၁၂၊ ၃။ ဇာတ်တူသားစားသော မြန်မာများ
အဲဒီလို ယောင်လည်လည် ရှောက်ရှာရင်းနဲ့ ဗမာအေးဂျင့် တစ်ယောက်နဲ့ တွေ့တယ်။ အေးအေးစိုးတဲ့။ သူလည်း maid ပဲ။ သူက ဒီမှာ အိမ်ဖော်လုပ်နေတာ ဆယ်နှစ် လောက်ရှိပြီ။ သူက အိမ်ဖော်အေးဂျင့် လုပ်စားနေတာ။ လည်မှလည်။ သူက အနောက်နိုင်ငံသား အိမ်မှာလုပ်တာ ဆိုတော့ အပြင်ထွက်ခွင့်ရတယ်။ အပြင်ထွက်တုံး အိမ်ဖော် အေးဂျင့် လုပ်စား နေတာ။ သူက ဘာပြောတယ် မှတ်လဲ။ နင် S Pass ဆိုတာ လွယ်တာမှတ်လို့။ အို လုပ်လိုက်။ ငါ့ကို ပိုက်ဆံ ၅၀၀၀ ပေး။ ငါ လုပ်ပေးမယ်တဲ့။ အောင်မယ်လေး။ လွယ်လွယ်ပဲ။
သူ ပိုက်ဆံ ၅၀၀၀ ရဘို့ ကျွန်မကို ဒုက္ခနွံထဲ အတင်းတွန်းချတာ။ အဲဒါအပြင် အလုပ်ရရင် သူ့ကို လတိုင်း ၄၀၀ ပေးရမယ် တဲ့။ အဲဒါ ဟို အစ်ကိုကြီးက ခင်ဗျား၊ ရူးနေလား။ သူ့ကိစ္စ ရဲတောင် တိုင်လို့ရတယ်။ ဒီမှာ အိုနဲ့နေရင် ဘယ်လောက် အပြစ်ကြီးသလဲ ခင်ဗျားသိရဲ့လား ဘာညာနဲ့ အတင်းပြောတော့မှ နောက်ဆုတ်သွားတာ။ လူတွေဟာ အင်မတန် ကြောက်ဘို့ကောင်းတယ်။ ကိုယ်ပိုက်ဆံရမယ် ဆိုရင် သူများဘ၀ ဘယ်လို ဖြစ်ဖြစ် လုပ်ကြတာပဲ။
မှတ်ချက်။ ။ အို ဆိုသည်မှာ Overstay ကို ဆိုလိုပါသည်။ စင်ကာပူတွင် အို နှင့်နေခြင်းသည် အလွန် အပြစ်ကြီး ပါသည်။ ကြိမ်ဒါဏ် အနည်းဆုံး သုံးချက်နှင့် ထောင်ဒါဏ် တစ်လ ကျမည့်ပြင် နောင်တွင် စင်ကာပူမြေကို ခြေချခွင့် လုံးဝ မရတော့ပါ။
အဲလိုနဲ့ အေးဂျင့်က ရှာပေးတာ နောက်အလုပ်တစ်ခု ထပ်ရတယ်။ ဒါပေမဲ့ ဒီအတိုင်း ၀င်လို့မရဘူး။ ပထမ အိမ်ရှင် က အိမ်ပြောင်း လက်မှတ် မထိုးပေးတဲ့အတွက် ဗမာပြည် ပြန်ရသေးတယ်။ ဗမာပြည်မှာ ၅ ရက်ကြာတယ်။ ပြောရဦးမယ်။ အေးဂျင့် လုပ်ပုံတွေ။
အမှန်ဆို ဗမာပြည်မှာကတည်းက အေးဂျင့်ဖီး ၂၈ သိန်းပေးခဲ့ရတာ။ ဘာလို့ ခု ထပ်ဖြတ်စရာ လိုတော့မလဲ။ အဲဒါ ဒီရောက်တော့ စာချုပ်ကို အတင်းလက်မှတ် ထိုးခိုင်းတယ်။ လက်မှတ်မထိုးခင် ငါဖတ်ကြည့်ဦးမယ် ဆိုတော့လည်း အဖတ် မခံဘူး။ အဲဒါ ပထမတစ်အိမ်က အဆင်မပြေလို့ ထွက်လာတော့ အဲဒီအိမ်မှာ လုပ်ခဲ့တဲ့ အခ တစ်ပြားမှ မရဘူး။ အေးဂျင့်က ယူထားလိုက်တယ်။ အဲဒါက ဒီမှာ ထုံးစံကြီးကို ဖြစ်နေတာ။ Maid တစ်ယောက် တစ်အိမ်မှာ အဆင်မပြေလို့ ပြောင်းရင် အေးဂျင့်ဖီး ဆိုပြီး တစ်လစာ၊ တချို့ဆို သုံးလစာ ထိ ဖြတ်တယ်။
နောက်တစ်အိမ်မှာလုပ်ဖို့ စာချုပ်တော့ အဲဒီစာချုပ်ထဲမှာ အဲဒီလို အိမ်ပြောင်းတဲ့ အတွက် လေးလစာ အဖြတ်ခံပါ့ မယ် ဆိုပြီး ရေးထားတယ်။ ကျွန်မက စာချုပ်ကို အတင်းယူ ဖတ်ကြည့်လို့ သိရတာ။ သူတို့က စာချုပ်ကို အတင်းလက်မှတ် ထိုးခိုင်းတယ်။ ကျွန်မက ငါ ဘာလို့ထပ်ပေးရမလဲ ဗမာပြည်မှာ အေးဂျင့်ဖီး အပြီးပေးခဲ့ပြီးမှပဲ ဆိုတော့ သူတို့က ဗမာပြည်မှာ ပေးခဲ့တာက ဗမာအေးဂျင့်နဲ့ပဲ ဆိုင်တယ်။ သူတို့နဲ့ မဆိုင်ဘူး တဲ့။
နောက်အိမ်ရောက်တော့ လခ ၃၂၀ ရတယ်။ အဲဒီအိမ်မှာ လုပ်ခဲ့တဲ့ လေးလစာကို အေးဂျင့်ကို ပေးလိုက်ရတယ်။ ကိုယ် တစ်ပြားမှ မရဘူး။ သူတို့ကို လေးလ အလကား လုပ်ပေးလိုက်ရတာပေါ့။
အဲဒီအိမ်မှာက အပျိုကြီးနဲ့ နေရတယ်။ ကလေးတွေရှိပေမဲ့ သူတို့ကျောင်းသွားတာနဲ့ အားသွားတာပေါ့။ နေ့ခင်း အိပ်ချင်လည်း အိပ်လို့ ရတယ်။ အဆင်ပြေတယ် ဆိုပါတော့။ ဒါပေမဲ့ ကျွန်မ သူ့မောင်အိမ်နဲ့ နှစ်အိမ်စာ သန့်ရှင်းရေး လုပ်ပေးရတယ်။ သူ့မောင်အိမ်မှာကတော့ အိမ်သားများတယ်။
မှတ်ချက်။ ။ Maid တစ်ဦးကို သူကိုင်ဆောင်ထားသော ပါမစ်ပေါ်တွင် ဖော်ပြထားသော အိမ်မှလွဲ၍ အခြားအိမ်များ ၌ လုပ်ခိုင်းပိုင်ခွင့် မရှိပါ။ ဤသို့ ခိုင်းပါက MOM (Ministry of Manpower) သို့ တိုင်လို့ရပါသည်။ သို့သော် အိမ်ဖော် ဆိုသည်မှာ ဥပဒေအကြောင်း နားမလည်သည့်ပြင် ပညာအခြေခံ နည်းသူများလည်း ဖြစ်သဖြင့် ဤသို့ တိုင်ရကောင်းမှန်း မသိသလို ရုံးပြင် ကန္နားသွားရမည် ကိုလည်း အလွန်ကြောက်တတ်ကြရကား ဤအချက်ကို အခွင့်ကောင်းယူ၍ စင်ကာပူ မှ အိမ်ရှင်များသည် မိမိအိမ်သာမက မိမိ၏ မိဘ၊ ဆွေမျိုးများအိမ်ကိုပါ သွားလုပ်ခိုင်းလေ့ ရှိပါသည်။ ဤကိစ္စကို မည်သူမျှ အရေးယူ ဆောင်ရွက်ပေးမည့်သူလည်း မရှိပါချေ။
ရည်ညွှန်း။ ။Employment of Foreign Manpower Act (Chapter 91A) ၏ First Schedule အပိုဒ် ၂။
သူတို့က အရမ်းရိုင်းတယ်။ တစ်ခုခု ပြချင်ရင် ခြေထောက်နဲ့ပြတယ်။ မကျေနပ်လို့ ရှိရင် ခြေထောက်နဲ့ လှမ်း ကန်တယ်။ အတော့်ကို သည်းညည်းခံရတယ်။ ဒါပေမဲ့ ကျွန်မက ဘာမှ ပြန်မပြောတော့ သူတို့ နောက်တော့ ဆင်ခြင် သွားပါတယ်။ ကျွန်မကို သဘောကျတော့ ခုထိ ကျွန်မနဲ့ အဆက်အသွယ် ရှိတုံးပဲ။ နှစ်သစ်ကူးတွေမှာ မုံ့တွေ ခေါ် ပေးတယ်။ သွားမယူဖြစ်ရင်တောင် ချန်ထားပေးတယ်။
ကံကောင်းတော့ အဲဒီ ကျွန်မလုပ်ရတဲ့ အိမ်မှာက တစ်နေကုန် အိမ်မှာ လူမရှိဘူး။ လွတ်လပ်တယ်။ သူတို့က နေ့ခင်း နေ့လည်မှာ ညနေစာ ဟင်းချက်ဖို့ ၀ယ်ခိုင်းတယ်။ အဲဒီလို ဟင်းစားထွက်ဝယ်ရင်း စပ်စပ် စပ်စပ်နဲ့ ရှောက်ကြည့် တယ်။ ရှောက်ကြည့်ရင်းနဲ့ အင်္ကျီချုပ်ဆိုင် တစ်ဆိုင်နဲ့ အဆက်ရတယ်။ သူ့ဆီက အပ်ထည်တွေ လက်ခံပြီး ချုပ်တာ တစ်ထည်ကို ၂ ကျပ်ရတယ်။ ကုလားဆိုင်။ ဘော်ကြယ်တွေ ထိုးတာ။ သူ့ဆီက အထည်တွေယူ။ နေ့ခင်းဘက် ချုပ်။ ခိုးချုပ်ရတာပေါ့။ ကံကောင်းချင်တော့ အိမ်ရှင်ကလည်း အဲဒီလို ချုပ်တာ မမိဘူး။
အဲဒီ အင်္ကျီချုပ်တဲ့ ပိုက်ဆံက တစ်လကို ၅၀၀ - ၆၀၀ လောက် ၀င်တယ်။ ကျွန်မက ကောင်းကောင်းလေး ချုပ်ပေးတယ်။ လက်ရာသေသပ်တော့ သူတို့ သဘောကျတယ်။ အဲဒီတော့ ကျွန်မ အင်္ကျီတွေ အပ်ပြီဆိုရင် အမြဲ ၅၀ - ၁၀၀ ပိုပေးလေ့ ရှိတယ်။ အဲဒီပိုက်ဆံတွေ စု။ စိတ်ထဲမှာတော့ S Pass လျှောက်ဖို့ပဲ အားခဲထားတာ။
အဲဒီအိမ်မှာ ၁၃ လ ကြာတယ်။ အိမ်ရှင်တွေကတော့ ကျွန်မကို သဘောကျတယ်။ မပြန်စေချင်ဘူး။ ဒါပေမဲ့ ကျွန်မ ကလည်း ဒီအတိုင်းချည်း အမြဲ လုပ်မနေနိုင်ဘူးလေ။ ကိုယ့်ဘ၀ တိုးတက်လမ်း ရှာရမှာပေါ့။ အဲဒါနဲ့ အလုပ်ထပ်ရှာတယ်။ ဟို အစ်ကိုကြီးကလည်း နင် ထွက်မယ် ဆိုရင် ၂ နှစ်မပြည့်ခင် ပြန် ဆိုတာနဲ့ လက်ထဲမှာလည်း ပိုက်ဆံလေး နည်းနည်း စုမိ လာတော့ အလုပ်က ထွက်လိုက်ပြီး မြန်မာပြည် ပြန်သွားတယ်။
နောက်ပြီး အေးဂျင့်က အိမ်ပြန်ရင် လေယာဉ်လက်မှတ် ၀ယ်ဘို့လို့ ဆိုပြီး တစ်လကို ၅၀ ထပ်ဖြတ်သေးတယ်။ ဆိုလိုတာက လခ ၃၂၀ ဆိုပေမဲ့ တကယ်တန်း ကျွန်မရတာ တစ်လကို ၂၇၀ ပဲ ရတယ်။ တကယ်ဆို တစ်လ ၅၀ နဲ့ ၁၃ လ ဆို ၆၅၀။ လေယာဉ်လက်မှတ်ခက လွန်ရော ကျွံရောမှ ၂၀၀ ကျော်ပဲ ရှိတာ။ ပိုတဲ့ပိုက်ဆံ တစ်ပြားမှ ပြန်မပေးဘူး။ သူတို့ အကုန်ယူထားလိုက်တယ်။ အရမ်းနစ်နာတယ်။
မှတ်ချက်။ ။ Work Permit ကိုင်ဆောင်ထားသူထံမှ အလုပ်ရှင် သို့မဟုတ် အေးဂျင့်များသည် မည်သည့် အကြောင်းနှင့်မျှ လခကို ဖြတ်ပိုင်ခွင့် မရှိကြောင်း ဥပဒေနှင့် ပြဌာန်းထားပါသည်။
ရည်ညွှန်း။ ။Employment of Foreign Manpower Act (Chapter 91A) ၏ First Schedule အပိုဒ် ၂၀၊ ၂၁ နှင့် ၂၂
ထို့ပြင် မိမိအလုပ်သမားတစ်ဦးကို နေရပ်ပြန်ပို့လျှင် လေယာဉ်စရိတ်ကို အလုပ်ရှင်မှ ကျခံရမည် ဖြစ်ပါသည်။
ရည်ညွှန်း။ ။Employment of Foreign Manpower Act (Chapter 91A) ၏ First Schedule အပိုဒ် ၁၀။
အေးဂျင့်တွေက Maid တွေနဲ့ ဘယ်လို လုပ်စားနေသလဲ ဆိုတာ ပြောရဦးမယ်။ သူတို့က မကောင်းတဲ့၊ ဆိုးတဲ့ အိမ်ရှင်တွေကို သိထားတယ်။ အဲဒီ အိမ်ကိုပို့လိုက်ရင် သေချာပေါက် အိမ်ပြောင်းကြမှာပဲ ဆိုတာ သိနေတော့ အဲဒီ အိမ်ကို ပဲ တစ်ယောက်ပြီး တစ်ယောက် ပို့တယ်။ မနေနိုင်လို့ အိမ်ပြောင်းရင် ပြောင်းတဲ့လူဆီက တစ်လစာကနေ သုံးလစာ ထိ ဖြတ်တယ်။ ဆိုတော့ တစ်လအတွင်းမှာ နှစ်ယောက်လောက် ပြောင်းရင် သူတို့က အိမ်ဖော်နှစ်ယောက်ရဲ့ လစာကို သပိတ် ၀င် အိတ်ဝင် ရပြီးသား ဖြစ်သွားရော။ အိမ်ဖော်တွေ မနေနိုင်လို့ များများပြောင်းလေ၊ သူတို့အတွက် ကိုက်လေ။ အဲဒီ ကိစ္စ တွေ ဘယ်သူမှ မသိဘူး။ ဘယ်သူမှလည်း အရေးမယူဘူး။ အိမ်ဖော်တွေမှာပဲ လှိမ့်ခံနေရတာ။ ကိုယ်ရတာက တော်တော်၊ သူတို့ကို ပေးရတာက များများ ဖြစ်နေတယ်။ တစ်အိမ်ပြောင်းတဲ့ အခါတိုင်း အေးဂျင့်ခ အသစ် ထပ် ထပ်ယူတယ်။ ကိုယ်လုပ်သမျှ သူတို့အတွက်။ တစ်ချို့အေးဂျင့်တွေဆို ဆယ်လစာထိ ဖြတ်တယ်။ ပြီးရော။
ဒီမှာ အိမ်ဖော် လုပ်ဖို့အတွက် အင်္ဂလိပ်စာ စာမေးပွဲ ဖြေရတယ်။ ဘာမှတော့ မခက်ဘူး။ ဒါပေမဲ့ အင်္ဂလိပ်စာမှ မတတ်ရင်တော့ သေချာပေါက် ကျမှာပဲ။ အဲဒီစာမေးပွဲ မအောင်ရင် မြန်မာပြည်ကို ပြန်ရတယ်။ မင်း ဒီအလုပ်လုပ်ဖို့ မသင့် တော်သေးဘူး။ ပြန်လေ့လာလိုက်အုံး ပေါ့။ လေယာဉ်စရိတ်က ကိုယ်ပဲပေးရတာ ဆိုတော့ အဲဒီမှာတင် ပိုက်ဆံက ကုန်လှ ပြီ။
ဒါပေမဲ့ လူတွေကလည်း ပြောလို့မရဘူးလေ။ မြန်မာပြည်မှာ လုပ်ရင် လေးငါးသောင်းအပြင် ပိုမရနိုင်ဘူး။ ဒီလာ လုပ်ရင်တော့ တစ်သိန်းခွဲ နှစ်သိန်းလောက် ရမလားပေါ့။ အဲဒါ မက်ပြီး လာကြတာ။ ဒါပေမဲ့ အဲဒီ တစ်သိန်းခွဲ နှစ်သိန်း မရခင် အေးဂျင့်ခ ပေးရတာတွေ၊ ခုနလို အိမ်ပြောင်းတဲ့အတွက် လခကို ဖြတ်လိုက်တာတွေ ဘယ်သူမှ မသိကြဘူး။ ဒီလာ ရ ပြီးရော ဆိုပြီး လာကြတာ။ ပြောပြမဲ့ သူလည်း မရှိဘူး။ ကိုယ့်အဖြစ် လူသိမှာ စိုးတဲ့အတွက် သိတဲ့သူတွေကလည်း ပြော မပြကြဘူး။ ဘွဲ့ရပြီး အိမ်ဖော်နဲ့ လာလုပ်နေတဲ့သူတွေကို အများကြီး။ ဒါတွေ ဘယ်သူမှ မသိဘူး။
ခုတော့ ကျွန်မ သိသွားပြီ။ ဒီတော့ အိမ်ဖော်ကောင်မလေးတွေ မတရား လုပ်ခံရရင် MOM ကို လိုက်တိုင်ပေး တယ်။ ခု ကျွန်မ တိုင်ပေးတဲ့ ကောင်မလေးတွေကို မနည်းဘူး။ သူတို့ကို အမှုမပြတ်ခင် MOM က တစ်နေ့ကို တစ်ဆယ် ပေးထားတယ်။ အစားကျွေး၊ နေစရာပေးထားတယ်။ Punggol ဘက်မှာ။ Maid ထဲမှာ မြန်မာတွေ မျက်နှာအငယ်ဆုံးပဲ။ ဘယ်သူမှ လာကြည့်ဖော်မရဘူး။ သူများနိုင်ငံတွေဆို သူတို့သံရုံးက လိုက်လုပ်ပေးတယ်။
ဒုတိယအိမ်မှာ ၁၃ လကျော်လုပ်ပြီးတော့ အဖိုးသေလို့ ဆိုပြီး မြန်မာပြည် ပြန်သွားတယ်။ သူတို့ကတော့ ပြန်မလွှတ်ချင်ဘူး။ မြန်မာပြည်မှာ ၆ လကျော်ကြာပြီးမှ ဒီအလုပ်ရလို့ ပြန်လာတာ။ ကျွန်မ အလုပ် အဆင်မပြေလို့ စင်ကာပူနဲ့ မြန်မာပြည် သွားလိုက်ပြန်လိုက် လုပ်ရတာ စုစုပေါင်း ၇ ခေါက် ကျတယ်။
များသောအားဖြင့်တော့ ကိုယ် စင်ကာပူမှာ ဘာတွေ ဖြစ်ခဲ့တယ် ဆိုတာ ရှက်တာနဲ့ ဘယ်သူမှ ပြန်မပြောကြဘူး။ ကိုယ့်အိမ်က စိတ်မကောင်းမှာ စိုးလို့ အကုန်လုံးက အဆင်ပြေတယ် လို့ပဲ ပြောကြတာပဲ။ ဖြစ်သမျှ ကိုယ့်ဟာကိုယ် ကြိတ်ခံ။ ကျွန်မ ခုလို ဖွင့်ပြောတာကို သူငယ်ချင်းတွေက ပြောတယ်။ နင်ဘာလို့ ဒါတွေ လျှောက်ပြောနေတာလဲ။ နင်ပဲ အရှက်ကွဲမှာပေါ့ တဲ့။ နို့ အရှက်ကွဲရအောင် ကျွန်မ မဟုတ်တာ လုပ်နေတာမှ မဟုတ်တာ လို့။ သူတို့လုပ်တာ ကိုယ်ခံနေ ရတာ။ ဒီလို မပြောရင် ဘယ်သူမှ သိမှာ မဟုတ်ဘူး။ ဟုတ်တယ် မို့လား။ ဒါပေမဲ့ တော်တော်များများကတော့ လုံးဝ မပြော ဘူး။
ခုဆို မြန်မာmaid တွေ အရမ်းလာတာပဲ။ အေးဂျင့်တွေမှာ ပေါ်တင်ကို ကြေငြာနေပြီ။
ဆိုးတာက တချို့က ကိုယ် အိမ်ဖော်အလုပ်နဲ့ လာမှန်းကို မသိကြဘူး။ သိတဲ့သူတွေကလည်း အိမ်ဖော်အလုပ် ဆိုတာ ဘာတွေလုပ်ရမလဲ မသိဘူး။ ကိုယ့်အိမ်မှာလို နည်းနည်းပါးပါးပဲ လုပ်ရမယ် ထင်တာပေါ့။ ဖိလစ်ပိုင်က လာတဲ့ သူတွေကျတော့ သင်တန်းပေးလိုက်တာ။ ဖုံစုပ်စက်ကို ဘယ်လို သုံးရမယ်။ အ၀တ်လျှော်စက် ဘယ်လို သုံးရမယ်။ သန့်ရှင်းရေး ဘယ်လိုလုပ်ရမယ်။ ကလေးပြုစုတာ။ ယုတ်စွအဆုံး။ မိုးလင်းလာရင် သူတို့ကို မောနင်း (Morning) လို့ နှုတ်ဆက်တာကအစ။ ကျွန်မတို့က မသိတော့ နှုတ်မဆက်ဘူး။ ဒီတော့ သူတို့က ဗမာတွေက ရိုင်းတယ် လို့ ထင်ရော။ ကျွန်မတို့ကျ ဘာသင်တန်းမှ မရှိတော့ ဘာမှ မသိဘူး။ အဲဒီ တော့ သူများတွေနဲ့ ယှဉ်လိုက်ရင် အရမ်းမျက်နှာငယ်တယ်။
နောက်ပြီး ဖိလစ်ပင်းနဲ့ အင်ဒိုကောင်မလေးတွေက ရဲတယ်။ ကြောက်ဆုတ်ကြောက်ဆုတ် မရှိဘူး။
၁၂၊ ၄။ ကျောင်းတက်ရန် စုံစမ်းခြင်း နှင့် အလိမ်ခံရပြန်ခြင်း
ဆိုပါတော့၊ မြန်မာပြည် ပြန်ရောက်သွားတော့ သူငယ်ချင်းတွေက စင်ကာပူပြန်သွားဘို့ ဆို ၆ လစောင့်ရ မယ်တဲ့။ ဒါနဲ့ ကျွန်မ ၆ လပြည့်အောင် စောင့်နေရင်း ကျောင်းတက်ဘို့ လိုက်စုံစမ်းတော့ အဲဒီမှာ seminar ပေးတာတွေ တွေ့တော့ သွားတက်တယ်။ များသောအားဖြင့် informatics က လာပေးတာပဲ။ သူက ကျောင်းလခ ၈၀၀၀ တဲ့။ ကျောင်းက ကျောင်းသားခေါ်ပေးတဲ့လူ ဆို ၅၀% ပေးတယ် တဲ့။ ဆိုတော့ ကျောင်းလခ ၈၀၀၀ ဆိုရင် အေးဂျင့် က ၄၀၀၀ ရတယ်။
ကြုံလို့ပြောရဦးမယ်။ ကျောင်းအေးဂျင့်တွေလည်း ဆိုးတာပဲ။ အဲဒီ ကျောင်း အေးဂျင့် အမျိုးသမီး နာမည်က သီရိနိုင် တဲ့။ သူ့ရုံးခန်းက အလုံမှာ ။ စင်ကာပူမှာတော့ သူတို့ လင်မယား နှစ်ယောက်စလုံး Clementi မှာနေတယ်။ အဲဒီ အမျိုးသမီးဆို တော်တော်ဆိုးတယ်။ ကျွန်မနဲ့ စတွေ့တုံးကဆို ကျွန်မ ကျောင်းတက်ဖို့ ဆွယ်နေတာ ရွှန်းရွှန်းကို ဝေနေတာပဲ။ ဒါပေမဲ့ ကျွန်မက ဒုက္ခတွေနဲ့ တိုးပြီး စင်ကာပူက ပြန်လာခါစ ဆိုတော့ လက်ထဲမှာ ပိုက်ဆံက မရှိဘူး။
နောက်ပြီး ကျွန်မ စင်ကာပူသွားတယ် ဆိုတာ အိမ်က ချမ်းသာလွန်းလို့ သွားတာ မဟုတ်ဘူး။ အေးဂျင့်ဖီး ၂၈ သိန်းကို ကိုယ့်ဟာကိုယ် ရှာပြီး သွားရတာ။ ဆိုတော့ ကျွန်မက ကျောင်းတက်ဖို့ ပိုက်ဆံမရှိဘူး လို့ သူ့ကို ပွင့်ပွင့်လင်းလင်း ပဲ ပြောတာပေါ့။ သူက နင် Informatics တက်ဖို့ ပိုက်ဆံ မရှိရင် S.A မှာ တက်တဲ့။ ကဲ တက်တာတော့ ဟုတ်ပါပြီ။ ပိုက်ဆံ သွင်းပြီးမှ ကျောင်းတက်ဖို့ approve မဖြစ်ရင် ဘယ့်နှယ်လုပ်မလဲ ဆိုတော့ စိတ်သာချပါ။ Approve မဖြစ်ရင် ပိုက်ဆံ အားလုံး ပြန်အမ်းမယ် တဲ့။ သူ့ဟာနဲ့ သူတော့ ဟုတ်နေတာပဲ။
အဲဒါနဲ့ ကျွန်မလည်း သူတို့အပြောကောင်းလို့ ကျောင်းအပ်ဖို့ ပိုက်ဆံ သွင်းလိုက်ပြန်ရော။ S.A တဲ့။ ကျောင်းက Aljuni မှာ။ Account တက်ဖို့ ပိုက်ဆံသွင်းတာ။ ကျောင်းလျှောက်ဖို့က S.PR တစ်ယောက်ယောက်က sponsor လက်မှတ် ထိုးပေးရတယ်။ အဲဒီတော့ သူတို့လင်မယား နှစ်ယောက် တစ်ယောက်တစ်ပြန်စီ လှည့်ထိုးပေးနေကြတာပဲ။ အဲဒီလို လက်မှတ် ထိုးပေးတဲ့အတွက် သူတို့က ၃၀၀ ယူတယ်။ ဒါပေမဲ့ သူတို့က ပိုက်ဆံသာ ယူတာ၊ ဘာမှ လုပ်ပေးတာ မဟုတ်ဘူး။ ကျောင်းတက်ခွင့် ရပြီ ဆိုတာနဲ့ နည်းနည်းမှ လှည့်မကြည့်တော့ဘူး။
ဗမာပြည်တုံးက ကျွန်မတို့ ကျောင်းအပ်ဖို့ ပိုက်ဆံမပေးခင်တုံးက မျက်နှာက တစ်မျိုး။ ကျောင်းတက်ခွင့် ရပြီ။ စင်ကာပူ လာပြီ ဆိုတော့ မျက်နှာက တစ်မျိုး။ အို လှည့်ကို မကြည့်တော့တာပါလေ။ ခုတော့ သူတို့စေတနာ သူတို့ အကျိုး ပေးနေပြီ။ သူတို့နဲ့ ဘယ်သူမှ မလုပ်တော့လို့ ခု စီးပွားပျက်နေပြီ။
အေးဂျင့်လုပ်တယ် ဆိုတာ ကိုယ်က ကောင်းကောင်းလုပ်ပေးရင် တဆင့်စကား တစ်ဆင့်နားနဲ့ ဟာ၊ အဲဒီ အေးဂျင့်ကတော့ ကောင်းတယ်ဟဲ့၊ သူနဲ့ သွားလုပ် ဆိုရင် သူတို့ အလုပ်ဖြစ်မယ်။ ပိုက်ဆံ များများ ရမယ်။ ခုလို တစ်နပ်စား ဉာဏ်နဲ့ မလုပ်သင့်တာတွေ လုပ်တော့ သူတို့နဲ့ ဆက်ဆံဘူးတဲ့ သူတွေက အလကား ကောင်မပါ။ သူတို့နဲ့တော့ သွား မလုပ်လေနဲ့။ ဒုက္ခသာ ရောက်ပြီမှတ် လို့ ပြောမှာပဲ။ အဲဒီတော့ သူတို့ဆီ ဘယ်သူသွာဦးမလဲ။ ဟုတ်တယ် မလား။
အဲဒီ ကျောင်းတက်ဖို့ application fee က သုံးရာပဲ ကျတယ်။ အဲဒါ ကျွန်မကို ၈၀၀ တောင်းတယ်။ လျှောက်ပြီးတော့ သူတို့က ကျောင်းကျတော့မယ်။ လာခဲ့တဲ့။ ခပ်လွယ်လွယ်ပဲ။ အဲဒီတော့ ကျွန်မလည်း visit visa နဲ့ လာရတာပေါ့။ visit visa ဆိုတော့ လေယာဉ်လက်မှတ်ခက အသွားအပြန် ၀ယ်ရတယ်။ စင်ကာပူရောက်သွားတော့ ကျောင်း approval စောင့်ရတာ တစ်လလောက် ကြာတယ်။ နောက်တော့ မကျ မကျ နဲ့ ဘာဖြစ်လို့လည်း လို့ ကျောင်းကို သွာမေးတော့ pending တဲ့။ ဘာမှန်းမသိဘူး။ သူတို့က ဆက်စောင့်ဘို့ပြောတယ်။ ဒါပေမဲ့ ဗီဇာက သက်တမ်း ကုန်နေပြီ။ ဆက်တိုးလို့ မရဘူး။ ဒါနဲ့ ဘာမှ မဟုတ်လိုက်ပဲ ရန်ကုန် ပြန်လာခဲ့ရတယ်။ ပိုက်ဆံတွေ ဆိုတာ ကုန်လိုက်တာ မပြောပါနဲ့ တော့။ အေးဂျင့် လုပ်ပုံတွေ ပြောပါတယ်။ မသေချာပဲနဲ့ ကျွန်မကို ဘာလို့ စင်ကာပူ ခေါ်ရသလဲ။
ရန်ကုန်ပြန်ရောက်တော့လည်း သူတို့ကို ကျပြီလား၊ ကျပြီလား နဲ့ မကြာခဏ သွားမေးနေရတယ်။ နောက်တော့ အကြောင်းပြန်တယ်။ Reject တဲ့။ Reject ထိတော့ သူတို့က ဘာပြောတယ် မှတ်လဲ။ နင်က maid လုပ်ခဲ့တာကိုး။ ဘယ် ကျမလဲ တဲ့။ ပြောပုံ။ အနို့ နဂိုကတည်းက ကျွန်မ maid လုပ်ခဲ့ပါတယ် လို့ ရှင်တို့ကို ပြောထားတာပဲ။ လျှောက်လွှာထဲ မှာလည်း ထည့် ဖြည့်ထားတာပဲ။ Maid လုပ်လို့ ကျောင်းလျှောက်လို့ မရဘူး ဆိုရင်လဲ အရင်က ဘာလို့ မပြောတာလဲ။
Reject ဖြစ်ရင် ပိုက်ဆံ ပြန်အမ်းမယ် လို့ သူတို့ပြောထားတာပဲ။ ဒါပေမဲ့ ကျွန်မပိုက်ဆံ ပြန်တောင်းတော့ အောင်မယ်။ မျက်နှာထိ မျက်နှာထားကြီးနဲ့ ပါလား။ ကျွန်မကို မြင်ရင် တံခါးကို ဆောင့်ပိတ်သွားတာတို့။ လူကို မြင်နေလျှက်နဲ့ အပြင်သွားတယ် လို့ ညာတာတို့။ သွားတောင်းလို့ ကားခသာ ကုန်သွားတယ်။ ပေးထားတဲ့ ပိုက်ဆံတော့ တစ်ပြားမှ ပြန်မရဘူး။
ကျွန်မ စင်ကာပူမှာ ကျောင်းလျှောက်တာ စောင့်နေတုံး ပဲခူးက အစ်ကိုကြီးက နင် စောင့်မနေနဲ့။ အလကားပဲ။ ပြန်ပြီး ဟိုမှာပဲ အေးအေးဆေးဆေး လုပ်စားလို့ ရတာပဲ။ ပြန် လို့ လာပြောသေးတယ်။ ကျွန်မ မြန်မာပြည်မှာ လူနာ လိုက်စောင့် ရင်တောင် တစ်လ နှစ်သိန်းလောက် ရနေတာ။ နောက်ပြီး ကျွန်မက guide လဲ လုပ်သေးတယ်။ ဒါပေမဲ့ ကျွန်မက စင်ကာပူကို အတော်နာသွားတယ်။ စင်ကာပူမှာ ပိုက်ဆံ လာရှာမယ် လုပ်တာ။ စင်ကာပူ အလုပ်အတွက် ပိုက်ဆံတွေ သောက်သောက်လဲ ကုန်သွားတာကို နှမြောလို့ မဆုံးဘူး။ ဒီတော့ စင်ကာပူအလုပ်အတွက် ငါ ကုန်သွားတဲ့ ပိုက်ဆံတွေကို စင်ကာပူမှာပဲ မရ ရအောင် ပြန်ရှာမယ် လို့ ဒီလိုပဲ အပြတ် ဆုံးဖြတ်ထားတာ။
ဒီတော့ စင်ကာပူကို မဖြစ်ဖြစ်တဲ့ နည်းနဲ့ ပြန်ထွက်မယ် လို့ ဆုံးဖြတ်လိုက်တယ်။ ကျွန်မ စင်ကာပူကို ခေါက်တုံ့ ခေါက်ပြန် သွားရတာတင် ခုနစ်ခေါက် ရှိပြီ။ တွက်သာကြည့်ပေတော့။
၁၂၊ ၅။ ဗမာချင်း ကြွားကြချင်၊ ဓါးပြသွင် လူဆိုး
အဲဒီတော့ ကျွန်မ စင်ကာပူကို visit နဲ့ ပြန်ထွက်လာပြန်တယ်။ ဒီတစ်ခေါက်တော့ ဘာအေးဂျင့်မှ အားကိုး မနေ တော့ဘူး။ ကိုယ့်ဟာကိုယ် လာပြီး ကိုယ့်ဟာကိုယ် အဲဒီ S.A မှာ ကျောင်းသွားလျှောက်တယ်။ လျှောက်ခ ၄၀၀ နီးပါးပဲ ကျတယ်။ ကျောင်းလခက ၁၀၀၀ ကျော်ပဲ။ အဲဒီက Student Affair က မန်နေဂျာက Michael တဲ့။ သူက နင်အလျင် တစ်ခါ ကျောင်း reject ဖြစ်တုံးက ငါတို့ ပိုက်ဆံအားလုံး သီရိနိုင်ကို ပြန်ပေးလိုက်တယ်။ သူ ပြန်မပေးဘူးလားတဲ့။ ကျွန်မ က မပေးဘူး လို့။ သူက ဖုံးဆက်မေးခိုင်းလို့ ကျွန်မ သီရိနိုင်ဆီ ဖုံးဆက်မေးတယ်။ သေသေချာချာ မပြောဘူး။ ဟိုလိုလို ဒီလိုလို နဲ့။ နောက်ပြီး ပြောသေးတယ်။ နင်ကျောင်းသား ရှာပေး။ ငါတို့ နင့်ကို တစ်ယောက်ရတိုင်း ၅၀ ပေးမယ် တဲ့ လုပ် သေးတယ်။
ကျွန်မက ကိုယ်ချင်းစာစိတ်နဲ့ ဒီမှာ ကျောင်းတက်ချင်တဲ့ သူတွေကို ကူညီညာ ကျောင်းလျှောက်ပေး၊ ပိုက်ဆံ သွင်းပေး လုပ်တော့ သူက ဘာပြောတယ် မှတ်လဲ။ ကျွန်မ သူငယ်ချင်းတွေဆီ ဖုံးလှမ်းဆက်ပြီး နင်တို့ကို နင်တို့ သူငယ်ချင်း က ပိုက်ဆံတွေ အများကြီး ပိုယူပြီး လုပ်ပေးတာ တဲ့။ ကျွန်မကို သက်သက် နာမည် ဖျက်တာ။ နောက်မှ သူတို့ပြန်ပြောပြလို့ ကျွန်မ သိတာ။ အဲဒီ သူငယ်ချင်းတွေကလည်း သူငယ်ချင်းကောင်းတွေပါပဲ။ သူတို့ ကျောင်းတက်ချင် တုံးကသာ ကိုယ့်ကို အတင်းရော အဓမ္မရော။ ဟိုဟာလေး လုပ်ပေးပါဦး။ ဒါလေး လုပ်ပေးပါဦး နဲ့။ ကျွန်မမှာ ဖုံးကဒ်တွေ တစ်ကဒ်ပြီး တစ်ကဒ် ၀ယ်။ သူတို့ဆီ အီးမေးတွေပို့။ ဖုံးတွေဆက် လုပ်ပေးရတာ။ ဟော၊ သူတို့ ကျောင်းဝင်ခွင့်ရလို့ ကျောင်းတက်ပြီလဲ ဆိုရော လှည့်ကြည့်ဖော်တောင် မရဘူး။ အတော် တရားကျဘို့ ကောင်းတဲ့ ဟာတွေ။
ကျောင်းတက်ပြီး နှစ်လလောက်ကြာတော့ သတင်းစာထဲကနေ ကျွန်မ အလုပ်လိုက်ရှာတယ်။ ရှာတော့ Clementi နဲ့ Jurong West ကြားမှာ ရှိတဲ့ Wet Market တစ်ခုမှာ အလုပ်ရတယ်။ သူတို့က ဟင်းသီးဟင်းရွက်တွေ၊ ငါးခြောက်တွေ ရောင်းတာ။ Marketing Executive ပေါ့။ လခ ၆၅၀ ရတယ်။ S Pass နဲ့။ မနက် ၈ နာရီခွဲကနေ ညနေ ၇ နာရီလောက်ထိ လုပ်ရတယ်။ အိုဗာတိုင်နဲ့ ဘာနဲ့မှ ၇၀၀ လောက်ပဲ ရတယ်။ အမှန်ကတော့ S Pass ဆို ၁၈၀၀ ရရမယ် ဆိုတာ သိသားပဲ။ ဒါပေမဲ့ ကျွန်မ လခ နည်းတာများတာ ရွေးမနေနိုင်ဘူး။ ရရာ ၀င်လုပ်ရတာပဲ။ အလုပ်ကတော့ ဟင်းသီးဟင်းရွက်တွေ လိုက်ပို့ရတယ်။
ကျွန်မလိုပဲ S Pass ကိုင်ထားပြီး လခ ၇၀၀- ၈၀၀ နဲ့ လုပ်နေကြတဲ့ သူတွေ တပုံကြီး။ ပေးတယ်လေ သူတို့ကို လခ ၁၈၀၀။ ဒါပေမဲ့ လကုန်ရင် ၁၀၀၀ လောက် ပြန်ဖြတ်တာပဲ။ မတတ်နိုင်ဘူး။ ကိုယ်ကမှ လိုချင်နေတော့လည်း လုပ်ကြ ရတာပဲ။ နောက်ပြီး ကိုယ်က ဘာအတွေ့အကြုံမှ ရှိသေးတာ မဟုတ်ဘူး။ အရမ်းရွေးနေလို့ မဖြစ်ဘူးလေ။
တစ်ခါ လခက နည်းတော့ ညနေ ၇ နာရီနောက်ပိုင်း part time ခိုးလုပ်ရသေးတယ်။ အဲဒီလို လုပ်ရင်းနဲ့မှ ပိုက်ဆံ ပြန်စု။ အဲဒီမှာ ကိုးလလောက်ကြာပြီး အလုပ်သစ်ထပ်ရှာ။ ဘယ်လိုရှာရသလဲ ဆိုတော့ ဟင်းသီးဟင်းရွက်ပို့ရင်း ကားသမား နဲ့ ပေါင်းထားရတာပေါ့။ ဟင်းသီးဟင်းရွက်တွေကို အမြန်လိုက်ပို့လို့ ပို့ပြီးသွားရင် အားသွားပြီလေ။ အဲဒီ အချိန်မှာ အလုပ်လိုက်ရှာရတာပဲ။ ဒါနဲ့ Accountant နဲ့ အလုပ်ထပ်ရတယ်။ လခ ၁၈၀၀။ ဘာ account အတွေ့အကြုံမှ ရှိတာမဟုတ်ဘူး။
အဲဒီ မှာတုံးကလည်း ဗမာတွေနဲ့ တွေ့ခဲ့တာပဲ။ ကြည့်အုံး။ ကိုယ့်ဟာနဲ့ကိုယ် အလုပ်လျှောက်ပြီး ရောက်လာတာ တောင်မှ နင်က အိမ်ဖော်ဘ၀က လာတာ။ အဆင့်မရှိတဲ့ ကောင်မ ဘာညာ စသဖြင့် အပြောခံ၊ အနှိမ်ခံရသေးတယ်။ သူတို့က ကျွန်မထက် အရင်ရောက်နှင့်နေတာ။ သူတို့က အပြင်ထွက်ပြီး ဟင်းသီး ဟင်းရွက်တွေ လိုက်ပို့ရမဲ့ အလုပ်ကို မလုပ်ချင်လို့ ကျွန်မကို ထိုးထည့်လိုက်တာ။ သူတို့က ရုံးမှာပဲ စာရွက်စာတမ်းတွေနဲ့ လုပ်ချင်တာကိုး။ ကျွန်မကတော့ ရတယ်။ အပြင်ထွက်ရရင် အလုပ်သစ်ရှာဘို့ လွယ်တယ် ပေါ့။ လုပ်မယ်။
ကျွန်မက အလုပ်ကို အားကြိုးမာန်တက် တအားလုပ်တော့ ကျွန်မလဲ ဟင်းသီးဟင်းရွက်တွေ လိုက်ပို့ရော ရောင်းအား အရမ်းတက်လာတယ်။ ဒီတော့ သူဌေးကကြိုက်ပြီး ကျွန်မ အပြင်သွားရင် နေ့ခင်း ထမင်းစားဘို့ အမြဲ ၅ ကျပ် ပေးတယ်။ လိုက်ပို့မဲ့ ကားသမား မအားရင်လဲ တက္ကစီခတွေ ဘာတွေ ပေးတယ်။ ကျွန်မက ကိုယ့်ထမင်းဗူးကိုယ် ယူလာပြီး သူဌေးပေးတဲ့ ၅ ကျပ်ကို စုထားတယ်။
ဒီတော့ ခုနက ဟို ရုံးမှာ ထိုင်ရာမထ လုပ်ချင်တဲ့ ကောင်မတွေက သူတို့ သွားချင်ပါတယ် ဖြစ်ပြန်ရော။ ကျွန်မ ကိုလေ တွန်းလိုက် တိုက်လိုက်၊ ထိုးလိုက် ကော်လိုက်နဲ့။ အဲဒီ ဗမာမ နှစ်ယောက်နဲ့ စိတ်တွေညစ်တာ အရမ်းပဲ။ အဲဒီတော့ ငါ ဒီမှာ ကြာကြာနေလို့ မဖြစ်ဘူး။ ပြောင်းမှပဲ ဆိုပြီး အလုပ်သစ်လိုက်ရှာရတာ။ ဒီကုမ္ပဏီမှာ လုပ်တာမှ သိပ်မကြာသေး ဘူး။ အလုပ်သစ်ထပ်ရှာတော့ သူငယ်ချင်းတွေက ပြောတာပေါ့။ ဟဲ့၊ နင် S Pass ရတာမှ မကြာသေးဘူး။ ထပ်လျှောက်ရင် reject ဖြစ်မှာပေါ့။ ဘာညာ။ ဒါပေမဲ့ ကျွန်မအဖို့တော့ သန်းခေါင်ထက် ညဥ့်မနက်နိုင်တော့ဘူး။ ဒါထက် မကတာတွေ တောင် ကျွန်မတွေ့ခဲ့ရပြီးပြီ။ ဒီတော့ နောက်အလုပ်တစ်ခု မရရအောင် လိုက်ရှာတယ်။
ဒီတစ်ခါတော့ ကျွန်မ တော်တော့်ကို ကြောက်သွားပြီ။ အင်တာဗျူးမ၀င်ခင် ဒီမှာ ဗမာဝန်ထမ်းတွေ ရှိလားလို့ ကျွန်မ အရင်မေးတယ်။ သူတို့က ဘာပြုလို့လဲ တဲ့။ ဗမာတွေရှိရင် ငါ မလုပ်နိုင်ဘူး လို့ပြောလိုက်တော့ သူတို့ အတော် အံ့သြနေတယ်။ ဟုတ်တယ်။ အလုပ်လုပ်လို့ ပင်ပန်းတဲ့ဒါဏ်ကို ကျွန်မခံနိုင်တယ်။ ဘာမဟုတ်တဲ့ ကိစ္စတွေနဲ့ စိတ်ညစ်တဲ့ ဒါဏ် ကျွန်မ မခံနိုင်ဘူး။ မလုပ်ရရင် နေပေ့စေ။ စိတ်ကုန်လွန်းလို့။
အဲဒါနဲ့ ကံအားလျော်စွာပဲ။ နောက်ကုမ္ပဏီမှာ approve ဖြစ်တယ်။ ကျွန်မ ပျော်လိုက်တာ။ ဘာဖြစ်လို့လဲ ဆိုတော့ ဟိုဘက်မှာ တွန်းတဲ့ တိုက်တဲ့ ဒါဏ်တွေ ကျွန်မ မခံနိုင်တော့ဘူး။ တစ်နေ့မဟုတ်၊ တစ်ရက် မဟုတ်။ နေ့တိုင်း။ မိုးလင်းလို့ အလုပ်သွားရမှာကို အလိုလို လန့်နေတယ်။
ဟိုး အရင်တုံးက maid လုပ်ဖို့ ကျွန်မနဲ့ အတူတူ လာခဲ့တဲ့ အစ်မကြီးနဲ့ ကွဲသွားလိုက်တာ။ ဟိုတလောကမှ ပြန်တွေ့တယ်။ သူကတော့ အလုပ်သစ်ရှာရမှာ ကြောက်နေတာနဲ့ ခုထိ maid ဘ၀နဲ့ လုပ်ရတုံး။ Maid လုပ်ရတာချင်း အတူတူ မြန်မာ မိန်းကလေးတွေ ရဲ့ ဘ၀က ပိုဆိုးပါတယ်။ သူများတွေနဲ့ အခွင့်အရေးတူ မရဘူး။ ဖိလစ်ပင်းတွေ ဆို Sunday တိုင်းလိုလို အပြင်ထွက်ခွင့်ရတယ်။ နောက်ပြီး အပြင်သွားတဲ့အခါ သုံးဘို့ စွဲဘို့ ပိုက်ဆံ ၅၀ မျိုး၊ ၁၀၀ မျိုးလဲ ပေးသေးတယ်။
ကျွန်မလုပ်ခဲ့တုံးကဆို တစ်လမှ တစ်ခါတောင် ပေးမထွက်ချင်ဘူး။ ထွက်ရပြီ ဆိုရင်လဲ ကျားလိုက်လာသလို ပြေး လွှားသွားရတာ။ မနက် ၉ နာရီလောက်မှ ထွက်ရပြီး နေ့လည် ၂ နာရီထိုးအမီ ပြန်ဝင်ရတာ။
ဒီမှာ အိမ်ရှင်နဲ့ ဒါမှမဟုတ် အေးဂျင့်နဲ့ ပြဿနာဖြစ်တဲ့ ကောင်မလေးတွေ ကျွန်မ လိုက်ကူညီပြီး MOM လိုက်တိုင် ပေးတာ တော်တော်များများ ရှိတယ်။ MOM က သူတို့ကို Houngang က အိမ်တစ်အိမ်မှာ ထားပေးထားတယ်။ တစ်နေ့ကို နေ့တွက် ၁၀ ပေးထားတယ်။ အမှုမပြတ်ခင်ပေါ့။ သူတို့နဲ့ လွတ်လွတ် လပ်လပ် တွေ့နိုင်ပါတယ်။ ဒါပေမဲ့ သူတို့ ကိုယ်နှိုက် က ရှက်လို့ ဘယ်သူနဲ့မှ အတွေ့မခံချင်ဘူး။ သူတို့အကြောင်း ပြောပြဘို့ ဆိုတာ ဝေလာဝေးပေါ့။
နောက်ပြီး အိမ်ပြန်သွားကြတဲ့ အခါကျတော့လည်း ကိုယ့်မိသားစုတွေ စိတ်ဆင်းရဲမှာ စိုးလို့ ပြောမပြကြဘူး။ အဲဒီလို မပြောပြကြတော့ ဒီမှာ ဘာတွေ ဖြစ်နေတယ် ဆိုတာ ဘယ်သူမှ မသိဘူး။ ကိုယ်ဖြစ် ကိုယ့်ဟာကိုယ် ကြိတ်ခံပဲ။ ဘယ်လောက်အထိလဲ ဆိုရင် ကောင်မလေးတစ်ယောက်ဆို အေးဂျင့်က ကျွန်မရှေ့မှာတင် ပါးရိုက်တာ တွေ့ခဲ့ရတယ်။ ဒီမှာ ကိုယ်ထိလက်ရောက် ဘယ်သူမှ စော်ကားလို့ မရဘူး။ ဒါပေမဲ့ ဥပဒေတွေ ဘာတွေလည်း နားမလည်၊ ပြောကလည်း မပြောရဲ ဆိုတော့ ဒီအတိုင်း ခံနေကြရတာပဲ။
တစ်ခါ မတရား အလုပ်ခံရလို့ မြန်မာပြည်က အေးဂျင့်တွေကို တိုင်ပြန်ရင်လည်း ကိုယ်ပဲ ရှုံးတာပဲ။ သူတို့က ငွေ တတ်နိုင်တယ်။ ကိုယ်က သူတို့နဲ့ ဘက်ပြိုင်ပြီး မတတ်နိုင်ဘူး။ ဒီတော့ တရားရှုံးတော့ မတရားလည်း အလုပ်ခံရသေး၊ အမှုဖြစ်လို့ ပိုက်ဆံလည်း ကုန်သေး ဆိုတော့ ဘယ်သူမှ မတိုင်နေကြတော့ဘူး။ ကြိတ်ခံပဲ။
ကျွန်မသဘောကတော့ ဒါတွေ မှန်မှန်ကန်ကန် ဖြစ်စေချင်ပါတယ်။ ဘာပဲ ဖြစ်ဖြစ် အားလုံး ပိုက်ဆံ လာရှာ ကြတာပဲ။ အေးဂျင့် ဆိုတာလည်း ပိုက်ဆံရလို့ လုပ်တာပဲ။ ဒီတော့ သူ့ပိုက်ဆံ ကိုယ်ယူပြီး လုပ်ပေးတဲ့အတွက် ပြဿနာ တစ်စုံတစ်ရာ ဖြစ်လာရင် မျက်နှာလွှဲခဲပစ် မလုပ်ပဲ ထိုက်သင့်အားလျော်စွာ ၀င်ပြီး ရှင်းပေးဘို့ ကောင်းတာပေါ့။
ဟိုတလောက မြန်မာ အိမ်ဖော်မလေးတစ်ယောက်ဆို အိမ်ရှင်စော်ကားလို့ ကိုယ်ဝန်ရပြီး ပြန်သွားရတယ်။ ဒီမှာ ကျွန်မလိုက်တိုင်ပေးတော့ အမှုနိုင်ပြီး လျော်ကြေးတော့ ရတာပေါ့။ ဒါပေမဲ့ သူ့ဘ၀တစ်ခုလုံး ဆုံးသွားပြီလေ။
ခုတော့ ကျွန်မဘ၀က အဆင်ပြေသွားပါပြီ။ ကျွန်မပြောချင်တာကတော့ ဘာပဲ လုပ်လုပ် စေတနာထားပြီးလုပ်။ ဘယ်သူ့အပေါ်မှာ မကောင်းစိတ် မမွေးနဲ့။ အဲဒါဆို အချိန်တန်ကျ ကိုယ့်စေတနာ ကိုယ့်အကျိုးပေးမှာပဲ။ ကျွန်မကတော့ အဲဒီလိုပဲ ခံယူထားတယ်။ နောက်ပြီး ကိုယ်သွားရမဲ့ ခရီးမှာ ဘယ်လောက်ပဲ အခက်အခဲတွေ တွေ့တွေ့ စိတ်ဓါတ်မကျပဲ ဇွဲကောင်းကောင်းနဲ့ ကိုယ့်ရည်မှန်းချက် ပန်းတိုင်ဆီ မရောက်ရောက်အောင် သွားဘို့လိုတယ်။ ဒါမှမဟုတ်ပဲ လမ်းတစ်ဝက် မှာတင် လက်လျှော့လိုက်လို့ကတော့ ကိုယ် ကြိုးစားထားခဲ့သမျှ အားလုံး သဲထဲရေသွန် ဖြစ်သွားမှာပဲ။ ဒီတော့ စိတ်ဓါတ် ခိုင်မာဘို့နဲ့ ဇွဲရှိဘို့ လိုတယ်။ ကိုယ်လုပ်ချင်တဲ့ ဟာကို ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု အပြည့်နဲ့ ရအောင်သာလုပ်။ ကြောက်ပြီး မလုပ်ဘဲနေရင် ဘာမှ ဖြစ်လာမှာ မဟုတ်ဘူး။
ခုလို ပြောပြခွင့်ရတာ အများကြီး ကျေးဇူးတင်ပါတယ်။ ဒါမှ ဒီမှာ ဘာတွေ ဖြစ်နေတယ် ဆိုတာ အများသိသွား မှာ။ လုံးဝ မသိတာနဲ့ စာရင် ကြိုသိထားတော့ ရှောင်သင့်တာတွေ ရှောင်လို့ ရတာပေါ့။
သုံးသပ်ချက်
၁။ ယခု ကျွန်တော်တို့ မြန်မာလုပ်သားများအပေါ် အေးဂျင့်နှင့် အိမ်ရှင်တို့ပေါင်းပြီး မည်မျှ တရားလက်လွတ် လုပ်နေ ကြောင်း သိကြရပြီ ဖြစ်ပါသည်။ ဤသည့်ကိစ္စကို ၀ိုင်းဝန်း ထိမ်းသိမ်းကြရန် လိုပါသည်။ ထိန်းသည် ဆိုရာ၌ မြန်မာပြည် တွင်ရော၊ စင်ကာပူဘက်တွင်ပါ ဖြစ်ပါသည်။ (ဖိလစ်ပိုင် အိမ်ဖော်များကဲ့သို့) မြန်မာ maid များ၏ ပြဿနာများကို တာဝန်ယူ ဖြေရှင်းပေးမည့် အဖွဲ့ သို့မဟုတ် လူများ လိုပါသည်။
၂။ မည်သို့ပင် တားဆီးထားသည် ဖြစ်စေ အိမ်ဖော်အလုပ်နှင့် လာလုပ်လိုသူများကိုကား တား၍ ရမည် မဟုတ်ပေ ရာ တားမရသည့်အတူတူ (ဖိလစ်ပိုင် အစိုးရ လုပ်သကဲ့သို့) အိမ်ဖော် အလုပ် လုပ်လိုသူများအား သင်တန်းများ စံနစ်တကျ ပေးခြင်း၊ အင်္ဂလိပ်စကားပြော လေ့ကျင့်ပေးခြင်း၊ အိမ်ဖော်နှင့် သွားလုပ်သည့် သူများ စာရင်းကို တိကျစွာ ယူထားပြီး ၎င်းတို့၏ အခြေအနေကို မပြတ် စုံစမ်းထောက်လှမ်းကာ လိုသည်များကို အကူအညီပေးခြင်း၊ အေးဂျင့်များကိုလည်း မတရား မလုပ်နိုင်ရန် ဥပဒေဖြင့် တားဆီးခြင်း စသည်တို့ လုပ်နိုင်ခဲ့ပါက မြန်မာ အမျိုးသမီးများ၏ ဘ၀ ပိုမို စိတ်ချ လုံခြုံ လာမည် ဖြစ်ပါသည်။
၃။ ထို့ပြင် အိမ်ဖော်အလုပ်နှင့် လာလုပ်နေသော မြန်မာမကလေးများ အနေနှင့်လည်း မိမိတို့ မတရားအလုပ်ခံရပါက ငြိမ်ခံမနေပဲ သက်ဆိုင်ရာသို့ သို့မဟုတ် ရဲသို့ချက်ခြင်း တိုင်တတ်အောင် လေ့ကျင့်ထားရန် လိုပါသည်။ ထို့ပြင် မိမိတို့ တွေ့ကြုံခဲ့ရသည်များကိုလည်း မြုံမထားပဲ နောက်လာနောက်သားများ သင်ခန်းစာ ယူနိုင်ရန် မိမိတို့ အတွေ့အကြုံများကို ပြန်လည် မျှဝေရန် လိုပါသည်။ သို့မှ မဖြစ်တန်တာ မဖြစ်ရလေအောင် တားဆီးနိုင်မည် ဖြစ်ပါသည်။
၎။ နောက်ဆုံးအပိုဒ်တွင် ဖော်ပြထားသော မခင်လေး၏ သဘောထားနှင့် ခံယူချက်မှာ အလွန်အတုယူဖွယ်၊ အားကျ ဖွယ် ဖြစ်ပါသည်။ မိမိလိုချင်သော ပန်းတိုင်သို့ သွားရာတွင် မည်သည့်အခက်အခဲ ဒုက္ခ၊ သုက္ခနှင့် တွေ့ပါစေ။ ဒူးမထောက် လက်မမြှောက်ဘဲ မရောက်ရောက်အောင် သွားမည် ဟူသော ခိုင်မာပြတ်သားသည့် စိတ်ဓါတ် မွေးမြူထားရန် လိုပါသည်။ ထို့ပြင် မိမိဘ၀ တိုးတက်ရေးအတွက် အမြဲ လေ့လာသင်ယူနေရန်လည်း အရေးကြီးပါသည်။
ငါ့စာဖတ်၍၊ မမြတ်တိုင်စေ မရှုံးစေသား၊ ပျင်းပြေနှစ်ခြိုက် တွေးဖွယ်ထိုက်ရာ၊ တစ်ပိုဒ်တစ်လေ တွေ့ငြားပေမူ၊ စာပေကျေးကျွန် ငါ့ဝတ်ပွန်ပြီ၊ ငါမွန်အမြတ် ငါအတတ်ဟု၊ စာဖတ်သူပေါ် ခေါင်းကိုကျော်၍၊ ငါသော်ဆရာ မလုပ်ပါတည်း။ ။ တက္ကသိုလ်ဘုန်းနိုင်
Labels
- ၂၀၂၀ အထွေထွေရွေးကောက်ပွဲ (10)
- Bitter Life (26)
- Build Your Future (10)
- Christopher (34)
- Construction Safety Handbook (57)
- Covid19 (19)
- Education (26)
- Emergency handbook (7)
- Engineering (12)
- Environment (8)
- Farm Safety (10)
- Fire Protection (5)
- Fridge and Aircond (6)
- Gas Pipe Line (5)
- General (206)
- Greenery Singapore (2)
- Health (6)
- IOSS (3)
- ISO 45001 (7)
- ISO 9001 (2)
- Knowledge sharing sessions (4)
- Life (8)
- Living in Singapore (68)
- My Articles (562)
- Myanmar (65)
- Myanmar Culture (15)
- Myanmar Transitional Platform (31)
- Piping (41)
- PPE Book (3)
- Safety (153)
- Tire Safety (5)
- Welding Technology (5)
- Working in Singapore (44)
- ကဗ်ာမ်ား (27)
- စင်ကာပူအကြောင်း (96)
- စင်္ကာပူ (သို့မဟုတ်) ခြင်္သေ့မြို့တော်_၁ (3)
- စာအုပ္မ်ား (3)
- ဒသမတန်း မြန်မာစာ (9)
- မြန်မာစာ (1)
- မြန်မာပြက္ခဒိန် (7)
- မြန်မာပြက္ခဒိန် (62)
- မြွေဆိပ်ဖြေဆေး (5)
No comments:
Post a Comment