(၆) အယုဒ္ဓယမှ ဘုရားများသို့ လျှောက်ကြည့်ကြခြင်း
အယုဒ္ဓယ၌ ကျွန်ုပ်တို့ လည်ပတ်ခဲ့သည့် ဘုရားများမှာ အောက်ပါတို့ ဖြစ်၏။ ဝင်လိုက်၊ ထွက်လိုက်ဆိုတော့ တချို့ ဘုရားများ ကျန်ကောင်း ကျန်ခဲ့နိုင်ပါသည်။
Wat Ratcha Burana |
Wat Maha That |
Wat Yai Chaimongkhon |
Phra MongKhon BoPhit |
Wat Phraissanpethi |
Wat Lokaya Sutha |
Wat Chaiwatthanaram |
အမှန်ဆို အယုဒ္ဓယသို့ လျှောက်လည်သည် ဆိုခြင်းမှာ ဘုရားအပြိုအပျက်၊ အုတ်ခဲအဟောင်းအမြင်းများကို လျှောက် ကြည့်ခြင်းမျှ ဖြစ်၏။ သို့သော် ဤသည်မှာ သမိုင်းဖြစ်၏။ ရှေးယခင်က လူတို့ မည်ကဲ့သို့ နေခဲ့ထိုင်ခဲ့သည်များကို ဤ အုတ်ကျိုး၊ အုတ်ပုံများက ပြောပြနိုင်၏။ ၎င်းတို့သည် တန်ဘိုးမဖြတ်နိုင်သော ရှေးဟောင်း အမွေအနှစ်များ ဖြစ်၏။ ၎င်းတို့ကို သေချာကျနစွာ ထိန်းသိမ်းထားသင့်၏။ ထိန်းသိမ်းသည်ဆိုရာ၌ မူရင်းလက်ရာ မပျက်စေဘဲ နည်းပညာသုံး၍ မပျက်တန်တာ မပျက်အောင် ထိန်းသိမ်းထားတာ ဖြစ်၏။ မူရင်းပန်းချီကားများကို ဖျက်ပြီး ခေတ်သစ်ပန်းချီများဖြင့် ပြန်ရေးတာ မဟုတ်။ ပျက်နေသည့်ဘုရားများကို ပြန်တည်တာမဟုတ်။
ယိုးဒယားတွေကတော့ အုတ်ကျိုးအုတ်ပဲ့များ၊ ဘုရားအကျိုးအပဲ့များကို သေချာစွာ စုပုံထားတာ တွေ့ရ၏။ ပျက်စီးနေ သည့် ဆင်းတုတော်များကို ယခင်က ရှိမည်ထင်ရသည့်နေရာတွင် အသာ တင်ထား၏။ ဘာတစ်ခုမှ ပြုပြင်မထား။ နဂို အတိုင်းသာ (ကျိုးပဲ့နေသည့်အတိုင်း) ထားရှိ၏။ ရှေးဟောင်းပစ္စည်းကို တန်ဘိုးထားတတ်သည့် ၎င်းတို့၏ စိတ်ဓာတ်ကို ချီးကျူးစရာ ကောင်းပေစွတကား။
ယိုးဒယားက ဘုရားများတွင် ဖိနပ်စီးခွင့်ပြု၏။ (ပုဂံဘုရားများ၌လည်း ဖိနပ်စီးခွင့်ပြုသည် ထင်ပါသည်။ ကောင်းကောင်း မမှတ်မိ။) ဘုရားတစ်ဆူ၌ ဘုရားပေါ်သို့တက်မည့်နေရာတွင် ဖိနပ်မချွတ်ရဟုပင် ရေးထား၏။ သို့သော်လည်း ရိုသေ သမှုနှင့် အားလုံး ဖိနပ်ချွတ်တက်ကြတာ တွေ့ရ၏။ အမျိုးသမီးများလည်း ဘုရားပေါ် တက်ကြတာသာ ဖြစ်၏။ ဘာဖြစ်ပါသနည်း။ ဘာဆိုဘာမှ မဖြစ်။
ကျွန်ုပ်က အင်ဂျင်၂၀၀ ဆိုတော့ ဘုရားများကို အင်ဂျင်၂၀၀မျက်လုံးဖြင့် စူးစမ်းမိ။ အဆောက်အအုံများ ဖွဲ့စည်း တည်ဆောက်ပုံ၊ ဘုရားတည်ပုံ၊ အုတ်မြစ်၊ အုတ်ရိုး၊ တိုင်၊ လမ်း စသည် အားလုံး ဖြစ်၏။
ရှေးခေတ်ယိုးဒယားတို့သည် ဘုရားမှအစ အဆောက်အအုံအားလုံးကို အုတ်ချည်းသီးသီးဖြင့် တည်ဆောက်ပုံရ၏။ အခင်း ကိုလည်း အုတ်ဖြင့်ခင်း၏။ တိုင်ကိုလည်း အုတ်ဖြင့်ပင် ထူ၏။ ကျိုးနေသည့် တိုင်များအတွင်းကို ကြည့်လျှင်လည်း အုတ်များဖြင့် အပြည့်ဖြည့်ထားတာ တွေ့ရ၏။ တစ်မီတာခန့် ထူထဲသည့် နံရံ/တံတိုင်းကြီးများကိုလည်း အုတ်များဖြင့် အပြည့်ဆောက်ထား၏။ စေတီဖိနပ်တော်မှသည် ထိပ်ဆုံး စိန်ဖူးခန့်နေရာထိ အားလုံး အုတ်ချည်းဖြစ်၏။ ဘုရား အပြိုအပျက်များပေါ် တက်လို့မရသောကြောင့် စေတီအတွင်းဘက်၌ ဘာတွေရှိသည်ကို ကျွန်ုပ် ကြည့်ခွင့်မရပါ။ သို့သော် အားလုံး အုတ်ချည်းဖြစ်မည်ဟု ယူဆရပါသည်။
ဘုရားကို ကာရံထားသည့် အုတ်တံတိုင်းကြီးများမှာ ၁ မီတာခန့်ပင် ထူလေရာ အဘယ်ကြောင့် ဤမျှ အခိုင်အခံ့တည်ခဲ့ ကြရသနည်း။ ကျွန်ုပ်တွေးမိတာ ပြောရလျှင် မြန်မာတို့၏ရန်ကို ကာကွယ်ဘို့ ဖြစ်ကောင်း ဖြစ်ပါလိမ့်မည်။
ကျွန်ုပ်တစ်ခု သတိထားမိသည်မှာ ယိုးဒယားဘုရားအားလုံးသည် တစ်ပုံစံတည်းလိုလိုချည်းဖြစ်၍ ပိုမိုထူးခြားသည့် ပုံစံဟု မတွေ့ခဲ့ရ။ လက်ရာမှာလည်း ပုဂံဘုရားများကို မမီ။ ဘုရားများထဲတွင် Wat Mahathat မှာ ထူးခြား၍ လက်ရာပိုမြောက် ၏။ ပုဂံဘုရားများမှာမူ တစ်ဆူလျှင် ဒီဇိုင်းတစ်မျိုးဖြစ်၏။ အာနန္ဒာ၊ ရွှေစည်းခုံ၊ မနုဟာ၊ မင်္ဂလာ၊ ဗူးဘုရား၊ ငကျွဲ နားတောင်း၊ ဂူပြောက်ကြီး၊ ထီးလိုမင်းလို၊ ဓမ္မရံကြီး စသည်တို့မှာ သူ့ဟန်နှင့်သူ တစ်မျိုးချည်း ဖြစ်ကြ၏။ အနုပညာ လက်ရာများမှာလည်း ပိုပြီး အနုစိတ်၏။ လှပ၏။
ဘုရားတစ်ဆူလျှင် ဘုရားသမိုင်းကို ထိုင်း၊ အင်္ဂလိပ် နှစ်ဘာသာဖြင့် ဖော်ပြထား၏။ အချို့ဘုရားများတွင် ပုံစံငယ်ကလေး များဖြင့်ပါ ဖော်ပြထား၏။
နောက်တစ်ခု ထူးခြားသည်မှာ ပုဂံတွင် ဘုန်းကြီးကျောင်း၊ တရားဟောဇရပ်၊ ဥပုသ်ဆောင် စသည့် အပျက်အစီး၊ အကြွင်း အကျန်များကို မတွေ့ရ။ အယုဒ္ဓယတွင်မူ ကြီးမားသော တရားဟောဇရပ်ကြီးများ၊ စင်္ကြန်များ၊ ဘုန်းကြီးကျောင်း ဟု ထင်ရသောနေရာများကို ဘုရားတိုင်းလိုလို၌ တွေ့ရ၏။ ကြမ်းခင်း၊ နံရံ၊ တိုင်၊ တရားဟောစင် စသည်တို့ကို ကြည့်ခြင်း အားဖြင့် တရားဟောဆောင်ကြီးများမှာ အလွန်ကြီးကျယ် ခမ်းနားခဲ့သည်ဟု ပြောနိုင်ပါသည်။ တရားဟောစင်မြင့်ကြီး များမှာ ယခုခေတ် စတိတ်ခုံများကဲ့သို့ ကြီးမား ကျယ်ပြန့်လှ၏။
ပုဂံတွင် ဘုန်းကြီးကျောင်းနှင့် တရားဟောခန်းမ အကြွင်းအကျန်တို့ကို မတွေ့ရခြင်းမှာ ပုဂံသားတို့သည် ဘုန်းကြီး ကျောင်းနှင့် တရားဟောခန်းမတို့ကို အုတ်၊ အင်္ဂတေမသုံးဘဲ သစ်သား (သို့မဟုတ်) ဝါးဖြင့် ဆောက်လုပ်ခဲ့ကြသည်ဟု ယူဆစရာရှိ၏။ ထို့ပြင် ပုဂံသားတို့သည် စင်္ကြန်အခင်းနှင့် တိုင်တို့ကိုလည်း မြေသား (သို့) ပျဉ်၊ သစ်သားတိုင်သုံး၍ ဆောက်လုပ်ခဲ့ကြလေသလော။
ပုဂံတွင် ဘုရားစေတီပုထိုးများ၏ အပျက်အစီး အကြွင်းအကျန်များကိုသာ တွေ့ရပြီး အခြား မည်သည့်အဆောက်အဦ တစ်ခုကိုမှ မတွေ့ရခြင်းသည် အနည်းငယ်တော့ ထူးဆန်း၏။
မဆီမဆိုင် ကြားညှပ်လျက် ဆက်ပြောရပါလျင် ပုဂံခေတ်စာများ၌ ဆုတောင်းစာ၊ ကျိန်စာနှင့် အခြား ဘုရားတည် မှတ်တမ်းများကိုသာ တွေ့ရပြီး မြန်မာစာပေနှင့် ပတ်သက်၍ စာ၊ ကဗျာ၊ လင်္ကာတို့ တစ်ခုမှ မတွေ့ရခြင်းသည်လည်း ထူးဆန်းလှ၏။ ကျွန်ုပ်ကတော့ ပုဂံသားတို့သည် ဆုတောင်းစာ၊ ကျိန်စာနှင့် မော်ကွန်းများကို အရှည်တည်တံ့စေရန် ကျောက်ပေါ်၌ ရေးထွင်းကြလျက် အများသူငါသုံး စာ၊ ကဗျာများကိုမူ တာရှည်မခံသည့် ပေ၊ ပုရပိုက်များပေါ်၌သာ ရေးသားခဲ့ကြခြင်း ဖြစ်၍ မည်သည့် အထောက်အထားတစ်ခုမှ မကျန်ရစ်ခဲ့ခြင်း ဖြစ်သည်ဟု ယူဆပါသည်။ ဤမျှ အနုပညာ ထွန်းကားခဲ့သော ပုဂံတွင် မည်သည့်စာပေမှမရှိ ဆိုခြင်းမှာ ယုတ်တိ မတန်ပါ။ ပုဂံခေတ်နောက်မှ ပင်းယ၊ စစ်ကိုင်း၊ တောင်ငူ စသည့်ခေတ်များတွင် စာကဗျာများ ထွန်းကားခဲ့ခြင်းမှာ နတ်ရေကန်ထဲ ကန်ချလိုက်သလို ဗြုန်းကနဲ၊ ဒိုင်းကနဲ ပေါ်လာတာ မဟုတ်မူ၍ ပုဂံခေတ် စာပေအမွေများမှ တဆင့်တိုးတက် ပြောင်းလဲလာခြင်းသာ ဖြစ်သည်ကို ယုံမှား သံသယ ရှိစရာမလို။
ထို့ပြင် ပုဂံဘုရားပုထိုးများသည် အယုဒ္ဓယမှ ဘုရားစေတီများထက် အနှစ် (၇၀၀) လောက် စောသည်ကိုလည်း မေ့မထား သင့်။
ဤတွင် ကြားညှပ်၍ ပြုံးစရာတစ်ခုအကြောင်း ပြောလိုပါသေး၏။
အထက်၌ ဖော်ပြခဲ့သည့် ဝပ်မဟာသတ်ဘုရားဝင်းအတွင်း၌ ညောင်မြစ်များအကြား ညပ်နေသည့် မြတ်စွာဘုရား ဦးခေါင်း ကို အထူးအဆန်းအဖြစ် လာရောက် ဖူးမြော်ကြခြင်း ဖြစ်၏။
အောက်ဖော်ပြပါ website ၌ အဘယ်ကြောင့် ညောင်မြစ်များအကြား ဗုဒ္ဓ၏ဦးခေါင်းတော် ရောက်နေရသည်ကို ဤကဲ့သို့ ခန့်မှန်းထားပါ၏။
“ဝပ်မဟာသတ်ဘုရားကျောင်းကို ၁၄ ရာစုခန့်၌ တည်ထောင်ခဲ့၏။ ၁၇၆၇ တွင် အယုဒ္ဓယသို့ မြန်မာတပ်များ ချဉ်းနင်း ဝင်ရောက်ခဲ့ပြီး ဘုရားဆင်းတုတော်နှင့် ဦးခေါင်းတော်များကို ဖျက်ဆီးခဲ့၏။ ညောင်မြစ်များအကြားရောက်နေသည့် ဗုဒ္ဓ ဦးခေါင်းတော်နှင့် ပတ်သက်၍မူ သမိုင်း တိတိပပ မရှိ။ ဗုဒ္ဓ ဦးခေါင်းတော်ကို ပစ်ထားရာမှ အနီးရှိညောင်ပင်တို့ ကြီးထွား လာကာ ဦးခေါင်းတော်မှာ ညောင်မြစ်များအကြား ရောက်သွားရခြင်းဖြစ်သည်။ သို့မဟုတ် သူခိုးတို့သည် ဦးခေါင်းတော် ကို ခိုးယူသွားပြီး မယူနိုင်၍ ပစ်ထားရာမှ အနီးရှိညောင်မြစ်တို့ကြီးထွားလာရာမှ ညောင်မြစ်များအကြား ရောက်သွားရ ခြင်း ဖြစ်၏။”
မြတ်စွာဘုရားဆင်းတုတော် ဦးခေါင်းကျိုးပြတ်ကျပြီး ညောင်ပင်ခြေရင်းသို့ကျရာမှ ညောင်မြစ်များက ခြုံငုံသွားခြင်းသာ ဖြစ်ကြောင်း ကျွန်ုပ် သားကို ရှင်းပြခဲ့၏။ သားက I know ဟု ပြော၏။ ဤသည်မှာ ဘာမှ ထူးဆန်းစရာ အကြောင်းမရှိ။ ထူးဆန်းစရာ မဟုတ်သည်ကို အထူးအဆန်းလုပ်နေကြခြင်းအား ကျွန်ုပ်က ထူးဆန်းမိ၏။ ဆန်းပေစွ။
ဆက်ပါဦးမည်။
အေးငြိမ်း
၁ ဇူလိုင်လ၊ ၂၀၂၃
No comments:
Post a Comment