Tuesday, July 7, 2009

Living in Singapore XXXI (Buying A House II)

၁၁၊ ၃။ လက်ငင်းပေးချေရမည့် အခကြေးငွေများ (Upfront Costs)

၁။ လက်ငင်း ပေးချေရမည့် အိမ်ဘိုး
ထိုငွေပမာဏမှာ များသောအားဖြင့် အိမ်တန်ဘိုး ၏ ၁၀ ရာခိုင်နှုံး ဖြစ်ပါသည်။ တတ်နိုင်ပါက ၂၀ ရာနှုံး ပေးချေလျှင်လည်း
ရပါသည်။ စရံငွေဖြစ်ပါ၏။ ထို ၁၀ ရာနှုံးမှ ၅ ရာနှုံးကို ငွေသားဖြင့် ပေးချေရန် ဖြစ်ပြီး ကျန် ၅ ရာခိုင်နှုံးကို ငွေသားဖြင့် သော်
လည်းကောင်း။ ငွေသားအချို့၊ မိမိ၏ CPF မှ အချို့ စသဖြင့်လည်း ပေးချေနိုင်ပါသည်။ သို့သော် ထို ငွေကို ဘဏ်မှ ချေး၍
မရပါ။
၂။ တံဆိပ်ခေါင်းခွန်
တံဆိပ်ခေါင်း ခွန်မှာ အိမ်တန်ဘိုး၏ ပထမ ၁ သိန်း ၈သောင်း အတွက် ၁ ရာခိုင်နှုံး၊ ဒုတိယ ၁ သိန်း ၈ သောင်းအတွက် ၂
ရာခိုင်နှုံး၊ ထိုနှစ်ရပ်ပေါင်း(သုံးသိန်း ခြောက်သောင်း) အထက် အတွက် ၃ ရာခိုင်နှုံး ပေးဆောင်ရပါမည်။
ဥပမာ - အိမ်တန်ဘိုးသည် လေးသိန်း ဖြစ်သည် ဆိုပါစို့။
ပထမ ၁၈၀၀၀၀ အတွက် ၁ ရာခိုင်နှုံး = ၁၈၀၀။ ဒုတိယ ၁၈၀၀၀၀ အတွက် ၂ ရာခိုင်နှုံး = ၃၆၀၀။
တတိယ ကျန်ငွေ ၄၀၀၀၀-(၁၈၀၀၀၀+၁၈၀၀၀၀)= ၄၀၀၀၀ အတွက် ၃ ရာခိုင်နှုံး = ၁၂၀၀။
သို့အတွက် လေးသိန်းတန် အိမ်အတွက် တံဆိပ်ခေါင်းခွန် ကျသင့်ငွေမှာ ၁၈၀၀+၃၆၀၀+၁၂၀၀=၆၆၀၀ ဖြစ်ပါသည်။

Tax Rate for Mortgage Documents (ဘဏ်မှ ငွေချေးခြင်းအတွက် ပေးဆောင်ရသော တံဆိပ်ခေါင်းခွန်)
ထိုအခွန်မှာ ပုံသေအားဖြင့် ဘဏ်မှချေးငွေ၏ ၀.၅ ရာခိုင်နှုံး ဖြစ်ပါသည်။ သို့သော်လည်း အများဆုံး S$500.00 သာ ပေးဆောင်ရန် လိုပါသည်။ ဥပမာ -
မိမိသည် အိမ်ဝယ်ရန် ဘဏ်မှ ငွေရှစ်သောင်း ချေးသည်ဆိုပါစို့။ ထို ငွေရှစ်သောင်း အတွက် တံဆိပ်ခေါင်းခွန်မှာ-
S$ 80000 x 0.5 % = S$400.00
သို့သော် မိမိသည် ဘဏ်မှ ငွေ လေးသိန်း ချေးသည် ဖြစ်ပါမူ ထိုအတွက် တံဆိပ်ခေါင်းခွန်မှာ S$500.00 သာ ဖြစ်ပါသည်။

၃။ Legal Fees
ထို Legal Fees မှာ အိမ်ဝယ်ခြင်းအတွက် လိုက်ပါဆောင်ရွက်ပေးသော ရှေ့နေခ ဖြစ်ပါသည်။ ပုံမှန်အားဖြင့် အိမ်တန်ဘိုး၏ ၀.၄ ရာခိုင်နှုံး သို့မဟုတ် အများဆုံး S$ 2500 ဖြစ်ပါသည်။ သို့သော် အိမ်တန်ဘိုး အနည်းအများပေါ်လိုက်၍ ပြောင်းနိုင် ပါသည်။ ဥပမာ ဦးဘ သည် ဦးမြ ထံမှ ထောင့်ဆုံးရှိ Terrace အိမ်တစ်လုံးကို စင်ကာပူဒေါ်လာ ၁၂သိန်း ၈ သောင်း ဖြင့် ၀ယ်ယူလိုက်သည် ဆိုပါစို့။ ဦးဘ ပေးဆောင်ရမည့် ရှေ့နေခမှာ စင်ကာပူဒေါ်လာ ၅၁၂၀ ဖြစ်ပါသည်။

၎။ ပွဲစားခ
ပွဲစားခမှာ ပုံသေမရှိပါ။ အမှန်မှာ ၀ယ်သူအနေနှင့် ပွဲခပေးရန် မလိုဟု သတ်မှတ်ထားပါသည်။ သို့သော်လည်း လက်တွေ့ တွင်မူ ရောင်းသူမှ ၂ ရာခိုင်နှုံး၊ ၀ယ်သူမှ ၁ ရာခိုင်နှုံး ပွဲခ ပေးရပါသည်။ သို့သော် အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း ပွဲစားများ မှာ အလွန်စိတ်ရှည်စွာဖြင့် မိမိလိုချင်သည့် အိမ်ရသည့်တိုင် လိုက်ပါဆောင်ရွက်ပေးသည့် အတွက် ၀ယ်သူများကလည်း သဘောတူ ကြည်ဖြူစွာ ပေးကြပါသည်။ ၁ ရာခိုင်နှုံး ဆိုသည့်တိုင် ညှိ၍ရပါသေးသည်။

၁၁၊ ၄။ ဘဏ်မှ ငွေချေးခြင်း

ဘဏ်ချေးငွေ ပမာဏကို Valuation Limit ပေါ်မူတည် ချေးပါသည်။ ထိုငွေကို LTV (Loan-to-Value) ဟုခေါ်ပြီး LTV သည် Valuation Limit ၏ ၉၀ ရာခိုင်နှုံး ရှိပါသည်။ သို့သော် တစ်ခု သတိထားရမည်မှာ LTV နည်းလျှင် အတိုးနှုန်း နည်းပြီး LTV များလျှင် အတိုးနှုံး များပါသည်။

ဘဏ်တိုးနှုံးများကို Fixed Rate, Variable Rate / Floating Rate, Combination of Fixed and Variable Rate ဟု သုံးမျိုး ခွဲနိုင်ပါသည်။ Fixed Rate ဟူသည်မှာ မိမိ ငွေချေးထားသမျှ ကာလပတ်လုံး အတိုးနှုံးမပြောင်းလဲဘဲ ပုံသေ အတိုး နှုံးသာ ယူ ခြင်း ကို ခေါ်ပါသည်။ Variable Rate / Floating Rate ဟူသည်မှာ ပြောင်းလဲနေသော ဘဏ်တိုးနှုံး ဖြစ်ပြီး တခါ တရံတွင် CPF Board မှ ချပေးသော အတိုးနှုံး အတိုင်း ဖြစ်ပါသည်။ Combination of Fixed and Variable Rate ဟူသည်မှာ ငွေချေးသော အစပိုင်း နှစ်များတွင် ပုံသေ အတိုးနှုံးယူပြီး အချိန်ကာလ တစ်ခုတွင် အတိုးကို ပြောင်းယူခြင်း ဖြစ်ပါသည်။
ထိုမျှသာမက ဘဏ်တစ်ခုထဲမှာပင် အတိုးများသော package မှ အတိုးနည်းသော အခြားတစ်ခုသို့ ပြောင်းတာမျိုး လည်း ရှိပါသည်။ ၎င်းကို repricing ဟုခေါ်ပါသည်။ ထိုမျှသာမက ဘဏ်တစ်ခုမှ အခြား ပိုပြီး မက်လုံးကောင်းသော ဘဏ် တစ်ခုသို့ လည်း ပြောင်းနိုင်ပါသေးသည်။ ၎င်းကို refinancing ဟု ခေါ်ပြီး ဤကဲ့သို့ပြောင်းခြင်းအတွက် စာချုပ်အသစ်ထပ်ချုပ် ရသဖြင့် ရှေ့နေခ ထပ်မံပေးရပါလိမ့်မည်။

ဘဏ်များတစ်ခုနှင့် တစ်ခု စည်းမျဉ်းစည်းကမ်းခြင်း မတူနိုင်ပါ။ ဤနေရာတွင် UOB HDB Home Loan ကို နမူနာ ထား ဖော်ပြလိုက်ပါသည်။
- UOB မှ အိမ်ဝယ်ရန် ငွေချေးလိုသူသည် အသက် ၂၁ နှစ် မှ ၆၅ နှစ် အတွင်း ရှိသူ စင်ကာပူနိုင်ငံသား သို့မဟုတ်
SPR ဖြစ်ရမည်။
- UOB မှ ငွေချေးလျှင် တစ်နှစ် အခမဲ့ မီးအာမခံ ရမည်။
- UOB မှ ငွေချေးလျှင် အိမ်ကို မဖြစ်မနေ မီးအာမခံ ထားရန် လိုပါသည်။
- ချေးငွေ ပြန်ဆပ်ရန် ကာလမှာ ငယ်ရွယ်သူများအဖို့ အနှစ် ၄၀ ဖြစ်ပါ၏။ အသက်ကြီးသူများအဖို့ အသက် ၆၅ ထဲမှ
လက်ရှိ အသက်ကို နှုတ်လိုက်ပါ။ ပြန်ဆပ်ရမည့် နှစ်အရေအတွက် ရ၏။ ဥပမာ သင်သည် အိမ်ဝယ်ရန် ငွေချေး
သည့် အချိန်တွင် အသက် ၄၅ နှစ် ရှိနေပြီ ဆိုပါစို့။ ချေးငွေ ပြန်ဆပ်ရမည့် နှစ်မှာ ၆၅ - ၄၅ = ၂၀ နှစ် ဖြစ်ပါသည်။
- ပြန်ဆပ်ငွေကို မိမိ၏ CPF စုငွေထဲမှ ပြန်ဆပ်နိုင်ပါသည်။ သို့သော် အိမ်၏ လက်ကျန် သက်တမ်းမှာ အနှစ် ၆၀
ထက် လျော့နည်းနေလျှင် သော်လည်းကောင်း၊ မိမိသည် CPF ၀န်ထမ်း ဖြစ်နေလျှင်သော် လည်းကောင်း မရပါ။

အိမ်ဝယ်ရန် ဘဏ်မှ ငွေချေးလိုလျှင် -
- Property Loan Application Form (သက်ဆိုင်ရာ ဘဏ် website မှ download လုပ်ယူနိုင်ပါသည်။)
- NRIC / Passport မိတ္တူ
- နောက်ဆုံးထုတ် လစာ ဖြတ်ပိုင်း
- နောက်ဆုံးရရှိထားသော IR8A (၀င်ငွေခွန်) ပုံစံ မိတ္တူ
- အလုပ်ရှင်ထံမှ မိမိအား အလုပ်ခန့်ထားကြောင်း စာ
- OTP (Potion-to-Purchase)
- နောက်ဆုံးရရှိထားသော CPF ပြေစာ

UOB ဘဏ်တိုးမှာ Fixed Rate Package နှင့် Floating Rate Package ဟု နှစ်မျိုးရှိရာ -
- Fixed Rate Package အတွက် အတိုးနှုံးမှာ တစ်နှစ်လျှင် ၃.၉၈ ရာခိုင်နှုံး ပုံသေ ဖြစ်ပါသည်။
- Floating Rate Package အတွက် အတိုးနှုံးမှာ ပထမနှစ်တွင် ၃.၂၅ ရာခိုင်နှုံး၊ ဒုတိယနှစ်တွင် ၃.၅၀ ရာခိုင်နှုံး၊ တတိယနှစ်မှ
နောက်ပိုင်းတွင် ၃.၇၅ ရာခိုင်နှုံး၊ ပထမနှစ်တွင် ၃.၂၅ ရာခိုင်နှုံး၊ ဖြစ်ပါသည်။ (ဤအတိုးနှုံးမှာ ပုံသေမရှိပါ။ အခြေအနေ အမျိုးမျိုးကို လိုက်၍ နှုံးထား အမျိုးမျိုးပြောင်းနေတတ်ပါသည်။)
နမူနာအားဖြင့် ယခု သင်သည် အသက် ၄၅ နှစ် ရှိပြီး လက်ရှိ ထုတ်နေသော လစာမှာ စင်ကာပူဒေါ်လာ ၅၀၀၀ ဖြစ်သည် ဆိုပါစို့။ (အကယ်၍ သင့်တွင် အသက်အာမခံ၊ ကားဝယ်ခြင်းအတွက် ပြန်ဆပ်ငွေ စသော ပေးဆပ်စရာ ငွေများ မရှိဘူးဆိုလျှင်) သင် ပြန်ဆပ်ရမည့် ကာလမှာ အနှစ် ၂၀ ဖြစ်ပြီး အများဆုံးချေးနိုင်သော ငွေမှာ S$352,600 ဖြစ်ပါသည်။
အကယ်၍ သင်၏ လက်ရှိအသက်သည် ၄၇ နှစ်ဖြစ်ပြီး အိမ်ခန်းဝယ်ရန် ဘဏ်မှ ငွေ ၂ သိန်း ကို Fixed Rate ဖြင့် ချေးထား သည် ဆိုပါစို့။ သင် ချေးငွေ ပြန်ဆပ်ရမည့် ကာလမှာ ၁၈ နှစ် ဖြစ်ပြီး ပထမနှစ်တွင် S$1224, ဒုတိယနှစ်တွင် S$1248, တတိယနှစ်မှ နောက်ပိုင်းတွင် S$1271 ပြန်ဆပ်သွားရမည် ဖြစ်ပါ၏။ အားလုံး တွက်စစ်လိုက်သော် သင်သည် ငွေ ၂ သိန်းချေးခြင်း အတွက် ထို ၁၈ နှစ်အတွင်း အတိုး S$ 73,696 ပေးလိုက်ရပါသည်။
မိမိဘာသာ တွက်ကြည့်လိုသူများ အောက်ပါ Website တွင် ၀င်ရောက် တွက်ချက် နိုင်ပါသည်။
http://www.uob.com.sg/personal/loans/property/uob_home_loan/calculators/calculators.html

POSB တွင်မတော့ မိမိ မည်မျှ ချေးသနည်း ဆိုသည့်အပေါ် မူတည်ပါသည်။ ဤနေရာတွင် ပုံသေအတိုးနှုံး (Fixed Rate) အကြောင်း ဖော်ပြပါမည်။

