Saturday, June 3, 2023

ကျွန်ုပ် Safety Officer လိုင်စင် သက်တမ်းတိုးရာတွင် ပြဿနာတက်ပုံ အကြောင်း

ကျွန်ုပ်ကား အလွန် ၆တလွဲလုပ်သူ ဖြစ်သတည်း။

 

ယခု Safety Officer လိုင်စင် သက်တမ်းတိုးရာတွင် ကျွန်ုပ် အတွေးချော်ပုံကြောင့် ပြဿနာတက်ရပုံအကြောင်း မိတ်ဆွေတို့ကို ဖောက်သည်ချပါရစေဦး။

 

ဤသည်မှာ သာမန်စာဖတ်သူများအတွက် မဟုတ်မူ၍ စင်ကာပူမှ Safety Officer များနှင့်သာ သက်ဆိုင်ပါလိမ့်မည်။

သို့သော် မိတ်ဆွေတို့ ဗဟုသုတ ရကြစေခြင်းငှာ ပြန်လည် ဝေမျှလိုက်ခြင်း ဖြစ်ကြောင်း။

 

ကျွန်ုပ်၏ Safety Officer လိုင်စင် သက်တမ်းက ၂၀၂၃၊ ဇွန်လ ၁၆ ရက်နေ့တွင် ကုန်မည်။ သက်တမ်းမကုန်မီ​ (၂) လကြို၍ သက်တမ်းတိုးရ၏။ MOM ကလည်း ဝီရိယကောင်းလိုက်ပုံများ 16/06/2023 မှာ သက်တမ်းကုန်မှာကို 16/06/2022 ကတည်းက မင်းလိုင်စင်သက်တမ်းတိုးဘို့ အမှတ် (၄၀) လိုတယ်။ ခုကတည်းက ကြိုပြင်ထားပါ ဆိုပြီး အကြောင်းကြား၏။ 

 

Safety Officer လိုင်စင် သက်တမ်းတိုးဘို့ အမှတ် (၄၀) (40 SDU Points) လို၏။

ဆိုတော့ ကျွန်ုပ်လည်း အမှတ် (၄၀) ရဘို့  အစောကြီးကတည်းက တက်သင့်သည့် သင်တန်းတက် စတာတွေ လုပ်၏။

ပြီးတော့ MOM Website လိုင်စင်သက်တမ်းတိုးရမည့်နေရာတွင် တက်ထားသည့် သင်တန်းများနှင့် လက်မှတ်များကို တင်ထား၏။ စုစုပေါင်း (၅၆) မှတ်ရထားသည် ဆိုတော့ တယ်တူနိမ်ခတ်ကာ အေးအေးဆေးဆေး နှပ်နေ၏။ MOM website ကို နောက်ထပ် တစ်ခါမှ ဝင်မကြည့်တော့။

 

လိုင်စင် သက်တမ်းကုန်ခါနီး (၂) လလောက် အလိုတွင် MOM က မင်းလိုင်စင်သက်တမ်းကုန်တော့မယ်၊​ သက်တမ်းတိုးပါ၊ blah blah blah စာပို့၏။ ထိုအခါ ကျွန်ုပ်လည်း စိုင်းထီးဆိုင်၏ “ချစ်သူလမ်းကြားကလေးမှာ တွေ့နိုး၊ ချစ်သူလမ်းကြား ကလေးမှာ တွေ့လိမ့်နိုးနဲ့ . . . . “ ဟု လေကလေးချွန်ကာ MOM Website သို့ဝင်ကာ သက်တမ်းတိုး၏။ သက်တမ်းတိုးတာ ဘာမှ မခဲယဉ်းပါ။ ကျွန်ုပ် ယခင်ကတည်းက ပြင်ဆင်ထားသဖြင့် ဘာမှအထွေအထူး ထပ်လုပ်စရာ မလို။ သက်တမ်းတိုးခ ပိုက်ဆံ (၆၀) ပေးလိုက်ရုံဖြစ်၏။

 

သို့သော် အဲသလောက် မလွယ်ပါခင်ဗျား။

 

ကျွန်ုပ်ပိုက်ဆံပေးအပြီး တစ်ရက်နှစ်ရက်လောက် အကြာတွင် MOM က email ပို့၏။ မင်း SDU point က မလောက်တဲ့အတွက် ထပ်တင်ပါ blah blah blah. ဟိုက်ရော။

 

ထိုအခါမှ ကျွန်ုပ်လည်း မျက်လုံးပြူး၊ မျက်ဆန်ပြူးနှင့် MOM website ဝင်ကြည့်။

အောင်မငီး - ယခင် ကျွန်ုပ်တင်ထားသည့် (၅၆) မှတ်မှာ ယခု (၃၆) မှတ်ပဲ ကျန်တော့သည်။ အမှတ် (၂၀) ဘိုး တက်ထား သည့် သင်တန်းတစ်ခုကို cancel လုပ်ထား၏။ ယခွမ်း

 

အဲသည်သင်တန်းကို အတည်မပြုဘူးဆို ဘာကိစ္စ အဲဒီ website မှာ တင်ထားသေးသဒုန်းစ်။ ကတောက်စ်

 

နောက်လိုက်ရှာတော့ ကျွန်ုပ်တက်ထားသည့် ထလိန်နင်စင်တာက CDP Programme ကို ဆက်သက်တမ်းမတိုးတာ ဖြစ်မည်။ ထို့ကြောင့် MOM website က ထိုထလိန်နင်စင်တာကို စာရင်းမှ ထုတ်ပစ်လိုက်၏။ ထို့ကြောင့် ကျွန်ုပ် တက်ထားသော အမှတ် (၂၀) တန် သင်တန်းဆင်းလက်မှတ်ကြီးလည်း ပလုံသွားလေတော့၏။ 

 

ထို့ကြောင့် ကျွန်ုပ်လည်း ပေါချောင်ကောင်း သင်တန်းတစ်ခု လိုက်ရှာတော့ MOM Website က SDU point နေရာတွင် NTUC Learning Hub မှ Rigger & Signalman သင်တန်းတက်ရင် (၁၇) မှတ်ရမယ်ဟု တွေ့၏။



ထို့ကြောင့် ကျွန်ုပ်လည်း NTUC Learning Hub မှ Rigger & Signalman သင်တန်းကို အပ်လိုက်၏။ သို့သော် ဧပြီလတွင် ကျွန်ုပ် သင်တန်းများနှင့် တိုက်နေ၍ မေလသင်တန်းကို ရွေးလိုက်၏။ သင်တန်းကလည်း လကုန်ခါနီးရက်မှ ဖြစ်၏။ သို့သော် ကိစ္စမရှိ။ အချိန်မီသေးသဖြင့် ထိုသင်တန်းကိုပင် ရွေးလိုက်၏။​ ဈေးကလည်းသက်သာ၊ သင်တန်းကလည်း ကျွန်ုပ်အဖို့ ကင်းမြီးကောက်ထောင် ဖြေရင်တောင် အောင်သည့်သင်တန်းဆိုတော့။

 

သင်တန်းအပ်တော့ မာ့ကက်တင်းမှ တစ်ယောက်က ဆက်သွယ်လာ၏။ ကျွန်ုပ်က မင်း သင်တန်းဆင်းလက်မှတ်ပေးရင် လက်မှတ်ပေါ်မှာ CPD approval code နဲ့ SDU point တွေပါ ထည့်ပြီး ဖော်ပြပေးရမယ် ဆိုတော့ သူကလည်း ရပါတယ် ဆို၏။

ဆိုတော့ ကျွန်ုပ်လည်း စိတ်အေးလက်အေးပင် သင်တန်းတက်၏။ သင်တန်းပြီးတော့ ကျွန်ုပ်က သင်တန်းဆင်းလက်မှတ်တောင်း၏။ ဤတွင်မှ သောက်ပြဿနာ တက်တော့သည်။ ထိုသင်တန်းကို SDU point မပေးတော့ ဆို၏။ 

 

ကျွန်ုပ်လည်း ဒေါသထွက်သဖြင့် SDU point မရတဲ့သင်တန်းကြီးကို ငါက ဘာကိစ္စတက်ရမလဲဟု ဟောက်လေသော် ဆောရီး ဆို၏။ သူက ဆောရီးတစ်လုံးတည်း။ ဒွတ်ခများရသူမှာ ကျွန်ုပ်ဖြစ်၏။

 

နောက်ပြီး MOM က ကျွန်ုပ် ရပြီးသားလက်မှတ်တစ်ခုဖြစ်သည့် Ever Safe မှ Manage Work At Height လက်မှတ်ကြီး ကိုလည်း ဖြုတ်ပစ်ပြန်၏။ အဘယ်ကြောင့်ဆိုသော် နောက်ဆုံးထုတ် requirement အရ လက်မှတ်ပေါ်တွင် CPD code ပါရမည်။ SDU point ဘယ်နှစ်မှတ်ရသည်ဆိုသည်ကို ဖော်ပြရသည်။ ၎င်းစာများမပါ၍ ဖြစ်၏။ ကျွန်ုပ်လည်း Ever Safe ကို ထိုလက်မှတ် ပြန်ထုတ်ပေးရန် MOM က ပို့ထားသည့်စာကို ပြကာ အတင်းလောရ၏။

 

Ever Safe ကလည်း ထိုလက်မှတ်ပြင်ကာ ချက်ချင်းထုတ်ပေးပါသည်။ သည်တော့မှ OK သွား၏။

 

အဲသဟာသာမကသေး။

MOM က ကျွန်ုပ် NTUC မှာ သင်တန်းပေးနေကြောင်း အထောက်အထားများကိုလည်း ဖြုတ်ပစ်လိုက်သေး၏။

ဆိုတော့ ယခု ကျွန်ုပ်မှာ SDU point (၁၀)​မှတ်ပဲ ကျန်တော့၏။ တကယ့် $တလွဲ။

ရက်က ကပ်နေပြီ။ မေလပဲ ကုန်တော့မည်။

 

Safety သင်တန်းများ သင်ကြားပေးနေသူဖြစ်ပါက SDU point (၁၀) မှတ်ရ၏။

သို့သော် ထိုသင်တန်းများသည် WSQ framework က အသိအမှတ်ပြုထားသည့် သင်တန်းများ ဖြစ်ရမည်။

ထိုသင်တန်းများ သင်ပေးနေကြောင်း သင်တန်းကျောင်းက Appointment letter ထုတ်ပေးထားရမည်။

တစ်လစာ သင်တန်း schedule တင်ပြရမည်။



အလုပ်ခန့်စာက ဟို့အရင်ကတည်းက ပေးထားတာဆိုတော့ ခေါင်းတွေမူးနောက်နေအောင် မနည်းပြန်ရှာရသည်။

နောက်ပြီးတော့ May/2023 Schedule နှင့် တွဲတင်ပေးလိုက်တော့ OK သွား၏။

 

(ကျွန်ုပ်က NTUC LHub, Ever Safe, Fonda Global, August စသည့်နေရာများတွင် Associate Trainer အနေဖြင့် သင်၏။ NTUC တစ်ခုသာ Appointment Letter ပေးပြီး ကျန်သည့် သင်တန်းကျောင်းများက မပေးလေ။)

 

နောက်ဆုံး အဲသဟာတွေ မနိုင့်ရင်ကာ အတင်းဖျစ်ညှစ်ထုတ်လိုက်တော့မှ အမှတ် (၄၀) ပြည့်ပြီး မေလ (၃၁) ရက် နေ့တွင် Safety Officer လိုင်စင် သက်တမ်းတိုးတာ Approve ဖြစ်လေတော့၏။

ထိုအခါကျမှ ကျွန်ုပ်လည်း သက်မ,ကြီးကို “ဖူး . . . . .” ကနဲ ချနိုင်လေတော့၏။

 

MOM ကလည်း requirement တွေ အမျိုးမျိုးပြောင်း၏။

-        ယခင်က သင်တန်း schedule ပေးလိုက်ရုံနှင့် ၁၀ မှတ်အသာလေးရ၏။ ယခု ထိုသင်တန်းကို သင်နေကြောင်း အလုပ်ခန့်စာပါ တွဲတင်ရသည်။

-        ယခင်က Safety သင်တန်းများကို SDU point ပေးသည်။ ယခု အားလုံးကို မပေးတော့ဘဲ တချို့သင်တန်းများ ကိုသာ ပေးတော့၏။

-        သင်တန်းဆင်းလက်မှတ်များ တင်ပြရာတွင် ယခင်က WSQ လက်မှတ်များ တင်လို့ရ၏။ ယခု ထိုလက်မှတ်များ နှင့် မရ။ လက်မှတ်ပေါ်တွင် သင်တန်းကျောင်း၏ CPD code နှင့် SDU points များပါ ဖော်ပြရ၏။



ကျွန်ုပ်မသိသည့် နောက်တစ်ချက်မှာ ကျွန်ုပ်က SDU Point ကို ထိုသင်တန်းတက်လျှင် ထိုမျှလောက်ရမည်ဟု တရားသေ မှတ်ထင်ထားခြင်း ဖြစ်၏။ မဟုတ်ပါ။ SDU Point ကို ကာလအကန့်အသတ်နှင့်သာ ပေးပါသည်။ သက်တမ်းကုန်သွား လျှင် အကြုံးမဝင်တော့။ 

 

ဥပမာ - သင်တန်းကျောင်းတစ်ခုကို SDU Point သင်တန်းတစ်ခုအတွက် ဇွန်လ (၃၀) ရက်နေ့ထိ ပေးထားပါက ဇွန်လ (၃၀) ရက်ကျော်သွားလျှင် သက်တမ်းထပ်တိုးရ၏။ သက်တမ်းထပ်မတိုးတော့လျှင် ထိုသင်တန်းကျောင်းမှ ထိုသင်တန်း သည်ပင်လျှင် SDU point မရတော့။





 

SDU ဇယား အပြည့်အစုံလိုချင်လျှင် ကျွန်ုပ်ထံ တောင်းနိုင်ပါ၏။ သို့မဟုတ် SISO website တွင် download လုပ်နိုင် ပါ၏။ 

 

ကျွန်ုပ်၏ အမှားများ

 

၁။ MOM website တွင် တင်ထားသည့် SDU Point ရမည့်နေရာများမှာ သေချာသည်ဟု ထင်ခြင်း

၂။ မာ့ကက်တင်းသမားများကို ယုံစားမိခြင်း

၃။ SDU Points များကို တင်ရုံတင်ထားပြီး ပြန်လှည့်မကြည့်မိခြင်း

 

သင်ခန်းစာများ


၁။ SDU Point နှင့် ပတ်သက်၍ MOM Website တွင် ပြထားတာကိုလည်း ပစ်မယုံပါလေနှင့်။ ထလိန်နင်စင်တာကို ဒီသင်တန်းက SDU point ပေးတဲ့သင်တန်းဆိုတာ သေချာသလား သေသေချာချာ မေးပါ။ 

၂။ SDU point ပေးကြောင်းကို သင်တန်းကျောင်းက သေသေချာချာ နားလည်သူကို မေးပါ။ နှစ်ခါပြန် confirm လုပ်ခိုင်းပါ။ မာ့ကက်တင်းဆိုသူတွေကို မယုံပါနှင့်။ ၎င်းတို့မှာ လူရဘို့လောက်သာသိပြီး သင်တန်းအကြောင်း ဘာမှ နားလည်သူများ မဟုတ်။

၃။ Safety Officer ကတ် သက်တမ်းမကုန်မီ တစ်နှစ်အတွင်း အမှတ် (၄၀) ရထားကြောင်း၊ မိမိရထားသည့် အမှတ်များမှာလည်း approved ဖြစ်ထားကြောင်း သေချာပါစေ။

 

ဤသည်မှာ ကျွန်ုပ်က အတိုချုပ် ရေးပြထားခြင်းမျှ ဖြစ်ပြီး အသေးစိတ်သာရေးရလျှင် ယခုထက် အနည်းဆုံး (၃) ဆမျှ ပိုများပြီး ပျင်းစရာကြီး ဖြစ်သွားပါလိမ့်မည်။

 

ကျေးဇူးတင်ပါသည်။

 

အေးငြိမ်း

၃ ဇွန်လ၊ ၂၀၂၃






No comments: