Saturday, June 18, 2011

တောလွမ်းချင်း (၃)

(၆) သီချင်းများဖြင့် လွမ်းချင်း

            လွမ်းသည်ဆိုရာတွင် တခါတရံ မိမိနှစ်သက်သော သီချင်းသံကြားလိုက်ရပါကလည်း လွမ်းတတ်သေးသည်။ ယခင်က မိမိရနေကျ အနံ့တစ်ခုခုကို ရပါကလည်း လွမ်းတတ်သည်။ မိမိအာရုံနှင့် တိုက်ဆိုင်လာလျှင် လွမ်းမိသည်ချည်း ဖြစ်ပါသည်။
            မှန်ရာကိုဆိုရလျှင် သည်အသက်အရွယ်ရောက်လာသည်ထိ ကျွန်တော့်တွင် တရားဝင် သမီးရည်းစားဆို၍ ဟုတ်ဟုတ်ငြားငြား တစ်ယောက်မှ မရှိခဲ့ပါ။ သို့သော် ကျွန်တော်ကြိုက်ခဲ့သော မိန်းကလေးများမှာမူကား တစ်ဒါဇင် မကပါ။ ကျွန်တော်စာပေးဖူးသော မိန်းကလေးများပင် ဆယ်ယောက်မက ရှိပါလိမ့်မည်။ ကျွန်တော့်ကို ပြန်ကြိုက်ပြီး ရေလာမြောင်းပေး လုပ်ခဲ့သော မိန်းကလေးများမှာလည်း အတော်များပါ၏။ သို့သော် သူတို့နှင့် အဘယ်ကြောင့် သမီးရည်းစား မဖြစ်ခဲ့သည်ကို ကျွန်တော်မစဉ်းစားတတ်ရိုး အမှန်ဖြစ်ပါသည်။
            ကိုယ်နှင့်သက်ဆိုင်သော ကောင်မလေးသာ တစ်ယောက်မှ မရှိရမည်။ ချိုပြုံး၏ တမာလမ်းကို ပြန်ခဲ့ပါ သီချင်းကို ကြားရပါက ကျွန်တော် မနေနိုင်မထိုင်နိုင်အောင် လွမ်းမိပါသည်။ - - - တမာတောမှာ ပျော်တယ်ဆိုတဲ့ - - မောင်ရေ - - မောင်ရေ - - အညာမြေကိုမေ့လို့လား - - အညာသူလေးကို မေ့လို့လား - - ခွဲခွဲခြားခြား ပြောပါမောင်ရေ - - ဟု မချိုက ဆွဲဆွဲငင်ငင် သီဆိုလိုက်သောအခါ မည်သူမှန်း အတိအကျမသိရသည့် ကောင်မလေးတစ်ယောက်ယောက်ကို ကျွန်တော် အလွန်လွမ်းပါသည်။
           
           အညာသူကိုသာ လွမ်းချင်လွမ်းရမည်။ ကျွန်တော် စတုတ္ထနှစ်ရောက်သည်ထိ အညာမြေကို မရောက်ဖူးသေးပါ။ အညာတင်လားဆိုတော့ မဟုတ်။ တခြားဘယ်ကိုမှ မရောက်ဖူးပါ။ ရောက်ရအောင် သွားဖို့ကလည်း ပိုက်ဆံမတတ်နိုင်။  ဆယ်တန်းရောက်သည်ထိ ဟင်္သာတတောင် ရောက်ဖူးတယ်ဆိုရုံ တစ်ခေါက်နှစ်ခေါက်မျှ ရောက်ဖူးသည်။ ဒေသကောလိပ် ဒုတိယနှစ်ရောက်မှ စီမံကိန်းဝင် လူငယ်လုပ်အားပေး ပါ၍ ရန်ကုန်၊ သုံးခွ၊ ခရမ်းမြို့ များသို့ ရောက်ဖူးရသည်။
            တတိယနှစ်ရောက်တော့ အစ်ကိုကြီး တာဝန်ကျသည့် ၀ါးခယ်မမြို့သို့ ရောက်ဖူးရသည်။ ၀ါးခယ်မသွားရင်း ပုသိမ်၊ မြောင်းမြ စသည့်မြို့များသို့ ခရီးသွားဟန်လွှဲ ရောက်ဖူးရသည်။ အညာမြေနှင့် စတင်ရင်းနှီးရသည်မှာ စတုတ္ထနှစ်ပြီးမှ ဖြစ်သည်။ အာအိုင်တီကျောင်းသားမှန်လျှင် စာမေးပွဲအပြီး၌ လက်တွေ့သင်တန်းနှစ်လ သွားရသည်။ မိမိကြိုက်သည့် မြို့မှာ ဆင်းလို့ရ    သည်။ စတုတ္ထနှစ်ပြီးတော့ သူငယ်ချင်း ကိုစိန်ထွန်းလှနှင့်တိုင်ပင်ကာ မန္တလေးတွင် ဆင်းရန် စာရင်းပေးလိုက်သည်။ မန္တလေး RTC Base 4 တွင်ဖြစ်၏။ ၁၉၈၄ ခုနှစ် က။
            မန္တလေးတွင် ကိုစိန်ထွန်းလှတို့ အိမ်၌တည်းသည်။ သူတို့အိမ်က အိမ်တော်ရာဘုရားဝင်းအနီးတွင် ဖြစ်၏။ သည်တော့ လွမ်းစရာ တစ်ခု ရလာသည်။ ကြိုးချင်းထား ကြိုးချင်းငြိ ဆိုသလို အဲသည်က ခပ်ချောချောကောင်မလေး တစ်ယောက်နှင့် ဘာလိုလို ဖြစ်သည်။ ကျွန်တော် မန္တလေးမှ ပြန်လာတော့ ထုံးစံအတိုင်း တစ်ယောက်နဲ့ တစ်ယောက် စာတွေအပြန်အလှန်ရေး။ အလွမ်းသယ်ကြပေါ့။ သို့သော် စာ ၅ စောင်မပြည့်မီမှာပင် ပြတ်သွားပြန်တော့၏။ သို့သော်လည်း ချိုပြုံးက  - - ရွှေစည်းခုံ စေတီအပါးမှာ၊ မောင့်သက်ထား ချစ်သက်ဝေ - - - သဇင်တွေ ပွင့်ပြီမောင်ရေ - - မောင်ပြန်ချိန်ဖြင့် သင့်ပြီ ထင်တယ်လေ - - - ဟု ဆိုလိုက်သောအခါ ကျွန်တော့်မှာ ဟိုကောင်မလေးဆီပဲ လိုက်သွားရတော့မလိုလို၊ မနေတတ် မထိုင်တတ် ဖြစ်ရပါသည်။ သို့ပေမင့် ရွှေစည်းခုံဆိုတာ ဓါတ်ပုံထဲမှာဘဲ မြင်ဖူးတာဖြစ်သည်။ မရောက်စဖူးသေး။
            ဒါက အရွယ်ရောက်လာတော့ ကောင်မလေးများကို လွမ်းတာဖြစ်၏။

            စင်ကာပူရောက်လာတော့ တောကိုလွမ်းသည်မှာ  မေရှင်၏ ကြေးစေတမန် သီချင်းကို နားထောင်သည့်အခါ ဖြစ်စေ၊ တွံတေးသိန်းတန်၏ အသီးတရာအညှာတစ်ခု သီချင်းကို နားထောင်သည့်အခါ ဖြစ်စေ။ ရွာကို အလွန်လွမ်းလှသည်။ ကြေးစေ တမန်က စစ်သားအကြောင်းဖွဲ့ထားသော သီချင်းဖြစ်သည်၊ ဘာကြောင့်ရွာကိုလွမ်းဘိသနည်း ဟု မေးလာလျှင်မူ ကျွန်တော့်၌ ဖြေစရာ စကားမရှိပါ။ လွမ်းလို့လွမ်းတာသာ ဖြစ်ပါသည်။ - - - ဖော်ရွေ၊ ပျော်နေ၊ မေချစ်သူ တစ်ပါးပေမို့၊ ခွင့်လွှတ်ကာထား၊ မတားသင့်ပေ - - - ဆိုလိုက်လျှင် အလွန် လွမ်းလှသည်။ အသီးတစ်ရာ အညှာတစ်ခု ကြောင့်လွမ်းတာကတော့ သဘာဝ ကျပါ သည်။
            ထိုသီချင်းများတင်လားဆိုတော့ မဟုတ်ပါ။ သန်းထွန်းလေး သီချင်းကို သူ့သမီးပြန်ဆိုထားသည့် မွေးဌာနီ သီချင်းကို နားထောင်ရလျှင်လည်း ပြစ်ပြစ်နှစ်နှစ် လွမ်းရပါသည်။ ကျွန်တော်အညာသား မဟုတ်ပေမင့်  - - - လှည်းလမ်းကြောင်း တစ်လျှောက် ဖုံလုံးကြီးတွေ တလိပ်လိပ် တက်တာ - - - ကတော့ ကျွန်တော်တို့ဘက်နှင့် ဆင်တူပါသည်။ မြန်မာပြည် ကျေးလက်တောရွာမှန်လျှင် လှည်းရှိမည်။ လှည်းလမ်းကြောင်းရှိမည်။ ဖုံထမည်။ ဤသည်ကား အကြေ၊ အညာ အတူတူပင် ဖြစ်၏။ သီချင်းအရသာ နားထောင်လို့ကောင်းပေမင့် လှည်းမောင်းသွား၍ ဖုံများမွှန်လျှင် အင်မတန် နေရထိုင်ရခက်လှ၏။  - - - လက်ပံပွင့်တွေ လေတိုက်ကြွေလိုက်တဲ့အခါ - - - လည်း ကျွန်တော်တို့ရွာနှင့် အတူတူပင်ဖြစ်သည်။ တောဆိုတော့ တူမှာပေါ့လေ။
            ရီရီသန့်၏ ဇေယျာကမ်းအလှပန်းချီ၊ စကားဝါမြေ။ ရီရီသန့်နှင့် ၀င်းဦး တွဲဆိုထားသော တောကပစ်တိုင်းထောင်။ ၀င်းဦး၏ မြန်မာ့စိတ်ရင်း၊ မြန်မာ့ရှုခင်း။ တွံတေးသိန်းတန်၏ ပန်းနွယ်ကစိမ်း။ အချစ်တစ်ပွဲ နဲ့ စစ်ပွဲတစ်ရာ။ တောကရှင်နှောင်း စသည့်သီချင်းများကို တောကိုလွမ်းလို့ နားထောင်တာပဲဖြစ်ဖြစ်။ နားထောင်ရင်းနဲ့ပဲ တောကိုလွမ်းတာ ဖြစ်ဖြစ်၊ မကြာခဏ နားထောင်ဖြစ်သော သီချင်းများ ဖြစ်ပါသည်။ အလွမ်းပြေပေါ့။
            ကြားဖြတ်၍ပြောရလျှင် ကိုယ်နားထောင်ချင်သော သီချင်းများကို အင်တာနက်ကျေးဇူးကြောင့် အခွေတွေဘာတွေ လိုက်ရှာနေစရာမလိုဘဲ ကြိုက်သည့်သီချင်းကို ချက်ခြင်းနားထောင်လို့ရသည့်အတွက် ကျွန်တော်ကတော့ အင်တာနက် ကိုရော သီချင်းများတင်ပေးထားသည့် မောင်မင်းကြီးသားများကိုပါ ကျေးဇူးအလွန်တင်မိပါသည်။ မောင်မင်းကြီးသားများ ဘုန်းကြီးပါစေ၊ သက်ရှည်ပါစေ၊ အနာမျိုး ၉၆ ပါးကင်းပါစေ။

            ခုတော့ ခေတ်ကြီးက အရမ်းတိုးတက်သွားပြီ။ ကျွန်တော်တို့ငယ်ငယ်က ရွာမှာ ရေဒီယိုပင် သုံးလုံးမျှသာ ရှိသေး၏။ ကျွန်တော်တို့အိမ်၊ ဘိုးစိန်ခိုတို့အိမ် နှင့် ဦးကြီးထွန်းလှိုင်(ဖြူ) တို့အိမ်တွင်ဖြစ်သည်။ က.စ.လ မှ ထုတ်သည့် ဓါတ်ခဲ သုံးလုံး ထည့်ဖွင့်ရသော သစ်သားကိုယ်ထည်နှင့် နေရှင်နယ် ရေဒီယိုကြီးများ ဖြစ်၏။ တခြားဖျော်ဖြေရေးပစ္စည်းဆိုလို့ ဘာမှမရှိ။ ရွာတွင် ဒိုးပတ်ဝိုင်းတော့ရှိပါသည်။ သို့သော်လည်း ဒိုးပတ်ဆိုသည်က အလကားနေရင်း သူ့ချည်း တီးနေလို့ ရတာမဟုတ်။ အလှူရောက်မှ လက်စွမ်းပြခွင့်ရသည်။
            ရေဒီယိုအစီအစဉ်များမှာလည်း သူ့ခေတ်နှင့်သူတော့ မဆိုးလှဟု ဆိုရပါမည်။ အသံလွှင့်ချိန်မှာ နံက် ၇ နာရီမှ ၈ နာရီခွဲထိ တစ်ကြိမ်။ နံနက် ၁၀ နာရီမှ မွန်းလွဲ ၁ နာရီခွဲထိ တစ်ကြိမ်။ ညနေ ၄ နာရီမှ ည ၉ နာရီထိတစ်ကြိမ်။ တစ်နေ့ သုံးကြိမ် ဖြစ်၏။ မနက် ၈ နာရီ နှင့် ည ၈နာရီ တွင် သတင်းကြေငြာသည်။ နံနက် ၈ နာရီ သတင်းကြေငြာအပြီး ယနေ့ဖတ်စရာ မှတ်စရာ လာသည်။ သတင်းစာပါ ဆောင်းပါးများအကြောင်း ပြောပြခြင်း ဖြစ်၏။ နေ့လည်ပိုင်းတွင်လည်း သတင်းလွှင့်သေး သည်ထင်သည်။ မေ့နေပြီ။ နိုင်ငံတကာ သတင်းများကိုတော့ ည ၈ နာရီသတင်း နောက်ပိုင်းမှ နားထောင်ရသည်။ နံနက် ၈ နာရီခွဲနောက်ပိုင်းနှင့် ည ၉နာရီ နောက်ပိုင်းတွင် အင်္ဂလိပ်ပိုင်းအစီအစဉ်ရှိသေးသည်။ သို့သော် ကိုယ်နားမလည်သည်မို့ တစ်ခါမှ နားမထောင်ဖြစ်ပါ။ နားလည်၍ နားထောင်ဖြစ်သည့်တိုင် သိပ်အထွေးအထူး ပါမည်မထင်ပါ။ လူကြီးမင်းတို့ အားအား လျားလျား စက်ရုံ၊ ဈေး စသည်များကို လှည့်လည်စစ်ဆေးပြီး မလိုအပ်သည်များကို ညွှန်ကြားသော သတင်းများသာ ဖြစ်ဖို့ များပါသည်။
            ကျွန်တော်တို့က ငယ်သေးတော့ တနင်္ဂနွေနေ့ခင်းမွန်းတည့် ၁၂ နာရီ တိတိတွင်လာသော ကလေးများအတွက် ပုံပြင် ကဏ္ဍမှာ ကျွန်တော်တို့ အသည်းစွဲဖြစ်သည်။ ပုံပြင် အစ၊ ပုံပြင်အဆုံးကို ကြောင်ကလေး ဟူသော တီးလုံးဖြင့် အဖွင့်အပိတ် လုပ်သည်။ ပုံပြင်ပြောခန်းကို “မောင်ညီမလေးတို့ရေ၊ ဒီတစ်ပတ်ပြောမဲ့ပုံပြင်ကတော့ အများအကျိုးဆောင်တတ်တဲ့ မောင်ပုည ဆိုတဲ့ ကောင်လေးတစ်ယောက်အကြောင်း ဖြစ်ပါတယ်ကွယ်”  စသဖြင့် ဖြစ်၏။ ပုံပြင်ပြီးသွားလျှင် “မောင်ညီမလေးတို့ရေ။ ပုံပြင်လေးကတော့ ဒါပါဘဲကွယ်။ မောင်ညီမလေးတို့လည်း မောင်ပုညလေးလို အများအကျိုးကိုဆောင်ကျဉ်းတဲ့သူတွေ၊ လူလိမ္မာလေးတွေ ဖြစ်အောင် နေကြရမယ်ကွဲ့နော်”  စသဖြင့် ပိတ်ပါသည်။
ပုံပြင်ပြီးတော့ ဇာတ်လမ်းပမာ နားဆင်စရာ။ ဇာတ်လမ်းပမာကိုလည်း ကျွန်တော် သဘောကျသည်။ ထိုဇာတ်လမ်း များထဲမှ ယနေ့တိုင် ကျွန်တော်မှတ်မိသော ဇာတ်လမ်းမှာ “သော်သော်”  ဖြစ်ပါသည်။
ထို့ပြင် ကျွန်တော်ကြိုက်ပြီး နှစ်နှစ်သက်သက် နားထောင်သည့် အစီအစဉ်တစ်ခုမှာ စနေနေ့ညတိုင်း သတင်းအပြီး လာသော အသံလွှင့်ဇာတ်လမ်း ဖြစ်သည်။ အသံလွှင့်ဇာတ်လမ်းမှာ ဇာတ်လမ်းပမာနားဆင်စရာကဲ့သို့ နောက်ခံစကားပြောသူ မပါ။ သရုပ်ဆောင်သူများက စကားချည်းပြောပြီး အသံဖြင့် သရုပ်ဆောင်ရခြင်း ဖြစ်သည်။ အလွန်စိတ်ဝင်စားဖွယ် ကောင်း၏။ ပြောရလျှင် ရုပ်ရှင်ကို အရုပ်မပါဘဲ နားထောင်ရကဲ့သို့ ဖြစ်ပါမည်။ သို့သော် ပါးစပ်ဖြင့် သရုပ်ဖော်ရခြင်းဖြစ်သည့်အတွက် သူက ပိုပြီး ပညာသားပါမည် ထင်ပါသည်။
ဗုဒ္ဓဟူးနေ့ညနေပိုင်းများတွင် တို့ကျေးရွာ အခန်းလွှင့်၏။ ကျေးလက်လူနေမှု ဘ၀များကိုထင်ဟပ်ကာ ပညာပေး အစီ အစဉ်လေး လုပ်ထားခြင်း ဖြစ်ပါသည်။ ပင်တိုင်ဇာတ်ဆောင်များမှာ ကိုကြီးသာဆန်း၊ ဖိုးအေး၊ မယ်ကြော့ နှင့် မယ်ဖော့ တို့ဖြစ် သည်။ တစ်ခါတရံ ဘကြီးဖြိုးတို့ပါသေးသည်။
သောကြာနေ့ညနေ ၆ နာရီတွင် ဟဒယရွှင်ဆေး လာ၏။ သည်အခန်းကတော့ အားလုံးအကြိုက်ဖြစ်သည်။ လူရွှင်တော်များက ပြက်လုံးများထုတ်သည်။ တခါတလေ ဓါတ်ဆီ၊ ဓါတ်ဆန် တို့ လာသည်။ အလွန်ကောင်းသော ပြက်လုံးများ ကို နားထောင်ရပါသည်။ ကျွန်တော်မှတ်မိနေသော ပြက်လုံးများမှာ ရေနံချောင်းက ဖေကံကောင်း နှင့် ကျန်စစ်သား တို့ အကြောင်း ဖြစ်၏။
            နောက် ကျွန်တော်အလွန်ကြိုက်သော အစီအစဉ်တစ်ခုမှာ အခါကြီးရက်ကြီးများတွင် လွှင့်ပေးသော ရွှေမန်း တင်မောင် ၏ ဖွားတော်မူခန်း၊ တောထွက်ခန်း စသည့် ဗုဒ္ဓ၀င်ဇာတ်လမ်းများဖြစ်ပါသည်။ မခေါက်ဗျော နှင့် ရွှေမန်း၏ အပြောကို ကျွန်တော်သည် ကလေးပင်ဖြစ်သော်လည်း အလွန်ကြိုက်ပါသည်။ နောက် ကျွန်တော်ကြိုက်သော အစီအစဉ်တစ်ခု မှာ ကွက်စိပ် ဖြစ်ပါသည်။ ကွက်စိပ်ဆရာကား ပိုပြီး ပညာပါသည်။ တစ်ယောက်တည်းနှင့် ဇာတ်ကောင်စရိုက်အားလုံးကို ပုံပေါ်အောင် ဖော်သွားသည်ဖြစ်ရာ အလွန်နားထောင်ကောင်းပါသည်။ များသောအားဖြင့် ကွက်စိပ်ဇာတ်လမ်းများမှာ ၅၅၀ နိပါတ်တော်များ၊ ဇာတ်ကြီးဆယ်ဘွဲ့ နှင့် ဗုဒ္ဓ၀င် ဇာတ်လမ်းများ ဖြစ်ပါသည်။
            မေရှင်၏ ကျေးစေတမန်၊ မြင့်မြင့်ခင် ၏ နားပန်းဆံ၊ ကိုအံ့ကြီး၏ လူချွန်လူကောင်း စသည့်သီချင်းကောင်းများကို လွှင့်ပေးပါသည်။ တခါတရံ တစ်နေရာရာမှ - - - လူချွန်လူကောင်းများတို့၊ ပေါင်းစုအားအင်၊ ကျွန်တော့်မိတ်ဆွေတွေကို ကြည်ညိုစွာမြင်လိုက်ချင်၊ ဗမာ့သားကောင်းများလို အဆိုအတီးမှုနဲ့ပင်၊ ယုံကြည်ခင်မင် အားတင်း အလေးပြုလျှက်ပဲ အစဉ် - - -“ ဆိုသည့် အသံကို ကြားလိုက်ရလျှင် ရွာတွင် မိသားစုများနှင့် ပျော်ပျော်ပါးပါး နေထိုင်ခဲ့ပုံများကို ပြန်မြင်ယောင်ကာ လွမ်းပါသည်။ ထို့မျှသာမကသေး။ မကြာမကြာ နားဆင်ကြရသည်မှာ “- - -  ဆိုရှယ်လစ် စီးပွားရေး စနစ်ဆိုသည်မှာ စီမံကိန်းဖြင့် အကောင် အထည်ဖော်သော စီးပွားရေးစနစ်ဖြစ်သည်။ စီမံကိန်းများ အောင်မြင်ရေးသည် ပဓါနကျပါသည် - - -  စသည့် ပေါ်လစီ သီချင်းများ ဖြစ်ပါသည်။ ဆိုရှယ်လစ်ကိုတော့ မလွမ်းပြစေနှင့်တော့။ စိတ်ကုန်လှပါပြီ။
နွေရောက်ပြီဆိုလျှင် ကိုထွန်းရွှေ၏  “ - - - မီးဘေးရှောင်ဗျို့၊ မလောင်ခင်တားကြပါ၊ ရန်သူ ထိုမီးကို ခြွင်းချန်ထားရင် မှားကြလိမ့်မယ် - - - “ ဆိုသော မီးလှန့်သီချင်းကို နားဆင်ကြရမည်။ မိုးတွင်းဆိုလျှင် စန္ဒယားလှထွတ် ၏ တိမ်တမန် ကို နားဆင်ကြရမည်။ သို့အတွက် ကျွန်တော်ရန်ကုန်တွင် ကျောင်းတက်သောအခါ မိုးကလေးညို့ညို့တွင် တိမ်တမန်သီချင်းကို နားထောင်ရသည့်အခါ ရွာကို အလွန်လွမ်းလှသည်။ လယ်ထဲတွင် မြက်ရိတ်သည်ကိုလည်းကောင်း၊ အဖေကြီးနှင့် လယ်ကူ လုပ်ရသည်များကိုလည်းကောင်း၊ ကျွန်တော်တို့ မောင်နှမတတွေ လယ်ကွင်းထဲ ဆော့ကစားကြသည်များကိုလည်းကောင်း စိတ်အစဉ်တွင် တရေးရေးမြင်ယောင်မိသည်။  

            အလှူ၊ မင်္ဂလာဆောင်ရှိပြီ ဆိုလျှင် ဓါတ်စက်ငှားသည်။ ဓါတ်စက် ဆိုသည်မှာ သစ်သား သေတ္တာပုံး ခပ်သေးသေး တစ်ခု။ ကျွန်တော်တို့ဆီက လူတွေခေါ်သော စက်တုံးခေါ်သည့် အမ်ပလီဖိုင်ယာ (amplifier) တစ်ခု။ လော်စမီတာ ခေါ်    ဟွန်းဝ နှစ်ခု နှင့် သူတို့ကို တစ်ခုနှင့်တစ်ခု တွဲပေးထားသော ဓါတ်ကြိုးများ၊ နောက် ဓါတ်အားပေးသော ဘက်ထရီအိုး စသည်တို့ ဖြစ်ပါသည်။ လော်စမီတာ ဆိုသည်မှာ loud speaker ကို ကျွန်တော်တို့က မြန်မာမှုပြုထားခြင်း ဖြစ်ပါ၏။ အသံချဲ့စက် ဟု မခေါ်ဘဲ အဘယ်ကြောင့် လော်စမီတာ ခေါ်မှန်း ကျွန်တော် မသိပါ။
သစ်သားသေတ္တာပုံးကလေးထဲတွင် သံပတ်နှင့်လည်သော စက်ရှိ၏။ ထိုစက်ပေါ် ဓါတ်ပြားကိုတင်လိုက်လျှင် ဓါတ်ပြားက လိုက်လည်သည်။ လည်နေသော ထိုဓါတ်ပြားပေါ် အပ်နှင့်ထောက်လိုက်သောအခါ အသံထွက်လာသည်။ ထို အသံကို အမ်ပလီဖိုင်ယာက အသံချဲ့ကာ လော်ကြီးများဆီ ပို့ပေးသည်။ သည်တော့ အင်မတန် နားလည်းညီး၊ သာယာနာပျော် ဘွယ်လည်း ရှိလှသည့် သီချင်းသံ ထွက်လာသည်။ လော်ကြီးများကိုတော့ သစ်ပင်မြင့်မြင့်ပေါ်တင်ကာ အရှေ့ဘက်သို့ တစ်ဝ၊ အနောက်ဘက်သို့ တစ်ဝ လှည့်ထားသည်။ သည်ရွာမှ ဖွင့်လိုက်လျှင် ဟိုဘက်ရွာတွေထိ ကြားရသည်။
ထိုစဉ်က တစ်မြို့နယ်လုံးမှ အသံချဲ့စက်ပိုင်သူ လေးငါးဦးမျှသာရှိရာ အသံချဲ့စက်လိုက်ဖွင့်သူကား ကာလသား၊ ကာလသမီးတို့အလယ်တွင် အင်မတန် မျက်နှာပွင့်လှ၏။  
            အလှူဆိုလျှင် ဗျော ဖြင့် စဖွင့်ရသည်။ စဖွင့်သည့်အချိန်မှာ ညနေ လေးနာရီခွဲ ငါးနာရီ အချိန်။ အလှူမှ ဗျောသံ စဖွင့်လိုက်ပြီဆိုလျှင် အင်မတန် ၀မ်းနည်းစရာကောင်းလှ၏။ အလှူကို ဗျောဖြင့်စဖွင့်သည့်အတွက် ဖိတ်စာများတွင် သီတင်းကျွတ် လပြည့်ကျော် ၂ ရက် ဗျောဝင်၊ ၃ ရက်နေ့ ဆံချ စသဖြင့် ရေးသားလေ့ ရှိ၏။ ၂ ရက်နေ့တွင် အလှူစတင်မည် ဟု ဆိုလိုခြင်းဖြစ်ပါသည်။ အလွန်ရင်းနှီးသော ဆွေမျိုးသင်္ဂဟများက ဗျောဝင်မည့်နေ့လည်ကတည်းက ရောက်နှင့်နေကြသည်။
            ဓါတ်စက်ဖွင့်ခြင်း အမှုကို နံနက် လေးနာရီတွင် စတင်ရသည်။ ည ၉ နာရီခွဲခန့်မှ ပိတ်၏။ သို့အတွက် ဓါတ်စက်ဆရာ ခမျာလည်း သိပ်တော့ မစားသာလှပါ။ အဘယ်ကြောင့်နည်း။ ဟိုတုံးက ဓါတ်စက် ဆိုသည်မှာ သည်ခေတ် ကက်ဆက်များလို ပလပ်ထိုးထားပြီး၊ ခလုပ်ကလေးနှိပ်ကာ ဇိမ်နှင့်နှပ်နေလို့ ရတာမဟုတ်။ ဓါတ်ပြားကောင်းကောင်းလည်စေရန် သံပတ်ကို မပြတ်လှည့်ပေးရသည်။ သံပတ်လျော့သွားသည်နှင့် သီချင်းသံမှာ လေးသွားကာ အရက်မူးသမား သီချင်းဆိုသံကဲ့သို့ အာလေးလျှာလေးကြီး ဖြစ်လာသည်။ သည်အခါ ကာလသား၊ ကာလသမီးများသာမက လူကြီးသူမများကပါ ပူညံပူညံ လုပ်တတ်သည်။ သည့်အတွက် ဓါတ်စက်ဆရာခမျာ အမြဲ သတိဝိရိယ ရှိနေရသည်။ သံပတ်လျော့တော့မည်ဆိုသည်နှင့် ထပ်လှည့်။
            နေ့ခင်းနေ့လည်တော့ ကိစ္စမရှိ။ သူ့အနားတွင် ကာလသားများရော၊ ကလေးများပါ ၀ိုင်းနေသည်ဖြစ်ရာ သူတို့လည်း ၀ိုင်းလှည့်ပေးသဖြင့် သက်သာရာရ၏။ သို့သော် နံနက်စောစောနှင့် မိုးချုပ်သည့်အခါများတွင်တော့ အနားတွင် မည်သူမှ မရှိတော့။ သည်တော့ ငိုက်သွားသည့်အခါများတွင် လော်ကြီးထဲမှ အရက်မူးသမား သီချင်းဆိုသံများ ထွက်ပေါ်လာ တော့သည်။
            ဟိုတုံးက ဓါတ်ပြားမှာ ယခု စီဒီကဲ့သို့ ဖြစ်၏။ သို့သော် အရွယ်အားဖြင့် နှစ်ဆခန့်ကြီးသည်။ နှစ်ဖက် ဖွင့်လို့ရသည်။ ယခုစီဒီက လေဆာဖြင့်ဖတ်သည်။ ယခင်ဓါတ်ပြားက အပ်နှင့်ဖတ်သည်။ အပ်ကို အတွင်းဘက်ဆုံးမှ စချပေးရသည်။ အပ်က လမ်းကြောင်းအတိုင်း အပြင်ဘက်သို့ ထွက်သွား၏။ တခါတရံ အပ်က လမ်းကြောင်းတစ်ခုထဲတွင်ထပ်ကာထပ်ကာ လည်နေလျှင် သီချင်းမှာ ရှေ့မဆက်တော့ဘဲ သည်နေရာတွင် ထပ်ကာထပ်ကာ ဖြစ်နေ၏။ ၎င်းကို အပ်ကြောင်းထပ်သည်ဟု ခေါ်သည်။ ဤသည်မှ မြန်မာမှုနယ်ပယ်တွင် စကားပုံတစ်ခု တိုးလာတော့သည်။
            အကြောင်းအရာတစ်ခုကို ထပ်ချည်းတစ်လဲလဲ ပြောနေသူအား “ပြောတာကလည်း အပ်ကြောင်းကို ထပ်နေပြီ”  ဟု သုံးနှုံးသည်။ ထို့ပြင် သည်အကြောင်းချည်း မကြာခဏ ပြောနေသူအား “ပြောတာ့ကို ဓါတ်ပြားပေါက်တော့မယ် ” ဟု လည်းကောင်း၊ ပြောပြီးသားအကြောင်းကို ချေးဟောင်း စမြုံ့ပြန်နေသူအား “ဓါတ်ပြားဟောင်းကြီး လာဖွင့်ပြမနေနဲ့” ဟု လည်းကောင်း သုံး၏။
            ဓါတ်ပြားတစ်ချပ်က သိပ်မဆန့်။ သည်တော့ အတန်ငယ်ရှည်သည့် တွံတေးသိန်းတန့် သီချင်းများမှာ ဓါတ်ပြား တစ်ဖက်နှင့်မရ။ နှစ်ဖက်လှန်ဖွင့်ရသည်။ သည့်အတွက် ယခင် ဓါတ်ပြားခေတ်က အသံသွင်းထားခဲ့သော တွံတေးသိန်းတန့် သီချင်းများကို နားထောင်ကြည့်လျှင် သီချင်းတစ်ဝက်၌ ခေတ္တပြတ်သွားကာ တီးလုံးနှင့် ပြန်စထားတာ တွေ့ရပါလိမ့်မည်။ ဤပြတ်သွားသောနေရာမှာ ဓါတ်ပြားကို ဟိုဘက်သည်ဘက်လှန်သော နေရာပင် ဖြစ်၏။  
            သည်တုံးက ခေတ်စားခဲ့သော သီချင်းများမှာ တွံတေးသိန်းတန်၏ သီချင်းများဖြစ်သော ကိုယ်ရယ်မင်းရယ် ပိတောက်ရယ်၊ အချစ်တစ်ပွဲ စစ်ပွဲတစ်ရာ၊ ပန်းနွယ်ကစိမ်း၊ ထွေးညို၊ တောကရှင်နှောင်း၊ စသည့် သီချင်းများနှင့် အမျိုးသမီး အဆိုတော်များထဲက နိုင်နိုင်မော်၊ ချစ်စံပယ် နောက်ပြီး မာမာအေး၏ မောင်ပေါက်ကျိုင်းလို လူစား။ တင်တင်မြ ၏ တောင်တန်းပြာနှင့် ကျောပိုးအိတ်။ ဟင်္သာတထွန်းရင် ၏ အမေ့အသည်းက ပြောတဲ့စကား။  ဟင်္သာတ အောင်တင်ဝင်း၊ မောင်မောင်ညွန့် စသည်တို့ဖြစ်သည်။ စုံတွဲသီချင်းများလည်း ရှိသည်။ ကျွန်တော်ယခုထိ မှတ်မိနေသည့်သီချင်းမှာ စကားပြောပါသည့် သီချင်းဖြစ်သော လောကမှာ အမြတ်ဆုံးဟာ၊ ယောက်ျားလား၊ မိန်းမလား ဟူ၏။ ဂီတစာဆိုမှာ မောင်ကြေးမုံဖြစ်သည်။ သန်းထွန်းလေးတို့ မွေးဌာနီ၊ ညီလေးတို့ရွာ စသည့်သီချင်းများပေါ်တော့ ဓါတ်ပြားခေတ်တောင် ကုန်တော့မည် ထင်ပါသည်။ သည်တုံးက ကျွန်တော့်မှာ လေးတန်း၊ ငါးတန်းကျောင်းသားအရွယ်။
            မင်္ဂလာဆောင်ဆိုလျှင်တော့ တွံတေးသိန်းတန် နှင့် တင်တင်မြ တို့၏ “ - - - တူနှစ်ဖြာ - - ဂဟေဆက်လို့ - - - သွေမပျက်တဲ့ မေတ္တာ - - မနှေးခါခါ ချင့်တွေး - - - “  ဆိုသော မင်္ဂလာသီချင်းနှင့် ဖွင့်ပါသည်။ - - - သံသာလေ ကမ်းတိုင်၊ တူပြိုင်ကာ ကူးမယ် - - - ဟူသောသီချင်းသံ ကြားလိုက်ရလျှင် မင်္ဂလာဆောင်ချင်စိတ်များပင် ပေါက်လာမိပါ၏။ ထို့နောက် မင်္ဂလာသီချင်းများသာမက သီချင်းမျိုးစုံ ဖွင့်ပါတော့သည်။
            ကျွန်တော်တို့လူမျိုးကား ဂီတကို အလွန်ခုံမင်သော လူမျိုးဖြစ်လေသလော မပြောတတ်။ သေတာတောင် ဂီတ ကလေးနှင့်။ အလှူတွင် ဗျောနှင့်၊ မင်္ဂလာဆောင်တွင် သံသာလေ ကမ်းတိုင် နှင့် စ ကြောင်း ပြောခဲ့ပြီ။ အသုဘတွင်တော့ ငိုချင်း နှင့် စဖွင့်ရ၏။ ဓါတ်စက်ဆရာမှာ သည်ဗဟုသုတတော့ ရှိထားဘို့လိုသည်။ အသုဘမှာသွားပြီး သံသာလေကမ်းတိုင် လျှင် ခဲနှင့်ထုလို့ ပြေးပေါက်မှားနေမည်။ သည်တော့ ဓါတ်စက်လာငှားပြီ ဆိုကတည်းက သက်ဆိုင်ရာဓါတ်ပြားများကို ရွေးသယ်သွား ဘို့ အရေးကြီးသည်။
            ညနေဘက်တို့၊ နေ့လည်နေ့ခင်းတို့ ဖွင့်တာ ထားပါတော့။ မနက် အစောကြီး လေးနာရီလောက်ကြီးထတဲ့ပြီး - - - အောင်မယ်မင်း၊ လူကလေးရဲ့ ဖြစ်ရလေခြင်းနော် - - - ဟု ဖွင့်လိုက်သည့် အခါများတွင် ကျွန်တော် အလွန် စိတ်ကုန်မိပါသည်။ ဘုန်းကြီးပျံများတွင်မတော့ (ခုခေတ်ကလေးတွေ၊ ဘုန်းကြီးပျံ ဆိုတာ ဘာလဲ ဖြစ်နေဦးမယ်။ ဘုန်းကြီးပျံ ဆိုတာ ဘုန်းကြီး အသုဘ ကိုပြောတာ) ပိုက်ဆံတတ်နိုင်လျှင် ဓါတ်စက်မငှား။ အငြိမ့်သမများကို ငှားကာ ငိုချင်းချ၏။ ဘုန်းကြီး ရုပ်အလောင်း နားတွင်ကပ်ကာ ဖွဲ့ဖွဲ့နွဲ့နွဲ့ ငိုရသည်။ ဤကဲ့သို့ ငိုသည်ကို ဧယဉ်ကျူးသည် ဟု ခေါ်၏။
            ဧယဉ်ကျူးခြင်းကို ဘုန်းကြီးပျံတွင်သာမက ဘုန်းတော်ကြီး၏ မိဘများကွယ်လွန်သည့် မယ်တော်ပျံ၊ ဘတော်ပျံ စသည်တို့တွင်လည်း ထည့်တတ်ပါသည်။ ပိုက်ဆံတတ်နိုင်လျှင် တတ်နိုင်သလို ချဲ့ကြခြင်း ဖြစ်ပါသည်။
            မြန်မာဂီတတွင် အဲချင်း၊ အိုင်ချင်း၊ ကာချင်း၊ တျာခြင်း၊ နတ်ချင်း၊ ဒုံးချင်း၊ လှေချင်း စသော ချင်း ၂၄ ချင်း ရှိရာ ထို အထဲတွင် ငိုချင်းသည်လည်း တစ်ခု အပါအ၀င်ဖြစ်ပါသည်။ ဆယ်တန်းလောက်တုံးကတော့ သည် ၂၄ ချင်းကို အကုန်ရသည်။ ခုတော့ အကုန်မေ့ကုန်ပြီ။ နောက်မှ လူထုဒေါ်အမာ၏ မြန်မာ့ မဟာဂီတ ကို ပြန်ရှာကာ ထပ်လေ့လာပါဦးမည်။

            ကျွန်တော် ၇ တန်းလောက်ရောက်တော့ စတီရီယို ဆိုတာကို စတင်ကြားလာရသည်။ စိုင်းထီဆိုင် တို့ စိုးပိုင် တို့ စိန်လွင်တို့ သီချင်းများနှင့် စတင်ရင်းနှီးလာသည်။ သို့သော် သူများဆိုတာ၊ တခါတလေ ဓါတ်စက်မှ ဖွင့်တာလောက်တာ မချင့်မရဲ နားထောင်ရသည်။ သေသေချာချာ နားထောင်ဘို့ အခွင့်အရေး မရခဲ့။ လားရှိုးသိန်းအောင်၏ အမေတစ်ခု သားတစ်ခု ကို ကူးကာ အလွတ်ကျက်ခဲ့ရသည်။ စက်ခေါင်းအမှတ် ၁၁၉ ကို နားထောင်ကာ ဘာကိုမှန်းမသိ၊ လွမ်းခဲ့ရသည်။ စိုင်းထီးဆိုင့် သီချင်းကို မန္တလေးရောက်၊ ရှမ်းကလေးတစ်ယောက်၊ လမ်းနံဘေးလျှောက်၊ အရမ်းသေးပေါက် ဟု အော်ဟစ်ဆိုခဲ့သည်။ ဆယ်ကျော်သက်အရွယ် ဆိုတော့ အသည်းက တဒုတ်ဒုတ် နှင့် စတင်ခုန်တတ်လာပြီ။ ကိုယ်နှင့် အတန်းတူ ကောင်မလေး တွေကို ဘာဂလိုတိုတို ဖြစ်ချင်လာပြီ။ စိုးပိုင်၏ - - - ရင်ခွင်မှာ နွဲ့ကာ အားကိုးတဲ့ သူရယ်၊ နွေးနွေးထွေးထွေး ရင်ခုန်တယ် - - - ဆိုသည့် သီချင်းကို ခံစားချက်အပြည့်နှင့် ညည်းတတ်လာပြီ။
             သည်လိုနှင့် ၈ တန်းအောင်တော့ ကွင်းကောက်မှ လွမ်းစရာများကို ထားရစ်ခဲ့ကာ လေးမျက်နှာ ပြောင်းလာခဲ့သည်။ ဓါတ်စက်များလည်း တဖြည်းဖြည်းပျောက်ကာ ကက်ဆက်များ ပေါ်လာသည်။ သည်ထိ ကျွန်တော့်မှာ သီချင်းကို ကျကျနန နားမထောင်ဖူးသေး။ သည်တုံးက လဖက်ရည်ဆိုင် ယဉ်ကျေးမှုလည်း သိပ်ခေတ်မစားသေးတော့ သီချင်းနားထောင်ရန် အခွင့် အလမ်းက ရှာမှရှား ဖြစ်၏။ အလှူ၊ မင်္ဂလာဆောင်၊ ဆွမ်းလောင်းပွဲ စသည်တို့မှ ဖွင့်သော သီချင်းကိုသာ အသာနားစွင့်ရသည်။
            ၉ တန်းရောက်တော့ မင်းအောင် က သီချင်းကြီးမှ စာသားတချို့ယူ၊ အသံတချို့ယူ။ တသစ်ဆန်းကာ မင်းသားလေးလို လွမ်းပြမယ် လုပ်၏။ ကျူးကြော်ညံ နှင့် စ၏။ စပြီး ပထမ တစ်ခွေ၊ နှစ်ခွေမှာပင် အသားကုန် ပေါက်လေတော့သတည်း။ သူလည်း နှစ်အတန်ကြာ၏။ ခွေအတော်များများထွက်၏။ ရန်ကုန်တွင် မင်းသားလေး တေးသံသွင်းဆိုင်ထောင်၏။ ထို သီချင်းခွေများကို စီးရီးဟု ခေါ်၏။ သူ စီးရီးဘယ်နှခွေ ထွက်မှန်း ကျွန်တော်မသိပါ။ သို့သော် ထွက်သမျှစီးရီးတိုင်းလိုလို ကျွန်တော်ကြိုက်၏။ ထိုစဉ်က မင်းအောင့် သီချင်းမှန်သမျှ ကျွန်တော်မရသောသီချင်း အင်မတန်ရှားပါသည်။ ကျွန်တော် ဟင်္သာတ ဒေသကောလိပ်မှာ တက်စဉ် မင်းအောင်မှာ လျှမ်းလျှမ်းတောက် ကြော်ကြားနေချိန်ဖြစ်သည်။ ကျွန်တော်က မိုးကောင်းကျောင်းတိုက်မှာ တည်းသည်။ ကျွန်တော်နှင့် တစ်ကျောင်းထဲအတူနေသူ ဦးဝိန္ဒာစာရ ဆိုသူ ဦးပဉ္ဖင်းမှာ မှတ်စု စာအုပ်ကြီးတစ်ခုထဲတွင် မင်းအောင် ၏ သီချင်းမှန်သမျှ အကုန်ကူးရေးလေသတည်း။ ထို သီချင်းကူးသူများတွင် ကျွန်တော် လည်းတစ်ယောက် အပါအ၀င် ဖြစ်သည်။
            ကျွန်တော် ဒေသကောလိပ် ဒုတိယနှစ်ရောက်တော့ ကိုင်ဇာ နှင့် မေဆွိတို့မှာ အတော် နာမည်ရနေပြီ။ သူတို့ နှစ်ယောက်ပေါင်းဆိုထားသော အနမ်းပန်း မှာ ကျွန်တော်တို့ အသည်းစွဲဖြစ်၏။ - - - လက်သီးဆုပ်မလား၊ လက်ဝါးဖြန့်မလား၊ ကြိုက်တာကို ရွေးစမ်းကိုယ့်လူ၊ မင်းလဲယောက်ျား၊ ငါလဲယောက်ျား၊ စွမ်းမယ်ထင် လုပ်ကြည့်လိုက်လေ - - - ဟု အားရပါးရ ဆိုကာ မကျေနပ်ချက်များကို ရင်ဖွင့်ကြ၏။ - - - ကိုယ်အရမ်း လွမ်းနေပြီ ကလေးရေ - - - ဆိုကာ မရသေးသော ရည်းစားကို အတင်းလွမ်း၏။ နှစ်အနည်းငယ်အတွင်းမှာပင် စတီရီယို သီချင်းများသည် ဝေေ၀ဆာဆာ ဖြစ်လာ၏။ အဆိုတော်များလည်း အများအပြား ပေါ်ထွက်လာခဲ့သည်။ ကျွန်တော်ကတော့ ခိုင်ထူး၏ သီချင်းတစ်ပုဒ် ပန်းတစ်ဆုပ် ကိုလည်း အလွန် ကြိုက်ခဲ့သည်။ ဘယ်သူပါလိမ့် ဆိုတာ။ မေ့နေပြီ။ ဗျတ္တလို ပန်းဆက်သမား ကိုလည်း လွမ်းလွမ်းဆွတ်ဆွတ် ဆိုတတ်သည်။
            ကျွန်တော်က သီချင်းကြိုက်သူ ဆိုတော့ ကျွန်တော်ကြိုက်သည့် သီချင်းများကိုသာ ရေးပြရလျှင် စာမျက်နှာပေါင်း များစွာ ဖြစ်သွားလိမ့်မည်။ ကျွန်တော် တတိယနှစ်တွင် ပလေးဘွိုင်သန်းနိုင်နှင့် အယ်လ်ခွန်းရီ တို့တွဲဆိုထားသော လေယာဉ်ပျံ စီးရီးကို အလွန်အင်မတန် နှစ်သက်ခဲ့သည်။ နောက်ပြီး စိုင်းထီးဆိုင့် (လူကြမ်းမင်းသား စီးရီးထင်သည်) ခွေထဲမှ စောသိမ်းဝင်း ၏ ရေဆန်မှာချော ရေစုန်မှာမျောကို ကြိုက်ခဲ့သည်။ တီဗီလည်း ပေါ်နေပြီ ဖြစ်သဖြင့် အဆောင်များတွင် ထားပေးသော တီဗီ ကို ကြည့်ရသည်။ ညနေ ထမင်းစားအပြီး တီဗီမှ သီချင်းများလာသည်။ မေခလာ၊ နော်လီဇာ၊ ပုလဲ၊ စိမ်းမို့မို့။ မြသီတာ စသဖြင့် သီချင်းများလွှင့်သည်။ ကိုင်ဇာကို စူပါစတား တီးဝိုင်းနှင့် လွှင့်သည်။ မြသီတာ က အသံကလည်း ကောင်း ချောလည်း ချောတာမို့ အလွန်သဘောကျသည်။ မေ၀င်းမောင်က - - - - ကားကလေးတစ်စီးလောက်ဝယ်ရင် - - ဘရိတ်ပါပါစေ - - ကားကလေး မတိုက်အောင် မောင်းပေါ့ကွယ် - - အသည်းလေးက အရမ်းချစ်လာရင် ဘရိတ်ကို နင်းပါကွယ် - - - ဟု ဆို၏။ ဘာပဲဖြစ်ဖြစ် မြန်မာ့အသံမှ ဖျော်ဖြေရေး အစီအစဉ်များကို သဘောကျပါသည်။ သဘောမကျလို့လည်း တခြား ဘာမှ ကြည့်စရာ ရှိတာမဟုတ်။

            စတုတ္ထနှစ်မှာ ခင်မောင်ထူး နှင့် မေဆွိ တို့၏ စိတ်ရောင်စုံ စီးရီးထွက်လာသည်။ ဒါလည်း ကြိုက်၏။ နောက်တော့ သတင်းစာထဲမှာ စိတ်ရောင်စုံ သီချင်းများကို ခင်မောင်ထူး နှင့် ဘယ်ပွဲမှာ သီဆိုမည်ဟူသည့် ကြေငြာချက်ကို ကန့်ကွက်ပါ ကြောင်း၊ ကာယကံရှင်မသိဘဲ နောင်တွင် ဤကဲ့သို့ကြေငြာခဲ့လျှင် တရားဥပဒေအရ အရေးယူမည် ဖြစ်ကြောင်း မေဆွိ က ရှေ့နေမှ တစ်ဆင့် ကြေငြာသည့်သတင်းကို ဖတ်လိုက်ရပြီးသည့်နောက် ဤ သီချင်းခွေလည်း ပျောက်ချင်းမလှ ပျောက် သွားခဲ့ရသည်။ ၀မ်းနည်းစရာကောင်းပါ၏။
နောက် ကိုနေ၀င်း ၏ ယာဉ်အမှီ ရီရီပြုံးပြန်ပါ။ ခိုင်ထူး ၏ ဆို တို့ ထွက်သည်။ မေခလာ က ဂိုးသွင်းကောင်းတဲ့ ကိုကို ဟု ဆိုကာ အရှေ့အလယ်ပိုင်းဒေသ ကို လက်ကလေးနှစ်ဖက်နှင့် အုပ်ထားသည့် ပုံကို စီးရီးမျက်နှာဖုံးအဖြစ် ထုတ်တော့ ကျွန်တော်တို့ မျက်လုံးပြူးရ၏။ ကျွန်တော် ၄ တန်းစာမေးပွဲအပြီး မန္တလေးတွင် field ဆင်းတော့ ဂျေမောင်မောင် က ဘာတဲ့၊ Shell ဆိုလား။ သူ့ တီးဝိုင်းနာမည်တောင်မေ့နေပြီ။ သူ့တီးဝိုင်းနှင့် လမ်းဘေး စတိတ်ရှိုးစင်မှာ ရေခဲတုံးပေါ်က မင်းမျက်နှာလေး ကို ဆိုနေဆဲ ဖြစ်၏။ သည်တုံးက သည်သီချင်းက စီးရီးအဖြစ်ပင် မထွက်သေး။
ကိုင်ဇာ၏ ရာဇူးက မမရေ ၊ ရာဇူးက မမ (ရာဇူး = RASU – Ragoon Arts and Science University) သီချင်းကို ကျွန်တော်တို့ရွာတွင် လော်ကြီးနှင့် အသားကုန်ဖွင့်သည်။ သည်တော့ ကျွန်တော်တို့ရွာမှ ကာလသားများကလည်း သီချင်းကို နားထောင်ကာ ရာဇူ မမ ဟု ဆိုကြကုန်၏။ ကျွန်တော်တို့အိမ်ရှေ့တည့်တည့်အိမ်မှ အဒေါ်ဖြစ်သူ အပျိုကြီး ဒေါ်ဒေါ်ခင်ကြိုင် ကမူ ရွာဦးကမမရေ ဟု ညည်း၏။ ကျွန်တော်တို့မောင်နှမ တစ်သိုက်မှာ သူမသိအောင် တိတ်တိတ်ကလေး ရီရသည်။ နောက် သူ့ကွယ်ရာရောက်မှ သည်အကြောင်း ပြန်ပြောကာ အသားကုန် ဟားကြပါသည်။ ပျော်စရာကောင်းလှပါ၏။  
            နောက် မင်းအောင့်အသံလိုလို ဘာလိုလိုနှင့် အနိုင် ပေါ်လာသည်။ သူ့သီချင်းများကိုလည်း ကျွန်တော်ကြိုက်၏။ - - - လပြည့်ည မှာ ခဏတွေ့ကာချစ်ရပေမဲ့ - - လပြည့်ကျော်ကာသွားတော့ မျှော်ထားသမျှတွေ ဖြစ်မလာပါနော် - - - ဟု ဆိုကာ အ-သုံးလုံး လုပ်အားပေးတုံးက ကောင်မလေးနှင့် ရွာချောင်းနံဘေးမှာ လက်ချင်းတွဲ၍ လသာညများတွင် လျှောက်ခဲ့သည်ကို ပြန်လွမ်းရသည်။ ခုတော့ လွှမ်းမိုးသီချင်းလို ပါးစပ်ရာဇင်လေး ဖြစ်ခဲ့ရပြီ။
            လွှမ်းမိုး ဆိုတော့ သူ့သီချင်းများထဲက အလွန်ကြိုက်ပြီး မကြာခဏ ဆိုခဲ့သော မခင်နှင်းဆီ ကို သတိရသည်။ ကျွန်တော့်တွင်လည်း မခင်နှင်းဆီ ရှိခဲ့ပါသည်။ ကျွန်တော်နှင့် အထက်တန်းကျောင်းသားဘ၀ လူရည်ချွန်စာမေးပွဲများ ဖြေတော့ စတင် သိကျွမ်းခဲ့ရသည်။ နောက် ဒေသကောလိပ်တက်တော့ ဟင်္သာတကို အသွား၊ အပြန်တွင် အတူတူ ချိန်းကာ သွားခဲ့ကြသည်။ သူက လေးမျက်နှာတစ်ဖက်ကမ်း၊ အိုင်သပြု ဟိုဘက်နား ရွာကလေးက။ ကျွန်တော်က ရွာမှ လာကာ ဟင်္သာတအသွား သူတို့အိမ် ၀င်ခေါ်။ သူငယ်ချင်းများဖြစ်သူ မျိုးဇော်တို့၊ သန်းထူးတို့၊ ခင်မောင်ဆွေတို့က ၀ိုင်းလှော် ပေးကြ၏။
            သည်လိုနှင့် နှစ်တွေကုန်ကာ ဘာမှ မဟုတ်သေးပဲ ကျွန်တော်က ရန်ကုန်ရောက်၊ သူက ရေဆင်း စိုက်ပျိုးရေး တက္ကသိုလ် တက်သည်။ ရေဆင်း ဆိုတာ ရန်ကုန်က တစ်ဆင့် သွားရသည်မို့ တက္ကသိုလ် အသွားအပြန်တွင်လည်း ကျွန်တော် တို့ အတူတူ ဖြစ်ခဲ့သည်။ ကျောင်းတက်နေစဉ် စာများအပြန်အလှန်ရေး။ သတိရကြောင်း ဘာကြောင်းညာကြောင်း။ သို့ပေမင့် ကျောင်းပြီးသွားသည်ထိ ဘာမှ မဟုတ်သေးပါ။ သူငယ်ချင်းလည်းမက၊ သမီးရည်းစားလည်း မကျ။
            ကျောင်းပြီးသွားတော့လည်း အဆက်အသွယ်ရှိနေပါသေးသည်။ သို့သော် ကျွန်တော်က ဒုက္ခမျိုးစုံနှင့်။ မင်းကို ကိုယ် ဒုက္ခတောထဲ ဘယ်ဆွဲသွင်းရက်ပါ့မလဲကွယ် ဟူသော အကြောင်းပြချက်နှင့်။ နောက်တော့ သူ ကျွန်တော့်ကို မစောင့်နိုင်တော့ ဘဲ ယောက်ျားယူသွားသည်။ သူ အိမ်ထောင်ပြုမည် ဆိုတော့ ကျွန်တော့်ထံ လှမ်းအကြောင်းကြားပါသေးသည်။ တစ်နည်းအား ဖြင့် ကျွန်တော့်ကို နောက်ဆုံးဝမ်နင် လှမ်းပေးလိုက်တာဖြစ်သည်။ သို့သော် ကျွန်တော့်မှာ သူ့ကိုယူဘို့ အဆင်သင့်မဖြစ်သေး။  သည်တော့ နှုတ်ဆိတ်နေခြင်းဖြင့် သဘောတူလိုက်ရပါသည်။ ဤသည်ကပင် မခင်နှင်းဆီ သီချင်းကို ဆွေးဆွေးမြေ့မြေ့ သီဆိုရန် အကြောင်း ဖြစ်ပေတော့သတည်း။  

No comments: