စင်ကာပူမှာချည်းပဲ ကုပ်နေရတာ (၃) နှစ်ကျော်ပြီ ဖေရီးရာ။ တစ်နေရာရာ သွားကြရအောင် ဟု သားက တောင်းဆိုလာသည့်အတွက် ကျွန်ုပ်လည်း မိဘတို့ဝတ္တရားရှိသည့်အတိုင်း သားကို တစ်နေရာသို့ လိုက်ပို့ရန် စီစဉ်ရလေသော ဟူသတတ်။
ပထမ နီးနီးနားနား ဘာတန်၊ ပီနန် စသည်တို့သို့ သွားမည်ကြံသေး၏။ သားက စိတ်မဝင်စား။
အင်ဒိုနီးရှားက မီးတောင်တွေ သွားကြည့်ရအောင်လကွာ ဆိုတော့လည်း စိတ်ဝင်စားဟန် မပြ။
သို့နှင့် ကျွန်ုပ်က ဗီယက်နမ် သွားမည်ကြံ၏။
ဗီယက်နမ်အဝင်အတွက် ဘာတွေလိုမည်လဲ စစ်ကြည့်လိုက်တော့ ထလာဗယ် အင်ရှူးယားလင့် ဆိုတာကြီးကို ဝယ်ရမယ်ဟု တွေ့၏။
အာ ၃ - ၄ ရက်ထဲနဲ့ မလိုပါဘူး ဆိုကာ ယိုးဒယားသွားဘို့ ဆုံးဖြတ်ကြ၏။
သားကလည်း သဘောတူ၏။
သူက မြို့ပြအရသာကို ငြီးငွေ့နေပြီ။ သဘာဝ တောတောင် ရေမြေများကို ကြည့်လိုတာဖြစ်၏။
သို့နှင့် ကျွန်ုပ်လည်း လေယာဉ်လက်မှတ်ဝယ်ခြင်း၊ ဟိုတယ်ဘွတ်ကင်လုပ်ခြင်း၊ လည်ပတ်မည့်နေရာတို့ကို စာရင်း ပြုစုခြင်း စသည့်အမှုတို့ကို ပြုရ၏။
လည်ပတ်မည့်နေရာကတော့ အထွေအထူး ရှာနေစရာမလို။
ဘန်ကောက်မြို့အတွင်း၌ဆိုလျှင် မြဘုရား၊ ညဈေး၊ နောက်ပြီး အနီးအနားက စားသောက်ဆိုင်တွေ။
ဘန်ကောက်အပြင် နောက် ၃ နေရာ ထပ်ရွေး၏။
၁။ မသွားမဖြစ်သွားရမည့် အယုဒ္ဓယမြို့ဟောင်း
၂။ ကချနာဘူရီ
၃။ Sai Yok Naional Park
၂၀၂၃ ဇွန်လ ၂၀ ရက်နေ့ မနက် ၃ နာရီခွဲ အိမ်ကထွက်။
မနက်အစောကြီးဆိုတော့ လမ်းရှင်းနေလို့ လေယာဉ်ကွင်းကို အစောကြီးကြိုရောက်နေ။
Online check-in လုပ်ပြီးသား။ ဘာ luggage မှ မပါတော့ လေယာဉ်ကွင်းထဲ တန်းဝင်ရုံ။
ဆိုတော့ အနည်းဆုံး ၁ နာရီလောက် စောနေ။ အစောကြီးထရလို့ သားက ဗျစ်တောက်ဗျစ်တောက်လုပ်။
၆ ခွဲမှာ လေယာဉ်ထွက်။
အိမ်ကနေ လေယာဉ်ကွင်းကို ဘယ်လောက်ကြာသည်။ ဘယ်အချိန် Check-in, ဘယ်အချိန် boarding ကျွန်ုပ် အကုန် သိပါ၏။ သို့သော် မျှော်လင့်မထားသည့် ကိစ္စတစ်ခုခုဟူသည် အချိန်မရွေးပေါ်လာနိုင်သည့်အတွက် ကျွန်ုပ်က ကြိုကြိုတင်တင် သွားတာဖြစ်၏။ ကြားထဲတွင် ပြဿနာတစ်ခုခုပေါ်လာ၍ လေယာဉ်ထွက်ခါနီးမှ အပြေးအလွှား သွားရ တာမျိုး ကျွန်ုပ်မကြိုက်။
ကြုံတုန်းပြောရဦးမည်။
သားတို့ရောက်စ ၂၀၁၄ လောက်က မြန်မာပြည်ပြန်တော့ Immigration မှာ ပြဿနာတက်၏။
ကျွန်ုပ်နှင့်သူ့အမေက ပြဿနာမရှိ။ Auto clearance ကနေ ဝင်သွားလို့ရ၏။
သားက ဝင်လို့မရတော့ manual counter ကို သွားရ၏။ သူတို့စက်က ဘာဖြစ်နေလို့လား။ Internet က down နေလို့လား။ ဘာဖြစ်တယ် သေသေချာချာ မသိ။ တစ်ယောက်တစ်ယောက်ကို အကြာကြီး စောင့်နေရ၏။
သားရှေ့မှာ အနောက်တိုင်း မိသားစု လေးယောက်။
သူတို့လည်း ခေါင်းတခါခါ၊ လည်တခါခါနှင့် ပွစိပွစိလုပ်နေ၏။ နောက်ကျနေပြီထင့်။
အဲသည်နေရာမှာတင် တစ်နာရီနီးပါး ကြာ၏။
သားထွက်လာတော့ boarding time ရောက်နေပြီ။
နောက်ပြီး MAI boarding gate ကလည်း Terminal 1 ၏ ဟို့ . . . . . . အစွန်ဆုံးမှာ။
ဆိုတော့ ကျွန်ုပ်တို့ (၃) ယောက် boarding gate ကို အသားကုန်ပြေးရ၏။
ကိုယ့်ကြောင့်လည်း မဟုတ်ပါဘဲလျက် ဤသို့ဖြစ်ရသည်ကို ကျွန်ုပ် အသားကုန်စိတ်တို၏။ သို့သော် ဘာလုပ်လို့ ရပါသနည်း။ ဘာမှလုပ်လို့မရပါ။ သူတို့ဖြတ်ခွင့်ပေးမှ ထွက်လို့ရတာကိုး။
ဘန်ကောက်သွားတဲ့ TR608 လေယာဉ်ကြီးကလည်း အကြီးကြီးခင်ဗျာ။ ဘိုအင်း ၇၈၇ - ၈၀၀။
တစ်တန်းကို (၉) ယောက်နှင့် စုစုပေါင်း အတန်း (၄၀)၊ ဆိုတော့ မနည်းမနော ခရီးသည်တွေလား ခင်ဗျာ။
လေယာဉ်မယ်လေးတွေကလည်း (အဟိ) ချောချက်။
ကျွန်ုပ်က ခုံနံပတ် 4A နှင့် 4B ယူထားရာ ဘစ်ဇနက်တန်းပြီးနောက် ရှေ့ဆုံးတန်းဖြစ်ရာ ကျွန်ုပ်တို့အတန်းရှေ့မှာ ဘာမှ မရှိသဖြင့် ခြေညောင်းလက်ဆန့် လုပ်၍ရ၏။ နောက်ပြီး အိမ်သာနှင့်လည်း နီး၏။ အပြင်ထွက်ဘို့လည်း ဘေးမှလူကို ကျော်ခွ သွားစရာမလို။ သူ့ရှေ့ကနေ ဖြတ်သွားလို့ရ၏။ No outside food and drink ဆိုတော့ မဆိုစလောက် ကသိကအောက် ဖြစ်ရ၏။ (ကပ်စေးနဲသူ ကျွန်ုပ်က ပေါချောင်ကောင်းလေယာဉ်ကို စီးလေရာ လေယာဉ်ပေါ်တွင် စားလိုပါက ပိုက်ဆံပေးမှာရ၏။ ကျွန်ုပ်မှာ ဈေးကြီးလှသော အစားအစာများကို သေခန်းဖြတ်ထားတာ ဖြစ်သဖြင့် ဘာအစားအသောက်မှ မှာမထားခဲ့။ ဤကား စကားချပ်)
လေယာဉ်ဆင်းဘို့ အနိမ့်ပျံလာတော့ ထိုင်းနိုင်ငံကို လေယာဉ်ပေါ်မှ အပေါ်စီးမြင်ရ၏။ ဤတွင် ကျွန်ုပ်တစ်ခု သတိပြုမိ သည်မှာ စိုက်ပျိုးမြေ (စပါးစိုက်ခင်းများ ထင်ပါသည်) ဧက ရာပေါင်းများစွာကို စနစ်တကျ အကွက်ချပြီး စိုက်ပျိုးထားခြင်း ဖြစ်၏။ ထိုင်းကား မြန်မာကို ဤတစ်ကွက်မျှနှင့် အပုံကြီးသာသွားပေပြီ။
ထိုင်းဆန်တွေမှာ အလွန်ဈေးကြီးလှ၏။ အောက်မှာ ဆန်ဈေးတွေ ပြထားပါသည်။
Golden Camel 5 kg = $8.90 (ပုံမှန်ဈေး $10)
Golden Eagle 2.5 kg = $7.90 (ပုံမှန်ဈေး $8.90)
Golden Pine Apple 10 kg = $22.50 (ပုံမှန်ဈေး $27.90)
Jasmine 5 kg = $8.00
