ဆရာကြီးမင်းသုဝဏ် ၏ ရွာလွမ်းချင်း
သည်တစ်ခါတော့ ကိုယ်လွမ်းတာ ခဏထားပြီး သူများလွမ်းတာကို ပြောပါမည်။ အခြားသူမဟုတ်။ ဆရာကြီး မင်းသုဝဏ် ဖြစ်၏။
သတ္တ၀ါမှန်လျှင် လွမ်းကြသည်ချည်း။ အသင်တို့ မိမိခွေးကို သူတပါးသို့ ပေးဖူးပါသလော။ ကျွန်တော်တော့ ခွေးတို့၊ ကြောင်တို့မွေးတာ စိုးစဉ်းမျှ ၀ါသနာမပါသည်ဖြစ်၍ သည် ပုံပြင်မှန်မမှန်ကို မသိပါလေ။ ကြားဖူးသည်မှာကား ခွေးကို အခြားတစ်ရွာသို့ လိုက်ပို့လိုက်ပြီး ပြန်လာလျှင် မိမိအိမ်ပြန်မရောက်မီပင် ခွေးက ပြန်ရောက်နှင့်နေသည် ဟူ၏။
ထို့အတူပင် ခိုင်းနွားကြီးများမှာလည်း သခင်က အခြားသူတစ်ဦးသို့ ရောင်းလိုက်လျှင် သုံးနှစ်သုံးမိုး ချည်တိုင်ဟောင်း ကို ပြန်လွမ်းတတ်သည် ဟု ဆိုကြပါသည်။ နွားများက လွမ်းတတ်သည် ဆိုသည်ကို မြို့ကြီးသားများ နားလည်နိုင်မည် မထင်။ နွားနှင့် အနေနီးသူ တောသားများတော့ သိပါသည်။ နွားများသည် လူနှင့်အနေနီးသဖြင့် လူတို့အပြုအမူ အပြောအဆိုများကို နားလည် ခံစားတတ်သည်။ သို့သော် ယခုပြောလိုသည်မှာ နွားဋီကာ မဟုတ်မူ၍ နွားများလည်း လွမ်းတတ်သည်ဟုသာ မှတ်လိုက်ကြပါကုန်။
ကျွန်တော်ပြောချင်သည်မှာ သတ္တ၀ါမှန်လျှင် လွမ်းတတ်သည့်အကြောင်းသာ ဖြစ်ပါသည်။
ယခု ဆရာကြီးမင်းသုဝဏ် လွမ်းပုံကို ဆက်ပါမည်။
ဆရာကြီးကား ကဗျာစာဆိုဖြစ်၍ ကဗျာဖြင့်လွမ်းသည်။ ဆရာကြီး၏ အလွမ်းကဗျာကို ကျွန်တော် ဒေသကောလိပ် ဒုတိယနှစ် မြန်မာကဗျာလေ့လာချက် သင်ရတုံးက စတင် ခံစားခဲ့ရသည်။ သို့သော် ကဗျာမှာ အစအဆုံးမဟုတ်။ တိုစိတိုစိ ကလေးသာ ဖြစ်သည်။ ဤတွင် ဖော်ပြထားသည်မှာ -
- - - ရတုအညီ၊ မြေသို့သက်တဲ့ ယော်ရွက်ရီကို၊ ပလီပလာ တီတာတာ သည်ခါဓလေ့၊ နွေအကူး လေရူးဝှေ့တော့၊ ကွေ့ကွေ့ဝန်းဝိုက်၊ ရွှေကြောင်ဖား၊ မြီးဖျားလိုက်သို့၊ မြိုင်တိုက်စုံယံ၊ ရွက်ဟောင်းပျံသော် - - -
- - - တလှိုင်လှိုင်ပေါ၊ မြိုင်တကြော၊ တောစပယ်ဖြူ၊ ၀တ်မှုန်ကျင်းတဲ့၊ သင်းကြူကြူကို၊ လေချူလို့လွှင့်၊ ပန်းထုံတဲ့ လေချိုမှာ၊ ရွှေချိုးပျိုကူသံဆင့်ပေလိမ့် - - -
သည်မျှသာ ဖြစ်သည်။ ကျွန်တော်ကား ဖာလူဒါကို တစ်ဇွန်းနှစ်ဇွန်းမျှ သောက်လိုက်ရသူကဲ့သို့ မဆတ်တငံ့ ခံစား လိုက်ရပါ၏။ သို့မို့ကြောင့် ထိုကဗျာတစ်ပုဒ်လုံးရရန် အားထုတ်ရှာဖွေခဲ့ပါသည်။ သို့သော် တော်တော်နှင့်မရနိုင်။
ကျွန်တော်က စာအုပ်ခရေဇီ သမားဖြစ်သဖြင့် ရန်ကုန်တွင်ကျွန်တော် အသွားဆုံးနေရာကို ပြပါဟု ဆိုလျှင် ပန်းဆိုးတန်း စာအုပ်အဟောင်းဆိုင်တန်းကို ပြရပါလိမ့်မည်။ သို့ ဆရာကြီး၏ စာအုပ်ကို ရှာနေခဲ့ရာ ၁၉၉၂ ခုနှစ် မတ်လ ၂၈ ရက်နေ့တွင် တစ်ခုသော ပန်းဆိုးတန်းစာအုပ်ဆိုင်တစ်ခုတွင် ဆိုက်ဆိုက်မြိုက်မြိုက် တွေ့လေတော့သတည်း။ ကျွန်ုပ်လည်း စင်ကာပူ တိုတို ပေါက်သူကဲ့သို့ ၀မ်းအသာကြီး သာသော ဟူသတတ်။
မင်းသုဝဏ် ကဗျာများ ဆိုသည့်စာသားကို ကထ္တူစက္ကူအဖုံးပေါ် တွင် လက်ရေးနှင့် ရေးထား၏။ စာအုပ်မှာ ရှေ့ဖုံး၊ နောက်ကျောဖုံး၊ စသည်တို့မရှိတော့ပြီ။ အတွင်းမှ စာရွက်များမှာလည်း ၀ါကျင့် တွန့်ကြေကာ အချို့စာရွက်များ စုတ်ပြဲနေပြီ ဖြစ်ပါသည်။ စာမျက်နှာများမှာလည်း ရှေ့ရောက်တာရောက်၊ နောက်ရောက်တာ ရောက်။
မာတိကာပြီးနောက် စာမျက်နှာ ၄၉ နှင့် စ၏။ စာမျက်နှာ ၆၄ ပြီးသော် စာမျက်နှာ ၁၇ သို့ ပြန်ရောက်ပြန်၏။ စာမျက်နှာ ၃၂ ပြီးမှ နိဒါန်းလာသည်။ စာမျက်နှာ ၁၆ ပြီးတော့ စာမျက်နှာ ၆၅ သို့ ပြန်ကျော့သည်။ ၀ါကျင့်နေပြီဖြစ်သော စာရွက်သားများမှာ ဆွေးမြေ့နေပြီဖြစ်သဖြင့် ပြန်ချုပ်ရန် မတတ်နိုင်။ သည်အတိုင်းထားလိုက်ရတော့သည်။ စာမျက်နှာ အစုံပါတာပဲ ကံကောင်းလှပြီ။ သည်စာအုပ်ကို ၅ ကျပ်နှင့် ၀ယ်ခဲ့၏။
အတွင်း မျက်နှာဖုံးတွင် စာဆိုတော် စာအုပ်စဉ် - ၁။ သပြေညိုနှင့် အခြား ကဗျာများ။ မင်းသုဝဏ် ဟု ဖော်ပြထားပြီး သုဓမ္မ၀တီ စာပုံနှိပ်တိုက်။ ၁၉၄၇ ဟု ပုံနှိပ်မှတ်တမ်းကို ဖော်ပြထားပါသည်။ ဆရာကြီး၏ ကဗျာစာအုပ်မှန်လျှင် ခါနွေဆန်းတော့ လွမ်းမိတယ် နှင့် ဖွင့်မှာကို အထွေအထူး ပြောစရာမလို။ သည်တော့မှ ကျွန်တော်လည်း အနှစ်နှစ်အလလက တောင့်တခဲ့ရသော ဆရာကြီး၏ လွမ်းချင်း ကဗျာရှည်ကြီးကို တစိမ့်စိမ့်နှင့် အရသာခံ ဖတ်ရပါတော့သတည်း။
ကျွန်ုပ်ကဲ့သို့ ခါနွေဆန်းတော့ လွမ်းမိတယ် ကို ခံစား၊ စားသုံးလိုသူတို့ အတွက် ပြန်လည် ဝေငှလိုက်ပါသည်။ (မူရင်းစာလုံးပေါင်းအတိုင်း)
- - - -- - - - x x x - - - -- - - -
ခါနွေဆန်းတော့ လွမ်းမိတယ်
ဆန်းစခါနွေ၊ သာတပေါင်းမို့ ညှာညောင်းကြွေ၊ ပြေပြေရောရု။ မြအသွေး ရွှေရေးလုလို့၊ ရတုအညီ၊ မြေသို့သက်တဲ့ ယော်ရွက်ရီကို၊ ပလီပလာ တီတာတာ သည်ခါဓလေ့၊ နွေအကူး လေရူးဝှေ့တော့၊ ကွေ့ကွေ့ဝန်းဝိုက်၊ ရွှေကြောင်ဖား၊ မြီးဖျားလိုက်သို့၊ မြိုင်တိုက်စုံယံ၊ ရွက်ဟောင်းပျံသော်၊ ရွှေခြံဂါမ၁ - ကျွန့်ဌာနကို မှန်းဆလို့တွေး။ မိဘနှစ်ပါး - ဆွေအများကို လွမ်းအားနှင့် ဆွေးမိပေါ့။
၁ - ရွှေခြံဂါမ - ကွမ်းခြံကုန်းရွာ။ ဂါမ (ပါဠိ) = ရွာ
မအေးနိုင် - မရွှင်နိုင်၊ သည်ရာသီ - လတပေါင်း - ကြက်ဆောင်းသို့ တိုင်သောခါ၊ တလှိုင်လှိုင်ပေါ၊ မြိုင်တကြော၊ တောစပယ်ဖြူ၊ ၀တ်မှုန်ကျင်းတဲ့၊ သင်းကြူကြူကို၊ လေချူလို့လွှင့်၊ ပန်းထုံတဲ့ လေချိုမှာ၊ ရွှေချိုးပျိုကူသံဆင့်ပေလိမ့်။ မြိုင်မြိုင့်စုံခြေ၊ ဆာဝေေ၀၊ ရွှေကသစ်ပန်း။ ကောဝိလာငယ် - တျာတျာရင့် လန်းကာပ၊ ပင်နန်းထက်ယံ၊ ဆက်ရက်သံ၊ ကြွက်ညံကြော်ကြွေး၊ မဖိုပျော်ပျော်၊ တူနှစ်ထော်၊ ထူးခေါ်ကာ မေးကြသနှင့်။
ကွေးကွေးကျစ်ကျစ်၊ ဖူးပုရစ်လည်း၊ ပြေလှစ်စင်စင်၊ စုံတခွင်ဝယ်၊ မြရှင်ရွက်ဦး၊ လုပ်လဲ့လုပ်လီ၊ လေအချီ၊ ဟိုသည်ညွတ်မြူးစဉ်မှ၊ ကြည်နူးစဘွယ်၊ တောအဆွယ်၊ သူငယ်နွားကျောင်း၊ ညောင်ညိုမှိုင်းချိပ်၊ ပင်ပျိုရိပ်မှာ၊ အသာအိပ် လျောင်းကာပ၊ခြောင်းခြောင်းပူလျှံ၊ သူရကန်၊ တဆံမမှု၊ ၀ါးပလွေတို၊ ရောင်စိုစိုကို၊ လေချိုနှင့်ညုရာက၊ ရွာသူ့ဓလေ့၊ လျှိုအကွေ့၊ ပျိုမေ့သူဇာ၊ ထင်းခွေမျောက်တူး၊ ကြိမ်ညွန့်ဖူး၊ သူအခူးလာရာတွင်၊ သာသာအေးအေး၊ မသံပေး၊ ဆိုတေးသံငြာတော့ကို၊ ချာကနဲပင်၊ မောင်ဂေါပါလ - ငေါက်ငေါက်ထ၊ လျှိုဝသို့ ၀င်လို့ - “ရှင်မိဒွေးညို၊ တုတ်စိုစိုရယ်၊ ဟိုတနေ့ည၊ ဖ, ခေါင်းချမှာ - ရှင်မတို့တဲ၊ နွားရုံတခို - ဘူးစင်ပျိုမှာ - ရွှေစွန်ညို ၀ဲပါလျှက်ကနဲ့၊ မထွက်မပေါ်၊ မဒွေးငယ် အရွဲ့တိုက်လို့၊ မိုက်လိုက်ပုံ တော်ရော့လ။ ကျော်ကျော် ကြားကြား - မဒွေးသား ခါးခါးအန်အန်၊ ပင်လယ်ယံမှာ - ရေငန်နှင့်ဆေး၊ ငယ်ကချစ်တဲ့၊ ဆရစ်မေကို - ဟောဒီဖေ လွေးမှာပေါ့ ” ဟု အေးအေးဖြူးဖြူး၊ တောစရိုက်နှင့်၊ အလိုက်သင့် နှုးသည်ကို၊ စိတ်ကူးတွင်သာ၊ မြင်ရပါ၊ ဘယ်ခါကာလ - ကျွန့်ချက်မြှုပ်တဲ့ - တောအုပ်ညိုမှာ - ကိုယ်တိုင်မြင်ရပါမတုံး။
လျလျနွမ်းနွမ်း၊ တ, လို့သာမှန်းရတော့၊ ထွက်လမ်းမမြင်၊ ဒဂုန်ခွင်၊ မရွှင်နိုင်အား၊ ခေါင်းလောင်းမချို - တက္ကသိုလ် ၀ယ်။ နေညိုချိန်များမှာတော့၊ အင်းလျားရတနာ - ကန်တော်သာမှာ၊ ပြာပြာလဲ့လဲ့၊ လှိုင်းဘောင် ဘင်ဖွဲ့တော့ကို၊ မိခင်ရဲ့ သားပျိုမှာ၊ အလိုလိုရင်ဖိုလေးကာပ၊ ဆွေးမိတော့တယ်။
ဝေးနယ်ရပ်ကွာ၊ ကျွန်တို့ရွာမူ၊ ခုခါကာလ၊ တပေါင်းကျက၊ မြမြမိုမို၊ အုန်းညိုညိုမှာ၊ ကြည်ချိုသာမော၊ ရွှေဥသြလည်း၊ တတောလုံးစင်၊ ထပ်ပဲ့တင်နှင့်၊ လွင်လွင်အေးအေး၊ ရင့်ရူကြွေးလိမ့်။
နယ်ကျေးဟံသာ၊ လွမ်းကာ ကာငယ်၊ ပြန်ပါမည်တင်း၊ သေတ္တာကိုပြင်၊ ဖာကိုငင်၊ စာစင်ကို ရှင်းပြန်တော့၊ ထောင့်တွင်းမှာကြည့်၊ ကျွန့်စိတ်ကြံ၊ အရင်ဦးပါလို့၊ တင်ကူးကာသိရော့ထင့်၊ ညှိုးလိလိ - နွမ်းခွေခွေ၊ စိမ့်မျက်ရည် ဝေေ၀ နှင့်။ ရွှေဘောင်မှန်သွင်း၊ ဓာတ်ပုံတွင်းက၊ မောင်မင်းကြီးသား - သူငယ်ချင်းရယ် - အတင်းကွယ် - မင်းဘယ်ကြောင့် တားသလဲ။ မင်းမှာတော့ ရပ်ကြီးသား၊ ဒဂုဏ်မှာ ဆွေအများနှင့်၊ ပျော်ပါးလို့ နေနိုင်ငဲ့။ မြိုင်ချေက ဒီငချာမှာ၊ မင့်မျက်နှာ - တရွာမှတ်ပါလို့၊ ခိုကပ်မှီဝဲ - ပျော်မည်လို့ ခဲသော်လဲ။ တကတဲလေ …… သူရိယာ - အနောက်စောင်းပါလို့၊ ခေါင်းလောင်းသံဝေမှဖြင့်၊ မနေနိုင် မထိုင်နိုင်၊ တားမနိုင် ဆီးမနိုင်၊ ခပ်ထွားထွား စတိုင်နှင့်။ ကားပိုင်ကြီး စီးတဲ့လို့၊ ခရီးသုတ် နှင်တော့တယ်။ နောင့်မှာတော့ အထီးကျန်၊ ကျောင်းဆင်းလို့ မင်းပြန်ယင်၊ ဟန်မရ - ထိန်းမရ၊ သက်မကြီး ပြင်းပြင်းချလို့၊ ခန်းဝမှာ မှိုင်တိုင်တိုင်၊ ခြေလက်ပစ် ထိုင်တဲ့ပြီး၊ မှိုင်တာနဲ့ ကိစ္စတုံးရော။
အလိုလေး၊ အလိုလေး၊ မင်းဘယ်ကို ပြေးသလဲ။ ထောင့်ထဲမှာမြင်ရတဲ့၊ မင့်ရူပ ကိုယ်စားလှယ်၊ မင့်လိပ်ပြာ ပျိုရွယ်ရွယ်ကို၊ တကယ်ဆတ်ဆတ်၊ မြင်ရသည်မှတ်သော်လဲ၊ စိတ်ဓာတ်လှည့်စား၊ ဒုက္ခများ ရုပ်ကားမရှိ၊ စိတ်ထဲမှာ အသွင်ကူးပြီး၊ ရူးလိုက်ပါဘိတော့ လေး “။ ။ ယဉ်မကျေး။ တောသွေးမို့ နုံချာချာ။ ။ မြို့ကြီးပျော် - မော်လို့ဖူးရန်က၊ ဒူးတုန်လှပါ။ ။ သွင်ချိုချို အမူခြားယင်ဖြင့်၊ အားတက်လိမ့် - ညီသဟာရယ်၊ မာပါနဲ့နှလုံး။ ။ သင်းကြိုင်ကြိုင်၊ ပိတောက် ဖြာဖြာလှိုင်တော့။ ဂနိုင်စံ အပူအေးအောင်၊ ဖေးကူပါ့ဖုန်း။ ။
= = = = = = = = = = = = + + + + + + + + = = = = = = = = = = = =
အားလုံးကို ကျေးဇူးတင်ပါသည်။
အေးငြိမ်း
၁၉-၆-၂၀၁၁ နံက် ၁၀း၅၅ နာရီ
Blk 134A, Kang Ching Road
#03-91, S(619062)
No comments:
Post a Comment