၂။ ကိုမင်းဇော်တိုး
အမည် - ကိုမင်းဇော်တိုး
အသက် -
ပညာအရည်အချင်း - ၀ိဇ္ဇာဘွဲ့ (မြန်မာစာ)
လက်ရှိအလုပ်အကိုင် -
တစ်လ ၀င်ငွေ - S$
ကိုမင်းဇော်တိုးကတော့ စင်ကာပူတွင် ခိုင်မာသော ဘ၀တစ်ခု တည် ဆောက်ရန် ကြိုးစားမည့်သူ ဖြစ်ပါသည်။ သူ့ဘ၀အကြောင်းကိုတော့ ကျွန်တော် အင်တာဗျူးသဘောမျိုး တင်ပြထားပါသည်။
၁။ ငယ်စဉ်ဘဝ
ကျွန်ုပ်။ ။ ကိုမင်းဇော်တိုးက ဘယ်ဇာတိလဲ။ ငယ်ငယ်တုံးက အကြောင်းလေး တွေ နည်းနည်းလောက် ပြောပြပါလား။
မင်းဇော်တိုး။ ။ ကျွန်တော်က ရခိုင်ဘက်ကပါ။ တောင်ကုတ်နဲ့ ၁၆ မိုင်လောက် ဝေးတဲ့ ရွာမဆိုတဲ့ ရွာကြီးကပါ။ ရွာကြီး ဆိုတော့ ဆေးရုံ တို့ ရဲစခန်းတို့ လည်း ရှိတယ်။ ကားလမ်းရှိပေမဲ့ လမ်းကမကောင်းတော့ တောင်ကုတ်နဲ့ တစ်နာရီကျော် လောက် မောင်းရတယ်။ စက်လှေနဲ့လည်း သွားလို့ ရ တယ်။ မောင်နှမ ငါးယောက်ရှိတဲ့ အနက် ကျွန်တော်က အငယ်ဆုံးပါ။ အစ်မတွေက စာတို့ ကဗျာတို့ ၀ါသနာပါတော့ ကျွန်တော့်ကို ကဗျာ ဆရာ နာမည် ပေးထားတယ်။ အိမ်နာမည် ပေါ့။ မောင်ပန်းမွှေး တဲ့။
န်ုပ်။ ။ မိဘတွေက ဘာစီးပွားရေးလုပ်ငန်းတွေ လုပ်သလဲ။
တိုး။ ။ အဖေအမေတို့က ခြံလုပ်ငန်းလုပ်တယ်။ ငှက်ပျောစိုက်ခင်း၊ ကွမ်းသီးပင် စိုက်ခင်း၊ ကြံခင်း စတာတွေ ရှိတယ်။ အစ်ကိုတစ်ယောက်က အိုးအိမ်၊ နောက်အစ်ကို တစ်ယောက်က အကောက်ခွန်မှာ လုပ်တယ်။ အစ်မ နှစ်ယောက်လည်း ရှိသေးတယ်။ နှစ်ယောက်စလုံး ဆရာမချည်းပဲ။ ကျွန်တော်ကတော့ အငယ်ဆုံးပေါ့။
န်ုပ်။ ။ ကျောင်းတက်ခဲ့ရတဲ့ အတွေ့အကြုံလေးတွေရယ်။ ပညာ အရည်အချင်း ရယ် ဆက်ပြောပါအုံး။
တိုး။ ။ ကျွန်တော် ကိုးတန်းထိ ရွာကျောင်းမှာဘဲ တက်ခဲ့တယ်။ ကိုးတန်း ရောက်တော့ အစ်မတွေ ရန်ကုန်ကို ပြောင်းလာတော့ ကျွန်တော်ပါ လိုက်လာပြီး ရန်ကုန်မှာ ကျောင်းဆက်တက်ခဲ့တယ်။ ကျွန်တော်က ရခိုင်မှာ ပဲ တောက်လျှောက်နေလာခဲ့တာ ဆိုတော့ ဗမာလို ကောင်းကောင်း မပြောတတ်ဘူး။ အဲတော့ ရန်ကုန်မှာ ကျောင်းတက်တဲ့ အခါ ဘာသာစကား နည်းနည်း ပြဿနာရှိတယ်။ ဒါပေမဲ့ နောက်ပိုင်းတော့ ပြေလည်သွား ပါတယ်။ ရွာမှာ ပြည့်ပြည့်စုံစုံနဲ့ နေလာခဲ့ပြီး ရန်ကုန် ရောက်လို့ အိမ်ငှားဘ၀နဲ့ နေရတဲ့အခါကျတော့ နည်းနည်း ကသီလင်တ နိုင်တာပေါ့။ ကျွန်တော်တို့ သုံးဘို့ စွဲဘို့တော့ အိမ်ကနေ လှမ်းပို့ပေးတယ်။ ငယ်ငယ် တုန်းကတော့ ကျွန်တော်က စာတော်တယ်ဗျ။ အတန်းငယ်တွေ မှာ ပထမ ဒါမှမဟုတ် ဒုတိယ အမြဲရ လေ့ ရှိတယ်။ ၈ တန်းကျတော့လည်း သင်္ချာဂုဏ်ထူးထွက်ပြီး ဆုတွေဘာတွေ ရတယ်။ ဒါပေမဲ့ ဆယ်တန်းကို “ခ” နဲ့ အောင်လို့ နောက်တစ်နှစ် ထပ်ဖြေရသေးတယ်။ ဆယ်တန်း အောင် ပြီးတော့ ကျောင်းဆက်တက်ဘို့ စောင့် ရင်း ကျွန်တော် ကြယ်ငါးပွင့်မှာ ကာဂိုတွေ လိုက်မှတ်တဲ့ စာရေး ၀င်လုပ်တယ်။ နှစ်နှစ်လောက် ကြာတယ်။ အဲဒီတုံးက ၁၉၉၅ ခုနှစ်။ အလုပ်လုပ်ရင်း ကွန်ပြူတာ သင်တန်း တက် တယ်။
အလုပ်လုပ်နေတုံးမှာပဲ ကျောင်းတက်ဘို့ ခေါ်စာ ကျလာတယ်။ ကျွန်တော် က day တက်ချင်လို့ လျှောက် လိုက်တာ ဥပဒေ ရတယ်။ ကျောင်းတက် နေတုံးမှာပဲ သူငယ်ချင်း တော်တော်များများက အလုပ်လုပ်ရင်း ကျောင်း တက်ဘို့ အဝေးသင်ပြောင်း ယူကြတော့ ကျွန်တော်လည်း အဝေးသင် လိုက်ပြောင်းလိုက်တယ်။ အဝေးသင် ပြောင်းတော့ ဥပဒေ မရတော့ဘူး။ ဒါနဲ့ မြန်မာစာ ပြန်ပြောင်း။ မြန်မာစာနဲ့ ဘွဲ့ရခဲ့တယ် ပေါ့။ အဝေးသင် တက် နေရင်းနဲ့ ကျွန်တော် နယ်စပ်ဒေသ ဖွံ့ဖြိုးရေးမှာ ၀င်လုပ်တယ်။ လုပ်တုံး ကတော့ အရာရှိ ဖြစ်မယ် လို့ ကိုယ့်ကိုယ်ကိုယ် တွက်ရင်း ၀င်လုပ်ခဲ့တာပဲ။ ကျောင်းပြီးတော့ အကြီးတန်းစာရေး ဖြစ်လာတယ်။ အဲဒီအချိန်မှာပဲ အစ်မ တွေမှာ ၀ိုင်းရှိတော့ စာလိုက်သင်ရင်းနဲ့ ကျူရှင် သင်ဖြစ်တယ်။ ကျူရှင်သင် တာတင် စုစု ပေါင်း ခုနစ်နှစ်ကြာတယ်။
န်ုပ်။ ။ ဟာ၊ အကြာကြီးပဲ။ အဲဒီ ခုနစ်နှစ်အတွင်း အတွေ့အကြုံလေးတွေ ပြောပြ ပါဦး။
တိုး။ ။ ကျွန်တော့်သူငယ်ချင်းက မှုခင်းသတင်းဂျာနယ် နဲ့ မနောမယ က အယ်ဒီတာ။ သူ့တိုက်တွန်းမှုနဲ့ပဲ ကျွန်တော် စာအုပ်တွေ အများကြီးဝယ်ပြီး စာတွေဖတ်ဖြစ်တယ်။ နောက်ပြီး သူ့အလုပ်တွေ နည်းနည်းပါးပါး ကူညီ ညာ လုပ်ပေးပေါ့။ နောက်ပိုင်းကျတော့ ကျူရှင်မသင်ဖြစ်တော့ဘူး။ ဘာလို့ လည်း ဆိုတော့ စသင်တုံး က တစ်လကို နှစ်သိန်းခွဲလောက် ရတယ်။ ၀ိုင်း တွေကလည်း ကောင်းတာကိုး။ လှိုင်သာယာ သွားသင်လိုက်။ သင်္ဃန်း ကျွန်း သွားသင်လိုက် ပေါ့။ ခုနောက်ပိုင်း ကျတော့ လူတွေ စီးပွားရေး ကျပ်တည်းလာတယ်။ ဆိုတော့ ကျွန်တော် တစ်လကို တစ်သိန်း၊ တစ်သိန်းကျော် ပဲ ရတော့တယ်။ နောက်တစ်ခုက ကျွန်တော် အိမ်ထောင် ကျသွားတယ်။ အိမ်ထောင်ကျတော့ ငွေ အရေးကြီးလာပြီ။ ငွေမရှိပဲ အဆင်မပြေတော့ဘူး။ အဲဒါနဲ့ နိုင်ငံခြား ထွက်ဖို့ ဖြစ်လာတာပဲ။
၂။ နိုင်ငံရပ်ခြားတွင် စီးပွားရှာရန် ကြိုးစားခြင်း
န်ုပ်။ ။ ကိုင်း၊ ဟုတ်ပြီ။ စင်ကာပူကို လာဘို့ ကြိုးစားခဲ့ရတဲ့ အကြောင်းလေးတွေ ပြောပြပါဦး။
