Monday, July 22, 2024

စင်ကာပူမှ လူလိမ်နှင့် သူခိုးများ အကြောင်း

လောကပါလတရားတို့ ပျောက်ဆုံးနေပြီဖြစ်သည့် ဤဒွန္နယာကြီးတွင် လူလိမ်နှင့် သူခိုးများ ပေါများသည်မှာ အဆန်းတကြယ်တော့ မဟုတ်ပါလေ။ ကျွန်ုပ်စိတ်ထင် သည်ဘက်ခေတ်တွင် လူလိမ်နှင့် သူခိုးများ ပိုများလာသည် ထင်၏။ 

 

စင်ကာပူတွင် လူလိမ်နှင့် သူခိုးများ အလွန်များပြားလှ၏။

လူလိမ်လည်းပေါ၏။

သူခိုးလည်းပေါ၏။

 

သူခိုးများအကြောင်း ဦးစွာပြောကြစို့။

 

ကျွန်ုပ် စင်ကာပူရောက်ခါစက Keppel သင်္ဘောကျင်း၌ လုပ်ရ၏။ သင်္ဘောကျင်း၏ သဘာဝအလျောက် နေရာ ကျဉ်းကျဉ်းလေးတွင် အလုပ်ပေါင်းစုံ၊ ကုမ္ပဏီပေါင်းစုံ၊ လူပေါင်းစုံ လုပ်ကြရ၏။ လူပေါင်းစုံသည့်အတွက် စရိုက်လည်း ပေါင်းစုံလှ၏။

 

ကျွန်ုပ်တို့အလုပ်မှာ ဟိုပြေးလိုက်၊ သည်ပြေးလိုက်၊ စာရွက်စာတမ်းပြေးလုပ်လိုက်နှင့် အလွန် အလုပ်ရှုပ်လှပေရကား ခြေလျင်သွားလို့ အဆင်မပြေ။ ရုံးနှင့် သင်္ဘောတည်နေရာ၊ ပိုက်ရှော့ စသည်တို့မှာ အတန်ငယ်ကွာလှမ်းလေရကား ကျွန်ုပ်က တစ်ပတ်နွမ်းစက်ဘီးကလေးကို စင်းဒေါ်လာ ၃၀ ပေး၍ ဝယ်လိုက်၏။ 

 

စီးလို့ ၆ လတောင် မပြည့်သေး။ ရုံးရှေ့၌သော့ခတ် ရပ်ထားသည့် ကျွန်ုပ်စက်ဘီးကလေးမှာ ခိုးရာလိုက်သွားလေ၏။ (ဟုတ်သလေ၊ ခိုးတဲ့နောက်လိုက်သွားရတော့ ခိုးရာလိုက်သပေါ့။) 

 

ကျွန်ုပ်ကို မည်ကဲ့သို့လုပ်ရမည် စသဖြင့် သင်ကြားပြသပေးသည့် QCV က ‘မင်းစက်ဘီးသော့က သေးသေးကလေးကိုးကွ’ ဟု ပြော၏။ သူပြောပြီး တစ်လတောင်မကြာပါ။ သော့အကြီးကြီး ခတ်ထားသည့် သူ့စက်ဘီးလည်း ပျောက်ချင်းမလှ ပျောက်သွားလေသတည်း။ ကျွန်ုပ်က သူ့ကို ငါးခူပြုံး ပြုံးကြည့်လိုက်၏။ (ငါးခူ ဘယ်လိုပြုံးသလဲသိချင်ရင် ငါးခူ တပိဿာလောက် ဝယ်ပြီး ထိုင်ကြည့်ကြဗျာ။ ကျုပ်တော့ ရှင်းမပြတတ်ပုစ်။ အဟိ)

 

သူတို့ခိုးသည်ဆိုခြင်းမှာ သော့ကိုဖျက်၍ ခိုးခြင်းမဟုတ်မူ၍ စက်ဘီးအစီးလိုက် လော်ရီပေါ် တင်သွားခြင်းဖြစ်၏။ (So smart man!!!) ထို့ကြောင့် အသင်တို့သည် စက်ဘီးခိုးမှာကြောက်၍ အမေရိကန်မှာ ဒေါ်လာ ၅၀၀၀ တန် ကမ္ဘာ့ အကောင်းဆုံးသော့ကို မှာပြီး ခတ်ပါကလည်း သူခိုးမျက်စိကျလျှင် အခိုးခံရမည်သာ ဖြစ်လေ၏။ (ဒါဖြင့် စက်ဘီးသော့ကို ဘ​ယ်လိုဖျက်သလဲဗျာ။ ဟား ဟားစ် . . ငှက်ပျောသီးအခွံနွှာစားတာကမှ ခက်ပါသေး။)

 

ကျွန်ုပ် စင်ကာပူရောက်ခါစက သစ်ပင်များတွင်သော်လည်းကောင်း၊ ခြံစည်းရိုးများ၊ ဓာတ်တိုင်များတွင်သော် လည်းကောင်း။ စက်ဘီးမှ ဘီးတစ်ခုတည်းကို (သို့) ကိုယ်ထည်တစ်ခုတည်းကို သံကြိုးနှင့် ခတ်ထားတာ တွေ့ရတော့ ‘ဟမ်မယ်မင်း၊ အတော်အူတဲ့ကောင်တွေပါလား၊ စက်ဘီးများ ဘာကိစ္စ ဘီးတစ်ခုတည်း ခတ်ထားရတာတုံး၊ ငတုံး’ ဟု တွေးမိ၏။ 

 

နောက်တော့မှ တုံးသူမှာ သူတို့မဟုတ်၊ ကျွန်ုပ်ကိုယ်တိုင်ဖြစ်နေလေ၏။ 

ပိုင်ရှင်က သူ့စက်ဘီးကို သစ်ပင်၌ ချိန်းကြိုးနှင့် သော့ခတ်သွား၏။

သူခိုးက အိတ်ထဲမှ ဂွရှင်ကလေးထုတ်၊ ဘီးမှ ကိုကြီးကျော် (ဟုတ်ပေါင်) နပ်များကိုဖြုတ်၍ ဘီးကိုထားခဲ့ပြီး ကျန်တာတွေ အကုန်ယူသွားတာ ဖြစ်၏။ သည်တော့ သော့ခတ်ထားသည့် ဘီး (သို့) ကိုယ်ထည်သာ ကျန်ခဲ့ခြင်းဖြစ်၏။ 

 

၂၀၂၂ လောက်ကလည်း အတန်ငယ်နောက်ကျနေပြီဖြစ်၍ ကျွန်ုပ်က စက်ဘီးကို ခါတိုင်းလို သံတန်းတွင် တွဲကာ သော့မခတ်ဘဲ သည်အတိုင်း အလွတ် သော့ခတ်လျက် ထောင်ထားခဲ့၏။ ညနေ သင်တန်းပြီးလို့ပြန်လာတော့ စက်ဘီးမှာ ရှာလို့မတွေ့တော့။ ကျွန်ုပ်လည်း ခြေလျင်တလှည့်၊ ကုန်းကြောင်းတလှည့် ပြန်ခဲ့ရသော ဟူသတတ်။ စက်ဘီးမရှိလို့က အလုပ်သွား/ပြန် အဆင်မပြေတော့ နောက်တစ်နေ့တွင် စက်ဘီးအသစ်တစ်စီး ထပ်ဝယ်လိုက်ရလေ၏။ S$ 130 ထွက် သွား၏။ မေဘေးတွေ။

 

ဒါ ဟိုတစ်နေ့က Woodlands ကို စာသွားသင်ရင်း ဘတ်စ်ကားမှတ်တိုင်မှာ တွေ့ခဲ့တာ။ မတတ်သာသည့်အဆုံး ထိုင်ခုံတောင် ဖြုတ်ခိုးသွားသေး၏။ 

ကျွန်ုပ်လည်း ယခင်က စက်ဘီးတွင် ရှေ့မီးနောက်မီး တပ်ထားပါ၏။ သို့သော် သူတို့မီးက အလွယ် ဖြုတ်/တပ်လို့ရအောင် သားရေကြိုးလေးနှင့် ချိတ်ထားတာဖြစ်၍ ရှောက်ခယိုးနဲစ် သူတို့ကိုများ ကျွန်ုပ်က အလှူပေးနေသည်ဟု မှတ်ယူထားသလားမသိ။ ကျွန်ုပ်က ဝယ်တပ်ထားလိုက်၊ သူတို့က ဖြုတ်ခိုးသွားလိုက်။ ယခုတော့ ကျွန်ုပ်မှာ မတပ်ဘဲ ထားလိုက်လေတော့၏။

 

ပြောရလျှင် ကျွန်ုပ် စင်ကာပူရောက်ကတည်းက အနည်းဆုံး စက်ဘီး ၅ စီးလောက် ပျောက်ခဲ့ပြီး ဖြစ်၏။ ကျန်တာတွေ ကတော့ ကိုယ် သတိမေ့လို့ ပျောက်တာဖြစ်၏။ များမကြာမီကလည်း နေကာမျက်မှန်လေး မျက်မှန်ဘူးနှင့် တစ်နေရာရာ ၌ ကျန်ခဲ့၏။ ကျွန်ုပ်စိတ်ထင် Joo Koon ၌ ကျန်ခဲ့တာဖြစ်မည်။ Joo Koon ကို နေ့တိုင်းသွားရတာမဟုတ်ဘဲ ၁၀ ရက် လောက်နေမှ တစ်ခါသွားရတာဖြစ်၍ သင်တန်းရှိသည့်ရက် ကိုယ်သင်ခဲ့ဖူးသည့် အခန်းများတွင် လိုက်ရှာပါသေး၏။ ဘယ်မှ ရှာလို့မတွေ့တော့ပြီ။ အားလုံး ကြားကြသမျှ အမျှ အမျှ အမျှ ယူတော်မူကြပါကုန်လော့။ ဆာဒူး ဆာဒူး ဆာဒူးစ်။

 

ပိုင်အိုးနီးယားဘူတာတွင် ကျွန်ုပ်တို့ ဟို့လွန်ခဲ့သည့် အနှစ် ၂၀ ကျော်လောက်ကတည်းက ထိုင်ခဲ့သော ၂၄ နာရီ စားသောက်ဆိုင် ရှိ၏။ ထိုဆိုင်တွင် အမျိုးသားတစ်ဦးသည် ပိုက်ဆံအိတ်နှင့် ဖုန်းကို ဘေးနားချကာ ထမင်းစားနေ၏။ စားသောက်ပြီးလို့ ပြန်မည်ဟု ထလိုက်တော့ ပိုက်ဆံအိတ်နှင့် ဖုန်းမှာ ခြေထောက်ပေါက်၍ ထွက်ပြေးသွားလေပြီ။

 

ပြီးခဲ့သည့်လက ရီရွှန်း၊ ချောင်ပန်းဈေး၌ ခါးပိုက်နှိုက်နေသည့် အသက် ၇၀ အရွယ် အဖွားအိုတစ်ဦးကို မိ၏။ သူ သည်ဒေသ တဝိုက်တွင် ခါးပိုက်နှိုက်လာတာ တစ်နှစ်ရှိပြီဆို၏။ ထူးဆန်းပါပေ့ ဆတွတ်ရယ်။

 

နောက်တစ်ခုက လူလိမ်များဖြစ်၏။

 

စင်ကာပူရဲကလည်း လူလိမ်များကို သတိထားဘို့၊ မိမိ၏ ဘဏ်အကောင့်နံပါတ်၊ ကိုယ်ရေးကိုယ်တာ အချက်အလက်များ ကို မည်သူ့ကိုမှမပေးဘို့ မကြာခဏ သတင်းထုတ်ပြန်ပါ၏။ ကျွန်ုပ်တို့ စာသင်တော့လည်း ဤကိစ္စများ ထည့်သင်ရ၏။  

 

အသင်တို့သည် စင်ကာပူ၌ နေသူများဖြစ်ပါက ဘယ်ကမှန်းမသိသော ဖုန်းများ, sms များ မကြာခဏ ဝင်လာသည်ကို ကြုံရပါလိမ့်မည်။ 

 

“ငါအခု DBS ဘဏ်က ခေါ်တာ၊ မင်းအကောင့် ပိတ်တော့မယ်၊ ဘာလုပ်ပါ၊ ညာလုပ်ပါ’ စသဖြင့် ဖြစ်၏။ ကျွန်ုပ်ထံလာသည့် ဖုန်းများမှာ ကြိုပြီးအသံသွင်းထားသော ကုလားမသံများ ဖြစ်၏။ 

လာသည့်ဖုန်းနံပါတ်များမှာ တစ်ခါတလေ +61, +22 စသည်ဖြင့် မျိုးစုံလှ၏။ ဖုန်းလိုင်းသာမက ဗိုက်ဗာကလည်း လှမ်းခေါ်၏။ ကျွန်ုပ်မှာ ထိုနံပါတ်များကို block, spam, delete လုပ်ရတာနှင့်ပင် အတော်အလုပ်ရှုပ်လေ၏။ 

Message ပို့လာသည့်အခါများတွင်တော့ ဖားခရုဟု ပြန်ပို့လိုက်၏။

 

၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၃ ရက်နေ့ မှ ၃၀ ရက်နေ့အတွင်း စင်ကာပူ၌ ငွေလိမ်လည်မှု အကြီးအကျယ် ဖြစ်ခဲ့၏။ 

အလိမ်ခံရသူများထံ OCBC Bank ဆိုကာ မင်းအကောင့် terminate (cancel) ဖြစ်တော့မယ်။ ဟောဒီလင့်ကိုဝင်ပါ ဆိုပြီး လင့်တစ်ခု ပေး၏။ အများစုက ၎င်းတို့၏ အွန်လိုင်းဘဏ် ပတ်စ်ဝပ် နှင့် တစ်ခါသုံးနံပါတ် PIN ကို ပေးခဲ့သည် ဆို၏။ လိမ်သည့်လူများက ထိုပတ်စ်ဝပ်များသုံးကာ အကောင့်ထဲရှိသမျှပိုက်ဆံအားလုံးကို ထုတ်သွားတာ ဖြစ်၏။ စုစုပေါင်း စင်ကာပူဒေါ်လာ ၁၃.၇ သန်း (အီးမငေါင် - အောင်မငီး)

 

OCBC ကလည်း ကောင်းသယ်ခင်ဗျာ။ အဲသည် ပိုက်ဆံတွေကို ၂၀၂၂ ဇန္နဝါရီ ၈ ရက်နေ့မှစကာ အလိမ်ခံရသည့် ကာစတန်မာများကို ပြန်ပေးခဲ့၏။

 

ဇန္နဝါရီလ ၂၀၂၄ ခုနှစ်က DBS ဘဏ်၌ အကောင့်ဖွင့်ထားသူ ၈၃ ဦးထံမှ စင်းဒေါ်လာ တစ်သိန်းခွဲကျော် လိမ်သွားခဲ့၏။ အလိမ်ခံရသူများသည် DBS ဆိုပြီး message များ လက်ခံရရှိ၏။ ၎င်းတို့က သူတို့ အွန်လိုင်းဘဏ် ပတ်စ်ဝပ် နှင့် တစ်ခါသုံးနံပါတ် PIN ကို ပေးလိုက်သည့်အခါ လူလိမ်များက အကောင့်ထဲရှိသမျှပိုက်ဆံတွေကို ချက်ချင်း ထုတ်သွားလေ တော့၏။

 

၂၀၂၄ ခုနှစ် ဇန္နဝါရီ၊ ဖေဖော်ဝါရီ ၂ လအတွင်း ၄၁၉ ဦးထံမှ စင်းဒေါ်လာ ၁.၈ သန်း အလိမ်ခံခဲ့ရ၏။ 

 

လိမ်ပုံလိမ်နည်းမှာ -

ပထမ ဖေ့စ်ဘုတ် (သို့) Carousell တို့မှ ပစ္စည်းများကို ရောင်းရန် ကြော်ငြာ၏။

သူတို့ပစ္စည်းကို ဝယ်ရန်သဘောတူပြီးသည့်အခါ ၎င်းတို့က Whatsapp, email, message တို့မှ လင့် (သို့) ကျူအာကုတ်များ ပေး၏။ ထိုလင့်(သို့)ကျူအာကုတ်များသည် ဝယ်သူများကို ဝက်ဘ်ဆိုက်တစ်ခုသို့ ရောက်သွားပြီး မိမိတို့၏ ခရက်ဒစ်ကတ်အချက်အလက်များ၊ ဘဏ်အကောင့်၊ ပတ်စ်ဝပ်စသည်တို့ကို ပေးရလေ၏။ အလိမ်ခံရသူများမှာ မိမိတို့ အကောင့်များထဲမှ ပိုက်ဆံထွက်သွားပြီဆိုမှ အလိမ်ခံရမှန်း သိတာဖြစ်၏။

 

အင်တာဗျူးတစ်ခုတွင် အမေးခံရသူပြန်ဖြေသည်မှာ ငါတို့က တုံးလို့မဟုတ်ဘူး။ သူတို့ကိုက သိပ်ကောင်းလွန်းနေတာ (too good to be true) ဟု ပြန်ဖြေလေ၏။ သို့နှင့် စင်းဒေါ်လာ ၇ သောင်းကျော် အလိမ်ခံလိုက်ရလေ၏။ (ဟိ - နာ အလိမ်ခံရတာ ၇၀၀၀ ထဲဆိုတော့ တော်သေး)

 

ရဲက အကြံပေးသည်မှာ -

၁။ ADD – ScamShield app ကို install လုပ်ပါ။ Internet banking များအတွက် transaction limit ကို ကန့်သတ်ပါ။ (ကျွန်ုပ်ကတော့ ထုတ်ခွင့်ကို တစ်ရက် ၂၀၀၀ ပဲ ထား၏။) ဘဏ်နှင့် e-wallet များအတွက် 2-factor or multi-factor authentification လုပ်ထားပါ။

 

၂။ CHECK – ScamShield Whatsapp Bot - @ https://go.gov.sg/scamshield-bot သုံး၍သော်လည်းကောင်း၊ Anti-Scam Helpline: 1800-722-6688 ကိုဖုန်းခေါ်၍ လည်းကောင်း၊ www.scamalert.sg ၌သော်လည်းကောင်း စစ်ကြည့်ပါ။ သင့် ဘဏ်အကောင့်နံပါတ်၊ ပတ်စ်ဝပ်၊ OTP တို့ကို မည်သူ့မှ မပေးပါနှင့်။

 

၃။ TELL - သင်အလိမ်ခံရပြီဆိုပါက သင့်မိတ်ဆွေ၊ ဆွေမျိုးသားချင်းများကို ပြောပြပါ။ အာဏာပိုင်အဖွဲ့အစည်းများကို ချက်ချင်းသတင်းပို့ပါ။ 1800-255-0000 သို့ ဖုန်းခေါ်၍သော်လည်းကောင်း၊ www.police.gov.sg/iwitness ၌ သော်လည်းကောင်း တိုင်ကြားပါ။



လူအချင်းချင်း အလိမ်ခံရခြင်း၊ ကင်းရှင်းကြပါစေ။

 

အေးငြိမ်း

၂၂ ဇူလိုင်လ၊ ၂၀၂၄


No comments: