ကျွန်ုပ်တို့ တိုင်းပြည်ကို ခပ် သွပ်ချောင်ချောင်လူများ အုပ်ချုပ်ခဲ့သည်မှာ ယခုခေတ်မှသာ မဟုတ်။
ရှေးယခင် အတီတေကာလများကပင် ဖြစ်သတည်း။
ထို အူကြောင်ကြောင်လူများထဲ၌ ကုန်းဘောင်ခေတ်က ဆင်ဖြူရှင်မင်း ဆိုသူလည်းပါ၏။
(မြန်မာဘုရင်တွေဟာ အတော်လည်း ဆင်ဖြူခလေဇီဖြစ်တဲ့ လူတွေပေကပဲ။ အလုပ်မရှိ ဆင်ဖြူပဲ လိုက်ရှာနေသနဲ့ တူပါရဲ့။ ဘယ်လောက်ထိ ခလေဇီသလဲဆို မြစ်ထဲမျောလာတဲ့ ဆင်ဖြူအသေကိုတောင် သစ်ဝါးတွေနဲ့ အတင်းရအောင် ထူ၊ တက်စီးပြီး ဆင်ဖြူရှင် လုပ်ခဲ့သေးသတဲ့။ အတော့်ကို ပေါကြောင်ကြောင်နိုင်တဲ့လူတွေ။ ကိုယ့်အစွမ်းအစနဲ့ ဖြစ်တဲ့ဟာတောင် ခရုသင်းစွဲနေတဲ့ ဆင်ကြောင့် အောင်မြင်တာပါ ဆိုတော့ကာ အင်း . . စ်)
အနှီဆင်ဖြူရှင်မင်းဆိုသူ၏ လက်ထက်၌ ဦးမြတ်စံဆိုသူသည် ရှင်ဘုရင့်ညီတော် အမြင့်မင်း၏အပါး၌ အနောက်အိမ်တော် ၏ အကြီးတော်အဖြစ် ခစားရသည်ဆို၏။
တစ်နေ့သ၌ အမြင့်မင်း၏လူပျိုတော် ငအောင်တင်နှင့် ရွှေနန်းတော်ကြီးထဲမှ အပျိုတော် မိမိတ်တို့ ချစ်ကြိုက် ရည်ငံမိကြသည် ဆို၏။ ကြိုက်မိပြီဆိုတော့ သမီးရည်းစားတို့ သဘာဝ နန်းတော်သစ်တပ်ထဲမှာ ချိန်းတွေ့ကြသပေါ့။ သမီးရည်းစားချိန်းတွေ့သည်ကို ဝါသနာမတားနိုင်သည့် အစောင့်တို့က ချောင်းကြည့်၊ ထိုမှ ငအောင်တင်ကို မနာလိုဖြစ်ကာ ဝိုင်းဖမ်း၊ ငအောင်တင်ကလည်း အလွန်လျင်လှသူဖြစ်လေရာ ဖမ်းလို့မမိ။ သို့နှင့် ဘုရင်ကိုသွားပြီး ဂုန်းတိုက်လေ၏။
ဘုရင်ကလည်း (သူသာ မယားတွေ တလှေကြီးယူချင်ယူရမယ်) လူငယ်တို့ဘာဝ ချစ်ကြကြိုက်ကြတာကို အပြစ်ကြီး တစ်ခုဟု ယူဆလျက် ငအောင်တင်ကို ဦးမြတ်စံထံမှာ ရအောင်တောင်းလေ ဟု လုပ်လေ၏။ ဦးမြတ်စံက ငအောင်တင် ကို ထုတ်မပေးသည့်အခါ “သယ် - ငမြတ်စံကို နဖူးမှာ စာတမ်းထိုးစေ” ဟု အမိန့်ချသတတ်။ $ကျိုးနဲဘုရင်ပါပေ့။
ထိုသည့်အခါ ငမြတ်စံ၏ မဟေသီ မိရွဲလည်း အမယ်မင်း၊ ငါ့ချစ်ချစ်တော့ တသက်လုံး နဖူးမှာ စာတန်းကြီးနဲ့ ဖြစ်တော့မှာဘဲ ဟု ရင်ထုမနာဖြစ်ကာ ရှင်ဘုရင့်အမေထံ အသနားခံ။ အမေကဖြောင်းဖျပြောဆိုတော့ ရှင်ဘုရင်က နဖူးစာတမ်းထိုးမည့် အစား မဲဇာပို့စေ လုပ်လေ၏။
ငအောင်တင်က မိမိတ်ကိုကြိုက်မိတာနှင့်ဘဲ ကြားထဲက ငထွားမှာ ခါးနာလျက် အမတ်မင်း ဦးမြတ်စံမှာ မဆီလေးရယ်တဲ့မှ အိုမဆိုင် မဲဇာသို့ ညောင်းရလေသတည်း။
ဦးမြတ်စံမှာ လူမနီးသူမနီး မဲဇာမြိုင်ထဲ၌ မီးမရ၊ အင်တာနက်မရ။ ဖွဘုတ်လည်းကြည့်လို့မရဆိုတော့ ဒွတ်ခနှင့်လှလှနှင့် တိုးရလေတော့၏။
ကိုနေဝင်းက သူ့ကောင်မလေးကြောင့် “စစ်ကိုင်းလမ်း” ကို ရေးဖွဲ့သီကုံးသည်ကို အားကျသဖြင့် ကိုရင်ကြီးမြတ်စံလည်း “မဲဇာတောင်ခြေ” ရတုကို စပ်ဆိုသည် ဟူသတတ်။
ကိုရင်ကြီးမြတ်စံ၏ ရတုကိုရလေသော် မိရွဲလည်း မယ်တော်ကြီးထံ ရတုကို ဆက်သွင်းလေ၏။ မယ်တော်ကြီးက သနား တော်မူ၍ ဦးမြတ်စံကို ပြန်ခေါ်ပါရန် သားဖြစ်သူ အူကြောင်ကြားဘုရင်ကို နားချ။ ထိုအခါကျမှ ရှင်ဘုရင်လုပ်သူလည်း ဦးမြတ်စံကို အပြစ်မှလွှတ်ခါ မဲဇာမှ ပြန်ခေါ်လေသတည်း။
ကျမ်း -
ငအောင်တင် မိမိတ်ကို ကြိုက်တာနှင့်ဘဲ ကိုရင်ကြီးမြတ်စံကို နဖူး စာတမ်းထိုးခိုင်းသတဲ့။
ဦးမြတ်စံရတုဖတ်ရပြန်တော့ စိတ်ပြေကာ အပြစ်က လွှတ်သတဲ့။
အတော့်ကို အူကြောင်ကြောင်နိုင်တဲ့ဘုရင်။
ငါလုပ်တာ မှန်သလား၊ မှားသလား။ ဟုတ်သလား၊ မဟုတ်သလား စဉ်းစားချင့်ချိန်နိုင်စွမ်းမရှိ။
ဒါနဲ့များ တနိုင်ငံလုံးရဲ့ထိပ်မှာ နေချင်သေး။ ဖွမ်
လူတစ်ယောက်ရဲ့ သေခြင်း/ရှင်ခြင်း၊ ကံကြမ္မာဟာ ရှင်ဘုရင်လို့ အမည်ခံထားတဲ့ သူတစ်ယောက်တည်းပေါ်မှာ မူတည် နေတာပါကလား။
အဲသလို ဘုရင်တွေ စိတ်ထင်တိုင်း ရူးကြောင်ကြောင် အလုပ်တွေ လုပ်ခဲ့လို့ လူပေါင်းများစွာ သေကြေပျက်စီးခဲ့ရပေါင်း များလှပါပြီ။
အနော်ရထာဆိုတာလည်း မင်းလောင်းပေါ်မယ်ဆိုတော့ ကိုယ်ဝန်ဆောင်တွေကိုသတ်၊ ကလေးငယ်တွေကိုသတ်၊ နွားကျောင်းသားအရွယ်တွေသတ် ဆိုပါလား။ ဟုတ်ချင်မှလည်း ဟုတ်မှာပေါ့လေ။ ဟုတ်ချင်လည်း ဟုတ်မှာဘဲ။ ကျုပ်မသိ။
သေချာတာတစ်ခုကတော့ စုဖုရားလတ်ဆိုတဲ့ ဆတ်ကော့လတ်ကော့နဲ့ သူ့အမေ ဆင်ဖြူမရှင်ဆိုတဲ့ဟာမကြီးကြောင့် လူတော်လူကောင်း တော်တော်များများ အသတ်ခံရတာ။
နေစမ်းပါအုံး။ ဒါနဲ့ ဘာကိစ္စ အဲဒီ အူကြောင်ကြောင် ကျပ်မပြည့်တွေ ဘာ့ကြောင့် နိုင်ငံ့အထွတ်အထိပ်နေရာကို ရောက်ကြရတာတုံး။ တစ်နိုင်ငံလုံးမှာ သူတို့တဲ့ တော်တဲ့တတ်တဲ့သူတွေ အပုံ။
ကိုယ်ကအဲသလိုပြောတော့ သားက ဘာပြောတယ်မှတ်တုံး။
အဲဒါ ဘာဖြစ်လို့လဲ ဖေကြီးသိလား။
တော်တဲ့တတ်တဲ့သူတွေကျတော့ လိမ္မာတယ်လေ။ အဲဒီ နိုင်ငံ့တာဝန်ဆိုတဲ့ အင်မတန် ခေါင်းစားလှတဲ့ တာဝန်ကြီးကို မယူချင်ကြဘူး။
အဲဒီအခါကျတော့ ဟို အချောင်သမားတွေ နေရာရကုန်ကြတော့တာပေါ့ တဲ့။
ကျုပ်ပြောတာဟုတ်ပေါင်။ ၁၆ နှစ်သား ကျုပ်သားပြောတာ။
ဖတ်ရှုအားပေးသူအပေါင်းကို ကျေးဇူးတင်ပါ၏။
အေးငြိမ်း
၁၉ နိုဝင်ဘာလ၊ ၂၀၂၂
ညနေ ၄ နာရီ၊ ၄၅ မိနစ်
(OCBC ဘဏ်တွင် ဘဏ်ကဒ်လုပ်ဖို့တန်းစီရင်း ရေးသည်။)
No comments:
Post a Comment