Thursday, June 29, 2023

ကျွန်ုပ်တို့သားအဖ ယိုးဒယားသို့ သွားကြခြင်း အကြောင်း (၃)

(၅) အယုဒ္ဓယသို့ သွားကြခြင်း

 

အယုဒ္ဓယ သွားဘို့ရာ Boy က ကားကြိုငှားပေးထား၏။ ၃၅၀၀ လောက်ပေးရမယ်ဆို၏။ တစ်နေ့လုံးသွားမှာ ဆိုတော့ မဆိုးလှဟု ထင်ပါ၏။

 

မနက် (၆) နာရီလောက် ထွက်ကြမည်ဟု မှန်းပြီး ကျွန်ုပ်တို့မှာ ရေမိုးချိုးလျက် ငှားထားသည့်ကားကို အဆင်သင့် စောင့်နေကြ၏။ မနက်စာကိုတော့ အယုဒ္ဓယရောက်မှ စားကြမည်။ 

 

(၆) နာရီကို အတော်ကျော်လာတော့ Boy က ဖုန်းဆက်၏။ နေရာမှားနေလို့ (၁၀) မိနစ်လောက် စောင့်ပါ ဆို၏။ ကျွန်ုပ်တို့လည်း ဟိုလျှောက်လိုက် သည်လျှောက်လိုက်နှင့် အချိန်ဖြုန်းရ၏။ ပြောတော့ (၁၀)​ မိနစ်။ တကယ်လာတော့ ၆ နာရီခွဲနေပြီ။

 

ကားဆရာက အင်္ဂလိပ်လိုပြောတတ်၍ တော်ပါသေး၏။ 

သွားရမည့်နေရာများကို အင်တာနက်မှာရှာ၍ ညကတည်းက ကျွန်ုပ် စာရင်းလုပ်လာခဲ့၏။ သို့သော် ကားဆရာက ကိုယ့် အစီအစဉ်နဲ့ကိုယ် သွားမလား။ သူလိုက်ပို့ရမလား ဆိုတော့ ကျွန်ုပ်လည်း မင်း နေရာတွေအားလုံး သိတယ်မဟုတ်လား ဆိုတော့ သူက သိတယ် ဆိုသဖြင့် အဲသဟာဆိုလည်း မင်းပဲ ကောင်းသလို စီစဉ်ပါကွာ ဟု ဆိုရ၏။ 

 

မနက်ပိုင်းဆိုတော့ အတော် လမ်းရှင်း၏။ ဘန်ကောက်မှအထွက် အနည်းငယ် ကားကြပ်သည်မှအပ လမ်းတလျှောက်လုံး ကားရှင်းနေ၏။ နှစ်ထပ်အမြန်လမ်းမကြီးတွင် ကျွန်ုပ်တို့က အောက်ဘက်လမ်းမှ သွား၏။ လမ်းနာမည်ကို ကြိုးစားဖတ် သည့်တိုင် ဖတ်လို့မရ။ ကားရှင်း၍ ကားသမားကလည်း အသားကုန်မောင်းလေရာ ကျွန်ုပ်စိတ်ထင် ကီလို ၁၂၀ အောက် လျော့မည် မထင်ပါ။ ကားက ဒိုင်ခွက်ကလည်း ပျက်နေပြီ။ အဲလေ၊ ဒိုင်ခွက်ဆိုလို့ ဘာဒိုင်ခွက်မှတောင် မရှိတော့။

 

မနက် (၇) နာရီတွင် ပထွန်သာနီသို့ ရောက်၏။ ၇း၁၃ တွင်မူ နာမည်ကြီး AIT ကျောင်းရှေ့သို့ ဖြတ်မိ၏။ ထိုအနား၌ တက္ကသိုလ်တစ်ခုကိုလည်း တွေ့ရ၏။ 

 

ထိုင်းတို့သည် ၎င်းတို့၏ ဘုရင်နှင့် မိဖုရားကို အလွန်ချစ်မြတ်နိုးကြထင့်။ လမ်းတလျှောက် ဘုရင်နှင့် မိဖုရားပုံများကို ဟိုနား၊ သည်နား မကြာခဏတွေ့ရ၏။ ကျွန်ုပ်ဓာတ်ပုံရိုက်လိုသည့်တိုင် ကားမှာ အလွန်မြန်လှသည်ဖြစ်၍ အခွင့်မသာ။ ဘုရင်သစ် (မဟာဝိဇယလောင်ကွန်) ၏ပုံကို တွေ့ရသည့်တိုင် နေရာတော်တော်များများတွင် ဘုရင်ကြီး ဘူမိဘောနှင့် မိဖုရားသီရိခေတ်တို့ပုံများကို ချိတ်ဆွဲထားဆဲဖြစ်၏။ အချို့နေရာများတွင် ဘုရင်ဘူမိဘောက အထက်၊ သားတော်ဘုရင် က အောက် ထားကာ ချိတ်ဆွဲထား၏။





မနက် ၇း၄၀ နာရီတွင် အယုဒ္ဓယမှ Yat Yai Chai Mongkhol ဘုရားသို့ ရောက်၏။ ဆိုတော့ ဘန်ကောက်ကနေ အယုဒ္ဓယ ကို ၁ နာရီ ၁၀ မိနစ်လောက်ပဲ မောင်းရ၏။ ဘုရားတွင်း လှည့်ပတ်ကြည့်ကြ၏။ 

 

ဘုရားဝင်းထဲ၌ နတ်နန်းတစ်ခုနှင့် နတ်ရုပ်များထားပုံ၊ ညောင်ပင်ခြေရင်း၌ ဘုရားပေါက်စနလေးများထားပုံ၊ ညောင်ပင်ကို နီ/စိမ်း/ဝါ ပုဝါများ စည်းထားပုံများမှာ မြန်မာတို့နှင့် တူလှ၏။ နောက်ပြီးတော့ မြန်မာတို့ကဲ့သို့ ခေါင်းလောင်းနှင့် စည်ကြီး တို့ကိုလည်း တွေ့ရ၏။ ဤသည်တို့ကပင် အိန္ဒိယ၊ မြန်မာ၊ ထိုင်းတို့သည် ယဉ်ကျေးမှုချင်း ဆက်နွယ်နေသည့် သဘောကို သက်သေပြနေချေ၏။





နောက်ပြီး ကျွန်ုပ်သတိထားမိသည်မှာ ယိုးဒယားတို့သည် လျောင်းတော်မူဘုရားများ၏ ခြေဖဝါး၌ မည်သည့် (၁၀၈) ကွက် စက်လက္ခဏာမှ ထည့်ထားခြင်းမရှိ။ 

 

ယိုးဒယားမှ ရှေးဟောင်းဘုရားစေတီများကို ဖူးမြော်ကြည့်ရှုရသည်မှာ စိတ်ချမ်းသာစရာ ကောင်းလှ၏။ သန့်သန့်ရှင်းရှင်း သပ်သပ်ခပ်ခပ်နှင့် မူလအတိုင်း ထိန်းသိမ်းထားတာ ဖြစ်၏။ ၎င်းတို့ထံတွင် ဘုရားဟောင်းတွေ့လျှင် အသစ်ပြင်ချင်သော၊ မှိန်နေသည့် နံရံဆေးရေးပန်းချီများတွေ့လျှင် အသစ်ပြန်ရေးချင်သော၊ အဟောင်း၏ တန်ဘိုးကို စိုးစဉ်းမျှနားမလည်သော ကျပ်မပြည့်သည့် လူ့ဘူးတောင်းများ မရှိ။ ဒေါ်စိန်အေးကျောင်းက ဆင်းလျှင်ပင် အဋ္ဌာရသ (၃၆) ရပ်ကို အကုန်အစင် တတ်ပြီဟု သူတို့ကိုယ်သူတို့ထင်နေသည့် လူ့ဗလချီးနမ်းများ ရှိမနေခြင်းသည်ပင်လျှင် အယုဒ္ဓယအတွက် ကံကောင်းခြင်း တစ်မျိုး ဖြစ်တော့၏။

 

ဘုရားများကို ပြိုပျက်မကျအောင် အင်္ဂတေများနှင့် တွဲထားသည်မှအပ တခြား အပိုဆာဒါးဆို၍ ဘာတစ်ခုမှ ထပ်ထည့် မထား။ ကြေးဘုရားများကိုလည်း သန့်ရှင်းရေး လုပ်ထားသည်မှလွဲ၍ ရွှေချထားတာ မရှိ။ အယုဒ္ဓယမှ ဘုရားများမှာ လူလူသူသူ ဆက်ဆံခံရ၏။ မြင်မြင်ရာ ရွှေချချင်နေသည့် ကျွန်ုပ်တို့ တိုင်းပြည်မှ ဘုရားများကား သနားစဘွယ် အတိ ဖြစ်ချေ၏။ အင်းလေးဖောင်တော်ဦးမှ ဘုရားများဆို ဘာတုံးကြီးမှန်းပင် မသိတော့။ မန္တလေးမှ မဟာမြတ်မုနိ ကိုယ်တော်ကြီးကမူ “အနိစ္စာဝရ သင်္ခါရ၊ မမြဲသောတရားသဘောအရ ငါ၏ ခန္ဓာကိုယ်ကြီးသည်လည်း ကိုယ်မကောင်းသူ တို့၏ ခန္ဓာကိုယ်ကြီးအဖြစ်သို့ ပြောင်းလဲ့ခဲ့ရပေပြီ။ အို - အယုဒ္ဓယမှ ညီကိုတို့၊ အသင်တို့ကား ကံကောင်းလေစွတကား။ မြန်မာပြည်၌ ဆင်းတုတော်လာဖြစ်နေရသည့် ငါ့မှာတော့ သူတို့လုပ်တိုင်း ခံနေရပေသည်” ဟု သတိသံဝေ ယူနေချေ၏။










ထိုဘုရားမှ ထွက်ခဲ့ပြီး ရေပေါ်ဈေး (Floating Market) သို့ ခရီးဆက်ခဲ့၏။ ၈ နာရီတောင် မခွဲသေးသောကြောင့် ရေပေါ်ဈေးမှာ မဖွင့်သေး။ ကားဆရာကလည်း ရေပေါ်ဈေးက သေးသေးလေး၊ ဘာမှ သိပ်မရှိဘူး ဆိုသောကြောင့် ကျွန်ုပ်တို့လည်း ကပ်လျက်ရှိ ဆင်စခန်းသို့ လာခဲ့၏။

 

ငင့် - သည်နေရာတွင် ခရီးသွားဆို၍ တစ်ယောက်ကမှ မရှိ။ ကျွန်ုပ်တို့ သားအဖသာ ရှိ၏။ စောသေးလို့ ထင့်။

 

မနက်စာစားမည်ကြံသော်လည်း တစ်ဆိုင်မှ မဖွင့်သေး။ 

သို့နှင့် သူတို့ကြေငြာနေသည့် ဆင်စီးဘို့ ဖြစ်လာ၏။ ဆင်စီးပြီးမှာနဲ့ ဆိုင်တွေဖွင့်မှာနဲ့ အတော်ပဲ ဟု ကားဆရာက ပြော၏။

 

နာရီဝက်ဆိုရင် ဘုရားတစ်ဆူ ရောက်မယ်။ တစ်ယောက် ဘတ် ၁၀၀၀။ ၄၅ မိနစ်ဆိုရင် ဘုရား နှစ်ဆူရောက်မယ်၊ တစ်ယောက်ကို ဘတ် ၁၅၀၀ ဆို၏။ ဈေးတော့ ကြီးသည်။ သို့သော် ရောက်တုံးရောက်ခိုက် စီးလိုက်ဦးမှ ဆိုကာ သားအဖနှစ်ယောက် ဆင်ပေါ် တက်ခဲ့ကြတော့၏။ 

 

ဆင်ကြီးက လှုပ်စိ၊ လှုပ်စိနှင့် တစ်လှမ်းချင်း သွား၏။ ဆင်ဦးစီးကောင်လေးက နားရွက်ကို ခြေဖျားနှင့် တို့တို့ပေး၏။ သားက လိမ့်ကျမှာ ကြောက်သဖြင့် အဖေကို အတင်းဖက်ထား၏။ အတော်လေးကြာလို့ အသားကျသွားမှ လွှတ်တော့၏။ နောက်ပြီးတော့ ဆင်တွေနဲ့ ဘယ်လို စစ်တိုက်ကြသလဲ မေး၏။

 

လမ်းတွင် ဆင်ဦးစီးကလေးက ဆင်ကိုရပ်ကာ အောက်ကိုဆင်းလျက် ကျွန်ုပ်တို့သားအဖကို ဓာတ်ပုံရိုက်ပေး၏။ ထို့နောက် ကျွန်ုပ်ကို ဆင်ဦးကင်းပေါ် ပြောင်းထိုင်ခိုင်းကာ ဓာတ်ပုံရိုက်၏။ သားကတော့ မဆင်းရဲ။

 

ဆင်ကြီးက လှုပ်စိလှုပ်စိနှင့်ဆိုတော့ (နောက်ပြီး ကြားထဲမှာ ရပ်ပြီး မြက်စားနေလိုက်သေး၏။) ဆင်စီးရသည့်ခရီးမှာ ကျွန်ုပ်စိတ်ထင် ၁.၅ ကီလိုမီတာမျှသာ ရှိပါလိမ့်မည်။ ရေကန်ထဲလည်း ဆင်းပြ၏။ ရေကန်အတွင်း၌ ကြာပင်များ အလွန် ထူထပ်စွာ ပေါက်လျက်ရှိ၏။ ကြာဖူးနှင့် ကြာပန်းများလည်း အတော်များများ ဖူးပွင့်နေကြ၏။ 

 

ဆင်တင်းကုပ်ထဲ၌ ဆင် ၈ ကောင်ခန့်ရှိပါသည်။ အဲဒါ သူတို့မိသားစုပဲ ဟု ဆင်ဦးစီးလေးက ပြော၏။ အပြင်ဘက်၌ ရေချိုးနေသည့်ဆင်၊ မြက်ခင်းထဲ၌ ကျောင်းနေသည့်ဆင် စသည်တို့လည်း ရှိသေး၏။










ဆင်းကာနီးတွင် ဆင်အရိုးနှင့်လုပ်ထားသည့် ပုတီးဆိုကာ ဈေးရောင်းသေး၏။ ဒါက ၂၀၀၊ ဒါက ၃၀၀။ ကျွန်ုပ်၌ ၅၀၀ တန်၊ ၁၀၀၀ တန်များသာရှိရာ သူက ရော့ ၂၀၀ တန်ယူ။ ငါ့ကို ၃၀၀ tip ပေးပေါ့ကွာ ဆို၏။ ကြမ်း - လူလည်။ သို့နှင့် သားကို ၃၀၀ တန်ဝယ်ပေးကာ သူ့ကို ၂၀၀ tip ပေးလိုက်၏။ သားက ဒါ ဆင်အရိုးဟုတ်မဟုတ် ဘယ်လို သိနိုင်မလဲ မေး၏။​ သူတို့ပါးစပ်ထဲ ရှိတာ ပြောတာပေါ့လကွာ၊ ဟုတ်ချင်လည်း ဟုတ်မယ်။ ဟုတ်ချင်မှလည်း ဟုတ်မယ်။

 

ဆင်စခန်းပြန်ရောက်တော့ ၉ နာရီခွဲနေပြီ ဆိုတော့ ဗိုက်လည်း ဆာလှပြီ။ သို့နှင့် စားသောက်ဆိုင်များဘက် ခြေဦး လှည့်ခဲ့၏။ တစ်ဆိုင်နှစ်ဆိုင်မျှသာ ဖွင့်သေး၏။ သိပ်မဆိုးဟု ယူဆရသည့် ဆိုင်သို့ ဝင်ခဲ့၏။ ပယ်လယ်စာထမင်းကြော်၊ တုန်ယမ်း၊ ကန်စွန်းရွက်ကြော်၊ ထမင်း၊ ငါးဟင်းတစ်ပွဲ။ မဆိုးပါ။ စားလို့ ကောင်းပါ၏။

 

သို့သော် -

ဖိုးအောင်ဇေယျဆိုတဲ့လူ ငါတို့ဆီလာပြီး ဝါးရင်းတုတ်နဲ့ ဆော်ပလော်တီးသွားတာ အခုတစ်ခါ ငါတို့အလှည့် ဟု ကြိမ်းလျက် အနှီ ၅၀၀ မျှ မတန်သည့် ထမင်းပွဲကို ၁၀၂၀ တောင်းလိုက်လေ၏။ သားနှင့် ကျွန်ုပ်မှာ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်မိ။ သားက over charged ဟု ဆို၏။ သို့သော် ကျွန်ုပ်မှာ မသိယောင်ဆောင်လျက် အသာတကြည် ပင် ထုတ်ပေးလိုက်ပါ၏။ စားချင်သပဆို စားပါ့စေလေ။ ထိုင်းတို့သည် မဟုတ်က မဟတ်က လုပ်သည့်နေရာတွင် မြန်မာတို့ကို အတုယူချေပြီတကား။







ဆက်ပါဦးမည်။

 

အေးငြိမ်း

၂၉ ဇွန်လ၊ ၂၀၂၃




No comments: