Wednesday, July 10, 2024

စင်ကာပူတွင် သွားနှုတ်/စိုက်ခ ဈေးကြီးပုံအကြောင်း

မွေးကတည်းက မရပ်မနားခုတ်မောင်းလာခဲ့ရသည့် ကျွန်ုပ်၏ အင်ဂျင်ကြီးမှာ တဖြည်းဖြည်း ယိုယွင်း ကျဆင်းလာလျက် ရှိ၏။ ဆိုတော့ မကြာခဏ ပြုပြင်ထိန်းသိမ်းမှုများ ပြုရ၏။

 

မျက်လုံးက အဝေးတော့ အတော်ကောင်းသေးသည်။ စာဖတ်ဖို့ဆို မျက်မှန်တပ်ရပြီ။ မျက်မှန်ကလည်း ၂ နှစ် ၃ နှစ် လောက်ကို ဒီဂရီတစ်ခု ပြောင်းရ၏။ စင်္ကာပူ၌ မျက်မှန်ကတော်တော်။ ဂိုင်းမှာ အတော် ဈေးကြီးလှ၏။ မျက်မှန်လုပ်ဖို့ကို သူတို့က မျက်မှန်နောက်ထားကာ ဂိုင်းကို အရင်ရွေးခိုင်း၏။ ရှောက်ခယိုးနဲစ်

 

ခုချိန်ထိ အောက် ဘယ်ဘက်ခြမ်း သွား ၄ ချောင်း၊ အောက် အလယ်တည့်တည့်က ၁ ချောင်း၊ အောက် ညာဘက် ၂ ချောင်း၊ အခု အပေါ်သွား ဘယ် ၁ ချောင်း၊ ညာ ၁ ချောင်း နှုတ်လိုက်ရ ပြီးပြီ။

 

ပထမဆုံးသွားကိုနှုတ်တုံးက ရေဆင်းမှာပဲရှိသေးသည်။ သွားကိုက်တာ ဘယ်လိုမှ မခံနိုင်။ အောက် ညာဘက်အစွယ်။ သွားဆရာ ဒေါက်တာမင်းဇော်က ကျွန်ုပ်တို့အိမ်နှင့် တစ်အိမ်ကျော်မှာဆိုတော့ ဆရာ့ဆီသွား၏။ ဆရာက ပါးစပ်ဟကာ ထုံဆေးထိုးထည့်လိုက်တော့ အလွန်နာကျင်နေသည်တို့မှာ ယူပစ်လိုက်သလို ပျောက်သွားလေ၏။ ကျွန်ုပ်ဘဝ၌ အရသာ အရှိဆုံးကာလကို ပြောပါဆိုလျှင် ထိုကာလကို လက်ညှိုးထိုး ပြရပေလိမ့်မည်။ သွားနှုတ်ခ ဘယ်လောက်လဲတော့ မမှတ်မိ။ သို့သော် မဖြစ်စလောက် အဖိုးအခမျှ ဖြစ်ပါလိမ့်မည်။ ထိုသွားကို ပြန်မစိုက်ဖြစ်။

 

၂၀၁၀ လောက်က အောက်သွားတွေနာနေလို့ ဘွန်လေးဘူတာက သွားဆေးခန်းသွားပြတော့ သူတို့က ပါးစပ်ဖြဲကာ ရေနှင့်ဆေး၊ ဆေးနှင့်ပလုပ်ကျင်းခိုင်းလုပ်ပြီး Gum treatment ဆိုလျက် $100 ကျော် တောင်းလေ၏။ အလွန် နှမြောတတ်သည့် ကျွန်ုပ်မှာ ဘာမှလည်းမဟုတ်ဘဲ ရေဆေးပြီး $100 ကျော်ယူလိုက်တော့ အတော်လေး အီစလံဝေ သွားလေသော ဟူသတတ်။

 

ဒုတိယတစ်ခါက အောက် ရှေ့တည့်တည့်က သွား။

သွားက အလွန်ကိုက်နေတော့ ချက်ချင်းနှုတ်ဘို့ဆိုပြီး ပိုလစ်ကလစ်နစ် သွားတာ နာနေသည့်သွားကိုတော့ နှုတ်မပေး။ ပါးစပ်တစ်ခုလုံးဖြဲကာ ရှိသမျှ သွား ၃၂ ချောင်းကို ဟိုခေါက်ဒီခေါက် ခေါက်လျက် နင့်သွားတွေက မကောင်းတော့ဘူး။ အနည်းဆုံး ၅ ချောင်းနှုတ်မှ ရမယ် ဆို၏။ ငမ်၊ တေဗျဇီ။ 

 

ဒီမယ် ဘာမှ လျှာရှည်မနေနဲ့။ ဟောဒီ နဲ့နေတဲ့အချောင်းကိုသာနှုတ်ပေး ဟု ကွန်ပလိန်းတက်တော့ နင့်သွားက ဒီမှာနှုတ်ဖို့ စိတ်မချရဘူး။ NUH ကိုသွားချေဟု လွှတ်လေ၏။ 

 

သွားနာလို့ နှုတ်ပေးပါဆိုတာကို နာနေတဲ့သွားတော့ နှုတ်မပေးဘဲ မလိုအပ်သည်များကို ပေါက်တတ်ကရ လျှောက်လုပ် နေသည့်အတွက် ကျွန်ုပ်လည်း ဒေါသထွက်ကာ ပြန်ခဲ့လေ၏။ သူတို့လုပ်ပေးထားသည့် appointment အားလုံးကိုလည်း cancel လုပ်ပစ်လိုက်၏။ သို့နှင့် ဘယ်မှထပ်မသွားတော့ဘဲ မနုတ်ဘူးကွာဟု ပေနေလေသည်။

 

နောက် ၆ လ လောက်ကြာတော့ မင်း ဘယ်နေ့ သွား appointment ရှိတယ် ဟု message လာ၏။ ၆ လ လောက် ကြာပြီးဖြစ်၍ ကျွန်ုပ် ဒေါသများလည်း လွင့်စင်သွားလေပြီဖြစ်လေရကား ကျွန်ုပ်လည်း သူတို့ပြောသည့်နေ့တွင် ဆေးခန်း သွား၏။ ဟိုရောက်တော့ ငင့် - နင်က appointment အားလုံး cancel လုပ်ထားတာ ဘာကြောင့်လာရသလဲ ဆို၏။ ကျွန်ုပ်လည်း သူတို့ message ကိုပြကာ cancel လုပ်ထားတယ်ဆို ဘာကိစ္စ ဟောဒီမတ်စိက လာရသတုံး ဆိုကာ အတင်းရောအဓမ္မပါ သွားနုတ်ပေးဘို့ ပြောလေ၏။ ရှေ့သွားနှုတ်တာ ဘာမှမခက်။ ထုံဆေးထိုး၊ ပလာယာနှင့် ဆွဲနှုတ်တာ သာ ဖြစ်၏။ အဲသဟာတောင် $၁၀၀ ကျော်ပေးရ၏။ 

 

အောက် ညာဘက်အံသွားနှုတ်တုံးကဆို နင့်သွားတွေက ပဲ့ရွဲ့နေပြီ။ ဒီအတိုင်းနှုတ်လို့မရဘူး။ Minor operation လုပ်ရမယ်ဆိုပြီး နှုတ်လိုက်တာ တစ်ချောင်းတည်းနှုတ်တာ $380 တောင် တောင်း၏။

 

၂၀၁၅ လောက်က ထင်ပါသည်။ ဗမာပြည်ပြန်တုံး အောက်ဘယ်ဘက်မှ နဲ့နေသည့် သွားအားလုံး (၄ ချောင်းထင်ပါသည်) ကို လှည်းတန်း၊ တက္ကသိုလ်သွားစိုက်ဆိုင်တွင် နှုတ်လည်းနှုတ်၊ စိုက်လည်းစိုက်လုပ်တာ ဘယ်လောက်မှ မကုန်။ 

 

အခုတစ်ခါ NTUC သွားဆေးခန်းတွင်နှုတ်တာ အပေါ်သွား ၂ ချောင်းကို $227.81 ကျ၏။ သဟာတောင် NTUC Member ဈေး ဖြစ်၏။ 

 

အဲဒါ နှုတ်တာပဲ ရှိသေးသည်။ စိုက်တာဆို ထောင်ကျော်ကုန်မည်။ သွားစိုက်ပြီးမှ နောက်ပို့စ်တစ်ခု ရေးပါဦးမည်။

 

စင်္ကာပူလာမည့် မိတ်ဆွတို့ခင်ဗျား -

 

အသင်တို့ စင်္ကာပူလာတော့မည်ဆို ရှိသမျှ သွား အကုန်နှုတ်၊ အကုန်စိုက်ပြီးမှ လာခဲ့ကြပါကုန်။

ရပါဒယ်ခွာ၊ စလုံးရောက်မှပဲ လုပ်တော့မယ်ဆိုလျှင် ရှိသမျှစည်းစိမ်၏ ထက်ဝက်ခန့်မှာ သွားနှုတ် သွားစိုက်တာနှင့် ကုန်လိမ့်မည်ဖြစ်ကြောင်း။

 

ကျေးဇူးတင်ပါသည်။

 

အေးငြိမ်း

၁၀ ဇူလိုင်၊ ၂၀၂၄

No comments: