ကျွန်ုပ်ဘဝတွင် အလွန်မိုက်မဲသော အလုပ်များကို လုပ်ခဲ့မိရာ တစ်ခုမှာ လူများကို အလကားပညာသင်ပေးခဲ့မိခြင်း ဖြစ်သတည်း။
ကျွန်ုပ် ရေဆင်းတွင်ရှိစဉ်က ရွာများမှ ဆယ်တန်းကျောင်းသူ/ ကျောင်းသားကလေးများကို အခမဲ့ပညာသင်ပေးခဲ့ဖူး၏။ ကျွန်ုပ်က သင်္ချာနှင့် ရူပဗေဒကို အထူးစိတ်ဝင်စားသူဖြစ်သဖြင့် သူတို့ကို ဆယ်တန်းသင်္ချာနှင့် ရူပဗေဒ သင်ပေး၏။ ကျွန်ုပ် အစ်မကြီးကတော့ “ဟဲ့ - နင်က အလကားသင်ပေးတော့ အလကားဆရာပဲ ဖြစ်မှာပေ့ါဟဲ့” ဟူ၍ ပြော၏။
သို့သော် မိုက်မဲလှသော ကျွန်ုပ်မှာ ပိုက်ဆံရသော အလုပ်များထက် ပိုက်ဆံမရသော အလုပ်များလုပ်ကိုင်ရန် အထူး ဝါသနာပါသူ ဖြစ်လေရကား ကျွန်ုပ်အစ်မကြီး၏ စကားကို နားမထောင်။ ကျွန်ုပ်တို့အိမ်မှ ၂ ကီလိုမီတာခွဲခန့်ရှိသော သူတို့ရွာအရောက် စက်ဘီးကလေး ချောက်ချက်ချောက်ချက် နင်းလျက် သွားသင်ပေးသော ဟူသတတ်။
အောင်မယ်၊ အစပိုင်းတော့ လူအစည်သား။
သို့သော် ၂ ချိန်၊ ၃ ချိန်ခန့်သင်ပြီးတော့ တစတစ ကြက်ပျောက်ငှက်ပျောက် ပျောက်ကုန်ကြ၏။
အစတော့ ဪ - သူတို့မအားလို့ မလာတာ ထင်ပါရဲ့ဟု ပြန်လာလိမ့်နိုး မျှော်မိသေး၏။ တစ်လလောက်ကြတော့မှ သူတို့ ကျွန်ုပ်ကို အပြီးတိုင် စွန့်ခွာသွားမှန်း သိရသတည်း။
ချုပ်လိုက်သော် ကျွန်ုပ်စာသွားသင်နေသည့် အိမ်မှ (၂) ယောက်နှင့် နောက်တစ်ယောက်၊ ပေါင်း (၃) ယောက်သာ ကျန်၏။ အခြားတစ်ယောက်တော့ မပြောတတ်။ ကျွန်ုပ်စာသွားသင်နေသည့် အိမ်မှ (၂) ယောက်မှာမူ သူတို့အိမ်သို့ အလိုက်ကန်းဆိုး မသိ၊ အတင်းရောကာရော စာလာသင်နေသည့် ကျွန်ုပ်ကို အားနာပါးနာနှင့် လာထိုင်ပေးနေရတာ ဖြစ်ပါလိမ့်မည်။
စင်ကာပူရောက်တော့ ၂၀၀၉ ခုနှစ်မှစကာ ပင်နင်ဆူလာတွင် ပညာဒါနသင်တန်းများကို ဖွင့်ပြန်၏။ ဖွင့်သမှ ကုန်ကျစရိတ်များကို အိတ်စိုက်ကာ သင်ပေးခြင်းဖြစ်၏။ အစပိုင်းတွင် အခန်းငှားခကို မိတ်ဆွေများထံမှ အလှူငွေ ကောက်လျက် သင်ခြင်းဖြစ်၏။ နောက်တော့ ကိုသက်နိုင်စိုးနှင့်ပေါင်းလျက် ၎င်း၏ အခန်းတွင် သင်၏။
ကျွန်ုပ်က Piping Engineering အကြောင်း၊ ဆရာမခိုင်က အင်္ဂလိပ်စာ စသဖြင့် သင်၏။ ဦးနေမင်းဟိန်းတော့ ဘာသင်တာလဲ မမှတ်မိတော့ပါ။ ဟောပြောပွဲ ပေါက်စနကလေးများ၊ အင်္ဂလိပ်ကျပန်းစကားပြောပြိုင်ပွဲများလည်း လုပ်ပေး၏။
ထိုစဉ်ကလည်း သင်တန်းအစတွင် အတော်များ၏။ နောက်သင်တန်းများတွင်မူ သင်တန်းတက်ပါမည်ဟု စာရင်းပေးတာ ၄၀။ တကယ်လာတက်တော့ ၂၀။ သင်တန်းဆင်းတော့ ၅ ယောက်နှင့် သင်ခဲ့ရတာဖြစ်၏။
စာသင်တယ်ဆိုတာ ပြီးပြီးရော သင်လို့မရ။ သင်ဘို့အတွက် စာတွေပြန်ဖတ်ရ၏။ လိုအပ်သော စာရွက်စာတမ်းများ ပြင်ရ၏။
လာတက်သူများမှာ လာနားထောင်ရုံမျှ၊ သင်တန်းပြီးသွားတော့လည်း ပုဆိုးလေးဖုတ်ဖက်ခါ ထပြန်သွားရုံ ဖြစ်၏။
သို့သော် ၎င်းတို့ ဤကဲ့သို့ ပုဆိုး/လုံချည်လေး ဖုတ်ဖက်ခါ ထပြန်သွားနိုင်ဘို့အရေး ကျွန်ုပ်တို့မှာ များစွာ စီစဉ်ရ၏။ အခန်းနေရာ၊ သင်တန်းရက်၊ အချိန်၊ ပရော်ဂျက်တာ၊ ထိုင်ခုံ၊ စားပွဲ၊ ရေ၊ မုန့်စသည်။ နောက်ပြီးတော့ အဲသဟာတွေက အလကားရတာမဟုတ်။ အကုန်ပိုက်ဆံပေးရတာချည်း ဖြစ်၏။
နောက်ပြီး ကျွန်ုပ်က စင်ကာပူ အနောက်ဘက် အစွန်ဆုံးမှာနေတာ။ ပင်နင်ဆူလာက မြို့ထဲမှာ။ အိမ်ကနေ အဲသည့်နေရာ ရောက်ဘို့ ၄၅ မိနစ်ကြာ ရထားစီးရသည်။ သွားဘို့လာဘို့ ပြင်တာဆင်တာနှင့် အနည်းဆုံး ၁ နာရီလောက် အချိန်ပေး ရ၏။
ကိုယ်က သည်လောက် အားစိုက်လုပ်ပေးနေပါလျက် သူတို့က တန်ဘိုးမထားတော့ ၃ - ၄ ပတ်လောက် (၅ ပတ်၊ ၆ ပတ်လောက်လည်း ဖြစ်နိုင်ပါသည်။ မေ့နေပြီ။) သင်ပြီးသည်နှင့် ဆက်မသင်တော့ဘဲ ရပ်လိုက်ပါသည်။
နောက်ပြီး ကျွန်ုပ်၏ မိုက်မဲမှုတစ်ခုကို ပြောပြပါရစေဦး။
၂၀၀၇ - ၂၀၀၈ ခုနှစ်များဆီက ကနေဒါမှ ဦးဝင်းအောင်ကျော်ဆိုသူက ကျွန်ုပ်ဆီ ဆက်သွယ်လာလျက် ကနေဒါကို လူပို့ဘို့ ကြိုးစားပါသည်။ ဆိုလိုတာက ကျွန်ုပ်ကို အေးဂျင့်လုပ်ခိုင်းမည်ပေါ့။ သို့သော် မအောင်မြင်ပါ။ ဤသည့်အကြောင်းများကို ကျွန်ုပ်၏ ခရစ္စတိုဖာပေါက်ကျိုင်း ၌ အပြည့်အစုံရေးပြထားပါသည်။
ဟိုဘက်တွင် အလုပ်လည်းသေချာနေပြီ။ ရွေးလည်းထားပြီးပြီ ဖြစ်သည့် မြန်မာ (၅) ဦးကို ပို့ရန် စီစဉ်ကြ၏။ ကိုရေချမ်း၏ မိတ်ဆွေ အရင်းခေါက်ခက်တစ်ဦးလည်းပါ၏။ အလုပ်က ပိုက် နှင့် ဂဟေ အလုပ် ဖြစ်၏။ Steam Fitter ဟု ခေါ်၏။
သို့သော် သည်အတိုင်းသွားလို့မရ။
Trade Test ဆိုသည့် စာမေးပွဲများ ဖြေရမည်။
မေးခွန်းက (၃) ခုဖြစ်ပြီး အင်္ဂလိပ်စာ၊ ပိုက် နှင့် ဂဟေ ဖြစ်၏။
သာမန်အလုပ်သမားများအနေနှင့် ကနေဒါက Trade Test မေးခွန်းများမှာ အလွန်ခက်ပါသည်။
ဆိုတော့ အနှီ သကောင့်သား (၅) ဦးကို ကျွန်ုပ်တို့ အင်္ဂလိပ်စာ၊ ပိုက် နှင့် ဂဟေ သင်တန်းများ ပေး၏။ လက်တွေ့မဟုတ်၊ စာတွေ့ ဖြစ်၏။ လက်တွေ့က သူတို့ကျွမ်းကျင်ပြီးသားဖြစ်၏။ ကျွမ်းကျင်လို့လည်း ဇကာတင် ရွေးထုတ်ထားတာ ဖြစ်၏။
အဓိကသင်ပေးရသူမှာ ကျွန်ုပ်ဖြစ်၏။
ပညာအခြေခံနည်းသူများကို သင်ပေးရတာ ဘယ်လောက်ခက်ပြီး ဘယ်လောက်လက်ဝင်သလဲဆိုတာ မိတ်ဆွေတို့ သိပါ သည်။ သို့သော် ၎င်းတို့ စာမေးပွဲဖြေနိုင်လောက်သည်ထိ ကျွန်ုပ် ရအောင်သင်ပေးလိုက်နိုင်ပါသည်။
သင်သမှ စနေတနင်္ဂနွေနေ့တိုင်း တစ်နေ့ကို အနည်းဆုံး (၃) နာရီလောက် သင်တာဖြစ်၏။ ၃ - ၄ လလောက် ကြာ၏။
ဤကဲ့သို့ သူတို့အကျိုးစီးပွားအတွက် ကျွန်ုပ်က အားကျိုးမာန်တက် သင်ပေးနေသော်လည်း ပိုက်ဆံမူ တပြားတချပ်မှ (ကနေ့ထိ) မရခဲ့လေ။
ဤကနေဒါ လူပို့သည့်ကိစ္စနှင့်ပတ်သက်၍လည်း ကျွန်ုပ်မှာ ပိုက်ဆံတပြားမှမရဘဲ (၃၀၀၀) တောင် ကုန်သွားသေး၏။ (ကျွန်ုပ်သာ မြန်မာနိုင်ငံသမ္မတ လုပ်ရလျှင် တစ်နိုင်ငံလုံးကို အကြွေးနှင့် ထိုးဆပ်ရကိန်းရှိ၏။ ကျွန်ုပ် မြန်မာပြည် သမ္မတ ဖြစ်မလာခြင်းကား မြန်မာပြည်သူတို့အဖို့ အလွန်ကံထူးသည်ဟု ဆိုနိုင်ပေ၏။) ဘာကြောင့်လဲ သိလိုသူများ ခရစ္စတိုဖာပေါက်ကျိုင်းတွင် ဖတ်နိုင်ပါသည်။
တိုတိုပြောကြပါစို့။
ယခု နွေဦးတော်လှန်ရေး ရံပုံငွေအတွက် အဖွဲ့တစ်ခု၏ စီစဉ်ပေးမှုဖြင့် သင်တန်းတစ်ခုပေး၏။
စာရင်းပေးတော့ ၄၀၊ လာတက်တော့ ၂၂ ယောက်၊ အခုလက်ကျန် ၁၂ ယောက်။ အဟက်ဟက်စ်
ကျွန်ုပ်က CDM တွေကို အားနာလို့ ရမှ ရပါစေတော့ရယ်လို့ သင်ပေးတာဖြစ်၏။ ကျွန်ုပ်အလိုအရမူ ပိုက်ဆံမရဘဲ ဘာမှမလုပ်တော့ ဟု တွေးထားပြီးသား ဖြစ်၏။
သည့်အတွက် နောက်တစ်ခါ သူတို့က ကျွန်ုပ်ကို သင်ပေးပါဟု လာပြောလျှင် စာရင်းနှင့်အတူ တခါတည်း ပိုက်ဆံပါ သွင်းခိုင်းပါမည်။ ပိုက်ဆံပေးသွင်းသူများကိုသာ လက်ခံသင်ပါမည်။ ပိုက်ဆံရပြီးပြီဆိုလျှင်တော့ တချိန်မှ လာမတက်လဲ သင်တို့သဘောသာ ဖြစ်၏။
အထက်၌ ဖော်ပြခဲ့သည်တို့မှာ ပိုက်ဆံတပြားမှ မရဘဲ အိတ်စိုက်ပြီး ကျွန်ုပ်သင်ပေးခဲ့သော ပညာဒါန သင်တန်းများ အနက်မှ အချို့ဖြစ်၏။ မြန်မာစာသင်တာ ဘာညာတို့ မပါသေး။
((အိတ်စိုက်ပြီး စာသင်သည့် မိုက်မဲမှုမျိုးသာမက ဟောပြောပွဲများကိုလည်း အိတ်စိုက်ပြီး မြန်မာနိုင်ငံ နေရာအနှံ့အပြား၌ အများအပြား လုပ်ခဲ့ပါသေး၏။)
နောင်များမတော့ ဘာပညာမှ မဒါနတော့ပါ။ ဆယ်ခါပြန်ဆလံ။ ဘိုင့်ဘိုင်။
ပိုက်ဆံရလျှင် သင်ပါမည်။ ပိုက်ဆံမရလျှင် မသင်ပါ။
စင်ကာပူက လူများပြောသလို No money, no talk.
ကျေးဇူးတင်ပါသည်။
အေးငြိမ်း
၂၅ ဖေဖော်ဝါရီလ၊ ၂၀၂၃။ နေ့လယ် ၁၂း၃၆ နာရီ
No comments:
Post a Comment