သည်ကဲ့သို့သော ပို့စ်ကလေးများ ယခင်ကလည်း ကျွန်ုပ် ရေးခဲ့ဖူးပါ၏။ ယခုလည်း မနေနိုင်၍ ကျွန်ုပ်၏ ရှားတောင့်ရှားပါး အချိန်ကလေးများထဲမှ ဖဲ့၍ ရေးလိုက်ရပြန်ပါကြောင်း။
(ယခင်ကျွန်ုပ်ရေးခဲ့သည့် ဆောင်းပါးကလေးများအား ဖတ်ရှူလိုသူတို့ ကျွန်ုပ်၏ blog တွင် ဖတ်နိုင်ပါ၏။
Link: shwenyein.blogspot.com)
၁။ ၂၀၁၂၊ ရေကြည်ကုန်းဘုန်းကြီးနှင့် ရှမ်းဘုန်းကြီးအိပ်မက်များ (နိုဝင်ဘာလ၊ ၂၀၀၉)
၂။ ယောဂီစိတ္တရ၊ ဓမ္မဝိဇ္ဇာဆရာကြီး (ဇန္နဝါရီလ၊ ၂၀၁၀)
၃။ ယုန်သူငယ် ၊ပညာ၏တန်ဖိုး နှင့် ကာလာမသုတ် (မတ်လ၊ ၂၀၁၁)
၄။ ဓမ္မစေတီခေါင်းလောင်း၊ ပညာ နှင့် (ဩဂုတ်လ၊ ၂၀၁၄)
၅။ ကျွန်ုပ်နှင့် ဘာသာရေးမှိုင်းများအကြောင်း (ဧပြီလ၊ ၂၀၂၀)
ဟိုတစ်နေ့က ဆြာမိုးပေးပို့လာသဖြင့် ဖေ့စ်ဘုတ်မှ စာတိုလေးတစ်ခု ဖတ်မိရပါ၏။
အခြားမဟုတ်။
တစ်ဦးတစ်ယောက်သောသူက သေသူအတွက် လေချွန်နတ်ကို သွားမေးသည်ဆို၏။ လေချွန်နတ်က သေသူသည် မကောင်းမှုများ ပြုထားသဖြင့် ငရဲသို့ရောက်မည်။ ၁၅ သိန်းပေးလျှင် ငရဲကလွတ်အောင် လုပ်ပေးမည် ဆို၍ ပိုက်ဆံ (၁၅) သိန်း ပေးလိုက်ရသည့် အကြောင်း ဖြစ်၏။
ထိုအကြောင်းကို ကွန်မင့်များရေးကာ ရှယ်ထားကြသူများကိုလည်း အများအပြား တွေ့ရ၏။
အမှန်ဆို ဤသည့်ဖြစ်ရပ်မှာ ဆန်းလှသည်တော့ မဟုတ်။
မြန်မာပြည်တွင်သာမဟုတ်။ ကမ္ဘာပေါ်တွင် ဤကဲ့သို့သော ဖြစ်ရပ်များ အများအပြားပင် ဖြစ်ခဲ့ဖူးလေပြီ။
အဓိက ပြဿနာမှာ လူတို့၏ ဆင်ခြင်စဉ်းစားဉာဏ် ကင်းမဲ့မှုနှင့် ယုံလွယ်တတ်မှုတို့ ဖြစ်၏။
ကိစ္စတစ်ခုကို ဟုတ်သည်မဟုတ်သည်၊ တော်၏မတော်၏။ မှားမှန်၊ ကောင်းဆိုး စဉ်းစားချင့်ချိန်နိုင်ခြင်းကို ပညာဟု ခေါ်၏။
ပညာဟူသည် ဘယ်တက္ကသိုလ်က ဘာဘွဲ့ကြီး ရလာခြင်းနှင့် မဆိုင်။
သူ့ဘာသာသူ ဘာတက္ကသိုလ်က ဘာဘွဲ့ကြီး ရလာသည်ဖြစ်စေ။ ဒူသူသည် ဒူသည်သာ ဖြစ်ချေ၏။
ဦးစံလင်းက ဓမ္မစေတီခေါင်းလောင်းကြီးကို ရေအောက်တွင် နဂါးမင်းများက ဆီမီးထွန်းကာ ပူဇော်နေကြသည် ဆိုတော့လည်း လူများမှာ ကမ်းလုံးညွတ်မျှ လာကြည့်ကြ၏။ ထိုလူအုပ်ထဲတွင် ဖင်ကလေး တွန့်ကာ တွန့်ကာ လမ်းလျှောက်တတ်၍ ဗိုလ်ဖင်တွန့်ဟု အများက ၆မြင်ကပ်စနိုး (ချစ်စနိုး မဟုတ်) ဖြင့် ခေါ်ဝေါ်သမုတ်နေကြသူ တစ်ဦးလည်း အပါအဝင် ဖြစ်၏။ ကျွန်ုပ်အနေနှင့်မူ ရေထဲတွင် ဆီမီးထွန်းသည် ဆိုခြင်းကို မအံ့ဩ။ ရေထဲတွင် ဆီမီးထွန်းသည် ဆိုတာကို ယုံသူများအား အံ့ဩခြင်း ဖြစ်သတည်း။ ဘယ်လိုလူတွေပါလိမ့် ဟု။
မင်းအောင်လှိုင်သည်လည်း နဂါးပွက်အိုင်ဆိုကာ ရွှံ့ဗွက်ထဲသို့ နွားနို့များ သွန်ချခဲ့ဖူး၏။ ဤသည်ကပင်လျှင် ၎င်း၏ ပညာရည် အဆင့်အတန်း မည်မျှနိမ့်ကျလှသည်ကို ဖော်ပြလျက်ရှိ၏။ ဤမျှပညာနည်းပါးသူ အုပ်ချုပ်နေသည့် ထိုသည့် အဖွဲ့အစည်းကြီးကား ဘာပြောစရာကောင်းပါတော့မည်နည်း။ ဤမျှတွေးခေါ်ဆင်ခြင်နိုင်စွမ်း နည်းပါးသူက လုပ်ရ ကောင်းမှန်းမသိ၊ မလုပ်ရကောင်းမှန်းမသိ။ ပေါက်တတ်ကရတွေ လျှောက်လုပ်နေတာ နည်းနည်းကလေးမှ အံ့ဩစရာ မကောင်းလှပါလေ။
အနှီမင်းအောင်လှိုင်သည် အထက်က ၁၅ သိန်းပေးခဲ့သူနှင့် ဘာများကွာပါသနည်း။ အတူတူပင်ဖြစ်၏။
အမှန်ဆို လုပ်သာစားတတ်ပါက သည်ကမ္ဘာပေါ်တွင် ငွေရပေါက်ရလမ်းများ အတော်များလေ၏။
အထက်ပါ လူတို့၏ လောဘ၊ မောဟများကို အခြေခံကာ ဘာမှအလုပ်လုပ်စရာမလိုဘဲ ပိုက်ဆံကို သဲ့ယူသလို ရှာစားနိုင်၏။
သို့သော် ယခု သည်မျှ ဆိုးညစ်ယုတ်မာလှသည့် လူသတ်ကောင်များကို ကိုးကွယ်နေသော မစ်စတာဒေါက်တာ နှင့် မစ်စက် ဒေါက်တာမကြီးများမှာမူ ပညာနည်းပါးလှတာ တစ်ခုတည်းမဟုတ်တော့။ ၎င်းတို့တွင် အတ္တကြီးမှု၊ တစ်ကိုယ်ကောင်းဆန်မှု၊ လောဘကြီးမှု၊ ရာထူးလိုချင်မှုနှင့် လုပ်ပိုင်ခွင့်မက်မှုတို့ပါ ဒွန်တွဲပါလျက် ရှိ၏။ ထိုအထဲတွင် ဒေါက်တာချာလီသန်းကဲ့သို့ ကျွန်ုပ်တစ်ခါက အထင်ကြီးမလိုလိုဖြစ်ခဲ့ဖူးသူများပါ ပါနေသည်ကို တွေ့ရသည့်အခါ ကျွန်ုပ်မှာ အံ့ဩလွန်း၍ သေမတတ်ပင် ဖြစ်မိလေတော့၏။ (များမကြာမီကမူ ဒေါက်တာချာလီသန်းကို ဒေါက်တာ ချာတူးလန်ဟု အမည်ပြောင်းလိုက်ကြောင်း မြန်မာပြည်တလွှား မည်သူမှမဖတ်သည့် ကျေးမှုန်လိမ်ဇင်သဒင်းဇာကြီး၌ ကြေငြာထားတာ တွေ့မိလိုက်သလိုလို ရှိ၏။)
အပြင်ဘန်း ကြည့်လိုက်လျှင် လေချွန်နတ်ကြီးကို (၁၅) သိန်းပေးသူအား အတော်ပိန်းသူဟု ထင်မြင်မိကြပေလိမ့်မည်။ ကျွန်ုပ်ကမူ အနှီဒေါက်ချာ/ဒေါက်ချာမဂျီးများသည်လည်း (၁၅) သိန်းသမားထက် မပိုဟုပင် ယူဆပါသည်။ (၁၅) သိန်း သမားမှာ ပြောင်ပိန်းခြင်းဖြစ်၍ ဒေါက်ချာကြီးများမှာမူ ပါးပါးလေးနှင့် ပိန်းနေသူများ ဖြစ်သတည်း။
၎င်းတို့ကို ကျွန်ုပ်က ပက်ပက်စက်စက် ဝေဖန်လိုက်သည့်အခါ ၎င်း၏ ဘက်တော်သားများက ကျွန်ုပ်ကို ပယ်ပယ်နယ်နယ် သမပါသည်။ ၎င်းတို့မှာ ကျွန်ုပ်၏ တစ်ချိန်က မိတ်ဆွေတော်ခဲ့ဖူးသူများ ဖြစ်နေလေရာ ယခုအခါ ကျွန်ုပ်သည် ဝမ်းမနည်းလှစွာပင် ၎င်းတို့ကို ကျွန်ုပ်၏ မိတ်ဆွေစာရင်းမှ (စာရင်းစာအုပ်ထဲတွင် လက်ရေးနှင့်ရေးမှတ်လျက်) အပြီးတိုင် ဖယ်ရှားပစ်လိုက်ပါတော့သတည်း။
မင်းအောင်လှိုင်နှင့်တကွ သူ့ဘောကို ချိုလှချည့်ဟု လျက်နေသူအပေါင်းသည် မနှေးအမြန် မသာပေါ်ကြပါစေ ကုန်သတည်း။
လူအချင်းချင်း၊ ဂျင်းထည့်ခြင်း၊ ကင်းရှင်းကြပါစေ။
ကျေးဇူးတင်ပါသည်။
အေးငြိမ်း
၂၈ ဩဂုတ်လ၊ ၂၀၂၁
((ဆီမဆွတ်ပဲ ဂျင်းထည့်လိုသူများ ဆရာကြီး မဟာဂီတဦးပြုံးချို ၏ နေအေးလိမ်နည်းများ စာအုပ်ကို ဖတ်ပါလေ။))
No comments:
Post a Comment