ကျွန်တော့်ရင်သည် အလွန်ထိခိုက်နာကျင် ကြေကွဲလျက်ရှိပါသည်။
များမကြာသေးမီက ရေဆင်းမှ လုပ်ဖော်ကိုင်ဖက် ဆရာမကြီးတစ်ယောက် ဆုံးပါးသွား၏။
ရေဆင်းကျောင်းဆင်း ခင်မင်ရင်းနှီးသော ပျော်ပျော်နေတတ်သည့် မိတ်ဆွေတစ်ယောက်လည်း ဆုံးပါးသွား၏။
ကျွန်ုပ်ကျောင်းပြီးစ ရန်ကုန်တွင် နေစရာစားစရာမရှိ၊ ဒုက္ခအတိဖြင့် ယောင်ချာချာဖြစ်နေစဉ် ဘာဆွေမျိုးမှလည်း မတော်စပ်ပါဘဲလျက် ရက်ပေါင်းများစွာ ထမင်းတင်ကျွေးထားသည့် ကျေးဇူးရှင် မစန်းအေးလည်း ပြီးခဲ့သည့်အပတ်က ဆုံးပါးရပြန်ပါသည်။
ထို့ပြင် တမြန်မနေ့က ကျွန်ုပ်တို့အစ်ကိုအကြီးဆုံး ကိုအေးသောင်း၏ ဇနီး၊ ကျွန်ုပ်ကို မောင်အေးငြိမ်းဟု ခေါ်သည့် မမနော်လည်း ဆုံးပါးခဲ့၏။
ယခုတစ်ဖန် ကျွန်ုပ် အင်မတန်ချစ်ခင်လေးစားရပါသော စိုက်ပျိုးရေးတက္ကသိုလ်မှ အငြိမ်းစားဆရာကြီး ဆရာစိုင်း ဆုံးပါး သွားသည်ကို သိရပြန်၏။
ဆရာကိုကျော်မျိုးခိုင်၏ ဖေ့စ်ဘုတ်တွင် စာပေအနုပညာရှင်ကြီးများ၏ နာရေးသတင်းများကို တင်ပေးလျက်ရှိရာ ကျွန်ုပ်မှာ ၎င်း၏ပို့စ်ကို တစ်ခါဖတ်ရတိုင်း တစ်ခါ နာကျင်ရပါသည်။
ကျွန်ုပ်ငယ်ငယ်က နှစ်သက်စွဲလန်းခဲ့ရသည့်ကာတွန်းများ၏ ဖန်တီးရှင် ဆရာကာတွန်းမြေဇာ၊ ကျွန်ုပ်အသည်းစွဲ ကိုဆေးရိုး၏ဖခင် ဆင်ဖြူကျွန်းအောင်သိန်း၊ ကဗျာဆရာကြီး မင်းယုဝေ၊ ဆရာမောင်သင်းခိုင်၊ ဆရာသိုက်ထွန်းသက်၊ မောင်ပုဆိုးကြမ်း၊ ကျောင်းကုန်းဧည့်မှူး၊ နန္ဒာမိုးကြယ်၊ ကဗျာဆရာ - မောင်ငြိမ်းသူ၊ ရာဇာဝင်းတင့်နှင့်တကွ မြောက်များလှစွာသော ဂီတ၊ စာပေ၊ ပန်းချီ၊ ပန်းပုပညာရှင်များသည် တဖြုတ်ဖြုတ်နှင့် ကြွေလွင့်နေကြသည်မှာ ရင်နင့်ဖွယ် ဖြစ်ပါသည်။
ကိုဗစ်ကို ကောင်းစွာကိုင်တွယ်နိုင်ပါက သေပျောက်နှုန်းကို လျှော့ချ၍ရ၏။
စင်ကာပူတွင် ကိုဗစ်ကြောင့် သေဆုံးသူများကို လက်ချိုးရေ၍ပင် ရပါသည်။
ထိုသူများမှာလည်း များသောအားဖြင့် သက်ကြီးရွယ်အိုများ ဖြစ်ကြ၏။
ယခု မြန်မာနိုင်ငံတွင် ကြီးကြီးငယ်ငယ် ကိုဗစ်ကြောင့် ဆုံးပါးသွားရသူများကို တွေ့ရသောအခါ ကျွန်ုပ် အလွန် နာကျင် ကြေကွဲမိ၏။
ဆေးကုဘို့တော့မကြိုးစား။ သင်္ဂြိုဟ်စက်တည်ဘို့လုပ်နေသည့် စောက်ရူးကိုတွေ့ရသည့်အခါ ကျွန်ုပ်သည် စိတ်ပေါက်ပေါက်နှင့် . .
- ပါးကိုလည်းချချင်၏။
- ဖနောင့်နှင့်လည်းပေါက်ချင်၏။
- နသယ်မွေးကိုလည်း လှန်ကာတွန်းချင်၏။
- ခြေသလုံးမွေးတွေကိုလည်း ဗြုတ်ကနဲ၊ ဗြုတ်ကနဲမြည်အောင် ဆွဲကာနှုတ်ချင်မိလေ၏။
ယခုလည်း ဘာတဲ့။ အိမ်စောင့်အစိုးရ ဆိုလား။
အိမ်စောင့်အစိုးရတော့ မဖြစ်နိုင်ပါ။ အိမ်စောင့်သည့်ခွေးဆိုလျှင်တော့ နည်းနည်း နီးစပ်ပါသည်။
စိတ်ထဲထင်ရာ ပေါက်တတ်ကရတွေ ထထလုပ်သည့် ထို၆ရူးများကို ကျွန်ုပ်တို့သည် အမြစ်က ဖြုတ်ပစ်ရမည်။ ထိုဒေါင်းဇားများအား နောင် အရိမေတ္တယျဘုရားပွင့်သည့်တိုင် အာဏာသိမ်းသည်ဆိုသည့်စကားကို လေသံမျှမဟရဲအောင် သင်ခန်းစာပေးကြရမည်။
ကျွန်ုပ်ဝမ်းနည်းလွန်းလှသဖြင့် စာရေးချင်စိတ်လည်း မရှိတော့ပါ။
ယခု ထိခိုက်ကြေကွဲလွန်းလှသဖြင့် အတင်းဖြစ်ညှစ်ကာ ရေးလိုက်ပါသည်။
မြန်မာပြည်သူပြည်သားအားလုံး ဤဒုက္ခဆိုးကြီးမှ အမြန်လွတ်မြောက်ပါစေသတည်း။
(ဟိုခွေးသဒေါင်းဇားတွေအလွတ်)
အေးငြိမ်း
No comments:
Post a Comment