တိုး။ ။ နေဦး။ ရှိသေးတယ်။ သူငယ်ချင်း တစ်ယောက်ရယ်။ သင်္ဘောသား တစ်ယောက်ရယ်၊ ကျွန်တော်ရယ် ပေါင်းပြီး လှိုင်သာယာ စက်မှုဇုံမှာ ထမင်းထုပ်ရောင်းတဲ့ လုပ်ငန်း လုပ်ကြသေးတယ်။ အစပိုင်းတော့ အဆင် ပြေသား။ လုပ်ပုံက ကျွန်တော်တို့က ဒန်အိုးဒန်ခွက် စသဖြင့် လိုတဲ့ပစ္စည်း တွေ ၀ယ်ပေးပြီး အဲဒီက အမျိုးသမီးတွေ ငှားပြီး ရောင်းခိုင်းတာ။ ထမင်းနဲ့ ဟင်းတွေကို အထုပ်ကလေးတွေ ထုပ်ပြီး ဆိုင်ခင်း ရောင်းတာပေါ့။ ကျွန်တော်တို့ သူငယ်ချင်း နှစ်ယောက်ကတော့ စိတ်တူ ကိုယ်တူပါပဲ။ ဒါပေမဲ့ ဟိုလူက မရိုးသားဘူးဗျ။ ကျွန်တော် စာရင်းကိုင်တာပဲ။ ဒါပေမဲ့ သူက အသုံးစရိတ်တွေ အရမ်းတင်တယ်။ နောက် စာရင်း ရှင်းလိုက်တော့ အသုံးစရိတ်နဲ့ ရောင်းလို့ရတဲ့ငွေနဲ့ မကိုက်တော့ဘူး။ ရတာက နည်းနည်း၊ ကုန်တာက များများ ဖြစ်နေတယ်။ အဲဒီမှာတင် စကားများကြပြီး ခွဲလိုက် ကြတယ်ပေါ့။ သူကတော့ အဲဒီလုပ်ငန်း ဆက်လုပ်နေခဲ့တယ်။ ဖောက်သည်တွေတော့ သူရလိုက်တာပေါ့။
န်ုပ်။ ။ ဒါနဲ့ပဲ စင်ကာပူ ရောက်လာဘို့ ဖန်လာတယ် ဆိုပါတော့။
တိုး။ ။ ကျွန်တော်က ဂျပန်သွားဘို့ လုပ်တာဗျ။ စင်ကာပူကိုက မရည်ရွယ်ဘဲ ရောက်လာတာ။ ကျွန်တော်လည်း ပြောချင်နေတာ။ ဘာလို့လဲ ဆိုတော့ ကျန်တဲ့လူတွေအတွက်လည်း သင်ခန်းစာ ယူနိုင်အောင်ပေါ့။ ကျွန်တော် တို့ကို ဂျပန်ပို့မယ် လုပ်တာက ကျွန်တော့်သူငယ်ချင်းရဲ့ အဒေါ်အရင်းပဲ။ ဒါပေမဲ့ဗျာ၊ သူရော ကျွန်တော်ရောပဲ၊ ကျွန်တော်တို့ပေးထားတဲ့ စရံငွေ ၂၅ သိန်းကို မနည်းကြီးကို ပြန်တောင်းယူရတယ်။
န်ုပ်။ ။ နေပါဦးဗျာ။ သူနဲ့ ဘယ်လိုကနေ ဘယ်လို အဆက်အသွယ် ရတာလဲ။
တိုး။ ။ သြော်၊ ကျွန်တော့်သူငယ်ချင်းက သူ့အဒေါ်က ဂျပန်ပို့ပေးမယ် ပြောတယ်၊ အဲဒါ ငါသွားမလို့၊ မင်းငါနဲ့အတူ လိုက်ခဲ့ပါလားပေါ့။ ကျွန်တော်ကလည်း ဂျပန် ဆိုတော့ အတော်လေး စိတ်ဝင်စား သွားတယ်။ စုစုပေါင်း ၆၅ သိန်း ကုန်မယ်။ လောလောဆယ် စရံ ၂၅ သိန်းပေးထား။ ကျန်တာ နောက်မှ ဖြည်းဖြည်းချင်း ပေးပေါ့။
န်ုပ်။ ။ ခဏလေး၊ ခဏလေး။ ဂျပန်ကို ၆၅ သိန်း ဆိုတော့ အဲဒါ ဘယ်နှခုနှစ် လောက်ကလဲ။
တိုး။ ။ ၂၀၀၅ အဲလေ၊ ၂၀၀၄၊ ဟုတ်တယ် ၂၀၀၄။ အဲဒီ အဒေါ်ရဲ့ အမျိုးသားက စင်ကာပူရီယမ် ဗျ။ သူတို့ကလည်း အေးဂျင့်ပဲ။ ဒါပေမဲ့ သူက စင်ကာပူကို မပို့ဘူး။ အီးယူတို့၊ ဂျပန် တို့ စသဖြင့်ပဲ ပို့တယ်။ ဒါနဲ့ သူတို့က ဂျပန်မှာ ဟော်တယ်မှာ သန့်ရှင်းရေး လုပ်ရမယ်။ ဒီတော့ ဟိုရောက်ရင် လုပ်တတ် အောင် ဆိုပြီး သင်တန်းပေးတယ်။ ဖုံစုတ်စက် သုံးနည်း၊ အခန်းသန့်ရှင်း ရေး လုပ်နည်း ပေါ့ဗျာ။ အဲဒီ သင်တန်းတက်တာ ၅ သောင်း ပေးရတယ်။ သင်တန်းကာလက နှစ်ပတ်။ အောင်လက်မှတ်တွေ ဘာတွေ ပေးတယ်။ အဲဒါအပြင် ဟော်တယ်က ရက်စ် တောရင့် (Restaurant) နဲ့ တွဲထားတာ ဆိုတော့ ဘီယာပတ်ဖ် တွေမှာလည်း လုပ်ချင် လုပ်ရမယ် ဆိုပြီး ဂျပန်စာပါ သင်ရသေးတယ်။ ဂျပန်စာ သင်တာက ၅ သောင်း။ သင်တန်းကာလ သုံးပတ်။ အဲဒါအပြင် ကျွန်တော်က မြောက်ဥက္ကလာ ဘုန်းကြီးကျောင်းမျာ ဂျပန် speaking သင်တန်းလည်း သွားတက် လိုက် သေးတယ်။ အဲဒီလိုနဲ့ သုံးလလောက် ကြာသွားတယ်။
နောက်တော့ ကျွန်တော်က သူငယ်ချင်းကို ဟေ့ကောင်၊ ဘယ့်နဲ့လဲ အခြေ အနေ ဆိုတော့၊ မင်း မပူပါနဲ့ကွာ။ သူကိုယ်တိုင် သွားတာ။ စိတ်ချရပါတယ် တဲ့။ ကျွန်တော်တို့တင် မဟုတ်ဘူး။ သူနဲ့ လုပ်ထားတာ စုစုပေါင်း လူ ၄၀။ နောက်မှ သိရတာက အဲဒီ အမျိုးသမီးက ကျွန်တော်တို့ဆီက ယူထားတဲ့ တစ်ယောက် ၂၅ သိန်း၊ လူ ၄၀ ဆိုတော့ သိန်း ၁၀၀၀ ပေါ့။ အဲဒါနဲ့ မြေသယ်၊ မြေဖို့ကားတွေ ၀ယ်ပြီး အငှားလိုက်စားတဲ့ ကုမ္ပဏီတစ်ခု ကို ကောက်ကက် ထောင်လိုက်ကရော တဲ့။
အဲဒါနဲ့ အင်တာဗျူး လုပ်တယ်။ ဂျပန်စကားကောင်းကောင်း ပြောတတ် တဲ့သူ နှစ်ယောက်ကို အရင် ဂျပန်ကို လွှတ်လိုက်တယ်။ ဒါပေမဲ့ အဲဒီ လူတွေကို visit visa နဲ့လွှတ်လိုက်လို့ ဆိုပြီး ဟိုက လက်မခံလို့ ရက် ၂၀ လောက်ပဲ နေခဲ့ရပြီး ပြန်ခဲ့ရတယ်။ အဲဒီလူတွေဆို အကုန်ဆုံး တာပေါ့ဗျာ။ ဘာလို့ပြန်လာရသလဲ ဆိုတာ တော့ ဘယ်သူမှ သေသေချာချာ မသိရဘူး။ အဲဒီမှာတင် ကျွန်တော် ၈ လလောက် ကြာတယ်။ နောက်တော့ ပိုက်ဆံ ပြန်တောင်းတာပဲ။ ဒါပေမဲ့ ၅ သိန်းပေးလိုက်။ ဆယ်သိန်းပေးလိုက်နဲ့ အလီလီ ခွဲပေးတယ်။ ပိုက်ဆံ တွေလည်း ခေါင်းကွဲ ကုန်တာပေါ့။
နောက်တော့ ကျွန်တော် ကိုးရီးယား၊ စင်ကာပူ အကုန် လိုက်စုံစမ်းတယ်။ ဒါနဲ့ ကျွန်တော်နဲ့ သူငယ်ချင်းနဲ့ အေးဂျင့် တစ်ခုမှာ စင်ကာပူအလုပ် တင်ကြတယ်။ Electrical Wiring တဲ့။ စုစုပေါင်း ခုနစ်ယောက်တင်တာ တစ်ယောက်ပဲ ပါတယ်။ ကျန်တဲ့ ၆ ယောက် မပါဘူး။ အေးဂျင့်ဖီးက ၄၆၀၀။ နေစရာ ပေးမယ် ပြောတယ်။ လစာက ၈၀၀ တဲ့။ ကျွန်တော်တို့ မပါတော့ အစ်ကိုနဲ့ ရင်းနှီးတဲ့ နောက် အေးဂျင့်တစ်ခုဆီ သွားကြပြန်ရော။ အဲဒီ အေးဂျင့်နဲ့ အင်တာဗျူးတယ်။ ပါတယ်။ ပါတော့ deposit ၅ သိန်း ပေးရတယ်။ တစ်ခါ တင်ပြန်ရော။ သုံးလလောက် ကြာတယ်။ ကျမလာ ပြန်ဘူး ဗျို့။ ဒါနဲ့ ပိုက်ဆံ ပြန်တောင်းတာပေါ့။ ပထမ သုံးသိန်း ပြန်ပေး တယ်။ နောက်နှစ်ပတ်ကြာတော့ နှစ်သိန်း ပြန်ပေးတယ်။
န်ုပ်။ ။ အင်း၊ သိပ်တော့ မလွယ်ပေဘူး။ ဒါနဲ့ ဒီ ကုမ္ပဏီကို ဘယ်လိုကနေ ဘယ်လို အဆက်အသွယ်ရပြီး ရောက် လာတာလဲ။
တိုး။ ။ ဒီလိုဗျ။ ကျွန်တော့် အစ်ကိုဝမ်းကွဲ တစ်ယောက်က ဂျီတီအိုင်နဲ့ ကျောင်းပြီးတာ။ သူက စင်ကာပူမှာ လုပ်နေ တယ်။ သူကတော့ ပြောတယ်။ မင်း ခု မလာနဲ့ဦး။ စင်ကာပူမှာ အလုပ်တွေ ရှားနေတယ် လို့ပြောတယ်။ ကျွန်တော်ကလည်း ဗိုက်နာနေပြီ။ မလာလို့ မရတော့ဘူး။ ပိုက်ဆံတွေလည်း ကုန်လှပြီ။ စင်ကာပူကို မသွား လို့ကို မဖြစ်တော့ဘူး။ ဒါနဲ့ စုံစမ်းရင်း၊ မေးရင်း မြန်းရင်းနဲ့ ခု အေးဂျင့်နဲ့ ချိတ်မိတာဘဲ။
န်ုပ်။ ။ နေပါဦး။ သူတို့နဲ့ရော၊ ဘယ်လိုဆက်မိတာလဲ။
တိုး။ ။ သူ့အစ်မက ကျွန်တော်တို့ အိမ်ရှေ့မှာ ဆိုင်ခန်းလာဖွင့်ထားတော့ ကျွန်တော်တို့နဲ့ ရင်းနှီးနေတာဗျ။ ကျွန်တော် နိုင်ငံခြားထွက်မယ် လုပ်နေတာ သူတို့သိတော့ ဟဲ့၊ င့ါညီမ ကုမ္ပဏီ ရှိတယ်။ သူကလည်း စင်ကာပူကို ပို့နေတာ။ နင်သွားချင်တယ်ဆို ငါလိုက်ပို့ပေးမယ် ဆိုပြီး ကျွန်တော့ကို သူ့ညီမဆီ ခေါ်သွား တယ်။ သူက နင်ဘာတွေ လုပ်တတ် လဲတဲ့။ ကျွန်တော်က E.P.E.C သင်တန်း ၆ လ တက်ထားတာတော့ ရှိတယ်။ ဒါပေမဲ့ တစ်ခါမှ တော့ မလုပ်ဖူးဘူး လို့။ လုပ်ငန်း အတွေ့ အကြုံကတော့ ဟိုရောက်မှ လုပ်လည်းလုပ်၊ သင်လည်းသင် လုပ်ရမှာဘဲ လို့ ပြောတော့၊ သူကလည်း ရတယ်၊ ရတယ် ကိစ္စမရှိဘူး တဲ့။ ဒါနဲ့ ကျွန်တော်လည်း C.V တို့၊ အောင်လက်မှတ်တို့ စတဲ့ လိုတဲ့စာရွက် စာတမ်းတွေ ပေးခဲ့တယ်။
ဒါနဲ့ သိပ်မကြာဘူးဗျ။ အင်တာဗျူးတစ်ခု ခေါ်တယ်။ ဘာ ဆိုလဲ ကုမ္ပဏီ က။ အင်တာဗျူးလာဖြေတာ လူ ၄၀ လောက်ရှိတယ်။ ၇ ယောက် ရွေး တယ်။ အဲဒီအထဲမှာ ကျွန်တော် ပါတယ်။ အင်တာဗျူးပါတော့ သုံးသိန်း deposit ပေးရမယ် တဲ့။ ပေးတယ်ပေါ့ ကျွန်တော်ကလည်း။ ဒါနဲ့ ဆိုပါ တော့။ သူတို့ ပထမ တင်လိုက်တယ်။ ကျမလာဘူး။ နောက်ထပ်တစ်ခါ ထပ်တင်ပြန်တယ် တဲ့။ မကျပြန်ဘူး။ ဒီတော့ ကျွန်တော်တို့လည်း တော်တော်လေး စိတ်ပူတာပေါ့။
အစ်မလို့၊ ကျွန်တော်တို့ နောက်ထပ် အသစ်ထပ် အင်တာဗျူးချင်တယ် ပြောတော့ ဟယ်၊ နင် ခဏစောင့်ပါဦး တဲ့။ ငါတို့ ရအောင်လုပ်ပေးပါ့မယ် ပြောတယ်။ ဒါနဲ့ ဘာတတ်နိုင်မလဲ။ ထပ်စောင့်ပေါ့။ စောင့်ရင်း၊ စောင့်ရင်း ကနေ သုံးလကျော်သွားတယ်။ ကျွန်တော်လည်း စိတ်က မရှည်တော့ဘူး။ သူ့ဆီ သွားပြီး အစ်မ၊ နောက်ထပ် ထပ်မတင်ပေးရင် ကျွန်တော် ပိုက်ဆံ ပြန်လိုချင်တယ်။ ကျွန်တော် တခြားမှာ ထပ်လျှောက်ချင်သေးတယ် လို့ ပြောတော့ ဟာ၊ ငါတို့ဆီမှာ အပ်ထားရင် ငါတို့ အလုပ်ရအောင် ရှာပေး မယ်။ ပိုက်ဆံ ပြန်အမ်းရိုး ထုံးစံ မရှိဘူး တဲ့၊ ပြောတယ်။
န်ုပ်။ ။ အင်း၊ ပြောပါဦး။ ခု အလုပ်ရလာပုံကလေး။ အဲဒါက ပို စိတ်ဝင်စားဘို့ ကောင်းမယ် ထင်တယ်။
တိုး။ ။ အဲဒီမှာတင် ကျွန်တော် လေးလလောက်ကြာသွားတယ်။ နောက်ထပ် electrical နဲ့ပဲ လာပြီး အင်တာဗျူး ပြန်တယ်။ ကျွန်တော် ထပ်ပါပြန်တာပဲ။ ဒါပေမဲ့ ဘယ်လိုဖြစ်ပြန်သလဲ မသိဘူး။ မကျပြန်ဘူး ဗျ။ ကျွန်တော် လည်း တော်တော်လေး စိတ်ကုန် လာတယ်။ အစ်မ လို့၊ ကျွန်တော်တို့ ဟာတွေ တင်တာ တစ်ခုမှ မကျပါ လား။ ကျွန်တော် မလုပ်ချင်တော့ဘူးဗျာ။ ပိုက်ဆံ သာ ပြန်ပေးပါ လို့ ပြောတယ်။ ဟုတ်တယ်။ ကျွန်တော် လိမ်ပြောတာ မဟုတ်ဘူး။ စိတ်ပြောင်းသွားပြီး တကယ့်ကို သွားချင်စိတ် ကုန်သွားတာ။ ဒီမှာပဲ ကျူရှင်လေး ဘာလေး ပြန်သင်ပြီး အေးအေးဆေးဆေး နေတော့ မယ် လို့ တွက်တယ်။ အိမ်က လူတွေကလည်း မသွား တော့ဘူးပဲ ထင်တာကိုး။
အဲဒီလို နေရင်းနဲ့ ခု ကုမ္ပဏီက အင်တာဗျူးလာခေါ်တော့ သူက လှမ်း ခေါ်တယ်။ အင်တာဗျူးလာဘို့။ ဒါပေမဲ့ ကျွန်တော် မသွားဘူး။ ပထမနေ့ အင်တာဗျူးတယ်။ ကျွန်တော်မသွားဘူး။ ဒုတိယနေ့ ထပ်ခေါ်ပြန်တော့ လည်း ကျွန်တော်မသွားဘူး။ ပေနေတာ။ ဒါပေမဲ့ နောက်ဆုံးနေ့လည်း ကျရော အိမ်ကလူတွေက အတင်း တွန်းထိုးလွှတ်တာနဲ့ မသွားချင့်သွားချင် သွားလိုက်တယ်။ သွားတော့ နေ့ခင်း ၁၂ နာရီတောင် ကျော်နေပြီ။
အင်တာဗျူးတာကလည်း နာမည်ခံပါဗျာ။ သိပ်တောင် ဘာမှ မမေးလိုက် ပါဘူး။ မင်းနာမည် ဘယ်လို ခေါ်လဲ။ အိမ်ထောင် ရှိသလား ဘာလားပေါ့။ အင်္ဂလိပ်လို ပြောတတ်၊ မပြောတတ် မေးစမ်းကြည့်ရုံလောက် ပါဘဲ။ နောက်ပြီး လက်တွေ့အနေနဲ့ flange နှစ်ချပ်ကို bolt နဲ့ nut တွေ ဆင်ပြ ရတယ်။ လေးယောက်တစ်အုပ်စု၊ ငါးယောက် တစ်အုပ်စုပေါ့။ နောက်ပြီး အဲဒါကို spanner နဲ့ ကြပ်ပြရတယ်။ ဘာမှ ခဲယဉ်းတာ မဟုတ်ဘူး။ အရင် အင်တာဗျူးတွေမှာ တုံးကမှ လျှပ်စစ်နဲ့ ပတ်သက်တာတွေကို drawing တွေ circuit တွေ ချပြပြီး မေးစမ်း လုပ်သေးတယ်။ ခု အင်တာဗျူး မှာ ကတော့ ဘာမှကို မမေးဘူး။
န်ုပ်။ ။ ဒါနဲ့ပဲ ဒီကုမ္ပဏီနဲ့ ရေစက်လာဆုံရော ဆိုပါတော့။
တိုး။ ။ ဟုတ်တယ်။ အဲဒီလို လုပ်ပြပြီး ပါတယ်လို့ ပြောတာပဲ။ ပါတယ် ဆိုပြန် တော့ မပြီးသေးဘူးဗျ။ သူက မင်း အင်္ဂလိပ်စကားပြော တတ်လားတဲ့။ ကျွန်တော်က ရပါတယ် လို့ပြောတော့ မရဘူး တဲ့။ မင်းတို့ ကောင်းကောင်း တတ်အောင် သင်တန်းထပ်ပေးရမယ် တဲ့။ ဘယ်လောက်ပါလိမ့်။ သင်တန်းကြေးက။ မေ့တောင်နေပြီ။ ကျွန်တော်ကလည်း အစ်မ လို့။ ကျွန်တော်က အမျိုးသမီးဖွင့်ထားတဲ့ အထည်ဆိုင်မှာ ကူရောင်းပေးနေရလို့ မအားဘူး လို့။ ဟာ၊ မအားလို့ ဘယ်ရမလဲ။ မင်းတို့ ဟိုရောက်လို့ အင်္ဂလိပ် လို မပြောတတ်ရင် ဒုက္ခရောက် လိမ့်မယ် တဲ့။ ကျွန်တော်ကလည်း ပေတေနေတာပဲ။ လုံးဝမသွားဘူး။ ဒါနဲ့တင် မပြီးသေးဘူးဗျို့။ တစ်ခါ လာပြန်ရော။ Low Levy အတွက် welding သင်တန်းတက်ရမယ်။ နှစ်သောင်းခွဲ တဲ့။ ကျန်တဲ့ ကျွန်တော်နဲ့ သိတဲ့သူတွေကတော့ သွားကြ တယ်။ ကျွန်တော်ကတော့ မသွားဘူး။ သူတို့ဆီမှာ ဗျာ။ ဘာသင်တန်း တွေမှန်း ကို မသိပါဘူး။ နှစ်သောင်းခွဲ ပေးရတဲ့သူနဲ့။ ငါးသောင်း ပေးရတဲ့ သူနဲ့။ ကျွန်တော် ကတော့ ကိုယ့်အလုပ်နဲ့ ကိုယ်မို့ မရောက်ဖြစ်ဖူး။ လိုအပ်လို့ သူဖုံးဆက်လှမ်းခေါ်မှပဲ သွားလိုက်တယ်။
ဆေးဆိုတာလည်း စစ်လိုက်ရတာ မပြောပါနဲ့တော့။ လေးခါတောင် စစ်ရတယ်။ အဲလိုနဲ့ နှစ်လလောက် ကြာသွားပြန်ရော။ ကျွန်တော်တို့ IPA က မကျလာသေးဘူး။ ကျွန်တော်တို့အရင် အယောက် ၄၀ ထင်တယ်၊ ထွက်သွားကြပြီ။ ကျွန်တော်လည်း မနေနိုင်တာနဲ့ သွားမေး။ အစ်မ၊ ဘယ်လိုလဲ၊ ကျွန်တော်တို့ စာတွေ မကျလာသေးပါလားပေါ့။ နေပါဦး ဟယ်၊ ပထမအသုတ်တောင်မှ သွားပြီ၊ နင်တို့လည်း မကြာခင် သွားရမှာပါ တဲ့။ နောက်တော့ နာဂစ်မုန်တိုင်းတိုက်တယ်။ နာဂစ်အပြီးမှာ နောက်ထပ် တစ်သုတ် သွားပြန်တယ်။ ကျွန်တော်တို့ မပါသေးဘူး။
အမှန်ပြောရရင် ကျွန်တော် စိတ်ကို မပါတော့ဘူး။ သွားရမယ်လို့လည်း မထင်တော့ဘူး။ ကိုယ့်စီးပွားရေး လေး ကိုယ်ပဲ ကောင်းအောင် လုပ်တော့ မယ်လို့ စိတ်ပိုင်းဖြတ်ထားတာ။ ဒါပေမဲ့ နောက်ဆုံးကျတော့ ဇူလိုင် လ ရောက်တော့ သွားရမယ် လို့ ဖြစ်လာရော။ မတ်လကနေ ဇူလိုင်လထိ လေးလလောက် ကြာတယ်ပေါ့။ ရုံးကိုလည်း ဘယ်နှခေါက်မှန်းကို မသိတော့ဘူး။ ဘာကိစ္စမှန်း မသိဘဲနဲ့ သွားသွားနေရတာ။ ဆိုပါတော့ အဲဒါနဲ့ပဲ ခု ကုမ္ပဏီ ရောက်လာတာပဲ။
၃။ စင်ကာပူမှ ဒုက္ခ၊ သုက္ခများ
န်ုပ်။ ။ အင်း၊ ခုမှ လိုရင်း ရောက်တယ်။ ကိုင်း၊ စင်ကာပူရောက်လာပါပြီ တဲ့။ ဒီမှာ တွေ့ရ၊ ကြုံရ၊ နေရ၊ ထိုင်ရ၊ လုပ်ရ၊ ကိုင်ရတာလေးတွေလဲ ပြောပြ ပါဦး။
တိုး။ ။ တစ်ခါ၊ စင်ကာပူရောက်ပြန်တော့ အဲဒီ အေးဂျင့်နဲ့ ကျွန်တော်တို့ ငြိပြန် ရောဗျ။ ဘာလို့လည်း ဆိုတော့ ကျွန်တော်တို့ကို ပြောတုံးက စက်ရုံမှာ လုပ်ရမယ် လို့ပြောတာ။ ဒီရောက်တော့ ကျွန်းပေါ်သွားလည်း နေရ သေး၊ ဆောက်လုပ်ရေးလည်း လုပ်ရသေး ဆိုတော့ ကျွန်တော်တို့ သူ့ကိုသွားပြီး complain တက်တာပေါ့။ နောက်ပြီး သူက တခြားသူတွေကို ပြောသေး တယ်။ နင်တို့ ကျွန်းမှာ သွားလုပ်ရမယ်ဆိုရင် ကျွန်း allowance ပေးမယ် ဆိုပဲ။ ကျွန်တော့်ကိုတော့ မပြောလိုက်ဘူး။ ဒါပေမဲ့ ဘာ allowance မှ မရပါဘူးဗျာ။
န်ုပ်။ ။ ဒါနဲ့ နေပါဦး။ အေးဂျင့်ဖီးရော၊ ဘယ်လောက် ပေးရလဲ။
တိုး။ ။ စုစုပေါင်း Agent Fee စင်ကာပူ ဒေါ်လာ ၃၆၀၀ ပေးရတယ်။ လေယာဉ်လက်မှတ် မပါပေါ့။ ဒါတောင် ကျွန်တော်က အဲဒါပဲ ကုန်တာ။ တခြားသူတွေကျတော့ ဘာသင်တန်းကြေး၊ ညာသင်တန်းကြေး၊ ယူနီဖောင်း ကြေး။ အာ၊ အများကြီးပဲ ထပ်ကုန်တာတွေ။ နယ်ကလာတဲ့ သူတွေဆို ပိုဆိုးသေးတယ်။ လမ်းစရိတ်၊ စားတာ သောက်တာ၊ နေတာ ထိုင်တာ အားလုံး ကုန်ရတာပေါ့။ ကျွန်တော်တို့က ရန်ကုန်မှာ နေတော့ တော်သေး တယ်။
န်ုပ်။ ။ နောက်ပြီး စင်ကာပူကို လာတဲ့ ရည်ရွယ်ချက်ရယ်၊ ကုမ္ပဏီမှာ လုပ်ရ ကိုင်ရတာ အဆင်ပြေရဲ့လား ဆိုတာ ရယ် ဆက်ပြောပါဦး။
တိုး။ ။ လာတုံးကတော့ အခြေအနေပေးရင် S Pass လေးဘာလေး လျှောက် မယ်။ သားသမီးတွေရဲ့ ပညာရေး ဘာညာ စီစဉ်ချင်တယ် ပေါ့။ ရည်မှန်း ချက်နဲ့ လာတာပဲ။ ဒါပေမဲ့ ဒီကုမ္ပဏီရောက်တော့ တော်တော်လေးကို စိတ်ပျက်သွားတယ်။ ရောက်ရောက်ချင်း ဘာမှ အလုပ်မရှိဘဲ ငုတ်တုတ် ထိုင်နေရတာကိုး။ ထိုင်နေရတာက အကြောင်းမဟုတ်ဘူး။ အလုပ်မရှိလို့ အိုဗာတိုင် မရှိတော့ ကျွန်တော်တို့လို လခနည်းတဲ့ သူတွေအဖို့ တစ်လ တစ်လ ဘာထွက်မလဲဗျာ။ ၃၂၀၊ တစ်ခါတလေ ၃၅၀ အဲဒါလောက်ပဲ ရတယ်။
န်ုပ်။ ။ ဒီကျွန်းကို ရောက်လာတဲ့ အကြောင်း၊ နေရထိုင်ရ၊ လုပ်ရကိုင်ရတဲ့ အကြောင်းလေးတွေ ဆက်ပါဦး။
တိုး။ ။ နေတာကတော့ အစ်ကိုတို့ သိတဲ့အတိုင်း camp ထဲမှာ နေရတယ်။ စုစုပေါင်းဆိုရင် အခု အဆောင် ၈ ဆောင် ထင်တယ် ရှိတယ်။ လူကလည်း လေးငါးထောင်လောက် ရှိတယ်။ ကျွန်တော်တို့ တစ်ခန်းကို ၁၂ ယောက် နေရတယ်။ နှစ်ထပ်ကုတင်တွေနဲ့။ လူသစ်တွေ ရောက်လာပြီဆို သူတို့က မွေ့ယာတို့ ခေါင်းအုံး တို့ ပေးတယ်။ ဒါပေမဲ့ အစ်ကို၊ အဆောင်မှာက လူတွေ အရမ်းများပြီး ကြမ်းပိုးနဲ့ ပိုးဟပ်တွေက အရမ်းဖြစ်နေတော့ ရောက်ပြီး တစ်ပတ်လောက်ပဲ အဲဒီ မွေ့ယာနဲ့ ခေါင်းအုံးတွေ သုံးလို့ရတယ်။ နောက်တော့ ကြမ်းပိုးတွေ ကပ်ပြီး အိပ်မရတော့လို့ ပစ်လိုက်ရတာပဲ။ ဆိုဒ်ထဲကနေ သုံးထပ်ပြားသားတွေ သယ်လာပြီး အနား ပတ်ပတ်လည်ကို Masking Tape တွေနဲ့ပတ်ပြီး အိပ်ယာခင်း လုပ်ရတာပေါ့။ အဲဒီတော့မှ အိပ်လို့ရတယ်။ တခါတလေ ကြမ်းပိုးသိပ်ကိုက်တဲ့ အခါ ကောင်းကောင်း အိပ်လို့ မရဘူး။ ခုမှ တော်သွားတာ။ အရင်ကဆို ခြင်ကကိုက် ကြမ်းပိုးက ကိုက်နဲ့ အရမ်း ဒုက္ခရောက်တယ်။ ခုတော့ ခြင်ဆေးလာလာ ဖြန်းပေးလို့ ခြင်တော့ မရှိတော့ဘူး။
အခန်းတွေမှာ exhaust fan ၄ လုံးစီ တပ်ပေးထားတယ်။ ပန်ကာတွေလည်း ရှိတယ်။ မီးလည်း ကောင်းပါ တယ်။ ပန်ကာကတော့ အရေးကြီးတယ် အစ်ကို။ ပန်ကာမရှိရင် ပူလွန်းလို့ အိပ်လို့မရဘူး။ ပန်ကာ ပျက်လို့ သွား ပြောရင် သူတို့ကလည်း ချက်ခြင်း လာပြင်ပေးပါတယ်။ နောက်ပြီး ကျွန်တော်တို့ အဆောင်ထဲက အအေးဗူးရောင်းတဲ့ စက်တွေက အပြင်က စက်တွေထက် ပို ဈေး ကြီးတယ်။ Penta Ocean တို့ Shimizu တို့က စက်တွေမှာ ၆၅ ပြား၊ ပြား ၉၀ ပဲရှိတဲ့ အအေးဗူးကို အဆောင်ထဲက စက်တွေမှာ တစ်ကျပ် ၂၀၊ တစ်ကျပ် ၃၀။ ဘာကြောင့်မှန်းကို မသိဘူး။ တကယ်ဆို ကျွန်တော်တို့က တကယ် အလုပ် လုပ်နေရတဲ့ သူတွေ။ ဒီမှာလည်း အမြဲတမ်း နေနေတဲ့ သူတွေ ဆိုတော့ ကျွန်တော်တို့ အတွက် ပိုတောင်မှ ဈေးလျှော့ ပေးရအုံးမှာ။ ခုတော့ ပြောင်းပြန်။
န်ုပ်။ ။ အင်း၊ သိပ်တော့ မလွယ်ပါလားဗျို့။ စားရသောက်ရပုံလေးတွေ လုပ်ပါအုံး။
တိုး။ ။ အဆိုးဆုံးကတော့ အစားအသောက်ပဲ။ မနက်စာ စားဘို့ အစောကြီး ထ တန်းစီရတာ တစ်ဒုက္ခ။ မနက်စာ တော့ စိတ်ပျက်လွန်းလို့ ကျွန်တော် တခါမှ မစားဘူး။ အပြင် canteen မှာပဲ ၀ယ်စားလိုက်တယ်။ မနက်ပိုင်း ခေါက်ဆွဲကြော် ထင်ပါရဲ့၊ သူတို့ကျွေးတာ။ နေ့လည်စာလည်း မစွံပါဘူး။ မရှိလို့ စားရတာပဲ။ ပဲပင်ပေါက် ကြော်၊ ဂေါ်ဖီကြော်၊ ဟင်းချိုက တစ်ခွက် ပေးတယ်။ တစ်ပတ်ကို အသားက နှစ်ရက် ပါတယ်။ တခါတလေ လက် နှစ်လုံးလောက် ရှိတဲ့ ငါးကြော် ပါတယ်။ ဟင်းမကောင်းတော့ ထမင်းစားရ တာ အဆင်မပြေဘူး။ ကျွန်တော်ကတော့ ဖြစ်သလို စားလိုက်တာပဲ။ ဗိုက်ပြည့် ပြီးရော ဆို။ တချို့ လုံးဝ မစားတဲ့သူတွေ ရှိတယ်။ အစာအိမ်ရောဂါ ဖြစ်၊ ဘာဖြစ်ပေါ့။
ဟင်းမကောင်းလို့ complain လုပ်တော့ မင်းတို့က ဘယ်လောက် ပေးထားလို့လဲ လို့ အပြောခံရတယ်။ သူတို့ ဘယ်လောက် ပေးမှန်း ကျွန်တော်တို့ ဘယ်သိမှာ လဲ အစ်ကို။ သူတို့ ကျွေးတာ စားရတာပဲ။ နောက်ပြီး ချက်စားလို့လဲ ရတာ မဟုတ်ဘူး။ ကျွန်တော်တို့က အလုပ်ကြမ်း လုပ်ရတာ ဆိုတော့ အစား ကောင်းကောင်း စားရဘို့ လိုတယ် မဟုတ်လား။ ဒါမှ အားရှိပြီး အလုပ် ကောင်းကောင်း လုပ်နိုင်မှာလေ။ ဒါပေမဲ့ ဘယ်သူမှ ဂရုမစိုက် ပါဘူး အစ်ကိုရယ်။
နေ့လည်စာ စားဘို့ လူကများတော့ ၁၁ နာရီမှာ Penta Ocean, Shimizu၊ ၁၂ နာရီမှာ Wecom, Hai Lek စသဖြင့် အသုတ်လိုက် ခွဲထားတယ်။ ဒါပေမဲ့ လူက များတော့ တန်းစီရတာနဲ့တင် နားချိန် မရဘူး။ နောက်ပြီး အ၀င်ဝ မှာ Cisco ရဲတွေ စောင့်နေတယ်။ ၁၁ နာရီ မတီးမချင်း ဘယ်သူမှ ၀င်လို့မရဘူး။ ဒီတော့ ၁၁ နာရီ ထိုးပြီ ဆိုတာနဲ့ ဟာ အကုန် စုပြုံတိုး။ ကုလားတွေက တံခါးကို အတင်းတိုးဖွင့်တော့ ရဲတွေနဲ့ ပြဿနာဖြစ်။ တစ်ခါဆိုရင် ရဲ က နံပါတ်တုတ် နဲ့ ရိုက်လို့ ကုလားလေး တစ်ယောက် တော်တော် ဒါဏ်ရာ ရသွားတယ်။ ဒါပေမဲ့ ဘယ်သူမှ မသိလိုက်ဘူး။
န်ုပ်။ ။ ဟူး။ ခင်ဗျားပြောတာ ကြားရတာနဲ့တင် ကျွန်တော် အတော်ပင်ပန်းနေပြီ။ မလွယ်ပါလားဗျ။ ဆက်ပါအုံး။
တိုး။ ။ အစ်ကိုရယ်၊ ကျွန်တော်တို့ ဘ၀ဟာ ထောင်သားတွေလို ပါပဲဗျာ။ အစား အသောက်ကို ထိုင်းနဲ့ မြန်မာစာ။ အိန္ဒိယစာ။ ဘင်္ဂလားစာ။ တရုပ်စာ။ ဖိလစ်ပိုင်စာ ဆိုပြီး ခွဲထားတယ်။ အရင်က ဖိလစ်ပိုင်စာက ပို ကောင်း တယ်။ အသားလည်း ပိုများတယ်။ ဒါပေမဲ့ တလောက ဖဦးထုပ် တစ်ကောင် သွား complain လုပ်တာနဲ့ ခုတော့ အားလုံး အတူတူ ဖြစ်သွားပြီ။ ဒါပေမဲ့ ဘင်္ဂလားစာက နေ့တိုင်း အသားပါတယ်။ ကျွန်တော်တို့က အသား မပါတော့ ဘင်္ဂလားစာကို အလုအယက် စားကြတာပဲ။ ဟို့ အရင်က ထိုင်းစာ ချက်တဲ့ ယိုးဒယားလေး တစ်ယောက် ရောက်လာသေးတယ်။ ဒီကောင်က အချက် အပြုတ်ကောင်းတော့ ကျွန်တော်တို့ စားရတာ တော်တော် အဆင်ပြေတယ်။ ဒါပေမဲ့ ဘာကြောင့် မသိဘူး။ အဲဒီ ကောင်လေး ကြာကြာမခံဘူး။ နောက်တစ်ယောက် ရောက် လာတော့ ကျွန်တော်တို့လည်း ဓါတ်ပျက်တော့ တာပဲ။ တခါတလေ ထိုင်းနဲ့ ဗမာစာမှာ ၀က်ရိုးတွေ ပြုတ်ကျွေးတယ်။ ၀က်သား မဟုတ်ဘူး။ ၀က်ရိုး။ နှစ်ခါလောက် စုပ် လိုက်တာနဲ့ ကုန်ရော။
အစ်ကိုရယ်၊ ကျွန်တော်တို့ ဗမာပြည်မှာလည်း နေ့တိုင်း ဟင်းကောင်းတာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ကိုယ့် ဗမာလို ချက်ထားတော့ ဘာပဲ ပြောပြော စားလို့ ဖြစ်သေးတယ် ပေါ့။ ဒီမှာကတော့ သူတို့ ချက်ထားတာ နေ့တိုင်း ဒါချည်း ဆိုတော့ စားလို့ မရဘူးပေါ့။ ရောက်စကတော့ ကြက်ကြော်လေး ဘာလေးနဲ့ ဆိုတော့ တော်သေးတယ်။ စားလို့ ကောင်းတယ်ပေါ့။ ဒါပေမဲ့ ကြာလာတော့ မစားချင်တော့ဘူး။ ညစာကတော့ နေ့လည်စာနဲ့စာရင် ပိုကောင်းတယ် ဆိုရမယ်။ အချဉ်လေးနဲ့၊ ဟင်းရည်သောက် ကလေးနဲ့ ဆိုတော့ စားလို့ ဖြစ်တယ်။ ဘာပဲ ဖြစ်ဖြစ် တစ်နပ်စာ ကောင်းကောင်း စားလိုက်ရလို့ တော်သေးတာပေါ့။ တချို့ ကျ တော့လည်း အိမ်က ထည့် ပေးလိုက်တဲ့ ငါးပိကြော်၊ ငါးခြောက်ကြော်လေးနဲ့ ပေါ့။ အဲဒီ အစား အသောက်တွေ အခန်းထဲမှာ သေသေချာချာ မသိမ်းဘဲ ဒီအတိုင်း အပွင့်လိုက်ကြီးထား။ ပိုးဟပ်တွေကလာ။ ခုနောက်ပိုင်း တော့ ကြက်ဥ ကြော် နှစ်လုံးကျွေးတယ်။ တော်သေးတယ် ဆိုရမှာပေါ့။ စားလို့ ရတယ်။
န်ုပ်။ ။ အင်း။ ဒီလိုပဲ နေလာတာ တစ်နှစ်ကျော်ပြီ ဆိုပါတော့။ လူပေါင်းစုံတော့ ပြဿနာ ပေါင်းစုံမှာပေါ့။ လုပ်စမ်းပါ ဦး။ Camp ထဲမှာ နေရထိုင်ရပုံ၊ ဇာတ်လမ်းလေးတွေ။
တိုး။ ။ လူပေါင်းစုံ စရိုက်ပေါင်းစုံ၊ ပညာတတ်တဲ့ သူလည်းပါ၊ ပညာမတတ်တဲ့ သူလည်းပါ ဆိုတော့ မလွယ်ဘူး အစ်ကိုရေ။ ဗျောက်သောက်ပဲ။ မနည်း ကြည့် နေရတယ်။ ကုလား ကုလားချင်း။ ဗမာ ဗမာချင်း။ ထိုင်း ထိုင်း ချင်း အတူတူထားတာ ဆိုတော့ နည်းနည်း တော်သေးတယ်။ မဟုတ်လို့ ကျွန်တော်တို့ကိုသာ ကုလားတွေနဲ့ အတူတူ ထားရင် တကယ့် ဒုက္ခပဲ။ ဒီကောင်တွေက ကိုယ်ကို ဆီတွေလိမ်းတာ အရမ်းနံတာပဲ။ နောက်ပြီး သူတို့က နံနံ စော်စော်တွေ စားတာဆိုတော့ ချွေးများထွက်ရင် သူတို့ ကိုယ်က ထွက်တဲ့ အနံ့ဟာ နှာခေါင်း မခံသာဘူး။
အတူတူ ထားတဲ့နေရာ မှာလည်း ကုမ္ပဏီချင်းတူတဲ့ သူတွေ စုထားရင် ပြဿနာ ပိုများတယ်။ အချင်းချင်း အကြောင်းသိတွေ ဆိုတော့ ကုလား ကုလား၊ ဗမာ ဗမာ မလေးစားဘူး။ ရန်ဖြစ်တာပဲ။ အဲ ကုမ္ပဏီ မတူ ရင်တော့ နည်းနည်း မျက်နှာ စိမ်းနေပြီး သိပ် ပြဿနာ မဖြစ်ဘူး။ တချို့ ပြောလိုက်ရင် မိန်းမလို စိတ်ကောက် တတ်တဲ့သူက ရှိသေး။ နည်းနည်း အနေကြာလို့ ဖားမတွေနဲ့ ငြိသွားတဲ့ သူတွေဆို တစ်ချိန်လုံး ဖားဆိပ်တွေ ရိုက်နေတာပဲ။ (ဖားမ တွေဆီ message တွေ တစ်ချိန်လုံး ပို့နေလို့ ကျွန်တော်တို့က ဖားဆိပ် လို့ နာမည်ပေး ထားတာ)။ ညဆိုရင်လည်း လူကသာ အရမ်းအိပ်ချင်နေလို့ အိပ်ယာပေါ်လှဲ မျက်စိမှိတ်ထားပေမဲ့ လက်က ဖုံးကိုကိုင်ထားပြီး ဟိုက message ပို့လိုက်၊ မျက်စိ ဖွင့်ပြီး ပြန်ပို့လိုက်၊ မျက်စိပြန် မှိတ်လိုက်။ သန်းခေါင် သန်းနွဲ။
(မှတ်ချက်။ ။ ဖားမ ဆိုသည်မှာ ဖိလစ်ပင်း အမျိုးသမီးကို ဆိုလိုပြီး message ဆိုသည်မှာ တယ်လီဖုံးဖြင့် message များ ပို့ခြင်းကို ဆိုလိုပါသည်။)
ဖုံး တစ်ခါ ပြောပြီဆိုလည်း တစ်နာရီနဲ့ မပြီး နှစ်နာရီနဲ့ မပြီး။ ရသမျှလခ ဖုံးကဒ် ၀ယ်ရတာနဲ့ ကုန်တာပဲ။ ဘယ် အိမ်ပြန် ပို့နိုင်မလဲ။ တခါ ညဘက် ဖုံးပြော၊ message ပို့နဲ့ အိပ်ရေးမ၀တော့ နောက်နေ့ကျတော့ အလုပ် ကောင်း ကောင်း မလုပ်နိုင်တော့ဘူး။ ဟိုချောင်ခို၊ ဒီချောင်ခို။ သူတို့ကို အလုပ်ခိုင်း တော့ supervisor ကို မကောင်း ပြောသေးတယ်။ သူတို့က ညဘက် မအိပ်တော့ အိပ်နေတဲ့ သူတွေကို အနှောက် အယှက် ဖြစ်တယ်။ ဟို တစ်နေ့က သန်းခေါင် သန်းလွဲ ညတိုင်း မီးဖွင့်ပြီး သီချင်းဖွင့်နေတဲ့ သူကို သည်းမခံနိုင်တော့ တစ်ယောက်က ထပြီးမီးပိတ်တယ်။ အဲဒီတော့ စကား များရော။ အများနဲ့နေတာ နည်းနည်း အလိုက်သိတတ် ဖို့ ကောင်းတာပေါ့။ နောက်ပြီး ကျွန်တော်တို့ က နေ့တိုင်း အလုပ်လုပ်နေ ရတာလေ။ အိပ်ရေး ၀၀ အိပ်ရမှ ဖြစ်မှာပေါ့။
ဒါနဲ့ စကားမစပ် ပြောရဦးမယ်။ တလောက အစ်ကိုလည်း သိပါတယ်။ ဂက်စ်တွေ ထွက်တာ။ ဘယ်သူမှ မသိဘူး။ ဘာ alarm မှလည်း မပေးဘူး။ ဘာမှ လည်း မကြေငြာဘူး။ ကျွန်တော်တို့ အားလုံး အသက်ရှူမ၀ လို့ အခန်း အပြင် အတင်းထွက်ပြေး၊ သင်္ဘောဆိပ် ကို အတင်းပြေးကြ။ မော်တော် လေး တွေဆီ အတင်း တက် နဲ့ ရုန်းရင်း ဆန်ခတ်တွေ ဖြစ်ကြတာ။ အထွက် မြန်လို့ အစ်ကိုရေ။ နောက်ထပ် နာရီဝက်လောက်ဆို အကုန် သေကုန်တယ်။ ကျွန်တော်တို့လည်း စွပ်ကျယ်တွေ ရေဆွတ်ပြီး နှာခေါင်း အုပ်ထားတော့မှ နည်းနည်း သက်သာတယ်။ အဲဒါ ဘယ်သူမှလည်း အရေးတယူ မလုပ်ဘူး။
န်ုပ်။ ။ ဒါနဲ့ နေပါဦး။ လူတွေ အရမ်းများတော့ ရေချိုးတာတို့၊ အ၀တ်လျှော်တာ တို့ကျ စုပြုံတိုးမနေ ဘူးလား။
တိုး။ ။ အင်း- အ၀တ်ကို သူတို့ လျှော်ပေးတယ်။ ကိုယ့်အ၀တ် အစားတွေကျ ကိုယ့်ဟာကိုယ် လျှော်ချင်လည်း ရတယ်။ အ၀တ် လျှော်စက်တွေ ထားပေး တာကိုး။ ရေချိုးရတာလည်း မဆိုးပါဘူး။ နည်းနည်းတော့ စောင့်ရ တာပေါ့။ အဆင်ပြေပါတယ်။ တစ်ခု ဆိုးတာက အခန်းသော့တွေက မလုံဘူး။ ဖုံး ကဒ်နဲ့ ထိုးဖွင့်လိုက်ရင် ပွင့်တာပဲ။ ဘယ် ကျွန်တော်တို့မှာ သော့ရမလဲ။ ဒီအတိုင်း ဖွင့်ကြတာပဲ။ အဲဒီတော့ ပစ္စည်း ပျောက်တာတွေ ရှိတာပေါ့။ ကျွန်တော်တို့ complain လုပ်ပါများတော့မှ အပျောက် သက်သာ သွားတယ်။ ဒါပေမဲ့ ဘယ် စိတ်ချရမလဲ အစ်ကိုရယ်။
ဝင်ပေါက်နားမှာ အင်တာနက် ထားပေးတယ်။ တစ်နာရီ ၃ ကျပ်။ မဆိုးပါဘူး။ သုံးတဲ့လူတွေ ရှိတယ်။ နောက်ပြီး public ဖုံးတွေလဲ ရှိပါတယ်။ ကျွန်တော် တို့သာ နေရတာ သိပ်အဆင်မပြေတာ။ Supervisor တွေကျ တစ်ခန်းကို ၄ ယောက် ၅ ယောက် ပဲ ထားတယ်။ နောက်ပြီး သူတို့ အခန်းတွေက အဲယားကွန်း ရှိတယ်။ နေရတာ သက်တောင့် သက်သာ ရှိတာပေါ့။
န်ုပ်။ ။ ကျွန်းထဲမှာ နေရတာ မပျင်းဘူးလား။ ပိတ်ရက်တွေ အပြင်ထွက် ကြတာပေါ့ ဟုတ်လား။
တိုး။ ။ ကျွန်းမှာက ဘယ်မှ လည်စရာ ပတ်စရာ ကြည့်စရာ ရှုစရာ မရှိတော့ ပိတ်ရက်တွေမှာ အပြင်ထွက်ကြတယ် ပေါ့။ တစ်နေ့လုံး လျှောက်လည်။ နောက်ဆုံး မော်တော်က ည ၁၁ နာရီ နောက်ဆုံး။ ဒါမှ အဲဒီ မော်တော် မမီဘူး ဆို သူတို့ West Coast Park ထဲ သွားအိပ်ကြတယ်။ မနက်ကျ တော့ အစောဆုံး ၅ နာရီခွဲမှာ ကျွန်းကို သွားတဲ့ မော်တော် ရှိတော့ အဲဒီ မော်တော်နဲ့ လိုက်ကြတယ်။ ကျွန်းပေါ် ပြန်လာတဲ့ သူတွေကို ရဲကလည်း အသားကုန် ရှာတာပဲ။ သူတို့မှာ အိတ်စ်ရေး မျက်မှန် တပ်ထားတာ တွေ့ တယ်။ ဟား ဟား ၀ှက်ယူလာတဲ့ အရက်ပုလင်းတို့ ဆေးလိပ်ဗူးတို့ အကုန်ထွက် လာတာပဲ။ အရင်က အခန်းထဲမှာ ဆေးလိပ် ရောင်းတဲ့ မလေးကောင်လေးတွေ ရှိတယ်။ နောက်တော့ လိုက်ဖမ်းတာနဲ့ သူတို့ လည်း မရောင်းရဲတော့ဘူး။
ဆိုးတာက ဗမာတွေပဲ အစ်ကို။ ပင်နင်စူလာက ပြန်လာပြီး ကွမ်းတွေ မတရားစား။ ကွမ်းတံတွေးတွေ ဟိုထွေး ဒီထွေး။ ညစ်ပတ်နေတာပဲ။ ကြိုက်တတ်လို့ စားတာ စားတာပေါ့။ ဒါပေမဲ့ စည်းလေး ကမ်းလေးတော့ ရှိမှပေါ့ ဗျာ။ အောင်မယ်၊ ကွမ်းယာရောင်းတဲ့ သူတောင် ရှိသေး။ ဟိုနေ့ကတော့ သူတို့ သင်္ကြန် လုပ်ကြသေးတယ်။ ရေတွေ လောင်းကြပေါ့။ ကုလားတွေ ရေသွား လောင်းလို့ ပြဿနာတောင် တက်လိုက်သေး။
န်ုပ်။ ။ အေးပေါ့လေ။ ပျော်စရာ ကြံဖန်ရှာရတာပေါ့။ ကိုင်း၊ နေတာ ထိုင်တာ ကတော့ တော်တော်လေးကို စုံ သွားပြီ။ အလုပ်အကိုင် အကြောင်းလေး ပြောပါဦး။
တိုး။ ။ ဒီလို အစ်ကိုရ။ ကျွန်တော်က ဘာမှ သေသေချာချာ လုပ်တတ်တာ မဟုတ်ဘူး။ အီလက်ထရစ်ကယ် လေး နည်းနည်းပါးပါး ကြားဘူး နားဝ ရှိတာ။ အရမ်းကျွမ်းကျင်လှတာ မဟုတ်ဘူး။ လုပ်ခိုင်းတာက ပိုက်ဖစ်တာ (pipe fitter - ပိုက်ဆက်လုပ်သား)။ ဘာမှ မဆိုင်ဘူး။ လုပ်လည်း မလုပ် တတ်။ အိုဗျာ၊ ကုန်ကုန်ပြောရရင်၊ ပိုက် ဆိုတာတောင် ဒီရောက်မှ သေသေချာချာ မြင်ဘူးတာကိုး။ လုပ်တတ်ဖို့ အသာထား။ ဘာကို ဘယ်လို ခေါ်မှန်းတောင် မသိဘူး။
န်ုပ်။ ။ ဟုတ်တော့ ဟုတ်နေပါပြီ။ ဒါနဲ့ ဘယ်လို စခန်းသွားကြသလဲ။
တိုး။ ။ စရောက်ရောက်ချင်း pipe launching လုပ်ရတယ်။ Pipe Rack (ပိုက်လိုင်းများ ပြေးသောစင်) တွေပေါ် ပိုက်လုံးတွေ တင်ရတာပေါ့။ အာ၊ ၅ တန် Chain Block (စက်သီး) တွေနဲ့ ဆွဲရတာ။ လုပ်နေကလဲ မကျတော့ မနိုင်ဘူးဗျို့။ ဒါပေမဲ့ အများနဲ့ လုပ်ရတာဆိုတော့ မပြီးရင်လည်း အပြောက ခံရဦးမယ်။ ဒီတော့ လုပ်နိုင်လည်း လုပ်၊ မလုပ်နိုင်လည်း လုပ်။ မတတ်နိုင် ဘူး။ နောက်တော့ fitter follow လုပ်ရတယ်။ (ပိုက်ဆက်သူ အား ကူညီ လုပ်ကိုင်ပေးရခြင်း ကို ဆိုလိုပါသည်။) တော်သေးတယ်ဗျို့၊ ကံကောင်း တယ်ပြောရမယ်။ Fitter က သဘောကောင်းတယ်။ ကျွန်တော့်ကို ညှာ တယ်။ ဆိုးတာက ဖိုမင်ဘဲဗျ။ တရုပ်။ ရိုင်းလဲ အရမ်းရိုင်းတယ်။ ပြောလိုက် ရင် အဆင်ပြေပြေ ပြောတာ တစ်ခါမှ မရှိဘူး။ အချိန်တိုင်း အော်ကြီး ဟစ်ကျယ် နဲ့၊ ဆဲဆိုနေတာပဲ။
သူတို့ အချင်းချင်း ဆက်ဆံတာ ကျတော့လည်း အဆင့်ကို ပြေလို့။ ရယ်လို့ မောလို့ပါလား။ ကျွန်တော်တို့ကို နှိမ်ပြီး ဆက်ဆံတဲ့ သဘော ထင်ပါတယ် ဗျာ။ တွဲလုပ်တဲ့သူက သဘောကောင်းလို့ တော်သေးတယ်။
န်ုပ်။ ။ ဒါနဲ့ စပ်စုတယ်လဲ မထင်ပါနဲ့။ တစ်လတစ်လ လခ ဘယ်လောက်ထုတ်ရ တယ်၊ အိမ်ကို ဘယ်လောက် ပြန်ပို့နိုင်တယ်၊ အေးဂျင့်ဖီး ကျေမကျေ စတာလေးတွေ ပြောပြပါဦး။
တိုး။ ။ အေးဂျင့်ဖီးက စင်ကာပူ ဒေါ်လာ ၃၆၀၀ ပေးရတယ်။ တော်တော်များများ ကတော့ အစ်ကို့ဆီက ဆွဲလာ တာပဲ။ ဘယ်ကျေဦးမှာလဲ အစ်ကိုရယ်။ ကြားထဲမှာ ပတ်စ်ပို့ သက်တမ်းက ကုန်ခါနီးနေလို့ သက်တမ်းသွား တိုးတာ ၅၀၀ ကျော် ကုန်လိုက်သေးတယ်။ ပတ်စ်ပို့ သက်တမ်းကိုတော့ သုံးနှစ် တိုးပေးလိုက်တယ်။ ဒီ ပရောဂျက်က ၉ လပိုင်းထိ လို့တော့ ပြောတာပဲ။ ပြီးမပြီးတော့ ကျွန်တော်လည်း မသိဘူး။ ကျွန်တော်က ဒီပရောဂျက်ပြီးလို့ စင်ကာပူပြန်ရောက်သွားရင် သင်တန်းလေးဘာလေး တက်ချင်သေးတယ်။ ဒီကနေ စင်ကာပူကို သင်တန်းသွားတက်ဘို့ ဆိုတာကတော့ ဘယ်လိုမှ အဆင်မပြေဘူး။ သွားရလာရတာ အရမ်း အချိန်ကုန်တယ်။
န်ုပ်။ ။ သူတို့က ခင်ဗျား work permit ကို ဒီ ပရောဂျက် အတွက်ပဲ ပေးတာ လား။ ဒါမှမဟုတ်၊ နှစ်နှစ်စာအတွက် ပေးထားတာလား။
တိုး။ ။ စုစုပေါင်း နှစ်နှစ် ပေးတယ်။ ခု တစ်နှစ်ပြည့်သွားလို့ နောက်ထပ် တစ်နှစ် ထပ်တိုးပေးထားတယ်။ မကြာ သေးပါဘူး။ ဒီလထဲမှာပဲ တိုးထားတာ။ တစ်နှစ်ပြည့်သွားပေမဲ့ အေးဂျင့်ဖီး မကျေသေးဘူး။ ခုထိ ဆပ်ရတုံးပဲ။ အိမ်သုံးဘို့ကလည်း ပို့ပေးရသေးတာကိုး။ နောက်ပြီး ကျွန်တော့်ကိုယ်ပိုင် အသုံးစရိတ်လည်း ရှိသေးတယ်။ သင်တန်းက စနေ၊ တနင်္ဂနွေ သင်တန်း တွေ ရှိပေမဲ့ တနင်္ဂနွေကလည်း ဆင်းဦးမှ ပိုက်ဆံလေးဘာလေး ရတာ။ အဲဒီနေ့ မဆင်းလို့ကတော့ လခထွက်တဲ့အခါ အရမ်းစိတ်ညစ်စရာ ကောင်းတယ်။
န်ုပ်။ ။ ကိုမင်းဇော်တိုးတို့ ကုမ္ပဏီမှာ ခုဆို ဗမာဘယ်နှယောက်လောက် ရှိနေပြီလဲ။
တိုး။ ။ ခုဆို အဲဒီ အေးဂျင့်တစ်ခုထဲကနေပို့တာ ကျွန်တော်တို့ ကုမ္ပဏီမှာ ဗမာ ၂၀၀ ကျော်လောက်ရှိသွားပြီ။ ဆိုးတာက အေးဂျင့်က ဗမာပြည်မှာတုံးက ပြောတာနဲ့ ဒီမှာ ဖြစ်နေတာတွေက မကိုက်ညီဘူး ဖြစ်နေတယ်။ ဗမာပြည် မှာ တုံးက ရောက်ပြီး တစ်ပါတ်အတွင်း low levy ဖြေရမယ် ပြောတယ်။ ဒါပေမဲ့ တစ်လကျော်တဲ့ ထိ မဖြေရဘူး။ နောက်ပြီး ကျွန်း allowance ပေးမယ် ပြောထားပြီး ခု မရဘူး။
န်ုပ်။ ။ အင်း၊ ဒါ ကိုမင်းဇော်တိုး တွေ့ခဲ့ ကြုံခဲ့ရတာလေးတွေပေါ့။ ကဲ ဘာတွေ များ ပြောချင်သေးလဲ။ ဒီမှာ လာလုပ် ရတာနဲ့ ပတ်သက်လို့ ပေါ့။ မှာချင် စရာ လေးတွေရှိခဲ့ရင်။
တိုး။ ။ ဆိုးတာက အစ်ကိုရယ်။ အရင် ရောက်ပြီးသား လူကြီးတွေက၊ တချို့ဆို supervisor တွေပါ။ အဲဒါ နောက် ရောက်လာတဲ့ ကောင်လေးတွေကို သွန်သင် ဆုံးမလို့၊ ပြောဆိုပြသလို့ ဒီလိုမရှိဘူး။ သင်ပေးတာကလည်း မဟုတ်တာမှန်သမျှ အကုန်သင်ပေးတယ်။ ဟေ့ကောင် မင်း ဘယ် ကောင်မလေး ကိုတော့ ဘယ်လို ဖဲ့လိုက် ကွ။ ဖားမတွေကို ဘယ်လို ကြွိုင်ရတယ်။ လာစမ်းပါကွာ။ သောက်မှာ သောက်စမ်းပါ။ ဘာမှ ပူမနေနဲ့ နောက် ဖြစ်သွားမှာ။ ပျော်ပျော် ပါးပါးပေါ့ စသဖြင့်။ ဟိုနေ့ကတော့ အော် ဆဲသွားတာ ကြားလိုက်ရတယ်။ ဘာတဲ့ လျှောက်ဆဲတော့၊ေ -ာက်ရဲ ကဖမ်းတယ် ဆိုလား ပဲ။ နောက် ကောင်လေးတွေက နည်းနည်း ရိုင်းတယ်။ လူကြီးလည်း လူကြီးမှန်း မသိ၊ ရိုသေရ ကောင်းမှန်း မသိ။ တချို့ကောင်လေးတွေဆို ရောက်စက ရိုးရိုး သားသား ပါ။ နောက်တော့ အိုဗာတိုင်ကမရှိ။ လခက မထွက်။ ကြွေးကမဆပ်နိုင်၊ စိတ်ကညစ်။ အဲဒီတုံး ခုန ဆရာကြီးတွေက အရက်ခေါ်တိုက်။နောက်တော့ အကျင့်ပါ ရော။ သူများမတိုက်လဲ ကိုယ့်ဟာကိုယ် ၀ယ် သောက်။ အိမ်ပြန် ငွေမပို့နိုင်။ အစုံပဲ အစ်ကိုရေ။ ဒီကြားထဲ ဖားမနဲ့ ငြိပြီဆို ရသမျှ ပိုက်ဆံ ကုန်ပြီသာ အောက်မေ့ပေတော့။ အဲဒါပါပဲဗျာ၊ ကျွန်တော်တို့ တစ်ကျွန်းစံတွေရဲ့ ဇာတ်လမ်း။
ကျွန်တော်ကတော့ ဗမာပြည်ကနေ ဒီလာမဲ့ ကောင်လေးတွေကို မှာချင်တယ်။ ဒီကို သိန်း ၃-၄၀ အကုန်ခံ လာမဲ့ အစား အဲဒီငွေနဲ့ ဗမာပြည်မှာပဲ ရင်းနှီး လုပ်ကိုင် စားကြပါလို့။ ဘာပညာမှ မတတ်ပဲ ဒီလာရင် အလကားပဲ၊ အရင်းတောင် ကျေမှာမဟုတ်ဘူး။ ဒီကြားထဲ အတိုးနဲ့ ချေးလာတဲ့သူတွေ ဆို ပိုဆိုးသေး။ အစ်ကိုသိတဲ့ အတိုင်း ခု စင်ကာပူမှာက အလုပ်တွေ ပါးလိုက်လာတာ။
ဤသည်မှာ ကိုမင်းဇော်တိုး ပြန်လည် ပြောပြခဲ့သော သူ့ဘ၀ဇာတ်ကြောင်း ဖြစ်ပါသည်။
သုံးသပ်ချက်။
ကိုမင်းဇော်တိုး ကြုံတွေ့ခဲ့ရသော အဖြစ်အပျက်များကို ပြန်လည် သုံးသပ်ကြည့် ကြပါစို့။
ပထမ အချက်။ ။ဤတွင် ထပ်မံ တွေ့ရ သော အချက်မှာ အထက်တွင် ကိုမင်းမြတ်သူ ကြုံတွေ့ခဲ့ရသကဲ့သို့ အေးဂျင့်များ၏ မသမာမှု နှင့် မရိုး သားမှု များကို တွေ့နိုင်ပါသည်။ နောက်ပြီး သူများပိုက်ဆံကို အလွဲသုံးစား မလုပ်သင့်ပါ။ အခြေအနေမှန်ကို အမှန်အတိုင်း ဖွင့်ဟ ပြောရန် သူတို့မှာ တာဝန်ရှိပါသည်။ အဆင်မပြေသေးလို့ ထပ်စောင့်ပါ စသဖြင့် ဖြစ်ပါ၏။ ထို့ပြင် အကယ်၍ အဆင်မပြေပါက မိမိ ယူထားသော deposit ကို အချိန်မရွေး ပြန်အမ်းနိုင်စေရန် အဆင်သင့် ဆောင်ထားသင့်ပါသည်။
ဒုတိယ အချက်။ ။ စင်ကာပူမှ အလုပ်ရှင်ထံ ဘာလုပ်ရမည်၊ ဘယ်မှာလုပ်ရမည် စသည်တို့ကို သေသေချာချာ မေးမြန်းပြီး မိမိထံ အလုပ်အပ်သူများကို သေသေချာချာ ပြောပြသင့်ပါသည်။ အကယ်၍ အင်တာဗျူးစဉ်က မိမိ ပြောထားသော အလုပ်၊ နေရာများနှင့် စင်ကာပူတွင် တကယ် လုပ်ရသော အလုပ်၊ နေရာများ လွဲနေပါက တာဝန်ယူ ဖြေရှင်းသင့်ပါသည်။
ငါ့စာဖတ်၍၊ မမြတ်တိုင်စေ မရှုံးစေသား၊ ပျင်းပြေနှစ်ခြိုက် တွေးဖွယ်ထိုက်ရာ၊ တစ်ပိုဒ်တစ်လေ တွေ့ငြားပေမူ၊ စာပေကျေးကျွန် ငါ့ဝတ်ပွန်ပြီ၊ ငါမွန်အမြတ် ငါအတတ်ဟု၊ စာဖတ်သူပေါ် ခေါင်းကိုကျော်၍၊ ငါသော်ဆရာ မလုပ်ပါတည်း။ ။ တက္ကသိုလ်ဘုန်းနိုင်
Labels
- ၂၀၂၀ အထွေထွေရွေးကောက်ပွဲ (10)
- Bitter Life (26)
- Build Your Future (10)
- Christopher (34)
- Construction Safety Handbook (57)
- Covid19 (19)
- Education (26)
- Emergency handbook (7)
- Engineering (12)
- Environment (8)
- Farm Safety (10)
- Fire Protection (5)
- Fridge and Aircond (6)
- Gas Pipe Line (5)
- General (215)
- Greenery Singapore (2)
- Health (6)
- IOSS (3)
- ISO 45001 (7)
- ISO 9001 (2)
- Knowledge sharing sessions (4)
- Life (8)
- Living in Singapore (68)
- My Articles (571)
- Myanmar (65)
- Myanmar Culture (15)
- Myanmar Transitional Platform (31)
- Piping (41)
- PPE Book (3)
- Safety (153)
- Tire Safety (5)
- Welding Technology (6)
- Working in Singapore (45)
- ကဗ်ာမ်ား (27)
- စင်ကာပူအကြောင်း (96)
- စင်္ကာပူ (သို့မဟုတ်) ခြင်္သေ့မြို့တော်_၁ (3)
- စာအုပ္မ်ား (3)
- ဒသမတန်း မြန်မာစာ (9)
- မြန်မာစာ (1)
- မြန်မာပြက္ခဒိန် (7)
- မြန်မာပြက္ခဒိန် (62)
- မြွေဆိပ်ဖြေဆေး (5)
No comments:
Post a Comment