ကျွန်ုပ်အထင်ပြောရလျှင် မြန်မာတို့အဖို့ အုန်းသီးကို အာဟာရ အနေနှင့်သော်လည်းကောင်း၊ သွားရေစာအနေနှင့်သော် လည်းကောင်း တကူးတကစားသူ ရှိမည် မထင်ပါ။ အဲလေ အုန်းသီးပေါသည့် ပင်လယ်ကမ်းစပ် ဒေသများတွင်မတော့ မပြောတတ်။
အုန်းသီးကို ဒီအတိုင်းစားသည်ထက် ခြစ်၍ မုန့်တစ်မျိုးမျိုးနှင့် တွဲစားကြတာ များ၏။ ဥပမာ - မုန့်လုံးရေပေါ်၊ မုန့်စိမ်းပေါင်း၊ ကောက်ညှင်းပေါင်း၊ ဘီးမုန့်၊ မုန့်ကျွဲသဲ၊ မုန့်အိုးကင်းကပ် စသည်တို့ပေါ်တွင် အုန်းသီးခြစ် ဖြူးစား၏။ မုန့်လက်ဆောင်းထဲ၌ အုန်းသီးခြစ်ကာ ထည့်၏။ အုန်းသီးကို အပြားလိုက်ကလေးတွေ ပါးပါးစိတ်ကာ ဘိန်းမုန့်ထဲ၌ ထည့်၏။ မန္တလေးထိုးမုန့်ထဲ၌ အုန်းသီးကြော် ပါ၏။
ယခု ခေတ်စားလာသည့် အပန်းဖြေခရီးများ၌ ပင်လယ်ကမ်းခြေသို့သွားကာ အပန်းဖြေခြင်းလည်း ပါ၏။
ကျွန်ုပ်တို့ ငယ်စဉ်ကမူ ပင်လယ်ကမ်းခြေ အပန်းဖြေစခန်းများမှာ အလွန်ရှားပါးလှ၏။ ကျွန်ုပ်မှတ်မိသလောက် ငပလီ၊ စက်စဲ။ ထိုမျှသာ ဖြစ်၏။ (ကျွန်ုပ် မသိတာများလည်း ရှိချင်ရှိပါလိမ့်ဦးမည်။) ထိုအပန်းဖြေစခန်းများသို့ သွားရောက် အပန်းဖြေခြင်းမှာလည်း သာမန်လူတို့အလုပ်မဟုတ်။ အနို့ ငပလီဆိုတာ ၉၆၉၃ နှင့် သွားလို့ရတာမျိုးမဟုတ်။ လိန်ဗျံကြီး စီးပြီးမှ ရောက်ရသကိုး။ ကျော်တို့လို သာမန်ငချွတ်ကလေးများအဖို့ လိန်ဗျံဆိုတာ ဟို့ အမြင့်ကြီးမှာပျံသွားတာလောက်ပဲ မြင်ဖူး၏။ အနည်းငယ် နိမ့်ပျံလာသည့် လေယာဉ်ကြီးကို တွေ့ရလျှင် ဟိုမှာ လိန်ဗျံကြီး အကြီးကြီးပဲ ဟု အော်ဟစ်ပျော်ရွှင် ရတာမျိုးလောက်သာရှိ၏။ သန်းနိုင်က ‘အချိန်မှန်တယ် ဖလိုက် ယူဘီ ဖိုးအိုသရီး’ ဆိုသည်ကို ‘ဟိုအဖိုးအိုကြီးက ဖလိုက် ဆိုသည့်အရာကြီးကို အချိန်မှန်မှန်လာယူနေတာ’ ဟုသာ ထင်ခဲ့၏။
ဆိုတော့ ငပလီကမ်းခြေ၌ ရောင်စုံထီးကလေးအောက်မှာ ထိုင်လျက် ဘီကနီနှင့် ကောင်မလေးများကို စက္ခုအရာသာခံ ရင်း အုန်းသီးစိမ်းစိမ်းမှ အရည်ကို ပိုက်ဖြင့်စုပ်ကာ ဇိမ်ယူသည့်အလုပ်ကို ကျွန်ုပ် မလုပ်ခဲ့ရ။ ပင်လယ်လေတဖြူးဖြူး အရသာကိုခံရင်း အခုမှ အပင်ကချလာသည့် အုန်းသီးဇွန်းခြစ်ကလေးများကို ခြစ်စားသည့်အမှုကို ကျွန်ုပ် မပြုခဲ့စဖူး။
အမှန်ကိုဆိုရလျှင် ကျွန်ုပ်တို့ငယ်စဉ်က အုန်းသီးကောင်းကောင်း စားခဲ့ရသည်ဟု တစ်ခါဖူးမှ မမှတ်မိစဖူးပါ။
ကျွန်ုပ် မှတ်မိသလောက် အိမ်မှာ မိုးဦးကျ၊ လေဦးကျ ဦးရှင်ကြီးတင်သည့်အခါကျမှ အခွံများ ခြောက်နေပြီဖြစ်သော အုန်းသီးကို ခွဲထားသည့် အုန်းသီးစိတ် မာမာကြီးများကိုသာ အကောင်းဆုံးထားပြီး စားရလေ၏။ ထိုအုန်းသီးစိတ် မာမာကြီးများကိုပင်လျှင် စားချင်တိုင်း စားလို့ရတာမဟုတ်။ ဦးရှင်ကြီးတင်သည့်အခါကျမှ စားရလေရာ ကျွန်ုပ်သည် စောင်းကလေးတီးနေသည့် “ရေငံတရိုး၊ ပိုင်စံနယ်စိုး၊ တန်ခိုးပေါ်ထင်၊ နတ်ဦးရှင်” ကို အထူး ကျေးဇူးတင်မိလေ၏။
သို့မို့ကြောင့်ပင်လျှင် ရေငံကို ပိုင်စိုးရတာ အားမရဘဲ ရခိုင်ရိုးမတောင်ခြေ၌ ကပ်နေသည့် ကျွန်ုပ်တို့ရွာဘက် စားကျက်ဖြန့်လာသည့် ဦးရှင်ကြီးကို ကျွန်ုပ် စိတ်မကွက်နိုင်။ ဦးရှင်ကြီးသာ မရှိပါက ကျွန်ုပ်တို့အဖို့ သည် အုန်းသီးစိတ် မာမာကြီးများကိုပင် စားရဘို့ အခွင့်အလမ်းမရှိ။
ယခုလည်း ကျွန်ုပ် အုန်းသီးစားသည်မှာ ကိုယ့်ဝမ်းကိုယ် သထာလွန်း၍ ဝယ်စားနေသည်ဟု မမှတ်ထင်ကြပါလင့်။
သားက အုန်းရည်ကြိုက်သဖြင့်လည်းကောင်း၊ ကျွန်ုပ်တို့ ထလိန်နင်စင်တာနှင့် ကပ်လျက်တွင် အုန်းသီးများရောင်းသည့် လက်ကားဆိုင်ကြီးလည်း ရှိသဖြင့်လည်းကောင်း အိမ်အပြန်တွင် သားအတွက် အုန်းသီး တစ်လုံး၊ နှစ်လုံး ဆွဲသွားလေ့ ရှိ၏။
ထမင်းစားပြီးသောက်ဖို့ (အဲလေ ထမင်းစားနေရင်းလည်း သောက်တာပါပဲ။) သူ့အတွက် အုန်းသီးခွဲပေးထား . . ထား။ အဲလေ အုန်းသီးခွဲသည်ဟု မဆိုသာပါ။ အုန်းသီးကို ဖင်ဘက်မှ အခွံများ (အိုင်ဖုန်းကင်မရာလေးများပါသည် ထိပ်ဘက်မှ မဟုတ်) ကို ဓားဖြင့်လှီးထုတ်၍ ဓားမ,ဦးနှင့် ပေါက်ထုတ်ကာ အပေါက်ဖောက်ပြီး ပိုက်တပ်ပေးတာ ဖြစ်၏။
အရည်များအားလုံးကို သူသောက်ပြီးပြီဆိုတော့ ကျန်သည့်အသီးကို ကျွန်ုပ် အပိုင်စားရ၏။
ထိုအသီးကို ခွဲမည့်နေရာမှ အခွံများအား လှီးထုတ်ပြီး ဓားမကြီးနှင့် သုံးလေးချက်လောက် သမ,လိုက်လျှင်ပင် အုန်းသီး ခွဲပြီးသား ဖြစ်လေတော့၏။
အရည်သောက်အုန်းသီး ဆိုတော့ အုန်းသီးများမှာ ခုမှ အုန်းမြီးကောင်ပေါက်၊ အုန်းဆယ်ကျော်သက်မျှသာ ရှိသေး၏။ အုန်းလူကြီးဘဝ မရောက်သေး။ မြန်မာတို့က ‘ဇွန်းခြစ်’ ဟု ခေါ်၏။ (ရင့်သွားလျှင် အုန်းရည်မှာ သောက်လို့ မကောင်းတော့သလို အုန်းသီးအသားမှာလည်း စားလို့မကောင်းတော့။)
ထို့အတူ အုန်းခွံအသားမှာလည်း အုန်းသီးအနုအရင့်အလိုက် ကွာ၏။
အုန်းသီးရင့်သွားလျှင် အခွံမှာ ချည်ကဲ့သို့ အုန်းဆံများဖြစ်သွားပြီး ဓားဖြင့် အလယ်က ထက်ပိုင်းပိုင်းဘို့ မလွယ်တော့။
ထိုအုန်းဆံဖြင့် ကြိုးကြစ်လို့ရ၏။ အုန်းဆံကြိုးဟု ခေါ်၏။ အလွန်ခိုင်ခံ့၏။ သင်္ဘောမှ မနီလာကြိုးများမှာ အုန်းဆံကြိုးများ ဖြစ်၏။
အုန်းသီးနုသေးလျှင်မူ အုန်းခွံမှာ ချည်များ မထွက်တတ်သေး။ သာမန်အသားများလှီးသလို လှီးလို့ရ၏။
ဆိုတော့ ကျွန်ုပ်က ဓားထက်ထက်ဖြင့် အုန်းခွံကိုလှီး၏။
သို့အတွက် အုန်းသီးအနုအရင့်ကို ကြည့်လိုပါမူ အခွံကို လက်သည်းဖြင့် သို့မဟုတ် ဓားသေးသေးဖြင့် ခွဲကြည့်လို့ရ၏။ အုန်းခွံအသားသည် မာနေပြီး ပန်းသီးကဲ့သို့ လက်သည်းဖြင့်ဆိတ်လို့ရလျှင် ထိုအုန်းသီးမှာ နု၏။ အုန်းခွံအသားကို လက်သည်းဖြင့် ဆိတ်လို့မရတော့ဘဲ ပျော့နေပြီး အမျှင်များကို စမ်းနိုင်ပြီဆိုလျှင် ထိုအုန်းသီး ရင့်နေကြောင်း သိနိုင်၏။ ပင်လယ်ကမ်းစပ်တွင် နေသူများကတော့ ကျွန်ုပ်ထက် ပိုကျွမ်းကျင်ပါလိမ့်မည်။
အုန်းရည်သောက်ရန် အုန်းခွံကို ခွဲပါက အသားကုန် ခုတ်ချလိုက်လို့မရ။ အခွံခွာထားသည့် အုန်းသီးဖင်ဘက်ကို ဓားဦးဖြင့် အပေါ်ခွံကွဲရုံ ခပ်ဆတ်ခတ်ကလေး ပေါက်ရ၏။ တစ်ပတ်လည် ပေါက်လိုက်လျှင် အခွံမာ ကွာထွက်လာပါလိမ့်မည်။ ထိုအခါ ထိုအခွံကိုခွာပြီး ပိုက်ဝင်ရုံ အပေါက်ကလေး ဖောက်လို့ရပါပြီ။
အုန်းရည်ကုန်လို့ ခွဲတော့မည်ဆိုလျှင် ခွဲမည့်နေရာက အုန်းခွံအသားများကို လှီးထုတ်ပြီး ခပ်ပြင်းပြင်းကလေး ပေါက်ချလိုက်လျှင် ကွဲပါသည်။
အတော်နုသေးသည့် အုန်းသီးဆိုလျှင် အုန်းသီးအသားမှာ အရည်ခဲရုံမျှ ရှိသေး၏။ သိပ်စားလို့မကောင်းသေး။
စားလို့ကောင်းသည့် အုန်းသီးမှာ အရည်လုံးဝခဲသွားပြီး မာသည့်ဘက် မရောက်သေးသည့် အသား ဖြစ်၏။
အုန်းသီးရင့်ပြီး မာသွားပြီဆို စားလို့ မကောင်းတော့။
တစ်နည်းအားဖြင့်လည်း ဇွန်းဖြင့်ခြစ်ထုတ်လို့ရသည့် အုန်းသီးဆို စားဘို့အနေတော်ဖြစ်၏။
ထိုအနေအထား၌ အုန်းသီးကို ခြစ်ထုတ်နေစရာတောင် မလို။
အခွံနှင့်အသားကြားကို ဇွန်းဖြင့် အသာလေးခွာထုတ်လိုက်လျှင် အုန်းသီးအသားမှာ သန့်သန့်ရှင်းရှင်း၊ သပ်သပ်ယပ်ယပ် ကလေး ကွာထွက်လာပါလိမ့်မည်။
နောက်ပြီးမှ ထိုအုန်းသီးအသားကို အနေတော်လောက် ဇွန်းဖြင့် ဖြတ်ထုတ်လျက် စားလိုက်ရလျှင် အာဂပါးစပ်၊ လူဖြစ်ကျိုးနပ်ပေရော့မည်။
တစ်ခါသားတွင်မူ အုန်းသီးကို ခွဲထုတ်လိုက်ရာ အသားဆို၍ လုံးဝမပါဘဲ အရည်ချည်းသာ ပါလာလေ၏။
အုန်းသီးမှာ အသားမပါဘဲ အရည်ချည်းပဲပါတာ မဖြစ်နိုင်။ အုန်းသီးထဲများ ဆေးထိုးထည့်ထားတာများလားဟု သံသယပင် ဝင်မိလေသေး၏။ သို့သော် အုန်းသီးကိုမခွဲဘဲ အထဲက အသားကို ဘယ်လိုထုတ်ပါမည်နည်း။
တခါတရံတွင် စက္ကူဘူးနှင့်လာသော အုန်းရည်များလည်း ဝယ်ပေး၏။
သို့သော် ထိုအုန်းရည်ဆိုသော စက္ကူဘူးအတွင်းမှအရည်၏ အရသာမှာ သဘာဝအရည်မဟုတ်မှန်း သိသာလှ၏။
ဈေး၌တွေ့ရသည့်အုန်းသီးများမှာ ထိုင်းကလာသည့် အုန်းသီးများသာ အတွေ့ရများ၏။
ကျွန်းနိုင်ငံများဖြစ်သည့် စင်ကာပူနှင့်အိမ်နီးချင်း မလေးရှား၊ အင်ဒိုနီးရှားနိုင်ငံများ၌လည်း အုန်းသီးများ ထွက်မည် မလွဲ။ သို့တိုင် မလေးရှား၊ အင်ဒိုနီးရှားအုန်းသီးဟူ၍ သိပ်မတွေ့ရ။
ဈေးကွက်သို့တင်ပို့ရောင်းချသည့် အုန်းသီးကို မူရင်းအုန်းသီးအတိုင်း တင်ရောင်းတာမဟုတ်မူ၍ အပေါ်မှ အခွံစိမ်းများကို အုန်းခွံနားထိ လှီးထုတ်ပြီး ပလတ်စတစ်အုပ် ရောင်းတာဖြစ်၏။
ဤသို့ အပေါ်ခွံများ လှီးထုတ်ရာတွင် တခါတရံ အုန်းခွံကို ခိုက်၍ အုန်းခွံအက်သွားတာမျိုးရှိ၏။
ထိုအခါတွင် အုန်းသီးကို ရေခဲသေတ္တာထဲ ထည့်လိုက်သည့်အခါ အတွင်းမှ အုန်းရည်မှာ လုံးဝ ခဲသွားလေ၏။
ရေခဲနေသည့် အုန်းသီးကိုခွဲထုတ်ပြီး ခဲနေသည့် အုန်းရည်ကို ပန်းကန်တွင်းထည့်ကာ အရည်ဖျော်သောက်ကြည့်ပါ။
မူရင်းအုန်းရည်အရသာ လုံးဝမရှိတော့ပဲ ရေသာသာ အရသာ ဖြစ်သွားလေ၏။
ရေခဲသွားသည့် အုန်းသီးမှာ အရည်သာ ပျက်သွားသည်မဟုတ်။
အသားမှာလည်း ရေခဲရိုက်သွားပြီး စားလို့မရတော့လောက်အောင် ပျက်စီးသွားလေ၏။
ထို့ကြောင့် အခွံအက်နေသည့် အုန်းသီးနှင့်ငြားလျှင် တစ်လုံးလုံး ပစ်လိုက်ရလေတော့၏။
သို့တိုင် အခွံအက်နေသည့် အုန်းသီးမှန်း သိဘို့မလွယ်လေရကား တခါတရံတွင် ကျွန်ုပ်မှာ ထိုကဲ့သို့သော အုန်းသီးများနှင့် လည်း ကြုံရတတ်ပေသေး၏။
ကျွန်ုပ်ဝယ်သည့် လက္ကားဆိုင်မှ အုန်းသီးမှာ တစ်လုံးလျှင် ၂ ကျပ်ဖြစ်၏။
Fairprice မှ အုန်းသီးမှာ ကောင်းမကောင်း မသေချာသလို ဈေးလည်း ပိုကြီး၏။
တစ်ခါက တစ်လုံးလျှင် ၂ ကျပ်နှင့်ဈေးချထားသည့် Fairprice မှ အုန်းသီးများ ကျွန်ုပ်ဝယ်လာဖူးပါသည်။
အုန်းသီးများမှာ ရင့်နေပြီး အရည်လည်းမကောင်း၊ အသားလည်း မကောင်းတာ ကြုံခဲ့ဖူးသေး၏။
အရည်မရ အဖတ်မရများကို အချိန်ကုန်ခံ ဖတ်ရှုအားပေးသည့်အတွက် ကျေးဇူးတင်ပါသည်။
အေးငြိမ်း
၁၀ ဇွန်၊ ၂၀၂၃
No comments:
Post a Comment