(၁) အချီး
၂၀၁၁ မေလထုတ် နွယ်နီမဂ္ဂဇင်း မှ ဆရာ ကိုခါး (ကွမ်းခြံကုန်း) ၏ တမာပင်တန်း၊ ဆရာမြသန်းတင့်၏ အိမ်လွမ်းဝေဒနာ နှင့် ဆရာသိန်းဖေမြင့် ၏ အမေ ကိုဖတ်ပြီး ဤဆောင်းပါးကို ရေးပါသည်။
တကယ်ဆို သည်အကြောင်းကလေး ရေးချင်နေသည်မှာ အတော်ကြာပါပြီ။ အကြောင်းအပေါင်းမသင့်သဖြင့် မရေးဖြစ်သေးခြင်းဖြစ်၏။ ယခုမူ ကိုခါး(ကွမ်းခြံကုန်း) ၏ စာကလေးဖတ်ပြီး ရေးချင်စိတ်များ တဖွားဖွားပေါ်လာသဖြင့် ကောက်ကက်ရေးလိုက်ခြင်း ဖြစ်ပါသည်။
ဆရာမြသန်းတင့် နှင့် ဆရာသိန်းဖေမြင့်တို့မှာ ကျွန်တော် အလွန်လေးစားမြတ်နိုးရသော ဆရာကြီးများ ဖြစ်သည်။ ကိုခါးက ဆရာမြ၏ တမာနုချိန်စစ်တမ်းတွင် ဆရာမြ သူရို့အညာကို လွမ်းထားပုံ၊ ဆရာ သိန်းဖေမြင့် က အညာမှ သူ့အမေအကြောင်း ကွက်ကွက်ကွင်းကွင်း သရုပ်ဖော်ထားပုံတို့ကို လွမ်းစဖွယ် တင်ပြထားပါသည်။ သူတို့က အညာသားဖြစ်၍ အညာကိုလွမ်းပေမည်။ ကျွန်တော်ကတော့ အောက်သားဖြစ်သောကြောင့် ကျွန်တော်တို့ အောက်ပြည်အောက်ရွာကို လွမ်းပါသည်။
ကံမကောင်း အကြောင်းမလှစွာ ရန်ကုန်၊ မန္တလေး စသည့် မြို့ကြီးပြကြီးများတွင် မွေးဖွားပြီး မြို့ပြများတွင်သာ ကြီးပြင်းလာကြရသူများကား တောတောင်သဘာဝ၊ ကျေးလက်၏ အလှအပ၊ ကျေးလက်နေလူထုတို့၏ အနေအထိုင် ရိုးသားမှု၊ အစားအသောက် ရိုးသားမှု၊ ၀တ်ပုံဆင်ပုံ၊ ပြောပုံဆိုပုံ ရိုးသားမှု စသည်တို့ကို စေ့စေ့ငုငု မခံစားခဲ့ကြရကား လွန်စွာမှ သနားဖွယ်ကောင်းလှပေတော့၏။ တစ်နည်းအားဖြင့်လည်း ကျေးလက်ကို လွမ်းတယ်ဆိုတာ ဘယ်လို၊ ရွာပြန်ရတဲ့အရသာဟာ ဘယ်နည်း ဆိုသည်ကို ၎င်းတို့အဖို့ ခံစား နားလည်နိုင်မည် မဟုတ်ပေ။
ကျွန်တော်ကား တောမှာမွေး၊ တောတစ်ပိုင်းမြို့တစ်ပိုင်းတွင်ကြီးပြင်းကာ မြို့တွင်နေထိုင်နေရသူဖြစ်သဖြင့် တောအရသာကော၊ မြို့ပြ မျက်စိနောက်စရာများကိုပါ စုံလင်အောင် ခံစားတတ်လေတော့သည်။
ဆရာမြက သူ့ဒေသကိုလွမ်းတာ တပို့တွဲလဆန်းမှသည် တပို့တွဲလပြည့်ကျော်ထိ ဟု အချိန်သတ်မှတ် ပြထားပါသည်။ ကျွန်တော်ကတော့ အချိန်မရှိ အချိန်ရှိ၊ လွမ်းစရာပေါ်လာသည့်အခါတိုင်း လွမ်းသည်။ တခါတလေ အစားအစာများကို စားသည့်အခါ လွမ်းသည်။ တခါတလေ သီချင်းကလေးများ နားထောင်သည့်အခါ လွမ်းသည်။ တခါတလေ သီတင်းကျွတ်လပြည့်လို အခါကြီးရက်ကြီးများတွင် လွမ်းသည်။ တခါတလေတော့ အိမ်မှာ ဘယ်သူမှ မရှိဘဲ တစ်ယောက်ထဲ နေနေရသည့်အခါ အလွန်အင်မတန် လွမ်းသည်။
ယခု စင်ကာပူတွင်နေရတော့ တရုတ်ထမင်း၊ ကုလားဟင်းများနှင့် နေ့တိုင်းနှစ်ပါးသွားနေရသည်။ သည်တော့ မကြာခဏဆိုသလို ကျွန်တော်တို့ရွာတွင် စားခဲ့ရသည့် တောထမင်း တောဟင်းများကို အရမ်းလွမ်းပါသည်။ အမှန်မတော့ ကျွန်တော်လွမ်းလှသည့် ထို တောထမင်း၊ တောဟင်းများမှာ ဟင်းကောင်းကြွေးကောင်း မဟုတ်ပါ။ သို့သော် စားနေကျ ဆိုတော့ သည်အရသာကိုပဲ သဘောကျ၊ နှစ်သက်သည်။ သည်ထမင်း၊ သည်ဟင်းကိုပင် နှစ်ပေါင်းများစွာ မြိန်ရည်ယှက်ရည် စားခဲ့သည်။ ရိုးရာအစားအစာဆိုတော့ သည်ဟင်းများကိုသာ လျှာတွေ့သည်။
(ကျွန်တော့အား အစွဲအလမ်းကြီးလှသူ ဟု သမုတ်ကြပါခင်ဗျား။ ကျွန်တော်တို့ရွာမှ ဦးရွှေဖာ ဟူသော အဖိုးကြီး တစ်ဦးကို သားထောက်သမီးခံလည်း မရှိသဖြင့် ကျွန်တော့်အဖေအပါအ၀င် ရွာလူကြီးများတိုင်ပင်ကာ မြို့မှ ဘိုးဘွားရိပ်သာသို့ ပို့လိုက်သည်။ အနေကောင်း၊ အစားကောင်း စားရပါစေ ဟူသော စေတနာနှင့် ဖြစ်သည်။ သို့သော် ဦးရွှေဖာက သခွပ်ပွင့်ဟင်းညို၊ ငြုပ်သီးထောင်းကို လွမ်းလှချည့် ဆိုကာ ဘိုးဘွားရိပ်သာမှ အုပ်ချုပ်သူများ မသိအောင် တိုးတိုးတိတ်တိတ် ရွာသို့ပြန်ပြေးလာချေတော့သည်။ ထို အဘဦးရွှေဖာကား ကျွန်တော်တို့နှင့် ဆွေမျိုးမကင်းသူဖြစ်၏။)
(၂) ငါးပိချက် ဋီကာ
ကျွန်တော်တို့တောတွင် အသားဟင်း၊ ငါးဟင်းဆိုသည်မှာ တခါတလေမှ စားရသော ဟင်းလျာဖြစ်၏။ နေ့စဉ်လိုလို ကျွန်တော်တို့စားရသော ဟင်းများမှာ ငါးပိချက် နှင့် ချဉ်ဟင်း၊ သို့မဟုတ် ဟင်းညို။ သည်မျှသာ ဖြစ်သည်။ ဟင်းစားရှားသဖြင့် ငါးပိချက်ကိုပင် အသား၊ ငါး ဘာမှ မပါဘဲချက်ရပါသည်။ ငါးပိကိုမြေပုံသီး၊ ငြုပ်သီးခြောက် စသည်တို့နှင့် ချက်ခြင်းဖြစ်၏။ သို့သော် စားနေကျ ဆိုတော့ စားလို့ကောင်းသည်။
ကျွန်တော်တို့ဘက်မှ ငါးပိမှာ (ကိုယ့်ငါးချဉ်မို့ ကိုယ်ချဉ်သည်မဟုတ်) အလွန်ကောင်းသည်။ ဆင်သေ၊ မြင်းကုန်း၊ ယင်းဆယ် ငါးပိများမှာ နာမည်ကြီးဖြစ်သည်။ မကြီးမသေးငါးများကို ချေးဖောက်ကာ ထောင်းသည်။ နောက် နေလှန်းသည်။ မျက်နှာပြင်တင်းသွားသည့်အခါ ထပ်မံထောင်းသည်။ နောက် နေပြန်လှန်းသည်။ နောက် ထပ်ထောင်းသည်။ ဤကဲ့သို့ သုံးလေးကြိမ် နေလှမ်းလိုက်၊ ထောင်းလိုက် လုပ်ပြီးသောအခါ ငါးပိကောင်းကောင်း ရပါသည်။ ဆားကို အရမ်းကာရောထည့်မထားသဖြင့် ငံတူးမနေပါ။ တောမှ မိသားစုအားလုံးလိုလို ငါးပိကို စဥ့်အိုးများနှင့် တစ်နှစ်စာ သိပ်ထားလေ့ရှိသည်။
မြေပုံသီးဆိုသည်မှာ ခရမ်းချဉ်သီးကဲ့သို့ အသီးမျိုးဖြစ်၏။ သို့သော် ခရမ်းချဉ်သီးလောက် အသားမများ။ အခွံမထူ။ အလုံးသေးသေးကလေး။ အသီးများမှာ စပျစ်သီးကဲ့သို့ အတွဲလိုက်သီးသည်။ အခွံပါးပါးကလေးနှင့် အစေ့များသည်။ ခရမ်းချဉ်သီးထက် ပိုချဉ်သည်။ သူက သီးသည့်အခါ မြေကြီးပေါ်ပုံကာ သီးသည့်အတွက် ကျွန်တော်တို့ဘက်မှ လူများက အနွတ္ထသညာ မြေပုံသီးဟု နာမည်ပေးလိုက်ခြင်း ဖြစ်ဟန်တူပါသည်။ အပင်မှာ ဖရဲပင်နှင့် ခပ်ဆင်ဆင်တူသည်။ သို့သော် ဖရဲပင်လောက် အရွက်မကြီး။ နွယ်ပင်ဖြစ်၏။ ထိုအသီးကလေးများမှာ လေးငါးလခံသည်။ မြေပုံသီးတွဲများကို ၀ါးလုံးတန်းများတွင် ချိတ်ကာ အိမ်မှ ထုပ်တန်းများတွင် ဆွဲထားသည်။ နောက်ပြီး နည်းနည်းချင်းဖြုတ်ကာ ငါးပိချက် ချက်သည်။ ၀က်သားနှင့်လည်း ရောချက်သေးသည်။
တစ်ခါတစ်လေ အစ်မကြီးတို့က ငံပြာရည်ချက် ချက်ကျွေးသည်။ ဟင်းအဆာ အထွေအထူးမပါပါ။ ငံပြာရည် ကို ကြက်သွန်နီ၊ ငြုပ်သီးများနှင့် ချက်ထားခြင်းဖြစ်သည်။ သို့သော် အရမ်းစားလို့ကောင်းသည်။ နွေဘက်ရောက်တော့ ဆောင်းတွင်းဘက်က ချိတ်ထားသော မြေပုံသီးများလည်း ကုန်ပြီ။ နွေဆိုတော့ ဟင်းချက်စရာကလည်း ရှားမှရှား။ သည်တော့ ကျွန်တော့်နှမများက ငြုပ်သီးသုပ် ဆိုတာ လုပ်သည်။ ငြုပ်သီးကို ဆားနှင့်ကြက်သွန်နီရောကာ သုပ်ထားခြင်း ဖြစ်သည်။ အသားဆိုတာ အနားမှ မကပ်နိုင်။ သို့သော် သည်ငြုပ်သီးသုပ်ကို ကျွန်တော်ကြိုက်သည်။ ကျွန်တော်က အစပ်ကြိုက်သူ ဆိုတော့ ငြုပ်သီးသုပ်ကို ထမင်းထဲမြုပ်လျှင်မြှုပ်၊ မမြှုပ်လျှင် နယ်ကာ ရှုးရှုးရှဲရှဲနှင့် စားသည်။ ချွေးတလုံးလုံးနှင့်။
ငါးပိချက်အလွန်စားလို့ကောင်းသော ရာသီမှာ ဆောင်းရာသီဖြစ်၏။ ဆောင်းတွင်းဆိုတော့ ရေများလည်း ခန်းသဖြင့် အင်းများမှ ငါးများလာရောင်းတာ ၀ယ်စားရသည်။ နောက်ပြီး ကိုင်းများမှ နံနံပင်၊ ငြုပ်သီးစိမ်း စသည်တို့ ပေါ်ပြီ။ ခရမ်းချဉ်သီးများ လှိုင်လှိုင်ပေါသည်။ သည်တော့ ငါးပိချက်ကို ကျကျနန ချက်နိုင်သည်။ အခြားဘာဟင်းမှ မပါစေကာမူ သည်ငါးပိချက်တစ်မျိုးထဲနှင့်ပင် ထမင်းစားနိုင်ပါသည်။ ငါးပိချက်ကို လက်ကြားယိုအောင်ဆန်းကာ ပယ်ပယ်နယ်နယ် နယ်စားရသောအရသာမျိုး စင်ကာပူတွင် မရနိုင်တော့တာ ကျွန်တော့်အတွက်တော့ အင်မတန် ၀မ်းနည်းစရာ ကောင်းလှပါတော့သည်။
မိုးတွင်းဘက်တွင်လည်း ငါးပိချက်ကောင်းသည်။ အဘယ်ကြောင့်ဆိုသော် မိုးတွင်းဘက်တွင် တောင်ယာ လုပ်ကြသည်။ တောင်ယာများမှ ခရမ်းချဉ်သီး၊ ငြုပ်သီးစိမ်း၊ နံနံပင် ထွက်သောကြောင့် ဖြစ်၏။ တောင်ယာခရမ်းချဉ်သီး ၊ ငြုပ်သီးစိမ်း ငါးပိချက်သည်လည်း စား၍မရိုးနိုင်သော ဟင်းတစ်မယ် ဖြစ်ပါသည်။ သည်တွင် မသိသူများအတွက် မေးစရာ ဖြစ်လာသည်။ အနို့ ခုနက ဆောင်းတွင်းမှာလဲ ခရမ်းချဉ်သီး၊ ငြုပ်သီးစိမ်း၊ နံနံပင်။ အခု မိုးတွင်းမှာလဲ ခရမ်းချဉ်သီး၊ ငြုပ်သီးစိမ်း၊ နံနံပင်။ မင်းဟာ ဘာကွာသလဲကွာ ဟု မေးရပါမည်။
ကွာပါ၏။ မိုးတွင်းဘက် တောင်ယာမှထွက်သော ငြုပ်သီးစိမ်း အရသာနှင့် ဆောင်းတွင်းဘက် ကိုင်းမှ ထွက်သော ငြုပ်သီးစိမ်း အရသာ မတူပါ။ ငြုပ်သီးမှန်လျှင် စပ်သောအရသာ ရှိသည်။ ဒါဖြင့် ဘာများကွာသလဲဟု မေးလာပါမူ ကျွန်တော်မဖြေတတ်ပါ။ ငြုပ်သီးအရသာ ကွာတာသာ သိပါသည်။
နောက်ပြီး ကိုင်းမှထွက်သော ခရမ်းချဉ်သီးမှာ ယခု မိတ်ဆွေတို့ NTUC တွင်တွေ့နေရသော ခရမ်းချဉ်သီးမျိုး ဖြစ်ပါသည်။ သို့သော် တောင်ယာမှထွက်သော ခရမ်းချဉ်သီးမှာ အနီမဟုတ်။ အစိမ်းရောင် မာမာ လုံးလုံးကလေး ဖြစ်၏။ ခရမ်းဂျွတ်သီးနှင့် ဆင်ပါသည်။ သို့သော် သူက ချဉ်သည်။ ကျွန်တော်တို့နှင့် သိပ်မဝေးသော မြို့ပြမှ လူများကတော့ ဆင်ခရမ်းချဉ်သီးဟု ခေါ်သည်။ ထိုအသီးမှာ ငါးပိချက်ချက်လျှင် အလွန်စားလို့ကောင်းလှသည်။ ထို့ပြင် မိုးတွင်းဆိုတော့ လယ်ထဲ ချောင်းထဲမှ ဖား၊ ငါး၊ ငါးရှဥ့်၊ ပုဇွန်လုံး စသည်တို့ရသည်။ ငါးပိချက်ထဲမှ ငါးကို ငါးချည်းသီးသန့်ချက်သော ငါးဟင်းထက် ကျွန်တော်တို့က ပိုကြိုက်၏။ ထိုငါးပိချက်နှင့် ဆယ်စုနှစ်ပေါင်းများစွာ ကွားဝေးနေရသည့် ကျွန်တော် ကိုယ့်ကိုယ့်ကိုယ်ပင် သနားမိပါတော့သည်။
နောက်ပြီး ငြုပ်သီးထောင်းလည်း စားလို့ကောင်းပါသေးသည်။ ကျွန်တော်တို့ ငြုပ်သီးထောင်းမှာ ရခိုင်ငြုပ်သီးထောင်းနှင့် ခပ်ဆင်ဆင်ဖြစ်၏။ တူတော့မတူပါ။ ငြုပ်သီးအခြောက်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ စသည်တို့ပါသည်။ အခြားဘာတွေပါပြီး ဘယ်လိုထောင်းမှန်း ကျွန်တော် သေသေချာချာမသိပါ။ အသားရသည့်အခါများတွင် ကြက်သားပြုတ်ကာ ထည့်ထောင်းပါသည်။ သို့သော် ကြက်သားမပါလည်း စားလို့ကောင်းပါသည်။
နောက်ပြီး ငါးပိသုပ်လည်း လုပ်စားကြပါသေးသည်။ ငါးပိကိုကင်ပြီး ကြက်သွန်နီနှင့်သုပ်စားခြင်း ဖြစ်ပါသည်။ အခြား ငါးပိဟင်းများနှင့် ကွာသည်မှာ ငါးပိသုပ်တွင်သုံးသော ငါးပိက မျှင်ငါးပိခေါ် စိမ်းစားငါးပိ ဖြစ်ပါသည်။ မျှင်ငါးပိကို သစ်သား ယောင်းမတွင်ကင်ကာ ကြက်သွန်နီ၊ ဆား၊ ဆီတို့နှင့် သုပ်စားခြင်းဖြစ်သည်။ သူလည်း တစ်မျိုးစားလို့ကောင်းပါသည်။
မိုးတွင်းဘက်၌ ကောက်စိုက်သမများ၊ လယ်ထွန်သားများကို ကျွေးသော မြေစလောင်းဖုံးတွင် ငြုပ်သီးနှင့် ငါးပိကို ရောကာ ကင်ထားသည့် ငါးပိကင်သည်လည်း စားလို့ထမင်းမြိန်လှပါသည်။ သည်ငါးပိကင်ကို အောက်မေ့လှသဖြင့် ယခင် တစ်ခေါက် ရန်ကုန်ပြန်စဉ်က မမကို လုပ်ကျွေးခိုင်းပါသည်။ သို့သော် ကန်သင်းပေါင်ပေါ်မှ မြက်ခင်းပေါ်တွင် ထိုင်ကာ စားခဲ့ရ သည့် အရသာမျိုးပြန်မရတော့ပါ။ ယခုက ရန်ကုန်မှ တိုက်ခန်းတွင် စားရခြင်းဖြစ်သည်။ အစားအသောက်များ တစ်မျိုးပြီး တစ်မျိုး စားနေရသဖြင့် သည်ငါးပိကင်၊ လျှာမတိုးတော့ခြင်း ဖြစ်နိုင်ပါသည်။ တောမှာတုံးကတော့ ဘာဆို ဘာကမှ စားစရာ မရှိ။ မနက်အစောကြီးကတည်းက ထမင်းကြမ်းလွေးခဲ့ရသည်ဖြစ်ရာ ဗိုက်ဆာဆာနှင့် စားလိုက်ရသော ငါးပိကင်မှာ (အခြားလည်း ဘာဟင်းမှမပါသဖြင့်) ရန်ကုန်မှ နီလာဒန်ပေါက်ထက် ပိုပြီး အရသာရှိပါသည်။
သည်တော့ ကျွန်တော် ဘိုးတော်ဦးဝိုင်းကို သွားသတိရမိသည်။ ဘိုးတော်ဘုရားဘ၀မရောက်ခင်က ဦးဝိုင်းမှာ အနိမ့်စံဘ၀နှင့် တောအနှံ့လျှောက်သွား ပုန်းအောင်းနေရသည်။ ထိုအခါ သူ့မိဖုရားကြီးက တောဟင်းလျာ အမျိုးမျိုး ချက်ပြုတ် ကျွေးမွေး၏။ သည်ဟင်းလျာများထဲတွင် ဦးဝိုင်းသဘောကျသောဟင်းမှာ ပဲကုလားဟင်း ဖြစ်၏။
ဘိုးတော်ဘုရားဘ၀ရောက်လာတော့ ဦးဝိုင်းလည်း အနိမ့်စံဘ၀က စားခဲ့ရသော ထို ပဲကုလားဟင်းကို လွမ်းလှသဖြင့် စားတော်ကဲများကို ချက်ကျွေးခိုင်းသည်။ သို့သော် သနားစရာဘိုးတော်ခမျာ အနိမ့်စံဘ၀က သူစားခဲ့ရသော ပဲကုလားဟင်း အရသာမျိုးကို ပြန်မရနိုင်တော့ပါ။ ရှင်ဘုရင် ဆိုတော့ အသား၊ ငါးဟင်းလျာများ အလျှံပယ်စားနေရသဖြင့် သူ့လျှာမှာ ပျက်သွား ချေပြီ။ တဆက်တည်းမှာပင် ကျွန်တော် ဦးပုည၏ ခံပွင့်ကိုလည်း သွားသတိရမိပါသည်။
ပန်းစံပယ်
နန်းအလယ်မပေါ်ခိုက်ဟာမို့
အလိုက်တော်တန်သင့်ရုံပ
ခံပွင့်ကိုကုံး။
နန်းရဝေ
မန်းမြေမှာ စံပယ်လှိုင်တော့
ခံပန်းခိုင် ယာယီရွေ့တယ်
တောလေ့ရွာသုံး။ ။
အထက်ပါ ငါးပိချက်အမျိုးအမျိုးတို့အနက် ကျွန်တော်အနှစ်သက်ဆုံး ငါးပိချက်မှာကား ငါးပိအိုးကပ် ဖြစ်လေတော့၏။ မြို့မှလူများကတော့ ဘာတဲ့၊ ငါးပိလိမ္မာချက် ထင်သည်။ ခေါ်ကြသည်။ သို့သော် သူရို့ငါးပိလိမ္မာချက်မှာ ကျွန်တော်တို့ ငါးပိချက် အိုးကပ်ကို မှီဘို့ဝေးစွ။ အနားမျှပင် မသီနိုင်ပါ။
ငါးပိအိုးကပ်ကား တော်ရုံတန်ရုံလူ ကပ်တတ်သည်မဟုတ်။ ကပ်တတ်သည်ဖြစ်စေ။ ကပ်နည်းကိုပင် သိသည် ဖြစ်စေ။ အရသာချင်းကတော့ မတူတာအမှန်။ ငါးပိကို ဒီဇိုင်းအမျိုးမျိုးနှင့် စေ့တကာ စုံနေအောင်ချက်တတ်သော ကျွန်တော့် အစ်မကြီးပင်လျှင် ငါချက်တဲ့ ငါးပိချက်အိုးကပ်က ၀ါးတောကွင်းကလူတွေ ကပ်တာလောက် စားမကောင်းဘူးဟဲ့ ဆိုကာ ၀ါးတောကွင်းမှ ငါးပိချက်အိုးကပ်ကို လူကြုံနှင့် တကူးတက မှာစားရသော ဟူ၏။
ကျွန်တော်နှင့် နှစ်ပေါင်းများစွာ နှစ်ပါးသွားခဲ့ရသော အခြားဟင်းလျာတစ်မျိုးမှာ ငါးပိကြော် ဖြစ်ပါ၏။ မြန်မာမှန်လျှင် ငါးပိကြော်နှင့် မကင်းနိုင်။ ငါးပိကြော်မကြိုက်လျှင် မြန်မာမစစ်။
ငါးပိကို ကြွပ်နေအောင်ကြော်ထားရတယ်။ နောက်ပြီး ကြက်သွန်နီကိုလည်း မနည်းစေနဲ့။ သူ့ကိုလည်း သပ်သပ်ကြော် ထား . . . . စသဖြင့် ကြီးတော်မြကြည်က မမကို ငါးပိကြော် ကြော်နည်း သင်ပေးနေတာ ခုထိ မျက်စိထဲမြင်ယောင် နေမိပါ သေးသည်။ ကျွန်တော် ရန်ကုန်သွားကာ တက္ကသိုလ်တက်မည်ဆိုတော့ မြန်မာတို့ထုံးစံအတိုင်း စားစရာ၊ သောက်စရာ အခြောက်အခြမ်းများ လုပ်ပေးနေစဉ် ကြီးတော်က လာပြီးပြပေးခြင်း ဖြစ်ပါ၏။ သည်တုံးက ၀ါးတောကွင်းရွာကလေးမှာ။ အိမ်မကြီးကိုလည်း ရောင်းပြီးခါစ။ ပြန်မဆောက်ရသေးဖြင့် မီးဖိုချောင်တွင်ပင် နေရသောကာလ။
ဟင်္သာတတွင်ကောလိပ် စတက်စဉ်ကတည်းက အရီးတို့က ကျောင်းပြန်တိုင်း ငါးပိကြော်ထည့်ပေးလိုက်သည်။ ထည့်ပေးသည် ဆိုသည်မှာ နည်းနည်းကလေးမဟုတ်။ ဟိုစဉ်က ကလေးနို့မှုန့်ဗူးဖြစ်သော လက်တိုဂျင်ဗူးကြီးနှင့် အပြည့် ထည့်ပေးခြင်း ဖြစ်သည်။
နောက် ရန်ကုန်မှာတက်တော့လည်း ငါးပိကြော်၊ ရေဆင်းရောက်တော့လည်း ငါးပိကြော်၊ ဖောင်ကြီးသင်တန်း လေးလခွဲသွားတက်တော့လည်း ငါးပိကြော်၊ စင်ကာပူ အလုပ်လာလုပ်ပြီဆိုတော့လည်း ငါးပိကြော်။ အခြား ဟင်းလျာများသာ ခေတ်ကာလအလိုက် ပြောင်းချင်ပြောင်းသွားရမည်။ ကျွန်တော် ဆယ်တန်းအောင်ကတည်းက စတင် စားလာခဲ့ရသော ငါးပိ ကြော်မှာမူကား ယနေ့ထိတိုင် မပြောင်းမလဲ အသုံးတော်ခံလျှက်ရှိသော ပင်တိုင်ဟင်းလျာ ဖြစ်ပါတော့၏။ ဟိုးယခင် အနှစ်အစိတ်ကျော်က ငါးပိကြော်၏ အနံ့အရသာ နှင့် သည်ကနေ့ ငါးပိကြော်၏ အနံ့အရသာမှာလည်း လုံးဝမကွာ။ တစ်ထပ်တည်းပင် ဖြစ်ပါသည်။
သည်မျှဆိုလျှင် စာရှုသူမိတ်ဆွေများ သဘောပေါက်လောက်ပါပြီ။ ကျွန်တော်တို့တောတွင် စားစရာဆို၍ သိပ် အထွေအထူးဘာမှ မရှိလှ။ ငါးပိတစ်မျိုးထဲကိုပင် နှစ်ပေါက်အောင် အမျိုးမျိုးလုပ်ကာ စားနေရသည်ဆိုသည်ကို သိနိုင်ပါသည်။
(၃) ဟင်းညိုဋီကာ
ကျွန်တော်ငယ်စဉ်က တောမှာ သောက်ခဲ့ရသော ဟင်းညို (ကျွန်တော်တို့က ဟင်းချို ဟု မခေါ်။ ဟင်းညို လို့ပဲ ခေါ်သည်။) အကြောင်းကိုလည်း မိတ်ဆွေများ သွားရေကျလောက်အောင် ဖောက်သည်ချရပါဦးမည်။
နွေရာသီ အင်မတန် ဟင်းစားရှားလှသော အချိန်များတွင် ငြုပ်သီးသုပ်နှင့် တွဲဖက်စားရန် ကျွန်တော့်အရီးများ လုပ်ပေးသော ဟင်းရေသောက်ကား အခြားမဟုတ်။ သူတို့က ကုန်းကြောင်းဟင်းညို ဟုခေါ်သည်။ ပွက်ပွက်ဆူနေသော ရေနွေးထဲသို့ ပါးပါးလှီးထားသော ကြက်သွန်နီကိုထည့်ကာ ဆား သို့မဟုတ် ငံပြာရည်ခတ်သောက်ခြင်း ဖြစ်ပါ၏။
သို့မဟုတ်ပါကလည်း မန်ကျည်းရွက်နုချိန်များတွင် အရီးက ကျွန်တော် ကစားနေရာသို့ လှမ်းအော်ပြော၏။ လူလေးရေ၊ နင့်အရီးနုနုတို့ခြံထဲက မန်းကျည်းပင်မှာ အရွက်တွေနုနေတယ်။ တစ်နပ်စာလောက် သွားခူးချေဟေ့။ ကျွန်တော် က မန်ကျည်းပင်ပေါ်တက်ကာ မန်ကျည်းရွက်နုများကို ခူးလျှက် ပုဆိုးကို အိတ်လုပ်ပြီး ထည့်လာခဲ့သည်။ အရီးတို့က သည်မန်ကျည်းရွက်နုများကို ထမင်းစားခါနီးမှ ရေနွေးပွက်ပွက်ဆူထဲထည့်ကာ ဆားခပ်လျှက် ဟင်းညို လုပ်ပါသည်။ ဒါလည်း ငယ်စဉ်က အလွန်သောက်လို့ကောင်းသော ဟင်းချို ဖြစ်ခဲ့ပါသည်။
ထို့ပြင် သည်မန်ကျည်းရွက်နုများကို ကြက်သွန်နီနှင့် သုပ်စားလို့ရပါသေးသည်။ အင်မတန် စားလို့ကောင်းသော ဟင်းလျာတစ်မျိုးဖြစ်၏။
တခါတရံတော့ လူလေးရေ၊ နင့်အမေ မိပွေးတို့ခြံထဲမှာ ဆူးပုပ်ရွက်သွားချူချေ ဟု ခိုင်းတတ်ပါသည်။ ကျွန်တော်က ဆူးပုပ်ရွက်ကို ၀ါးတံချူနှင့် မမှီမကမ်းခူးသည်။ ကျွန်တော် ခူးလာသော ဆူးပုပ်ရွက်နုများကို အရီးကဟင်းညိုလုပ်ပေး၏။ အခြား မည်သည့် အဆာပလာမှ မထည့်သည့်တိုင် ဆူးပုပ်ရွက်ဟင်းညိုမှာ ချိုပြီးမွှေးနေပါသည်။ သောက်လို့ အင်မတန်ကောင်းပါ၏။ တရုတ်ဆိုင်မှ ၁၂ မျိုးဟင်းချိုကို အရီးချက်ကျွေးသည့် ဆူးပုပ်ရွက်ဟင်းညိုလောက် ကျွန်တော်မကြိုက်ရိုး အမှန်ပါ။
သည်ဆူးပုပ်ရွက်နုများကို ကြက်ဥနှင့်ကြော်စားတာကိုလည်း ကျွန်တော်နှစ်သက်ပါသည်။ မွှေးလည်းမွှေး၊ ချိုလည်း ချို၏။
ဆောင်းတွင်းဘက်များတွင် ကျွန်တော်တို့ မောင်နှမတစ်သိုက် မနက်တိုင်း သခွပ်ပွင့်ကောက် သွားကြမြဲ ဖြစ်ပါသည်။ ကျွန်တော်တို့ မောင်နှမများဟု ဆိုရာတွင် မမ(ကျွန်တော့်အစ်မကြီး) ၊ ကျွန်တော် နှင့် မြင့် (ကျွန်တော့်အောက်မှ နှမလေး) တို့ ဖြစ်၏။ နံနက်စောစော အိပ်ယာမှထကာ တောစပ်ရှိသခွပ်ပင်ကြီးများရှိရာသို့ နွားများထက်အလျင်ဦးအောင် သွားရသည်။ သခွပ်ပွင့်ကို နွားများလည်း ကြိုက်သည်။ သခွပ်ပွင့်ကောက်ရာတွင် အပင်ပေါ်တက်ခူးရိုး ထုံးစံမရှိ။ အပင်ပေါ်မှ ကြွေကျ လာသော အပွင့်များကို ကောက်ကြခြင်း ဖြစ်သည်။
သခွပ်ပင်အောက်၌ သခွပ်ပွင့်များဖွေးနေသည်ကို တွေ့လျှင် ကျွန်တော်တို့မောင်နှမတစ်သိုက် ၀မ်းသာအားရ အော်ဟစ်ကာ အပြေးအလွှား သွားကောက်ကြသည်။ နောက်ကျနေ၍ အခြားကလေးများ သို့မဟုတ် နွားများ ဦးသွားပါက တစ်ပွင့်စ နှစ်ပွင့်စမျှသာ ရပါတော့သည်။ သခွပ်ပွင့်အရနည်းပြီဆိုလျှင် ကျွန်တော်တို့တတွေ မျက်နှာမကောင်းတော့။
သခွပ်ပွင့်ကောက်သည် ဆိုရာတွင် သခွပ်ပွင့်တစ်မျိုးထဲမဟုတ်။ သခွပ်ပွင့်ကို ဦးအောင်ကောက်ပြီး တောထဲဝင်ကာ ကညွတ်ရိုး၊ ပတတ်ရိုး၊ ၀ - ရိုး၊ ကင်းပုံညွန့်၊ ကင်မလင်းရွက်၊ ယင်းတိုက်ရွက်၊ ပတတ်စာ စသည့် သဘာဝအလျောက် ပေါက်နေသည့် တောဟင်းသီးဟင်းရွက်များကို ရှာဖွေခူးဆွတ်ပါသည်။ ကညွတ်ရိုး၊ ၀-ရိုး တို့မှာ စားလို့ကောင်းသလောက် အလွန်ရှားလှသည်။ တခါတရံ တစ်နပ်စာပြည့်အောင်ပင် မရတတ်။ ပတတ်ရိုးကတော့ ပေါသည်။ တောင်ယာများ အစပ်တွင် ခြုံကြီးများဖြစ်နေတာ တွေ့ရတတ်သည်။ တစ်ခြုံတွေ့လျှင်ပင် တစ်နပ်စာရသည်။
တောမီးလောင်ထားသည့် တောင်ပို့များတွင် တစ်ခါတစ်ရံ မှိုများလည်း တွေ့ရတတ်သေးသည်။ အထူးသဖြင့် တောမီးလောင်ပြီး မိုးတစ်ဖြိုက်နှစ်ဖြိုက် ရွာလိုက်သည့်အခါများတွင် မှိုများပေါက်လာတတ်သည်။ ၀ါးပင်များခုတ်ထားသည့် နေရာများတွင်လည်း ၀ါးရုံမှိုကို တွေ့ရတတ်သည်။ မီးလောင်ထားသော သစ်တုံးကို မိုးရေစိုလိုက်လျှင် မှိုကြွက်နား နှင့် ချွဲကျိချွဲကျိ နေသော မှိုရိရွဲ များ တွေ့ရတတ်သည်။
အစွဲကြောင့်လားတော့ မသိပါ။ တောထဲမှ သဘာဝအလျောက်ပေါက်နေသော မှိုဟင်းကား မွေးမြူရေး ကောက်ရိုးမှိုများထက် ပိုချိုသည်ထင်ပါသည်။ အခြားဘာမှ မရှိလဲမှိုတစ်မျိုးထဲနှင့်ပင် ဟင်းဖြစ်တော့၏။
မနက် ၉ နာရီကျော်လောက်ဆိုလျှင် ကျွန်တော်တို့ သခွပ်ပွင့်ကောက်ရာမှ ပြန်လာပြီ။ ယူသွားသော အဖေကြီး၏ ပုဆိုးဟောင်းကြီးကို အစလေးစ စုချည်ကာ လုပ်ထားသော အိပ်နှင့် အပြည့် တောဟင်းသီးဟင်းရွက်များ ပါလာတတ်သည်။ အိမ်ထဲမ၀င်မီပင် ဒေါ်ဒေါ်ခင်ကြိုင်ရေ၊ ဒေါ်လေးသန်းတင်ရေ၊ သခွပ်ဖျားလာဖြတ်တော့ဗျို့ ဟု လှမ်းအော်လိုက်လျှင် သူတို့ လာကာ သခွတ်ပွင့်မှ အဖျားများ ဖြတ်ယူသည်။ သခွပ်ဖျားဖြတ်ရင်း နံနက်ခင်း အတင်းပလင်းအစုံကိုလည်း နားဆင်နိုင်သည်။ ကျွန်တော်တို့ရှာဖွေလာသော ဟင်းလျာများထဲမှ သူတို့အတွက် ချက်ပြုတ်ရန် ခွဲဝေပေးလိုက်ကြသည်။ သည်ရာသီတွင် သခွပ်ဖျားနှင့်ပတတ်ရိုး ဟင်းချိုကိုမီသော အခြားဟင်းချို မရှိပါ။ ကံအားလျော်စွာ ၀-ရိုးများရလာပါက ဟင်းချိုထဲတွင် ထည့်ချက်ပါသည်။ အခန့်မသင့်လျှင် ၀-ရိုးကား အလွန်ယားလှ၏။ သို့သော် အလွန်ချိုပါသည်။
ကညွတ်ရိုးကိုမူ ကြော်စားသည်။ ကညွတ်ရိုးသည်လည်း အလွန်ချိုသည်။ ကြက်ဥ၊ ဘဲဥများနှင့် ရောကြော်သည် ဖြစ်စေ၊ သည်အတိုင်းကြော်သည်ဖြစ်စေ အလွန် စားလို့ကောင်းသည်။
သခွတ်ပွင့်မှ အဖျားများကို ဖြတ်ယူပြီး ဟင်းချိုချက်သည်။ ကျန်သည့်အရိုးများကို ခွဲကာ အခြောက်လှမ်းထားသည်။ သခွတ်ပွင့်ဝတ်ဆံများကို သီးသန့်ထုတ်ကာ နေလှမ်းသည်။ သခွတ်ပွင့်ဝတ်ဆံ အခြောက်များကို ဗူးသီးခြောက်များကို လုပ်ထားသော ဗူးများထဲတွင် ထည့်ထားသည်။ နွေရသီတွင် ထို သခွတ်ဆံခြောက်ကို ရေနွေးဖျောကာ သုတ်စားသည်။
သခွတ်ရိုးခြောက်များကို ရေနွေးဖျောကာ တို့စားလို့လည်း ရသည်။ ဟင်းချက်စားလျှင်လည်း ရ၏။
ဆောင်းအကုန် နွေအကူးတွင် အဖေကြီးက ဗူးပင်စိုက်သည်။ ထိုအခါ ကျွန်တော်က မနက်ပြန် ညပြန် ရေလောင်း၏။ ကြည့်နေရင်းမှ ဗူးပင်ကလေးပေါက်၊ ထိုမှ ထောင်ထားသော ၀ါးကပ်ကလေးပေါ်သို့ ဗူးပင်ကလေးတွားတက်လာ၊ ထို့နောက် ဗူးပင်ကြီးဖြစ်ပြီး အရွက်ဖားဖားကြီးတွေဖြစ်လာ။ မျက်စိအောက်တွင်ပင် ဗူးစေ့အညှောက်ကလေးမှသည် ဗူးစင်ကြီးတစ်ခုလုံး ပြည့်သည်ထိ ကြီးထွားလာသော ဗူးပင်ကြီးကို တွေ့ရသည်မှာ အင်မတန် ပျော်စရာကောင်းလှပါသည်။
ဗူးစင်တစ်ခု ရှိနေပြီဆိုလျှင် ဟင်းစားအတွက် ဘာမှ မပူနှင့်တော့။ ဗူးရွက်ကို ဟင်းညိုလုပ်လို့ရသည်။ ဗူးသီးကို ကြော်ချက် ချက်လို့ရသည်။ ဗူးသီးကြော်လုပ်စားလို့ရသည်။ ဗူးညွန့်များ၊ ဗူးသီးပုပ်ကလေးများကို ပြုတ်တို့လို့ရသည်။ ဗူးပင်ကြီးသွားသဖြင့် ဖြတ်ထုတ်လိုက်ရာမှ ရသော ဗူးရိုးကြီးများကို ပြုတ်တို့လို့ရသည်။ ၀က်သားပေါ်လျှင် ဗူးသီးနှင့် ရောချက်လို့ရသည်။ ကြက်သားနှင့် ဗူးသီးမှာ အင်မတန်လိုက်ဖက်သည်။ ဗူးသီးကို ဟင်းချိုလုပ်သောက်လို့လည်း ရသေးသည်။ ဗူးရွက်၊ ဗူးသီးဟင်းညိုများမှာ ကျွန်တော်တို့ငယ်စဉ်က မကြာခဏ စားခဲ့ရသော ဟင်းလျာများဖြစ်ပါ၏။ အခြား မည်သည့် အသား၊ အဆာပလာများမပါစေကာမူ သည်ဟင်းချိုများကို ကျွန်တော် အလွန်နှစ်သက်ပါသည်။
နောက်ပြီး မတ်ပဲကို အစို့ဖောက်ထားသော ပဲပင်ပေါက်၊ သို့မဟုတ် မြေပဲခင်းများတွင် မိုးတစ်ဖြိုက်နှစ်ဖြိုက်ရွာရာမှ ထွက်လာသော ပဲစို့ကြီးများကိုလည်း ဟင်းညိုချက်သောက်ပါသည်။ ကျွန်တော်ကား ပဲမှန်သမျှ အကုန်ကြိုက်သူဖြစ်ရာ သည် ပဲပင်ပေါက် ဟင်းချိုများကိုလည်း နှစ်နှစ်ခြိုက်ခြိုက် သောက်ပါသည်။
ပဲဆိုသဖြင့် ပဲနှင့်လုပ်သော ဟင်းချိုအမယ်များမှာလည်း အလွန်များပါသည်။ သည်အထဲမှာ ကျွန်တော်နှစ်သက်သော ပဲဟင်းညိုမှာ ပဲစဉ်းငုံ ထင်ပါသည်။ အစိမ်းရောင်ရှိသော ပဲကလေးများကို လှော်ကာ စကောထဲထည့်လျှက် ငြုပ်ကျည်ပွေ့နှင့် ကျိတ်လိုက်လျှင် အခွံချွတ်ပြီးသား ပဲစေ့ကလေးများ ရပါသည်။ လှော်ထားသဖြင့် မွှေးနေပါသည်။ ထိုပဲစေ့ကလေးများကို ဟင်းညိုချက်လိုက်လျှင် မွှေးပြီးချိုနေပါသည်။ အလွန်သောက်လို့ ကောင်းလှ၏။ ကျွန်တော် အကြိုက်ဆုံးဟင်းလျာများတွင် တစ်ခုအပါအ၀င်ဖြစ်သည်။
နောက်တစ်မျိုးမှာ ကုလားပဲဖြစ်၏။ ကုလားပဲဟင်းကိုမူ သောက်လဲသောက် ဆမ်းစားလို့လည်းရအောင် ချက်ပါသည်။ ကုလားပဲသည်လည်း ကျွန်တော်ကြိုက်သည့် ဟင်လျာများတွင် ပါပါသည်။ ယခုလည်း ကုလားပဲဟင်း မကြာခဏချက်စား၏။
(၄) ကျွန်တော်လွမ်းသော အခြားဟင်းလျာများ
ကျွန်တော်လွမ်းသော အခြားဟင်းလျာများအနက် တစ်မျိုးမှာ ဟင်းလေးဟင်း ဖြစ်ပါသည်။ ပြောသာပြောရသည်။ ဟင်းလေးဟင်း စားရဘို့မလွယ်တော့ပါ။ သူက ရာသီဟင်း ဖြစ်၏။ မိုးတွင်းဘက် တောင်ယာများတွင် အလေ့ကျပေါက်သော အပင်များမှ အရွက်များ၊ အသီးများကို စုကာ ချက်ခြင်းဖြစ်သည်။ ထိုအပင်နာမည်များကိုပင် မမှတ်မိတော့ပါ။ ကဒူးပင်၊ ကဏန်းပင်၊ ရုံးဗွေပင် စသည်တို့ ပါပါသည်။
ယခုအခါ လူတို့၏ မဆင်မခြင် တောဖြုန်းမှုများကြောင့် တောင်ယာလုပ်ရန် နေရာလည်း မရှိသလောက် ဖြစ်သွားပါ ပြီ။ သည်တော့ တောင်ယာမလုပ်နိုင်။ တောင်ယာမရှိသည့်အတွက်လည်း သည် အသီးအနှံများ စားရဘို့ မလွယ်တော့ခြင်း ဖြစ်ပါသည်။
နောက်တစ်ခုက သခွားချဉ်သီးသုပ် ဖြစ်၏။ သူလည်း ရာသီစာပင်ဖြစ်သည်။ မိုးတွင်းဘက် တောင်ယာထဲမှ ထွက်သော သခွားသီးကြီးများကို အမှည့်ခံ ထားလိုက်သည်။ မှည့်လုနီးအချိန် သခွားသီးကြီးများ အ၀ါရောင်သန်းလာသည့် အခါ ခွဲပြီး သုတ်စားသည်။ ထူးဆန်းသည်မှာ သခွားသီးသည် မှည့်သောအခါ ချိုရမည့်အစား ချဉ်လာပါသည်။ ဤသည့် အတွက်လည်း သုတ်စားလို့ကောင်းခြင်း ဖြစ်ပါသည်။
သခွားသီးကို ထက်ခြမ်းခွဲ။ ခြစ်။ နောက်ပြီး သခွားစေ့အခြောက်ကို လှော်ထည့်။ ငရုပ်သီးစိမ်း၊ ငါးပိကင်အနည်းငယ် တို့နှင့်ရောကာ သုပ်စားခြင်း ဖြစ်၏။ သခွားသီးသုပ်အတွင်းထည့်သည်မှာ နံနံပင်မဟုတ်။ ပင်စိမ်းရွက်ဖြစ်သည်။ သခွားသီးသုပ် နှင့် ပင်စိမ်းရွက်မှာ အလွန်လိုက်ဖက်သည်။ ပင်စိမ်းပင်ကိုတော့ ကျွန်တော်တို့ရွာမှာ အိမ်တော်တော်များများ စိုက်ထားလေ့ ရှိ၏။ ဆေးဖက်လည်း ၀င်သည်။ ကလေးငယ်များ ဖင်ခေါင်းထဲမှ သံကောင်၊ တုတ်ကောင်များ ကျလျှင် ပင်စိမ်းရွက်ကို အရည်ညှစ်ကာ ထည့်ပေးသည်။ ပျောက်၏။ ပင်စိမ်းရွက်နုနုကို ငါးပိချက်နှင့်တို့စားပါကလည်း စားလို့ကောင်း၏။ မွှေးနေပါသည်။
တခါတရံ ကျွန်တော် လွမ်းလွမ်းဆွတ်ဆွတ်ရှိသော အခြားဟင်းလျာများမှာ အလှူ၊ မင်္ဂလာဆောင်များတွင် ကျွေးသော ဟင်းများ ဖြစ်ပါသည်။
အလှူ၊ မင်္ဂလာဆောင် စသည်တို့တွင် ၀က်သားဟင်းကျွေးလေ့ရှိသည်။ အသားချည်းသီးသန့်ကျွေးတာ ရှားသည်။ များသောအားဖြင့် ဗူးသီးနှင့်ရောချက်လေ့ရှိ၏။ သို့သော် အလှူ၊ မင်္ဂလာဆောင်များမှ ၀က်သားဟင်းမှာ အလွန်စားလို့ ကောင်းသည်။ သူတို့က ၀က်သားကို မိုးဗြဲဒယ် ဟုခေါ်သော ဒယ်အိုးအကြီးကြီးများနှင့် ညကတဲက မီးအေးအေးနှင့် တစ်ညလုံး နှပ်ထားတာ ဖြစ်သည်။ သည်တော့ ဆရာတော်သံဃာတော်များကို အရုဏ်ဆွမ်းကပ်ရမည့် အချိန်တွင် ဟင်းများမှာ နူးအိနေပြီ။
ကြက်သား၊ အမဲသား စသည်တို့ကိုတော့ အလှူများတွင် ကျွေးလေ့မရှိပါ။ ကြက်သားကျွေးလျှင် ကြက်အကောင်ရေ များစွာ သတ်နေရမည်။ သို့မဟုတ်ပါကလည်း အလှူလာမည့် များပြားလှသော လူဦးရေအတွက် ကြက်အလုံအလောက် မရနိုင်တာ ဖြစ်ပါလိမ့်မည်။ ကျွန်တော်တို့ငယ်စဉ်က ကြက်ကို သီးသန့် စီးပွားဖြစ်မွေးသောသူဟု မရှိသေး။ မိမိအိမ်တွင်ပင် ကိုယ့်ဟာကိုယ် မွေး။ ကိုယ့်ဟာကိုယ် ချက်စားတာ ဖြစ်ပါသည်။ ဆွမ်းကျွေးကဲ့သို့သော အလှူသေးသေးကလေးများတွင် လောက်သာ ကြက်သားကျွေးသည်။
တတ်နိုင်သူများကတော့ အလှူတွင် ငါးခြောက်နှပ် ကျွေးတတ်သည်။ တစ်ခါက ကျွန်တော် တာတွင်းဘက်မှ ရွာတစ်ရွာ၏ အလှူသို့ ဦးကြီးဖိုးထောင်နှင့် လိုက်ကာသွားခဲ့ဖူး၏။ ဆယ်တန်းအောင်သည့် နှစ်က ထင်ပါသည်။ သည်အလှူတွင်ကျွေးသော ငါးခြောက်နှပ်နှင့် ဗူးသီးဟင်းချိုမှာ အလွန်ကောင်းလှသည်။ ကျွန်တော် ယနေ့ထိတိုင် မှတ်မိနေသေးသည်။ ရွာနာမည်တော့ မေ့နေပြီ။ ထမင်းစားပြီးသော် ဖရဲသီးများကိုလည်း အ၀ကျွေးပါသည်။ အလှူတွင် အသီးကျွေးသည်ကို ဤအလှူတစ်ခုသာ ကျွန်တော်ကြုံခဲ့ဖူးပါသည်။
နောက်တစ်ခုက အလှူငါးပိကြော် ဖြစ်၏။ အလှူငါးပိကြော်မှာလည်း အလွန်စားလို့ကောင်းသည်။ အလှူဟေ့ဆိုသည် နှင့် မဏ္ဍပ်ထိုးကာ ရွာမှကာလသမီးကလေးများက ထမင်းစားပွဲများတွင် ၀ိုင်းထိုင်ကြလျှက် ငါးပိကြော်ကြော်ဘို့ ကြက်သွန်လှီး ကြရပါသည်။ လူအများစာဖြစ်၍ ကြက်သွန်ကို အိတ်ပေါင်းများစွာ လှီးကြရခြင်း ဖြစ်သည်။
အလှူဆိုလျှင် များသောအားဖြင့် ဆောင်းနှောင်းပိုင်း၊ နွေရာသီတွင် လုပ်တာ များပါသည်။ ဆောင်းတွင်းဘက်နား နီး၍ ခရမ်းချဉ်သီးများ ပေါပေါများများရနိုင်သေးလျှင် အလှူ၌ ခရမ်းချဉ်သီးနှင့်ဗူးသီးရောချက်သော ချဉ်ဟင်းကျွေးပါသည်။ သည် အလှူချဉ်ဟင်းမှာလည်း အလွန်သောက်လို့ကောင်းသည်။
နောက်တစ်ခုမှာ အလှူမှ လဖက်သုပ်နှင့် ဂျင်းသုပ် ဖြစ်၏။ အလှူ လဖက်သုတ်နှင့် ဂျင်းသုတ်မှာ အဆာများများနှင့် သုတ်ထားသဖြင့် စားလို့အလွန်ကောင်းသည်။ သို့သော် သူက အကန့်အသတ်နှင့်ဖြစ်၏။ လူကြီးလူကောင်းများ လာလျှင်သာ ဧည့်ခံသည်။ ကလေးများကို အနည်းငယ်မှ မကျွေး။ ကလေးများမှာ လူကြီးများက ယူပေးမှ စားကြရသည်။ သည်တွင် ကျွန်တော်တို့၏ သူရဲကောင်းမှာ အရီးအေးကြိုင်ဖြစ်သည်။
အရီးအေးကြိုင်က အဖေကြီး၏ နှမ၀မ်းကွဲဖြစ်သည်။ သူတို့မှာ သားသမီးမရှိ။ သူ့မောင်ဖြစ်သူ ကျွန်တော်တို့ အဖေကို မောင်ပု၊ မောင်ပု နှင့် အလွန်ချစ်သလို ကျွန်တော်တို့မောင်နှမများကိုလည်း အလွန်ချစ်သူဖြစ်သည်။ ကျွန်တော့်ကို လူလေးဟု ခေါ်၏။ အလှူတွင် သူက လဖက်သုပ်၊ ဂျင်းသုပ် သူကြီးဖြစ်၏။ သည်တော့ ညဘက် ကျွန်တော်တို့ကလေးတစ်သိုက် အလှူမဏ္ဍပ်များသို့ သွားသောအခါများတွင် သူက ဂျင်းသုပ်ကို လက်ခုပ်နှင့်ထည့်လာကာ ကျွန်တော့်ကို တိုးတိုးတိတ်တိတ် လာပေးသည်။ လူလေး၊ လာ လာ ရော့။ ဟိုဘက်မှာ သွားစားချေ ဟု ပြောလည်းပြော ကျွေးလည်းကျွေး။ နောက်ပြီး လူမိမှာ စိုးသဖြင့် စောင့်လည်းပေးသေးသည်။ ကျွန်တော်တို့ သည်လိုစားနေတာကို တစ်ယောက်ယောက်မြင်ပြီး လာပြောသည် ဖြစ်အံ့။ သူက ရန်ထောင်ဘို့ အဆင်သင့်ဖြစ်၏။
ကျွန်တော်တို့ အိမ်မှာလည်း လဖက်သုပ်နှင့် ဂျင်းသုပ်များ လုပ်စားနေကျပါ။ ဒါပေသိ။ အလှူတွင် မ၀ရေစာ၊ ခိုးကြောင် ခိုးဝှက်စားရသော ဂျင်းသုတ်က ပိုကောင်းလှ၏။ သည်ဂျင်းသုတ်များကိုလည်း ကျွန်တော် လွမ်းပါသည်။
ဤသည်တို့မှာ အစားအသောက်နှင့် ပတ်သက်၍ ကျွန်တော်လွမ်းတာများ ဖြစ်ပါသည်။ သီချင်း နှင့် ပတ်သက်၍ လွမ်းသည်များကို ဆက်ပါဦးမည်။
အားလုံးကို ကျေးဇူးတင်ပါသည်။
အေးငြိမ်း
၁၄-၆-၂၀၁၁ သန်းခေါင်ကျော် ၀၀၃၂ နာရီ
Blk 134A, Kang Ching Road
#03-91, S(619062)
No comments:
Post a Comment