၎။ ကြိုးစားမှု၏ အသီးအပွင့်များ
ဒီလက်မှတ်တွေရလာတဲ့အတွက် ရာထူး တို့ လစာတို့ တိုးမတိုး ဆိုတာကျတော့ ကိုယ့်အထက်လူကြီးရဲ့ သဘော ထားနဲ့ အများကြီး ဆိုင်ပါတယ်။ ကျွန်တော်တို့ကျတော့ ကိုယ်ရလာတဲ့ လက်မှတ်တွေကို သူတို့တက်ခိုင်းလို့ ရတာပဲ ဖြစ်ဖြစ်၊ ကိုယ့်ဟာကိုယ် တက်လို့ရတာပဲ ဖြစ်ဖြစ် HR(Human Resourses) ကိုပေးရတယ်။ သူတို့က ကျွန်တော်တို့ ကိုယ်ရေးဖိုင်တွေထဲမှာ တွဲထားပြီး သူကတော့ ဘာလက်မှတ်တွေ ရထားတယ်။ ဘယ်လို ပညာအရည် အချင်းတွေ ရှိတယ် ဆိုတာကို Section Manager တွေကို အကြောင်းကြားထားတယ်။
တကယ်လို့ ကုမ္ပဏီမှာ ရာထူးတိုးပေးစရာ ရှိရင် လခတိုးပေးစရာ ရှိရင် အဲဒီလို ပညာအရည်အချင်း သာတဲ့သူ တွေကို ဦးစားပေး စဉ်းစားတာပေါ့။ ကျွန်တော်တို့ ကုမ္ပဏီမှာ ဘာသတ်မှတ်ထားသလဲ ဆိုတော့ အဲဒီအချိန်တုံးက NTC ပြီးထားတဲ့ သူတွေကို allowance ပေးတယ်။ NTC 3 ဆိုရင် တစ်လကို ၅၀၊ NTC 2 ဆိုရင် တစ်လကို ၁၀၀ ပေးတယ်။
ဘာလို့လဲ ဆိုတော့ NTC 2 ပြီးသွားတော့ Low Levy ဖြစ်သွားတာကိုး။ ဒီတော့ ကုမ္ပဏီ အနေနဲ့ အစိုးရကို လတိုင်းပေးနေရတဲ့ levy ကြေး အများကြီးသက်သာ သွားတယ်။ ဒီတော့ အဲဒီ သက်သာသွားတဲ့ ပိုက်ဆံကို အလုပ်သမား တွေကို ပြန်ပေးလိုက်တဲ့ သဘောပဲ။
မှတ်ချက်။ ။ ကုမ္ပဏီများမှ အစိုးရသို့ ပေးရသော Levy Rates များမှာ အစားစား ရှိပါသည်။ အောက်ပါ MOM website တွင် ၀င်ရောက်ကြည့်ရှု နိုင်ပါသည်။
http://www.mom.gov.sg/publish/momportal/en/communities/work_pass/work_permit/application/requirements/foreign_worker_levy.html
skill worker ကို အောက်ပါအတိုင်း အဓိပ္ပါယ် သတ်မှတ်ထားပါသည်။
http://www.mom.gov.sg/publish/momportal/en/communities/work_pass/work_permit/application/requirements/general_requirements.html#skilled worker
NTC 2 လည်းပြီးရော ကျွန်တော့်ကို supervisor အဆင့်ကို တိုးပေးလိုက်တယ်။ Supervisor ဖြစ်သွားတာနဲ့ တပြိုင်နက် အလုပ်သမားအဆင့်နဲ့ စာရင် အခွင့်အလမ်းတွေ အများကြီး ပိုလာတယ်။ လခလည်း တိုးသွားတယ်။ ဒါ့အပြင် နေရတာကိုက supervisor တွေနဲ့ အလုပ်သမားတွေကို အတူတူ မထားဘူး။ အရောဝင်တော့ အရိုသေတန် ဆိုတာမျိုး ဖြစ်သွားမှာ စိုးလို့။ ဆိုတော့ အရမ်းကွာသွားတယ်။
အလုပ်သမားတွေ ဆိုရင် အိမ်ခန်းလခ တစ်လကို ၈၀ ပေးရပေမဲ့ supervisor တွေဆို အိမ်လခ လုံးဝ မပေးရဘူး။
ရေမီးခလောက်ပဲ ပေးရတယ်။ ITE ပြီးလို့ supervisor ဖြစ်တာနဲ့ လခကို ၃၀ ထိ တိုးပေးလိုက်တယ်။ စင်ကာပူမှာပဲ ဆက်လုပ်ဦးမယ် ဆိုရင်တော့ အလုပ်လုပ်ရင်း ကျောင်းတက်ကြပါ လို့ ကျွန်တော် တိုက်တွန်းချင်တယ်။ အကျိုး မယုတ်ပါဘူး။
ဆိုပါတော့။ ကျွန်တော့်အခြေအနေကိုပဲ ပြန်ကြည့်။ ကျွန်တော် လာတုံးက ဘာအတွေ့အကြုံမှ မရှိဘူး။ ကျွန်တော် ရခဲ့တဲ့ ဘီအေ ဆိုတာလည်း လုပ်ငန်းပိုင်းမှာ ဘာမှ ဆက်စပ်မှုမရှိလို့ ဘာမှ အသုံးမတည့်ဘူး။ အဲဒီအတွက် General Worker အဖြစ်နဲ့ သူများခိုင်းတာ လုပ်ရတယ်။ သူများနောက်လိုက် ပေါ့။ ကျွန်တော်သာ ကျောင်းမတက်ဘဲ ဒီအတိုင်းပဲ နေမယ် ဆိုရင် တက်စရာ လမ်း သိပ်မရှိဘူး။ အများဆုံးဖြစ်ရင် နှစ်ကြာလို့ လခ နည်းနည်း ပါးပါး တိုးပေးတာလောက်ပဲ ရမယ်။ Supervisor ဖြစ်ချင်မှ ဖြစ်မယ်။ ဖြစ်ရင်တောင်မှ နှစ်တွေအများကြီး စောင့်ပြီး ၉ နှစ် တန်သည်၊ ဆယ်နှစ် တန်သည် ကျမှ ဖြစ်မှာ။
ဟော၊ ခု ကျောင်းတက်လိုက်တော့ အသိအမြင် ကျယ်သွားတယ်။ ဗဟုသုတ တွေလည်း အများကြီးရတယ်။ လုပ်ငန်းကို ဘယ်လို စီမံခန့်ခွဲရမလဲ သိလာတယ်။ ဒီတော့ အချိန်တိုတို အတွင်းမှာ supervisor ဖြစ်လာတယ်။
ITE လည်း ပြီးရော engineering knowledge တွေ၊ အခြေခံတွေ ရလာတော့ Poly ဆက်တဲ့အခါ အများကြီး အထောက်အကူ ဖြစ်တယ်။ ဘာမှ သိပ် ခက်ခက်ခဲခဲ မရှိတော့ဘူး။ နောက်ပြီး ကျွန်တော်က ITE ကနေ လာတဲ့အခါ ကျတော့ Poly လျှောက်တဲ့ အခါကျ ဘာ entrance မှ မဖြေရတော့ဘူး။ လွယ်လွယ်နဲ့ ရတယ်။ ကျွန်တော် Poly လျှောက်တာ ဆယ်တန်း အောင်လက်မှတ် နဲ့ လျှောက်တာ မဟုတ်ဘူး။ ITE အောင်လက်မှတ်နဲ့ လျှောက်တာ။
Poly ပြီးတာ ၂၀၀၇ ခုနှစ် နိုဝင်ဘာ။
ကျွန်တော် Poly တက်နေတုံးပဲ၊ S Pass ဆိုတာ ပေါ်လာတယ်။ Work Permit နဲ့ Employment Pass ကြားထဲ က အဆင့်တစ်ခု။ အဲဒီတော့ ကျွန်တော် management ကို တက်ပြောတယ်။ ကျွန်တော့်မှာ ITE လက်မှတ်ရှိတယ်။ လောလောဆယ်လည်း Poly တက်နေတယ် ဆိုတော့ S Pass လျှောက်ပေးပါ ပေါ့။ သူတို့က မင်းစာရွက်စာတမ်းတွေ တင်လိုက်။ ငါတို့ စဉ်းစားပေးမယ် ပေါ့။
ကျွန်တော်တို့ ကုမ္ပဏီက ကြီးလည်း ကြီးတယ်။ အစိုးရရဲ့ ရှယ်ယာတွေလည်း ပါတယ် ဆိုတော့ တခြား ကုမ္ပဏီ တွေလို S Pass တော့ တင်ပေးပါရဲ့၊ လခကို ကျတော့ ၉၀၀ ပေး၊ ၁၀၀၀ ပေး၊ ဒါမျိုးတွေ လုပ်လို့ မရဘူး။ S Pass ကျရင် လခကိုလည်း ၁၈၀၀ အပြည့်ပေးရမှာ။ ဆိုတော့ လူကြီးပိုင်းက ကျွန်တော့်လုပ်သက်အတွင်း ဆောင်ရွက်ချက်တွေကို ပြန်ပြီး လေ့လာ သုံးသပ်တယ်ပေါ့။ ဒီကောင် S Pass တင်ပေးဘို့ အရည်အချင်း နဲ့ လုပ်ရည် ကိုင်ရည် ရှိရဲ့လားပေါ့။
နောက်ပြီး လောလောဆယ် ကျွန်တော်က တစ်နေ့ကို ၃၀ ပဲရတာ။ S Pass ဖြစ်သွားရင် ၁၈၀၀ ထိ တိုးပေးရ မှာ ဆိုတော့ သူတို့ စဉ်းစားတယ်ပေါ့။ လုပ်ရတဲ့ အလုပ်က ဒီအလုပ်ပဲ။ လခကျ အများကြီး ကွာသွားတော့ သူတို့ သေသေ ချာချာ ပြန်ပြီး review လုပ်တယ်။ ဒါပေမဲ့ သူတို့ တင်ပေးပါတယ်။
ကျွန်တော် မြန်မာပြည်မှာ ရခဲ့တဲ့ ဘွဲ့လက်မှတ်ရယ်၊ NTC 3 နဲ့ NTC 2 certificate တွေရယ်၊ Poly တက်နေ ကြောင်း ကျောင်းက ထောက်ခံစာရယ် တွဲတင်လိုက်တာ ၂၀၀၇ ခုနှစ် မေလမှာ S Pass ကျလာတယ်။
ကျွန်တော်တို့ ကုမ္ပဏီမှာက ၀န်ထမ်းတွေရဲ့ လုပ်ရည်ကိုင်ရည် အလျှောက် ပေးတဲ့ incentive ဆိုပါတော့၊ လခ အပြင် အပို ပိုက်ဆံ ရှိတယ်။ ကျွန်တော်က အဲဒါ တစ်လကို ၂၀၀ ရတယ်။ ဆိုတော့ S Pass ကျတော့ လခက ၁၈၀၀၊ ခုနက incentive က ၂၀၀။ ပေါင်း လခ ၂၀၀၀ ထုတ်ရတယ်။
ကျွန်တော် Poly လည်းပြီးရော ၂၀၀၈ ခုနှစ် ဇန္န၀ါရီလမှာ PR (Singapore Permanent Resident) တင်လိုက်တာ ချက်ခြင်း ကျလာတယ်။ အဲဒီ အချိန်ကလည်း PR တွေချပေးနေတဲ့ အချိန်ပေါ့လေ။ ကျွန်တော်နဲ့ အတူတူ ကျောင်းတက်ခဲ့တဲ့ သူငယ်ချင်းတွေ အားလုံးလည်း PR ကျကြတယ်။
ကျွန်တော်တက်ခဲ့တဲ့ ITE နဲ့ Poly သက်တမ်းတလျှောက် တွေ့ရတာကတော့ ကျွန်တော်တို့ မြန်မာတွေဟာ ပညာ ရေးဘက်မှာ မညံ့ဘူးဗျ။ ထိပ်တန်းမှာ ရှိတယ်။ ကျွန်တော်တို့ အတန်းက ကိုအောင်ဇေယျ ဆိုရင် အတန်းထဲမှာ ပထမ ဆုရတယ်။ ဒါပေမဲ့ မြန်မာတွေရဲ့ အားနည်းချက်က အင်္ဂလိပ်စာ ညံ့တယ်။ တခြား အင်ဂျင်နီယာ ဘာသာတွေနဲ့ သင်္ချာမှာ ထူးချွန်တယ်။
ပြည်ကြီးတရုပ်တွေလည်း သင်္ချာနဲ့ Applied Mechanics မှာ တော်တော်တော် ကြတယ်။ မြန်မာနဲ့ တရုပ်တွေက သင်္ချာနဲ့ အင်ဂျင်နီယာ ဘာသာတွေမှာ စလုံးတွေထက် ပိုတော်တယ်။ ဒါပေမဲ့ အင်္ဂလိပ်စာမှာတော့ စလုံးတွေကို မမီဘူး။ ကျွန်တော်နဲ့ အတူတူ ကျောင်းနေဖက် တွေအားလုံးရဲ့ ၇၀ ရာခိုင်နှုံးလောက်က GTI ကျောင်းဆင်းတွေ။ ကျွန်တော် တက်နေတဲ့ အချိန်တုံးက ဘာသာပေါင်းစုံမှာ တက်နေတဲ့ မြန်မာတွေ စုစုပေါင်း လေး၊ ငါးဆယ်လောက် ရှိမယ်။
စာမေးပွဲ မအောင်တဲ့သူတွေကတော့ နည်းပါတယ်။ သိပ်မရှိဘူး။ အလုပ်က အရမ်းပိနေလို့ ကျောင်းကို ပုံမှန် လာမတက်နိုင်တာ။ စာကြည့်ချိန် မရတာ စသဖြင့် အကြောင်းကြောင်းကြောင့် ကျတာပါ။ တော်ရုံတန်ရုံ ဆို မကျနိုင်ပါဘူး။ ကျောင်းကို ပုံမှန်လာတက်။ ပေးထားတဲ့ စာတွေ ပုံမှန်ကြည့်သွားရင် အောင်ပါတယ်။
ကျောင်းက assignment တွေ၊ project တွေ ပေးတဲ့ အခါကျတော့ တစ်ယောက်နဲ့ တစ်ယောက် တိုင်ပင် ဆွေးနွေးတာ၊ ယိုင်းပင်းကူညီတာ မရှိမဖြစ်လိုတယ်။ ဆိုတော့ ကိုယ်နဲ့ နီးစပ်ရာ နီးစပ်ရာ အစုအဖွဲ့လေးတွေ ဖွဲ့ထားရတယ်။ တကယ်လို့ ကိုယ်က အလုပ်မအားလို့ ကျောင်းမလာနိုင်ရင် သူငယ်ချင်းက ပြန်ရှင်းပြမယ်။ Assignment တွေ ပေးလိုက် ရင်လဲ အချိန်မီ တင်ရတယ်။ အချိန်မီ မတင်နိုင်ရင် အမှတ်လျှော့တယ်။ အဲဒီတော့ ကိုယ် ကျောင်းပျက်တဲ့အခါ assignment တွေ ဖြေဘို့ သူငယ်ချင်း အကူအညီ အများကြီး လိုတယ်။
စာတော်တဲ့ သူတွေကိုလည်း ချဉ်းကပ်ထားရတာပေါ့။ ကိုယ်နားမလည်တာရှိရင် မေးလို့ရအောင်။ နောက် စာမေး ပွဲ ဖြေတော့မယ် ဆိုရင် သူငယ်ချင်းတစ်ယောက်အိမ်မှာ စာစုကျက်ကြတာပေါ့။ သင်္ချာတွေ စုတွက်ကြ၊ တိုင်ပင်ကြပေါ့။
ဒါပေမဲ့လဲ ကျောင်းတက်ချိန် ၇၅ % မပြည့်ရင်တော့ စာမေးပွဲ ဖြေခွင့် မရဘူး။ နောက်တစ်ခုက စာမလိုက်နိုင်တာ။ ကိုယ်က ဒီနှစ်ဖြေတာမှာ သင်္ချာမအောင်လို့ နောက်နှစ်မှာ သင်္ချာ B ယူရမဲ့ အစား မနှစ်က A ပဲ ပြန်ယူရတယ် ဆိုရင် စာသင်ချိန်တွေ ကမောက်ကမ ဖြစ်ကုန်ရော။ နောက်ပြီး ကိုယ့်အပေါင်းအသင်းတွေနဲ့ ဘာသာချင်း မတူတော့တဲ့ အတွက် ကိုးရို့ကားယားတွေ ဖြစ်ကုန်တာပေါ့။
ဒီမှာကောင်းတာက စာမေးပွဲကျရင် ကျတဲ့ ဘာသာပဲ ပြန်တက်ရတာ။ နောက်တစ်နှစ် ပြန်ထိုင်စရာ မလိုဘူး။ ဒါပေမဲ့ ဒီဘာသာတစ်ခုထဲကို နှစ်ခါပြန်သင်နေရတဲ့အတွက် ပိုက်ဆံတော့ ပိုကုန်သွားတာပေါ့။
ကျွန်တော်ပြောခဲ့တာတွေကို ပြန်ချုပ်ကြည့်ရရင် ကျွန်တော် မြန်မာပြည်မှာတုံးက သာမန် ဘွဲ့တစ်ခုပဲ ရခဲ့တယ်။ ဘာအတွေ့အကြုံမှလည်း မရှိဘူး။ စင်ကာပူရောက်မှ အင်ဂျင်နီယာဘာသာရပ်တွေကို အခြေခံကနေ စလေ့လာရတယ်။ ကျွန်တော် ကျောင်းတက်ခဲ့တဲ့ ကာလကို ပြန်ကြည့်ရင် ၂၀၀၀ ခုနှစ်ကနေ ၂၀၀၇ ခုနှစ်ထိ။ ပြောရမယ် ဆိုရင်တော့ ကျွန်တော် စင်ကာပူရောက်နေတဲ့ တစ်ချိန်လုံးလိုလို ကျောင်းတက်နေရတာပဲ။ အဲဒီအတွက် အိုဗာတိုင် မဆင်းရလို့ ၀င်ငွေ အများကြီး လျော့သွားတယ်။ ဒီအတွင်း ပိုက်ဆံ ဟုတ်တိပတ်တိ မစုမိခဲ့ဘူး။ အိမ်သုံးဘို့လောက်နဲ့ တခြား ပစ္စည်းလေးဘာ လေး လုပ်တာလောက်ပဲ ရှိခဲ့တယ်။
ကျွန်တော်လည်း စလာတုံးကတော့ စင်ကာပူကို ပိုက်ဆံလာရှာ။ ပိုက်ဆံ စုပြီး အိမ်ပြန်ဘို့ပဲပေါ့။ အဲဒီလို ဒီမှာ အိုဗာတိုင် အသည်းအသန်လုပ်၊ ကိုယ်သတ်မှတ်ထားတဲ့ ကာလတစ်ခုမှာ ငွေထုပ်ပိုက်ပြီး အိမ်ကို အပြီးပြန်သွားတဲ့ လူတွေ လည်း ရှိတာပေါ့။ တချို့သူတွေကျ ပိုဆိုးသေးတယ်။ ပိုက်ဆံလည်း ပြောပလောက်အောင် မစုမိဘူး။ ဘာပညာမှလည်း မရလိုက်ဘူး။ ဘ၀ကို ပျော်ပျော်နေ၊ ဖြစ်သလို စခန်းသွား။ ရလာတဲ့ ပိုက်ဆံကို သုံးလိုက်စားလိုက်၊ ပျော်လိုက်ပါးလိုက်နဲ့၊ နောက်တော့ လက်ချည်း အပြီးပြန်သွားတဲ့ လူတွေလည်း မနည်းဘူး။
ကျွန်တော်တို့ လာတဲ့ အသုတ်ထဲမှာဆို ဘွဲ့ရတွေ တော်တော်များများ ပါတယ်။ ဒါပေမဲ့ ခုနပြောသလို ပိုက်ဆံပဲ ခြစ်ချုပ် စုပြီး တော်တော်များများကတော့ အပြီး ပြန်သွားကြပြီ။ ဒါတော့ လူဆိုတာ ကိုယ်ပိုင်ရွေးချယ်ခွင့် ရှိတာပဲ။
ဒီတော့ ဒီကို လာမဲ့လူငယ်တွေ အနေနဲ့ စင်ကာပူကို ဘာလုပ်ရအောင် လာမှာလဲ ဆိုတာ ကိုယ့်ဟာကိုယ် ရည်ရွယ်ချက် ထားကြဘို့ လိုပါတယ်။ ခုနက ပြောခဲ့တဲ့ လူတွေလို ဟေးလားဝါးလားနဲ့ ပိုက်ဆံလည်းမရ၊ ပညာလည်း မရ ဆိုရင် အလကားပဲ။ ဒီကိုလာတယ် ဆိုတာ အလကားလာလို့ ရတာ မဟုတ်ဘူး။ ပိုက်ဆံ အများကြီးနဲ့ ရင်းနှီးပြီး လာရတာ။ ကိုယ့်ဟာကိုယ် ထင်သလို နေချင်သည့်တိုင် မိသားစု မျက်နှာကို ငဲ့ပြီး တစ်ခုခုတော့ ဖြစ်အောင် လုပ်ကြပါလို့ မှာချင်တယ်။
ခုလို ကျွန်တော့် အတွေ့အကြုံတွေကို နောင်လာနောက်သားတွေအတွက် ပြန်ပြီး ဝေမျှခွင့်ရတာ အများကြီး ၀မ်းသာပါတယ်။ ကျွန်တော် ပြောလိုက်တဲ့ အထဲက ကိုယ့်ဘ၀တိုးတက်ရာ တိုးတက်ကြောင်းအတွက် တစ်ခုခု ရလိုက်တယ် ဆိုရင် ကျွန်တော် ပြောပြရကျိုး နပ်ပါပြီ။
သုံးသပ်ချက်
၁။ ကိုမင်းကျော်အောင် ၏ စင်ကာပူတွင် ကြိုးစားအားထုတ်ခဲ့မှုများကို ကြည့်လျှင် အတုယူစရာ၊ အားကျစရာ များကို တွေ့နိုင်ပါသည်။ သူပြောခဲ့သလိုပင် သူ ပိုက်ဆံများများ ရရေးအတွက် အိုဗာတိုင်ကို မက်ပြီး ကျောင်းမတက်ပဲ နေခဲ့လျှင် ယခုအချိန်ထိ work permit ဘ၀နှင့်ပဲ ရှိဦးမည်မှာ သေချာသလောက် ဖြစ်ပါသည်။ ထို့ပြင် လခမှာလည်း တစ်နေ့ ၃၀၊ သေရော ကျေရော တစ်နေ့ ၃၅ ကျပ်၊ နောက်ဆုံး ၄၀ ထက်ပိုရနိုင်စရာ အကြောင်းမရှိပါ။ တစ်နေ့ ၃၀ နှင့်ဆိုလျှင် တစ်လမှ ၉၀၀ ပဲရမည် ဖြစ်ပါသည်။ ယခုမူ လခ ၂၀၀၀ ထုတ်နေရပြီ ဖြစ်ရာ အများကြီး ကွာခြားသွားသည်မှာ လက်တွေ့ မျက်မြင် ပင် ဖြစ်ပါသည်။
တစ်နည်းအားဖြင့်လည်း ကျောင်းတက်နေစဉ် ကာလ၌ ဆုံးရှုံးခဲ့သော ငွေကြေးများကို ကျောင်းပြီးသည့်အခါ လ အနည်းငယ်အတွင်း ပြန်လည် ရရှိနိုင်မည် ဖြစ်ပါသည်။ ဤအကျိုးကျေးဇူးမှာ ခဏပန်းအတွက် မဟုတ်။ တစ်ဘ၀လုံး အတွက် ဖြစ်ပါသည်။
၂။ ထို့ပြင် လူမှု ဆက်ဆံရေး နယ်ပယ်၌လည်း work permit တစ်ဦးကို ဆက်ဆံပုံနှင့် PR တစ်ဦးကို ဆက်ဆံပုံ။ ရသည့် အခွင့်အရေး မည်မျှ ကွာသည်ကို အားလုံး အသိဖြစ်ပါသည်။ ဘာလက်မှတ်မှ မရှိလျှင် ရှိသမျှ တက်လမ်းအားလုံး မှာ ပိတ်နေမည် ဖြစ်ပါသည်။
၃။ နောက်တစ်ခုက ဘ၀နှင့် ဆိုင်ပါသည်။ ထိုကဲ့သို့ ကျောင်းတက်လိုက်သောအခါ မိမိ မသိသေးသော အသိအမြင် များ၊ မိတ်ကောင်းဆွေကောင်းများ အများကြီး ရလာပါသည်။ ဤသည်တို့မှာ ကျွဲကူးရေပါ ဆိုသလို ကျောင်းတက်ခြင်းဖြင့် ရလာသော ဘေးထွက် အကျိုးကျေးဇူးများ ဖြစ်ပါသည်။
၎။ သို့အတွက် စင်ကာပူသို့ လာရောက် စီးပွားရှာကြသော မြန်မာ လူငယ် လူရွယ်များအား စီးပွားရှာရာတွင် ကာယ အားထက် ဉာဏအားဖြင့် ရှာခြင်းက ပိုမို ခရီးရောက်သဖြင့် လက်လှမ်းမီသမျှ သင်တန်းများ၊ ကျောင်းများကို တက်ကာ မိမိတို့၏ အရည်အသွေးများကို မြှင့်တင်ကြရန် တိုက်တွန်းလိုက်ပါသည်။
ငါ့စာဖတ်၍၊ မမြတ်တိုင်စေ မရှုံးစေသား၊ ပျင်းပြေနှစ်ခြိုက် တွေးဖွယ်ထိုက်ရာ၊ တစ်ပိုဒ်တစ်လေ တွေ့ငြားပေမူ၊ စာပေကျေးကျွန် ငါ့ဝတ်ပွန်ပြီ၊ ငါမွန်အမြတ် ငါအတတ်ဟု၊ စာဖတ်သူပေါ် ခေါင်းကိုကျော်၍၊ ငါသော်ဆရာ မလုပ်ပါတည်း။ ။ တက္ကသိုလ်ဘုန်းနိုင်
Labels
- ၂၀၂၀ အထွေထွေရွေးကောက်ပွဲ (10)
- Bitter Life (26)
- Build Your Future (10)
- Christopher (34)
- Construction Safety Handbook (57)
- Covid19 (19)
- Education (26)
- Emergency handbook (7)
- Engineering (12)
- Environment (8)
- Farm Safety (10)
- Fire Protection (5)
- Fridge and Aircond (6)
- Gas Pipe Line (5)
- General (215)
- Greenery Singapore (2)
- Health (6)
- IOSS (3)
- ISO 45001 (7)
- ISO 9001 (2)
- Knowledge sharing sessions (4)
- Life (8)
- Living in Singapore (68)
- My Articles (571)
- Myanmar (65)
- Myanmar Culture (15)
- Myanmar Transitional Platform (31)
- Piping (41)
- PPE Book (3)
- Safety (153)
- Tire Safety (5)
- Welding Technology (6)
- Working in Singapore (45)
- ကဗ်ာမ်ား (27)
- စင်ကာပူအကြောင်း (96)
- စင်္ကာပူ (သို့မဟုတ်) ခြင်္သေ့မြို့တော်_၁ (3)
- စာအုပ္မ်ား (3)
- ဒသမတန်း မြန်မာစာ (9)
- မြန်မာစာ (1)
- မြန်မာပြက္ခဒိန် (7)
- မြန်မာပြက္ခဒိန် (62)
- မြွေဆိပ်ဖြေဆေး (5)
No comments:
Post a Comment