အထက်ပါ ဇယားကို ရှင်းပြပါမည်။

CHR ဟူသည် CPF Housing Rate ဖြစ်၏။ လက်ရှိတွင် CHR နှုံးထားမှာ ၂.၅ ရာခိုင်နှုံး ဖြစ်ပါ၏။ သို့သော် အသေမှတ် မထားပါနှင့်။ အပြောင်းအလဲ ရှိပါသည်။
Lock in Package ဟူသည်ကား မိမိပြန်ဆပ်ရမည့် ကာလ အပိုင်းအခြားကို ကန့်သတ် ထားခြင်း ဖြစ်ပါသည်။ ဥပမာ - မိမိသည် 5 Years Lock in Package ဖြင့် ချေးထားပြီး မိမိ ပြန်ဆပ်ရမည့်နှစ်ကို အနှစ် ၂၀ ဟု သတ်မှတ်ထားသည် ဆိုပါစို့။ အကယ်၍ ထီပေါက်သဖြင့်လည်းကောင်း၊ အခြား အကြောင်းတစ်ခုခုဖြင့် သော်လည်းကောင်း မိမိတွင် ငွေများရလာသဖြင့် ငွေချေးပြီး ၄ နှစ် အကြာတွင် ပြန်ဆပ်ရမည့် ငွေအားလုံးကို တစ်လုံးထည်း အကျေဆပ်လိုသည် ဆိုပါစို့။ မိမိသည် 5 Years Lock in Package ကို ချေးမိလျက်သား ဖြစ်နေသဖြင့် ဘဏ်သို့ လျော်ကြေးငွေသဘော အတိုးတစ်ချို့ပေးရပါလိမ့်မည်။ ဆိုလို သည်မှာ 5 Years Lock in Package အတွက် ငါးနှစ်အတွင်း မိမိချေးထား သော ငွေအားလုံးကို အကြေဆပ်၍ မရပါ။ ဆပ်လိုလျှင် ငါးနှစ် ကျော်မှသာ လျော်ကြေး တစုံတရာမပေးဘဲ ဆပ်၍ ရပါသည်။ အထက်ပါ ဇယားတွင် No lock in Package ဟု ဖော်ပြထားသည့်အတွက် ကန့်သတ်ချက် မရှိပါ။ မိမိ ဆပ်လိုသည့် အချိန်တွင် ဆပ်၍ ရပါသည်။
Completed ဟူသည်ကား မိမိဝယ်မည့် အိမ်သည် ဆောက်လက်စ တန်းလန်း မဟုတ်ဘဲ လုံးဝ ဆောက်လုပ်ပြီးစီး သဖြင့် အဆင်သင့် တက်နေ၍ရသည့် အိမ်ဖြစ်ကြောင်း ဆိုလိုပါသည်။
1 Year Fixed Rate Package ဟူသည် မိမိချေးငွေအပေါ် ပထမနှစ်အတွင်း အတိုးနှုံး အပြောင်းအလဲမရှိ။ မိမိ ချေးယူစဉ်က သဘောတူထားသော အတိုးနှုံးအတိုင်း(အပြင်ဈေးကွက်ကြောင့် အတိုးနှုံးများ တက်သည်ဖြစ်စေ၊ ကျသည်ဖြစ်စေ) မပြောင်းလဲ ဘဲ တစ်သမတ်တည်း ယူခြင်းကို ဆိုလိုပါသည်။
ထို့အတူ 2 Year Fixed Rate Package သည် ငွေချေးယူသည့်နှစ်မှ စကာ ပထမ ၂ နှစ်အတွင်း ပုံသေ အတိုးနှုံး၊ 3 Year Fixed Rate Package ငွေချေးယူသည့်နှစ်မှ စကာ ပထမ ၃ နှစ်အတွင်း ပုံသေ အတိုးနှုံး စသဖြင့် ဖြစ်ပါသည်။

ဤဇယားကို ကြည့်ခြင်းအားဖြင့် ချေးငွေများလျှင် ပေးရသော အတိုးနှုံးများပြီး ချေးငွေနည်းလျှင် ပေးရသော အတိုးနှုံး နည်းသည်ကို တွေ့ရပါသည်။ သို့အတွက် မိမိ အိမ်ဝယ်တော့မည် ဆိုလျှင် အတိုးများများ မပေးရအောင် ပိုက်ဆံ အလုံ အလောက် စုထားသင့်ကြောင်း အကြံပေးလိုက်ရပါသည်။
အိမ်ငှားလိုလျှင် သော်ည်းကောင်း၊ အိမ်အရောင်းအ၀ယ် ပြုလုပ်လိုလျှင်သော် လည်းကောင်း အိမ်ပွဲစားများဖြင့် ပြုလုပ်နိုင်ပါသည်။ ၎င်းတို့သည် လိုင်စင်ရ ပွဲစားများ (SAEA-Singapore Accredited Estate Agencies) ဖြစ်ပါ၏။ အိမ်အရောင်းအ၀ယ်၊ အိမ်ငှား ကြော်ငြာများ ကို ရှာဖွေလိုလျှင် The Straits Times သတင်းစာ၊ Classified ကဏ္ဍ မှ Properties တွင် ရှာနိုင်ပါသည်။
402 – 542 Residential Properties for Sale (ရောင်းမည့် အိမ်ခန်းများ)
455 – 474 Residential Properties for Rent (ငှားမည့် အိမ်ခန်းများ)
475 – 481 HDB Apartments for Rent (ငှားမည့် HDB အိမ်ခန်းများ) - စသည်ဖြင့် တွေ့နိုင်ပါသည်။
Ref: http://www.hdb.gov.sg/
စင်ကာပူသည် လူမျိုးပေါင်းစုံတို့ စုနေသော တိုင်းပြည်ဖြစ်သဖြင့် မိမိအိမ်နီးချင်းမှာ မည်သူ ဖြစ်မည်လဲ မပြောနိုင်။ အကယ်၍ အိန္ဒိယအမျိုးသားများ ဖြစ်မည်ဆိုပါက ၎င်းတို့ဟင်းချက်သောအခါ အရှေ့ခုနစ်အိမ်၊ အနောက် ခုနစ်အိမ် ဟင်းနံ့ကို ရပါလိမ့်မည်။ သူတို့ ငြုပ်သီးများ ကြော်ပြီ ဆိုမှဖြင့် မိမိအိမ်တံခါးကို အလုံသာပိတ်ထားပါ။ မဟုတ်ပါက တစ်အိမ်လုံး ဟပ်ချိုး ဟပ်ချိုး ဖြစ်ကုန်ပါလိမ့်မည်။
စင်ကာပူတွင်တော့ မြန်မာပြည်မှာလို အလှူခံသံ၊ အသံချဲ့စက်ဖြင့် ထီရောင်းသံ စသည့် အသံများကို မကြားရပါ။ မကြာခဏ ကြားကြရသည်မှာ တရုပ်ရိုးရာ ဗုံကြီးများကို အသားကုန်ထုကာ လင်းကွင်းများကို တစ်ချမ်းချမ်း တီးလျှက် လှည့်လာသံ ဖြစ်ပါသည်။ အောက်ဆုံးထပ်မှာ နေသူတို့အဖို့ တိုက်အောက်ထပ်များတွင် ပြုလုပ်လေ့ရှိသည့် မင်္ဂလာဆောင်မှ ကာရာအိုကေ သီချင်းဆိုသံ၊ အသုဘ ရှိလျှင် ဘုန်းကြီးများ၏ ရွတ်ဖတ်သံ များကို နားဆင်ရပါလိမ့်မည်။

၁၁၊ ၅။ အိမ်ငှားခြင်း

အိမ်ဝယ်ခြင်းသည် တစ်သက်လုံးစာ ဖြစ်သည့်ပြင် တန်ဘိုးလည်း ကြီးမားလှသည်ဖြစ်ရာ ငွေရေးကြေးရေး၊ အိမ် အနေအထား၊ အိမ်ရှင်သည် ကြွေးမြီကင်းမကင်း၊ (အချို့ကျတော့ အိမ်နီးချင်း ကောင်းမကောင်း၊ ထိုအိမ်တွင် သရဲရှိမရှိ များပါ ထည့်သွင်း စဉ်းစားကြပါသည်။) စသဖြင့် အဖက်ဖက်မှ စဉ်းစားချင့်ချိန်ကာ အချိန်ယူ လုပ်ရသည်။
အခြေအနေ အကြောင်းကြောင်းကြောင့် အိမ်မ၀ယ်နိုင်သေးလျှင် အိမ်ငှားဘ၀ဖြင့် နေရဦးမည်။ သို့အတွက် အိမ်ငှား သည့် အကြောင်းများကိုလည်း နည်းနည်း တီးမိခေါက်မိ ရှိထားရန် လိုပါသည်။ သို့သော် အိမ်ငှားဆိုသည်မှာ ခေတ္တခဏသာ နေရခြင်း ဖြစ်သည့်အတွက် သိပ်ခေါင်းမစား။ သည်အိမ်ရှင် မကြိုက်လျှင် နောက်တစ်အိမ် ပြောင်းလိုက်ရုံရှိသည်။
အိမ်ငှားရာတွင် မိမိ အဆက်အသွယ်နှင့် ငှားတာရှိသလို ပွဲစားနှင့် ငှားတာလည်း ရှိပါသည်။ ပွဲစားနှင့် ငှားလျှင်တော့ ပွဲစားခ ပေးရပါသည်။ ပွဲခမှာ အိမ်ရှင်ဘက်မှ တစ်လစာ၊ အိမ်ငှားဖက်မှာ တစ်လစာ ဖြစ်ပါသည်။ ပွဲစားမှာ မြန်မာပွဲစား၊ စင်ကာပူ ပွဲစား စသဖြင့် ရှိပါ၏။ အထက်တွင် ဖော်ပြသကဲ့သို့ အိမ်ငှားကြော်ငြာများ ကို ရှာဖွေလိုလျှင် The Straits Times သတင်းစာ၊ Classified ကဏ္ဍ မှ Properties တွင် ရှာနိုင်ပါသည်။
သို့သော် မြန်မာများ အတွက် တော့ စင်ကာပူ၏ ရန်ကုန်ဖြစ်သော ပင်နင်စူလာတွင် အိမ်ငှားရန် ကြော်ငြာများကို သွားဖတ်ပြီး ရှာနိုင်ပါသည်။ ဘာပဲဖြစ်ဖြစ် ကိုယ့်လူမျိုးတူရာ တူရာ အတူနေတာသာ ကောင်းပါသည်။ လူမျိုးချင်း မတူလျှင် နေတာထိုင်တာ၊ ယဉ်ကျေးမှု၊ အပြောအဆို၊ အပြုအမူ၊ ဘာသာတရား စသည်တို့ မတူသဖြင့် သိပ် အဆင်မချောနိုင်ပါ။
ပင်နင်စူလာရှိ ငါးထပ်မှ သပြေနုဆိုင်တွင် အိမ်ငှားလိုသူများ၊ အိမ်ခန်းရှာဖွေနေသူများ အတွက် အဆင်ပြေစေရန် ကြော်ငြာ စာအုပ် လုပ်ထားပေးပါသည်။ အိမ်ခန်းငှားလိုသူများ သည် ထိုစာအုပ်တွင် လာရောက် ကြော်ငြာနိုင်သကဲ့သို့ အိမ်ခန်း ရှာနေသူများသည်လည်း ဤစာအုပ်တွင် လှန်လှောကာ မိမိနေထိုင်လိုသော ဧရိယာမှ အိမ်ခန်းများကို ပေးထားသော ဖုံးနံပါတ်သို့ စုံစမ်းနိုင်ပါသည်။ တစ်အိမ်လုံးငှားသည်များ ရှိသလို တစ်ခန်းချင်း ငှားသည်များလည်း ရှိပါသည်။ ယောက်ျားလေး တစ်ဦး၊ မိန်းကလေး တစ်ဦး စသဖြင့် ငှားသည်များလည်း ရှိပါသည်။
ယခင်ကတော့ အိမ်ခန်းရှာရ အလွန်ခက်ပါသည်။ ယခုတော့ မြန်မာ PR များ အလွန်များလာပြီ ဖြစ်ရာ အများစုမှာ PR ကျပြီ ဆိုသည်နှင့် မိသားစုကို စင်ကာပူကို ခေါ်လိုက်ကြပါသည်။ ကလေးများ၏ ပညာရေးအတွက် စင်ကာပူတွင် ရေရှည်နေ ရန် စီမံကိန်းဖြင့် အိမ်ခန်းများလည်း ၀ယ်ကြသည်ဖြစ်ရာ ယခုမူ မြန်မာပိုင် အိမ်များ စင်ကာပူတွင် ပေါများလာပြီ ဖြစ်ပါသည်။ သို့အတွက် အထက်တွင်ဖော်ပြခဲ့သည့် သပြေနုဆိုင်မှာ ကြော်ငြာစာအုပ်မှာ ယခင်နှစ်များက အိမ်ခန်းငှားရန် ကြော်ငြာများမှာ စာမျက်နှာ အနည်းငယ်မျှသာ ရှိပြီး ငှားလိုသော အိမ်ခန်းအရေအတွက်က နည်းလျှက် အိမ်ခန်းရှာနေသူ အရေအတွက်က ပိုများနေမြဲ ဖြစ်ပါသည်။
သို့သော် ယခုမူ ပြောင်းပြန်ဖြစ်သွားပြီး ထိုစာအုပ်တွင် အိမ်ခန်းငှားရန် ရှိသည်။ ရေမီးအင်တာနက် အပါအ၀င် တစ်လ ဘယ်မျှ စသဖြင့် ကြော်ငြာများမှာ စာအုပ်တစ်အုပ်နှင့် မလောက်၍ စာအုပ် ဆယ်အုပ်ခန့်တွင် စင်ကာပူ တစ်နိုင်ငံလုံး အနှံ့ နေရာများရှိ အိမ်ခန်းများ ကြော်ငြာထားသည်ကို ဖတ်ရှုနိုင်ပါသည်။ ထိုမျှမက ဘူတာများ၊ စင်္ကြန်များ၊ ဈေးများတွင် ကြော်ငြာ သင်ပုန်းများ ရှိတတ်ရာ ထို ကြော်ငြာသင်ပုန်းများတွင်လည်း အိမ်ခန်းကြော်ငြာများကို တွေ့နိုင်ပါသည်။ ထို့ပြင် အချို့မှာ ဓါတ်တိုင်များ၊ ဘတ်စ်ကား မှတ်တိုင်များတွင်ပါ အိမ်ခန်း ကြော်ငြာများ ကပ်ထားသည်ကို တွေ့နိုင်ပါသေးသည်။ အမှန်မှာ ထိုနေရာများတွင် ကြော်ငြာ ကပ်ခွင့်မရှိပါ။
အိမ်ခန်းတန်ဘိုးများသည် ယမန်နှစ်မှ စလျှက် တက်သွားရာ အိမ်ခန်းငှားခများမှာလည်း တက်လိုက်သွားခဲ့ပါသည်။ ယမန်နှစ်က ၂ သိန်းခွဲတန် အိမ်သည် ယခုနှစ်တွင် ၃ သိန်းခွဲနီးပါးမျှ တက်သွားရာ ယခင်က တစ်လလျှင် ၂၀၀ မျှသာ ပေးရ သော အိမ်ငှားခများမှာလည်း ယခုအခါ ၄၀၀ ထိ ခုန်တက်သွားခဲ့ပါသည်။
စင်ကာပူမှ အိမ်ခန်းများတွင် Common Room နှင့် Master Room ဟု နှစ်မျိုးရှိရာ Master Bed Room ဟူသည် အိပ်ခန်း၌ အိမ်သာ၊ ရေချိုးခန်း တွဲလျှက် ပါဝင်ပါသည်။ Common Room များအတွက် အိမ်သာနှင့် ရေချိုးခန်းကို ဘုံသုံးရ ပါသည်။ သို့အတွက် Master Bed Room ငှားခမှာ Common Room ငှားခထက် ပိုပြီး ဈေးမြင့်ပါသည်။
လက်ရှိအချိန်တွင် အိမ်ခန်းငှားခများမှာ 4 room (3 bed room + 1 living hall) အိမ်ခန်း တစ်ခန်းလုံး အတွက် နေရာကို လိုက်၍ ၁၈၀၀ မှ ၃၀၀၀ ထိ ရှိပြီး 3 room (2 bed room + 1 living hall) အိမ်ခန်း တစ်ခန်းလုံး အတွက် နေရာကို လိုက်၍ ၁၅၀၀ မှ ၂၅၀၀ ထိ ရှိပါသည်။
Master Bed Room ငှားခမှာ နေရာကို လိုက်၍ တစ်ခန်းလျှင် ၆၀၀ မှ ၇၅၀ ထိ၊ Common Room ငှားခ တစ်ခန်း လျှင် ၄၀၀ မှ ၅၅၀ ထိ။ အိမ်ခန်းသေးလျှင်မူ တစ်ခန်းကို ၃၀၀ မှ ၄၀၀ ထိ ပေးရပါသည်။ သူငယ်ချင်းများ စုပေါင်းပြီး တစ်ခန်း လုံးငှားကာ စုနေကြသည်များလည်း ရှိပါသည်။ Air-cond ပါလျှင် တစ်လ ၅၀ စသဖြင့် ပိုပေးရပါသည်။
ကုမ္ပဏီများမှလည်း အလုပ်သမားများကို အိမ်ခန်းများငှားထားပေးရာ သူတို့ ပိုက်ဆံပေးရသည့်အတွက် (အချို့မှာ အိမ်ခန်းလခ ဖြတ်ပါသည်။) တစ်ခန်းလျှင် ၈ ယောက်မှ ၁၄ ယောက်ထိ နေကြရပါသည်။ သို့အတွက် နေရာပိုရစေရန် နှစ်ထပ် ကုတင်များဖြင့် အိပ်ကြရပါသည်။ စင်ကာပူတွင် အလုပ်သမားများ ထားရန် အတွက် သီးသန့်ဆောက်ထားသော dormitory များလည်း ရှိပါသည်။ ထို အဆောင်များတွင်မူ ချက်ပြုတ်စားခြင်းကို ခွင့်မပြုပါ။ ကုမ္ပဏီများစွာမှ အလုပ်သမားများစွာကို စုထား သည်ဖြစ်ရာ အ၀င်အထွက်ကို ကန့်သတ်ထားပါသည်။ အပြင်လူများ ၀င်ခွင့်မပြုပါ။

၁၁၊ ၆။ ရေ၊ မီး၊ ဂက်စ်

စင်ကာပူတစ်နိုင်ငံလုံး၏ ရေလိုအပ်ချက် ပမာဏသည် တစ်ရက်လျှင် ဂါလံ သန်း၃၀၀မျှ ရှိရာ ထိုရေကို မလေးရှားမှ အချို့အ၀က် ၀ယ်ယူ၍သော် လည်းကောင်း၊ ပြည်တွင်းရေလှောင်ကန် များမှ သော်လည်းကောင်း ရရှိနေပေသည်။ ယခုအခါ ပြန်လည်ပြုပြင် သုံးစွဲသောရေ (New Water) ကို ထုတ်လုပ်ပြီး သုံးစွဲနေပြီဖြစ်ရာ လက်ရှိတွင် ဂါလံ ၃ သန်းမျှ ထုတ်လုပ် သုံးစွဲနေပြီး ၂၀၁၂ ခုနှစ်တွင် ဂါလံ ၇ သန်းခွဲထိ တိုးတက်ထုတ်လုပ် သုံးစွဲသွားမည် ဖြစ်ပါသည်။ ထို့ပြင် ပင်လယ်ရေကို ချက်လုပ်ကာ ရေချိုအဖြစ်ထုတ်လုပ်သုံးစွဲမည့် စက်ရုံကိုလည်း တည်ဆောက်နေပြီ ဖြစ်ပါသည်။
သို့အတွက် ရေသည် စင်ကာပူနိုင်ငံအတွက် အလွန်တန်ဘိုး ရှိလှပါသည်။ သို့ဖြစ်၍ ရေသုံးစွဲရာတွင် စံနစ်တကျရှိ စေရန် ရေမီတာများ တပ်ဆင်ပေးထားပါသည်။ အိမ်တိုင်းတွင် ရေပိုက်ခေါင်းများ ရှိပြီး ရေကို အလွယ်တကူ သုံးစွဲနိုင်သလို ရေပိုက်ခေါင်းကို ဖွင့်သည့် အခါတိုင်းလည်း ပိုက်ဆံများ ထွက်ကျနေပြီ ဖြစ်ကြောင်း သတိပြုရန် လိုပါသည်။
ရေသုံးစွဲခမှာ တစ်ကုဗမီတာလျှင် ၁ ကျပ် ၁၇ ပြား ဖြစ်ပါသည်။ သို့သော် ပြုပြင် ထိန်းသိမ်းခ စသည်လည်း ပါပါသေး သည်။ နောက် အိမ်သာမှ အညစ်အကြေးများ ဖယ်ထုတ်ခမှာ တစ်လလျှင် ၇ ကျပ်ခွဲ ဖြစ်ပါ၏။
လျှပ်စစ်မီတာခမှာမူ အနည်းငယ် အတက်အကျ ရှိပါသည်။ တစ်ယူနစ်လျှင် ၂၂ ပြား၊ တစ်ခါတလေ တစ်မတ်၊ တစ်ခါ တလေ ပြား၃၀ စသဖြင့် ဖြစ်ပါ၏။
ခြုံ၍ပြောရလျှင် ရေမီးသုံးစွဲခမှာ တစ်ဦးလျှင် တစ်လ ၂၀၊ အစိတ်ခန့် ကျသင့်ပါသည်။ Air-cond သုံးလျှင် ပိုပြီး ကျပါမည်။
ထမင်းဟင်းချက်သည့် ဂက်စ် တွင်လည်း PUB Gas နှင့် ၀ယ်သုံးသော Cylinder Gas ဟု နှစ်မျိုး ရှိပါသည်။ PUB Gas မှာ အိမ်တွင် ဂက်စ် ပိုက်လိုင်း တိုက်ရိုက်သွယ်ပေးထားပြီး မီတာ တပ်ဆင်ပေး ထားပါသည်။ သို့အတွက် ဂက်စ် ကုန်မှာ မပူရတော့ပါ။ ကြိုက်သလောက်သုံး၊ ကျသလောက်ပေး စံနစ် ဖြစ်ပါသည်။ အိုးနှင့်ရောင်းသော Cylinder Gas မှာ လွန်ခဲ့သော ၁၀ နှစ်ခန့်က ၁၈ ကျပ်မျှသာ ရှိခဲ့ရာမှ ယခုအခါ ၃၀ ကျော်သွားပြီ ဖြစ်ရာ တက်သမျှ ဈေးနှုံးများထဲတွင် ဓါတ်ဆီဈေးမှ လွဲလျှင် အမြင့်ဆုံးဟုပင် ဆိုနိုင်ပါသည်။ (ဓါတ်ဆီဈေးမှာမူ ယခင် ၁၀ နှစ်ကျော်က ၁ လီတာလျှင် ပြား ၆၀ မျှသာ ရှိသော်လည်း ယခု အခါ ၁ လီတာလျှင် ၂ ကျပ်ထိ ရှိလာပြီ ဖြစ်သဖြင့် ၃ ဆ တက်သွားခြင်း ဖြစ်ပါသည်။ ၁ လီတာ = ဂါလံ တစ်စိတ်၊ တစ်နည်း အားဖြင့် လေးလီတာလျှင် တစ်ဂါလံ ဖြစ်ပါသည်။)
သို့အတွက် နေထိုင်စရိတ်များ ဖြစ်သော ရေခ၊ မီးခ၊ ဂက်စ်ခ၊ အင်တာနက်ခ၊ အိမ်လခ စသည်များကိုသာ ပေါင်းလိုက် ပါက တစ်လလျှင် ၃၀၀ မှ ၃၅၀ ထိ ကုန်ပါသည်။ စားသောက်စရိတ်မှာ ချက်စားလျှင် ၁၀၀ မှ ၁၅၀၊ ၀ယ်စားလျှင် ၁၅၀ မှ ၂၀၀ ထိ ကုန်ပါမည်။ သို့အတွက် နေထိုင်စားသောက်စရိတ် အစုစု ပေါင်းလိုက်လျှင် လူတစ်ဦးအတွက် ကုန်ကျစရိတ်မှာ တစ်လ လျှင် ၅၀၀ ခန့် ဖြစ်ပါ၏။ သို့သော် ဤ ကိန်းဂဏန်းမှာ ပျှမ်းမျှခြင်း သာ ဖြစ်၍ ခြိုးခြံချွေတာသူ တစ်ဦးအနေနှင့် ၃၅၀ ခန့်မျှနှင့် နေနိုင်သလို အနည်းငယ် အသုံးကြမ်းသူ တစ်ဦး အနေနှင့် တစ်လလျှင် ၈၀၀ ထိပင် ကုန်နိုင်ပါသည်။ အဘယ်ကြောင့် ဆိုသော် တယ်လီဖုံးပြောခ သီးသီးပင်လျှင် တစ်လ ၁၅၀ မှ ၂၀၀ ထိ ကုန်နိုင်သောကြောင့် ဖြစ်ပါသတည်း။

No comments: