၁။ ဂဟေဆက်ခြင်း ဟူသော အဓိပ္ပါယ်
ဂဟေဆက်ခြင်း ဟူသည်မှာ သင့်တော်သော သတ္တုအမျိုးအစား၊ အပူချိန်၊ ဖိအား စသည်တို့ပေါ်မူတည်၍ သတ္တုနှစ်ခုကို တစ်ခုထည်းဖြစ်အောင် ပေါင်းစပ်ပေးသော နည်းစဉ်ကို ခေါ်ပါသည်။ များသောအားဖြင့် ဂဟေဆက်ခြင်း ဟူ သော ဝေါဟာရကို သတ္တု (သံဖြစ်စေ၊ သံမဟုတ်သော အခြားသတ္တုတစ်မျိုးမျိုးဖြစ်စေ) များတွင်သာ သုံးပါသည်။ သို့သော် ပလတ်စတစ်များတွင်လည်း ပလတ်စတစ်ဂဟေချောင်းကိုသုံးကာ ဂဟေဆက်ခြင်း ရှိပါသည်။
ဂဟေဆက်ခြင်းသည် ဈေးသက်သာပြီး မြန်ဆန်စိတ်ချရသဖြင့် ယခုအခါ စက်မှုလုပ်ငန်း၊ ကရိန်း၊ ဘူဒိုဇာ စသော စက်ယန္တယားကြီးများ ထုတ်လုပ်ခြင်းလုပ်ငန်း၊ မိုင်းတွင်း၊ စိုက်ပျိုးရေးလုပ်ငန်း၊ ဆောက်လုပ်ရေး လုပ်ငန်း၊ သင်္ဘောတည်ဆောက်ခြင်း လုပ်ငန်း၊ လျှပ်စစ်ပစ္စည်းများ ထုတ်လုပ် ခြင်းလုပ်ငန်း စသော နယ်ပယ်အသီးသီးတွင် တွင်ကျယ်စွာ အသုံးပြုလျှက်ရှိ၏။
များသောအားဖြင့် ဂဟေဆက်ခြင်းဖြစ်စဉ်တွင် ဆက်မည့် သတ္တုနှစ်ခု ကို အရည်ပျော်စေကာ အဖြည့်ခံသတ္တုတစ်ခုဖြင့် တွဲစေလိုက်ခြင်း ဖြစ်သည်။ အဖြည့်ခံသတ္တုကိုမသုံးဘဲ ဆက်မည့်သတ္တုနှစ်ခုကို ဖိအားပေးကာ အပူကို ထွက်စေလျှက် တွဲစေသောနည်းကိုလည်း သုံးပါသေးသည်။ သံကို ဂဟေဆက် ခြင်းအား အင်္ဂလိပ်လို welding ဟု သုံးပါသည်။ သို့သော် သံထက် အရည် ပျော်မှတ်နိမ့်သော အခြား ကြေး၊ ခဲ စသော သတ္တုများ ကို ဂဟေဆက်ခြင်း အတွက်မူ brazing, soldering စသဖြင့် သုံးပါသည်။
ကြေးနီ၊ ကြေးဝါ၊ ခဲ စသည်တို့ကို ဂဟေဆော်ရာတွင် ပင်ရင်းသတ္တုကို အရည်မပျော်စေဘဲ ၎င်းထက်ပိုပြီး အရည်ပျော်မှတ်နိမ့်သော အဖြည့်ခံ ဂဟေချောင်းကိုသာ အရည်ပျော်စေလျှက် ဆက်ပါသည်။ ဥပမာ - ခဲဂဟေ
ဂဟေဆော်ရန်လိုအပ်သော အပူကို အပူထုတ်ပေးရာ နေရာအမျိုးမျိုးမှ ထုတ်ယူပါသည်။ ထိုအထဲတွင် ဓါတ်ငွေ့ မီးတောက်၊ လျှပ်ပန်း၊ လေဆာ၊ ပွတ်အား စသည်တို့ ပါဝင်သည်။ လက်တွေ့လုပ်ငန်းခွင်တွင်မူ ဂဟေကို အခြေအနေ အလိုက် ပတ်ဝန်းကျင်အမျိုးမျိုးတွင် ဆော်ရသည်။ ဥပမာ - သာမန် ပြင်ပလေထု အခြေအနေ၊ အလုံပိတ်အခန်း၊ ရေအောက် စသည်။
ဂဟေဆော်ခြင်းသည်ကား အန္တရာယ်များသော အလုပ်ဖြစ်၏။ အပူလောင်နိုင်ခြင်း၊ လျှပ်စစ်ရှော့ ဖြစ်နိုင်ခြင်း၊ ဂဟေဆော်ရာမှ ထွက်သော အဆိပ်ဓါတ်ငွေ့များကို ရှုမိခြင်း၊ စူးရှသောအလင်းရောင်ကြောင့် မျက်စိကို ထိခိုက်နိုင်ခြင်း၊ ခရမ်းလွန်ရောင်ခြည် အန္တရာယ် စသည်တို့သည် ဂဟေဆော်သူတစ်ဦး ရင်ဆိုင်ရမည့် အန္တရာယ်များ ဖြစ်သည်။ သို့အတွက် ဂဟေသမားတစ်ဦးသည် မိမိကိုယ်မိမိ ထိုအန္တရာယ်များမှ အထူးဂရုစိုက်ကာကွယ်ရန် လိုသည်။
၁၉ ရာစုနှစ်ကုန်ပိုင်းများလောက်ထိ forged welding ကိုသာ အသုံးများ ကြသေးသည်။ Forged welding ဆိုသည်မှာ ပန်းဘဲဖိုများတွင် သတ္တုချောင်းမျာကို နီရဲလာအောင် အပူပေးပြီး အလွန်ပူနေချိန်တွင် သတ္တုချောင်းနှစ်ခုကို တူနှင့်ထူကာ ဆက်ခြင်းဖြစ်သည်။ ၁၉ ရာစုကုန်ပိုင်းနှစ်များတွင် Arc Welding (လျှပ်ပန်းဂဟေ) Oxyfuel Welding (အောက်ဆီလောင်စာဂဟေ) တို့ကို စတင်သုံးစွဲခဲ့ပြီး များမကြာမီ Electric Resistance Welding (လျှပ်စစ်ခုခံမှု ဂဟေ) ကိုပါ တီထွင်သုံးစွဲ လာခဲ့ကြသည်။
ပထမကမ္ဘာစစ်နှင့် ဒုတိယကမ္ဘာစစ်ကြီးက ဂဟေဆက်အတတ်ပညာကို တစ်ဟုန်ထိုး ဖွံ့ဖြိုးတိုးတက်လာစေရန် တွန်းအားဖြစ်ခဲ့သည်။ စစ်ကြီးအတွင်း အဆောက်အအုံ၊ လမ်းတံတားများကို လျှင်မြန်စွာ ဆောက်နိုင်ရေးအတွက် ဈေးသက်သာပြီး စိတ်ချရသော ဂဟေဆက်နည်းများ တီထွင် သုံးစွဲခဲ့ကြသည်။ စစ်ကြီးပြီးသောအခါတွင်လည်း ပြန်လည် ထူထောင်ရေးလုပ်ငန်းများအတွက် အဆောက်အဦများဆောက်လုပ်ရန် ဂဟေဆက်ခြင်းသည် အလွန်လိုအပ်လာပြီ ဖြစ်ရာ နောက်ထပ် ဂဟေဆက်နည်းသစ်များဖြစ်သော ယနေ့တွင်တွင်ကျယ်ကျယ် အသုံးပြုနေသည့် လူအားဖြင့်ဆက်ရသော Shielded Metal Arc Welding, စက်တစ်ဝက် လူတစ်ဝက် (Semi-Automatic) သို့မဟုတ် စက်ချည်းသီးသီး ( Automatic) ဆော်ရသော gas metal arc welding, submerged arc welding, flux-cored arc welding and electroslag welding စသည့် နည်းများပါ ပေါ်ပေါက်လာခဲ့သည်။
ဂဟေဆက်အတတ်ပညာသည် ထိုမျှနှင့်ရပ်တန့်မနေသေးဘဲ laser beam welding, electron beam welding, electromagnetic pulse welding နှင့် friction stir welding ဟုပါ ၂၀ ရာစုနှောင်းပိုင်းတွင် ပေါ်ထွက်လာခဲ့ကြသည်။ ယနေ့ ခေတ်တွင်မူ စက်ရုပ်များနှင့် ဂဟေဆော်သော Robot Welding ကိုပါ တွင်တွင်ကျယ်ကျယ် သုံးနေကြပါပြီ။ အင်ဂျင်နီယာ နှင့် သိပ္ပံပညာရှင်များသည် ယခုမျှနှင့် တင်းတိမ်ရောင့်ရဲမနေဘဲ ငွေကြေးများစွာ ရင်းနှီးလျှက် ပိုမိုကောင်းမွန်သော ဂဟေဆက် အရည်အသွေးရရန် နည်းလမ်းအသစ်များ၊ ကိရိယာအသစ်များရရန် မပြတ် သုတေသနလုပ်လျှက် ရှိကြပါသည်။
၂။ ဂဟေသမိုင်း
သမိုင်းကိုပြန်ကြည့်လျှင် ဥရောပနှင့် အာရှအလယ်ပိုင်း၌ ကြေးခေတ် နှင့် သံခေတ်စတင်ကတည်းက သတ္တုပစ္စည်းများကိုဆက်ရန် နည်းလမ်းမျိုးစုံကို ကြံဆခဲ့ကြသည်။ ဂဟေဆက်ခြင်းကို ဆောက်လုပ်ရေးတွင် သုံးခဲ့သည့် ထင်ရှားသော သာဓကတစ်ခုမှာ အေဒီ ၃၁၀ ခုနှစ်ခန့်က တည်ဆောက်ခဲ့သော အိန္ဒိယနိုင်ငံ၊ ဒေလီမြို့ရှိ အမြင့် ၇ မီတာ၊ အလေးချိန် ၆ တန်ခန့်ရှိ Iron Pillar ဖြစ်သည်။
အစောဆုံး ဂဟေဆက်ခြင်းကို ကြေးခေတ်တွင်တွေ့ရသည်။ သတ္တု နှစ်ခုကို ထပ်ကာ အပူပေးပြီး ထုဆက်ခြင်းဖြင့် စက်ဝိုင်းပုံသဏ္ဍာန် ရွှေဗူးကလေး များ ပြုလုပ်ခဲ့ကြသည်။ ထိုဗူးကလေးများကို လွန်ခဲ့သော နှစ်ပေါင်း ၂၀၀၀ ကျော် ကတည်းက ပြုလုပ်ခဲ့ကြသည်ဟု ယူဆကြပါသည်။ သံခေတ်တွင် အီဂျစ် အတတ်ပညာရှင်များနှင့် မြေထဲပင်လယ်မှ ပညာရှင်များသည် သံကိုဆက်သော အတတ်ကို လေ့လာ တတ်မြောက်ခဲ့ကြသည်ဟု ယူဆရပါသည်။ ဘီစီ ၁၀၀၀
ခန့်ကပြုလုပ်ထားသော သံထည်ကိရိယာများကို တူးဖော်တွေ့ရှိခဲ့ကြ၏။
အလယ်ခေတ်သို့ရောက်သောအခါ သတ္တုကိုအပူပေးပြီး ထပ်ကာ ထပ်ကာထုခြင်းဖြင့် ဆက်စေသောနည်းဖြစ်သည့် forged welding နည်းကို ပိုမို ဆန်းသစ်ကာ သုံးစွဲလာကြသည်။ ၁၈၀၀ ပြည့်နှစ်တွင် Sir Humphry Davy က ဘက်ထရီ ကို သုံး၍ ကာဘွန်ချောင်းနှစ်ခုကိုထိလျှင် မီးပွား (arc) ထွက်ကြောင်း တွေ့ရှိခဲ့သည်။ ၁၈၀၂ ခုနှစ်သို့ရောက်သောအခါ ရုရှားလူမျိုး သိပံ္ပပညာရှင် Vasily Petrov က လျှပ်စစ်မီးပန်း (electric arc) ကိုတွေ့ရှိပြီး ၎င်းကို ဂဟေဆက်လုပ်ငန်းတွင် အသုံးပြုနိုင် ကြောင်း တင်ပြခဲ့သည်။ ထို့ပြင် ဓါတ်ငွေ့ကို ဖြတ်တောက်ရန်နှင့် ဂဟေဆက်ရန် သုံးနိုင်ခဲ့သည်။
၁၈၈၁ - ၈၂ ခုနှစ်တွင် ရုရှလူမျိုး တီထွင်သူတစ်ဦးဖြစ်သည့် Nikolai Benardos က ကာဘွန်ဂဟေချောင်းများ (carbon electrodes) ကို သုံးပြီး ဆော်ရသည့် Carbon Arc Welding ဟု လူသိများသော Electric Arc Welding ကို တီထွင်ခဲ့သည်။ ၎င်းက ယနေ့ခေတ်တွင်သုံးနေသည့် ဂဟေချောင်းလက်ကိုင် (electrode holder) ကို စတင် တီထွင် ပေးခဲ့ သည်။ ၎င်း၏ နောက်ပိုင်းတွင် ၁၈၉၀ ခုနှစ်၌ အမေရိကန် သိပံ္ပပညာရှင် C.L.Coffin က သတ္တုဂဟေချောင်း ကို တီထွင်ခဲ့ သည်။ အဖြည့်ခံသတ္တုချောင်းကို အရည်ပျော်စေကာ သတ္တုပြားနှစ်ခုကို ဆက်နိုင်သည့် ပထမဦးဆုံးသော မှတ်တမ်း ဖြစ်သည်။ တစ်ချိန်ထဲမှာပင် ရုရှားသိပ္ပံပညာရှင် Nikolai Slavyanov ကလည်း ဤအတွေးမျိုး တွေ့ရှိခဲ့သည်။ သို့သော် သူတွေ့သည်မှာ ပုံလောင်းခွက်ထဲတွင် သတ္တုကို ပုံသွန်းခြင်းအတတ် ဖြစ်၏။
၁၉၀၀ ခုနှစ်ပတ်ဝန်းကျင်တွင် ဗြိတိသျှသိပံ္ပပညာရှင် A.P. Strohmenger က ပိုမိုတည်ငြိမ်သော ဂဟေမီးကို ပေးစွမ်းနိုင်သည့် ရွှံမံဂဟေချောင်းကို တီထွင်ခဲ့ပြန်သည်။ အစပိုင်းတွင် ဂဟေချောင်းပေါ်၌ ဖုံးခဲ့သည်မှာ ချော် မဟုတ်သေး။ မြေစေး သို့မဟုတ် ထုံး ဖြစ်သည်။ ၁၉၀၇ ခုနှစ်နှင့် ၁၉၁၄ ခုနှစ်များအတွင်းတွင် ဆွီဒင် သိပ္ပံပညာရှင် Oscar Kiellberg က ပိုမိုကောင်းမွန်သော ချော်ကို တီထွင်နိုင်ခဲ့သည်။
၁၉၀၃ ခုနှစ်တွင် ဂျာမန် သိပံ္ပပညာရှင် Goldschmidt က thermit welding ကို တီထွင်ပြီး ရထားသံလမ်းများ ဂဟေဆက်ရာတွင် အသုံးချခဲ့သည်။ တစ်ချိန်ထဲမှာပင် oxyfuel welding ကိုလည်း တွင်ထွင် ကျယ်ကျယ် သုံးစွဲလာနိုင်ခဲ့ သည်။ ၁၉၀၀ ပြည့်နှစ်မတိုင်မီ ကာလများက အောက်ဆီဂျင်ကို ဟိုက်ဒြိုဂျင်၊ ကျောက်မီးသွေ ဓါတ်ငွေ့များဖြင့် ရောသုံးခဲ့ သည်။ ၁၈၃၆ ခုနှစ်တွင် အက်ဆီတလင်းဓါတ်ငွေ့ကို Edmund Davy ဆိုသူက ရှာဖွေတွေ့ရှိခဲ့ သော်လည်း ၁၉၀၀ ပြည့်နှစ် များတိုင် ဂဟေဆော်ခြင်း လုပ်ငန်းတွင် မသုံးနိုင်ခဲ့သေး။ သို့သော် ၁၉၀၀ ပြည့်လွန်ကာလများတွင် ဖိအားနိမ့် အက်ဆီတလင်း နှင့်သုံးနိုင်မည့် ဂဟေမီးချောင်း (torch) ကို တီထွင်နိုင်ခဲ့သည်။
၁၉၁၉ ခုနှစ်တွင် C.J.Holsag က ဂဟေဆော်ရာတွင် ပြန်လှန်လျှပ်စီး (Alternating Current) ကို သုံးစွဲရန် တီထွင်ခဲ့သော်လည်း ဆယ်စုနှစ်တစ်ခုကျော်ကြာသည်ထိ လူကြိုက်မများခဲ့ပေ။
ပထမပိုင်းတွင် oxyfuel welding သည် ၎င်း၏ ပေါ့ပါးမှုနှင့် ဈေးချိုမှုတို့ကြောင့် လူကြိုက်များသော ဂဟေဆော်နည်း တစ်မျိုးဖြစ်ခဲ့သည်။ သို့သော် ၂၀ ရာစုတွင် ဂဟေဆော်နည်းများလည်း တိုးတက်လာသည်နှင့်အမျှ ထို oxyfuel welding နေရာတွင် arc welding က အစားထိုးနေရာယူလာခဲ့သည်။
ပထမကမ္ဘာစစ်တွင် ဂဟေဆက်နည်းနည်းပညာများ တစ်ဟုန်ထိုး တိုးတက်လာခဲ့သည်။ သင်္ဘောများတည်ဆောက် ခြင်းနှင့် လေယာဉ်ပျံများတည်ဆောက်ခြင်းတွင်ပင် ဂဟေကို သုံးစွဲလာကြသည်။ ၁၉၂၀ ခုနှစ်များတွင် ဂဟေချောင်းကို ပုံသေထိုးကျွေးသော အလိုအလျောက် ဂဟေဆော်စက်ကိုပါ တီထွင်သုံးစွဲလာနိုင်ခဲ့သည်။
သိပံ္ပပညာရှင်များသည် ဂဟေဆော်နေစဉ် ဂဟေသားကို လေထဲရှိ အောက်ဆီဂျင်နှင့် နိုက်ထရိုဂျင်ဓါတ်ငွေ့များနှင့် မထိနိုင်စေရန် ကာကွယ်ပေးမည့် အကောင်းဆုံးဓါတ်ငွေ့ကို တစိုက်မတ်မတ် ရှာဖွေနေခဲ့ကြသည်။ လေနှင့် ဂဟေသားတို့ ထိတွေ့ခြင်း၏ အဓိက ပြဿနာမှာ ဂဟေသား ကြွပ်ဆပ်ခြင်းနှင့် ဂဟေသားအတွင်း လေခိုခြင်း ဖြစ်သည်။ သုတေသန လုပ်ငန်းများက ဟိုက်ဒြိုဂျင်၊ အာဂွန်နှင့် ဟီလီယမ် ဓါတ်ငွေ့တို့သည် ဂဟေသားအကာ ဓါတ်ငွေ့ (welding atmosphere) အဖြစ်သုံးရန် ကောင်းမွန်ကြောင်း ဖော်ပြခဲ့ကြသည်။
နောက်ပိုင်းနှစ်များတွင်မူ ဓါတ်တုံ့ပြန်တတ်သည့် သတ္တုများဖြစ်သော အလူမီနီယမ် နှင့် မဂ္ဂနီစီယမ်သတ္တုများကိုပါ ဂဟေဆော်နိုင်ခဲ့သည်။ ၁၉၃၀ ပြည့်နှစ်များတွင် သင်္ဘောဆောက်ခြင်းနှင့် ဆောက်လုပ်ရေးလုပ်ငန်းများတွင် လူကြိုက်များ သော stud welding ကို ထပ်မံတွေ့ရှိခဲ့ပြန်သည်။ ၁၉၃၂ တွင် ရုရှားသိပ္ပံပညာရှင် Konstantin Khrenov က ရေအောက် တွင် လျှပ်စစ်သုံး၍ ဂဟေဆော်ခြင်းကို စမ်းသပ်အောင်မြင်ခဲ့သည်။ ၁၉၄၁ ခုနှစ်တွင် GTAW (Gas Tungsten Arc Welding) ကို လည်းကောင်း၊ ၁၉၄၈ ခုနှစ်တွင် GMAW (Gas Metal Arc Welding) ကိုလည်းကောင်း တီထွင်ကာ သံမဟုတ်သော သတ္တု များကို လျှင်မြန်စွာ ဂဟေဆော်နိုင်ခဲ့သည်။
၁၉၅၀ ပြည့်နှစ်များတွင် SMAW (Shielded Metal Arc Welding) ကို ချော်အုပ်သော ဂဟေချောင်းများ ဖြင့် တိုးတက်တီထွင်နိုင်ခဲ့ပြီး စက်မှုလုပ်ငန်းများတွင် လျင်မြန်စွာ ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲလာခဲ့သည်။ ၁၉၅၇ ခုနှစ်တွင်မူ ပိုမို ကောင်းမွန် မြန်ဆန်သော လေကာဓါတ်ငွေ့ကို ကိုယ်တိုင်ထုတ်ပေးနိုင်သည့် flux-cored arc welding နည်းစဉ်ကို အလို အလျောက် ဂဟေစက်များနှင့်တွဲကာ သုံးစွဲနိုင်ခဲ့သည်။ ထိုနှစ်မှာပင် plasma arc welding ကိုလည်း တီထွင် သုံးစွဲနိုင်ခဲ့သည်။ ၁၉၅၈ ခုနှစ်တွင် electroslag welding ၊ ၁၉၆၁ ခုနှစ်တွင် electrogas welding တို့ကို တီထွင်နိုင်ခဲ့ပြန်သည်။ ၁၉၆၀ ခုနှစ်များ နောက်ပိုင်းတွင် ဂဟေနေရာကျဉ်းကျဉ်း နှင့် နက်နက် ဆော်နိုင်သည့် electron beam welding ၊ မြန်နှုံးမြင့်စွာ အလိုအလျောက်ဆော်နိုင်သော laser beam welding ၊ ၁၉၆၇ ခုနှစ်တွင် electromagnetic pulse welding ၊ ၁၉၉၁ ခုနှစ်တွင် friction stir welding စသည်တို့ကို တစ်ဆင့်ပြီးတစ်ဆင့် တီထွင်လာခဲ့ကြသည်။ သို့သော်လည်း ထို နောက်ဆုံးတွေ့ရှိသည့် ဂဟေဆော်နည်းများမှာ ကောင်းပင်ကောင်းသော်ငြားလည်း နည်းပညာအဆင့်မြင့် စက်များလိုပြီး ပိုမိုဈေးကြီးသောကြောင့် စက်မှုလုပ်ငန်းများတွင် တွင်တွင်ကျယ်ကျယ်မသုံးနိုင်ပဲ အသုံးချမှုဆိုင်ရာ အကန့်အသတ်များ ရှိနေသေးသည်။
၃။ ဂဟေဆက် နည်းစဉ်များ (Welding Processes)
ဂဟေဆက်နည်းစဉ် အများအပြားရှိပါသည်။ အောက်ပါဇယား (၁-၁) တွင်ကြည့်ပါ။ ဤ ဇယားသည် AWS (American Welding Society) မှ ထုတ်ထားသော ဇယားဖြစ်၏။ ဇယားပါ အတိုကောက် အသုံးအနှုံးများ မှာ အပြည်ပြည်ဆိုင်ရာ အသုံးအနှုံးများဖြစ်သည်။ ဥပမာ - SMAW ဆိုလျှင် မည်သည့်နိုင်ငံမှာမဆို Shielded Metal Arc Welding ဖြစ်ကြောင်း နားလည်ကြမည်။
Welding process များ မည်မျှများသည်ဖြစ်စေ။ အဓိက ကွဲလွဲချက်မှာ အပူကိုရယူပုံရယူနည်းနှင့် ထိုအပူကိုကို သတ္တု အရည်ပျော်အောင် မည်ကဲ့သို့ သုံးသနည်း ဟူသော နည်းပင်ဖြစ်သည်။ ဂဟေဆော်ခြင်း၏ သဘောတရားကိုသာ သင် ပိုင်ပိုင်နိုင်နိုင် နားလည်ပြီဆိုလျှင် မည်သည့် ဂဟေဆော်နည်းတွင်မဆို အသုံးချ၍ ရပါပြီ။
အများဆုံးသုံးသည့် ဂဟေဆော်နည်းစဉ်များမှာ AW (Arc Welding), OFW (Oxyfuel Gas Welding) နှင့် RW (Resistance Welding) တို့ ဖြစ်၏။
Arc Welding (မီးပန်း ဂဟေဆော်နည်း)
လျှပ်စစ်၏ အဖိုစနှင့် အမစ နှစ်ခုကို ထိလိုက်လျှင် ရှော့ဖြစ်ကာ မီးထွက်သည်။ ထိုမီးသည် အလွန်ပူ၏။ သတ္တုများ ကိုပင် အရည်ပျော်စေနိုင်သည်။ ဤသဘောတရားကိုယူကာ Arc Welding ကို ဖန်တီးထားခြင်း ဖြစ်သည်။ Arc Welding က အပူကို တစ်နေရာထဲတွင် စုစည်းရရှိသည်။ ဓါတ်ငွေ့ဖြင့် အပူပေးခြင်းက မလိုအပ်သော နေရာများကိုပါ ပူစေသည်။ သည့် အတွက် အပူကြောင့် သတ္တုပုံပြောင်းခြင်း (heat distortion) ကို ဖြစ်စေသည်။ အပူကို တစ်နေရာထဲတွင် စုစည်းထားနိုင်သည့် အတွက် ထိုးဖောက်အား (penetration) ကောင်းသည်။ ဂဟေဆော်နှုံးမြန်သည်။ ထို့ကြောင့် လက်တွေ့တွင် စီးပွားရေး တွက်ခြေကိုက်သည့်အတွက် Arc Welding ကို ပို၍တွင်တွင်ကျယ်ကျယ် သုံးကြသည်။
Arc Welding တွင် သုံးပိုင်းရှိ၏။ အပူထုတ်ပေးသော အပိုင်း၊ အဖြည့်ခံသတ္တု နှင့် အအုပ်ဓါတ်ငွေ့ တို့ဖြစ်သည်။ ဤတွင် အပူထုတ်ပေးသည့်အပိုင်းမှာ ဂဟေဆော်စက် (welding machine) ဖြစ်သည်။ ဂဟေဆော်စက်မှ ၀ါယာတစ်စ နှင့် ဂဟေဆော်မည့်သံပြား (parent metal) ကို တွဲထားသည်။ ကျန်တစ်စနှင့် လျှပ်ခေါင်း (electrode) ကို တွဲထား၏။ ထို ဂဟေချောင်းနှင့် သံပြားထိသောအခါ ရှော့ဖြစ်ကာ ဂဟေချောင်းအရည်ပျော်ပြီး သံပြားကို ဆက်စေသည်။
အသုံးများသော Arc Welding များမှာ -
SMAW – Shielded Metal Arc Welding (Stick Welding)
GTAW – Gas Tungsten Arc Welding
GMAW – Gas Metal Arc Welding
FCAW – Flux Core Arc Welding
PAW – Plasma Arc Welding
SAW – Submerged Arc Welding တို့ ဖြစ်၏။ ဤ ဂဟေဆော်နည်းများကို သက်ဆိုင်ရာအခန်းများတွင် အသေးစိတ် ရှင်းပြပါမည်။
Gas Welding (ဓါတ်ငွေ့ ဂဟေဆော်နည်း)
ဤနည်းတွင် ဓါတ်ငွေ့ကို မီးရှို့ပြီး အပူကိုရယူသည်။ ဓါတ်ငွေ့များမှာ အောက်ဆီအက်ဆီတလင်း၊ အောက်ဆီဂျင်၊ မီသိုင်း အက်ဆီတလင်း ပရိုပဒင်း (methylacetylene propadiene) စသည်တို့ ဖြစ်သည်။ အသုံးများသော ဂဟေဆော်နည်း များမှာ -
AAW – Air Acetylene Welding
OAW – Oxy-acetylene Welding
OHW – Oxy-hydrogen Welding
PGW – Pressure Gas Welding - တို့ဖြစ်ပါသည်။ ဤ ဂဟေဆော်နည်းများကို သက်ဆိုင်ရာအခန်းများတွင်
အသေးစိတ် ရှင်းပြပါမည်။
Resistance Welding
ဤဂဟေဆော်နည်းအကြောင်း တစ်ခန်းသီးသန့်ရေးထားပါသည်။
ထို့ပြင် Brazing (ကြေးဂဟေ) နှင့် Soldering (ခဲဂဟေ) တို့အကြောင်းလည်း အခန်းသပ်သပ်ဖွဲ့ကာ တင်ပြပါမည်။
၎။ ဂဟေဆိုင်ရာ ဝေါဟာရများ (Welding Terminology)
Air Carbon Arc Cutting (CAC-A) – ကာဗွန်လျှပ်ခေါင်းများသုံးကာ အပူဖြင့်သတ္တုကို အရည်ပျော်စေ၍ ဖြတ်သောနည်း ဖြစ်သည်။ ပျော်ကျသွားသော သတ္တုရည်များကို လေဖြင့်မှုတ်ထုတ်သည်။
Alternating Current (AC) – ပြန်လှန်လျှပ်စီး။ သာမန်အိမ်သုံးလျှစ်စစ်သည် AC ဖြစ်၏။ မြန်မာနိုင်ငံတွင် ၂၃၀ ဗို့ နှင့် 50 HZ ဖြစ်သည်။
Amperage – လျှပ်စစ်စီးသွားမှုကို တိုင်းတာသော ယူနစ်။ အမ်ပီယာ ဟု ခေါ်သည်။ လျှပ်စီး (current) ၏ ယူနစ်ဖြစ်ပြီး အတိုကောက် amp ဟု သုံးသည်။
Arc – လျှပ်ခေါင်းထိပ်မှ ဂဟေဆော်မည့်သံပြားထိ အကွာအဝေး ကြားလပ်ဖြစ်သည်။ ထိုအကွာအဝေးသည် လျှပ်စီးမှုကို ခုခံမှု ကြောင့် အပူကိုဖြစ်ပေါ်စေသည်။
Arc Force – Dig သို့မဟုတ် Arc Control ဟုလည်း ခေါ်သေးသည်။ ဂဟေဆော်နေစဉ် ဗို့အားအနိမ့် (short arc length) အခြေအနေတွင် ပါဝါပင်ရင်းမှ လျှပ်စီးကို ပိုထုတ်ပေးခြင်းဖြစ်သည်။ ၎င်းက ဂဟေချောင်းကို သံပြားတွင် ကပ်မနေစေရန် ကူညီပေးသည်။
Auto Link – အင်ဗာတာတွင် လူကချိတ်ပေးစရာမလိုဘဲ မူလဗို့အားငုတ် (primary voltage terminal) ကိုအလိုလို ချိတ်ပေး သော လျှပ်စီးပတ်လမ်းဖြစ်သည်။
Automatic Welding – အလိုအလျောက် ဂဟေဆော်စက်။ အဆက်မှန်ကန်မှုကို စက်က အလိုလို ချိန်ညှိကာ ဆော်ပေး သွားသည်။ လူထိန်းပေးစရာမလို။
Constant Current (CC) Welding Machine – ဤစက်များတွင် အများဆုံး ပတ်လမ်းတိုလျှပ်စီးပမာဏ (maximum short circuit current) အကန့်အသတ်ရှိသည်။ ဂဟေမီးအတိုအရှည်ကိုလိုက်၍ ဗို့အားကို အနည်းအများပြောင်းလဲ ပေးသည်။ သို့သော် လျှပ်စီး အပြောင်းအလဲမှာမူ အနည်းငယ်သာရှိ၏။
Constant Speed Wire Feder – ဗို့အား ၂၄ သို့မဟုတ် ၁၁၅ ဖြင့် အလုပ်လုပ်သည်။
Constant Voltage (CV), Constant Potential (CP) Welding Machine – အထွက်လျှပ်စီး အမ်ပီယာ မည်မျှပင် ဖြစ်နေစေကာမူ ဤအမျိုးအစား စက်များသည် ဗို့အားကို တသမတ်တည်း ထုတ်လုပ်ပေးသည်။
Current – လျှပ်စီး။ ပစ္စည်းတစ်ခုအတွင်း ဖြတ်စီးသွားသော လျှပ်စီးဖြစ်ပြီး အမ်ပီယာ (ampere) ဖြင့် တိုင်းသည်။
Defect – ဆက်ကြောင်းတွင် အက်ရာပေါ်ခြင်း၊ ဆက်ကြောင်းအတွင်း လေခိုခြင်း၊ ချော်ရောခြင်း၊ ချိုင့်ခွက်များပေါ်ခြင်း၊ အပူလွန်ပြီး စားသွားခြင်း စသည့် ဂဟေဆက် တစ်ခု၏ အပြစ်အနာအဆာများကို ခေါ်သည်။
Direct Current (DC) – တစ်ဖက်သွားလျှပ်စစ်။ ဘက်ထရီအိုး၊ ဓါတ်ခဲတို့မှရသော လျှပ်စစ်မျိုးဖြစ်သည်။ အဖိုငုတ်နှင့် အမငုတ် မမှားစေရန် အထူးသတိပြုရသည်။
Direct Current Electrode Negative (DCEN) – Direct Current Straight Polarity (DCSP) ဟုလည်း ခေါ်သေးသည်။ လျှပ်ခေါင်း အီလက်ထရုတ်ကို အမငုတ်။ ဂဟေဆော်မည့်သံပြားကို အဖိုငုတ် ဖြင့်ဆက်သည်။
Direct Current Electrode Positive (DCEP) – Direct Current Reverse Polarity (DCRP) ဟုလည်း ခေါ်သေးသည်။ လျှပ်ခေါင်း အီလက်ထရုတ်ကို အဖိုငုတ်။ ဂဟေဆော်မည့်သံပြားကို အမငုတ် ဖြင့်ဆက်သည်။
Duty Cycle – ဂဟေဆော်စက်ထုတ်လုပ်သူက ဂျူတီဆိုင်ကယ်ကို တစ်ခါတည်း သတ်မှတ်ပေးလိုက်သည်။ ဂျူတီဆိုင်ကယ် ဆိုသည်မှာ ဂဟေဆော်စက်တစ်လုံးသည် အားအပြည့်နှင့် (full capacity) ၁၀မိနစ် အတောအတွင်း ဘယ်လောက်ကြာကြာ မောင်းထားနိုင်သနည်း ဆိုသည်ပင်ဖြစ်သည်။ ဂဟေစက်တစ်လုံးသည် ၂၀% ဂျူတီဆိုင်ကယ် ရှိသည်ဆိုကြပါစို့။ ထိုစက်သည် ၁၀ မိနစ် အတောအတွင်း နှစ်မိနစ်ကြာသာ အားအပြည့်နှင့်မောင်းနိုင်သည် ဟု ဆိုလိုသည်။ တစ်နည်းအားဖြင့်ဆိုရလျှင် ထိုစက်ကို ၁၀ မိနစ် တောက်လျှောက်မောင်းမည်ဆိုလျှင် သုံးနိုင်သောအားအပြည့်၏ ၂၀ ရာခိုင်နှုံးကိုသာ သုံးပြီး မောင်းနိုင် သည်ဟု ဆိုလိုသည်။
No comments:
Post a Comment