Monday, July 8, 2024

၁၃၈၀ နှင့် ဂန္ထဝင် ၁၀

ကျွန်ုပ် ယခု William Somerset Maugham ၏ “The Ten Novels and Their Authors” ကို ဆရာကျော်အောင် ဘာသာပြန်ထားသည့် ‘ကမ္ဘာ့ဂန္ထဝင် ၁၀’ ကို ဖတ်နေပါ၏။ 

တစ်ချိန်တည်းမှာပင် စိတ်ကူးချိုချို ၏ ‘၁၃၈၀ စာပေအလျင်’ ကိုလည်း ဖတ်လျက်ရှိ၏။ 

နှစ်အုပ်စလုံး စာအုပ်ကောင်းများဖြစ်ပြီး စာပေဝါသနာပါသူတို့ ဖတ်သင့် ဖတ်ထိုက်သည့် စာအုပ်များလည်း ဖြစ်၏။ 





 

အလုပ်ကတဖက်နှင့် နေမကောင်းနေသည့်ကြားက အနှီ စာအုပ်နှစ်အုပ်ကို ဘယ်လို ဖတ်ပါသနည်း။

 

‘၁၃၈၀ စာပေအလျင်’ မှာ စာပေဆောင်းပါးများကို စုစည်းထားသည့် စာအုပ်ကြီး ဖြစ်၏။

သည်လိုစာအုပ်မျိုးဆိုတာ ဝတ္ထုစာအုပ်များလို တထိုင်တည်းနှင့် အကုန် ဖတ်ပစ်လိုက်လို့ ကောင်းတာမျိုးမဟုတ်။ စာကောင်းတွေချည်း စုထားတာဆိုတော့ အကုန် တပြိုင်နက်ဖတ်လိုက်လျှင် ရေခဲမုန့် အခု ၂၀ လောက်ကို တထိုင်တည်း အကုန်စားလိုက်သည်နှင့် တူနေပေလိမ့်မည်။ (ကျွန်ုပ်သဘောကိုသာ ပြောခြင်းသာဖြစ်၍ သဘောတူတာမတူတာ သင်တို့ အလုပ်ဖြစ်၏။)

 

နောက်ပြီး ကျွန်ုပ်ဖတ်တာကလည်း အစကနေ စာမျက်နှာအစဉ်လိုက် တောက်လျှောက်ဖတ်သွားတာမျိုးမဟုတ်ဘဲ ဆောင်းပါးတစ်ပုဒ် ဖတ်လိုက်။ ပိတ်ထားလိုက်။ နောက်တစ်ခါ ဖတ်သည့်အခါ စာအုပ်ကို ကောက်လှန်လိုက်ပြီး ရောက်သည့် စာမျက်နှာက ဆောင်းပါးကို ကောက်ဖတ်လိုက်တာ ဖြစ်၏။ ဆောင်းပါးကောင်းတွေ စုထားတာ ဆိုတော့ ဘယ်စာမျက်နှာ လှန်လိုက်လှန်လိုက် ဖတ်စရာချည်း ဖြစ်၏။ ဖတ်လို့ကောင်းတာချည်း ဖြစ်၏။

 

သည်စာအုပ်ကြီးဖတ်လိုက်တော့မှ ကျွန်ုပ် အတော် မျက်လုံးပြူးသွားမိ၏။

ကျွန်ုပ်မသိသေးသည့် ဆရာ့ဆရာကြီးများ အများကြီးပါတကား။

သူတို့ ရေးထား၊ ဘာသာပြန်ထားသည်များမှာ တကယ့်စာပေစစ်စစ်ချည်း ဖြစ်၏။

သည်စာအုပ်ကြီးကို ဖတ်နေတာ အတော်ကြာပြီဖြစ်၍ ယခု ပြီးခါနီးပါပြီ။

ဤကဲ့သို့သော ဆောင်းပါးကောင်းများကို တစ်စုတစ်စည်းတည်း စုဆောင်းပေးသည့် စိတ်ကူးချိုချိုကိုလည်း အလွန် ကျေးဇူးတင်ပါသည်။ (ဤစာအုပ်မှာ စိတ်ကူးချိုချို၏ ၁၉ နှစ်ပြည့် အမှတ်တရအဖြစ် ထုတ်ဝေသည့် စာအုပ်လည်း ဖြစ်၏။) စာပေသမားများအတွက် အလွန်တန်ဘိုးရှိသော စာအုပ်ကြီး ဖြစ်ပါ၏။

 

လူဟူသည် ဟင်းကောင်းကလေးများ စားရသည့်အခါ မိမိ ချစ်ခင်သူများကို သတိရလေ့ရှိသည် ဆို၏။

ကျွန်ုပ်သည်လည်း စာအုပ်ကောင်းကလေးများ ဖတ်ရသည့်အခါ ကျွန်ုပ်မိတ်ဆွေများကိုလည်း ဖတ်စေချင်သည့် စေတနာ ပေါ်လေ့ရှိ၏။ 

 

သို့မို့ကြောင့် စာပေဝါသနာပါသူ မိတ်ဆွေများကို ‘၁၃၈၀ စာပေအလျင်’ စာအုပ်ကို ဖတ်ကြပါရန် တိုက်တွန်းပါ၏။

 

နောက်တစ်အုပ်မှာကား ဆရာကျော်အောင် ၏ ‘ကမ္ဘာ့ဂန္ထဝင် ၁၀’ ဖြစ်၏။

အမှာစာတွင် ဆရာက သူ့စာအုပ်ကို မည်သူတို့ဖတ်သင့်ကြောင်း အောက်ပါအတိုင်း ရေးသားထားပါ၏။

 

“ယခု စာတမ်းများကိုကား မြန်မာစာပေ လိုက်စားကြသော ကျောင်းသားများ ဖတ်သင့်သည်ဟု ညွှန်းလိုပါသည်။ အထူးသဖြင့် တက္ကသိုလ်မှ မြန်မာစာအဓိက ကျောင်းသားများ၊ မဟာဝိဇ္ဇာတန်း ကျောင်းသားများ ဖတ်သင့်သည်ဟု ထင်ပါသည်။ စာရေးဆရာနှင့် သူ့စာသည် မည်သို့ အဆက်အစပ်ရှိသည်၊ စာရေးဆရာသည် မည်ကဲ့သို့သော သတ္တဝါမျိုး ဖြစ်သည်၊ စာရေးဆရာ ဆိုသည်မှာ ချီးမွမ်းခုနစ်ရက် ကဲ့ရဲ့ ခုနစ်ရက် မကြောက်သည့် သတ္တဝါမျိုး ဖြစ်သည်၊ စာရေးဆရာ ဆိုသည်မှာ ကြွေးထူသည့်သူများ ဖြစ်သည် စသည် စသည်ဖြင့် သိရှိနားလည်နိုင်မည် ဖြစ်သည်။ ဤသို့ဖြင့် ဤစာတမ်းများသည် ဝတ္ထုစာပေအဖွဲ့ကို ပို၍ သိနားလည်လာအောင် အထောက်အပံ့ပြုလိမ့်မည်ဟု ယုံကြည်မိပါ ကြောင်း။

 

ဆရာက ဤစာအုပ်ကို မြန်မာစာပေ လေ့လာလိုက်စားကြသော ကျောင်းသားများ ဖတ်ရှုသင့်သည်ဟု ညွှန်းပါ၏။ ကျွန်ုပ်ကတော့ စာပေကို စိတ်ဝင်စားသူအားလုံး ဖတ်သင့်သည့်စာအုပ်ဖြစ်သည်ဟု ထပ်မံ လျှာရှည်လိုပါ၏။ ဤစာအုပ်ကို ဖတ်လိုက်ခြင်းအားဖြင့် ဝတ္ထုဆိုတာ ဘယ်လိုစာပေမျိုးဖြစ်ပြီး အဘယ်ကဲ့သို့သော ဝတ္ထုများသည် ဂန္ထဝင်မြောက် ဝတ္ထုများ ဖြစ်သည်ဆိုခြင်းကိုပါ နားလည်သွားပါလိမ့်မည်။ ထိုမျှသာမက ဤကဲ့သို့သော ဂန္ထဝင်မြောက် ဝတ္ထုကြီးများကို အဘယ်ကဲ့သို့သောလူများက ရေးခဲ့သည် ဆိုတာကိုလည်း အတော်အတန် သဘောပေါက် သွားပါလိမ့်မည်။

 

ဂန္ထဝင်ဝတ္ထုဆိုမှတော့ ‘စစ်နှင့်ငြိမ်းချမ်းရေး’ သည် ထိပ်ဆုံးက ပါမည်မလွဲ။ အရင်တုံးက အင်္ဂလိပ်စာဘာသာသာရပ်မှာ ပြဌာန်းခဲ့ဖူးသည့် ‘လေထန်ကုန်း’ လည်း ပါမည်။ တချို့ကို ဖတ်ပြီးပြီ။ အတော်များများကို မဖတ်ဖူးသေး။ ဖတ်ရဦးမည်။

 

ကျွန်ုပ်ဖော်ပြခဲ့သော အထက်ပါ စာအုပ်နှစ်အုပ်ကို ဖတ်မိသွားပြီဆိုလျှင် စာပေဟူသည် အဘယ်နည်း။ မည်သည့် စာမျိုးကို စာပေစာရင်း သွင်းနိုင်သနည်း။ စာပေလားမြောက်သနည်း ဆိုသည့် မိတ်ဆွေတို့ သိချင်သည်များကို သိနားလည် သွားလိမ့်မည် ထင်ပါသည်။

 

ကျွန်ုပ် မကြာခဏ ဖတ်လေ့ရှိသော/ဖတ်ရသော နောက်တစ်အုပ်မှာ ဆရာဇော်ဂျီ၏ “ရသစာပေ အဖွင့်နှင့်နိဒါန်း” ဖြစ်၏။ အဘယ်ကြောင့် ဖတ်ရသနည်းဆိုသော် ရှေးခေတ် အချို့စာ/ကဗျာများကို နားမလည်သောကြောင့်၊ မခံစားတတ်သော ကြောင့် နားလည်လာအောင်/ခံစားတတ်လာအောင် ဖတ်ရခြင်း ဖြစ်သတည်း။

 

နတ်သျှင်နောင်သည် ရတုဘုရင်ဖြစ်ကြောင်း၊ ၎င်း၏ ရတုများ ပြိုင်စံရှားလှကြောင်း မိတ်ဆွေတို့ ဖတ်ဖူးပါလိမ့်မည်။

အမှန်ကို ဆိုရသော် နတ်သျှင်နောင်၏ အချို့သော ရတုများကို ဖတ်ရသည်မှာ မအူမလည်နိုင်လှ၏။ ရေးသာထားသည်။ ဘာကိုဆိုလိုမှန်းမသိတော့ ခံစားလို့မရ။ အီလည်လည်ကြီး ဖြစ်၏။

 

“ဖြိုးမောက်မဆင့်၊ ပတ်မမြင့်တည့်၊ ရှေ့နှင့်နောက်သာ၊ နံမှာဖြူရောင်၊ သလင်းတောင်ကို၊ မည်းအောင်ဖြည့်လေ၊ ပြည့်မှ စေလော့ . . .” 

 

ငင့် - ဘာဂျီးဒုန်း၊ ကျွန်ုပ်နားမလည်။

ဤသည့်စာများကို နားလည်စေရန် ဆရာဇော်ဂျီ၏ ရသစာပေကို ဖတ်ရ၏။ သူရှင်းပြတော့လည်း အဟုတ်။ သဝေထိုး သယရစ်ရေးချ ရှေ့ထို ‘ဪ’ ဟု အာမေဒိတ်စ် ရ၏။

 

ဆရာဟန် ပို့ပေးထားသည့်စာအုပ်များ နောက်ထပ် အများကြီးရှိသေးသည်။ နည်းနည်းချင်း ဖြိုရမည်။

 

ကျေးဇူးတင်ပါသည်။

 

အေးငြိမ်း (ကဗျာယောင်ယောင်၊ စာယောင်ယောင်သမား)

၈ ဇူလိုင်၊ ၂၀၂၄

No comments: