Saturday, July 13, 2024

လက်ကိုင်ပုဝါ Vs တစ်သျှူး ယဉ်ကျေးမှု

လက်ကိုင်ပုဝါ


 

ဟိုးရှေးယခင်အခါ ကာလများဆီက စမတ်ဂိုင် (Smart guy) များသည် လက်ကိုင်ပုဝါ သုံးခဲ့ကြ၏။ အဲလေ စမတ်ဂိုင်းများ တင် မဟုတ်ပါ။ လူတိုင်းလိုလို လက်ကိုင်ပုဝါ သုံးခဲ့ကြတာဖြစ်၏။ လက်ကိုင်ပုဝါ ဒီဇိုင်းလှလှကလေးများလည်း ဈေးဆိုင် တိုင်း၌ ရောင်း၏။ အောင်မယ် အစ်ကိုကာလသားများမှာ လက်ကိုင်ပဝါကို သုံးထောင့်ချိုးပြီး ရှပ်အင်္ကျီအိတ်ထဲ (သို့) တိုက်ပုံအင်္ကျီအိတ်ထဲတွင် စတိုင်ကျကျတောင် ထည့်ထားလိုက်ပါသေး။ တချို့ကျ ခါးကြား၌ ညှပ်၏။

 

လက်ကိုင်ပုဝါကို မျိုးစုံသုံး၏။ များသောအားဖြင့် မျက်နှာမှ ချွေးများကို သုတ်ဘို့၊ လက်သုတ်ဘို့ စသည်တို့အတွက် ဖြစ်၏။ ထိုမျှသာမက အချို့မှာ ဂွီးကနဲမြည်အောင် နှပ်ချေးများလည်း ညှစ်ထည့်တတ်ကြသေး၏။ (ဝေါ့ . . . ရွံထှာ)

 

ယောက်ျားမိန်းမ မည်သူမဆို လက်ကိုင်ပုဝါ ကိုင်ကြသော်လည်း ကျွန်ုပ်စိတ်ထင် အမျိုးသမီးများက ပိုကိုင်သည် ထင်၏။ အထက်တွင်ဆိုခဲ့သလို အမျိုးသားများထဲကဆိုလျှင် လူ့ဖင်ခေါင်းကျယ်များသာ လက်ကိုင်ပုဝါ သုံးသည် ထင်၏။

 

ကျွန်ုပ်တို့ ၉ တန်းကျောင်းသားဘဝက စာသင်သည့်အခါ ဒူးနှံ့တတ်သော သင်္ချာဆရာ ဦးကျော်သန်း၏ ကတော်၊ အမြဲတမ်း မျက်ခုံးနှစ်ခုကို တွန့်ထားတတ်သူ ဓာတုဗေဒဆရာမ ဒေါ်ခင်စန်းမြင့်က လက်ကိုင်ပုဝါတစ်ထည်ကို တုတ်ကလေးတစ်ချောင်းဖြင့် ကော်ယူလာလျက် ဒါ ဘယ်သူ့လက်ကိုင်ပုဝါလဲ ဟု မေးလေ၏။ ကျွန်ုပ်တို့မှာ ပြုံးစိစိ ဖြစ်ရ၏။ ဆရာမ လက်ဖြင့်မကိုင်တာ မလွန်ပါ။ မတော် လက်ကိုင်ပုဝါထဲက အော့အော့တွေကို သွားကိုင်မိလျှင် . . . အောင်မငီး။ ကျောင်းသူတစ်ယောက် ရှက်ကိုးရှက်ကန်းဖြင့် ထ,လာကာ လာယူ၏။ 

 

ကမ္ဘာပေါ်၌ မည်သည့်နိုင်ငံတွင်မှ မရှိနိုင်သည့် အရာတို့ ကျွန်ုပ်တို့ ဗမှားပြည်၌ ရှိတတ်လေရာ ထိုအရာများထဲမှ တစ်ခုမှာ ‘လန်းဆန်းကမ်းတယ်’ ဖြစ်၏။

 

တစ်ခုသော ကျောင်းပိတ်ရက်၌ ကျွန်ုပ် အိမ်ပြန်သွားရာ ညီမဖြစ်သူက ‘လန်းဆန်းကမ်းရအောင်’ သွားရမယ် ဆို၏။ ငမ် - ဗမာလိုပြောတာပေမင့် ကျွန်ုပ် နားမလည်။ ဘာလဲဟဲ့ နင့်ဟာ၊ လန်းဆန်းကမ်းတယ် ဆိုတာ။ 

 

ဟွှာဟယ် - လက်ကိုင်ပုဝါတွေကို ရေမွှေးဆွတ်၊ ရေစိမ်ပြီး လေးမျက်နှာမှာ အချောဆုံးဆိုတဲ့ ကွမ်းတောင်ကိုင်၊ ပန်းတောင်ကိုင်လေးတွေက ဂေါ်ဇီလာကြီးတွေလာတော့ ကမ်းပေးရတာ။ နေပူပူထဲကလာတဲ့ အဲဒီ အကောင်ကြီးတွေ  အဲဒီ လက်ကိုင်ပုဝါနဲ့ သူတို့အခွက်ကြီးတွေကို သုတ်လိုက်တော့ လန်းလန်းဆန်းဆန်း ဖြစ်သွားတာပေါ့ဟယ်။ အဲဒါကို လန်းဆန်းကမ်းတယ် ခေါ်တယ်။ 

 

မြတ်ရွှာဖျားစ်။ ထူးဆန်းပါပေ့ ဆတွတ်ရယ်

Snow towel မရှိလေတော့ သူတို့ခမျာ ကြံဖန်ပြီး လန်းဆန်းကမ်းရတာဖြစ်၏။ ချွတ်ချွတ်ချွတ်စ်

 

သည်ဘက်ခေတ်တွင် လက်ကိုင်ပုဝါ သိပ်မတွေ့မိတော့ဟု ထင်ပါသည်။ အဝတ်အစား၊ အမွှေးနံ့သာ၊ အလှအပ အသုံးအဆောင်များကို မွေးကတည်းက ဘယ်နံရောအခါကမှ စိတ်မဝင်စားခဲ့သည့် အကျွန်ုပ်မှာ အခုခေတ်တွင် လက်ကိုင်ပုဝါကို ဆိုင်များတွင် ရောင်းသေးသလား မရောင်းတော့ပြီလား မသိပါ။

 

ကျွန်ုပ်စိတ်ထင် လက်ကိုင်ပုဝါ ယဉ်ကျေးမှုမှာ Y2K မတိုင်မီကပင် ပျောက်ဆုံးသွားခဲ့ပြီး ထင်ပါသည်။ ထိုစဉ်က သုံးခဲ့သော လက်ကိုင်ပုဝါမှာ အဝတ်ပါးစကလေးဖြစ်ပြီး အလျားအနံ တစ်ပေပတ်လည်ခန့် ရှိ၏။ ပုဝါပေါ်တွင် ပန်းပွင့်၊ လိပ်ပြာ စသည်တို့ကို လှပစွာ ရိုက်နှိပ်ထား၏။ အမျိုးသားများအတွက် လက်ကိုင်ပုဝါမှာ လေးထောင့်ကွက် pattern လေးများနှင့် ဖြစ်၏။ လက်ကိုင်ပုဝါက ယခုခေတ် လက်သုတ်ဝတ်လို အမွေးပွမဟုတ်။ ပြောင် ဖြစ်၏။

 

တစ်သျှူး


 

၂၀၀၀ ခုနှစ်သည်ဘက်ပိုင်းတွင်မူ လက်ကိုင်ပုဝါအစား တစ်သျှူးကို လှိုင်လှိုင်ကြီး သုံးလာခဲ့ကြ၏။ အစပိုင်းက တစ်သျှူး အမျိုးအစား သိပ်မများသေးပါ။ အထုပ်ကလေးများနှင့် တစ်သျှူး၊ အိမ်သာသုံးသည့် တစ်သျှူးလိပ်လောက်သာ ရှိသေး သည် ထင်၏။

 

ဟော အခုကျတော့ ခုနင်ကပြောသည့် သွားလေရာ ယူသွားနိုင်သည့် တစ်သျှူးအထုပ်ကလေး၊ အောင်မယ် တစ်သျှူး အထုပ်ကလေးဆိုတာတောင် ၄” x ၃” လောက်ရှိသည့် တစ်သျှူးထုပ်၊ ၂ လက္မပတ်လည်လောက်သာရှိသည့် ခပ်ထူထူ တစ်သျှူးထုပ် စသည်ဖြင့်ရှိ၏။ စားပွဲပေါ် တင်ထားနိုင်သည့် တစ်သျှူးဘူး၊ မီးဖိုချောင်ထဲတွင် အကြမ်းပတမ်းသုံးနိုင်သည့် (still strong even wet ဆိုသည့်) တစ်ထွာကျော်ရှည်သည့် တစ်သျှူးလိပ်ကြီး၊ အိမ်သာသုံး တစ်သျှူးတောင်မှ ပုံးထဲ ထည့်ပြီး ဗျီးကနဲ၊ ဗျီးကနဲ ဆွဲရသည့် အလိပ်ကြီး၊ သာမန်တစ်သျှူးလိပ် စသဖြင့်ရှိ၏။ နောက်ပြီးတော့ ထမင်းစားပြီး ပါးစပ်နှင့် လက်များကို သုတ်နိုင်သည့် တစ်သျှူးအစို၊ ကလေးများကို သုတ်သည့် တစ်သျှူးအစို၊ လူကြီးများအတွက် Adult Wet Tissue တစ်သျှူးအစို။ ခညားတို့ မိန်းကလေးအသုံးအဆောင်များချည်း ရောင်းသည့် ဝပ်ဆန်လိုဆိုင်ထဲ သွားကြည့် စမ်းပါ။ အို၊ မနည်းမနော တစ်သျှူးများကို တွေ့ရပါလိမ့်မယ်ခင်ဗျာ။ တချို့ တစ်သျှူးတွေဆို ကျော်တောင် နားမလည်။ အဟက်စ်

 

ဘာပြောပြော ကျွန်ုပ်ကတော့ လက်ကိုင်ပုဝါထက် တစ်သျှူးကို ပိုသဘောကျ၏။ လက်ကိုင်ပုဝါက ဂွီးကနဲ ညှစ်ထည့်ပြီး လုံးထွေးအိတ်ထဲထည့်ထားတာ ဆိုတော့၊ အောင်မငီး ကျွန်ုပ်လို အင်မတန်ရွံတတ်သူအဖို့ တွက်ချေမကိုက်။ ဟော - တစ်သျှူးကျတော့ ဂွီကနဲညှစ်ထုတ်လိုက်၊ အနားမှာရှိတဲ့ အမှိုက်ပုံးထဲ ပစ်လိုက်။ ဟန့်ကိုကျလို့

 

ကျွန်ုပ်မှာ နှာရည်ယိုသည့်ရောဂါ ရှိ၏။ ကျွန်ုပ်နှာရည်ယိုပုံမှာ အခြားသူများနှင့် မတူ။ နှာရည်ယိုပြီဆိုလျှင် စက္ကန့်မလပ် တသွပ်သွပ်နှင့် စမ်းချောင်းမှ ရေစီးသလို စီးကျနေတာ ဖြစ်၏။ သည်လိုအခါမျိုးများတွင် လက်ကိုင်ပုဝါသည် ကျွန်ုပ် အတွက် အသုံးမတည့်တော့။ ၅ မိနစ်မျှ နှာရည်သုတ်လိုက်လျင်ပင် လက်ကိုင်ပုဝါတစ်ခုလုံး ရွှဲရွှဲစိုသွားလေတော့၏။  

 

ကျွန်ုပ် ရေဆင်းတွင် ကျက်စားခဲ့စဉ်က (ကျက်စားခဲ့စဉ်က ဆိုသည်မှာ ကြက်သားချည်း နေ့တိုင်းချက်စားခဲ့တာကို မဆိုလို။ ဤကား စကားချပ်) တစ်သျှူးယဉ်ကျေးမှု မထွန်းကားသေး ထင်ပါသည်။ သည်တော့ အမြဲနှာရည်ယိုနေတတ်သူ ကျွန်ုပ်အဖို့ လက်ကိုင်ပုဝါ ၃-၄ ထည် ဆောင်ထားခဲ့ရသည် ထင်၏။ သို့သော်လည်း သိပ်အဆင်မပြေခဲ့ဟု မှတ်မိပါသည်။

 

အခုကျတော့ အိမ်သာသုံး တစ်သျှူးလိပ်နှင့် မီးဖိုချောင်သုံး တစ်သျှူးလိပ်ကြီးများ ဝယ်ထား၏။ နှာရည်ယိုပြီဆို နှာရည်သုတ်လိုက်၊ တစ်သျှူးကို ပလတ်စတစ်အိတ်ထဲ ပစ်ထည့်လိုက်။ ဘယ်မှ ညစ်ပတ်နေစရာမလိုတော့။ 

 

နောက်ပြီး တစ်သျှူးအစိုများသည် ကျွန်ုပ်အဖို့တော့ လက်/မျက်နှာများကို သုတ်တာထက် စားပွဲစသည့် မျက်နှာပြင်များ ကို သုတ်တာ ပိုအသုံးတည့်၏။ တခါတလေ စာသင်သည့် စားပွဲမျက်နှာပြင်မှာ အရင်လူ ဗလွတ်ဗလွတ်ပြောထားသဖြင့် တံတွေးစက်များဖြင့် ညစ်ပတ် နံစော်နေတတ်၏။ (ဝေါ့စ်) ဤလိုအခါမျိုးများတွင် ကျွန်ုပ်က တစ်သျှူးအစိုဖြင့် စားပွဲ မျက်နှာပြင်သာမက ကီးဘုတ်များ၊ မောက်စ်များ၊ စပီကာများကိုပါ အကုန် သုတ်ပစ်လေ၏။ (တစ်ခန်းလုံး နံစော်နေအောင် ဘယ်လိုတွေများတောင် ပြောလိုက်ပါလိမ့်၊ ယခွမ်း)

 

နောက်ပြီး တခါတလေ ဘာတွေကျထားသည်မသိ၊ ကြမ်းပြင်ပေါ်မှာ အကွက်တွေဖြစ်နေသည့်အခါ၌လည်း ကျွန်ုပ်က အလွယ်တကူပင် တစ်သျှူးအစိုနှင့် သုတ်ပစ်လိုက်သည်သာ ဖြစ်၏။ (ကျွန်ုပ်သည် ရခိုင်ရိုးမတောင်ခြေက ဝါးတောကွင်းရွာ၌ မွေးလာသည့် တောသားစစ်စစ် ဖြစ်၏။ သို့သော် ဖုံတွေသဲတွေ၊ အမှိုက်သရိုက်တွေနှင့် ညစ်ပတ်နံစော်နေသည့် နေရာ၌ မနေတတ်သူ ဖြစ်၏။ ဤကား စကားချပ်) စာရေးစားပွဲ၊ ပြတင်းပေါက်ဘောင်များကိုလည်း ရံဖန်ရံခါ တစ်သျှူး အစိုဖြင့်ပင် သန့်ရှင်းရေးလုပ်၏။

 

စင်ကာပူတွင် ၁ ကျပ်တန်ဆိုင်ရှိ၏။ အရင်တုံးက ABC ဟုနာမည်ပေးပြီး အခုတော့ Value $$$ ဟု ကင်မွန်းတပ်၏။ ထိုဆိုင်တွင် လူသုံးပစ္စည်းများကို ဈေးပေါပေါနှင့် ရနိုင်ရာ တစ်သျှူးထုပ်များကိုလည်း ဈေးသက်သက်သာသာနှင့် ဝယ်နိုင် ပါ၏။ 

 

မိတ်ဆွေများလည်း လက်ကိုင်ပုဝါထက် တစ်သျှူးကို ပိုသဘောကျလိမ့်မည် ထင်ပါသည်။

 

နှာရည်ယိုတုံးက နှာရည်သုတ်ပြီး ပလတ်စတစ်အိတ်ထဲ ပစ်ထည့်ထားတဲ့ တစ်သျှူးအထွေးလိုက်ကြီးနဲ့ ဟိုအကောင့် အခွက်ကြီးကို ပစ်ထည့်လိုက်ချင်သခွာ။ ကတောက်စ်

 

ကျေးဇူးတင်ပါသည်။

 

အေးငြိမ်း

၁၂ ဇူလိုင်လ၊ ၂၀၂၄

No comments: