Monday, July 4, 2011

ခရစ္စတိုဖာ ပေါက်ကျိုင်း ၏ အတ္ထုပ္ပတ္တိ (၈)


တတိယပိုင်း (စင်ကာပူအတွေ့အကြုံ - ဒုတိယ ၄ နှစ်) - ၂


 (၂၅) အစုံသုပ် လုပ်ရခြင်း

Union Alloy တွင် နေရ၊ လုပ်ရသည်မှာ မဆိုးလှပါဟု ဆိုနိုင်ပါသည်။ သို့သော် ဆိုးသည်မှာ အလီ ဆိုသော ကုလားကြီး ဖြစ်၏။ သူက ကျွန်တော်တို့ကို သာမန်အလုပ်သမားမျှသာ သဘောထားသည်။ သည်အခါ ကျွန်တော်နှင့် တစ်ခါတစ်ခါ ငြိပါသည်။ ကျွန်တော်က အလွန်စိတ်တိုတတ်သည်။ ဒေါသထွက်လွယ်သည်။ သို့သော် အခြေအနေနှင့် အချိန်အခါအရ အတတ်နိုင်ဆုံး သည်းခံပါသည်။ ကိုယ့်အပေါ်နင်းလွန်းလာတော့လည်း တစ်ခါတစ်ရံ ပြန်ပက်၏။ ထိုအခါ သူက အထက်သို့ ပြန်တိုင်သည်။ ကျွန်တော်ကလည်း ကိုယ်သာမှန်နေလို့ကတော့ ဘယ်သူ့ကိုမှ ဂရုစိုက်နေသည်မဟုတ်ပါ။
အလီမှာ သည်ကုမ္ပဏီတွင်ပင် ဖင်ဆွေးဆွေး၊ ခေါင်းဆွေးဆွေး လုပ်နေသည်ဖြစ်ရာ သည်ကုမ္ပဏီ တွင် သူဌေး လင်မယားကလွဲလျှင် သူ လုပ်သက်အရင့်ဆုံးဖြစ်၏။ ပြောရလျှင် သူ့လုပ်သက်မှာ ကုမ္ပဏီသက်တမ်းနှင့် အတူတူပင်ဖြစ်သည်။ နောက်ပြီး သူက ကုမ္ပဏီအလုပ်သာမက သူဌေး၏ ကိုယ်ရေးကိုယ်တာများ (ဥပမာ - ကလေးများကျောင်းပို့ပေးရခြင်း) ကိုပါ လုပ်ကိုင်ပေးနေရသည်ဖြစ်ရာ သူဌေးက သူ့ကိုမျက်နှာသာပေးသည်။ သည်တော့ သူက အင်မတန်ထောင်လွှား၊ မောက်မာ လှ၏။ (သို့သော် ဤသည်မှာ ထိုစဉ်ကသာဖြစ်၍ ယခု ကျွန်တော့်အကြောင်း ကောင်းကောင်းသိသွားပြီဖြစ်သဖြင့်  အဆင်ပြေ နေပြီ ဖြစ်ပါသည်။)
ကျွန်တော်တို့နှင့် တစ်ခါတစ်ခါ တွဲလုပ်ရသူမှာ ဆာနီ ဆိုသော မလေးကုလားဖြစ်သည်။ အင်မတန် ပျင်းသော ကုလားဖြစ်၏။ အားအားရှိ အိပ်ဖို့လောက် ချောင်းနေသူဖြစ်သည်။ လုပ်တာကိုင်တာတော့ တော်ပါသည်။ သည်ကုမ္ပဏီတွင် လုပ်လာတာ ကြာပြီဆိုတော့ လုပ်ငန်းကိုင်ငန်း ကျွမ်းကျင်နေပြီ။ သူကတော့ ကျွန်တော်တို့ကို ဖုတ်လေသည့်ငါးပိ ရှိသည်ဟုပင် မထင်ပါ။ သူလည်း မျိုးစုံလုပ်ရသည်။ များသောအားဖြင့် ပစ္စည်းပို့ရသည်။ တစ်ခါတလေ ပိုက်လိုင်းများပျက်လျှင် သွားပြင် ရသည်။
သူက မနက်ပိုင်း ပို့စရာရှိသောပစ္စည်းများ သွားပို့သည်။ ပစ္စည်းပို့ပြီး ပြန်လာပြီဆိုလျှင်တော့ ရုံးပြန်မသွားတော့ဘဲ ၀ပ်ရှော့တွင်ပင် အိပ်နေတတ်သည်။ နေ့လည် ၁ နာရီခန့်မှ စအိပ်လိုက်တာ ညနေ ၄ နာရီကျော်မှ ဖုတ်ဖက်ခါထပြီး ရုံးသို့သွားသည်။ သူအိပ်နေစဉ် ရုံးမှ သူ့ဟန်းဖုံးသို့လှမ်းခေါ်လျှင်မူ Tuas မှာ ပစ္စည်းပေးဘို့ စောင့်နေရတယ် ဟု ပြန်ဖြေလေ့ ရှိ၏။ သူဘယ်ရောက်နေသည်ကို မည်ကဲ့သို့ ထောက်လှမ်းပါမည်နည်း။ ကျွန်တော့်မှာ ကိုယ်နှင့်မဆိုင်သောကိစ္စ ၀င်မရှုပ်ချင် သောကြောင့် သူ့အကြောင်းဘာမှ မပြောပါ။ သို့သော် ရုံးကလည်း သူ သည်ကဲ့သို့ တစ်နေ့ခင်းလုံး အိပ်နေမှန်း တစ်နည်းနည်း ဖြင့် သိပါသည်။ အဘယ်သို့သိသနည်း ဟူမူ သူက ငါပစ္စည်းပို့ဘို့ စောင့်နေရတယ် ဟူသော ကုမ္မဏီသို့ ဖုံးလှမ်းဆက်လျှင် ထိုကုမ္မဏီက မင်းတို့ကောင် မနက်ကတည်းက လာပို့ပြီးသွားပြီ။ ဘာမှ စောင့်စရာအကြောင်းမရှိဘူး ဟု အကြောင်းပြန်၏။ ထို အခါ ဆာနီမှာ သူခိုး လူမိတော့သည်။
နောက်တစ်ယောက်မှာတော့ နီကို ဟု ခေါ်သည့် မလေးရှားတရုတ်မကလေး ဖြစ်သည်။ ပီဘိ သေးသေးလေး ဖြစ်သည်။ သူက ပိုက်နှင့်ပိုက်ဆက်ပစ္စည်းများ မှာပေးသည်။ DO (Delivery Order), PO (Purchase Order), Invoice စသည်တို့ ပြင်ပေးရသည်။ သူက ကျွန်တော်တို့လုပ်သော ပိုက်နှင့် ပိုက်ဆက်ပစ္စည်းများကို ကိုင်သည်ဆိုတော့ ကျွန်တော်တို့ နှင့် တိုက်ရိုက်ဆက်ဆံရသည်။ သူကလည်း လူငယ်မိန်းကလေး ဆိုတော့ ကျွန်တော်တို့နှင့် အဆင်ပြေပါသည်။ ဆက်ဆံရေး ကောင်း၏။
တစ်နေ့တွင်တော့ အလီက ကျွန်တော်တို့ကို ပစ္စည်းတွေချစရာရှိတယ် ဟု ဆိုကာ ခေါ်သွားပါသည်။ သူပြောသည့် ပစ္စည်းတွေ ဆိုသည်မှာ ဓါတ်ကြိုးများပြေးရာတွင် သုံးသည့် cable tray များ ဖြစ်ပါသည်။ ဗျက် တစ်မီတာ၊ အရှည် ၅ မီတာ ခန့် ရှိသည်။ တစ်ခုချင်းဆိုလျှင် မလေးပါ။ ပေါ့ပေါ့ ကလေးဖြစ်၏။ သို့သော် သူတို့ကို ၁၀ ခုစီတွဲထားရာ အတော်လေး၏။ ဆိုးသည်မှာ ပေ၄၀ ကွန်တိန်နာထဲတွင် မလှုပ်သာ မလွန့်သာ နောက်ပြန်ဆွဲထုတ်ရခြင်း ဖြစ်သည်။ အလွန်ပင်ပန်းလှ၏။
ကျွန်တော်တို့နှင့်အတူ ဆာနီလည်း ပါလာသည်။ သို့သော် အနည်းငယ်မှ ကူမလုပ်ပါ။ ဖောက်ကလစ်ပေါ်ထိုင်လျှက် ကျွန်တော်တို့ဆွဲထုတ်လာသော အထုပ်များ ဖောက်ကလစ် တစ်စီးစာရပြီဆိုမှ ဖောက်ကလစ်ဖြင့် နေရာရွှေ့ပေးခြင်း ဖြစ်ပါသည်။ သို့သော် ဖောက်ကလစ် တစ်စီးစာရဘို့ ကျွန်တော်တို့မှာ သေချင်စော်နံအောင် ဆွဲထုတ်ရသည်။ သူကတော့ ဖောက်ကလစ်ပေါ်တွင် ငိုက်မျဉ်းနေလေ၏။ သူက ကျွန်တော့်အလုပ်သမားမဟုတ်သည့်အတွက် ကျွန်တော့်မှာ ဘာမှ မပြောသာ။ ပြောပိုင်ခွင့်လည်း မရှိ။ သည်ကတည်းက ဆာနီကို ကျွန်တော် မြင်ပြင်းကပ်နေသည်မှာ သည်နေ့ထိတိုင်ဖြစ်၏။
နောက် offshore ရေနံတူးစင်များတွင်သုံးသည့် high pressure (ဖိအားမြင့်) ပိုက်ကြီးများကိုလည်း သည်နည်း အတိုင်းပင် ကွန်တိန်နာအတွင်းမှ ထမ်းထုတ်ရသေးသည်။ ပိုက်ကြီးများမှာ အထူကြီးဖြစ်သလို လေးလည်း အလွန်လေးလှ သည်။ ကျွန်တော်တို့ကို general worker များကဲ့သို့ခိုင်းနေသည်ကို အလွန် စိတ်ပျက်မိပါသည်။ သည်တော့ နေကလည်း မြင့်လာ။ ပင်ကလည်း ပင်ပန်း။ ဗိုက်ကလည်း ဆာလာတော့ ကျွန်တော့်ဒေါသများ ငယ်ထိပ်တက်ဆောင့်ပါတော့၏။
ဖိုက်ဘာဂလပ်စ်ပိုက်များမှာ ကွဲလွယ်၊ ရှလွယ်သဖြင့် ဂရုတစိုက်ကိုင်တွယ်ရသည်။ လွှတ်ချတာ။ စောင်းပေါ်တင်တာ မလုပ်ရ။ ကျွန်တော် စိတ်တိုတိုနှင့် ပိုက်များကို အတင်းဆွဲ၊ အတင်းပစ်ချ။ ကန် ကျောက် လုပ်ပစ်လိုက်ပါသည်။ ဘေးနားတွင် အလီ ရှိနေ၏။ အလီက ရုံးသို့ပြန်ပြောသည် ထင်ပါသည်။ နောက်ပိုင်းတော့ ဤကဲ့သို့ ပစ္စည်းသယ်ခိုင်း၊ ချခိုင်းတာ သိပ်မရှိ တော့ပါ။ ကျွန်တော်ပစ်ချလိုက်လို့ ပိုက်ကွဲသွားလျှင် သူတို့လူငှားလို့ကုန်သည့်စရိတ်ထက် ပိုဈေးကြီးသည် ဆိုတာ သူတို့ ကောင်းကောင်းသဘောပေါက်သွားပါသည်။ စိတ်တိုလာလျှင် ဤကဲ့သို့ ထုရိုက်ကန်ကျောက် လုပ်ချင်သည်မှာ ကျွန်တော်၏ မကောင်းသော စရိုက်တစ်ခုဖြစ်ပါသည်။ ဤသည်မှာ ယခုတွင်မဟုတ် နောင်တွင်လည်း ဤအမှုမျိုးကြုံရသေးသည်။ အလျဉ်းသင့်သလို ထည့်သွင်းဖော်ပြသွားပါမည်။
ထို့ပြင် ရထားကြမ်းပြင်များတွင်ခင်းသည့် ဖယောင်းပုဆိုးများကိုလည်း သွားပို့ရသည်။ သည်ဖယောင်းပုဆိုးများ မှာလည်း ကြည့်တော့သာ ဘာမဟုတ်သည်။ အလိပ်လိုက်ဆိုလျှင် နင့်နေအောင် လေးပါသည်။ ကျွန်တော့်စိတ်ထင် ကီလို ၅၀ ပင် မကပါ။ သည်အလိပ်ကြီးများကိုလည်း လော်ရီကားပေါ်ထမ်းတင်၊ လော်ရီပေါ်မှထမ်းချ လုပ်ရပါသေး၏။ ဖောက်ကလစ် ဘာလို့မသုံးတာလဲဟု မမေးပါနှင့်။ သည်လောက်ပြည့်ကျပ်နေအောင် ထားသော စတိုခန်းတွင် ဖောက်ကလစ်မပြောနှင့်၊ လူတောင် မနည်းသွားရပါသည်။ သည်တော့ လူနှင့်ထမ်းထုတ်စရာကလွဲလို့ အခြားနည်းလမ်းမရှိပါ။
ထိုမျှမကသေး။ အချို့သော မိတ်ဆွေများတွေ့ဖူးပါမည်။ ကြမ်းပြင်တွင်ခင်းသော ပျော့စိစိ၊ ရာဘာသားကဲ့သို့သော အခင်းပြားများ ဖြစ်၏။ ထိုအခင်းပြားမှာလည်း အလွန်လေးလှသည်။ တစ်ချပ်ချင်းပင်လျှင် အလွန်လေးပါသည်။ ထိုအပြားများ ကိုလည်း ကျွန်တော်တို့ လျှာအလျားလိုက်ထွက်သည်ထိ တင်ချ၊ သယ်ပို့ လုပ်ရပါသေးသည်။ တစ်ခါတရံမို့တော်တော့သည်။ နို့မဟုတ်လျှင် Union Alloy တွင် ခြောက်လတောင် ခံမည်မဟုတ်ပါ။ ကျွန်တော်ထွက်ပြေးမိမှာ သေချာလှပါသည်။   
ဤသည်တို့မှာ ကိုယ်နှင့်ဘာမှမဆိုင်သော အလုပ်များကို လုပ်ပေးရခြင်းဖြစ်သည်။ သည်မျှမက အခြားအသေးအဖွဲ ကိစ္စများ အများအပြားရှိသေးသည်။ သို့သော် စာဖွဲ့လောက်အောင်လည်းမဟုတ်၊ မှတ်လည်း ကောင်းကောင်း မမှတ်မိတော့ သည့်အတွက် ထားခဲ့ပါတော့မည်။

(၂၆) Jurong Island တွင် အထိုင်ချ လုပ်ရခြင်း

            အထက်တွင်ဆိုခဲ့သလို ကျွန်တော်တို့အလုပ်က ပိုက်လုပ်ငန်း ဖြစ်ပါသည်။ ပိုက်များကို ရောင်းမည်။ ဆင်ပေးမည်။ ပိုက်လိုင်းပျက်လျှင် ပြင်မည်။ သံပိုက်လိုင်းကို ဖိုက်ဘာပိုက်နှင့် လဲပေးမည် စသဖြင့် ပိုက်နှင့်ပတ်သက်သမျှ အကုန်ပါမည်။ ခုတော့ ကျွန်တော်တို့ကို ဟုတ်တာရော၊ မဟုတ်တာရော အကုန်ခိုင်းသည်။ ဤသည်ကို ကျွန်တော်တို့မန်နေဂျာ Derrick ကလည်း မကြိုက်ပါ။ သို့သော် သူ့ထက်ကြီးသူက ခိုင်းတာဆိုတော့ သူလည်း ဘာမှမပြောသာ။ ခု ငါတို့မှာ အလုပ်မရှိသေးလို့ သည်းခံလိုက်ပါကွာ၊ ငါ အလုပ်ရအောင် ရှာပေးပါ့မယ် ဟု လေပြေထိုး၏။
            အလုပ်မရှိခင်စပ်ကြား ကျွန်တော်တို့ကို ဖိုက်ဘာဂလပ်စ်ပိုက် ပစ္စည်းများအကြောင်း လိုက်ပြ၊ ရှင်းပြသည်။ Union Alloy မှ ပင်တိုင်အလုပ်ပေးပြီး ခိုင်းသူမှာ Tuas Ave 3 ရှိ Audex ဖြစ်သည်။ သည်တော့ သူတို့မှာ ဖိုက်ဘာပိုက်ပစ္စည်း အစုံရှိ သည်။ Melvin က ကျွန်တော်တို့ကို Audex သို့ခေါ်သွားပြီး သည်ပစ္စည်းများနှင့် မိတ်ဆက်ပေးသည်။ ဒါက Convo mat ၊ ဟောဒါက chop mat ၊ ဒါကိုတော့ woven roving ခေါ်တယ်။ ဒါလေးကတော့ boat tape။ ဒီ ကယ်မီကယ်တွေက acetone, ဟောဒါက epoxy resin, ဒီခရမ်းရောင်တွေကတော့ vinylester resin၊ သူက ပရိုမုတ်လုပ်ပြီးသားမို့ ခရမ်းရောင်ပေါက်နေတာ။ အဲဒီ promoter ဆိုတာ ဟောဒါပဲ။ ဒါကတော့ polyester resin, သူတို့နဲ့ရောတာကတော့ ဒီဟာပဲ။ hardener လို့ခေါ်တယ်။ သူ့ကို catalyst လို့လဲ ခေါ်သေးတယ် စသဖြင့် လက်တန်းပြောပြသွား၏။
ပစ္စည်းများမှာ အားလုံး ခပ်ဆင်ဆင်ချည်းဖြစ်ရာ ဘယ်လိုမှတ်လိုက်ရမှန်းပင် မသိပါ။ ဤပစ္စည်းများကို မည်သည့် နေရာများတွင် သုံးသည်ဆိုတာအသာထား။ ပစ္စည်းနှင့်နာမည်ကိုပင် တွဲမမှတ်မိ။ ကုန်ကုန်ပြောရလျှင် နာမည်များပင် စုံအောင် မမှတ်မိလိုက်ပါ။ သို့သော် ဒါဘာပြဿနာမှမဟုတ်။ လုပ်ရင်းကိုင်ရင်းနှင့်မှ တဖြည်းဖြည်း ဘာကိုဘယ်လိုခေါ်သည်။ ဘာကြောင့် ဤနေရာတွင်သုံးရသည်။ မည်ကဲ့သို့ လုပ်ရကိုင်ရသည် စသည်များကို သေသေချာချာ သိလာရသည်။ လက်တွေ့မှရသော အသိသည်ကား တော်တော်နှင့်မမေ့တော့ဘဲ မှတ်မိနေသည်။    
           
            သိပ်မကြာမီပင် Jurong Island ၌ အလုပ်ရပါသည်။ ပထမဦးဆုံး စလုပ်ရသည့် အလုပ်မှာ SUT (Sembcorp Utility and Terminal) တွင် ၄ လက်မပိုက်လိုင်း ပြေးရခြင်း ဖြစ်၏။ လိုင်းမှာ သိပ်မရှည်။ ပိုက်လိုင်းဆင်ဘို့ ပိုက်စင် (Pipe Rack) ပေါ် ကျွန်တော်တက်ကာ တိုင်းရ၏။ ဒါ ပိုက်လိုင်းကို ကိုယ်ထိလက်ရောက် ပထမဦးဆုံး စတင်လုပ်ဖူးခြင်း ဖြစ်ပါသည်။ ပိုက်က လည်းမကြီး။ လိုင်းကလည်း သိပ်မရှည်ဆိုတော့ အလုပ်သမားမခေါ်။ ကျွန်တော်တို့နှစ်ယောက်ထဲ ကိုယ့်ဟာကိုယ် ကြဲရသည်။
            ပိုက်လိုင်းဆင်ဘို့လိုသည့် ပစ္စည်းများဝယ်တာ၊ ပိုက်နှင့် ပိုက်ဆက်ပစ္စည်းများ ဆိုဒ်ထဲသို့သယ်တာ၊ တိုင်း၊ ထွာ၊ ဖြတ်၊ တောက်၊ ဆက်၊ ဆင်။ အားလုံးကိုယ့်ဟာကိုယ် လုပ်ရသည်။ ပိုက်လိုင်းထဲ ရေထည့်စမ်းပြီး နောက်ဆုံး လိုင်းကိုပိုင်ရှင် ဖြစ်သူ SUT ထံအပ်သည်ထိ အကုန်လုပ်ရခြင်း ဖြစ်သည်။ 
            ဆိုးသည်မှာ ဖိုက်ဘာပိုက်၏အမှုန်များက အလွန်ယားခြင်း ဖြစ်၏။ ယခင် Keppel တွင် လုပ်စဉ်ကလည်း ဖိုက်ဘာ ပိုက်လိုင်းများ ကိုင်ခဲ့ရသည်။ သို့သော် သူများလုပ်တာကို ကိုယ်က paper work လုပ်ပေးရခြင်းသာ ဖြစ်၏။ သည်ကတည်းက မိတ်ဆွေများပြောသဖြင့် ဖိုက်ဘာပိုက် ယားမှန်းသိခဲ့သည်။ သို့သော် ကိုယ်တိုင်မကြုံရသေးတော့ သြော် - ဟုတ်လား ဆိုကာ ပြီးသွား၏။ ယခု ကိုယ်တိုင်ယားတော့မှ မစားသာမှန်းသိရတော့သည်။ သူယားတာက ဘာယားတာနှင့်မှ မတူ။ ထွက်လာသော အမှုန်များမှာ လေတိုက်သဖြင့် တစ်ကိုယ်လုံးသို့ထိသည်ဖြစ်လေရာ ထိတိုင်းယားတော့၏။ ဆံပင်နှင့်အင်္ကျီအကြားလွတ်နေ သော ကုတ်ပိုးမှာကား အထူးသဖြင့် ယားလေသည်။ အိပ်သည့်အချိန်တွင် ပိုဆိုးသေးသည်။ ဟိုအနားက စစ်ကနဲ။ သည်အနား က စစ်ကနဲ။
            သည်တော့ အလုပ်လုပ်ဘို့ အ၀တ်ကို သေသေချာချာပြင်ရသည်။ ဂျင်းအင်္ကျီ၊ ဂျင်း ဘောင်းဘီများ ၀ယ်ရသည်။ ကုပ်ပိုးကိုစည်းရန် သို့မဟုတ် ဖုံးထားရန် သဘက် (မျက်နှာသုတ်ပုဝါ) ယူသွားရသည်။ နှာခေါင်းစွပ် (dust mask) များစွပ်ရ သည်။ လက်အိတ်ဆိုတာတောင် ချည်လက်အိတ်နှင့် မရ။ ဂျင်းလက်အိတ် သို့မဟုတ် ရာဘာလက်အိတ်မှ။ သို့သော် ရာဘာ လက်အိတ်က ပူသည်။ ကယ်မီကယ်ဆေးရည်များကိုင်သည့်အခါသာ ကောင်းသည်။ သည်တော့ ဂျင်းလက်အိတ်များ သုံးရ သည်။ ချည်လက်အိတ်ဝတ်လျှင် ဖိုက်ဘာမှန်စ ကလေးများက လက်အိတ်ကို ဖောက်စူးသည့်အတွက် မကောင်းပါ။   
            နောက်တစ်ခုက Jurong Island တွင် စားသောက်ဆိုင်မရှိခြင်း ဖြစ်၏။ သောက်စရာရေပင် မရှိ။ Jurong Island သို့သွားတော့မည်ဆိုလျှင် ထမင်းဗူး၊ ရေပုလင်းများ တစ်နေ့စာ အပြည့်အစုံထည့်ယူသွားရသည်။ ကျွန်းအလယ်လောက်တွင် Oasis ဆိုသော အဆောက်အဦတစ်ခုရှိသည်။ ဤအထဲတွင် စားသောက်ဆိုင်၊ တိုလီမုတ်စများရောင်းသောဆိုင်များ ရှိသည်။ သို့သော် Oasis သို့ မည်ကဲ့သို့သွားမည်နည်း။ ဘတ်စ်ကားတော့ရှိပါ၏။ သို့သော် ကားအလာကျဲလှသည်။

Jurong Island သို့ရောက်သော ဘတ်စ်ကားများမှာ နံနက်ခင်းနှင့် ညနေပိုင်း အလုပ်သွား၊ အလုပ်ပြန်ချိန်များတွင် ၁၅ မိနစ်၊ မိနစ် ၂၀ လျှင် တစ်စီးကျစီရှိတတ်သော်လည်း နေ့လည်နေ့ခင်း လူသွားနည်းသော အချိန်များတွင်မူ တစ်နာရီမှ တစ်စီးသာရှိသည်။ သို့အတွက် ကိုယ်ပိုင်ကားမရှိလျှင် သွားရေးလာရေး အတော့်ကို မလွယ်။ ဘတ်စ်ကားများမှာ Jurong East Interchange မှ စထွက်သည်။ ဘတ်စ်နံပါတ် 715, 716 နှင့် 717 တို့ဖြစ်၏။ ဘတ်စ်စီးသွားလျှင် Jurong Island အ၀င် check point တွင်ဆင်း။ pass လဲ။ နောက်ပြီး ကားပေါ်ပြန်တက်။
Jurong Island Check point အထိပြေးသော ဘတ်စ်လည်းရှိသည်။ နံပါတ် 98 ဖြစ်၏။ 98 က ကျွန်တော်တို့အိမ်နား မှ ဖြတ်သွားသဖြင့် Jurong Island သွားစရာရှိလျှင် ကျွန်တော်ကတော့ 98 ကိုပဲ စီးတာများသည်။ ဂိတ်ရောက်မှ pass လဲကာ နောက် ဘတ်စ်ကားပြောင်းစီး၏။
ယခင်ကမူ Jurong Island အ၀င်တွင် ဘာ pass မှ မလိုဘဲ သည်အတိုင်း တံခါးမရှိ၊ ဒါးမရှိ ၀င်နိုင်၊ ထွက်နိုင်သည်။ ဘာစစ်ဆေးရေးဂိတ်မှလည်း မရှိသေး။ သို့သော် ကိုအိုစမာတို့က အမေရိကန်ကို 9/11 လက်စွမ်းပြပြီးသည့်နောက် ကမ္ဘာ တစ်လွှားမှ နိုင်ငံများသည်လည်း သွေးလန့်ကာ လုံခြုံရေးကို အထူးတင်းကြပ်လာခဲ့သည်။ လေယာဉ်ပေါ်သို့ ရေပင်လျှင် သယ်ခွင့်မရှိတော့။ ခုနစ်ရက်သားသမီးများကို စိတ်မချမ်းသာအောင်လုပ်ကာ လူသားအားလုံးကို ဒုက္ခပေးသူများ ဖြစ်ပေ၏။
ဤကဲ့သို့ သွေးလန့်သူများတွင် စင်ကာပူသည်ကာ ထိပ်ဆုံးမှ ပါခဲ့သည်။ အောင်မယ်လေးလေး၊ Jurong Island ကြီးသာ တစ်ခုခုဖြစ်လို့ကတော့။ ကျွန်းကြီးတစ်ခုလုံး ပေါက်ကွဲစရာ လောင်စာများနှင့် ပြည့်နှက်နေသော Jurong Island ၏ လုံခြုံရေးကို မစဉ်းစားလို့မရ။ သည်တော့ နေ့ချင်းညချင်း ဖုတ်ပူမီးတိုက် လုံခြုံရေး၊ စစ်ဆေးရေးဂိတ်များ ဆောက်သည်။ အ၀င်ဂိတ်တွင် အင်မတန် စေ့စပ်သေချာလှသော စစ်ဆေးရေးလက်နက် ကိရိယာများ အပြည့်အစုံတပ်သည်။ Jurong Island သို့ ၀င်သူ၊ ထွက်သူများအားလုံးကို စစ်ဆေးသည်။ သူတို့လက်မှတ်မပါသူ မည်သူမှ ၀င်လို့မရ။ Jurong Island တွင် အလုပ်လုပ်လိုသူများကို မိမိသွားလုပ်မည့် Jurong Island ရှိ ဌာနေကုမ္ပဏီက အာမခံလက်မှတ် (sponsor) ထုတ်ပေးရသည်။ Jurong Island တွင်အခွင့်မရဘဲ မည်သူမျှ ဓါတ်ပုံရိုက်ခွင့်၊ ဗွီဒီယိုရိုက်ခွင့် မရှိ။ ကင်မရာပါသူများ လုံခြုံရေးဂိတ်တွင် declare လုပ်ရသည်။ အခွင့်မရှိဘဲ ဓါတ်ပုံရိုက်သည်ကို မိလျှင် ရဲလက်သို့အပ်မည်။ ကျွန်းဝင်ခွင့် pass သိမ်းမည်။ နောက်နောင် မည်သည့်အခါမှ ကျွန်းသို့ဝင်ခွင့်ပေးတော့မည် မဟုတ်။
သည်တော့ ဂွကျသွားသူများမှာ ကျွန်ုပ်တို့ဖြစ်၏။ အရေးပေါ်ကိစ္စတစ်ခုခုရှိလို့သွားချင်လျှင် ချက်ခြင်းသွားဘို့မလွယ်။ သွားလိုသူများ၏ ကိုယ်ရေးအချက်အလက်များကို ဟိုကုမ္ပဏီသို့လှမ်းပို့။ ထိုကုမ္ပဏီက Jurong Island စစ်ဆေးရေးဂိတ်တွင် ၀င်ခွင့်လက်မှတ်လျှောက်လွှာတင်။ လျှောက်လွှာကျပြီဆိုတော့ ကျွန်ုပ်တို့ဆီ လှမ်းပို့။ သည်တော့မှ ထိုလက်မှတ်ကိုင်ကာသွား။ သို့သော် ဤလက်မှတ်မှာ ၀င်ခွင့်လက်မှတ်မျှသာ ရှိသေး၏။ အလုပ်လုပ်ဖို့ဆိုလျှင် ထိုကုမ္ပဏီမှပေးသော safety သင်တန်း သွားတက်။ ပြီးမှ သူတို့ထုတ်ပေးသောလက်မှတ်ကို ကိုင်ကာ အလုပ်လုပ်ရသည်။ သည် safety သင်တန်းက နေ့တိုင်းရှိတာ မဟုတ်။ တစ်ပတ်မှ တစ်ခါ။ တခါတလေ နှစ်ခါသာ ရှိတာမျိုး ဖြစ်သည်။ အမြဲလုပ်နေသူများကတော့ ဘာပြဿနာမှ မရှိ။ သူတို့ကို Jurong Island ၀င်ခွင့် permanent လက်မှတ် ထုတ်ပေးထားသည်။
Jurong Island ရှိရေနံချက်စက်ရုံများ၊ ဓါတုစက်ရုံများတွင် ကျွန်တော်တို့ ဖိုက်ဘာပိုက်များကို တပ်ဆင် အသုံးပြု သည် ဖြစ်ရာ ကျွန်တော်တို့၏ ပင်မလုပ်စရာနေရာမှာ Jurong Island ဖြစ်လာတော့သည်။ သံပိုက်များ အစားမခံနိုင်သော ဆေးရည်များအတွက် ဖိုက်ဘာပိုက်ကို သုံးသည်။ စက်ရုံများကို အအေးခံသော sea water cooling လိုင်းများတွင် ဖိုက်ဘာ ပိုက်ကို သုံးသည်။ မီးသတ်ပိုက်လိုင်းများကိုလည်း ဖိုက်ဘာပိုက် သုံးသည်။ ယခင်က သံပိုက်နှင့်ပြေးထားသော ပိုက်လိုင်းများ ကို ယခုအခါ ဖိုက်ဘာပိုက်များဖြင့် အစားပြန်လဲသည်။  
ဆိုတော့ Union Alloy တွင် လုပ်ခဲ့သည့် လေးနှစ်တာကာလပတ်လုံး ကျွန်တော့်မှာ Jurong Island တွင်ပင် အချိန် ကုန်ရတာများသည်။ အလုပ်ပါးသော တခါတလေမှ ရုံးဘက်ပြန်ရောက်သည်။
ဤတွင် Jurong Island အကြောင်း မိတ်ဆွေများသိအောင် ဗဟုသုတအနေနှင့် အနည်းငယ် ပြောပြချင်ပါသည်။

(၂၇) Jurong Island

စင်ကာပူနိုင်ငံတွင် စင်ကာပူကျွန်းမကြီးအပြင် ကျွန်းကြီး၊ ကျွန်းလေးပေါင်း ၆၄ ကျွန်းရှိပါသေး၏။ သို့သော် ယခုမူ ၆၄ ကျွန်း အပြည့်မရှိတော့ပါ။ အချို့သောကျွန်းများကို ပေါင်းကာ ကျွန်းကြီးတစ်ကျွန်းဖြစ်အောင် လုပ်လိုက်သည်။ ထိုစုပေါင်းကျွန်း များထဲတွင် Jurong Island သည် အကြီးဆုံးဖြစ်၏။ 



စင်ကာပူနိုင်ငံထုတ်ကုန်များတွင် ဓါတုဗေဒထုတ်ကုန်များသည် ဒုတိယအကြီးဆုံးဖြစ်၏။ တိုင်းပြည်စုစုပေါင်း ထုတ်ကုန်များ၏ ၁၈%(၁၉၉၆) ရှိသည်။ စင်ကာပူအစိုးရသည် ထုတ်ကုန်ကဏ္ဍကို တိုင်းပြည်စုစုပေါင်း GDP ၏ ၂၅ % ထိ ရှိလာစေရန် ရည်ရွယ်ချက်ဖြင့် ၁၉၉၃ ခုနှစ်တွင် M2000 Project (Manufacturing 2000) ကို ချမှတ်လုပ်ဆောင်ခဲ့သည်။ ဤအထဲတွင် ဓါတုပစ္စည်းများထုတ်လုပ်မှုသည် အဓိကအစိတ်အပိုင်းတစ်ခုဖြစ်သည်။ သည်တွင် သည်ဓါတုပစ္စည်းများကို မည်သည့်နေရာတွင် ထုတ်မည်နည်းကို တိုင်းတာအဖြေထုတ်ကြသောအခါ Jurong Island ကို သွားတွေ့သည်။
မည်မျှဦးဏှောက်ကြီးလိုက်တဲ့ လူတွေပါလဲ။ ရေနံကို ဈေးအသက်သာဆုံးဖြင့်ရောင်းချနိုင်ရန် ထုတ်လုပ်မှု ကုန်ကျစရိတ်ကို တတ်နိုင်သမျှ လျှော့ချမည်။ သည်တော့ ပစ္စည်းများ တစ်နေရာမှတစ်နေရာသို့ ပို့ရာတွင် ကုန်ကျမည့် ကုန်ကျစရိတ်၊ အချိန် စသည်တို့ကို လျှော့ချရန် တစ်နေရာထဲတွင် ချက်တာရော၊ သိုလှောင်တာရော၊ ရောင်းတာရော လုပ်နိုင်ရန် စဉ်းစားကြသည်။ သည်ကဲ့သို့ စီးပွားဖြစ်လုပ်နိုင်ရန်ဆိုလျှင် နေရာအကျယ်ကြီးလိုသည်။ ထို့ပြင် ပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ်ကို ခြိမ်းခြောက်မနေစေရန်ကိုပါ ထည့်သွင်းစဉ်းစားကြသည်။ ဤသည်ကပင် Jurong Island တည်ဆောက်ရန် လမ်းစဖြစ်လာခဲ့သည်။ Jurong Island နေရာသည်ကား ကျွန်းမကြီးနှင့် သီးခြားဖြစ်နေပေရာ အကြောင်း တစုံတရာရှိခဲ့လျှင်သော်မှ ပြည်သူများနေထိုင်ရာသို့ အလွယ်တကူ မထိခိုက်နိုင်။
စင်ကာပူသည် ကမ္ဘာ့ တတိယအကြီးဆုံး ရေနံချက်သောနိုင်ငံဖြစ်၏။ တစ်နေ့လျှင် ရေနံစည်ပေါင်း ၁.၃ သန်း ထုတ်လုပ်သည်။ စင်ကာပူမှရောင်းချသော ရေနံကို ၀ယ်ယူသူများတွင် မြန်မာနိုင်ငံသည်လည်း တစ်နိုင်ငံအပါအ၀င်ဖြစ်၏။ Jurong Island ရှိ ExxonMobil မှ တစ်နေ့လျှင် ရေနံစည်ပေါင်း ၆ သိန်း ၅ ထောင်၊ SRC (Singapore Refining Corporation) မှ တစ်နေ့လျှင် ရေနံစည်ပေါင်း ၂၈၅၀၀၀ ၊ Pulau Bukom Refinery (Shell) မှ တစ်နေ့လျှင် ရေနံစည်ပေါင်း ၄၅၈၀၀၀ အသီးသီးထုတ်၏။ ဤသည်ကိုကြည့်လျှင် Jurong Island တစ်ခုထည်းမှ တစ်နေ့လျှင် ရေနံစည်ပေါင်း တစ်သန်း ကျော်ထုတ်နေကြောင်း တွေ့နိုင်ပါသည်။
          Jurong Island ကို Pulau Ayer Chawan, Pulau Ayer Merbau, Pulau Merlimau, Pulau Pesek, Pulau Pesek Kecil, Pulau Sakra နှင့် Pulau Seraya တည်းဟူသော ကျွန်းငယ် ခုနစ်ကျွန်းကို သဲဖို့ကာ ကျွန်းကြီးတစ်ကျွန်းဖြစ်အောင် လုပ်ထားခြင်းဖြစ်ပါသည်။ Jurong Island တည်ဆောက်ရေးလုပ်ငန်းများကို မူလသတ်မှတ်ထားသည်ထက် အနှစ် ၂၀ စောကာ ၂၀၀၉ ခုနှစ် စက်တင်ဘာ ၂၄ ရက်နေ့တွင် အပြီးတည်ဆောက်ခဲ့သည်။ (ကျွန်တော်တို့ လုပ်စဉ် ၂၀၀၀ - ၂၀၀၄ ခုနှစ်များက ကျွန်းမှာတည်ဆောက်ဆဲကာလပင် ရှိပါသေးသည်။) ကျွန်းမြေပြင်ဧရိယာမှာ ၃၂ စတုရန်းကီလိုမီတာရှိပြီး ကျွန်းမကြီးပြီးလျှင် စင်ကာပူတွင် အကြီးဆုံးကျွန်းဖြစ်သည်။ 
၁၉၉၁ ခုနှစ်တွင် Jurong Island တည်ဆောက်ရေးအတွက် JTC (Jurong Town Corporation) ကို တာဝန်ပေးခဲ့ သည်။ သဲဖို့ခြင်း၊ မြေပြင်ခြင်းလုပ်ငန်းများကို ၁၉၉၅ ခုနှစ်တွင် စတင်အကောင်အထည်ဖော်ခဲ့သည်။ Jurong Island ကို ၂၀၀၀ ပြည့်နှစ် အောက်တိုဘာလ ၁၄ ရက်နေ့တွင် ၀န်ကြီးချုပ် ဂိုချောက်တောင်က တရားဝင်ဖွင့်လှစ်ပေးခဲ့သည်။ ရေပြင်ကို မြေပြင်ဖြစ်အောင်လုပ်ပေးခဲ့သည့် အဓိက ကန်ထရိုက်တာမှာ PentaOcean ပင်ဖြစ်ပေတော့သည်။ 


Jurong Island တွင် အထိုင်ချလုပ်ကိုင်လျှက်ရှိသော ကုမ္ပဏီပေါင်းများစွာရှိသည့်အနက် ထင်ရှားကြီးမားသည့် အချို့ကုမ္ပဏီများမှာ
BASF, BP, Celanese, ExxonMobil, DuPont, Mitsui Chemicals, Chevron Oronite, Shell, Singapore Petroleum Company and Sumitomo Chemical, Sembcorp Utilities and Terminal, Seraya2, Oil Tanking တို့ဖြစ်သည်။ ထို့ပြင် Seraya တွင် စင်ကာပူသို့ ဓါတ်အားပေးနေသော ဓါတ်အားပေးစက်ရုံကြီး Power Seraya လည်း ရှိသေးသည်။

            ၂၀၀၅ ခုနှစ်က ရေနံဓါတုလုပ်ငန်းမှ ထုတ်ကုန် စင်ကာပူဒေါ်လာ ၆၆.၅ ဘီလျံဘိုး ထုတ်ခဲ့သည်။ ဤပမာဏမှာ စင်ကာပူတစ်နိုင်ငံလုံး ထုတ်ကုန်၏ ၃၂ ရာခိုင်နှုံးဖြစ်၏။ ၂၀၀၂ ခုနှစ်တွင်မူ သဘာဝဓါတ်ငွေ့ဖြည့်ဆိုင် (CNG – Compresed Natural Gas Station) ကိုပါ Jurong Island တွင် ဖွင့်လှစ်ပေးခဲ့သည်။
            ယခင်က စင်ကာပူမှ Jurong Island သို့သွားလိုလျှင် မော်တော်ဘုတ်များဖြင့် သွားရသည်။ ၁၉၉၉ ခုနှစ် မတ်လတွင် ၂.၃ ကီလိုမီတာရှည်သည့် Jurong Island Highway လမ်းမကြီးဖွင့်လှစ်ပြီးသည့်နောက်ပိုင်း ကားများဖြင့် လွယ်ကူစွာ သွားလာနိုင်ခဲ့သည်။
            ယခုလက်ရှိတွင် Jurong Island ၌ တိရိစ္ဆာန်အစားအစာ၊ ကာကွယ်ဆေး၊ အလှကုန်ပစ္စည်း ထုတ်လုပ်သည့် လုပ်ငန်းများ၊ Institute of Chemical and Engineering Science (an A*STAR research institute) ကိုပါ တိုးချဲ့ ဖွင့်လှစ်ခဲ့သည်။ ထိုမျှသာမက ရေနံကုဗမီတာပေါင်း ၁.၄၇ သန်းသိုလှောင်နိုင်မည့် ပရောဂျက်တစ်ခုကို တည်ဆောက်နေရာ ၂၀၁၃ ခုနှစ်တွင်ပြီးရန် ရည်မှန်းထားသည်။ လက်ရှိလမ်းမကြီးအပြင် စင်ကာပူနှင့်ဆက်သွယ်နိုင်မည့် နောက်ထပ်လမ်းမကြီး တစ်ခုကိုလည်း ထပ်မံတည်ဆောက်ဦးမည်ဖြစ်ပေ၏။

(၂၈) Jurong Island တွင် လုပ်ရပုံ

            ၄ လက်မပိုက်လိုင်းဆင်ပြီး နောက်တစ်ခု လုပ်ရသည်မှာ ၇၄ လက်မပိုက်ကြီးများကို ပြင်ရခြင်း ဖြစ်သည်။ SUT ၌ပင်ဖြစ်၏။ ပိုက်ကြီးများမှာ အလွန်ကြီးရကား အတွင်းသို့ လူတစ်ယောက် ကောင်းကောင်းလမ်းလျှောက်သွားလို့ရသည်။ ဘုရားစူးရပါစေ့။ သည်မျှကြီးသော ပိုက်ကြီးများကို ခုမှမြင်ဖူးခြင်း ဖြစ်ပါသည်။ လုပ်တာတော့ ကျွန်တော်တို့လုပ်တာမဟုတ်ပါ။ ကန်ထရိုက်တာများ လုပ်တာဖြစ်ပါသည်။ သို့သော် နောက်ဆုံး ပိုက်ကြီးကိုပြန်ဆင်သောအခါ ပိုက်ကြီးမှ ဖလန်းကို ကျွန်တော်တို့ကိုယ်တိုင် ပြန်ဆင်ရသည်။ ဖလန်းကိုကြပ်သည့် မူလီခေါင်းပင် ကျွန်တော်တို့လက်သီးဆုပ်လောက်ရှိပါသည်။
            မူလီကြပ်ရန် ကျွန်တော့်ကို ကုလားအလုပ်သမားများ ပေးထား၏။ မူလီကြပ်ရမည့် ဂွကြီးများနှင့် ထုရန်တူကြီးများ ကိုပင် မနည်းသယ်ရသည်။ မူလီကြပ်နေသည့် ကုလားကိုကြည့်ပြီး ကျွန်တော် စိတ်တိုလာ၏။ လျှာကြီးကို အသားကုန် ထုတ်လျှက် တူကိုထုနေလိုက်သည်မှာ မူလီခေါင်းနာသွားမှာ စိုးသဖြင့် အသာချော့ထုနေရသည်နှင့်သာ တူတော့သည်။ ကျွန်တော်လည်း စိတ်မရှည်တော့သည်နှင့် ဟေ့ကောင်၊ ငါ့ကိုပေးစမ်း၊ ငါထုပြမယ်ဟု ဆိုကာ ထုပြလိုက်၏။ မည်သို့ပင် လုပ်ပြ သည်ဖြစ်စေ။ သူတို့ကတော့ သူတို့စံနှုံးကို မပြောင်းပါ။ သည်အတိုင်း ဆက်လုပ်နေသည်သာ ဖြစ်သည်။ အငှားခေါ်ထားတာ ဆိုတော့လည်း ပြောလို့ဆိုလို့မကောင်း။  
            နောက်ပြီး ကျွန်တော်တို့အကြီးအကျယ် ခေါင်းကိုက်ခဲ့ရသော အလုပ်တစ်ခုရှိပါသေးသည်။ ဖိုက်ဘာဂလပ်စ်ပိုက်ကို ဆက်သည့် ကော်များမှာ ရေထိလို့မရ။ ရေထိလျှင် ကော်ကမခဲ။ တစ်နေ့တွင် ခုနပြောခဲ့သည့် ပိုက်ကြီး ရေစိမ့်ပါသည်။ ပိုက်ကြီးမှာ Jurong Island ရှိ စက်ရုံများသို့ အအေးခံရေပို့ပေးသော Cooling Water Supply လိုင်းဖြစ်၏။ SUT က ပင်လယ်ရေကို ပန့်ကြီးများဖြင့်စုပ်ယူပြီး ထိုစက်ရုံများသို့ ပင်လယ်ရေ ရောင်းစားခြင်းဖြစ်ပါသည်။ စက်ရုံများမှာ ၂၄ နာရီလည် နေသည်ဖြစ်ရာ သည်ရေများကို ရပ်လိုက်လို့မရ။ ရပ်လိုက်လျှင် စက်ရုံများရပ်သွားမည်ဖြစ်သဖြင့် တစ်နေ့လျှင် မည်မျှဆုံးရှုံး မည်ဆိုသည်ကို သူတို့က တွက်ပြီးသားဖြစ်သည်။ 
            ရေစိမ့်သည့်နေရာလည်း ကြည့်လိုက်ဦး။ ပိုက်အထိုင်တည့်တည့်မှ စိမ့်ထွက်နေခြင်းဖြစ်သည်။ ပိုက်ကြီးကို သံပြားဖြင့် လုပ်ထားသည့် ပိုက်အထိုင်ဖြင့်ဖမ်းထားသည်။ ပိုက်အထိုင်သံပြားနှင့် ပိုက်ကြားတွင် ပိုက်မနာစေရန် ရာဘာပြားခံထားသည်။ ထိုရာဘာပြားကြားမှ ရေများစိမ့်ထွက်လာနေခြင်း ဖြစ်သည်။ ကိုင်း မည်ကဲ့သို့ပြင်မည်နည်း အရပ်လူကြီးတို့။
            ရေစိမ့်သည်ကို ပိတ်ရန်မှာ ရေယိုနေသောအပေါက်ကို ပိတ်နိုင်မှ ဖြစ်မည်။ အထဲတွင် ရေများပြေးနေသော လူတစ်ရပ် ခန့် ထိုပိုက်ကြီးကို ဖမ်းထားသည့် ဗျက်တစ်ပေရှိ ပိုက်အထိုင်သံပြားကြားမှ ရေပေါက်ကို ဖာဘို့ဆိုသည်မှာ သိကြားမင်း ဦးမာဃ၏ တောင်ရှည်ပုဆိုးကို တက်ဆွဲဘို့ကမှ လွယ်လိမ့်ဦးမည်။ ကျွန်တော်တို့ကလည်း ဖိုက်ဘာပိုက်နှင့် ပတ်သက်လို့ ဘာအတွေ့အကြုံမှ ရှိသေးတာမဟုတ်။ ခုမှ လက်သင်လုပ်ခါစ။
            သည်တော့ ကျွန်တော်တို့မန်နေဂျာ Derrick ကိုယ်တိုင်လိုက်လာကာ သူ့ဟာသူ ကျောက်စက်တိုက်။ ကျွန်တော့်ကို ကော်ဖျော်ခိုင်းကာ ရေစိမ့်သည့်နေရာပတ်ဝန်းကျင်ကို ကော်များအတင်းသုတ်။ နောက်ပြီး heating gun ဖြင့် အတင်းအပူပေး သည်။ heating gun ကခေါင်းအခြောက်ခံသည့် heater နှင့်ဆင်သည်။ သူက ပိုပြီးပူသည်။ ၀ပ်အနည်းအများကိုလိုက်ပြီး ၀ပ် ၅၀၀၊ ၇၅၀၊ ၁၀၀၀ စသဖြင့် အစားစား ရှိသည်။
ဤသည်မှာ မဖြစ်နိုင်သည့်ကိစ္စ ဖြစ်၏။ ကော်များမှာ ပူသောနေရာက ခဲသွားပြီး ရေထိသောနေရာက မခဲဘဲ ရေလမ်း ကြောင်းဖြစ်နေသည်။ ပြန်ပြီး ကျောက်စက်တိုက်လိုက်၊ ကော်သုတ်လိုက်၊ အပူပေးလိုက် လုပ်လိုက်ကြသည်မှာ တစ်ညလုံး လိုလိုဖြစ်ပါသည်။ သို့သော် မအောင်မြင်ပါ။ ဤကိစ္စ ကျွန်တော်တို့ အတော်ဦးဏှောက်စားခဲ့ကြသည်။
ကျွန်တော်တို့ကား SUT နှင့် အကျိုးပေးလှ၏။ လုပ်ရသမျှ အလုပ်တော်တော်များများမှာ SUT နှင့်တစ်နည်းမဟုတ်၊ တစ်နည်း ပတ်သက်နေသည်။ ထမင်းစားတော့ ပိုက်စင် (pipe rack) များအောက်တွင်စားရသည်။ နားတော့လည်း သည် ပိုက်စင်များအောက်တွင်ပင် ဖြစ်၏။ ဘာမှတခြား စားစရာ၊သောက်စရာမရှိ။ SUT ပင်မရုံး အဆောက်အဦတွင်တော့ ခေါက်ဆွဲ ခြောက်၊ အအေးဗူး၊ သကြားလုံးထုပ် စသည်များရောင်းသော စက်တစ်လုံးရှိသည်။ ပိုက်ဆံထည့်ကာ ၀ယ်နိုင်သည်။ သို့သော် ကျွန်တော်တစ်ခါမှ ၀ယ်မစားဖူးပါ။
            လုပ်ရတာတော့ နားအေးပါးအေးရှိပါသည်။ ကိုယ့်သဘောနှင့်ကိုယ် ကိုယ့်ဟာကိုယ် စီမံခန့်ခွဲပြီး စိုက်ကြိုက်လုပ်ရ သည့်အတွက် စိတ်ချမ်းသာသည်။ သို့သော်လဲလေ အလုပ်မှန်သမျှ မည်သည့်အလုပ်သည် စင်းလုံးချောရှိပါသနည်း။ ပြဿနာကတော့ အနည်းနှင့်အများရှိစမြဲပေါ့။ သို့သော် သည်ပြဿနာများကို ဖြေရှင်းနိုင်မှ အစွမ်းအစဆိုတာ ရှိလာမည်။
            တစ်ခါတော့ အအေးခံရေလိုင်းမှ ရေထုတ်သော ၂၄ လက်မပိုက်ကြီးများကို လဲရသည်။ လက်ရှိသံပိုက်ကို ဖိုက်ဘာပိုက်နှင့် အစားထိုးခြင်းဖြစ်၏။ စက်ရုံမှထုတ်လွှတ်လိုက်သော ရေပူများကို heat exchanger ကြီးများထဲတွင် ရေအေးဖြင့် အအေးခံသည်။ စက်ရုံမှလာသော ရေပူများက ရေချိုဖြစ်၏။ ထိုရေကို heat exchanger အတွင်းရှိ ပိုက်များတွင် လှည့်ပတ်စီးစေပြီး ပင်လယ်ရေအေးဖြင့် အအေးခံခြင်းဖြစ်သည်။ ထိုအခါ ရေချိုများက အေးသွားပြီး ပင်လယ်ရေများက ရေချိုမှ အပူကိုစုပ်ယူကာ ပူလာသည်။ ထိုပင်လယ်ရေပူများကို ပင်လယ်အတွင်းပြန်စွန့်ထုတ်ပစ်သည်။ ကျွန်တော်တို့က ထို ပင်လယ်ရေပူထုတ်ပိုက်များကို လဲရခြင်းဖြစ်သည်။
            ပိုက်များမှာ အင်ဒိုနီးရှားတွင်လုပ်သော ဖိုက်ဘာပိုက်များဖြစ်သည်။ ရုံးကမည်မျှချာတူးလန်သနည်းဆိုလျှင် ကျွန်တော့် မှာ သည်ပိုက်များကို လဲရမည်ဆိုတာပဲ သိသည်။ ပိုက်များ မည်သည့်နေ့ရက်တွင် ရောက်လာမည်၊ မည်ကဲ့သို့ဆင်မည် စသည်များကို ဘာမှ မသိရ။ ပိုက်များတကယ်ရောက်လာပြီဆိုတော့ ပြဿနာတက်တော့သည်။ ပိုက်ကြီးများမှာ ဆင်ပြီးသား၊ ကွန်တိန်နာနှင့်လာခြင်းဖြစ်ရာ ပိုက်ကကြီးလည်းကြီး၊ ရှည်လည်းရှည်။ သည်ပိုက်များကို ကွန်တိန်နာအတွင်းမှ မည်သို့ထုတ် မည်နည်း။ ကျွန်တော့်မှာက ဘာလက်နက်ကိရိယာမှ ရှိတာမဟုတ်။ အလုပ်သမားပင်လျှင် ၃ ယောက်သာရှိသည်။
            နောက်ပြီး ကွန်တိန်နာကြီးကို သည်အတိုင်းထားခဲ့လို့ရတာမဟုတ်။ သူတို့က နောက်တစ်ခေါက်ပြန်မလာချင်။ တစ်ခါ ထည်း ပြန်သယ်သွားချင်သည်။ နောက်ပြီးရောက်လာတာက အလုပ်သိမ်းခါနီး ညနေ ၄ နာရီလောက်။
            တော်ပါသေး၏။ ကျွန်တော်က ဟိုဟိုသည်သည်လျှောက်သွားရင်း မျက်စိကစားထားမိသဖြင့် SUT အပေါက်ဝနား တွင်ရပ်ထားသော လော်ရီကရိန်းကြီးကို သွားသတိရသည်။ သည်တော့ သည်လော်ရီကရိန်းကြီး မပြန်ပါစေနှင့်ဦးဟု ဆုတောင်းကာ ဒရောသောပါး သုတ်ခြေတင်ရ၏။ ရုံးကိုလည်းလှမ်းဖုံးဆက်ကာ ကွန်တိန်နာရောက်နေပြီ ဆိုသည့်အကြောင်း၊ ပိုက်ကြီးချဘို့ လော်ရီကရိန်းငှားမှ ဖြစ်မည် ဆိုသည့်အကြောင်း အကြောင်းကြားလိုက်သည်။ Derrick က ကျွန်တော့်ကို ဘာမှ ကြိုအကြောင်းမကြားထားသည့်အတွက် စိတ်ဆိုး၏။ 
            ကံကောင်းသည်ဟု ဆိုရမည်။ ကရိန်းဒရိုင်ဘာမှာ အလုပ်ပြီးသဖြင့် ပြန်ဘို့ပြင်နေပြီ။ ကျွန်တော်လည်း သူ့ကို တောင်း တောင်းပန်ပန်နှင့် ပိုက်ဆံ ၅၀ ပေးပြီး အတင်းခေါ်ခဲ့ကာ ပိုက်spool ကြီးကို ချရသည်။ နာရီဝက်အတွင်း ချောချောမောမောနှင့် ပြီးသွားသဖြင့် အတော်လေးပျော်သွားပါသည်။ ကျွန်တော်က ပျောက်မှာစိုးသည့်အတွက် ပိုက်ဆံများများ အိတ်ထဲတွင် ထည့်ထားလေ့မရှိ။ အများဆုံး ၂၀၊ ၃၀ မျှသာ ဆောင်ထားလေ့ရှိပါသည်။ ထိုနေ့ကျမှ ပိုက်ဆံ ၅၀ အိတ်ထဲရှိနေခြင်း အတွက်လည်း ကိုယ့်ကိုယ်ကို ကျေးဇူးတင်မိရသည်။ နို့မို့မလွယ်။
            နောက်နေ့ ကရိန်းငှားပြီး ထိုပိုက်ကြီးများကို ဆင်တော့ SUT မှ Safety လာကာ ဘယ်မလဲ Lifting Supervisor ဟု မေး၏။ ဘယ်မလဲ JSA, ပြ ဟုဆို၏။ ဘယ်မလဲ rigger, signaller ဟု ဟောက်၏။ အဲဗျ။ ဘယ့်နှယ်လုပ်သိမတုံး။ ဒါတွေ ကျွန်တော်က ခုမှလုပ်ဖူးတာ။ ပစ္စည်းကို ကရိန်းနှင့်မ, လျှင် lifting supervisor, signaller, rigger တွေလိုသည်။ သူတို့ certificate တွေ safety ဌာနကို တင်ရသည်။ နောက်ပြီး ပစ္စည်းမ,ခွင့် lifting permit တင်ရသည် ဆို၏။ သည်စကား လုံးတွေကို ကျွန်ုပ်က အခု သူပြောမှ ကြားဖူးခြင်းဖြစ်သည်။ အနို့ အရင်က ဒါတွေ ယောင်လို့တောင် လက်နှင့်တို့ခဲ့ဖူးတာ မဟုတ်။ Union Alloy ရောက်မှ လုပ်ဖူးခြင်းဖြစ်သည်။ သည်ဗဟုသုတ ဘာမှ မရှိ။ သည်တော့ Safety ကောင်၏ ဆဲတာကို ကောင်းကောင်းခံလိုက်ရသည်။ အဆဲခံလိုက်ရတော့မှ နောက်နောင် ပစ္စည်းမတော့မည်ဆိုလျှင် သည်အရာများကို ကြိုတင်ပြင်ဆင်ထားရမည် ဆိုသည်ကို ကောင်းစွာ သဘောပေါက်ရပါတော့၏။
            သည်တော့ ကျွန်တော့်အမေခေါင်းကြိမ်းခံပြီး ရလာသော သင်ခန်းစာကို မိတ်ဆွေတို့အား ပြန်လည် ဝေငှပါအံ့။

(၂၉) ပစ္စည်းများကို မ, ခြင်း အတွက်ဆောင်ရွက်ရပုံ (Preparation for Lifting)

            စင်ကာပူသည်ကား safety ကို အလေးထားဆောင်ရွက်သော နိုင်ငံဖြစ်၏။ သူတို့ဆောင်ပုဒ်မှာ “There is no job so important that we cannot take time to work safely.” ဖြစ်သည်။ သို့အတွက် ဘာလုပ်လုပ်ကို safety ကို ဦးစားပေး လုပ်ရသည်။ အလုပ်မလုပ်မီ သူတို့ပေးသော safety သင်တန်းများကို အလျင်တက်ရသည်။ ထိုသင်တန်းက ထုတ်ပေးသော လက်မှတ်ရမှ အလုပ်စလုပ်လို့ရသည်။ ဘာပဲလုပ်လုပ် အလုပ်လုပ်ခွင့်ပါမစ် (PTW – Permit To Work) တင်ရသည်။ ပါမစ်မရ မချင်း အလုပ်စလို့မရ။ ပါမစ်မရှိဘဲ အလုပ်လုပ်လျှင် ကွိုင်တက်သွားမည်။
            သည်တော့ ပစ္စည်းပစ္စယများကို ကရိန်းနှင့်မလိုလျှင် အောက်ပါစာရွက်စာတမ်းများ နှင့် လူများ ရှိရမည်။
၁။ ကရိန်းအတွက် valid LM Cert - သည်လက်မှတ်ကို MOM က ကရိန်းအားစစ်ဆေးပြီး ထုတ်ပေးသည်။
၂။ ကရိန်းမောင်းသူ နှင့် သူ၏လက်မှတ် - Crane operator (with certificate)
၃။ ပစ္စည်းမ, မည့် ကြိုးများ၊ ကိရိယာများ (lifting belts and equipments) ၏ စစ်ဆေးပြီးကြောင်းလက်မှတ်
၎။ ပစ္စည်းမ, ရာတွင် ကြီးကြပ်မည့်သူ နှင့် သူ၏လက်မှတ် - Lifting Supervisor (and his certificate)
၅။ ပစ္စည်းများကို ကြိုးချည်မည့်သူ နှင့် သူ၏လက်မှတ် - Rigger (and his certificate)
၆။ ပစ္စည်းမ, ရာတွင် အချက်ပြမည့်သူ နှင့် သူ၏လက်မှတ် - Signaller (and his certificate)
၇။ ပစ္စည်းမ, ရန် ခွင့်ပြုမိန့် (PTW) - သည်ခွင့်ပြုမိန့်ကို Lifting Supervisor ကပြင်ပြီး safety ဌာနသို့တင်ရသည်။ Safety ဌာနက ခွင့်ပြု - ဟု ချပေးလိုက်သည်။
            ကြိုးချည်တာပဲ အဆန်းမှတ်လို့ကွာ ဟု ကျွန်တော်တို့တိုင်းပြည်မှာလို့ တွေ့ကရာလူ ကောက်ကက်ချည်လို့မရ။ ကြိုးချည်နည်းသင်တန်းတက်ထားသော လက်မှတ်ရကြိုးချည်သူမှ ချည်ခွင့်ရသည်။ သူ့လက်မှတ်ကိုပါ တင်ပြရသည်။ ထို့အတူ ပစ္စည်းမ, ရာတွင် အချက်ပြမည့်သူသည်လည်း တွေ့ကရာလူ ကောက်ကက်ပြလို့မရ။ လက်မှတ်ရ အချက်ပြသူ ဖြစ်ရမည်။ ထိုသူများတွင် ရောင်ပြန်အင်္ကျီဝတ်ထားဘို့လည်း လိုသည်။ ခမောက်အရောင်က အနီရောင်ဖြစ်သည်။
            Lifting Permit တွင် မ,မည့် ၀န်အလေးချိန်၊ ကရိန်းက ချီမနိုင်သော ၀န်အား၊ ၀န်ကိုချည်မည့်ကြိုးများက ချီမနိုင် သော ၀န်အား၊ ကရိန်းအမျိုးအစား၊ စစ်ဆေးသည့်နေ့ရက်၊ ၀န်ချီမည့် အမြင့်၊ ၀န်ကို မ,မည့် အချင်းဝက် စသည်တို့ကို ဖော်ပြရ သည်။ ထို့ပြင် lifting supervisor လုပ်သူသည် လေတိုက်နှုံးကိုလည်း သတိထားရသည်။ လေတိုက်နှုံးမည်မျှရှိလျှင် မ,နိုင်သော ၀န်အားကို မည်မျှလျှော့ရမည် စသည်တို့ကို သိထားရန်လိုသည်။ ကရိန်းရပ်မည့် မြေပြင်အနေအထားကို စစ်ဆေးရန် လိုသည်။
            ပစ္စည်းမ, မည့်ဧရိယာကို စည်းခတ်ထားပြီး မသက်ဆိုင်သူ မည်သူအားမျှ ၀င်ခွင့်မပြုရ။ Danger, Lifting in Progress ဟူသော ဆိုင်းဘုတ် ထောင်ထားရမည်။ ပစ္စည်းကိုမ, ထားစဉ် အောက်သို့ မည်သူ့ကိုမှ အ၀င်မခံရ။ ၀န်ကိုထိန်းရန် အနည်းဆုံး အထိန်းကြိုး (Tag line) တစ်ချောင်းချည်ထားရမည်။ ပစ္စည်းမ, နေစဉ်အတောအတွင်း lifting supervisor သည် အနားတွင် တစ်ချိန်လုံးရှိနေရန်၊ ကြီးကြပ်နေရန်လိုသည်။
            ပစ္စည်းကိရိယာများ၏ စစ်ဆေးပြီးကြောင်း လက်မှတ်များသည်လည်း သက်တမ်းရှိလက်မှတ်များဖြစ်ရန် လိုသေးသည်။ သည်လက်မှတ်က တစ်နှစ်သက်တမ်းပဲရှိသည်။ နှစ်စဉ် အစစ်ဆေးခံကာ လက်မှတ်သက်တမ်းကို ပြန်တိုးရန် လိုသည်။ ထိုမျှသာမက ပစ္စည်းမ, မည့် ကြိုးများ၊ ကိရိယာများသည် ဒါဏ်ရာအနာတရ ရှိမရှိစစ်ဆေးပြီးမှ သုံးရန် ဖြစ်သည်။
            အခြား safety အကြောင်းများကို သက်ဆိုင်ရာနေရာများတွင် အလျဉ်းသင့်သလို ဖော်ပြသွားပါမည်။

ဆက်ပါဦးမည်။

အေးငြိမ်း
၃-၇-၂၀၁၁
Blk 134A, Kang Ching Road
#03-91
Singapore 619062

1 comment:

sabaikyi said...

မမိအသိတစ်ယောက်က safety officer လုပ်ချင်လို့အလုပ်ရှာနေတာ ဘယ်လိုလုပ်ရမှန်းမသိလို့တဲ့..။