Nobel Pine Crane 2.5 kg = $8.50 (ပုံမှန်ဈေး $9.50)
ဆန် ၁ ပြည် = ၁.၈၉ ကီလို, ဆန်နို့ဆီ ၁ ဘူး = ၀.၂၃၆ ကီလို
၁၀ ကီလို = ၅.၂၉ ပြည် = $ 22.50
၁ ပြည် = $ 4.25 = ကျပ် ၉၀၀၀
၂၄ ပြည်တစ်အိတ် = ကျပ် ၂၁၆,၀၀၀
မြန်မာပြည်က ဆန်ဈေးနှုန်းတွေလိုက်ကြည့်တော့ စိတ်ပျက်စရာ။ ဂဏန်းတွေသာ ရေးထားပြီး တစ်တင်းလား၊ တစ်အိတ်လား ဖော်ပြမထား။ ဟိုတစ်ယောက်ကတော့ သာသာထိုးထိုး သုညတစ်လုံးအဆစ်ပိုထည့်ကာ တစ်အိတ်ကို ၄ သိန်း ၉ သောင်းလုပ်ထားတော့ ကျွန်ုပ် ဟဝှာပင် ပြူးသွားမိ။ (မျက်လုံး)
၂၄ ပြည်ဝင် ဆန်တစ်အိတ်ဈေးမှာ ၅ သောင်းပတ်ဝန်းကျင် တွေ့မိ။
သို့တိုင် ထိုင်းတို့ မြန်မာကို လိုက်လို့မမီသည့် ပို့ကုန်တစ်မျိုးတော့ ရှိပါ၏။
၎င်းမှာ လူပို့ကုန်ဖြစ်၏။
စင်ကာပူသို့ လူများကို တင်ပို့သည့်နေရာတွင် မြန်မာသည် ထိုင်းထက် အနည်းဆုံး (၅) ဆခန့် သာပါ၏။ အမျိုးသား၊ အမျိုးသမီး နှစ်ခုစလုံးပင် မြန်မာသည် ထိုင်းထက် အပုံကြီးသာ၏။ ထိုင်းအိမ်အကူဟု စင်ကာပူတွင် တွေ့ပဲ မတွေ့စဖူး။ မြန်မာအိမ်အကူများမှာမူ ဖုန်းကိုကြည့်ရင်း လမ်းလျှောက်သွားလျှင်တောင် ဝင်တိုးမိသည်။
သာဓု၊ သာဓု၊ သာဓု
ထိုင်းကိုရောက်တော့ မနက် (၈) နာရီ။
တက္ကစီလိုက်ရှာတော့ အောက်ထပ်မှာဆိုလို့ အောက်ထပ်ကို ဆင်းခဲ့။
မြို့ထဲသွားဘို့ တက္ကစီငှားချင်လို့ဆိုတော့ ထိုင်းမလေးက ရှင်းပြ၏။ နားလည်တချက်၊ မလည်တချက်။
ခဏနေတော့ ကောင်လေးတစ်ယောက် ရောက်လာ၏။ အဲဒါ နင့်တက္ကစီဒရိုင်ဘာပဲ၊ ဒီအချိန်ဆို ကားကြပ်လိမ့်မယ်ဟု ဆို၏။
ထို့နောက် မြို့ထဲသို့ထွက်လာခဲ့ကြရာ ဘန်ကောက်သို့ဝင်သည်နှင့် တပြိုင်နက် ကားပိတ်သည့်ဒုက္ခနှင့် တိုးလေတော့၏။
ကျွန်ုပ် မျက်စိဖွင့်၊ နားစွင့်ပြီး လေ့လာမိသမျှ ဘန်ကောက်တွင် နှစ်ထပ်၊ သုံးထပ် မိုးပျံကားလမ်းများ၊ အဝေးပြေး လမ်းမကြီးများ အများအပြားရှိသည်ကို တွေ့၏။ သို့တိုင် မနက်နှင့် ညနေပိုင်းများ၌ ကားပိတ်သည့် ပြဿနာမှာမူ ရှိမြဲ ရှိနေလေ၏။
ဟော်တယ်က အခန်းအဆင်သင့်မဖြစ်သေး၍ ကျောပိုးအိတ်များ ထားခဲ့ပြီး မနက်စာ သွားစားကြ၏။ ကျွန်ုပ်က တုန်ယမ်း ကြိုက်သဖြင့် တုန်ယမ်းမှာစား၏။ သားက ကြာဇံနှင့်လုပ်ထားသည့် စွပ်ပြုတ်သောက်၏။ နောက် အအေးနှင့် ကော်ဖီမှာ သောက်တော့ ရေခဲခွက်နှင့် ပုလင်းကလေးများ လာချပေး၏။ မဆိုးပါ စားလို့သောက်လို့ ကောင်းပါ၏။
ဆက်ပါဦးမည်။
အေးငြိမ်း
၂၈ ဇွန်လ၊ ၂၀၂၃
No comments:
Post a Comment