Monday, August 16, 2021

ကျွန်ုပ်နှင့် ရေဆင်းအကြောင်း (၂)

(၅) စိုက်ပျိုးရေးအင်ဂျင်နီယာ ဆိုတာ

 

ကျွန်ုပ်၏ ရေဆင်းတွင်နေခဲ့ရသော ဘဝကိုသာ ပြန်ပြောင်းရေးပြရလျှင် ဝတ္ထုစာအုပ်တစ်အုပ်စာလောက် ရှိပါလိမ့်မည်။ ယခုမူ အကျဉ်းရုံးပြီး အနည်းငယ်မျှသာ ပြဆိုပါအံ့။

 

ရေဆင်းသို့ မျက်စိလည် လမ်းမှားပြီးရောက်လာသူမှာ ကျွန်ုပ်တစ်ယောက်တည်းသာ မဟုတ်။ ဒေါ်သင်းသင်းနိုင်လည်း ပါ၏။ ထိုစဉ်က ကျွန်ုပ်တို့မှာ ကျောင်းပြီးခါစ၊ အဲလေ ကျောင်းပြီးတော့ အလုပ်မရလို့ တလည်လည်ဖြစ်နေတာ (၄) နှစ်လောက် ကြာသေးတယ် ဆိုတော့ အသက်အားဖြင့် ၂၈ နှစ်။ သင်ရတဲ့အတန်းကလည်း တတိယနှစ်နှင့်နောက်ဆုံးနှစ် ဆိုတော့ ကျောင်းနေပျော်သည့် ကျောင်းသားကြီးများနှင့်ဆိုလျှင် အသက်မှာ မတိမ်းမယိမ်း။ သည့်အတွက် ဆရာမပေါက်စန၊ အသစ်ကျပ်ချွတ်လေးကို ကျောင်းသားကြီးများက သိပ်မခန့်ချင်။ မေးခွန်းများ ထုတ်လေ၏။

 

ခုမှ ဆရာမဖြစ်ခါစဆိုတော့ သူကလည်း သိပ်မလည်မဝယ်။ ဟိတ်၊ နင်တို့ ငါ့ကို ဘာမှ အထွန့်တက်မနေနဲ့။ ငါပြောတဲ့ အတိုင်းသာ ကျက် ဟု ဟောက်ထားရသည် ဆို၏။ သူ့မှာ စာသင်သည့် စတိတ်ခုံပေါ်တွင် ဒူးများတုန်ကာ ချွေးများပြန်နေလေ၏။ ကျောင်းသားများ ဘက်သို့ မျက်နှာမလှည့်ရဲ။ နောက်တော့ ဆရာပါးမဝသေးမီ အလုပ်ထွက်သွားလေရာ ကျွန်ုပ်မှာ "ဖုန်းမောင်မှာတော့ တစ်ယောက်တည်း" ဖြစ်ကျန်ခဲ့ရလေ၏။

 

ကျွန်ုပ်တို့ ရေဆင်းရောက်စ ရက်များက အရေးအခင်းနှင့် ကျောင်းများ ရက်ရှည်ပိတ်ထားသည်ဖြစ်ရာ စာမသင်ရ။ ဆရာဦးလှထွန်းက သင်ရမည့်စာအုပ်များပေးကာ ဖတ်ခိုင်းထား၏။ နောက်ပြီး လက်တွေ့လုပ်ရမည်များကို ပြ၏။ စာသင်သည့် အလေ့အကျင့်ရအောင် ဆိုကာ ဌာနကဝန်ထမ်းများကို စာသင်ခိုင်း၏။ 

 

ဘာမှလုပ်စရာ အထွေအထူးမရှိတော့ ကျွန်ုပ်တို့မှာ စာလေးဖတ်လိုက်၊ ဟိုဟာသည်ဟာ လုပ်လိုက်နှင့် တကယ့်ကို ယောင်ခြောက်ဆယ်ဖြစ်၏။ အလွန်ပျင်းစရာ ကောင်းလေသည်။ နောက်တော့ ဝန်ထမ်းတို့ထုံးစံအတိုင်း ဖောင်ကြီးတက်ရ၏။

ဖောင်ကြီးကပြန်လာတော့ စာသင်နေရပြီ။ ထိုစဉ်ကဖွင့်သော ကျောင်းမှာ (၆) လတစ်တန်းဖြစ်၏။ ရီစရာတော့ အတော် ကောင်းလေ သည်။ စာသင်နှစ်တစ်နှစ်တည်းကို စီနီယာ၊ ဂျူနီယာဟု နှစ်တန်းခွဲကာ သင်ရ၏။ ကျောင်းရက်ရှည် ပိတ်ထားစဉ်က အကြွေးတင်နေ သည့် ကျောင်းသားများကို အမြန်ရှင်းထုတ်ရန် ကြံစည်ကြခြင်းဖြစ်လေသည်။ တိုင်းပြည့်ခေါင်းဆောင်ဟု ဆိုအပ်သော ထိုလူကြီးများ ၏ အမြော်အမြင်ကြီးမှုကို ကျွန်ုပ်မှာ ချီးမကျူးဘဲ မနေနိုင်။

 

ကျွန်ုပ် ပထမဆုံး စာစသင်ရသည့်နေ့ကိုလည်း မမေ့နိုင်ပါလေ။ စာသင်ရတော့မည်ဆိုတော့ ဒူးတွေရင်တွေ တုန်သပေါ့။ အနို့ မွေးကတည်းက လူရှေ့သူရှေ့ထွက် စာသင်ရမှာ သည်တစ်ကြိမ်သည် ပထမဆုံးအကြိမ် မဟုတ်ပါလား။ သို့နှင့် တိုက်ပိုင်ကြီးဝတ်ကာ စာသင်ရမည့် T3 သို့ ကျွန်ုပ် ခပ်တည်တည် တက်လာခဲ့၏။ ကျွန်ုပ်တို့ဌာနက တောင်အောက်မှာ။ T3 က တောင်ပေါ်မှာ။ စာတိုက်ရှေ့ရောက်မှ ဟိုက်၊ အဲဒါမှ ဒွတ်ခ ဟု မြေဖြူဘူး မေ့ကျန်ခဲ့မှန်း သတိရ၏။ သို့နှင့် ဌာနသို့ အပြေးပြန်ကာ မြေဖြူဘူး ပြန်ယူရ လေ၏။ စာတိုက်နှင့် ဌာနမှာ အတော်လှမ်း၏။ နဂိုကမှ ရင်တုန်ပန်းတုန်ဖြစ်နေသည့် ကျွန်ုပ်မှာ စာသင်ချိန်တစ်ချိန်ကို ဘယ်လိုပြီးလို့ ပြီးသွားမှန်းတောင် မသိလိုက်။ 

 

သည်အကြောင်းပြန်ပြောပြတော့ ဆရာမ ဒေါ်မြမြအုံးက ဆရာရယ်၊ အနားမှာရှိတဲ့ ဌာနတစ်ခုခု ဝင်ယူလိုက်လည်း ပြီးတာပဲဟာ ဟု ရီလျက် ပြောပါသည်။ သူပြောတာတော့ ဟုတ်သပေါ့။ သို့သော် ကိုယ်က စာသင်ရမယ်ဆိုလို့ ကယောင်ချောက်ချားဖြစ်နေလေတော့ အဲဒါတွေ ဘယ်သတိရပါမတုံး။ မြေဖြူဘူးကျန်ခဲ့ပြီဆိုတော့ ပူထူသွားကာ အတင်း ပြန်ဆင်းပြေးယူတာ ဖြစ်လေ၏။ စကတည်းက ယဉ်သကို။

 

နောက်တော့လည်း စာသင်ရသည့်အလုပ်တွင် ပျော်မွေ့လာပါသည်။ ပျော်သမှ စာသင်ခန်းထဲမှာ သင်ရတာ အားမရလို့ စက်ပြင် သင်တန်းဆိုပြီး သင်တန်းတွေ တစ်ခုပြီးတစ်ခုဖွင့်ကာ ညနေပိုင်းတွင် သင်ပါသေး၏။

 

(၆) စိုက်ပျိုးရေးအင်ဂျင်နီယာဘာသာ

 

စိုက်ပျိုးရေးတက္ကသိုလ်တွင်သင်သည့် Agricultural Engineering ဘာသာရပ်တွင် ဘာသာရပ်ခွဲ သုံးခုရှိ၏။ Farm Power, Farm Survey နှင့် Farm Mechanization တို့ ဖြစ်၏။ Farm Power ကို ဆရာဦးမန်းဖေ သင်၏။ သူက လေဖြတ်ထားလို့ လမ်း ကောင်းကောင်း မလျှောက်နိုင်။ စာလည်း သိပ်မရေးနိုင်။ ပင်စင်ယူဘို့ နှစ်အနည်းငယ်သာ လိုတော့သဖြင့် ဆက်သင်ခိုင်းထားတာ ဖြစ်၏။ အမှန်က ကျွန်ုပ်လည်း သည်ဘာသာရပ်ကို စိတ်ဝင်စားသဖြင့် ဆရာထိုင်နေပါ။ ကျွန်တော်သွားသင်လိုက်မယ် ဆိုကာ သင်မည် ဆိုက သင်နိုင်လေသည်။ သို့သော် ကျွန်ုပ်မှာ ဤမျှ အမြော်အမြင်ကြီးသူတစ်ဦးမဟုတ်သဖြင့် ထိုအချိန်က သူ့အစားသင်ဘို့ကို မေ့လျော့နေခဲ့၏။

 

Farm Survey ကို ဆရာဦးခင်မောင်တင့် သင်၏။ သူ့ပုံစံက ပြဇာတ်မင်းသားဟန် ဖြစ်၏။ စကားကိုတောင် ကျွန်ုပ်တို့လို ခြေလွတ်လက်လွတ်မပြော။ အင်မတန် ထိန်းထိန်းသိမ်းသိမ်းနှင့် တစ်လုံးချင်း ပြော၏။ အခြားသူများနှင့် သိပ် ရောရော နှောနှောနေတာ မတွေ့ရ။ အဲလေ၊ တစ်ဌာနတည်းတောင်မှ ကျွန်ုပ်နှင့်လည်း သိပ်မရောဖြစ်ပါ။ 

 

Farm Mechanization ကို ကျွန်ုပ်မရောက်မီက ဆရာဦးလှထွန်း သင်၏။ ကျွန်ုပ်ရောက်လာတော့ ကျွန်ုပ်ကို လက်လွှဲလိုက်၏။ အမှန်မှာ သူအလုပ်ထွက်ချင်၍ ဆရာဦးလှထွန်းက ကျွန်ုပ်တို့ကို ခေါ်လိုက်ခြင်း ဖြစ်၏။ အလုပ်ထွက်သည့်တိုင် နောက်ပိုင်းတွင် ရေဆင်း၌သာ အခြေချပြီး ရေဆင်းတွင်ပင် ဆုံးပါးသွားတာ ဖြစ်ပါသည်။ သူ့ဆိုင်ဖြစ်သော မွန်မင်းသား ကတော့ ယနေ့တိုင် ရှိသေး၏။ ကျွန်ုပ်နှင့် သူတို့မိသားစုတို့ တရင်းတနှီးရှိလှ၏။ 

 

Farm Power ဆိုသည်မှာ အင်ဂျင်အကြောင်း ဖြစ်၏။ အင်ဂျင်တစ်လုံး အလုပ်လုပ်ပုံကို အဓိကထား သင်၏။ အင်ဂျင်တစ်လုံး၏ ဆီပေးစနစ်၊ မီးပေးစနစ်၊ အအေးခံစနစ်၊ ချောဆီစနစ် စသည်တို့ ဖြစ်၏။ ကျွန်ုပ်အနေနှင့် ကျောင်းသားများကို စက်ကိရိယာ ပြုပြင်မွမ်းမံထိန်းသိမ်းရေးသင်တန်း ဆိုကာ ညနေပိုင်း သင်တန်းဖွင့်ပြီး သင်တန်းမှတ်စုအဖြစ် ထုတ်ဝေခဲ့ပါသေး၏။ မြန်မာလိုရေးထားတာ ဖတ်လိုက်ရတော့ ကျောင်းသားများအနေနှင့် ပိုပြီး နားလည်သွား၏။

 

Farm Survey ဆိုတာကတော့ မြေတိုင်းနည်းပညာ ဖြစ်၏။ တစ်ခါတစ်ရံ ကျောင်းပိုင်စိုက်ခင်းများကို ကျွန်ုပ် လိုက်တိုင်း ပေးရသည့် အခါ ကျောင်းသားများကိုခေါ်ပြီး လက်တွေ့ရှင်းပြ၏။ 

 

Farm Mechanization မှာ အင်ဂျင်နီယာဘာသာရပ် စစ်စစ် ဖြစ်၏။ အင်ဂျင်နီယာပညာ အခြေခံမရှိသော ကျောင်းသားများကို သင်ရတာ အတော်ခက်လှ၏။ 

 

Farm Mechanization တွင် Power Farming, Farm Machinery, Energy Technology, Soil Mechanics စသည့် ဘာသာရပ်များ ပါ၏။ သည်ဘာသာရပ်ကို နောက်ဆုံးနှစ်မှ သက်ဆိုင်ရာ stream များတွင် သင်ရတာဖြစ်၏။ 

 

ကျောင်းသားများမပြောပါနှင့်။ သင်မည့် ကျွန်ုပ်တောင် သင်ခါစက အူလည်လည်ဖြစ်၏။ နောက်တော့မှ သင်ရင်း၊ ဖတ်ရင်း၊ မှတ်ရင်း လေ့လာရင်းနှင့် အနည်းအပါး တီးမိခေါက်မိ ရှိလာတာဖြစ်၏။ တကယ်တတ်သလားဟုမေးလျှင် တကယ်မတတ်ပါဟုပင် ပွင့်ပွင့်လင်းလင်း ပြောရပေမည်။

 

Farm Machinery မှာ စိုက်ပျိုးရေးလုပ်ငန်းအတွက် လယ်ထဲ၌သုံးသည့် စက်ကြီးများအကြောင်း ဖြစ်၏။ ကျယ်လည်း အလွန် ကျယ်ပြန့်ပါသည်။ လယ်ထွန်စက်အမျိုးမျိုး၊ မျိုးစေ့ချစက်၊ ကောက်စိုက်စက်၊ ပိုးသတ်ဆေးဖြန်းစက်၊ စပါးရိတ်စက်၊ စပါး ခြွေလှေ့စက်၊ အခြောက်ခံစက် အစရှိသော စက်များအကြောင်း ဖြစ်၏။

 

Energy Technology ကတော့ စွမ်းအင်မျိုးစုံအကြောင်း ဖြစ်၏။ လူစွမ်းအင်မှအစ ကျောက်ဖြစ်ရုပ်ကြွင်းစွမ်းအင်၊  လေစွမ်းအင်၊ ရေစွမ်းအင်၊ နျူကလီးယားစွမ်းအင်၊ ဘာစွမ်းအင်၊ ညာစွမ်းအင် အကုန်အစုံပါ၏။ 

 

Soil Mechanics ကတော့ မြေကြီးများအကြောင်းဖြစ်၏။ အထူးသဖြင့် လယ်လုပ်သည့်အခါ အသုံးပြုရသည့် စက်ကြီးများ နင်းသွားသဖြင့် မြေကြီးများကျစ်သိပ်သွားသည့်အခါ သီးနှံှများအပေါ် အကျိုးသက်ရောက်မှု၊ ထို့ကြောင့် မြေကြီးမကျစ်အောင် စက်ကို ဘယ်လိုမောင်းရမည်။ မြေကြီးကျစ်လျှင် ဘယ်သို့လုပ်ကြမည် ဆိုသည့်အကြောင်းများ ဖြစ်၏။ အားလုံးမှာ အင်ဂျင်နီယာ ဘာသာရပ် သီးသီးဖြစ်၍ နားလည်ရန် အတော်ခက်ခဲလှ၏။ ဆရာဖြင့် သေသေချာချာ ကျကျနန သင်ပေးမှ ဖြစ်မည်။

 

အမှန်က ကျွန်တော်လုပ်ချင်သည်မှာ သည်လို စာချည်းကုန်းသင်နေဘို့မဟုတ်ဘဲ မြန်မာနိုင်ငံအနှံ့မှ မိရိုးဖလာ လယ်ယာသုံး ကိရိယာ များကိုလေ့လာ။ သူ့ဒေသနှင့် ကိုက်ညီအောင် ပိုမိုကောင်းမွန်မည့် ကိရိယာများအဖြစ် တီထွင်ရန် သုတေသန ပြုချင်တာ ဖြစ်၏။ အမေရိကန်ကထုတ်သည့် Farm Mechanization ဂျာနယ်တစ်ခုတွင် အာဖရိက၌ သည်ကဲ့သို့ လုပ်နေကြသည်ကို တွေ့ရာမှ စိတ်ကူး ရခြင်းဖြစ်၏။ စိုက်ပျိုးရေး သုတေသန၊ အသေးစားလယ်ယာသုံးကိရိယာ သုတေသနဌာနမှ ဦးသန်းရှိန်ကလည်း သူလုပ်ထားတာတွေ ပြပါသည်။ သူကလည်း လုပ်စေချင်၏။ သို့သော် သည်ကိစ္စက ပိုက်ဆံ အတော်ကုန်မည့်ကိစ္စဖြစ်သည့်ပြင် ရလာမည့်အကျိုးအမြတ်မှာ မသေချာလှသဖြင့် ကျွန်ုပ်အနေနှင့် လက်လျှော့လိုက်ရခြင်း ဖြစ်၏။

 

(၅) နိဂုံး

 

ကျွန်ုပ်တို့၏ ပျိုမြစ်နုနယ်မှုကို အချိန်က တိုက်စားသွားခဲ့ချေပြီ။ ကျွန်ုပ်သင်ခဲ့ရသော တပည့်များပင် ယခုအခါ ဆံပင်များ ဖြူစပြုနေပြီ ဖြစ်၏။ အချို့က ဒေါက်တာကြီးများ၊ အစိုးရဌာန အရာရှိကြီးများ ဖြစ်နေကြပြီ။ အချို့မှာ စိုက်/တက္ကသိုလ်၌ပင် ရာထူးကြီးကြီးများသို့ ရောက်နေကြလေပြီ။ သို့သော် ကျွန်ုပ်အဖို့မူ ရေဆင်းအကြောင်း ပြန်တွေးမိတိုင်း ကိုယ့်ကိုယ်ကိုယ် အသက် ၃၀ လောက်သာ ထင်မိ၏။ 

 

ကျွန်ုပ်၌ ရေဆင်းနှင့်ပတ်သက်၍ ရေးစရာ အများအပြားရှိပါသည်။ သို့သော် ယခုပင် စာမျက်နှာ အတော်စားသွားပြီ ဖြစ်၍ သည်မျှနှင့် ရပ်ပါမည်။ အခြေအနေပေးလို့ နောက်နှစ် ဆက်ရေးခွင့် ရဦးမည်ဆိုလျှင် စိုက်ပျိုးရေး အင်ဂျင်နီယာ ဘာသာရပ်အကြောင်း မိတ်ဆက် ပေးလိုပါသေး၏။ သည်ဆောင်းပါးအစက ပျိုးထားခဲ့သည့် မြန်မာနိုင်ငံတွင် စက်မှုလယ်ယာစနစ် မအောင်မြင်ရခြင်းအကြောင်းနှင့် အောင်မြင်အောင် ဘာတွေ လုပ်သင့်သည်ဆိုသည့်အကြောင်းများကိုလည်း ရေးချင်လှ၏။ 

 

လွန်ခဲ့သော ၈ နှစ်ခန့်က စက်မှုလယ်ယာထူထောင်ရေးနှင့်ပတ်သက်ပြီး ဆောင်းပါးရှည်တစ်စောင်ရေးကာ Living Colour မဂ္ဂဇင်းတွင် ထည့်ခဲ့ဖူး၏။ အမှန်က သည်ဆောင်းပါးကို ဤကဲ့သို့ စက်မှုလယ်ယာအကြောင်းရေးရန် စလိုက်တာ ဖြစ်၏။ ရေးရင်းနှင့်မှ ရေဆင်းက အကြောင်းတွေ ခေါင်းထဲအစီအရီပေါ်လာသဖြင့် အကြောင်းအရာ ပြောင်းသွားရခြင်း ဖြစ်သတည်း။

 

ကျေးဇူးတင်ပါသည်။

 

အေးငြိမ်း

၂၅ သြဂုတ်လ၊ ၂၀၁၉ ခုနှစ်

No comments: