မညီလျှင် အာပတ်သင့်တယ်လို့ အယူရှိတဲ့ ပုဂ္ဂိုလ်များသည် ဘုရားပညတ်ထာကို
ဘုရားမပညတ်ဘူးလို့ အဓမ္မယူဆကြတယ်လို့လဲ ပြထားပါတယ်။ နောက် ၎င်းအဋ္ဌကထာ၌အာသဠှီပုဏ္ဏမာသ ပါဌ်ဖြင့်
ဝါမထပ်သောနှစ်၌ နယုန်လဆုတ်တရက်ကစ၍ ၀ါဆိုလဆန်း ၁၅-ရက်တိုင်။ ၀ါထပ်သော ၀ါထပ်သောနှစ်၌
ပဌမ ၀ါဆိုလဆုတ်တရက်ကစ၍ ဒုတိယ၀ါဆို လဆန်း ၁၅-ရက်တိုင်။ မာသပုဏ္ဏမာကို ပြသည်။ တိထီ ပုဏ္ဏမာကို
မပြ၊ အဘယ်ကြောင့် တိထီပုဏ္ဏမာကို မပြသနည်းဟူမူ တိထီပုဏ္ဏမာကို ၀ါဆိုလပြည့်နေ့၌ ရသည်လည်းရှိသည်၊
မရသည်လည်း ရှိသည်ဖြစ်၍ အမှတ်မမြဲနိုင်။ ကောင်းကင်၌ရှိသော လ၀န်း၏ အစိတ် တိထီကို မော်၍ကြည့်ခါမျှနှင့်
ဒိဗ္ဗစက္ခုကိုထား၍ အဘယ်သူအမှန်သိနိုင်အံ့နည်း။ ထို့ကြောင့် အာသဠှီပုဏ္ဏမာယ ဟူသောပါဠိဖြင့်
မာသပုဏ္ဏမာကို ပြသည်ဟူ၍ မှတ်အပ်၏။ နောက် ၀ိနယာလင်္ကာရဋီကာကို ပြအုံးမယ်။
ပါဠိအဋ္ဌကထာဋီကာသု၊
ပါဠိအဋ္ဌကထာ ဋီကာတို့၌။ ပါဋိပဒ ဒိဝသေယေ၀၊ အထွက်တရက်နေ့၌သာလျှင်။ ၀ဿူပဂမနံ၊ ၀ါသို့ ကပ်ခြင်းကို။
ဝတံ္တ၊ ဆိုအပ်၏။ အမုက တိထိယောဂေတိဝါ၊ ဤမည်သောတိထီ၌ ယှဉ်ခြင်းနှင့်ဟူ၍၎င်း။ အမုက နက္ခတ္တယောဂေတိဝါ၊
ဤမည်သောနက္ခတ်နှင့် ယှဉ်ခြင်း၌ဟူ၍၎င်း၊ န၀ုတံ္တ၊ မဆို။ တသ္မာ၊ ထိုသို့ တိထီနက္ခတ်နှင့် ယှဉ်ခြင်းကို
မဆိုသည်၏ အဖြစ်ကြောင့်။ ပါဋိပဒဒိဝသေ၊ အထွက်တရက်နေ့၌။ ပါတော၊ နံနက်အခါ၌။ အရုဏုဂ္ဂမနတော၊
အရုဏ်တက်သည်မှ။ ပဋ္ဌာယ၊ စ၍။ သကလဒိဝသံ၊ အလုံးစုံသော နေ့ပတ်လုံး။ သကလရတိံ္တ၊ အလုံးစုံသော
ညဥ့်ပတ်လုံး။ ယာဝဒုတိယအရုဏုဂ္ဂမနာ၊ ၂-ရက်မြောက်သောနေ့ အရုဏ်တက် သည်တိုင်အောင်။ ယထာ ရုစိတေ၊
အကြင်အကြင် အလိုရှိအပ် နှစ်သက်အပ်သော။ ကာလေ၊ အခါ၌။ ၀ဿံ၊ ၀ါသို့။ ဥပဂန္တဗ္ဗန္တိ၊ ကပ်အပ်၏
ဟူ၍၊ ဒဋ္ဌဗံ္ဗ၊ မှတ်အပ်၏။
ဝဿူပနာယိကကာလေ၊
ဝါသို့ကပ်သောအခါ၌။ ပုဏ္ဏတိထိယာ၊ ပုဏ္ဏာတိထီနှင့်။ ယောဂေါ၊ ယှဉ်ခြင်းသည်။ ဟောတု၊ ဖြစ်စေ။
ဥတ္တရာသဠနက္ခတ္တေန၊ ဥတ္တရာသဠ်နက္ခတ်နှင့်။ ယောဂေါ၊ ယှဉ်ခြင်းသည်။ ဟောတု၊ ဖြစ်စေ။ ဣတိ၊ ဤသို့။
ဝဒန္တာနံ၊ ဆိုကုန်သော ရဟန်း တို့၏။ ၀စနံ၊ စကားသည်။ ၀ိနယ၀ိရုဒ္ဓံ၊ ၀ိနည်းနှင့်ဆန့်ကျင်သည်။
ဟောတိ၊ ဖြစ်၏။ တံဝစနံ၊ ထိုဝိနည်းနှင့် ဆန့်ကျင်သောစကားကို။ ဂဟေတွာ၊ ယူ၍။ ပုဏ္ဏာတိထိယောဂဉ္စ၊
ပုဏ္ဏာတိထီနှင့်ယှဉ်ခြင်းကို လည်းကောင်း။ အာဂမိတွာ၊ ငံ့လင့်၍။ ၀ဿံ၊ ၀ါသို့။ ဥပဂန္တာပိ၊
ကပ်သည် ဖြစ်၍လည်း။ တထာဂတေန၊ မြတ်စွာဘုရားသည်။ အပညတံ္တ၊ ပညတ်တော် မမူအပ်သည်ကို။ ပညပေတိနာမ၊
ပညတ်သည်မည်၏။ ဣတိ၊ ဤသို့။ ဒဋ္ဌဗံ္ဗ၊ မှတ်အပ်၏။
ပါဠိယဉ္စ၊
ပါဠိတော်၌၎င်း။ စာတွေရှည်နေမှာလည်း စိုးပါတယ်၊ တာကြောင့် အဓိပ္ပါယ်ရိုးရိုးဘဲ ပြောပါမည်၊
ပါဠိတော် မှာရော အဋ္ဌကထာမှာရော ၀ါကပ်တာဟာ ပုဏ္ဏာတိထီနှင့် ဖြစ်ဖြစ်၊ ဥတ္တရာသဠ်နက္ခတ်နှင့်ဖြစ်ဖြစ်
ယှဉ်မှ၊ ၀ါကပ်ရမည်ဟု မပါပါဘူး။ သရ၀ဏ် နက္ခတ်နှင့် ယှဉ်မှ ကပ်ရမည်လို့လဲ မပါပါဘူး။ သည်လိုမဆိုဘဲနှင့်
အချို့အချို့သော ရဟန်းတို့က မြတ်စွာဘုရား ဟောထားသလိုဘဲ ပေတွေမှာ ရေးမှတ်ထားတယ်တဲ့။
သည်လို ရေးမှတ်ထားတာကို ဘယ်လိုဆိုပြန်သလဲ ဆိုတော့ -
တံ ၀စနံ၊
ထိုစကားကို။ သကလံ၊ အလုံးစုံသော။ ၀ိနယပိဋကံ၊ ၀ိနည်းပိဋကတ်ကို။ အပဿန္တာ၊ မမြင်ကုန်သော။
ဝေဒသ မာယိကာ၊ ဗေဒင်ကိုသာတတ်ကုန်သော သူတို့သည်။ သဒ္ဒဟိတွာ၊ ယုံကြည်၍။ ၀ဿူပဂမနကာလေ၊ ၀ါသို့ကပ်သော
အခါ၌။ ပုဏ္ဏာတိထိ ဥတ္တရာသဠယောဂမေ၀၊ ပုဏ္ဏာတိထီ ဥတ္တရာသဠ်နက္ခတ်နှင့် ယှဉ်ခြင်းကိုသာလျှင်။
ဂဝေသန္တာ၊ ရှာကုန် သည်ဖြစ်၍။ မာသဒိဝသေန၊ လ,ရက်နှင့်။ သဟ၊ တကွ။ အာကဍ္ဎိတဗ္ဗကာလေပိ၊ ငင်အပ်သောအခါ၌လည်း။
မာသမတ္တမေ၀၊ လမျှကိုသာလျှင်။ အာကဍ္ဎန္တိ၊ ငင်ကုန်၏။
မာသမတ္တမေ၀၊
လမျှကိုသာလျှင်။ အာကဍ္ဎိတဗ္ဗကာလေပိ၊ ငင်အပ်သင့်သောအခါ၌လည်း။ ဒိဝသေန၊ နေ့နှင့်။ သဟ၊ တကွ။
အာကဍ္ဎန္တိ၊ ငင်ကုန်၏။
တသ္မာ၊
ထို့ကြောင့်။ ဧ၀ံဝါဒိနော၊ ဤသို့အယူရှိကုန်သော။ ဘိက္ခူ၊ ရဟန်းတို့သည်။ တထာဂတေန၊ မြတ်စွာဘုရားသည်။
အပညတံ္တ၊ ပညတ်တော်မမူအပ်သည်ကို။ တထာဂတေန၊ မြတ်စွာဘုရားသည်။ ပညတံ္တ၊ ပညတ်တော်မူအပ်၏။ ဣတိ၊
ဤသို့။ ဒီပေတိ၊ ပြ၏။ ဣတိ၊ ဤသို့။ ၀တ္တဗ္ဗတံ၊ ဆိုအပ်သည်၏ အဖြစ်သို့။ အာပဇ္ဇန္တိ၊ ရောက်ကုန်၏။
တသ္မာ၊ ထို့ကြောင့်။ ဘဂ၀တိ၊ မြတ်စွာဘုရား၌။ ဂါရ၀ သဟိတာ၊ ရိုသေခြင်းရှိကုန်သော။ ပဏ္ဍိတာ၊
ပညာရှိရဟန်းတို့သည်။ ဧ၀ံ၊ ဤသို့။ နဂဏှန္တိ၊ မယူကုန်။ ဣတိ၊ ဤသို့။ ဒဋ္ဌဗံ္ဗ၊ မှတ်အပ်၏။
တိထီနက္ခတ္တယောဂေါပန၊
တိထီနက္ခတ်တို့နှင့် ယှဉ်ခြင်းသည်ကား။ ဥပေါသထဒိဝသေယေ၀၊ ပန္နရသီ ဥပုသ်နေ့၌ သာလျှင်။ ဗဟုဓာ၊
များသောအပြားဖြင့်။ ပိဋကတ္တယေ၊ ပိဋကတ်သုံးခုတို့၏ အပေါင်း၌။ ၀ါ၊ ပိဋကတ်သုံးပုံ၌။ အာဂတော၊
လာ၏။ ပေါရာဏဝေဒ ဂန္တေသုစ၊ ဗေဒင်ကျမ်းဟောင်းတို့၌လည်း။
ပသံသိတော၊ ချီးမွမ်းအပ်၏။
ကဒါစိပန၊
တရံတခါ၌ကား။ ဝေါဟာရကာလော၊ လူတို့၏ခေါ်ဝေါ်အပ်သော၊ ရက်အစရှိသော အချိန်ကာလသည်။ တိထိယာစ၊
လ၀န်း၏အစိတ် တိထီနှင့်၎င်း။ နက္ခတ္တေနစ၊ အာသဠီအစရှိသော နက္ခတ်နှင့်၎င်း။ ၀ိသမော၊ မညီညွတ်သည်။
ဟောတိ၊ ဖြစ်၏။
ဤ၀ိနယာလင်္ကာရ
ဋီကာကျမ်းအရ ကျွန်တော်လည်း ပြောခဲ့ပါပြီ။ ရက်ငင်တခါပြိုခြင်းသည် နောက် ရက်ပေါင်း ၁၈၈၄
- ရက် ကြာမှ တခါပြိုတယ်။ ရက်ငင်တခါပြိုတာကို ရက်ငင်၍ တခါပြီးသွားလို့ရှိလျှင် တိထီ၊
ခဋီ၊ နက္ခတ်၊ ခဋီတွေဟာ နောက် တနှစ်နည်းနည်းယုတ်၊ နောက်တနှစ် နည်းနည်းယုတ်သွားတယ်။ ၃-နှစ်၊
၎-နှစ် ကုန်တဲ့အခါမှာ တိထီ ၁၃-လုံး၊ တခါတလေ ၁၄-လုံး ရှိတာဟာ ကမ္ဘာပေါ်စက ယနေ့ထိ ဖြစ်နေတာဘဲ။
သည်လိုရှိတာကို မဖြစ်အောင် လုပ်ဘို့ရာ ၁၁၅၀ ပြည့်နှစ်က စပြီး မြန်မာပြည်မှာ အငြင်းအခုံဖြစ်နေတာ
ကနေ့အထိဆိုလျှင် နှစ်ပေါင်း ၁၅၀-ရှိပြီ။
သည်အတွင်းမှာ သည်လိုမညီတာကို ညီအောင်
ပြုနိုင်တဲ့ပုဂ္ဂိုလ် လုပ်နိုင်တဲ့ပုဂ္ဂိုလ် တဦးတယောက်မျှ မပေါ်သေး။ ယခု ဆရာ မာဓ၀တို့
သန္ဒိဋ္ဌပြက္ခဒိန် နေ့စဉ်ကျယ်ကိုသာ ပဓာနထား၍ အသုံးပြုကြပါတယ်။ သူရိယသိဒ္ဓန္တကျမ်း စာမျက်နှာ
၂၀ မှာလည်း (ဤသို့ ရက်ငင်ခြင်းတွက်ရာ၌ ရက်ငင်ကိန်း၊ ကြုံသည်ဖြစ်စေ၊ မကြုံသည်ဖြစ်စေ၊
ပုဏ္ဏမီနက္ခတ်သာ ပဓာန ဖြစ်သောကြောင့် ပုဏ္ဏမီနက္ခတ်နှင့်မညီက ညီအောင် ရက်ငင်ခြင်းကို ပြုရသည်ဟု
သိလေ) တဲ့။ တာကြောင့် မညီဘူးဆိုတာဟာ တိထီ ၁၅-လုံးက ခဋီမစွန်းဘူးဆိုတာဘဲ။ ဂွေးချို ဆရာတော်ဘုရားကြီးရဲ့
တပည့် ဦးအာလောက ရေးတဲ့ သန္ဒိဋ္ဌစကားပြေသစ် နံပါတ် ၇-မှာ ပြထားတာက (တနည်းကား နှစ်ဗိုလ်တွင်
ခယငါးခုတက်ရသောနှစ်သည် ရက်ငင်အဓိမာသ်ပြိုသည်ဟု သိရာ၏။ ဤကဲ့ သို့တွက်၍ ရက်ငင်သင့်ကိုရသော်
လငင်အဓိမာသ်ပြို၍ ၀ါထပ်သောနှစ်တွင် နယုန်လ၌ အစပြု၍ လေးလရက်စုံသတ်၍ ၀ါကြီး ထပ်ရာ၏။ အမြဲမှတ်ရန်မှာ
ရက်ငင်ခြင်း ကြုံသည်ဖြစ်စေ၊ မကြုံသည်ဖြစ်စေ ပုဏ္ဏမီနက္ခတ်သာ ပဓာနဖြစ်သောကြောင့် ဒုတိယ
ဝါဆိုလပြည့်နေ့၌ ပုဏ္ဏမီတိထီ၊ အာသဠှီနက္ခတ်တို့ကို ကြည့်ရှု၍ ညီအောင်ရက်ငင်ခြင်းကို ပြုရာ၏)။
သည်အထောက်အထားမှာ ခယငါးကြိမ်တက်လျှင်
ရက်ငင်သင့်တယ်လို့ ဘော်ပြထားတယ်။ ယခုလိုပြတာတွေ (၁၀) ဦးလောက် ရှိတယ်။ လထပ်ရက်ငင်ရခြင်းမှာ
ခယငါးကြိမ်တက်ခြင်း၊ ရက်လွန်ပြိုခြင်းဆိုတာလည်း ရှိသေးတယ်။ အုတ်ဖို ဆရာတော်ဘုရားကြီးရေးတဲ့
သသင်္ကပ္ပဋ္ဌစာတန်းနံပါတ် (၁၈) မှာလည်း ဝေါဟာရ ၁၅-ရက် ရှိသည်ကာလ တိထီ ၁၄-သာ ဖြစ်ရကား ဝေါဟာရ
၁၆-ရက်မြောက်ကို ၁၅-ရက်ဟု ထပ်၍ရေမှ တိထီ ၁၅-ရက်နှင့် ပြိုင်လေသတည်း။ ထို့ကြောင့် တိထီ
နှင့် ဝေါဟာရပြိုင်စေခြင်းငှာ ရက်ငင်ခြင်းကို ပြုရလေသတည်း။ ထိုသို့ ၁၅-ရက်၊ ၁၅-ရက်
စသောအားဖြင့် နှစ်ထပ်ပြု၍ ရောက်သောရက်၌ပင် ငင်သင့်သော်လည်း အခေါ်အဝေါ်မပင်ပန်းစေခြင်းငှာ
၂၉-ရက် လကွယ်တိုင်အောင် ငံ့ဆိုင်း၍ ရက်စုံ သတ်လျှင် ရက်ငင်ခြင်းကိစ္စ ပြီးသည်သာတည်း။
ယခုကာလ၌မူကား ထိုရောက်သောရက်ကိုပင်လည်း
ပင်ပန်းနိုး၍ အဓိမာသ်ကြိမ်သောနှစ်မှ လ,ရက်အစုံ ငင်ကုန်၏။ ထိုသို့ ငင်ခြင်းသည် အသုံးအဆောင်
အခေါ်အဝေါ်လွယ်၏။ အဓိမာသ်ကြိုက်သောနှစ်တိုင်အောင် ငံ့လင့်ရသည်ဖြစ်၍ အဓိမာသ်မသင့်မီ နှစ်တို့၌
ရက်ငင်လမှစ၍ ရက်ကိုမငင်ရသောကြောင့် ဝေါဟာရလဆန်း တရက်သို့၎င်း၊ နှစ်ရက်သို့ဝင်၍၎င်း၊ လကွယ်၏
ဝေါဟာရလပြည့်ကျော် တရက်နှစ်ရက်တိုင်မှ လပြည့်လေ၏။ ထို့ကြောင့် လဆန်းတရက်နေ့ မိုးသောက်သော်
လည်း လရေးကို မြင်ပြန်ရကုန်၏။ နေကြတ်ထိုက် သော ကာလ၌လည်း မကြတ်မူ၍ ဝေါဟာရလဆန်း တရက်နှစ်ရက်ရှိမှ
ကြတ်လေ၏။ လကြတ်ထိုက်သော အခါ၌လည်း မကြတ်မူ၍ ဝေါဟာရလပြည့်ကျော် တရက်နှစ်ရက်ရှိမှ လကြတ်လေ၏။
လရေးကိုမြင်ခြင်း၊
လရေး၏တိုးပွားခြင်း၊ လရေး၏ပြည့်ခြင်း၊ လရေး၏ဆုတ်ယုတ်ခြင်း၊ လရေး၏ပျောက်ပျက်ခြင်း တို့သည်ကား
တိထီ၏ အစွမ်းအားဖြင့် ဖြစ်ကုန်၏။ ထို့ကြောင့် တိထီ ၁၅-ပြည့်၍ ပုဏ္ဏာတိထီပြိုမှသာလျှင်
မုချအားဖြင့် လပြည့်မည်၏။ တိထီ ၃၀-ပြည့်၍ အမ၀ါသီတိထီမှသာလျှင် မုချအားဖြင့် လကွယ်၏။
ထိုသို့ မုချအားဖြင့် ပြည့်ခြင်း၊ ကွယ်ခြင်း။ ဝေါဟာရ တိထီ ညီညွတ်ခြင်းကို ဖြစ်စေခြင်းငှာ
အကြင်လ၊ အကြင်ရက်၌ ရက်ငင်ပြို၏။ ထိုလထိုရက်၌ ရက်ငင်ခြင်းကို ပြုအပ်၏။ “ဤသည်ကား ရက်ငင်ခြင်းအကြောင်းတပါး”
ဟု ပြထားပါတယ်။
ယခုအခါမှာ
အင်္ဂလိပ် ၁၈၉၉-ခုနှစ်က အောက်နိုင်ငံမှာ နေလိုလလို ထင်ရှား နေတဲ့ ဦးဥဂ္ဂံသ ကိုယ်တော်ကြီး
ကိုယ်တော်တိုင် ရေးသားပြီးသည့် ၀ါဆိုဝါကပ်အတွက် အငြင်းအခုံ ဖြစ်နေကြတဲ့ တပည့်တပန်းတွေလက်ထဲကို
သည်စာအုပ် ကို ပုံနှိပ်ပြီးထည့်ပါတယ်။ နောက် ယခုတွင်က ဦးသောဘဏက ၁၁၅၀ ပြည့်နှစ်တွင်
အကြောင်းပြောသွားပါတယ်။ ဘိုးတော် ဘုရားလက်ထက်က ခဋီလျှံပြီး ရက်ငင်တယ်လို့ သည်လိုဆိုသွားတယ်။
အဲသည်လိုဆိုသွားတော့ တပည့်တော်မှာ မောင်းထောင်ဆရာတော်၏ သတ်မှတ်ပုံပါ ရှိတယ်။ (သက္ကရာဇ်
၁၁၅၀-ပြည့်နှစ်တွင် လထပ်သင့် ရက်ငင်သင့်များကို ပုဏ္ဏား ပညာရှိတို့ကတဘက်၊ လူပညာရှိတို့ကတဘက်
အငြင်းထွက်ရာ ၎င်းနှစ် ဒုတိယ၀ါဆိုလပြည့်နေ့ တိထီ ၁၄-လုံး၊ ခဋီ ၄၀။ နက္ခတ် - ၂၀၊ ခဋီ-၁၉
ရှိ၍ ထိုနှစ်မှာ အဓိမာသ်ပြိုသဖြင့် လထပ်ရက်ငင် နှစ်ပါးစုံ ပြုစေဟု ဆုံးဖြတ်တော်မူပါတယ်။)
ဦးသောဘဏ။ ။ ဦးကျော်ရန်ဖတ်တာက ၀ါငယ်ထပ်ကြိုက်တဲ့ ပုဏ္ဏားပညာရှိတို့
လုပ်တဲ့ ပြက္ခဒိန်ကဟာ ဖြစ်ပါတယ်။
ဦးကျော်ရန်။ ။ ပုဏ္ဏားများလုပ်တဲ့ ပြက္ခဒိန်ကို ဖတ်တာမဟုတ်ဘူး။
တပည့်တော်ရေးတဲ့ လထပ်ရက်ငင် အခြေပြ စာတမ်းမှာ ထည့်ထားတဲ့ သာသနာပိုင်ဆရာတော်ရဲ့ ၁၁၅၀-ပြည့်နှစ်က
အဆုံးအဖြတ်ကို ဖတ်တာပါ။
ဦးသောဘဏ။ ။ ရက်မပါကြောင်း ဖတ်ပြပါမည်။ တိထီ ၁၄-လုံး၊
ခဋီ-၄၀သာရှိပါတယ်ဆိုတဲ့အကြောင်း ဖတ်ပြပါမယ်။ ဦးကျော်ရန် နားထောင်ပါဦး။
သည်စာအုပ်ဟာ
ယထာဝိနယ ၀ဿူပနာယိက စာတမ်းရေးထားတာက ဇေယျတု ၁၁၅၀-ပြည့်နှစ်၊ ဘိုးတော် မင်းတရားကြီး လက်ထက်
အမတ်ပညာရှိ၊ ပုဏ္ဏားပညာရှိတို့ ၀ါဆိုဝါကပ်၊ လထပ်ရက်ငင် မညီမညွတ်ဖြစ်ကြ၍ သံတော်ဦးတင်ကြသည်မှာ
ဘုရား ကျွန်တော်ပညာရှိတို့၊ ရွှေဘွားတော်အောက် ရှိခိုးသံတော်ဦး တင်ပါသည်ဘုရား။ သက္ကရာဇ်
၁၁၅၀- ပြည့်နှစ်ပြက္ခဒိန်တွင် ရက်ငင်မပါပါ။ ဒုတိယ၀ါဆိုလဆန်း ၁၅-ရက်၊ တိထီ ၁၄-လုံး၊ ခဋီ
၄၀၊ နက္ခတ် ၂၀၊ ခဋီ ၁၉-လုံးသာ ဖြစ်၍ ၀ါဆိုလပြည့် ပုဏ္ဏတိထီ။ ဥတ္တရာသဠ်နက္ခတ် မပြည့်မမှီဖြစ်ပါသည်။
လရက်ကို ငင်လျှင် ၀ါဆိုလပြည့်နေ့ ပုဏ္ဏာတိထီ ၁၅-လုံး၊ ဥတ္တရာသဠ်နက္ခတ်နှင့် ယှဉ်မည်ဖြစ်ပါသည်။
ရက်ငင်ရာသည်၊ ရက်မငင်ရာသည်ကိုဆိုသော် ရာဇမတ္တဏ်ကျမ်းတွင် - -
ဦးကျော်ရန်။ ။ တပည့်တော်က ဘိုးတော်ဘုရား အမေးတော်ပုံအဖြေကျမ်း
ပေမူက ထုတ်ထားတာပါ။
ဦးသောဘဏ။ ။ အခုကျုပ်ဘတ်ပြတဲ့ စာအုပ်လည်း ပုံနှိပ်ထားတာဘဲ။
ကြည့်ပါဦး။
ဦးကျော်ရန်။ ။ နောက်တခုပြောစရာရှိပါသေးတယ်။ ဦးဘိုကြီးက
“အခြားလူမျိုးတွေ ပြက္ခဒိန်တွေမှာတော့ လပြည့်နေ့၌ လပြည့်တယ်။ လကွယ်လျှင် လမရှိဘူး။ အခြားလူမျိုးခြားတွေက
မှန်ပါတယ်။ မြန်မာလူမျိုးပြက္ခဒိန်က မမှန်ပါဘူး” လို့ ၀န်ခံသွားပါတယ်။ လူမျိုးခြားပြက္ခဒိန်က
အမြဲတမ်းလည်း မှန်မနေပါဘူး။ မှန်တာတော့လည်း မှန်တာပါဘဲ။ အင်္ဂလိပ် ပြက္ခဒိန်မှာ မှန်တာတွေ့ရတာလည်း
ရှိပါသည်။ Full Moon ဆိုလျှင် လပြည့်နေ့ပါဘဲ။ New Moon ဆိုလျှင် လဆန်းအရိပ်ကို ပြနေတာဘဲ။
သည်တော့လပြည့်နေ့မှာ တိထီ ၁၃-လုံး၊ ၁၄-လုံး ကျော်ကျော်သာရှိတယ်။ သည်လိုလွဲတဲ့နေရာမှာလည်း
လွဲပါ တယ်။
သူတို့က တိထီနှင့်ညှိပြီးတွက်တဲ့လူမျိုး
မဟုတ်ပါဘူး။ ဇန္န၀ါရီ၊ ဖေဖော်ဝါရီ ရယ်လို့မှည့်ခေါ်ပြီးတဲ့နောက်မှ ဘယ်နေ့ ဘယ်အချိန် ကျလျှင်
လပြည့်မည်ဆိုတာကို သီးခြားတွက်ယူပြီးမှ လထဲမှာထည့်ပါတယ်။ သူတို့မှာ လပြည့်တယ်၊ လဆန်းတယ်ဆိုတာ
ဝေါဟာရအားဖြင့် မရှိပါဘူး။ လကွယ်လည်းမရှိဘူး။ သည်တော့ မြန်မာပြည်မှာလုပ်တဲ့ ပြက္ခဒိန်ဟာ
တိထီ ၁၅-လုံးရတဲ့နေ့မှာ သူတို့တွက်တာနှင့် ညီတာပေါ့။ လကွယ်နေ့မှာလည်း တိထီ (၀) ရတဲ့နေ့တွေ
အများကြီးရှိပါတယ်။ နောက် ၁၃၁၁- ခုနှစ်မှာ တန်ခူးလ၊ ကဆုန်လ၊ နယုန်လ၊ ၀ါဆို၊ ၀ါခေါင်၊
သီတင်းကျွတ်၊ နတ်တော်၊ တပို့တွဲလပါ အားလုံးပေါင်း (၈) လမှာ လပြည့်နေ့ညဥ့် သန်းခေါင်အချိန်မှာ
တိထီ ၁၄-လုံးက ခဋီစွန်းတဲ့ လချည်း ပါဘဲ။ တချို့လမှာ ၁၃-လုံးပါတယ်။ တချို့လည်း နည်း
လိုတယ်။ ၁၃၀၁-ခုနှစ်မှာ ၀ါငယ်ထပ်ပြီးနောက် ၁၃၀၄-ခုနှစ်ကျမှ သည်လိုဝါကြီး ထပ်သင့်တယ်။
ထပ်သင့်တဲ့အခါဖြစ်တော့ တိထီ၊ ခဋီမှာမလိုပါ။ ဒုတိယ၀ါဆိုလပြည့်နေ့မှာ တိထီ ၁၄-လုံးထက်
ကျော်နေပါတယ်။
ယခုတွင်က ဘတ်ပြတဲ့ အုဌ်ဖိုဆရာတော်ဘုရားရဲ့
ဆုံးဖြတ်ချက်အတိုင်း ရက်ငင်ပြီးသည့်နှစ်၊ ရက်ငင်သည့်လက စ၍၊ နောက်လများ၊ နောက်နှစ်များ၌၎င်း
တိထီ၊ ခဋီလျော့လာတယ်လို့ ဆိုပါတယ်။ အဲသည်လိုဆိုသည့်အတွက် ဆရာမာဓ၀တို့ ထုတ်ထားတဲ့ သံဒိဋ္ဌပြက္ခဒိန်နှင့်လည်း
ညီပါတယ်။ သည်လိုညီညွတ်တဲ့ အကျိုးအကြောင်းကို ဘယ်လိုချိန်ရမလဲဆိုလျှင် ပထမ ၀ါဆိုလဆိုတော့
ဝါငယ်လည်းထပ်တယ်၊ ၀ါကြီးလည်းထပ်တယ်။ ၀ါဆိုလရိုးရိုးလည်းရှိတယ်။ ၀ါခေါင်လမှာတော့ တညီတည်း။
ဝါခေါင်လပြည့်ကျော် ၁-ရက် နေ့မှာ ရဟန်းတော်များ ဒုတိယ၀ါ ကပ်ရတယ်။ ၀ါခေါင်လပြည့်ကျော်
၁-ရက်၊ တိထီ၊ ခဋီကို ကြည့်လိုက်လျှင် သည်တနှစ်တည်း မပြဘူး။ ၁၃၀၀ ပြည့်နှစ်အထိ ၁၃-နှစ်၊
၁၄-နှစ်အတွက် တိထီ၊ ခဋီကို ပြပါမည်။
၁၂၈၇-ခု ၀ါခေါင်လပြည့်မှာ တိထီ
၁၄ နှင့် ခဋီ ၈။ ၈၈-ခုနှစ် ၀ါခေါင်လပြည့်မှာ တိထီ ၀ နှင့် ခဋီ ၁၄။ ၈၉-ခုနှစ်မှာ တိထီ ၁၄ နှင့် ခဋီ ၃၁။ ၉၀-ပြည့်နှစ်မှာ တိထီ ၁၄
နှင့် ခဋီ ၆။ ၉၁-ခုနှစ်မှာ တိထီ ၁၄၊ ခဋီ ၂၁။ ၉၂-ခုနှစ်မှာ တိထီ ၁၄ နှင့် ခဋီ ၂၀။ ၉၃-ခုနှစ်မှာ
တိထီ ၀ နှင့် ခဋီ ၃၄။ ၉၄-ခုနှစ်မှာ တိထီ ၀ နှင့် ခဋီ ၂၅။ ၉၅-ခုနှစ်မှာ တိထီ ၁၄ နှင့်
ခဋီ ၅၄။ ၉၆-ခုနှစ်မှာ တိထီ ၁၄ နှင့် ခဋီ ၅၄။
၉၇-ခုနှစ်မှာ တိထီ ၁၄ နှင့် ခဋီ ၃။ ၉၈-ခုနှစ်မှာ တိထီ ၁၃ နှင့် ခဋီ ၃၂။ ၉၉-ခုနှစ်မှာ
တိထီ ၁၄ နှင့် ခဋီ ၄၂။ ၁၃၀၀-ပြည့်နှစ်မှာ တိထီ ၁၄ နှင့် ခဋီ ၃၁ လို့ပြတော့ တိထီ ၁၄
လုံးထက်လျော့တာ တနှစ်ထည်းသာ ပါပါတယ်။ လျှံနေသည့်လက ၃-နှစ်ပါပါတယ်။ ၎င်းပြင် ၁၄-လုံးကကျော်သော
နှစ်များမှာ တိထီ ၁၄-နှင့် ခဋီစွန်းနေတယ်။
သည်ဟာတွေထဲမှာ ရက်ငင်တရက်ကျန်တာကို
အစအနရှာကြည့်လို့ မရဘူး။ အထူးသဖြင့် ဦးဘိုကြီး ပြောသွားတာက ပြက္ခဒိန် တွေ အမှားကိုချည်း
ပြောသွားပါတယ်။ အင်္ဂလိပ်ပြက္ခဒိန်တွေမှားတာကိုတော့ မပြောပါဘူး။ အာရ်ဝင်းပြက္ခဒိန် နှင့်
ကလိန်စီတို့ ပြက္ခဒိန် တွေမှာ နှစ်ပေါင်း ၂၀၀၀-အထိ လုပ်ထားတာမှာ များစွာမှားတာရှိတယ်။
ကျွန်တော်ပြမည်။ ၁၃၀၁ ခုနှစ် အာရ်ဝင်း ပြက္ခဒိန်က ၀ါငယ်ထပ် တယ်မဟုတ်လား။ သည်ဟာ မှန်ပေသည်။
၁၃၀၇-ခုနှစ်ထိ မှန်ပေမည်။ ထိုနောက်နှစ်တွေမှာ မှားသွားတာပါလာမည်။ အင်မတန် ပညာရှိကြီးတွေ
ရေးမှတ်ထားတဲ့ ပြက္ခဒိန်ပါ။
ကလိန်စီ ပြက္ခဒိန်မှာ ၁၃၀၁-ခုနှစ်ကစပြီး
(၇) ထိအောင်မှန်တယ်။ ကျွန်တော် ၁၂၉၀-ပြည့်နှစ်ကစပြီး ၁၀-အတွက် ပြောပြပါမည်။ ၁၂၉၀-ပြည့်နှစ်မှာ
ကလိန်စီပြက္ခဒိန်က ၀ါမထပ်ဘူး။ မြန်မာနိုင်ငံအစိုးရကလည်း ၀ါမထပ်ဘူး။ ၉၁ ခုနှစ်မှာ ကလိန်စီက
ဝါငယ်ထပ်တယ်။ မြန်မာနိုင်ငံအစိုးရကလည်း ၀ါငယ်ထပ်တယ်။ ၉၂ ခုနှစ်မှာ ကလိန်စီရော မြန်မာနိုင်ငံအစိုးရ
ပြက္ခဒိန်ရော ၀ါမထပ်ဘူး။ ၉၃ ခုနှစ်မှာ ကလိန်စီ ပြက္ခဒိန်ရော၊ အစိုးရရော ၀ါကြီးထပ်တယ်။
၁၂၉၄ ခုနှစ်မှာ ၀ါမထပ်ဘူး။ နှစ်ခု စလုံး ၀ါမထပ်ဘူး။ ၁၂၉၅ ခုမှာ နှစ်ခုစလုံး ၀ါမထပ်ဘူး။
၉၆ ခု မှာ နှစ်ဦးစလုံး ၀ါငယ်ထပ်တယ်။ ၉၇-၉၈မှာ ၀ါမထပ်ဘူး။ ၉၉- ခုနှစ်မှာ ၀ါကြီးထပ်တယ်။
၁၃၀၀ ပြည့်နှစ်မှာ ၂-ဦးစလုံး ၀ါမထပ်ဘူး။ ၁၃၀၁-ခုနှစ်မှာ ကလိန်စီပြက္ခဒိန်ရော အာရ်ဝင်းပြက္ခဒိန်
ရော နှစ်ဦးစလုံး ၀ါငယ်ထပ်တယ်။ ပညာရှိများ သွင်းထားတာ ကလဲ ၀ါငယ်ထပ်တယ်။ အဲတာတွေက မှန်တာတွေ။
(၁၀) နှစ် မှန်တယ်။
၁၂၇၇-ခုနှစ်မှာ ကျွန်တော်တို့က
ဝါကြီးထပ်တယ်။ ကလိန်စီက ပြက္ခဒိန်က ၀ါငယ်ထပ်တယ်။ ၁၂၇၄-ခုမှာ ကျွန်တော်တို့က ၀ါငယ် ထပ်တယ်။
ကလိန်စီက ၀ါကြီးထပ်တယ်။ သည်တော့ကာ အာရ်ဝင်းပြက္ခဒိန်ကိုကြည့်ပါ။ သာပြီးမှားသေးတယ်။ ယခုသည်ပြက္ခဒိန်တွေ
မှားတာမှန်တာပြောတာဟာ ဦးဘိုကြီးကို ပြောချင်လို့ မဟုတ်ပါဘူး။ မနေ့က ဦးသောဘဏက ပြောတယ်။
နှစ်ပေါင်း ၂၀၀-အတွက် ပြက္ခဒိန်ချုပ်ကြီး သူ့မှာရှိပါတယ်တဲ့။ အလွန်မှန်ပါတယ်တဲ့။ ရဟန
္တာမို့ ပြောနိုင်တာလား။ (ရယ်ကြသည်)။ ပုံနှိပ်ထားတာရှိလျှင် ပြစမ်းပါ။ ဒါလဲ ကိုယ်တော်ကို
ပြောချင်လို့မဟုတ်ပါဘူး။ ၀ါထပ်ရက်ငင်ဆိုတာ ကိုယ်တော်တပါး သဘောနှင့်လည်း မဖြစ်နိုင်ဘူး။
တပည့်တော် တယောက်တည်း သဘောနှင့်လည်း ဖြစ်တာမဟုတ်ဘူး။
ကင်းဝန်မင်းကြီးဆီကို အနှစ်တရာအတွက်
ပြက္ခဒိန်လုပ်ပေးပါ။ စရိတ်ဘယ်လောက်ကုန်ကုန် ဆိုပြီး ပုဏ္ဏားပညာရှိ၊ ဗေဒင်ပညာရှိ တို့နှင့်
လုပ်ပေးဘို့ အစိုးရက ပြောတယ်။ သူတို့ကလည်း ပြက္ခဒိန်ထုတ်ချင်တာကိုး။ သည်ဟာ တပည့်တော်တို့
လက်ထက်မှာ မဟုတ်ပါဘူး။ ဒါနှင့် တောင်တော်သာသနာပိုင် ဆရာတော်နှင့် ညှိနှိုင်းကြတော့ ဟာ၊
ဘယ့်နှယ် အင်္ဂလိပ်ပြက္ခဒိန်လို အနှစ်တရာ လုပ်ထားလို့ဖြစ်မလဲ။ မြန်မာပြက္ခဒိန်က တနှစ်ကိုတခါတခါ
တွက်ရလုပ်ရတာ၊ နေ လ နက္ခတ်တာရာ ဆိုတာ အသွားအလာ တစံနစ်ထဲ တည်မြဲနေတာ မဟုတ်ဘူး။ ရွေ့ချင်လဲ
ရွေ့သွားတာဘဲ။ ပညာရှိတွေက သည်လို ပြက္ခဒိန်မျိုး နှစ်ပေါင်းများစွာအတွက် လုပ်ထားခဲ့လျှင်
ရှေ့လာမည့်ပညာရှိတွေက အပြစ်တင်ခံရပါလိမ့်မည် ဆိုပြီး မလုပ်နိုင်သည့်အကြောင်း ကင်းဝန်မင်းကြီးက
ပြောပြရပါတယ်။
အာရ်ဝင်းကိုယ်တိုင် မိတ္ထီလာမှာ
မင်းကြီးလုပ်စဉ် တပည့်တော်ကို ကူညီပါဆိုတယ်။ သည်တုံးက မာဓ၀၏အစ်ကို ၀ိဇယ၊ ၎င်းအဘ ဦးစိန
္တာတို့ကိုလည်း ကူညီပါဆိုတယ်။ အားလုံးကူညီကြတယ်။ သူရေးသော ပြက္ခဒိန်စာအုပ်ထဲမှာ တပည့်တော်တို့
နာမည်ပါတယ်။ သည်တော့ကာ ကျွန်တော်တို့က မင်းကြီးကို နှစ်အများကြီးမလုပ်ပါနှင့်။ မှန်တာ
နည်းနည်းသာရှိမယ်၊ ပြောပြတယ်။ ၁၉၀၂-ခုနှစ်မှာ ပုံနှိပ်သောစာအုပ် အမှားများလို့ တခါတည်း
ပစ်လိုက်ရတယ်။ ၁၉၀၉-ခုနှစ်၊ ပုံနှိပ်သောစာအုပ်မှာ အမှားများပါတယ်။ ပြက္ခဒိန်ချုပ်တခုကို
လက်ကိုင်ထားပြီး တိုက်ဆိုင်ကြည့်တောကာ မှန်တာလဲမှန်တယ်။ မှားတာလဲ မှားတယ်။
ထို့ပြင် ပြောလိုတာက လပြည့်နေ့တိုင်း
လပြည့်အစစ်ဖြစ်အောင် ဘယ်သူမှ မလုပ်ပေးနိုင်ဘူး။ တပည့်တော်တို့ လုပ်ရတာက ပညာရှိ ၁၈-ယောက်။
အစိုးရက ခန့်ထားတယ်။ ပုဏ္ဏားတယောက်၊ နေရာတနေရာလည်း သေသွားလို့ လိုနေပါတယ်။ အရင်က ပညာရှိ
နေရာ အားလပ်စဉ်က အောက်မြန်မာပြည်ကလူကို သွင်းလိုကြောင်း အစိုးရထံစာရေးရာ ၀င်ခွင့်ပြုထားပါတယ်။
ရွေးမရသေး၍ မသွင်းရ သေးပါ။ အစိုးရထံ နှစ်စဉ်တွက်ချက် တင်သွင်းရသည်မှာ ပညာရှိ ၁၈-ယောက်၊
ရဟန်းတော်က အနည်းဆုံး ၁၀-ပါးဆိုတော့ ၂၈-ယောက်။ သည်အပေါ်မှာတခါ ပဌမသုဓမ္မာ၊ ဒုတိယသုဓမ္မာဆိုလျှင်
၂၀- ဆိုတော့ အားလုံးပေါင်း ၅၀-လောက်စုပြီးတော့မှ တိုင်ပင်ဆွေးနွေး စစ်ဆေးပြီး လျှင်
အစိုးရထံတင်ရပါတယ်။ တဦး တသဘောနှင့်မှန်တယ်လို့မဆိုနိုင်ဘူး။ တာကြောင့်မို့ တပည့်တော်လျှောက်ထားလိုတာက
ရက်ငင် တရက် ကြွေးကျန်တယ်ဟု ဦးသောဘဏ ကိုယ်တော်တပါးတည်းက ဆိုရုံနှင့် မဖြစ်နိုင်ပါဘူး။
အောင်နိုင်ပါမည်လား။ ဦးသောဘဏက သွေးဆောင်ပြီး စာတွေရိုက်ကမ်းနေလို့ အောင်မြင်မယ် ထင်ပါသလား။
အထက်နိုင်ငံက ဘုန်းကြီးအများကြီး ရှိပါတယ်။ မန္တလေးမြို့မှာ သံဃာတော်က ၇-ထောင်ရှိတယ်။
အောက်နိုင်ငံက ကိုယ်တော်နည်းနည်းကလေး အလိုကို အထက်နိုင်ငံက ဆရာတော် သံဃာတော် အများကြီးက
လိုက်မလား။ အခုဟာ နိုင်ငံရေးခေတ်ကြီးပါ။ သည်တော့ခါ ဘယ်လောက်ခက်သလဲ။ ပြည်ထဲရေးအမတ်ကြီး
စက္ကရီတေရီ နှင့် ချယ်ရာမင်ပါ အကြပ်တွေ့နေပြီ။
အထက်နိုင်ငံကလုပ်တာကို အတည်ပြုချင်ပြု။
ဖျက်ချင်ဖျက်။ အစိုးရတာဝန်ထားပါတယ်။ အရင်က စာသွင်းပြီး အတည်ပြုပြီး ဖြစ်ပါလျှက် ယခုမှ
အစိုးရက လုပ်ချင်တာလုပ်လာတာကို အထက်နိုင်ငံက ရဟန်းတော်များ ဧဧလိုက်နာလိမ့်မည်ဟု တပည့်တော်တို့တော့
အထင်အရှားမသိနိုင်ပါဘူး။ ချယ်ယာမင်ရဲ့ ၀တ္တရားအတိုင်းလုပ်ကိုင်ပါ။ သည်ကော်မတီက တပည့်တော်တို့နှင့်
ဆွေးနွေးရပါမယ်။ ငါတို့ အစိုးရခန့်ဆိုပြီး တပည့်တော်တို့ အပေါ်မှာ ဆုံးဖြတ်ချင်တယ်။
ထိုသို့ဆုံးဖြတ်ရန် ဘယ်ဥပဒေမှာ ပါသလဲ။ သည်လိုလုပ်ဘို့ အမိန့်ဘယ်က ရသလဲ။
တပည့်တော်တို့အကြိုက်လုပ်လျှင် လက်မှတ်ထိုးမယ်။ အစိုးရလုပ်ချင်တာလုပ်ပါလို့ တပည့်တော်တို့ သွင်းထားတဲ့စာရှိတယ်။ တပည့်တော်တို့ ၀မ်းမနည်းပါဘူး။ တပည့်တော်တို့က အစိုးရပေးသည့်ရက်ကို လိုက်နာနိုင်ပါတယ်။ ဤ၀ါဆိုဝါကပ် အရေးကလေးဟာ တိုင်းရေးပြည်ရေးဖြစ်သွားပြီး လူတွေရဟန်းတွေ ဒုက္ခရောက်ကုန်ပါလိမ့်မယ် ဟူ၍ အကျယ်ပြောဆို သွားလေသည်။
No comments:
Post a Comment