Sunday, May 20, 2012

ခရစ္စတိုဖာပေါက်ကျိုင်း ၏ အတ္ထုပ္ပတ္တိ (၁၉)

 

စတုတ္ထပိုင်း (စင်ကာပူအတွေ့အကြုံ - တတိယ ၆ လ)





(၇၀) အောက်ပြည်အောက်ရွာမှ ကျောင်းများသို့ သွားကြည့်ကြခြင်း



မနက်ပိုင်းတွင် မိချောင်းရဲ အနီးပတ်ဝန်းကျင်သို့ ဒေသန္တရ ဗဟုသုတအဖြစ် လျှောက်ကြည့်ကြပြီး နံက် ၁၁ နာရီခန့်တွင် ချောက်သို့ ခရီးဆက်ခဲ့ကြပါသည်။

ချောက် အ.ထ.ကမှ ကျောင်းအုပ်ဆရာကြီးမှာ ဦးထွန်းလွင်ဖြစ်၏။ ကျွန်တော်တို့ရောက်သွားတော့ အတော်တောင် မှောင်နေပြီ။ ဆရာကြီးက ကျွန်တော်တို့ကို ကျောင်းသို့လိုက်ပြ၏။ အနီးအနားမှ ကွန်ပြူတာကိုင်တတ်သော ကျောင်းသား ကျောင်းသူကလေးများကို ခေါ်ကာ ကွန်ပြူတာများ ဖွင့်ပြပါသည်။ ကျောင်းခန်းမှာ သပ်သပ်ယပ်ယပ် လှလှပပ ရှိပါသည်။



ကျွန်တော်က ယူလာသော ပညာရေးစီဒီများပေးကာ ဖွင့်ပုံဖွင့်နည်းလည်း ပြခဲ့၏။ Software များကိုတော့ install လည်း လုပ်ပေး၊ နောင်အသစ်ရလာသော software များကို install လုပ်ပုံလုပ်နည်းလည်း ပြခဲ့ပါသည်။

အားလုံးပြီးနောက် ဆရာကြီးက ကျွန်တော်တို့ကို ချောက်က နာမည်ကြီး ကြက်ဆီထမင်း လိုက်ကျွေးမယ်ဆိုကာ ခေါ်သွားပါ သည်။

ဆိုင်နာမည်မှာ ချောက် မတင်ဝင်း ကြက်ဆီထမင်း ဖြစ်၏။ တောင်စောင်းရှိ ဆိုင်ကလေးမှာ သပ်သပ်ယပ်ယပ် သန့်သန့်ရှင်းရှင်း ရှိပါသည်။ ကြက်ဆီထမင်းမှာလည်း မဆိုးပါ။ စားလို့ကောင်းပါသည်။ သို့သော် ကျွန်တော်တို့အဖို့မူ အထူးအဆန်းမဟုတ်။ စင်ကာပူမှ Chicken Rice အတိုင်းပင်ဖြစ်ပါ၏။ သူက မြန်မာပိုဆန်သည်။

နောက်နေ့တွင် ချောက်မှ ရန်ကုန်သို့ ပြန်ခဲ့ကြသည်။

ဤခရီးစဉ်ကို ကျွန်တော်တို့ အလွန်ကျေနပ်အားရခဲ့ပါသည်။ ကျွန်တော်တို့ လှူလိုက်သော ကွန်ပြူတာများကို ကျောင်းများတွင် လက်တွေ့သုံးနေသည် တွေ့ရသဖြင့် လှူရကျိုးနပ်သည်ဟု ခံစားမိသောကြောင့် ဖြစ်ပါ၏။ အထက်မြန်မာပြည် ခရီးစဉ်ပြီးသော် ကျွန်တော့် ဇာတိ မြို့ရွာများဘက်မှ ကျောင်းများသို့သွားကြည့်ရန် တိုင်ပင်ပါသည်။ အထက်မြန်မာပြည်သို့ ခရီးထွက်တာ ရက်ရှည်နေပြီ ဖြစ်သဖြင့် ကျွန်တော်တို့ဘက်သို့သွားတော့ ကိုသောင်းတန် မလိုက်တော့ပါ။ ကျွန်တော်နှင့်အတူ ကိုစိုးသိန်း (ကွန်ပြူတာများကို ပြုပြင် ထိန်းသိမ်းမှု များလုပ်ပေးခဲ့သူ) လိုက်ခဲ့ပါသည်။

            ကိုစိုးသိန်းမှာ အလွန်စိတ်အားထက်သန်လှသူ ဖြစ်သည်။ သူ့ထံ၌ရှိသော installer CD များ၊ floopy drive များပါ ယူလာကာ hardware သင်တန်းပေးမည် ဆို၏။ ကျွန်တော်လည်း လုပ်လိုက်လေ ဟု သဘောတူကာ လေးမျက်နှာဘက်မှ ကျောင်းများသို့ ကျွန်တော်တို့ ဘယ်နေ့လာမည်။ ကွန်ပြူတာ ပြုပြင်ထိန်းသိမ်းနည်း သင်တန်းများပါပေးမည်၊ အနီးအနား ကျောင်းများမှ ကွန်ပြူတာသင်တန်း တက်လိုသူ ဆရာ၊ ဆရာမများစာရင်းကောက်ပြီး အဆင်သင့်ပြင်ထားလိုက်ပါ ဟု အကြောင်းကြားလိုက်သည်။

            အထုပ်အပိုးကိုယ်စီနှင့် လေးမျက်နှာဘက်သို့ ခရီးစထွက်တာ ၂၀၀၄ ခုနှစ် အောက်တိုဘာလ ၁၉ ရက်နေ့ဖြစ်၏။ လေးမျက်နှာ အ.ထ.က ကျောင်းအုပ်ကြီးမှာ မရှိ။ ဘာတဲ့။ ပုသိမ်က ဆို၊ က၊ ရေး၊ တီးပြိုင်ပွဲကို သွားနေရသည် ဆိုလား၊ ပြောကြသည်။ ကိစ္စမရှိပါ။ လေးမျက်နှာမြို့တွင်း အနည်းငယ်လျှောက်ကြည့်ကြပြီး ညပိုင်းတွင် ကျွန်တော်တို့လှူထားသော ကွန်ပြူတာများကို ဖွင့်ကြည့်ကြပါသည်။ ကောင်းပါသည်။ ဘာမှ မဖြစ်။ ကွန်ပြူတာကတော့ ဘာကိစ္စမှမရှိ။ ကိစ္စရှိသည်မှာ မီးဖြစ်၏။ မီးက လာလိုက်မလာလိုက်။ ဆရာဦးမြင့်သိန်း တို့က ကိစ္စမရှိပါဘူးဗျာ။ မီးမလာတော့လည်း မီးစက်မောင်းတာပေါ့ ဟု ဆိုပါသည်။

            ရောက်ပြီး နောက်နေ့တွင် ကွန်ပြူတာပြုပြင်ထိန်းသိမ်းနည်း သင်တန်း ပေးပါသည်။ ကွန်ပြူတာမှာ ဘာတွေပျက်တတ်သလဲ။ ၀င်းဒိုးပြုတ်ကျသွားရင် ဘယ်လိုပြန်တင်ရမလဲ။ ဘယ်လို setting ချရမလဲ စသဖြင့် ကိုစိုးသိန်းက သင်ပေးပါသည်။


သင်တန်းပြီးသော် သင်တန်းဆင်းပွဲ နှင့် ကွန်ပြူတာပေးအပ်လှူဒါန်းပွဲ ကျင်းပပေးပါသည်။ ကျွန်တော်က ကျွန်တော်တို့ လုပ်နေသည့် ရည်ရွယ်ချက်များကို ပြောပြပါသည်။ လေးမျက်နှာမြို့ခံအနေနှင့် ကျွန်တော့်ဦးကြီးဖြစ်သူ ဦးကျင်ပျို နှင့် မြို့နယ်ပညာရေးမှူးတို့မှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားကြပါသည်။




နောက်နေ့တွင် အိုင်သပြုကျောင်းသို့ လှူဒါန်းထားသော ကွန်ပြူတာများအား သွားရောက်ကြည့်ရှုကြ၏။ ကွန်ပြူတာအားလုံးမှာ ကောင်းမွန်စွာ အလုပ်လုပ်ပါသည်။ ကောင်းကောင်းမွန်မွန် အလုပ်မလုပ်လျှင် ပြင်ရအောင်ဟု ကိုစိုးသိန်းက လက်နက်ကိရိယာ အစုံအလင် ယူခဲ့သည်။ အိုင်သပြုသို့ မော်တော်ဆိုင်ကယ်များဖြင့် လိုက်ပို့ကြပါသည်။ လေးမျက်နှာသို့ ပြန်လာတော့ မှောင်စပျိုးနေပြီ။ လမ်းတွင် အလုပ်သိမ်းပြီး ပြန်လာသော တောင်သူများ၊ လယ်သူမများ၊ ကျွဲနွားများသိမ်းပြီး ပြန်လာသည့် နွားကျောင်းသားကလေးများကို တွေ့ရရာ လွမ်းမောစရာ ဖြစ်ပါသည်။ ကျွဲနွားမောင်းသံများနှင့်အတူ တစ်ခါတရံ အော်ဟစ်သီဆိုလိုက်သည့် သီချင်းသံသဲ့သဲ့ကိုပါ ကြားရတတ်ပါ သေး၏။ ကျွန်တော်အလွန်ချစ်သည့် မြန်မာကျေးလက်များ၏ မရိုးနိုင်သော သဘာဝ အလှအပများပါပေတည်း။



ထို့နောက် လေးမျက်နှာတစ်ဖက်ကမ်းရှိ နင်းကြမ်းကျောင်းမှ ကွန်ပြူတာအခြေအနေကို သွားကြည့်ပါသည်။ ကောင်းပါ၏။ ဘာမှ မဖြစ်ပါ။ ကိုစိုးသိန်းကတော့ ရန်ကုန်တွင် သူ ကျကျနန ပြုပြင်ထိန်းသိမ်းရေး လုပ်ပေးလိုက်သောစက်များဖြစ်သဖြင့် စက်များ ဒေါင်ဒေါင်မြည် ကျန်းမာရေးကောင်းနေသည်ကိုကြည့်ကာ ပျော်တပြုံးပြုံးရှိချေသည်။

            ကျွန်တော်တို့က ကွန်ပြူတာများကို လှူပြီးပြီးရော ပစ်စလက်ခတ်မထားဘဲ ယခုကဲ့သို့ လာရောက်ကြည့်ရှုစစ်ဆေး၊ သင်တန်းများ ပေး လုပ်သည်ကို လေးမျက်နှာမှ မိတ်ဆွေအပေါင်းအသင်းအားလုံးက ၀မ်းသာမဆုံးရှိကြပါသည်။ ကျွန်တော်တို့အတွက်မူ ဘာလက်ဆောင် ပစ္စည်းမှ မလိုပါ။ သူတို့ ကွန်ပြူတာများကို အဆင်ပြေပြေသုံးနိုင်ကြသည်ဆိုလျှင်ပင် ၀မ်းသာလှပါပြီ။ သည်ကဲ့သို့ တောရွာများတွင် အဘယ်ကဲ့သို့သော ကွန်ပြူတာ ရနိုင်ပါမည်နည်း။ လှူဘို့ဝေးလို့ ကိုယ်ပိုင်တောင် ၀ယ်ကိုင်နိုင်ကြသည် မဟုတ်ပါ။ ၀ယ်နိုင်သည်ဆိုစေ မည်ကဲ့သို့သုံးရမှန်း မသိသည်နှင့် မ၀ယ်ကြပါ။ သည်တော့ ယခုကဲ့သို့ ကျွန်တော်တို့ တကူးတက လာလုပ်ပေးသည်ကို မည်သူ ၀မ်းမသာဘဲ ရှိပါအံ့နည်း။

            ကိုစိုးသိန်းကတော့ ကျောင်းများမှ ကွန်ပြူတာကိုင်သူ၊ စိတ်ပါဝင်စားသူ လူငယ်၊ လုံမငယ်များကို နွေရာသီကျောင်းပိတ်ရက်တွင် ရန်ကုန်ရှိသူ့ထံလာကာ သင်တန်းလာတက်ဘို့ တဖွဖွ မှာပါသည်။ သူက အခကြေးငွေမယူဘဲ အခမဲ့သင်ပေးမှာ ဖြစ်ပါ၏။ ပြောမဲ့သာ ပြောရသည်။ အခမဲ့သင်ပေးမည်ဆိုတောင် သူတို့အနေနှင့် လာဘို့ရာမလွယ်လှကြောင်း ကျွန်တော်အတတ်သိပါသည်။ တောသူတောင်သား တွေမှာ ပိုက်ဆံငွေကြေး အပိုအလျှံသိပ်ရှိလှတာမဟုတ်။ အလကားသင်ပေးသည်ဆိုစေ၊ ရန်ကုန်သွားပြန်စရိတ်၊ စားစရိတ်၊ နေစရိတ်များ အတွက် ပိုက်ဆံအပိုကုန်ဦးမည် မဟုတ်ပါလား။





(၇၁) စစချင်း ဆောက်နှင့်ထွင်း



            Union Alloy ၌ ၄ နှစ်လုပ်အပြီး Work Permit သက်တမ်းကုန်ခါနီးတွင် ကျွန်တော်က ကျွန်တော်တို့မန်နေဂျာအား သက်တမ်း ဆက်တိုးပေးမလား၊ အလုပ်သစ်ရှာရတော့မလား ဟု မေးပါသည်။ မန်နေဂျာက သူဌေးကိုမေးကာ ယခု project များများစားစား မရှိတော့ပြီ ဖြစ်၍ သက်တမ်းဆက်တိုးမပေးတော့ကြောင်း ပြောပါသည်။ ထို့ကြောင့် ကျွန်တော်လည်း အလုပ်သစ်ရှာရပါတော့သည်။ ထုံးစံအတိုင်း သတင်းစာများမှရော၊ သူငယ်ချင်းများမှပါ နည်းပေါင်းစုံသုံး၍ ရှာပါသည်။

            “လူ့ဘ၀ဟူသည် ကံဇာတ်ဆရာ စီမံသလို ကပြနေကြရခြင်း ဖြစ်သည်” ဆိုသည့်စကားကို ငယ်စဉ်က လက်မခံခဲ့ပါ။ မိမိသာလျှင် မိမိ၏ အရှင်သခင်ဖြစ်ပြီး ကိုယ့်ဘ၀ကို ကိုယ့်ဘာသာ ဖန်တီးနိုင်သည်။ ကံစီမံရာ ခံနေရသူများမှာ လူညံ့များဖြစ်သည် ဟု သည်လိုပင် မှတ်ယူထားခဲ့သည်။ 

            သို့သော် ယခု လူ့ဘ၀ထဲ ထဲထဲဝင်ဝင် ရောက်လာ၊ အသက်ကလေးလည်းရ၊ အတွေ့အကြုံပေါင်းလည်း စုံလာတော့မှ သည်စကား ၏ အတိမ်အနက်ကို သဘောပေါက်ခဲ့ရသည်။ သည်စကားပုံများမှာ အားအားလျားလျား၊ စိတ်ကူးတည့်တိုင်း လျှောက်ရေးခဲ့တာမဟုတ်။ အတွေ့အကြုံပေါင်းစုံမှ ရခဲ့သော သင်ခန်းစာများကို အဆီထုတ်ကာ ရှေးပညာရှိများ ထားခဲ့မှန်း သိလာရသည်။



            အလုပ်လိုက်ရှာရင်း တစ်နေ့တော့ Tellus တွင် အတူလုပ်ခဲ့ဖူးသူ၊ အင်မတန်မှလည်း ခင်မင်ရင်းနှီးသူ ကိုတင်အောင်ကျော် က ကျွန်တော့်ထံဖုံးဆက်ကာ သူ့မိတ်ဆွေ သူဌေးတစ်ဦးမှာ ပိုက်လုပ်ငန်းကို ကျွမ်းကျွမ်းကျင်ကျင်လုပ်တတ်သည့် အင်ဂျင်နီယာတစ်ဦး  လိုက်ရှာ နေကြောင်း၊ သူက ကျွန်တော့်အကြောင်း ကြိုပြောထားကြောင်း၊ ထို့ကြောင့် နက်ဖြန် နေ့ခင်း ၁၁ နာရီ၊ ဆန်ဘာဝမ်းသင်္ဘောကျင်း မှ ကန်တင်းသို့ အင်တာဗျူးလာခဲ့ရန် ဖုံးဆက်ပါသည်။

            ကျွန်တော့်မှာ လည်မလိုလိုနှင့် အလွန်အ,သူဖြစ်ရကား သင်္ဘောကျင်းမှ ကန်တင်းတွင် အင်တာဗျူးမည် ဆိုကတည်းက အခြေအနေမဟန်မှန်း မရိပ်မိခဲ့။ အလုပ်လိုချင်ဇောကပ်နေရကား သူချိန်းသည့် သင်္ဘောကျင်းသို့ သွားကာ သူပြောသည့် သူဌေးဆိုသူနှင့် တွေ့ဆုံကာ ဘုရားစူးရပါစေ့ အင်တာကို ဗျူးခဲ့သည်။

            ကျွန်တော့် ဘော့စ်မှာ ခပ်ငယ်ငယ်ပင်ရှိပါသေးသည်။ ကျွန်တော့်ထက်ပင် ငယ်မည်ထင်ပါသည်။ လူက တရုတ်၊ ယူထားတာက မလေးမ။ Danny ဟု ခေါ်၏။ တကယ့်ကို ဘုရားစူးရပါစေ့ သူဌေးဖြစ်လေသည်။

            ကျွန်တော့်ကို S Pass တင်ပေးမည် ဆို၏။ (ယခု လက်ရှိကျွန်တော့်မှာ Work Permit ဘ၀ပင်ရှိပါသေးသည်။) ငါက ခုမှ ကုမ္ပဏီ ထောင်ခါစ။ မင်းနဲ့ငါနဲ့ ကုမ္ပဏီကို တက်အောင်လုပ်ရမယ်၊ ဘယ်လိုလုပ်မယ်၊ ညာလိုလုပ်မယ် စသဖြင့် ပြော၏။ သူပြောတာ ကျွန်တော် နားလည်တစ်ချက်၊ မလည်တစ်ချက်။ ကျွန်တော့် အဓိကအားနည်းချက်မှာ ပွင့်ပွင့်လင်းလင်း စုံရေဆန်ရေ မမေးတတ်ခြင်းဖြစ်၏။ မင်းတို့ရုံးခန်း ဘယ်မလဲ။ ငါက အလုပ်သမား ဘယ်နှယောက်ကို ကိုင်ရမလဲ။ ဘာတွေလုပ်ရမလဲ စသဖြင့် ဘာမှမမေး။ အားနာတာလည်း ပါသည်။

နောက်ဆုံး ကျွန်တော်ကလည်း ငါ အစွမ်းရှိသရွေ့ လုပ်ပါ့မယ်ကွာဟု ပြောကာ ကျွန်တော့်စာရွက်စာတမ်းများ ပေးခဲ့လျှက် ပြန်ခဲ့၏။ သူက S Pass approve ဖြစ်ရင် ငါအကြောင်းကြား လိုက်မယ်ဆို၏။ သို့နှင့် ကျွန်တော်လည်း ယုံကြည်စိတ်ချစွာပင် မြန်မာပြည်ပြန်ကာ အထက်တွင်ဖော်ပြခဲ့သော ကွန်ပြူတာ ကိစ္စများ လိုက်လံ လုပ်ဆောင်လျှက်ရှိခဲ့လေသည်။



            အတိုချုပ်ရလျှင် S Pass approve ဖြစ်ပြီး IPA letter ရသောအခါ စင်ကာပူသို့ ထွက်လာခဲ့ပြန်သည်။

            ဤသည်မှာ တတိယအခေါက် ဖြစ်၏။ ထို့ကြောင့် ကျွန်တော်က ခေါင်းစဉ်တွင် တတိယ ၆ လ ဟု အမည်ပေးခဲ့ခြင်းဖြစ်သည်။ ပထမ ၂ နှစ်မှာ Tellus တွင် လုပ်ခဲ့သည်။ ဒုတိယ ၄ နှစ်မှာ Union Alloy တွင် ဖြစ်ပြီး ယခုအကြိမ်မှာကား တတိယ အခေါက်ဖြစ်၏။ ပေါက်တတ်ကရမျိုးစုံ လုပ်ရသော သူ့ကုမ္ပဏီတွင် သက်ဆိုးမရှည်ပါ။ ၆ လနှင့် လစ်ထွက်ခဲ့ရသည်။ ဤသည်မှာလည်း စိတ်ဝင်စားဘွယ်၊ နောင်လာနောက်သား လူငယ်ကလေးများ အတုယူဘွယ် ဖြစ်သဖြင့် ခရေစေ့တွင်းကျ ဖောက်သည်ချပါအံ့။

           

            ကျွန်တော့်အား လေယာဉ်ကွင်းသို့ သူလာကြိုပါသည်။ လုပ်ပုံလည်းကြည့်။ သူ့မိတ်ဆွေများအား ပြန်ရောင်းရန် လေယာဉ်ကွင်းထဲမှ ဂျူတီဖရီးဆိုင်များသို့ တစ်ဆိုင်ဝင် တစ်ဆိုင်ထွက် ၀ယ်လို့ရသမျှ ကျွန်တော့်ပတ်စ်ပို့သုံးပြီး အကုန်ဝယ်ပါသည်။ နောက်ပြီး ပစ္စည်းကိုကြည့်။ ကောက်ဝယ်တာမဟုတ်ဘဲ ဟိုပစ္စည်းက ဘယ်လောက်၊ ဒါဝယ်သွားရင် ပိုကိုက်မယ် စသဖြင့် ဆိုင်အားလုံး ဗြဲသရမ်းခါအောင် မွှေနှောက်နေ သည်ဖြစ်ရာ ကျွန်တော့်မှာ အလုံးလိုက်တက်လာသော ဒေါသများကို အောင့်အည်းမြိုသိပ်လျှက် သူ့နောက်က တကောက်ကောက် လျှောက်လိုက်နေရပါသည်။ ကျွန်တော့်စိတ်ထင် နာရီဝက်ပင်မကပါ။

            အပြင်ထွက်လာတော့ ကျွန်တော်တို့လေယာဉ်မှ ခရီးသည်အားလုံး တစ်ယောက်မှမရှိတော့။ အားလုံးသွားကုန်ကြပြီ။ ထို့အတူပင် ကျွန်တော်တို့ လေယာဉ်အတွက် ပစ္စည်းရွေးသည့် ခါးပတ်ပြားကြီးမှာလည်း ရပ်လို့။ ဘာပစ္စည်းမှမရှိတော့။ သည်တော့ ကျွန်တော့် ခေါင်းနပန်းကြီးရပြီ။ ကျွန်တော့်အထုပ်များကို တစ်ယောက်ယောက် မ,သွားပြီ။ တကယ်သုတ်သွားတာလား။ မှားယူသွားတာလား မည်ကဲ့သို့ သိနိုင်ပါအံ့နည်း။

သို့နှင့် Lost and Found သို့သွားကာ အကျိုးအကြောင်းပြောပြ၏။ ငါတို့ဆီလာအပ်ရင် မင်းကိုအကြောင်းကြားမယ်လေ ဆိုကာ ကျွန်တော့် ဖုံးနံပတ်ယူထားလိုက်သည်။ ဒါဖြင့် သူတို့ဆီ ပြန်လာမအပ်ရင်ကော။ ရှင်းပါသည်။ မအပ်ရင်တော့ ဆုံးပြီ။ သူကတော့ စင်ကာပူ လေဆိပ်ဟာ အင်မတန်စိတ်ချရပါတယ်ကွာ၊ ဘာဖြစ်လို့ ခုလိုဖြစ်ရတာလဲ စသဖြင့် တဖျစ်တောက်တောက် ပြောနေလေ၏။  ကျွန်တော့မှာ ဒေါသထွက်လှပြီဖြစ်ရကား သည်ကောင့်မျက်နှာကို ထိုးချင်ကြိတ်ချင်သည့်စိတ်များအား မနည်းအောင့်အည်း မြိုသိပ်ထားရသည်။ အလုပ်မှစမယ်မကြံသေး။ ပြဿနာက တက်နှင့်ပြီ။ ကျွန်တော့်မှာ ၀တ်စရာ အပိုအ၀တ်အစားပင် မကျန်ခဲ့။ ကိုမြင့်သိန်းက Jurong Point တွင် အင်္ကျီနှင့် ဘောင်းဘီများ လိုက်ဝယ်ပေးသည်။

ကျွန်တော့်ကို ပါယာလေဘာ မှ Terrace House တစ်ခုတွင် ထားပါသည်။ သူ့အိမ်မဟုတ်။ ဘယ်သူ့အိမ်မှန်းလည်း ကျွန်တော် မသိ။ ဒီမှာနေဆိုသဖြင့် တက်နေလိုက်တာသာ ဖြစ်ပါသည်။ ထိုအိမ်တွင် Ah Ho ဟုခေါ်သော နောက်သူ့မိတ်ဆွေတစ်ဦးနှင့် ကျွန်တော်၊ တစ်အိမ်လုံးမှ နှစ်ယောက်ထည်းသာ နေရခြင်းဖြစ်သဖြင့် နေရတာတော့ အလွန်ဇိမ်ကျလှပါ၏။ သို့သော် ရွှေကျောင်းပြောင်ပြောင်၊ ၀မ်းခေါင်ခေါင် ဟူသော စကားကဲ့သို့ အလုပ်နှင့်လခကတော့ ဟန်မကျပါ။ သူ့တွင် အင်ဂျင်နီယာနှင့် တူတူတန်တန်လုပ်စရာ အလုပ်မရှိ လေရကား ကျွန်တော့်မှာ general worker အလုပ်များသာ အကုန်လုပ်ရလေသော ဟူသတတ်။



(၇၂) ဥစ္စာမှန် ပြန်ရ



            ပစ္စည်းရှိသမျှ သေတ္တာထဲ အကုန်ပါသွားသဖြင့် အိမ်မှာနေရင်းဝတ်သော ပုဆိုးနှင့် စွပ်ကျယ်မှအစ ကျွန်တော့်မှာ လိုအပ်သော အသုံးအဆောင်မှန်သမျှ အကုန်ပြန်ဝယ်ရသဖြင့် အတော်စိတ်လေသွားသည်။ ဖြစ်ချင်တော့ ဟန်းဖုံးပါ သေတ္တာထဲပါသွားသဖြင့် သူငယ်ချင်း များ၏ ဖုံးနံပါတ်များလည်း မရှိတော့။ အလွန်ရင်းနှီးသော သူငယ်ချင်းများ၏ ဖုံးနံပါတ်များကိုသာ အလွတ်ရနေသဖြင့် သိတော့သည်။ သို့နှင့် စနေနေ့ရောက်သော် သူငယ်ချင်းများနှင့် တွေ့လိုတွေ့ငြား ညစ်ညစ်နှင့် ပင်နင်စူလာသို့ ထွက်လာခဲ့သည်။

            သူငယ်ချင်းတစ်ယောက်နှင့်တွေ့လေသော် ရဲရင့်၌ လဖက်ရည်ထိုင်သောက်ရင်း ဖြစ်ကြောင်းရယ်ကုန်စင်ကို နတ်သံနှော၍ ဒေါကန်ကန်နှင့် ပြောပြနေလေ၏။ ထိုနံရောကာလ ကျွန်တော်တို့ ဘေးစားပွဲတွင် ထိုင်နေသူ ရုပ်ခပ်ကြမ်းကြမ်းနှင့် လူသုံးလေးယောက် ထလာက ခင်ဗျားက ကိုအေးငြိမ်း ဆိုတာလား ဟု မေးလေ၏။ ကျွန်တော်လည်း အူကြောင်ကြောင်ဖြစ်သွားလျှက် ဟုတ်ပါ့ ဟု ယောင်တောင်တောင်နှင့် ဖြေမိလေ၏။ ထိုအခါမှ အနှီမောင်မင်းကြီးသားများက ဟုတ်ပါ့။ ဆိုက်ဆိုက်မြိုက်မြိုက်ပဲ။ ခင်ဗျား အထုပ်၊ ကျုပ်တို့ မှားဆွဲလာမိတာဗျို့၊ ဟောဒီကောင်ပေါ့။ ငါတို့အထုပ်မဟုတ်ပါဘူးဆိုတာကို ဟာကွာ၊ ဘယ်သူမှ မကျန်တော့တဲ့ဟာ ဒါ ငါတို့အထုပ်မဟုတ်လို့ ဘယ်သူ့အထုပ်ဖြစ်မလဲဆိုပြီး အကုန်ဆွဲချလာတာဗျ။ အနို့ ဆွဲဆို၊ ကျွန်တော်တို့နောက်မှာ ဘယ်သူမှ မကျန်တော့ဘဲကိုး။ ကျွန်တော်တို့က ဂျူတီဖရီးဆိုင်မှာ အရက်ဝင်ဝယ်နေလို့ နောက်အကျဆုံးဖြစ်နေတာ ဟု ဆိုလေ၏။

            ထိုအခါမှ ကျွန်ုပ်မှာ ထိုပုဂ္ဂိုလ်များအား ကျေးဇူးတင်ရမလား၊ အပြစ်တင်ရမလား ဝေခွဲမရသောကြောင့် ငို၍ရီ၍မရသောမျက်နှာနှင့် ကိုင်း၊ ဒါဆို ဘယ်မှာလိုက်ယူရမလဲ ကိုယ့်လူတို့ ဟု မေးရလေ၏။ ခုပဲလိုက်ခဲ့ဗျာ၊ ကျုပ်တို့တည်းတာ ချိုင်းနားတောင်းမှာ ဟု ဆို၏။ သူတို့မှာ သင်္ဘောသားများ ဖြစ်၏။ ခွင့်ရက်စေ့သဖြင့် သင်္ဘောပြန်တက်ရန် မြန်မာပြည်မှ ပြန်လာကြသူများ ဖြစ်လေသည်။ သင်္ဘောသားများ ဖြစ်သဖြင့်လည်း ခပ်ကြမ်းကြမ်း အစားထဲက ဖြစ်ကုန်၏။ သူတို့အပြောအရ လေယာဉ်ပေါ်တွင် တောင်းလို့ရသမျှ ဘီယာများ နင်းကန် သောက်ရင်း မူးလာခဲ့ကြရာ လူစုကလည်း များသောကြောင့် ဘယ်သူဘယ်ဝါ့အထုပ်မှန်းမသိပဲ ကျွန်တော့်သေတ္တာကို ဆွဲသွားကြခြင်း ဖြစ်လေသည်။

ထိုအခါမှ ကျွန်တော်လည်း သူတို့တည်းသော ဟော်တယ်ဆိုသည့်နေရာသို့ ရောက်ဖူးလျှက် စင်ကာပူမှာ ဒီလိုဟော်တယ်မျိုးတွေ လည်း ရှိပါသေးလားဆိုတာ နဖူးတွေ့၊ ဒူးတွေ့ တွေ့ဖူးရတော့၏။ သူတို့အခန်းရောက်တော့ အတန်ကြာ ကွဲကွာနေခဲ့ရသော ကျွန်တော့် မိတ်ဆွေ သေတ္တာကြီးနှင့် ပြန်လည်ဆုံဆည်းရလေသည်။ သူတို့က ဖွင့်ကြည့်ပါဦး ဆိုသဖြင့် ဖွင့်ကြည့်လိုက်သေး၏။ အမှန်ဆို ဖွင့်စရာကို မလိုပါ။ သူတို့မှာသော့မရှိဘဲ ဘယ့်နှယ်လုပ်ဖွင့်မည်နည်း။ သော့မပျက်သေးသ၍ အထဲက ပစ္စည်းများမှာ ပျောက်စရာအကြောင်းမရှိပါ။ ကိုယ့်ပစ္စည်းကိုယ် ပြန်ရသဖြင့် ကျွန်တော်လည်း အတော်စိတ်ချမ်းသာသွားကာ တက္ကစီငှားလျှက် ပြန်ခဲ့လေ၏။ အဖိုးတန်သည်ဖြစ်စေ၊ မတန်သည်ဖြစ်စေ ကိုယ့်ပစ္စည်းကိုတော့ နှမြောကြသူချည်း။



(၇၃) ကြုံရဆုံရ ဘုံဘဝ



ကျွန်တော်နှင့်အတူနေသော အ,ဟို ဆိုသည့်တရုတ်မှာ အစပိုင်းတွင် သူဘာလုပ်သလဲ ကျွန်တော်မသိရ။ သို့သော် သူ့ထံ မနက် စောစောစီးစီး ဟောင်ဖွာ၊ ဟောင်ဖွာနှင့် ကြွေးလာတောင်းသူများ၊ ကြွေးမပေးနိုင်သောအခါ ဆဲဆိုသွားသူများအား မကြာခဏဆိုသလို တွေ့ရ၏။  အ၀တ်အစားကိုလည်း သေသေချာချာ ၀တ်စားပြီး သွားတာလာတာ မတွေ့ရ။ အိပ်လျှင်လည်း ကြွေပြားကြမ်းခင်းပေါ်တွင် အင်္ကျီမ၀တ်ဘဲ၊ ဘောင်းဘီတိုကလေးနှင့် သည်အတိုင်း ပက်လက်လှန်အိပ်လေသည်။ ညဘက် အိပ်နေတုံး လေတိုးလျှင်ပင် မိုးလင်းသည့် အခါ နှာများ တဖြီးဖြီးချေနေတတ်သော ကျွန်ုပ်အဖို့မူ အ,ဟို ကို အံ့သြလို့မဆုံးဖြစ်နေပါသည်။

အနည်းငယ်ရင်းနှီးလာသောအခါမှ သူလုပ်တာ နည်းနည်းရိပ်မိလာသည်။ လကုန်ရက်များတွင် သူက ကျွန်တော့်ကို စာရွက် စာတမ်းများ ပြင်ပေးဘို့ အကူအညီတောင်းသည်။ အပန်းမကြီးသဖြင့် ကျွန်တော်လည်း လုပ်ပေးပါ၏။ သူက ဘင်္ဂလား အလုပ်သမား ၁၅ ယောက်လောက်ခန့်ထားကာ ထိုအလုပ်သမားများကို အခြားကုမ္ပဏီများသို့ ငှားစားတာဖြစ်သည်။ ကျွန်တော်ပြင်ပေးရသည်မှာ လကုန်သည့် အခါ အလုပ်သမားငှားခ ပိုက်ဆံတောင်းသည့်စာများ ဖြစ်လေသည်။ ကုမ္ပဏီတစ်ခုတည်းသို့ ငှားထားလျှင် တစ်စောင်၊ ကုမ္ပဏီသုံးခုသို့ ငှားထားလျှင် သုံးစောင်ပြင်ပေးရသည်။ ငှားသည့်ကုမ္ပဏီများမှာ အပြောင်းအလဲမရှိသဖြင့် ရက်စွဲလောက်၊ လူအတိုး အလျော့၊ ပိုက်ဆံ အတိုးအလျော့ အနည်းငယ်ပြင်ပေးရုံမျှသာ ဖြစ်ပါသည်။ 

ဒယ်နီ၏မိတ်ဆွေ တရုတ်တစ်ဦးလည်း တနင်္ဂနွေနေ့များတွင် မှန်မှန်လာလေ့ရှိသည်။ တရုတ်မ ခပ်ငယ်ငယ်တစ်ဦးနှင့်။ အခန်းတစ်ခန်းမှာ လူမရှိဘဲ လွတ်နေရာ ထိုအခန်းမှာ သူ့ ဘိ ဖြစ်လေသည်။ သူလာသောအချိန်မှာ နေ့ခင်း ၂ နာရီကျော်ခန့်ဖြစ်လေရာ အိမ်၌ရှိနေသောအခါများတွင် ၂ နာရီတီးတော့မည် ဆိုသည်နှင့် ကျွန်တော်က အခန်းတံခါးကို အလုံပိတ်၊ ချက်ထိုးလျှက် အပြင်မထွက် တော့ဘဲ ကိုယ့်အခန်းထဲ၌ပင် အင်တာနက်ကြည့်နေပါသည်။ ခိုးခိုးခစ်ခစ်အသံများကို ကျွန်တော် မသတီပါ။ 

နောက်ပိုင်းတော့ တရုတ်ပြည်မှ ကျောင်းတက်လာသော ကျောင်းသူများဆိုလား၊ ရောက်လာပါသည်။ ကြည့်ရသည်မှာ အခန်းငှား စားတာ ထင်ပါသည်။ သူတို့က အပေါ်ထပ်တွင် နေသည်။ ထမင်းချက်ရန် အောက်ထပ်သို့ ဆင်းဆင်းလာလေ့ရှိ၏။ သူတို့နေတာထိုင်တာ ကိုယ်နှင့်ဘာမှ မဆိုင်သော်လည်း ကျွန်တော် ကြည့်လို့မရပါ။ ဧည့်ခန်းရှိဆိုဖာပေါ်တွင် ကောင်လေးများနှင့် ပလူးနေလျှက် ဟီလာတိုက်နေ သည်ကို ကျွန်တော်မျက်စိ စပါးမွေးစူးလှ၏။ နောက်ပြီး သူတို့ ကြော်လှော်ချက်ပြုတ်ပြီးလျှင် ကြမ်းပြင်ပေါ်၌ ကြော်ရာမှစင်ခဲ့သော ဆီမှုန်များ ဖြင့် ချွဲကျိနေပါသည်။ ကျွန်တော်လည်း သည်မီးဖိုမှာပင်သုံးတာဆိုတော့ သည်ကြမ်းပြင်နှင့်မီးဖိုများကို ကျွန်တော်ပင် သန့်ရှင်းရေးလုပ်ရ သည်။ သူတို့ချက်ပြုတ်သည့်အခါတိုင်း ကျွန်တော်စိတ်ကုန်မိပါသည်။ တစ်ခါတော့ ရေခဲသေတ္တာကို အကုန်လှန်လှောကြည့်ရာ ပုပ်သိုး နေသော ဟင်းသီးဟင်းရွက်များတွေ့သဖြင့် စိတ်တိုတိုနှင့် အကုန်လွှင့်ပစ်လိုက်ပါသည်။

            ကျွန်တော်မကြိုက်မှန်းသိသဖြင့် တစ်ခါတစ်ခါ သူတို့ကြော်လှော်၊ ချက်ပြုတ်ပြီးသည့်အခါ စားစရာများ လာပေးလေ့ရှိ၏။  ရှဲရှဲနိ ဟုပြောကာ ယူထားလိုက်သည့်တိုင် သူတို့ပေးသည့် ၀မ်းတောင်းနိုဒယ်ကို ကျွန်တော်မကြိုက်ပါ။ မကောင်းတတ်၍ ယူထားလိုက်ခြင်းသာ ဖြစ်ပါသည်။

            အိမ်ကမြေကြီးပေါ်မှာဆိုတော့ ကြွက်များလာသည်။ ကျွန်တော်ကား ခြင်၊ ယင်၊ ကြမ်းပိုး၊ ကြွက်၊ သန်း၊ ချ၊ ပုရွက်ဆိတ် တည်း ဟူသော အကောင်ပလောင်များကို အော့နှလုံးနာသူဖြစ်လေရာ ကြွက်နှိမ်နှင်းရေးစီမံကိန်း စတင်ရတော့၏။ ကြွက်ထောင်ချောက်ဝယ်၊ အုတ်ခဲများနှင့် ကြွက်လမ်းလုပ်၊ ငါးသေးသေး သို့မဟုတ် အသားနည်းနည်းကျန်သော ကြက်ရိုး စသည်တို့ကို အနည်းငယ် မွှေးလာသည်ထိ မီးဖုတ်ကာ အစာလုပ်ပြီး ကြွက်ထောင်သည်။ ထောင်စညများမှာ တဂျိုင်းဂျိုင်းနှင့် ကြွက်များ တစ်ကောင်ပြီး တစ်ကောင်မိသည်။ သို့သော် သုံးလေးရက်ကြာတော့ မမိတော့။ ကျွန်တော် နေရာပြောင်း၊ အစာပြောင်း၊ အမျိုးမျိုးပြောင်းကြည့်သည်။ ရံဖန်ရံခါ တစ်ကောင်တလေမှလွဲ၍ ကြွက်များများစားစား မမိတော့။ သိပ်လည်း မလာတော့။ ကြွက်များကား အလွန်ပါးသော အကောင်များဖြစ်ချေသည်။

            မည်သို့ပင်ဆိုစေကာမူ သည်မှာ နေရတာ အတော်အဆင်ပြေပါသည်။ တစ်ချက်က အိမ်၌မည်သူမျှမရှိ။ အ,ဟိုမှာ မနက် ၁၀ နာရီ ခန့်ထိအိပ်ပြီး အိပ်ယာမှနိုးသည်နှင့် အချိန်ပြည့်အိမ်မှ ထွက်နေသူဖြစ်သည်။ ည သန်းခေါင်မကျော်ဘဲ ပြန်လာလေ့မရှိ။ သည်တော့ တစ်အိမ်လုံး ကျွန်တော်တစ်ယောက်ထဲ လိုလိုသာနေရသည်။ တရုတ်မများရောက်လာသည်မှာ ကျွန်တော် သည်အိမ်မှထွက်ခါနီး - အဲလေ မြန်မာပြည်ပြန်ခါနီး တစ်လခွဲ၊ နှစ်လလောက်မှ ရောက်လာခြင်းဖြစ်၏။



 (၇၄) အိမ်နိမ့်စံဘ၀ ရောက်ရခြင်း



            ဒယ်နီ ကျွန်တော့်ကို S Pass တင်ပေးသည်မှာ သူပိုင်ကုမ္ပဏီဖြင့်မဟုတ်။ ဆမ်ဘာဝမ်းသင်္ဘောကျင်းရှိ Hestia Marine ဟုခေါ် သော သူ့အဖေ ကုမ္ပဏီမှ ဖြစ်သည်။ သူ့ကိုယ်ပိုင်ဟူ၍ ဘာမှမရှိ။ သူ့တွင် တစ်တန်ခွဲ ထရပ်ကားလေးတစ်စီးသာ ရှိသည်။ အလုပ်သမား တစ်ယောက်မှ မရှိ။ ရုံးခန်းမရှိ။ အလုပ်ထဲတွင်လိုသည့် လက်နက်ကိရိယာများကို သူ့အဖေကုမ္ပဏီထံမှ ယူသုံးသည်။

သူအမြဲသုံးနေကျ တရုတ်တစ်ယောက်ရှိသည်။ ဂျော့ဂ်ျ ဟုခေါ်၏။ အသက်ကြီးလှပြီ။ စာမတတ်။ လုပ်တာကြာပြီဆိုတော့ သူများလုပ်တာကိုင်တာကြည့်ပြီး လုပ်နေတာဖြစ်သည်။ သည်တော့ drawing တွေကိုမဖတ်တတ်။ လက်တိုလက်တောင်း၌ အားကိုးလို့ ရသော်လည်း တကယ်အလုပ်ကို ဦးဆောင်လုပ်ပါဆိုလျှင် မလုပ်တတ်တော့။ ဒယ်နီက သူ့ကားကလေးဖြင့် ကျွန်တော်နှင့် ဂျော့ဂ်ျကို အလုပ်သို့ လိုက်ပို့သည်။ ပို့ရင်းလည်း ပါးစပ်က တတွတ်တွတ်ပြော၏။

ငါ - ခုလိုပင်ပင်ပန်းပန်း ရုန်းကန်နေရတာ ငယ်ငယ်တုံးက စာကောင်းကောင်း မသင်ခဲ့လို့ပဲ။ ဟောဟိုက တောတွေဟာ ငါတို့ ငယ်ငယ်တုံးက ကျောင်းပြေးပြီး ဆော့ခဲ့တဲ့နေရာတွေပေါ့။ ငါ့သူငယ်ချင်းတွေဆို ခု ကောင်းစားနေပြီ။ ကုမ္ပဏီကောင်းကောင်းထောင်ပြီး မန်နေဂျာကြီးတွေဖြစ်နေပြီ။ ငါသာ ခုလို ဟိုပြေးလိုက်၊ ဒီပြေးလိုက် ဖြစ်နေတာ - စသဖြင့် ဖြစ်၏။ တစ်ခါတစ်ခါ သူ့အမျိုးသမီးပါ ခေါ်လာ တတ်သေးသည်။

ကျွန်တော်ရောက်စက သူ့မှာ ဘာအလုပ်မှမရှိ။ သည်တော့ ကျွန်တော့်ကို ငှားလိုက်သည်။ ဟို့ - ဆီနိုကိုထဲမှာ ဖြစ်၏။ ဟောဒါ၊ ငါ့ အင်ဂျင်နီယာပဲ။ Drawing တွေဖတ်တတ်တယ်။ တွက်တာချက်တာတွေ လုပ်တတ်တယ် ဆိုကာ ထားခဲ့သည်။ ထိုကုမ္ပဏီက အခန်းအနား ပြင်စားသော ကုမ္ပဏီဖြစ်၏။ ထို့ကြောင့် အခန်းအနားပြင်ရန် နောက်ခံ သုံးထပ်သားပြားကြီးများ၊ စင်များ၊ ခုံများ ပုံစံမျိုးစုံလုပ်ရသည်။ ကျွန်တော်က ကုလားအလုပ်သမားများနှင့် ၀ိုင်းလုပ်ရသည်။ အတော်စိတ်လေပါ၏။

ကျွန်တော်ဖြစ်နေပုံကိုကြည့်ပြီး သူဌေးမကြီးက ခေါ်ပြောသည်။ ကောင်လေး၊ နင် ဟောဒီစာလုံးတွေကို ဟောသည်လို ဖြတ် စသဖြင့် အနည်းငယ်ပေါ့ပါးသော အလုပ်များ ခိုင်း၏။ တကယ့်ကို တောက်တိုမယ်ရ လုပ်ရခြင်းဖြစ်သည်။ ကုလားတွေနှင့် သုံးထပ်သားများ ကို ၀ိုင်းဝန်းဆေးကြော၊ ခုံများစီ၊ သည်ပစ္စည်း ဟိုရွှေ့၊ ဟိုပစ္စည်း သည်သယ်။ အဲလေ၊ ဘုရားအလောင်းတော်တောင်မှ အိုးထိန်းသည် လုပ်ရသေးတာပဲ ဟု မနိုင့်ရင်ကာ စိတ်ကိုဖြေကာ အလုပ်သစ်ထပ်ရှာရသည်။ အလုပ်ကလည်း ရှားလိုက်သမှ တော်တော်နှင့်မရနိုင်။

ဤနေရာတွင် နှစ်ပတ်လောက်လုပ်ပြီး သူဌေးမကြီးက ကျွန်တော့်ကို မီးဆင်သော ကုမ္ပဏီတစ်ခုသို့ လက်လွှဲလိုက်သည်။ နင် ငါတို့ဆီမှာလုပ်ရတာ ပင်ပန်းတယ်။ သူတို့ဆီသွားလုပ်ချေ။ ငါတို့မိတ်ဆွေတွေပဲ။ သဘောကောင်းပါတယ် ဟု ဆို၏။

ထိုကုမ္ပဏီက အခန်းအနားများတွင် အလှအပမီးများ လိုက်ဆင်သော ကုမ္ပဏီဖြစ်သည်။ ၀ါယာရင်းလောက်တော့ ကျွန်တော်လည်း လုပ်တတ်ပါသည်။ သို့နှင့် ထိုကုမ္ပဏီတွင် အတော်ကြာသည်။ သူဌေးကလည်း အလွန်သဘောကောင်းပါသည်။ ကျွန်တော့်အကြောင်း သူတို့ ဘယ်လိုပြောထားသည်မသိပါ။ ကောင်းကောင်းမွန်မွန် လေးလေးစားစား ဆက်ဆံပါသည်။ သူ့ဆီမှာနေစဉ် စင်ကာပူတစ်လွှားမှ အခန်းအနား ပေါင်းစုံသို့ရောက်ကာ မီးဆင်သောအလုပ်ကို လုပ်ရသည်။ ပထမ ကုမ္ပဏီထက်စာလျှင် အများကြီးတော်ပါသည်။ သို့အတွက်လည်း ကျွန်တော့်ကို လက်လွှဲပေးလိုက်သော သူဌေးမကြီးကို ကျေးဇူးအများကြီး တင်မိသည်။ ဤကုမ္ပဏီတွင် သုံးလလောက်ကြာသည်။

သည်ကြားထဲလည်း အင်တာဗျူးများ မကြာခဏသွားရသည်။

ပထမ အင်တာဗျူးသွားသော ကုမ္ပဏီက ဒီဇိုင်းကုမ္ပဏီဖြစ်၏။ ကျွန်တော့်ကို ခန့်လိုက်သည်။ နောက်ပြီး သူတို့က ငါတို့အလုပ်က LTA ကနေ အများဆုံးရတာ။ မင်းတို့ Micro Station မတတ်လို့မဖြစ်ဘူး ဆိုကာ သင်တန်းတွေဘာတွေတောင် တက်ခိုင်းလိုက်သေးသည်။ တစ်ပတ်သင်တန်း ဖြစ်၏။ ကျွန်တော်နှင့်အတူ အိန္ဒိယ နှစ်ယောက်၊ ဖိလစ်ပင်း ၃ ယောက် ပါသည်။ အားလုံး အတူတူတက်ရတာ ဖြစ်သည်။ သင်တန်းလည်းပြီးရော တင်ထားသော S Pass က reject ဟု သိရတော့၏။ ဘာကြောင့်လည်းမေးတော့ သူတို့လည်း မသိ။

နောက်တော့ ဒယ်နီမှာ အလုပ်တစ်ခုရသည်။ ချန်ဂီလေဆိပ်အနီးတွင် ရေကြောင်းသင်တန်းကျောင်း ဆောက်နေသောလုပ်ငန်း၌  out fitting (သင်တန်းတွင် သရုပ်ပြမည့် ပစ္စည်းကိရိယာများ ဆင်ခြင်း) အလုပ်ရခြင်းဖြစ်၏။ ခွကျသည်မှာ သူ့ထံ၌ ဘာအလုပ်သမားမှ မရှိ။ အစောပိုင်းက ကျွန်တော်ပြောခဲ့သော ဂျော့ဂ်ျနှင့် ကျွန်တော်သာ ရှိသည်။ နောက်တော့ မလေးအလုပ်သမားတစ်ဦး ခေါ်လာသည်။ သည်တော့ ဖြတ်တာတောက်တာ၊ ဂဟေဆော်တာ၊ ပစ္စည်းတွေသယ်တာ ရှိသမျှအလုပ် အကုန်လုပ်ရသည်။ Keppel တုံးက low levy ဖြေဘို့ လေ့ကျင့်ခိုင်းသဖြင့် ဂဟေဆော်တာ နည်းနည်းပါးပါးလုပ်တတ်ပေမင့် ဖြတ်တာကျတော့ မရပါ။ အနို့ တစ်ခါမှ မလုပ်ခဲ့ဖူးပဲ။ သည်တော့ သူက ဒါလေးတောင် မလုပ်တတ်ရကောင်းလားဟု အပြစ်တင်၏။ ကျွန်တော့်မှာ စိတ်နှလုံးကို ဒုံးဒုံးချထားပြီးပြီမို့ သူ့ကို ဘာစကားမှ ဟက်ဟက်ပက်ပက် ပြန်မပြောတော့ဘဲ လုပ်စရာရှိတာသာ လုပ်နိုင်တတ်သရွေ့ လုပ်ပေးလိုက်ပါသည်။   

 သည်လိုလုပ်နေစဉ် အင်တာဗျူး သုံးလေးခါ သွားရသည်။ ထိုကုမ္ပဏီများထဲ၌ L & M လည်းပါသည်။ ကုမ္ပဏီကြီးဖြစ်၏။ ကျွန်တော့်ကို construction drawing များပေး၊ ဘာလုပ်ရမည် ဆိုတာပြောပြပြီး ဆွဲခိုင်း၏။ တတ်သရွေ့မှတ်သရွေ့ ဆွဲပေးလိုက်သော်လည်း အရွေးမခံရပါ။ နောက်ကုမ္ပဏီတစ်ခုကတော့ အတော်ကြီးသည်။ နာမည်မေ့နေပြီ။ သူတို့ရုံး၌ ကွန်ပြူတာ အလုံး ၂၀ ခန့် တန်းစီထားကာ ပုံကို တခါတည်းဆွဲ၊ အင်တာနက်မှ တစ်ခါတည်း တင်၊ မေးခွန်းများကိုလည်း အွန်လိုင်းမှပင် တင်ရတာ ဖြစ်သည်။ အမှားမခံပါ။ မှန်၊ မမှန် အဖြေလည်း မသိရပါ။ လာဖြေသူ ဆယ်ယောက်လောက်ရှိသည်။ ထိုကုမ္ပဏီတွင်လည်း မအောင်မြင်ပါ။



(၇၅) ကျွန်ုပ်ခန္ဓာကိုယ်အတွင်း ရောဂါများ စတင်ဝင်ရောက်လာခြင်း



            ကျွန်တော်ကား အလွန်ကျန်းမာရေးကောင်းသူ ဖြစ်၏။ သို့သော် အအေးတော့ ခံလို့မရ။ မိုးသည်းပြီဆိုသည်နှင့် အလိုလိုနှာရည် များ ကျလာတတ်သည်။ သည်နှာစေးတာကလွဲ၍ အခြားဘာရောဂါမှ ထွေထွေထူးထူးမဖြစ်။ ယုတ်စွအဆုံး ရာသီအကူးအပြောင်း ဖျားတာ၊ နာတာတောင် ဖြစ်ခဲလှသည်။ သုံးလေးနှစ်နေလို့ ကျွန်တော် တစ်ခါမဖျားပါ။ ကျွန်တော်က အလုပ်အားသည်ဖြစ်စေ မအားသည်ဖြစ်စေ၊ ညနေတိုင်းလိုလို နာရီဝက်လောက် အမြဲလေ့ကျင့်ခန်းလုပ်လေ့ရှိသည်။

            သို့သော် ဤသည့်အခြေအနေမှာ သိပ်ကြာကြာမခံလိုက်ပါ။ အသက် ၄၀ ကျော်လာသည်နှင့် စဖောက်လာပါသည်။

            ပထမဆုံးဖြစ်သည်မှာ အိပ်လို့မရခြင်းဖြစ်၏။ စိတ်ညစ်လို့ အိပ်မပျော်တာမဟုတ်ပါ။ ကျွန်တော်က ပြဿနာတစ်စုံတစ်ခု ဖြစ်လာ လျှင် စိတ်ညစ်နေလို့မပြီး။ ဘယ်လိုဖြေရှင်းရမလဲ ဟု နည်းလမ်းရှာတာသာ သဘာဝကျသည်ဟု ခံယူထားသဖြင့် တော်ရုံတန်ရုံ စိတ်ညစ်ခဲ ပါသည်။ ယခု အိပ်မပျော်ခြင်းမှာ ဘာကြောင့်မှ မဟုတ်ဘဲ မပျော်လို့ မပျော်တာသာ ဖြစ်ပါသည်။ နောက်ပြီး ခြေတွေ၊ လက်တွေ တုန်သည်။

စိတ်တွေအရမ်းတိုသည်။ ဒယ်နီနှင့် မကြာခဏ စကားများသည်။ ကျွန်တော်က ဒေါသကြီးသူဖြစ်သဖြင့် သူနှင့်စကားများပြီဆိုလျှင် တွေ့သမျှ ကန်ကျောက်၊ လွှင့်ပစ်၊ ရိုက်ပုတ် လုပ်တတ်သည်။

            တစ်ရက်တွင် ပင်နင်ဆူလာသို့ ငွေလွှဲသွားရင်းမှ ပြုံးတစ်ရာဆင့်မှ မပြုံးက ကိုအေးငြိမ်း၊ မျက်လုံးတွေ ပြူးလှချည်လား၊ စိတ်တွေ မတိုဘူးလား ဟု မေး၏။ ဘယ့်နဲ့ပြောလိုက်ပါလိမ့်ဗျာ။ နေ့တိုင်း သူဌေးနဲ့ ရန်ဖြစ်နေရတယ် ဟု ဆိုသောအခါ သူက ဒါဆို ဟုတ်ပါပြီ။ ကိုအေးငြိမ်း၊ ဂွိုက်တာဖြစ်တာ။ ဆရာဝန်နဲ့ မြန်မြန်ပြချေ ဟု ဆို၏။ ပြောနေကြာရော့၊ ကျွန်တော်လည်း ၄ ထပ်သို့တက်သွားကာ ဆေးခန်းဖွင့် ထားသော မြန်မာဆရာဝန်မကြီး ဒေါ်မြင့်မြင့်စန်းအား အကျိုးအကြောင်း ပြောပြလေရာ သူက ဆေးစာရေးပေးလိုက်ပြီး သွေးသွားစစ်ခိုင်း သည်။

            ကျွန်ုပ်သွေးသွားစစ်တော့ T3, T4, TSH ခေါ်သော လည်ပင်းကြီးနှင့်ပတ်သက်သည့် အရာများကိုတိုင်းသည်။ ထို့နောက် ရောဂါ နာမည်တပ်လိုက်၏။ Hyper Thyroid ဟုခေါ်သတည်း။ မြန်မာလို ခပ်လွယ်လွယ်ခေါ်ရလျှင် လည်ပင်းကြီးရောဂါ ဖြစ်၏။ သည်ရောဂါမှာ ကျွန်တော့်တွင်သာမဟုတ်။ ကျွန်တော်တို့မောင်နှမတစ်သိုက် အကုန်လိုလိုဖြစ်သည်။ ပထမဆုံး စဖြစ်သည်မှာ မမ ဖြစ်၏။ နောက်တော့ အငယ်ဆုံး ညီမလေး ဂွမ်း တွင် ဖြစ်သည်။ နောက်ပြီးတော့ နို့ညှာညီမ မူမူတွင် ဖြစ်၏။ ယခု ကျွန်တော့်အလှည့်။ သို့သော် ကျွန်တော်တို့ လည်ပင်းကြီးက သူများတွေလို အိုင်အိုဒင်းချို့တဲ့လို့မဟုတ်။ အိုင်အိုဒင်းများတာ ဖြစ်သည်။ မမ မှာ သည်ရောဂါ စဖြစ်တာ တော်တော်ကြာပြီ။ လွန်ခဲ့သော ၁၅နှစ်ခန့်ကပင် ဖြစ်၏။ သူကတော့ အနုမြူဆေးသောက်လိုက်ရသည်။ ကောင်းသွား၏။ ထပ်မဖြစ်တော့။ သို့သော် ဂွမ်းမှာ ဖြစ်တာကျတော့ နှစ်ကြာလှသည်။ ထိုရောဂါအတွက် သောက်ရသောဆေးမှာ ကာဘိုက်မက်ဇော (Carbimazole) သို့မဟုတ် နီယိုမာကယ်ဇော (NeoMercazole) ဖြစ်၏။

ကျွန်တော် ထိုရောဂါ စ, ရတာ ၂၀၀၅ ခုနှစ် ဖေဖော်ဝါရီလလောက်တွင် ဖြစ်၏။ သည်ရောဂါဖြစ်ပြီဆိုတော့ မမက မျက်လုံးပြူး၊ မျက်ဆန်ပြူး နှင့် ကျွန်တော့်ထံ လင်ဇီးဆေးလုံးများ ပို့ပေးသည်။ သည်တုံးက သူကသည်ဆေးပရိုမိုတာ လုပ်နေတာလည်း ဖြစ်၏။ သည်ဆေးက ၉၆ပါး ရောဂါအကုန်ပျောက်သည် ဟူ၏။ ကျန်သည့်ရောဂါများကို အသာထား၍ အနောက်တိုင်း ဆေးပညာက လက်လျှော့ ထားရသော  ကင်ဆာကိုတောင် ပျောက်အောင်ကုနိုင်သည် ဆို၏။ အောင်မယ် ရောဂါပျောက်ကြောင်း အတွေ့အကြုံရှင်းလင်းပွဲများလုပ်၊ ထိုပွဲကို ဗီဒီယိုရိုက်ထား သောအခွေတောင် ကျွန်တော့်ဆီမှာ ရှိသေးသည်။ ဆေးတောင့်ကတော့ ဈေးကြီးသည်။ တစ်တောင့်လျှင် စင်းဒေါ်လာ တစ်ကျပ်ကျော် တန်သည်။ တစ်ပုလင်းလျှင် ဆေးတောင့် ၃၀ လားပါသည်။ မမှတ်မိတော့ပါ။ ဆေးဖြန့်သည့် ကုမ္ပဏီနာမည်မှာ ရှိုင်းဟုပ် ဖြစ်၏။ ဆရာမကြီး နာမည်ကတော့ ဒေါ်ခင်ခင်ရီပါတဲ့။

မမက သူပရိုမုတ်လုပ်နေသည့် ထိုဆေးပုလင်းကို ဆယ်ပုလင်း၊ ၁၅ ပုလင်း စသဖြင့် ပို့ပေးသည်။ ကျွန်တော့်ကို မနက် ၅ လုံး၊ ည ၅ လုံး သောက်ခိုင်းသည်။ ဆိုလိုသည်မှာ တစ်နေ့လျှင် ထိုဆေး စင်ကာပူဒေါ်လာ ၁၀ ဘိုး ကျွန်တော် သောက်နေတာ ဖြစ်၏။ သောက်သာ သောက်သည် ဘာမှ တိုးထူးမလာပါ။ အင်္ဂလိပ်ဆေးပဲ အားကိုးရတာဖြစ်ပါသည်။ အဲသည်ဆေးဘိုးတင် ကျွန်တော့်မှာ ဆယ်သိန်းကျော်ဘိုး မြောက်သွားသည်။ ဆယ်သိန်းက အရေးမကြီးပါ။ ရောဂါပျောက်ဘို့ လိုရင်းဖြစ်ပါသည်။ ခုတော့ ရောဂါလည်း မသက်သာ။ ပိုက်ဆံလည်း မချိန်မဆန့် ကုန်သွားသေးသည်။ ဒါတောင် မမက လွယ်လွယ်နှင့် လက်မလျှော့။ ဈေးသက်သာသော ဆေးလက်ဖက်ခြောက် ဆိုတာ ဆက်သောက်ခိုင်းသေးသည်။ ကျွန်တော်လည်း သောက်ပါ၏။ သူများတွေတော့မသိ။ ကျွန်တော့်တွင်တော့ ဘာမှ မထူးခြားပါ။

လည်ပင်းကြီးရောဂါရပြီး မကြာမီမှာပင် နောက်ရောဂါတစ်ခု ထပ်ရလာပြန်၏။ ဘောထဲရေ၀င်တာ ဖြစ်ပါသည်။ အင်္ဂလိပ်လို ဟိုက်ဒြိုစီးလ် (Hydrocele) ခေါ်၏။ ဗမာလိုတော့ ရေမုတ်ဟု ခေါ်ပါသည်။ အားပါး။ နည်းတာကြီးမဟုတ်။ လက်သီးဆုပ်လောက်ကြီး ရှိသည်။ ရေမုတ်ဖြစ်တာ ၂၀၀၅ ခုနှစ် ဧပြီလလောက်တွင် ဖြစ်ပါသည်။ သည်ဟာကြီးဖြစ်တော့ ကျွန်တော် လမ်းကောင်းကောင်း မလျှောက် နိုင်။ လမ်းလျှောက်လျှင် နာပါသည်။ သို့သော် ကျေးဇူးရှင်က ကျွန်ုပ်ကို အလုပ်နေ့တိုင်း ဆင်းခိုင်းသည်။ ကျွန်တော်လည်း အလုပ်သွားဆင်း လိုက်။ ဆေးခန်းပြလိုက် လုပ်ရ၏။

ပထမ ပိုလီကလစ်နစ် (Polyclinic) သွားပြတော့ သူတို့က ချန်ဂီဆေးရုံကြီးသို့ လွှဲလိုက်သည်။ ဆေးရုံကြီးရောက်သော် အထူးကု ဆရာဝန်ကြီး ကို ထပ်လွှဲသည်။ ဆရာဝန်ကြီးက ချက်ချင်းတွေ့လို့ရတာ မဟုတ်။ ရက်ချိန်းပေးပြီး နောက်နေ့ထပ်လာပြရတာ ဖြစ်ပါသည်။ ဆရာဝန်ကြီးက ဓါတ်ခွဲခန်းသို့လွှတ်လိုက်သည်။ ဓါတ်ခွဲခန်းတွင် scan လုပ်ကြည့်သည်။ နောက် ဆေးစာရေးပေးလိုက်သည်။ ဘယ်ဘက်အလုံးတွင် ရေများအလွန်များနေပြီး ညာဘက်အလုံးတွင်လည်း နည်းနည်းရှိနေသည် ဟု ဖော်ပြထားပါသည်။ ဆရာဝန်ကြီးက မင်း ဘယ်လိုလုပ်ချင်သလဲ ဟု မေး၏။ ခွဲမှဖြစ်မှာပေါ့ ဆရာရယ် ဟု လေသံပျော့ကလေးနှင့် ပြောလိုက်သည်။ သူက ဒီမှာခွဲရင် ဈေးကြီးတယ် နော ဟုဆို၏။ သည်တော့ ကျွန်တော်လည်း ဆေးစာသာရေးပေးလိုက်ပါဆရာရယ်။ ကျွန်တော် မြန်မာပြည် ပြန်ခွဲပါ့မယ် ဟု ဆိုလိုက်လေသတည်း။

သူက မင်းမြန်မာပြည်ပြန်ခွဲမယ် ဆိုရင် ငါရေတချို့စုပ်ထုတ်ပေးလိုက်မယ် ဆိုကာ ဘောထဲအပ်နှင့်ထိုးစိုက်လျှက် ရေများ စုပ်ထုတ်ပါသည်။ သူရေတစ်ချက်စုပ်လိုက်တိုင်း ကျွန်တော့်မှာ အလွန်ချမ်းတုန်လာပါသည်။ တစ်ခါတော့ ဖျားပြီနဲ့တူတယ်ဟုပင် ထင်လိုက်မိ၏။ သို့သော် မဖျားပါ။ ချမ်းတော့ အရမ်းချမ်းပါသည်။ ဆရာဝန်ကြီးက ရေတော်တော်များများ စုပ်ထုတ်လိုက်၏။ သို့သော် ကျွန်တော့်မျက်စိထဲတွင်မူ သည်အလုံးကြီး လျော့သွားသည်မထင်ပါ။ ရေများမှာ အနီရောင်ပေါက်နေပါသည်။ (မြန်မာပြည်ပြန်ရောက်တော့ သည်သို့ ရေများစုတ်ထုတ်ခြင်းကို မြန်မာပြည်မှ ဆရာဝန်ကြီးက အပြစ်တင်ပါသည်။ သူက မတော် အထဲက အစေ့ကို အပ်နဲ့ထိုးမိလို့ ဒဏ်ရာရရင် ဘယ်လိုလုပ်မလဲ ဟု ပြော၏။ သူပြောမှ ကျွန်တော့်မှာ မျက်လုံးပြူးရသည်။) 

           

(၇၆) ဆေးကုသမှုခံယူရန် မြန်မာပြည်ပြန်ခြင်း



            ကျွန်တော်မြန်မာပြည် ပြန်ခွဲချင်ခြင်းမှာ အကြောင်းနှစ်ချက်ရှိ၏။ ပထမတစ်ချက်မှာ ပိုက်ဆံအကုန်သက်သာစေရန် နှင့် ဆေးရုံတက်နေစဉ် မိသားစုအနားမှာ ရှိနေစေချင်တာ ဖြစ်ပါသည်။ သို့သော် ဒါက သိပ်အရေးမကြီးလှသေး။ နောက်တစ်ခုက ပိုအရေးကြီး ပါသည်။

            ကျွန်တော် ဘောကြီးပြီး မကြာမတင်မှာပင် Tuas ထဲရှိ Marinteknik ဟုခေါ်သော ကုမ္ပဏီမှ အင်တာဗျူးတစ်ခုခေါ်ပါသည်။ နောက်သုံးလေးရက်နေသော် second interview လာပါဆို၏။ ဆိုလိုသည်မှာ ကျွန်ုပ်ကို ရွေးလိုက်ပြီ။ စာချုပ်လက်မှတ်လာထိုးပါဟု ဆိုလိုခြင်း ဖြစ်၏။ သေချာတာပေါ့ဗျာ။ ဒီကိစ္စ ဒယ်နီသိလို့ ဘယ်ဖြစ်ပါ့မတုံး။ အသာလေး ဒိုင်ရှိုလုပ်ရတာ ဖြစ်၏။ သို့မို့ကြောင့် အလုပ်ရပြီ ဆိုတော့ လူကလည်း နေမကောင်းတော့ ကျွန်တော်အိမ်ပြန်ချင်သည်။ ပြန်ချင်တာမှ အသည်းအသန် ပြန်ချင်တာဖြစ်ပါ၏။ နေမကောင်း တော့ တစ်ယောက်တည်းနေရတာ အင်မတန် အားငယ်လှသည်။ ပြုစုပေးမည့်သူ ဘယ်သူမှမရှိ။ ရေနွေးကလေး သောက်ချင်တာကစ ကိုယ့်ဟာကိုယ် ထ, တည်သောက်ရတာ ဖြစ်သည်။

            သည်ကြားထဲ နေမကောင်းတာ သိလျက်သားနှင့် ကျွန်တော့်ကို အတင်းအကျပ်လုပ်ခိုင်းနေတာ စိတ်ကုန်လှပါသည်။ သည်တော့ သူနှင့် နေ့တိုင်းလို စကားများရသည်။ သူက ကျွန်တော့်ကို ချဲလင်းခေါ်၏။ ငါ့မှာ စင်ကာပူရီယမ် အလုပ်ရှင်တစ်ယောက်အနေနဲ့ လုပ်ပိုင်ခွင့် အပြည့်ရှိတယ်။ မင်းကြိုက်တာ လုပ်လို့ရတယ် ဟု ပြော၏။ ကျွန်တော် သူနှင့်ဖက်ပြိုင်ပြောမနေတော့ပါ။ Marinteknik တွင် အလုပ်ရပြီး ဖြစ်သဖြင့် ငါ နေမကောင်းဘူး။ ဒါကြီးက ခွဲမှဖြစ်မယ်လို့ဆရာဝန်ပြောတယ်။ ဟောဒီမှာ ဆေးစာဖတ်ကြည့်။ ဒီတော့ ဒီမှာခွဲရင် ပိုက်ဆံတွေ အရမ်းကုန်လိမ့်မယ်။ မင်းလည်းပေးရမှာပဲ။ ရန်ကုန်မှာခွဲရင် မင်းလည်းပိုက်ဆံမကုန်ဘူး။ ငါလည်း အကုန်အကျသက်သာမယ်။ ဒီတော့ ငါ ဆေးကုရအောင်ပြန်ဘို့လိုတယ် ဟု အသာတကြည်ပြန်လွှတ်အောင် ချော့မော့ပြောရသည်။

            Marinteknik မှ ကုလားမကြီးက နင်၊ စိတ်ချလက်ချသာပြန်။ ကျလာရင် ငါ လှမ်းအကြောင်းကြားလိုက်မယ် ဆို၏။ ကျွန်တော် လည်း ရန်ကုန်မှ ကျွန်တော့်ဖုံးနံပါတ်ပေးကာ ပြန်ခဲ့သည်။ ပြန်ဘို့သေချာပြီဆိုသည်နှင့် ရန်ကုန်မှ မမတို့ကို ပြန်ရောက်ရောက်ချင်း ခွဲနိုင်ရန် ဆေးရုံသို့ ကြိုတင် booking လုပ်ခိုင်းထားလိုက်သည်။ ကျွန်တော်အိမ်သို့မပြန်တော့ဘဲ ဆေးရုံတန်းတက်ရန် ဖြစ်ပါသည်။

            ကျွန်တော်ကတော့ ပြန်ဘို့အကြောင်းပြကောင်းအောင် ဘောကြီးတာကိုပင် ကျေးဇူးတင်နေပါသေးသည်။ မဟုတ်ပါက သည်လောက် လက်ပေါက်ကပ်လှသည့် ဘဲကို မည်သို့ပြောမည်နည်း။ ခုတော့ သူလည်း ဘာမှမပြောသာ။



            သည်လိုနှင့် ၂၀၀၅ ခုနှစ်၊ မေလ ၁၇ ရက်နေ့တွင် မြန်မာပြည်သို့ တစ်ခေါက် ပြန်ရောက်ရပြန်ပါသည်။ သည်တစ်ခေါက်ပြန်တာ တော့ ဘာဖီလင်မှ မရှိပါ။ ဘောကြီးက အောင့်နေတာနှင့် မနည်းအောင့်အည်းပြန်လာရတာ ဖြစ်၏။ မြန်မာပြည်ပြန်ရောက်တော့ လေယာဉ်ကွင်းမှ မဟာမြိုင်ဆေးရုံသို့ တန်းသွားပါသည်။





ဆက်ပါဦးမည်။



အေးငြိမ်း

၂၀-၅-၂၀၁၂၊ ည ၁၀း၂၇ နာရီ

Blk 663D, Jurong West St 65

#15-233

Singapore 644663


Tel: 97303027

No comments: