Tuesday, September 14, 2021

ဟိုင်းဝေးဓားပြ တစ်ခန်းရပ် ပြဇာတ်

များမကြာမီ​ ကျွန်ုပ်တို့ပြည်သူများ အောင်ပွဲခံနိုင်တော့မည်။

ထိုအခါ ထိုအောင်ပွဲခံအခမ်းအနား၌ ပြဇာတ်ဖြင့် ဖျော်ဖြေတင်ဆက်နိုင်ရန် ကျွန်ုပ်က ထိုးဇာတ်ကလေး တစ်ပုဒ် ရေးထားပါ၏။

ထိုထိုးဇာတ်ကို အများပြည်သူတို့ မြည်းစမ်းကြည့်နိုင်ရန် တင်ပြလိုက်ပါသည်။

 

အခန်း (၁)

 

အပြင်အဆင်။      ။ မဏ္ဍပ်တစ်ခုပုံစံ နောက်ခံထားစေ။ အမျိုးသမီးတချို့ ဖီးလိမ်းပြင်ဆင်နေစေ။ အစိမ်းရောင်ဝတ် အမျိုးသားအချို့မှာ ထိုအမျိုးသမီးများကို ကွက်ကြည့်ကွက်ကြည့်လုပ်ရင်း တီးတိုး တီးတိုး သဖန်းပိုးဖြင့် ပါးစပ်မှ ကျလာသည့် သွားရည်များကို မကြာခဏ သုတ်နေစေ။

 

မဏ္ဍပ်၏ အခြားတစ်ဖက်တွင် အိုးကြီးအိုးငယ်များဖြင့် ချက်ပြုတ်နေစေ။ အချို့မှာ ငှက်ပျောအူတိုင်များကို အကွင်းလိုက်၊ အကွင်းလိုက် လှီးနေစေ။ (ဖြစ်နိုင်လျှင် မုန့်ဟင်းခါးနံ့ပါ သင်းပျံ့ထွက်လာစေရမည်။)

 

ဇာတ်ခုံအလယ်ခန့်တွင် ပုခုံးပေါ်၌ ဘာအခက်အလက်များ တင်ထားမှန်းမသိသော၊ အစိမ်းရောင် အဝတ်အစားများ ဝတ်ဆင်ထားသူတစ်ဦး ဘီယာသောက်လိုက်၊ စီးကရက်ဖွာလိုက်ဖြင့် ဘာသောက်လုပ်မှ လုပ်စရာမရှိဘဲ ဇိမ်ကျနေစေ။ ၎င်း၏ဘေးတွင် အစိမ်းရောင် အဝတ်အစား နွမ်းနွမ်းများ ဝတ်ဆင်ထားသူနှစ်ဦးမှာ တစ်လောကလုံးကို စိတ်ပျက်နေသည့် အမူအရာဖြင့် ကြမ်းပြင်ပေါ်ထိုင်ကာ ဖုန်းပွတ်နေစေ။ “တောက်၊ ဗိုက်ဆာလိုက်တာကွာ” ဟု ငြီးသံသဲ့သဲ့ ၎င်းတို့ထံမှ မကြာမကြာ ပေါ်ထွက်လာစေ။

 

ခဏအကြာတွင် ဘီယာဖြင့် ဇိမ်ကျနေသူကြီး၏ရှေ့ စားပွဲပေါ်တင်ထားသည့် ဖုန်း (၅) လုံးအနက်မှ နောက်ဆုံးပေါ် အကောင်းတကာ့ အကောင်းဆုံးဖုန်းတစ်လုံးသည် မီးများပြိုးပြိုးပျက်ပျက်လင်းလျက် အသံမြည်လာစေ။

 

ကလင် တင် တင် တင် တင် စ် . . . . 

 

ပုခုံးပေါ်မှ အခက်များကို မနိုင့်ရင်ကာ ထမ်းထားရသူသည် ဖုန်းကို မျက်လုံးမှေးကြည့်လျက် မကိုင်ချင့် ကိုင်ချင်ပုံစံနှင့် ကောက်ကိုင်လိုက်စေ။

 

အေး၊ ပြော။

(ဘိုမူး မိုးမလင်း လားခည)

 

ဘာကွ။

(အော်၊ ကျွန်တော်က ကွမ်းဝါးထားလို့ စကားလုံးဝါးသွားလို့ပါ အဘ)

 

အေး၊ နောက်တစ်ခါမင်း ငါ့ကို ဘိုမူးလို့ခေါ်ရင် ငါ့အကြောင်းသိမယ်။ ဘာလဲမင်းက ငါ့ကို အမြဲမူးနေတဲ့ကောင် ထင်လို့လား။ ယီးတဲ့မှ။

(ဒီလိုပါအဘ၊ ကျွန်တော်အဘကို ပွပေါက်တစ်ခု လမ်းခင်းပေးမလို့ပါ။)

 

ဟေ၊ ဘာဒုံးကွ။ အခုလာမယ့် မဲဖောက်ပွဲမှာ ငယ်ငယ်ချောချောလေးရအောင် ကြံပေးမလို့လား။ လုပ်စမ်းပါအုံးကွာ။ အိမ်ကဟာကြီးကို စိတ်ပျက်လှပြီ။

(အာ၊ ဘ ကလဲ။ အဲဒီကိစ္စ ဘလူတွေကို ကြံခိုင်းပါ။ ကျွန်တော်မတတ်နိုင်ပု။ ကျွန်တော်က ဒုဋ္ဌာဝတီဘဏ်ကပါ)

 

ဘာ၊ ဘယ်ဘဏ်က။ ဒုက္ခဝတီ ဟုတ်လား။ ပြော။

(ဟုတ်၊ ကျွန်တော်တို့ အခုလာမယ့် ၂၀၃၃ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်နေ့ညမှာ ကြံတောကနေ ရေဝေးကို သိန်း ၁၅၀၀ ငွေသားချည်း ပို့ဘို့ရှိပါတယ်။ ကျွန်တော်တို့ကား မိုင်တိုင်အမှတ် ၂၂၂ ကို ည ၁၁ နာရီ ၄၅ မိနစ်မှာ ရောက်ပါမယ်။)

 

ဘာလဲ၊ မင်းက ငါ့ကို အစောင့်လုပ်ပေးစေချင်လို့လား။ ရနေပါအုံးမယ်အားကြီး။ ငါ့မှာ မိုက်ခရိုဆော့ဝပ် စာရင်းတွေ ပြုစု နေရတာနဲ့တောင် မအားဘူးကွ။

(ဟုတ်ပါဘူးအဘ၊ အဘတို့က ကျွန်တော်တို့ကားကို ဖမ်းပေးပါ။ ကားပေါ်မှာ ငွေသား သိန်း ၁၅၀၀ ပါပါမယ်။ ကျန်တာ တွေကတော့ ငှက်ပျောတုံးတွေထည့်ထားတဲ့ ပီနံအိတ်တွေပါ။ အဲဒီ သိန်း ၁၅၀၀ ကို အဘတို့ အကုန်ယူပါ။ ဒါပေမယ့် ကြေငြာတဲ့အခါမှာတော့ သိန်းပေါင်း ရှစ်သောင်းတစ်ထောင့်ငါးရာ ဓားပြတိုက်ခံရတယ်လို့ ကြေငြာပေးပါ။) 

 

မင်း ၆ရူးလား။ ဓားပြတိုက်ခံရတယ်ဆိုရင် ဓားပြတွေကို ဖမ်းပြရအုံးမှာပေါ့ကွ။

(အာ ဘကလဲ၊ ဒီအတွက် မပူစမ်းပါနဲ့။ အဲဒီအနားမှာ ဖြတ်သွားဖြတ်လာလုပ်နေတဲ့ သူတွေ ရှိလိမ့်မယ်။ နည်းနည်းနွမ်းပါးတဲ့သူတွေကို ခေါ်။ ဟဲ့ . . ခဏလာကြအုံး။ နင်တို့ကို ဒါ့ပုံရိုက်ပေးမယ်။ ပိုက်ဆံ ၅၀၀၀ လည်းပေးမယ်ဆို ပြီးတဲ့ကိစ္စ ဘရာ . . အဟက်ဟက်)

 

ကတောက်စ်၊ မိုက်ချက်ကွာ။​ မင်းဦးဏှောက် ရွှေချထားဘို့ကောင်းတယ်။

(ဒါပဲနော်ဘ၊ ကျွန်တော်ပြောသလို သိန်း ၈၁၅၀၀ ဓားပြတိုက်ခံရတယ်လို့ ကြေငြာဘို့သာ မမေ့နဲ့။)

 

စိတ်ချစမ်းပါ ငါ့ကောင်ရာ။

 

 

အခန်း (၂)

 

နောက်တစ်နေ့ တစ်တိုင်းပြည်လုံး မည်သည့် ခွေးတစ်ကောင် ကြောင်တမြီးကမှ မဖတ်သော။ တစ်နေ့မလိမ်ရလျင် မနေနိုင်၊ အမြဲလိမ်နေရမှ ကျေနပ်သော ဒဒင်းဇာဂျီးများ၌ မည်သည့်လမ်း၊ မည်သည့်မိုင်ဒိုင်အမှတ်၌ သိန်းပေါင်း ၈၁၅၀၀ ဓားပြတိုက်ခံရကြောင်း၊ မိမိတို့ ဘာအဖွဲ့ကြီးမှာ အလွန်အစွမ်းထက်ရကား ဓားပြများကို ၈၉ မိနစ်နှင့် ၁၃ စက္ကန့် အကြာတွင် တစ်ယောက်မကျန် ဖမ်းဆီးရမိကြောင်း။ ဓားပြများ၏ဒါ့ပုံ။ ပိုက်ဆံဟုဆိုအပ်သောအရာများထည့်ထားသည့် ပီနံအိတ်ခပ်စုတ်စုတ်ထုပ်များ၊ လက်နက်ခဲယမ်း မီးကြောက်များပုံနှင့်တကွ ပါလာလေ၏။ ငွေသိန်းပေါင်း ၈၁၅၀၀ သယ်လာသည့်ကားမှာ စက်မှုဇုံထုတ် သုံးဘီးကား ဖြစ်လေရာ မိမိတို့ထုတ်လုပ်လိုက်သည့် သုံးဘီးကား ဤမျှ အစွမ်းထက်ကြောင်း သိရ၍ ကားထုတ်လုပ်သူများမှာ ဂုဏ်ယူမဆုံးနိုင်အောင် ရှိနေကြကြောင်း ကျွန်ုပ်တို့ ကြားသိရလေ၏။ 

 

 

မှတ်ချက်

-----------

 

ဤဇာတ်လမ်းမှာ ကျွန်ုပ်၏ ပင်ကိုယ်ဉာဏ်စွမ်းနှင့် ရေးသားထားခြင်း ဖြစ်လျက် မည်သူ့ကိုမှ ထိခိုက်စေခြင်းငှာ မရည်ရွယ်ပါ။ အကယ်၍ ဤဇာတ်လမ်းနှင့် ခပ်ဆင်ဆင်ဇာတ်လမ်းမျိုး အကယ်ရှိသည်ဖြစ်အံ့။ မတော်တဆ တိုက်ဆိုင်မှု ဟုသာ မှတ်ယူကြပါကုန်။

 

ဇာတ်ဆရာ

 

အေးငြိမ်း (လေးမျက်နှာ)

၁၄ စက်တင်ဘာလ၊ ၂၀၂၁





No comments: