Wednesday, June 15, 2011

တောလွမ်းချင်း (၂)

(၅) သွားရေစာများကို လွမ်းခြင်း


ကျွန်တော် အလွန်လွမ်းလှသော တောမှ အစားအစာများတွင် မုံ့ဆန်းသည် ထိပ်ဆုံးက ပါ၏။ ခုခေတ် ကလေးတွေ ကတော့ မုံ့ဆန်းဆိုတာ သိချင်မှတောင် သိပါတော့မည်။ နာမည်ကသာ မုံ့ဆန်း ဖြစ်သော်လည်း ဘာမှ ဆန်းပြားလှသည့် မုံ့တော့မဟုတ်။ အကယ်တန်တု မုံ့ဟုပင် ခေါ်လို့ရချင်မှ ရပါလိမ့်မည်။ သို့သော် မုံ့မဟုတ်လျှင် ဘာဖြစ်မလဲ။ ကျွန်တော်လည်း မပြောတတ်ပါ။

မုံ့ဆန်းကို ကောက်ညှင်းစပါးမှ လုပ်သည်။ ကောက်ညှင်းစပါးဆိုသော်လည်း ကောက်ညှင်းဆန်မဖြစ်သေးမီ။ အဲလေ သည်လိုလည်း ပြောလို့မရ။ ဆန်တော့ဖြစ်ပြီ။ သို့သော် မရင့်မှည့်သေးမီ ဖြစ်၏။ စပါးစေ့ထဲတွင် ဆန်စဖြစ်လာသည်မှာ နို့ရည် တည်ပြီး စဖြစ်လာခြင်းဖြစ်သည်။ ထို့နောက် ထိုနို့ရည်ခဲပြီး မာလာသည်။ တစ်နည်းအားဖြင့် ဆန်စဖြစ်လာပြီ။ သို့သော် ဆန်းသားပေါက်ကလေးမျှ ရှိသေး၏။ ထို့နောက် ဆယ်ကျော်သက်အရွယ် ကြီးကောင်ဝင်လာသည်။ သို့သော် မရင့်ကျက်သေး။ ဆန်အစစ် မဖြစ်သေး။ ထို ဆယ်ကျော်သက်ဆန်များကို ထုထောင်းကာ မုံ့ဆန်းလုပ်စားခြင်းဖြစ်သည်။

လုပ်ပုံမှာ ကောက်ညှင်းစပါးကို မရင့်မှည့်သေးမီ ရိတ်လိုက်ပြီး စပါးကို ခြေဖြင့်နင်း၍ဖြစ်စေ၊ ရိုက်၍ဖြစ်စေ ခြွေလိုက် သည်။ ထို့နောက် ထိုစပါးကို အိုးကင်းထဲထည့်ကာ လှော်သည်။ အိုးကင်းဟူသည် မြေရေအိုးကွဲ ထက်ခြမ်းပဲ့ကို ပဲ စသည်တို့ လှော်ရန်လုပ်ထားသော အိုးကိုခေါ်သည်။ နဂိုက မွှေးနေသည့် စပါးကို အိုးကင်းပူတိုက်လိုက်သောအခါ အလွန်သင်းပျံ့ မွှေးကြိုင်သော ရနံ့ရလာပါသည်။ စပါးထဲကဆန် ကျက်မည့် အနေတော်လောက်တွင် ထိုစပါးလှော်ကို မောင်းဆုံထဲ ထည့်ထောင်းပါသည်။ ထောင်းသည်ဆိုရာတွင် ကျွန်တော်တို့ကတော့ လက်နှင့်ထောင်းတာ ဖြစ်၏။ သစ်သားဆုံ အကြီးကြီးထဲ တွင် စပါးကိုထည့်ကာ လူတစ်ရပ်နီးပါးခန့်ရှည်သည့် သစ်သားကျည်ပွေ့ကြီးနှင့် အားရပါးရထောင်းတာ ဖြစ်သည်။

စပါးများအခွံကျွတ်သွားသည့်အခါ စကောထဲထည့်ပြာပါသည်။ ဆန်မှာ ပျော့နေသည်ဖြစ်ရာ ထောင်းလိုက်သည့်အခါ တစ်ခုနှင့်တစ်ခု ကပ်ပြီး လုံးသွားသည်။ ထိုလုံးနေသည့် စပါးခွံများနှင့် ဆန်ပြားကလေးများကို လက်နှင့်ပွတ်ချေပြီး ဖွဲခွံများကို ပြာထုတ်လိုက်သည့်အခါတွင်မတော့ အင်မတန်မွှေးပြီး စားလို့ကောင်းလှသော မုံ့ဆန်းကို ရပါတော့သည်။ ကျွန်တော်တို့ ကလေးများမှာမူ မုံ့ဆန်းအားလုံးထောင်းပြီးအောင်တောင် မစောင့်နိုင်ပါ။ တစ်ဗန်းပြာလိုက်၊ ယူစားလိုက်နှင့် အားလုံးလည်း ထောင်းပြီး ဗိုက်လည်း ၀ တော့၏။

ထိုမုံ့ဆန်းကို ဖွဲများပြာမထုတ်ပဲ မုံ့သံပုံးထဲတွင် အလုံပိတ်ထားလျှင် ရက်ရှည်လများ သိမ်းထားနိုင်သည်။ သို့သော် မလတ်ဆတ်တော့သဖြင့် စားမကောင်းပါ။ မြို့မှလူများကတော့ ထို မုံ့ဆန်းကို ရေနွေးဖျောကာ သကြားများထည့်စားပါသည်။ ကျွန်တော်ကတော့ မကြိုက်ပါ။ ဆုံထဲကထုတ်ပြီး ပြာပြီးစ မုံ့ဆန်းမှာ ပျော့ပျော့ကလေးနှင့် မွှေးကာချို့ပြီး အလွန်စားလို့ကောင်း ပါသည်။

မုံ့ဆန်းနှင့်ပတ်သက်၍လည်း ကျွန်တော့်တွင် အမှတ်ရစရာကလေးရှိ၏။ ခြောက်တန်း ပထမအစမ်း စာမေးပွဲတွေ ဖြေပြီးတော့ ကျွန်တော်တို့မောင်နှမတစ်သိုက် ကျောင်းသွားတက်သည့် ကွင်းကောက်မှ ရွာသို့ပြန်လာသည်။ စပါးများမှာလည်း မုံ့ဆန်းထောင်းရန် အနေတော်ဖြစ်၏။ ထိုအခါ အဖေကြီးက ကျွန်တော့်ကို မုံ့ဆန်းထောင်းဘို့ရာ စပါးသွားရိတ်ခိုင်းသည်။ မင်း ဒို့လယ်ကွင်းထဲ ၀င်သွားတာနဲ့ ကဇင်းရဲ့ဘယ်ဘက်ဘေးမှာ ၀င်းနေတဲ့လယ်ကွင်းတစ်ကွင်းတွေ့လိမ့်မယ်။ အဲဒီကွင်းထဲက ကောက်လှိုင်းတစ်လှိုင်းစာရိတ်ခဲ့ ဟု မှာလိုက်သည်။

အဖေကြီးကတော့ ခပ်လွယ်လွယ်ပဲ။ ၀င်းနေတဲ့လယ်ကွက်ထဲက စပါးကိုရိတ်ခဲ့ဟု မှာလိုက်သည်။ သို့သော် ကျွန်တော်လယ်ကွက်ထဲရောက်သွားတော့ ၀င်းနေသည်မှာ လယ်တစ်ကွက်ထဲမဟုတ်။ လယ်ကွက်တိုင်းမှ စပါးခင်းတိုင်းလိုလို မှာ ၀င်းနေသည်ဖြစ်ရာ ကျွန်တော်လည်း အနီးဆုံးလယ်တစ်ကွက်မှ ကောက်တစ်လှိုင်းစာရိတ်လျှက် ပြန်သွားပါသည်။

အိမ်ရောက်တော့ အစ်မကြီးတို့က ၀ိုင်းရီပါသည်။ ကျွန်တော်က ကလေးဆိုတော့ ဘာရီမှန်းနားမလည်။ နောက်မှ သူတို့က နင်ရိတ်လာတာ ကောက်ကြမ်းစပါးတွေဟဲ့ ဟု ဆိုပါသည်။ ကျွန်တော့်ကို မာန်တာမဲတာ၊ ဆူပူကြိမ်းမောင်းတာ ဘာမှ မလုပ်ပါ။ နောက်တော့ အဖေကြီးက ကျွန်တော့်ကို ကောက်ကြမ်းစပါးနှင့် ကောက်ညှင်းစပါးကို မည်ကဲ့သို့ကြည့်ပြီး ခွဲရသည်ကို ပြပေးပါသည်။ ကောက်ညှင်းစပါးခင်းများမှာ လယ်ကွင်းထဲဖြတ်သွားလျှင်ပင် မွှေးနေပါသည်။ (ကျွန်တော်တို့က မိခင်ကို အစ်မကြီး၊ ဖခင်ကို အဖေကြီးဟု ခေါ်ပါသည်။ ဤကားစကားချပ်)

ကောက်ညှင်းစပါးမှာ အပွေးပိုများသည်။ မွှေးသည်။ အညိုရောင်ပိုသန်းသည်။ စပါးအသားမှာ ကောက်ကြမ်းစပါးနှင့် စာလျှင် ပိုပျော့ပြီး ပိုပွသည်။ ကောက်ညှင်းပွေးမှာ သာမန်စပါးပွေး ထက် ပိုယားသည်။ ကောက်ညှင်းဆန်နှင့် ကောက်ကြမ်း ဆန်ကတော့ ခွဲရတာလွယ်သည်။ ကောက်ညှင်းဆန်က အနောက်။ အဖြူရောင်ရှိသည်။ ပွသည်။ ကောက်ကြမ်းဆန်က အရောင်မရှိ။ အကြည်ဖြစ်သည်။ ဆန်ကိုကောက်ကိုင်ကြည့်လိုက်လျှင် ကောက်ညှင်းဆန်က တစ်စေ့နှင့်တစ်စေ့ ခပ်စီးစီး။ ကောက်ကြမ်းဆန်ကျတော့ မာသည်။ တစ်လုံးနှင့်တစ်လုံး အစေးမကပ်။

တောဆိုတော့ သွားရည်စာဆိုလို့ ဘာမှ သိပ်အထွေအထူးမရှိပါ။ ငါးပိတစ်မျိုးထည်းကို ပုံစံအမျိုးမျိုးချက်ပြီး ဟင်းလုပ် စားရသကဲ့သို့ သွားရေစာမှာလည်း ကောက်ညှင်းဆန်ကိုပင် ပုံစံအမျိုးမျိုးပြောင်းကာ လုပ်စားကြရပါသည်။ သို့သော် ထို ကောက်ညှင်းမုံ့များကား ကျွန်တော်အလွန်ကြိုက်သော၊ ဘယ်အခါ၊ ဘယ်လောက်စားစား မရိုးနိုင်သော မုံ့များဖြစ်ပါသည်။

ကောက်ညှင်းဟု ဆိုရာတွင် အရောင်ကိုလိုက်၍ နှစ်မျိုးခွဲပါမည်။ အဖြူရောင်ကောက်ညှင်းနှင့် အနက်ရောင် ငချိတ်ဖြစ်သည်။ အဖြူထက် ငချိတ် ကို ကျွန်တော်ပိုကြိုက်ပါသည်။ ကောက်ညှင်းတွင်လည်း စပါးမျိုးကောင်းလျှင် ပိုစားကောင်းပါသည်။ စပါးမျိုးသာမက စပါးစိုက်ရာတွင်လည်း အထူးဂရုစိုက်ရသည်။ ကောက်ညှင်းမျိုးချန်ရာတွင်ပင် ကောက်ကြမ်းပင်များရောမပါလာအောင် သေသေချာချာ စိတ်ရှည်လက်ရှည် ရွေးရသည်။ ကောက်ညှင်းစပါးနယ်ရာတွင် အခြားမည်သည့်စပါးစေ့မှ တလင်းထဲ မရှိနေစေရန် သေသေချာချာ လှည်းကျင်းရသည်။ ကောက်ညှင်းဆန်ထဲတွင် ရောပါလာသော ကောက်ကြမ်းစေ့များကို ကောက်ဆ ဟု ခေါ်သည်။ ကောက်ဆများသော ကောက်ညှင်းသည် မည်မျှအမျိုးကောင်းနေပါစေ စားလို့မကောင်းပါ။ မှတ်မိသမျှ ကျွန်တော်ငယ်စဉ်က ဒေါင်းမလေး ဆိုသောကောက်ညှင်းမှာ အလွန်စားလို့ကောင်းပါသည်။ ဘာမှမပါဘဲ သည်အတိုင်း ကောက်ညှင်းပေါင်းကို ဆုပ်စားလျှင်ပင် အလွန်စားလို့ အရသာ ရှိလှ၏။

ကောက်ညှင်းမုံ့များထဲမှ အရိုးဆုံးနှင့်စားအကောင်းဆုံးမှာ ကောက်ညှင်းပေါင်း ဖြစ်ပါသည်။ ကောက်ညှင်းကို သည်အတိုင်း အဖြူထည်ပေါင်းသည်။ သို့မဟုတ်ပါကလည်း ပဲစေ့များထည့်ကာ ပေါင်းသည်။ ထည့်၍ပေါင်းသော ပဲစေ့မှာ ကျွန်တော်တို့အရပ်ကတော့ ပဲတိုင်ထောင် သို့မဟုတ် တန်ဆောင်မုန်းပဲ ဟုခေါ်ပါသည်။ တိုင်ထောင်ပြီးစိုက်ရသဖြင့် ပဲတိုင်ထောင် ဟုခေါ်သည်။ တန်ဆောင်မုန်းလတွင် ဆွတ်ခူးရသဖြင့် တန်ဆောင်မုန်းပဲ ဟုခေါ်ခြင်းဖြစ်သည်။ အခြားအရပ်များ တွင် မည်သို့ခေါ်မှန်း ကျွန်တော်မသိပါ။ ထိုပဲစေ့ကြီးများမှာ ကြီးလည်းကြီးသလို နူးညံ့ပြီး အလွန်ဆိမ့်ပါသည်။ နီညိုရောင် ရှိသဖြင့် ထိုပဲစေ့ထည့်ပေါင်းသော ကောက်ညှင်းပေါင်းမှာ နီညိုရောင်ပေါက်နေသည်။

ကောက်ညှင်းပေါင်းရန် ကောက်ညှင်းဆန်ကို ညကတဲကရေစိမ်ထားရသည်။ မနက်အရုဏ်တက်ချိန်တွင် ထ ပေါင်းသည်။ ကောက်ညှင်းပေါင်းရန် ပေါင်းချောင်အိုး သီးသန့်ရှိသည်။ ရေအိုးအရွယ်ခန့်ရှိပြီး လုံးလုံးရှည်ရှည်ဖြစ်သည်။ အောက်တွင် အပေါက်များဖောက်ထားသည်။ ထိုအိုးနှင့်အတူတွဲလျှက် အောက်ခံအိုးလည်း ရှိသေးသည်။ သည်အိုးများ အားလုံးမှာ မြေအိုးချည်းဖြစ်၏။

အောက်ခံအိုးထဲရေထည့်၊ ထိုအိုးပေါ်သို့ ညကရေစိမ်ထားသော ကောက်ညှင်းဆန်များထည့်၊ နောက်ပြီး အဖုံးကို လုံအောင်ဖုံး။ အောက်ခံအိုးနှင့် ကောက်ညှင်းပေါင်းအိုးအကြား လပ်နေသောနေရာကို အ၀တ်စုတ် သန့်သန့်ဖြင့် လုံအောင် ညှပ်ရသည်။ ထိုနေရာမှ မလုံလျှင် ရေနွေးငွေ့များအပြင်ထွက်ကာ ကောင်းညှင်းပေါင်း မနပ်တတ်။ ထိုအ၀တ်ကို ပေါင်းချောင်ပတ် ဟု ခေါ်သည်။

ထို့နောက်တွင်တော့ မီးဖြင့်ပေါင်းသည်။ ကောက်ညှင်းဆန်ကို ရေနွေးငွေ့ဖြင့် ပေါင်းခြင်း ဖြစ်၏။ လူလေးရေ၊ ထတော့ဟေ့၊ ကောက်ညှင်းပေါင်းကျက်ပြီ ဟု အရီးက နှိုးသောအခါ ကပျာကယာ အိပ်ယာမှ လူးလဲထ။ မျက်နှာကို ကမန်းကတမ်းသစ်ကာ အငွေ့တထောင်းထောင်းထနေသော ကောက်ညှင်းပေါင်းပန်းကန်ကို ကားယားခွလျှက် အားရပါးရ တုတ်လိုက်ရသော အရသာအား စင်ကာပူမှ တစ်လုံးလျှင် စင်ကာပူဒေါ်လာ ၅ ကျပ်ခွဲပေးရသော မက်ဒေါ်နယ်နှင့် မလဲနိုင်။ သူရို့မက်ဒေါ်နယ်ကား ဖွယ်ကြောင်ကြောင်နှင့် စေးစေးပိုင်ပိုင် စားလိုက်ရသော ကောက်ညှင်းပေါင်းအရသာ၏ တစ်ဝက်ကိုပင် မမီပါ။

ကောက်ညှင်းပေါင်းနှင့် နှမ်းထောင်းမှာ အင်မတန် လိုက်ဖက်ညီသော အတွဲဖြစ်သည်။ တခါတလေ ငါးခြောက် ကလေးကြော်နှင့်စားသည်။ တခါတလေ ငါးပိချက် အကျန်နှင့်တို့စားသည်။ ဘာနှင့်စားစား ကောက်ညှင်းပေါင်းကတော့ ကောင်းသည်သာ ဖြစ်ပါသည်။

နောက်တစ်မျိုးက နှစ်ခါပြန်ပေါင်း ဖြစ်သည်။ ကောက်ညှင်းပေါင်းကို ခြစ်ထားသောအုန်းသီး၊ သကြား စသည်တို့ ထည့်ကာ ပြန်ပေါင်းထားခြင်း ဖြစ်၏။ ကောက်ညှင်းကို နှစ်ခါပြန်ပေါင်းထားသောကြောင့် နှစ်ခါပြန်ပေါင်း ဟု ခေါ်ခြင်း ဖြစ်ပါသည်။ နှစ်ခါပြန်ပေါင်းက ရိုးရိုးကောက်ညှင်းပေါင်းထက်စာလျှင် ပိုစားကောင်းသည်။ သို့သော် အီသဖြင့် များများ မစားနိုင်။ သူ့ကိုလည်း နှမ်းထောင်းနှင့်စားသည်။ နှမ်းထောင်းမပါလျှင်တောင် သည်အတိုင်းစားလို့ ကောင်းပါသည်။

မိတ်ဆွေတို့ ကောက်ညှင်းကျည်ထောက်ကို စားဖူးကြပါလိမ့်မည်။ သို့သော် မည်ကဲ့သို့လုပ်သည်ကိုတော့ သိချင်မှ သိလိမ့်မည်။ ကျွန်တော်တို့ကား ကောက်ညှင်းကျည်ထောက်ကို ကိုယ့်ဘာသာကိုယ် ဖုတ်စားကြခြင်းဖြစ်သည်။ ကောက်ညှင်း ကျည်ထောက်ကို တွေ့ကရာဝါးနှင့် ထောက်လို့ရသည်မဟုတ်။ နှီးဝါးနုနုနှင့်ထောက်ရတာ ဖြစ်သည်။ နှီးဝါးမှာ အခြားဝါးများ ထက် အသားပိုနုသည်။

ဝါးပါဆိုမှ။ အဆစ်ပိတ်ပြီးသားဖြစ်သဖြင့် ဘာမှ သန့်ရှင်းရေးလုပ်နေစရာမလို။ သူ့ဟာသူ သန့်ပြီးသားဖြစ်သည်။ ၀ါးကို တစ်ဆစ်ဖြတ်။ ဖြတ်ပြီးသားဝါးကို အတွင်းဘက်သို့ ရေမဆေးလေနှင့်။ အကာများကွာသွားလျှင် စားလို့ကောင်းတော့မည် မဟုတ်သလို ကောက်ညှင်းများလည်း ၀ါးအတွင်းသားကို ကပ်ကုန်မည်ဖြစ်သည်။ ရေဆေးပြီးသား ကောက်ညှင်းဆန်ကို ညကတည်းက ကျည်ထောက်အတွင်းထည့်။ ရေကို ဆန်ပေါ်မြုပ်ရုံသာသာကလေး ထည့်ထား။ မနက်အရုဏ်တက်ချိန်တွင် ထ ဖုတ်။ ကောက်ညှင်းကျည်တောက်အ၀ကို ဘာနှင့်မှ မပိတ်လေနှင့်။ မီးပူလာလျှင် ရေနွေးငွေ့သည် ပိတ်ထားသော အဆို့ကို ကန်ထွက်သွားမည်ဖြစ်သဖြင့် အထဲထည့်ထားသမျှ ဆန်အားလုံး အန်ထွက်ကုန်လိမ့်မည်။ သည်အတိုင်း အပွင့်သာထား။

ကောက်ညှင်းနပ်ပြီဆိုသည်နှင့် ၀ါးကျောကို နွှာကာ ထု။ ထိုအခါ ၀ါးအကာနှင့် ကပ်နေသော ကောက်ညှင်း အတောင့်လိုက် ထွက်လာလိမ့်မည်။ ကောက်ညှင်းကျည်ထောက်သည်လည်း အလွန်မွှေးပြီး စားလို့ကောင်းလှသည်။ မီးဖုတ်ထားသော ၀ါးအကာနံ့ကလေးမှာ သင်းနေသည်။ ငါးခြောက်ကျော် နှင့် စားချင်စား။ ငါးပိချက်နှင့် တို့စားချင်စား။ ဒီအတိုင်း စားချင်စား။ စားလို့ကောင်းသည်။ သို့သော် ပွဲဈေးတန်းများမှ ကောက်ညှင်းကျည်ထောက်ကား စိတ်ပျက်စရာ ကောင်းလှသည်။ အဆစ်ကို တစ်မိုက်မျှချန်ကာ ဖြတ်ထားလျှက် ထိပ်ပိုင်းမှလည်း စလူရွက်များဖြင့် တစ်မိုက်ခန့်ထိအောင် ဆို့ထားသည်ဖြစ်ရာ တစ်တောင်ခန့်ရှိသော ကောက်ညှင်းကျည်ထောက်ကို ထုထုတ်လိုက်လျှင်ကောက်ညှင်းအသားမှာ တစ်ထွာမျှပင် မကျန်ပါ။ စုတ်ပဲ့လှသော ကျွန်ုပ်တို့လူမျိုးများ ဖြစ်ပါ၏။

နောက် ကျွန်တော်ကြိုက်သည်မှာ ကောက်ညှင်းဆိုင်းထုပ် ဖြစ်သည်။ ထန်းရွက်အနုများ (ထန်းဖူးဟုခေါ်သည်) နှင့်ထုပ်ကာ ရေထဲတွင် ထည့် ပြုတ်ခြင်းဖြစ်၏။ အဆာအနေနှင့် ငှက်ပျောသီး၊ ပဲစေ့ စသည်များထည့်သည်။ အဆာထည့်တာ မကြိုက်သူများအတွက် အဖြူထည်အထုပ်များလည်း ထည့်ထုပ်သည်။ ထိုကောက်ညှင်းဆိုင်းထုပ်မှာ ဒေသလိုက်ကာ ထုပ်ပုံထုပ်နည်း ကွာသွားသည်။ အောက်ပြည်အောက်ရွာများ၌ စလူရွက်နှင့် ထုပ်သည်။ အထုပ်ပုံသဏ္ဍာန်ခြင်းလည်း မတူ။ မြေလတ်ပိုင်းက မြို့ရွာများကျတော့ ကြံရွက်နှင့်ထုပ်သည်။ သူတို့ကောက်ညှင်းဆိုင်းထုပ်များမှာ ကျွန်တော်တို့ဘက်က ကောက်ညှင်းဆိုင်းထုပ်များ၏ သုံးပုံတစ်ပုံမျှ သာရှိသည်။ ကျွန်တော်တို့ ကောက်ညှင်းဆိုင်းထုပ်ကတော့ ရောင်းတမ်း မဟုတ်ဘဲ ကိုယ်စားဘို့ထုပ်တာဆိုတော့ အကြီးကြီး။ လုံးပတ် လူကြီးလက်ကောက်ဝတ် သာသာလောက် ရှိ၍ အရှည် တောင်ဆုပ်ခန့်ရှိလေသည်။ ကောက်ညှင်းဆိုင်းထုပ် တစ်ထုပ်ဆို လူတစ်ယောက် ၀ သည်။

နောက် ကောက်ညှင်းထုပ် ကျတော့ ငှက်ပျောဖက်နှင့် ထုပ်သည်။ ကောက်ညှင်းထုပ်ဆိုလို့ သေးသေးကလေး မမှတ်နှင့်။ ကျွန်တော်တို့ဘက်မှ ကောက်ညှင်းထုပ်ကြီးများမှာ အကြီးကြီး ဖြစ်သည်။ အထဲတွင် ငှက်ပျောသီးကို ဌာပနာ ထားသည်။ ကောက်ညှင်းထုပ်ကို နှစ်ဟပ် ဟပ်ကာ ပူးစီးပြီး ထုပ်ခြင်း ဖြစ်သည်။ ထိုတစ်ထုပ်ဆိုလျှင် လူတစ်ယောက် ကောင်းကောင်း ၀ သည်။ ငှက်ပျောသီးကို ဌာပနာထားသဖြင့် ချိုပြီး အလွန်စားကောင်းလှသည်။ ကောက်ညှင်းတစ်ထုပ် ဆိုလျှင်ပင် ထမင်းထပ်စားစရာမလိုတော့။

နောက် ကောက်ညှင်းထုပ်နှင့် ခပ်ဆင်ဆင်မှာ မုံ့ဖက်ထုပ် ဖြစ်သည်။ ကောက်ညှင်းထုပ်က ကောက်ညှင်းဆန်ကို သည်အတိုင်း ထုပ်ခြင်းဖြစ်သည်။ မုံ့ဖက်ထုပ်ကျတော့ ကောက်ညှင်းဆန်ကိုကြိတ်။ မုံ့ရည်ကို ရေစစ်ပြီး ခဲအောင်လုပ်။ နောက်ပြီးမှ ပြန်နှဲကာ ငှက်ပျောဖက်နှင့် ထုပ်။ ရေနှင့်ပြုတ်ခြင်း သို့မဟုတ် ရေနွေးနှင့်ပေါင်းခြင်း ဖြစ်ပါသည်။ ရေနှင့်ပြုတ်လျှင် အချိုရည်များထွက်သွားသဖြင့် ရေနွေးငွေ့နှင့်ပေါင်းတာက ပိုအရသာရှိပါသည်။

မုံ့ဖက်ထုပ်မှာလည်း အမျိုးမျိုးရှိသည်။ မုံ့နှစ်ကို ထန်းလျက်ရည်နှင့်စပ်ကာ ထုပ်သည်လည်း ရှိသည်။ ကျွန်တော်တို့ ဘက်က လူများကတော့ သည်မုံ့ထုပ်ကို ကြံကြံဖန်ဖန်နာမည်ပေးသည်။ အညာသားကျောကုန်း ဟူ၏။ အဘယ်ကြောင့်ဟူမူ အညာသားများ၏ ကျောကုန်းကား နေလောင်ထားသဖြင့် မဲပြောင်နေသောကြောင့်တည်း။ အညာသား များ၏ ကျောကုန်း အရောင် ပေါက်နေသော သည်မုံ့ထုပ်ကို အညာသားကျောကုန်း ဟု နာမည်ပြောင်ပေးထားခြင်း ဖြစ်သည်။

တချို့ကျတော့ မုံ့နှစ်အဖြူထည်ကို အထဲတွင် အုန်းသီး၊ သကြားရောလျှက် အဆာထည့်သည်။ အချို့ကျတော့ ပဲအနှစ် ကို အဆာထည့်သည်။ မုံ့ဖက်ထုပ်အကြောင်းပြောတော့ ငယ်ငယ်ကကြည့်ခဲ့ရသည့် ရုပ်ရှင်ကို သွားသတိရမိသည်။ ရုပ်ရှင် နာမည်က မုံ့သည်လာပြီဗျာ ဟူ၏။ မင်းသားမှာ အောင်လွင် ထင်ပါသည်။ ခုနစ်တန်းကျောင်းသား ဘ၀က ကြည့်ခဲ့ရသော ထိုရုပ်ရှင်မှ ဇာတ်ဝင်သီချင်းကို ယခု အသက် ၅၀ နီးသည့်တိုင် ရနေပေသေးသည်။ ညဘက် စာကျက်နေစဉ် မုံ့ဖက်ထုပ် ဟုအော်သံကြားလျှင် ကျွန်တော်တို့ မောင်နှမတတွေ မုံ့ဖက်ထုပ် ၀ယ်စားကြသည်။ ထိုစဉ်က မုံ့ဖက်ထုပ် ၅ ထုပ်မှ တစ်ကျပ်ထင်ပါသည်။

ကျွန်တော်အင်မတန် ကြိုက်သော နောက်မုံ့တစ်မျိးမှာ မုံ့လက်ကောက်ကွင်း ဖြစ်သည်။ ကောက်ညှင်းဆန်ကို ကြိတ်။ မုံ့ရည်ကိုစစ်ကာ အနှစ်ရအောင်လုပ်။ ခဲသွားသော မုံ့နှစ်ကို ဆော်ဒါထည့်ပြီး နှဲ။ ထို့နောက် ဆီများများတွင် ထည့်ကြော်ခြင်း ဖြစ်ပါသည်။ ကြော်ပြီးသား မုံ့လက်ကောက်ကွင်းကို ထန်းလျက်ရည်တွင် စိမ်ပြီး ဆယ်စားခြင်း ဖြစ်၏။ မုံ့လက်ကောက်ကွင်း ကို အခြားအချိန်များတွင် ကြော်လေ့ကြော်ထ သိပ်မရှိ။ သီတင်းကျွတ်လပြည့်ည၊ မီးထွန်းပွဲ တွင် အချို့နွမ်းပါးသော အိမ် အနည်းငယ်မှအပ ရွာရှိ အိမ်တိုင်းလိုလို ကြော်သည်။

ကျွန်တော်တို့ လူငယ်ကာလသားတစ်သိုက်က အုပ်စုလိုက် ဟိုအိမ်သွားစားလိုက်။ သည်အိမ်သွားစာလိုက်နှင့် အလွန် ပျော်စရာကောင်းပါသည်။ ခုမှချကာစ မုံ့လက်ကောက် ကြွပ်ကြွပ်ရွရွကို ထန်းလျက်ရည် ရွှဲရွှဲနှင့်စားရတာ အင်မတန် အရသာရှိလှ၏။ ကျွန်တော်တို့ရွာတွင်ကြော်သော မုံ့လက်ကောက်ကွင်းမျိုး မြန်မာပြည် မည်သည့်အရပ်တွင်မှ (ကျွန်တော်ရောက်ဖူးခဲ့သမျှ မြို့ရွာများအားလုံး) ရောင်းတာ မတွေ့ခဲ့ရဖူးပါ။ ပြောရင်းနှင့် ယခုတောင် လွမ်းလာပါသည်။

မုံ့လက်ကောက်ကွင်းနှင့်အတူ တွဲကြော်သော မုံ့မှာ မုံ့ဆီကြော် ဖြစ်ပါသည်။ ဘာကွာသနည်းဆိုလျှင် မုံ့လက်ကောက် ကွင်းက လက်ကောက်ပုံသဏ္ဍာန် (ရန်ကုန်မှလူငယ်များနားလည်အောင် ပြောရလျှင် ဒိုးနပ် သဏ္ဍာန်) လုပ်ကာ ကြော်ပြီး မုံ့ဆီ ကြော်မှာမူ မုံ့ကို အ၀ိုင်းပြားလုပ်ကာ ကြော်ခြင်း ဖြစ်၏။ သည်ကောက်ညှင်းကို သည်အိုးထဲထည့်ကြော်ကာ သည်ထန်းလျက် ရည် နှင့်ပင် စားသော်ငြား ကျွန်တော်ကတော့ မုံ့လက်ကောက်ကွင်းကို ပိုကြိုက်ပါသည်။

နောက်ပြီးတော့လည်း ထုံးမုံ့၊ ပဲမုံ့ ဆိုတာ လုပ်စားကြသေးသည်။ ကောက်ညှင်းဆန်ကို ကြိတ်။ ရေစစ်။ အနှစ်ကို ရေနှင့်နှဲကာ အကောင်ပလောင် မျိုးစုံပုံသဏ္ဍာန်လုပ်သည်။ ခရုများ၊ ငှက်များ၊ ခွေးများ၊ တီကောင်များ စသည့် ပုံသဏ္ဍာန် မုံ့ကလေးများလုပ်ကာ ပေါင်းချောင်ထဲတွင်ထည့်လျှက် ပေါင်းပါသည်။ မုံ့ထဲတွင် တခါတလေ ပဲထည့်သည်။ တခါတလေတော့ အဖြူထည်ချည်း လုပ်သည်။ မုံ့နပ်ပြီဆိုလျှင် ချကာ ဆီ၊ ဆား တို့နှင့် တို့စားသည်။ သူလည်း တစ်မျိုးစားကောင်းသည်။ သည်မုံ့ ကတော့ အချို လုံးဝမပါ။ အဆိမ့်သက်သက် ဖြစ်သည်။

မုံ့နှစ်ကို အိုးထဲထည့်ကာ လက်သီးနှင့်ထိုးပြီး ကြော်စားသည့် လက်သီးထိုးမုံ့ ဆိုတာ ရှိသေးသည်။ လက်သီးထိုးမုံ့က ပျဉ်းတွဲတွဲနှင့်။ သူလည်း တစ်မျိုး စားလို့ကောင်းသည်။ ထို့ပြင် မုံ့နှစ်ကို လက်ခလယ်ခန့် အချောင်းကလေးများလုပ်။ ငှက်ပျော ဖက်နှင့်ထုပ်။ သွပ်ပြားပေါ်တင်။ အောက်မှ မီးထိုးပေးကာ ကင်စားသော မုံ့ချောင်း ဆိုတာလည်း ရှိသေးသည်။ ထန်းလျက်ရည် နှင့် တို့စားသည်။ သူလည်း မီးဖုတ်နံ့ကလေး တသင်းသင်းနှင့် စားလို့ကောင်းသည်။

ဤသည်မှာ ကျွန်တော်တို့ အရပ်တွင်လုပ်စားသော မုံ့များဖြစ်ပြီး ကျန်မုံ့များမှာမူ မြန်မာပြည်အခြားအရပ်မှ မုံ့များနှင့် အတူတူပင်ဖြစ်၏။ တခါတရံ အရပ်ထဲတွင် နေ့လည်နေ့ခင်း မုံ့လက်ဆောင်း လှည့်ရောင်းတာ ၀ယ်သောက်သည်။ ကျွန်တော် တို့ဆီတွင် မုံ့လက်ဆောင်းအတွက် ထန်းလျက်ရည်ကို မြေအိုးကလေးနှင့်ထည့်ကာ အ၀တ်ပါးပါးနှင့် အုပ်ထားသည်။ တောဆို တော့ ဘယ် ရေခဲတွေဘာတွေရလဲ။ သည်အတိုင်း ကြွေပန်းကန်လုံးကလေးထဲ ထည့်သောက်ရတာ ဖြစ်သည်။ သို့သော် သောက်လို့ကောင်း၏။ တခါတလေ အုန်းသီးဖတ်ကလေးများပင် ပါတတ်သေးသည်။

နောက်ပြီး ရွာလယ်တွင် တစ်ဖက်ဟပ်တဲကလေးထိုးကာ မြေစိုက်မီးဖိုကလေးတွင် မုံ့အိုးကင်းကပ် လုပ်ရောင်းတတ် ကြသေးသည်။ မုံ့အိုးကင်းကပ်မှာ နှမ်းကလေးများ၊ ဘိန်းစေ့ကလေးများနှင့် စားလို့ကောင်းသည်။ ထို့ပြင် ကျွန်တော်နှစ်သက် သော နောက်မုံ့တစ်မျိုးမှာ ဘိန်းမုံ့ဖြစ်သည်။ ဘိန်းမုံ့ကိုတော့ ကျွန်တော့သားလည်းကြိုက်သည်။ ဘိန်းမုံ့လှည်း လာပြီဆိုလျှင် အတင်းဝယ်ခိုင်းသည်။ နောက်ပြီး အထက်မီး၊ အောက်မီးနှင့်လုပ်ရသော ဆန်ကာတင်မုံ့ကိုလည်း ကျွန်တော်ကြိုက်သည်။ လုပ်ရတာ လက်ဝင်လှသဖြင့် ဆန်ကာတင်မုံ့ကိုတော့ တခါတရံမှသာ လုပ်စားကြသည်။

မုံ့နှစ်ကို သေးသေးကလေးတွေလုံး။ ပွက်ပွက်ဆူနေသော အိုးထဲထည့်။ မုံ့လုံးများပေါ်လာပြီဆိုလျှင် ဆယ်ကာ ထန်းလျက်ရည်ထဲ ထည့်သောက်သော မုံ့ကြာစေ့ ဆိုတာလည်း သောက်လို့ကောင်းပါသည်။ သူက မုံ့လုံးရေပေါ်နှင့် ဆင်တူ သည်။ မုံ့လုံးရေပေါ်က အလုံးကြီးသည်။ အထဲတွင် ထန်းလျက်စသည် ထည့်ကာလုံးပြီး သည်အတိုင်းစားသည်။ ရာသီ သွားရေစာဖြစ်သော မုံ့လုံးရေပေါ်ကိုလည်း ကျွန်တော် အလွန်ကြိုက်၏။

ထို့ပြင် မုံ့လုံးကြီး၊ မုံ့ကြိုးလိမ် စသည်တို့လည်း ရှိသေးသည်။ သို့သော် ထိုမုံ့များမှာ အိမ်တွင်လုပ်စားတာ မဟုတ်ဘဲ မုံ့သည်လာမှ ၀ယ်စားခြင်းဖြစ်သည်။ ထို့မုံ့များကိုလည်း ကျွန်တော်နှစ်သက်သည်။

နောက်ပြီး နေ့လည်နေ့ခင်းများတွင် တခါတရံ သာကူကြိုသောက်သည်။ နည်းနည်းကလေးမဟုတ်။ တစ်ဝ ကြို သောက်ကြခြင်း ဖြစ်သည်။ သာကူကိုလည်း ကျွန်တော်တို့ မောင်နှမတတွေ အားလုံး ကြိုက်သည်။ တခါတရံ မနက်စာ အဖြစ် ဆီထမင်းထိုးစားသည်။ ဆီထမင်းကလည်း ထိုးတတ်ပါမှ။ မဟုတ်လျှင် စားလို့မကောင်း။ ကျွန်တော်က ကောက်ညှင်းမှန်လျှင် အားလုံးကြိုက်သည်ဖြစ်ရာ ဆီထမင်းကိုလည်း အလွန်ကြိုက်သည်။ သို့သော် ၀မ်းနည်းစရာကောင်းသည်မှာ ယခုအခါ ဆီထမင်းကို ငယ်ငယ်ကလို စိတ်ရှိလက်ရှိ စားလို့မရတော့။ ဆီးချိုရှိသဖြင့် အာသာပြေရုံမျှသာ စားရတော့သည်။

တခါတရံလုပ်၍ စားသောမုံ့များတွင် မုံ့ကျွဲသဲ လည်းပါသည်။ မုံ့ကျွဲသဲသည်လည်း စားလို့ကောင်း၏။ ကြက်သွန်ဆီချက်ကလေး ဆမ်းစားရလျှင် အလွန်အရသာရှိသည်။ ကျွန်တော်တို့ရေဆင်းမှာတုံးက မမက မုံ့ကျွဲသဲ လုပ် ရောင်းသည်။ မုံ့ကျွဲသဲ ကြိုသူမှာ ကျွန်တော်ဖြစ်၏။ သည်တော့မှ စားလို့ကောင်းသလောက် ဒုက္ခများလှသော မုံ့မှန်း လက်တွေ့မျက်တွေ့ သိရတော့သည်။ သူများလုပ်ကျွေးတုံးကတော့ မသိသာ။ မုံ့ကျွဲသဲ ကြိုရတာ အစပိုင်း အရေမခဲခင် တုံးကတော့ မပင်ပန်း။ မွှေလို့ကောင်းသေးသည်။ သို့သော် ရေခန်းသွားပြီး မုံ့အနှစ်ကို မွှေရသည့်အခါတွင်မတော့ လက်မောင်းများ ကိုက်လာသည်ထိ မွှေရတော့သည်။ အကြာကြီး မွှေနေရသည့်အတွက် ပျင်းစရာလည်း အလွန်ကောင်းလှ၏။

ကျွန်တော်တို့ရွာဘက်တွင် အုန်းသီးရှားလှ၏၊ မုံ့လုပ်စားချင်လျှင် မနည်းလိုက်ဝယ်ရသည်။ သည်တော့ အုန်းသီး စားခြင်း၊ အုန်းရေသောက်ခြင်းတို့မှာ ကျွန်တော်တို့ကလေးများအတွက် မဟာအခွင့်အရေးကြီးဖြစ်၏။ အုန်းရေတောင်မှ အုန်းနုရေမဟုတ်။ ရင့်နေပြီဖြစ်သော အုန်းသီးမှ အရေဖြစ်သည်။

ကျွန်တော်တို့ရွာဓလေ့မှာ မိုးဦးကျပြီဆိုလျှင် ဦးရှင်ကြီး တင်ကြသည်။ ဦးရှင်ကြီးတင်ပေးသူမှာ ဘကြီးအေးဆင်ဖြစ်၏။ ဦးရှင်ကြီး နတ်စင်မှာ သိပ်အထွေအထူး လုပ်စရာမလို။ ကြသောင်းဝါးကြီးကြီးကို လူတစ်ရပ်ခန့်ဖြတ်။ တစ်ဖက်စွန်းကို လေးစိတ်ခွဲ။ ထို ခွဲထားသော ၀ါးခြမ်းများကို ဖြဲလိုက်ကာ ၀ါးကပ်အသေးကလေး တင်လိုက်လျှင်ပင် ဦးရှင်ကြီး နတ်စင် ဖြစ်တော့၏။ သူက permanent မဟုတ်။ ဦးရှင်ကြီးတင်မှ ကောက်ကက်လုပ်သော ယာယီနတ်စင်ဖြစ်သည်။

လူကြီးတွေ သူတို့ဟာသူတို့ ဘာရည်ရွယ်ချက်နှင့် ဦးရှင်ကြီး တင် တင်။ ကျွန်တော်တို့အလုပ်မဟုတ်။ ကျွန်တော်တို့ သိသည်မှာ ဦးရှင်ကြီးတင်လျှင် နှစ်ခါပြန်ပေါင်းစားရမည်။ အုန်းရေသောက်ရမည်။ အုန်းသီးဖတ်များ စားရမည်။ နောက်ပြီး ငှက်ပျောသီးများများ စားရမည်။ သို့သော် နတ်ပွဲတွင်တင်ထားသော ငှက်ပျောသီးကိုတော့ ကျွန်တော် သိပ်မသတီပါ။ အဘယ်ကြောင့်ဆိုသော် ပန်းကန်ထဲတွင် ငှက်ပျောသီးကို အခွံနွှာပြီး ထန်းလျက်နှင့် ရောတင်ထားသဖြင့် ထန်းလျက်၏ အချိုအရသာသည် ငှက်ပျောသီးသို့ ကူးသွားသဖြင့် ဖြစ်သည်။ သည်တော့ ဦးရှင်ကြီးတင်ပြီဆိုလျှင် ကျွန်တော်တို့ အလွန် ပျော်သည်။ မည်သည့်အိမ်မှတင်သည်ဖြစ်စေ။ သွားစားလို့ရသည်။

ပြောလက်စနှင့်ပြောရလျှင် မိဆိုင်ဖဆိုင်နတ် ဆိုပြီး ကျွန်တော်ငယ်ငယ်က အစ်မကြီးတို့ အိမ်တွင်းနတ်တင်တာလည်း တွေ့ခဲ့ရဖူးသည်။ နတ်တင်ပေးသူမှာ ကြီးတော်မယ်သက် ဖြစ်၏။ သူနတ်တင်တာလဲ ကြည့်လိုက်အုံး။ ဟဲ့၊ ငါလည်း ကောင်း ကောင်းတင်တတ်တာ မဟုတ်ဘူး ဟု ကြီးတော်မယ်သက်က ဆို၏။ ထိုအခါ အစ်မကြီးက အာ - မမသက်ရယ်၊ တင်တတ် သလိုတာ တင်လိုက်ပါဟယ် ဟု ပြော၏။ ကြီးတော်မယ်သက်က နတ်အိုးအဖြစ်လုပ်ထားသော ၀ါးအိုးကလေးများကို အသစ်လဲ။ ပန်းတွေဘာတွေထိုး။ ထိုးသည့်ပန်းမှာ နတ်ပန်းဖြစ်သည်။ နောက်ပြီး လင်ပန်းထဲမှာ ကောင်လုံးပြုတ်ထားသော ကြက်နှစ်ကောင်ကိုထည့်။ ထရံတွင် ထိုးထားသော နတ်ပန်းအိုးများရှေ့ သွားတဲ့ပြီး ရော့၊ အင့် စားကြသောက်ကြ။ စိတ်တော့မဆိုးနဲ့နော်။ ငါက ဘာမှ ဟောတတ် ပြောတတ်တာမဟုတ်ဘူး။ နင်တို့ကြိုက်သလိုသာစားကြ ဟု ဆို၏။ အဲဒါ နတ်တင်တာတဲ့။ မှတ်ကရော့။

ခဏကြာသော် နတ်တင်ထားသော ကြက်များကိုပြန်ယူပြီး ချက်ကြပြုတ်ကြတော့သည်။ ကျွန်တော်တို့မှာ နတ်တင်သည့်အနားမှ ဝေးဝေးမသွားနိုင်။ ကြက်သားဆီပြန်နှင့် ထမင်းစားရတော့မည်မို့ အူမြူးနေကြတော့၏။ သို့သော် အမကြီးမှာ ငယ်ငယ်ရွယ်ရွယ်နှင့်ဆုံးပါးသွားသဖြင့် အမကြီးဆုံးပြီးနောက်ပိုင်းတော့ နတ်တင်တာ မတွေ့ရတော့ပါ။ ကျွန်တော်တို့ကို ကျွေးမွေးထားသော အရီးတို့က သည် နတ်တို့ သိကြားတို့ကို အယုံအကြည်ရှိတာမဟုတ်။

နတ်တင်လျှင် ကြက်ကောင်လုံးလိုက်တင်တာ ဖြစ်သည့်အတွက် ဟင်းရှားလှသည့် တောတွင် နတ်တင်ပြီဆိုလျှင် ကျွန်တော်တို့ ဟင်းကောင်းစားရဖို့ သေချာနေတော့၏။ သည်တော့ သည်နတ်များကို ကျွန်တော်ကတော့ ကျေးဇူးတင်ပါ သည်။ ထို့ပြင် တစ်စုံတစ်ယောက်နေမကောင်းလျှင် နတ်က တတ်ကြသေးသည်။ ကျွန်တော်ငယ်ငယ်က ရွာတွင် နတ်ပွဲများကို မကြာခဏ ကြည့်ဖူးသည်။ ဗိန်းမောင်း၊ ဗိန်းမောင်းနှင့် နတ်ကတော်များ ခုန်ပေါက် ကနေတာကို ၀ိုင်းကြည့်ကြသည်။ သည်တုံးက တောရွာတွေမှာ တီဗီမဆိုထားနှင့်၊ ရေဒီယိုတောင် တစ်ရွာလုံးမှ ငါးလုံးပြည့်အောင်မရှိ။ ဇာတ်ပွဲဆိုတာကလည်း နွေရာသီရောက်မှ မြိ့လေးများတွင် ကွင်းထဲ၌ရုံထိုးပြခြင်း ဖြစ်သည်။ ဇာတ်ပွဲကြည့်သွားဖို့က တတန်တက။ သည့်အတွက် သည်နတ်ပွဲကို ပွဲအမှတ်ထားကာ ကြည့်ရသော ကျွန်တော်တို့ရွာသားများကို ကိုယ်ချင်းစာမိပါသည်။

နတ်ကလို့ လူနာနေကောင်းတာ မကောင်းတာထက် ကျွန်တော်တို့ကတော့ ဟင်းကောင်းစားရသည်။ နတ်ကို ၀က် နှင့် ကတာ ဖြစ်သည့်အတွက် နတ်ကတော့မယ်ဟေ့ ဆိုသည်နှင့် မမက ငါ့ဘို့ မိုးခိုသားတစ်တွဲချန်ထားလိုက်စမ်းဟေ့ ဟု မှာ လိုက်သည်။ သည်တုံးကတော့ ၀က်သားတစ်တွဲ (တစ်ပိဿာ) ၀ယ်လျှင် ကလီစာအချို့ပါ အဆစ်ရတတ်သည်။ ၀က်သား တစ်တွဲကို တစ်ဆယ်။ ပိုက်ဆံမရှိလို့ စပါးနှင့်ယူချင်လျှင်လည်း ရသည်။ ၀က်သားတစ်တွဲကို စပါးတစ်တောင်း။ တခါတလေမှ စားရတာဆိုတော့ စားလို့အလွန်ကောင်းလှ၏။ ကျွန်တော်တို့တတွေ ခေါင်းချင်းဆိုင်ကာ အ၀အပြဲတီးကြသည်။

တရုတ်များချက်ထားသော ပဲငံပြာရည်နိုင်းချင်းနှင့် ၀က်သားကို စားရသည့်အခါများတွင် နတ်ပွဲက ၀ယ်လာသော ၀က်သားကို မမချက်ထားတာ ကျွန်တော်တို့မောင်နှမတစ်သိုက် မြိန်ရည်ရှက်ရည် စားကြတာ သွား သွား သတိရမိပါသည်။ သည် တရုတ်ဝက်သားဟင်းကိုတော့ နည်းနည်းကလေးမှ ကျွန်တော်လျှာမတွေ့ပါ။ သည့်အတွက်လည်း စားခဲပါသည်။

ထမင်းကျန်လျှင် ထမင်းကိုဖျာပေါ်တွင်ဖြန့်ကာ အခြောက်လှမ်းသည်။ ထို ထမင်းခြောက်ကို နေ့ခင်းနေ့လယ် စကား စနေပြောကြရင်း လှော်ကာ ဆီကလေးဆမ်း။ ရေနွေးနှင့် မြည်းသည်။ သူလည်းစားလို့ဆိမ့်၏။ နောက်ပြီး အခြားဒေသများတွင် တော့ ရှိမရှိမပြောတတ်။ ကျွန်တော်တို့အရပ်တွင် သင်္ဘောပင်စည်ကို ခြစ်၊ ဆန်မှုံ့နှင့်လုံးကာ ကြော်စားသော သင်္ဘောငါးပေါင်း ကြော်မှာ အလွန်စားလို့ကောင်းသည်။ သို့သော် များများစားလျှင် တောက်တတ်သည်။ ကျွန်တော် မည်မျှသင်္ဘောငါးပေါင်း ကြော် စားသနည်းဟူမူ တနင့်တပိုးစားလည်းပြီးရော ဖျားတော့၏။

နောက် ကျွန်တော်လွမ်းလှသော အစားတစ်မျိုးမှာ ကွင်းကောက်မှာနေစဉ် စားခဲ့ရသော ဗူးသီးကြော်သုတ် ဖြစ်၏။ ကျွန်တော် အလယ်တန်းကို ကွင်းကောက်တွင် တက်နေစဉ်ကာလက ဖြစ်၏။ မိုးရာသီကုန်ပြီဆိုလျှင် နန်ကသူချောင်း ရေခန်းပြီး သောင်ခုံ ပေါ်လာပြီ။ သည်အခါ ထိုသောင်ခုံတွင် နန်ကသူကဇာတ်ရုံ ဟု ဇာတ်ရုံကြီးထိုးကာ ပွဲများ၊ ရုပ်ရှင်များ တစ်ပွဲပြီးတစ်ပွဲ ပြတော့သည်။ ပွဲဈေးတန်းမှာ အလွန်စည်လှ၏။ အနီးအနားပတ်ဝန်းကျင်မှ ပစ္စည်းအစုံ လာရောင်းကြသည်။ ထိုပွဲဈေးများတွင် ဗူးသီးကြော်ကို ပင်တိုင်ရောင်းသူမှာ ကမ်းနားတမ်းတွင်နေသူ ကြီးတော်မြကြည်၏ ခမီးခမက် (နာမည်တော့မေ့နေပြီ) တို့ ဖြစ်၏။ သူတို့ရောင်းသော ဗူးသီးကြော်များမှာ အလွန်စားလို့ကောင်းလှသည်။ အရီးက ကျွန်တော်တို့ကို ပွဲဈေးသွားရင်း ဗူးသီးကြော်ဝယ်လာခိုင်းသည်။ ဗူးသီးကြော်ကို ခရမ်းချဉ်သီး၊ နံနံပင်၊ ငြုပ်သီးစိမ်းများနှင့် ရောသုပ်သည်။ ညနေစာကို ဗူးသီးကြော်သုတ်နှင့်စားရတာ အင်မတန် စားလို့ကောင်းလှသည်။

ဤသည်တို့မှာ ကျွန်တော်လွမ်းလှသော ကျွန်တော်တို့ရွာဘက်မှ တောစာများဖြစ်၏။ အခြား အစားအစာများ ရှိသေးသော်လည်း နောက်ကြုံတော့မှ ထပ်ရေးပါဦးမည်။


အားလုံးကို ကျေးဇူးတင်ပါသည်။

အေးငြိမ်း
၁၅-၆-၂၀၁၁ ည ၁၀း၂၂ နာရီ
Blk 134A, Kang Ching Road
#03-91, S(619062)

No comments: