Monday, August 16, 2021

ကျွန်ုပ်နှင့် ရေဆင်းအကြောင်း (၁)

(၁) မြန်မာပြည်၏ ပြဿနာတစ်ခု

 

မြန်မာနိုင်ငံတွင် စက်မှုလယ်ယာထူထောင်ရေးဆိုပြီး လုပ်ခဲ့ကြတာ ကျွန်ုပ်တို့ လူမှန်းသိတတ်စ အရွယ်ကတည်းက ဖြစ်၏။ သို့သော် အောင်မြင်ခဲ့ပါသလား။ မအောင်မြင်ပါ။ အဘယ်ကြောင့် မအောင်မြင်ရသနည်း။ မအောင်မြင်ရခြင်းအကြောင်းများစွာ ရှိ၏။ 

ပထမဆုံးနှင့် အရေးကြီးဆုံး အချက်တစ်ခုမှာ မြန်မာနိုင်ငံကို တစ်သွေး၊ တစ်သံ၊ တစ်မိန့်ဖြင့်အုပ်ချုပ်ခဲ့သော စစ်အုပ်ချုပ်ရေးစနစ် ဖြစ်၏။ ထိုအချက်ကိုပံ့ပိုးထားသော အခြားအချက်များမှာ ရေရှည်ကိုမမြော်မြင်တတ်မှု၊ တစ်နည်းအားဖြင့် အမြော်အမြင်နည်းမှု။ အလုပ်ကို စနစ်တကျမလုပ်တတ်မှုနှင့် ဘယ်အရာကိုမှ စေတနာထားမလုပ်၊ လူမြင်ကောင်းရုံ ဟန်ပြ၊ အဖြစ်မျှလုပ်ကြခြင်းတို့ ဖြစ်၏။

 

ထိုအကြောင်းအချက်များမှာ စက်မှုလယ်ယာကိစ္စ တစ်ခုတည်းတင်သာ မဟုတ်။ ယနေ့ မြန်မာနိုင်ငံကို လူများတကာ ဘိတ်ချီးဘဝ ကျရောက်စေခဲ့၏။ မြန်မာနိုင်ငံသား လူအများကို ဆင်းရဲမွဲတေစေခဲ့၏။ သည်မျှလုပ်စရာများ ပေါများလှသည့်နိုင်ငံတွင် လူအများကို အလုပ်လက်မဲ့ ဖြစ်စေခဲ့၏။ ရလဒ်မှာ တစ်နေ့တစ်နေ့ ရာနှင့်ချီသောလူငယ်များ အလုပ်လုပ်ရန် အခြားနိုင်ငံများသို့ ထွက်ခွာနေကြ သောကြောင့် လုပ်သား (အထူးသဖြင့်) ကျွမ်းကျင်လုပ်သားရှားပါးမှု ပြဿနာကို မြန်မာနိုင်ငံတွင် ကြုံတွေ့ နေရခြင်း ဖြစ်သတည်း။

 

(၂) ရာဇတောဝါ

 

စက်မှုလယ်ယာစနစ် မအောင်မြင်ရခြင်း အကြောင်းများတွင် အလုပ်ကို စနစ်တကျ မလုပ်တတ်တာလည်း ပါ၏။ 

 

မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် စနစ်အရ ပုဂ္ဂလိကစီးပွားရေးဆိုတာ လုံးဝမရှိစေရ။ အရာရာကို အစိုးရကသာ ချုပ်ကိုင်ထား၏။ စီးပွားရေးလုပ်ငန်းမှန်သမျှမှာ အစိုးရစီးပွားရေးလုပ်ငန်းချည်း ဖြစ်၏။

 

အဆိုးဆုံးအခြေအနေကို ဦးတည်စေသည့် အရာတစ်ခုမှာ တံခါးပိတ်ဝါဒကို ကျင့်သုံးခြင်းဖြစ်၏။ အတတ်ပညာ၊ ငွေရေးကြေးရေး စသည်တို့တွင် မည်သည့်နိုင်ငံက အကူအညီကိုမှ မယူ။ အဲလေ လုံးဝမယူတာတော့လည်း မဟုတ်ပါ။ အကူအညီယူသည့် နိုင်ငံများကို ကြည့်လိုက်ပါဦး။ သူမသာ၊ ကိုယ်အသုဘဆိုသည့်နိုင်ငံတွေ ဖြစ်၏။ မြန်မာနိုင်ငံက ဆိုရှယ်လစ်နိုင်ငံဆိုတော့ အခြား ဆိုရှယ်လစ်၊ ကွန်မြူနစ်နိုင်ငံများကနေ အကူအညီယူ၏။ 

 

သည်တော့ အတတ်ပညာဆိုသည့်နေရာတွင် ကိုယ်စိတ်ထဲထင်တာ လျှောက်လုပ်တာသည်ပင်လျှင် သူတို့၏ အတတ်ပညာ ဖြစ်တော့ ၏။ ပြန်ပြောလျှင်လည်း အလုပ်ပြုတ်မှာဆိုတော့ အားလုံး လက်ညှိုးထောင် ခေါင်းငြိမ့်ချည်း လုပ်ကြရ၏။ သည်တော့ ချမှတ်သမျှ မူဝါဒ၊ လမ်းစဉ်၊ စီမံကိန်းဆိုသည်မှာ အထက်လူကြီးတစ်ဦးတစ်ယောက်၏ အတွေးအခေါ် အယူအဆများချည်း ဖြစ်တော့၏။ 

 

ထိုလူကြီးမှန်လျှင် အားလုံးမှန်မည်။ ထိုလူကြီးမှားလျှင် အားလုံးမှားမည်။ သို့အတွက် စနစ်တစ်ခု အောင်မြင်၊ မအောင်မြင်ဆိုသည်မှာ ဆုံးဖြတ်ချက်ပေးနိုင်သည့်နေရာတွင် ရောက်နေသည့် လူကြီး တစ်ဦးတစ်ယောက်အပေါ် လုံးဝမူတည်နေလေ၏။ 

 

အခြားစီးပွားရေးလုပ်ငန်းများနည်းတူ စက်မှုလယ်ယာထူထောင်ရေးကိုလည်း အစိုးရကပင် လုပ်၏။ ထွန်စက်စခန်းများ ထောင်၏။ ထွန်စက်များထည့်ပေး၏။ အချို့ လယ်များကိုလည်း လိုက်ထွန်ပေး၏။ ကောင်းပါ၏။ သို့သော် လုပ်ကိုင်နေသူများမှာ အစိုးရဝန်ထမ်း များဖြစ်ပြီး အစိုးရအလုပ်ကို လုပ်ပေးနေတယ်ဆိုတာကို မေ့မထားပါလင့်။ အစိုးရပိုင်စက်များကို အစိုးရဝန်ထမ်းများသည် မိမိကိုယ်ပိုင် ထွန်စက်လိုသဘောထားပြီး အမြဲတသသ လုပ်ပေးပါမည်လား။ လုပ်ချင်သည့်တိုင် ပြုပြင်ထိန်းသိမ်းရေးလုပ်ဖို့ ပိုက်ဆံချပေးထားပါ သလား။ လုပ်လည်းရမည့်၊ မလုပ်ဘဲနေလည်းရမည့် သည်လခအတွက် စိတ်အားထက်သန်စွာ လုပ်ကိုင်ကြပါမည်လား ဆိုသည်မှာ မေးခွန်းထုတ်စရာရှိပါသည်။

 

သို့တိုင် အချိန်တန်တော့ လယ်ဧကမည်မျှ ထွန်ယက်ပြီးသွားပြီ။ စက်ပေါင်းမည်မျှရှိသည် စသည့်စာရင်းဇယားများမှာ လှလှပပ သေသေသပ်သပ် တက်လာပါ၏။ ဤသည့် ညာတာပါတေးစာရင်းများကပင်လျှင် မြန်မာပြည်ကို အရှေ့တောင်အာရှတွင် ထိပ်ဆုံး ရှိနေရာမှ အနှစ် (၂၀) အတွင်း ဘိတ်ဆုံးသို့ရောက်အောင် ဆွဲချသွားတာ မဟုတ်ပါလော။

 

လယ်သမားများကို စပါးတင်း ၁၂၀ နှင့် လက်တွန်းလယ်ထွန်စက်များ ရောင်းချပေးခဲ့တာ မှတ်မိနေပါသည်။ ကျွန်တော် ဆယ်တန်း ကျောင်းသားဘဝလောက်က ဖြစ်မည်ထင်၏။

 

ရော့၊ ဟောသမှာ ထွန်စက်။ ကျန်တာ မင်းတို့အပိုင်း။ ကိုယ့်ဘာသာ လေ့လာပြီးတော့ ကျုပ်ကျက်လိကြပေရော့ဆိုကာ လယ်သမား များကို လက်တွန်းထွန်စက်များပေးလိုက်၏။ 

 

ဤမျှလောက် ဆင်ခြင်တုံတရားနည်းပါးလှသူများ သည်တိုင်းပြည်ကို အုပ်ချုပ်ခဲ့လို့ သည်အခြေဆိုက်ခဲ့ရတာ ကျွန်ုပ်ကတော့ နည်းနည်းကလေးမှ မအံ့သြပါ။ ၎င်းတို့၏ ပညာမဲ့မှုကား သြချရလောက်ပါပေသည်။

 

လယ်သမားသည် လယ်သမားမျှသာဖြစ်၍ အဘယ်မှာလျှင် စက်အကြောင်း နားလည်ပါမည်နည်း။ နားလည်ရန် မဆိုထားဘိ၊ စက်ဆိုတာတောင် ခုမှ မြင်ဖူးတာဖြစ်၏။ ကျွန်ုပ်တို့ရွာမှ လယ်သမားများဆို ကားကိုတောင် စီးဖူးတာမဟုတ်။ စီးဖူးဘို့ မဆိုထားပါနှင့် မြင်တောင်မှ မမြင်စဖူး။

 

လယ်သမားများအား လက်တွန်းထွန်စက်တွေကို သည်လိုရောင်းချပေးတာ ကျွန်ုပ်ကတော့ တစ်ပြားသားဘိုးမျှ ကျေးဇူးမတင်ပါ။ လက်တွန်းထွန်စက်ကြီးများကိုကြည့်ပြီး ပြုတ်စားရကောင်းနိုးနိုး၊ ဖုတ်စားရကောင်းနိုးနိုးနှင့် ငေးငိုင်နေကြကုန်သော တောင်သူကြီး များကို ကျွန်ုပ်မျက်စိနှင့် တပ်အပ်တွေ့ခဲ့ဖူးပါသည်။ သည်မျှတန်ဘိုးကြီးလှသော စက်ကြီးများမှာ ဘယ်သို့ သုံးရမှန်းမသိကုန်သော တောင်သူကြီးများ၏လက်တွင် လယ်ထဲသို့ တစ်ခါမှမဆင်းလိုက်ရဘဲနှင့် ပျက်စီးသွားကြလေကုန်၏။ 

 

ထားပါတော့။ ထိုထွန်စက်ကို ကြံဖန်နှိုးလို့ လယ်ထဲရောက်သွားပြီဆိုပါတော့။ ထယ်အစူးကို ဘယ်လိုချိန်မည်။ ထယ်အစူးများနေပါက မည်ကဲ့သို့လျှော့မည်ဆိုသည်ကို အဘယ်သူသည် သင်ပေးလိုက်ပါသနည်း။ အကယ်၍ လယ်ထဲတွင် စက်ပျက်နေပြီ။ နှိုးမရဆိုပါက ထိုလယ်သမားသည် စက်ကိုပြင်တတ်ပါမည်လား။ မည်သည့်နေရာက စက်ပြင်သမား သွားခေါ်ရပါမည်နည်း။ 

 

ယခုဆုံးပါးသွားပြီဖြစ်သော ကျွန်တော့်ဦးကြီးအရင်းဖြစ်သူ ဦးချစ်ကမူ ငါ့ကွာ၊ စက်ကလေးတစ်လုံးရှိပါတယ်။ လှဦးကို ပေးရတာနဲ့တင် မလောက်ဘူး ဟု ငြီးဖူးလေသည်။ လှဦး ဆိုသည်မှာ ထိုရွာများတွင် လှည့်လည်ကျက်စားနေသည့် စက်ပြင်ဆရာ ဖြစ်၏။ စက်ပြင် ဆရာဆိုတာတောင် တကယ်တတ်လို့ လုပ်စားနေသည့်၊ ဟုတ်တိပတ်တိ စက်ပြင်ဆရာမဟုတ်။ သူများတွေ ပြင်နေတာ ထိုင်ကြည့် ရင်း ဟိုလိုဖြစ်ရင် ဟိုလိုလုပ်ရတယ် ဆိုတာနှင့် တတ်လာရသော စက်ပြင်ဆရာ ဖြစ်၏။ သို့ဖြစ်လေရာ သည်ကနေ့ သူပြင်ပေးလိုက် သည့်စက်မှာ တစ်ရက်တောင်မခံ။ နက်ဖြန်ဆို ပျက်ပြန်လေပြီ။

 

အထက်လူကြီးဆိုသူများ၏ ရူးသွပ်မှုကို လယ်သမားအပေါင်းတို့မှာ ခါးစည်းခံနေခဲ့ကြရသည်မှာ သည်ကနေ့ထိဖြစ်၏။ 

 

(၃) ရေဆင်းမှ ကျွန်ုပ်မိတ်ဆွေများ

မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ကြီးစိုးစဉ်ကာလက မည်သည့် ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းမှ မရှိရ။ သည်တော့ တက္ကသိုလ်အသီးသီးမှ ဆင်းလာကြကုန်သော မောင်ဘီအက်စီ၊ မယ်ဘီအေ အပေါင်းတို့သည် PSC (Public Service Commission) မှကျင်းပသော အစိုးရ ရာထူးဝင်စာမေးပွဲကိုသာလျှင် တစ်ခုတည်းသော ကောက်ရိုးမျှင်ကလေးအဖြစ် ဖက်တွယ် ထားကြရကုန်၏။ 

 

အများနည်းတူ ကျွန်ုပ်လည်း ထို PSC စာမေးပွဲကို ရေးဖြေ (၁၁) ကြိမ်၊ အင်တာဗျူး (၇) ကြိမ် ဖြေပြီးသကာလ ရေဆင်း စိုက်ပျိုးရေး တက္ကသိုလ်ဆိုတာကြီးနှင့် အကြောင်းဆက် ပေါင်းဖက်ရလေတော့သတည်း။ ထိုနံရောအခါကျမှ သုဝဏ္ဏရေစက်မှတ်တိုင်တွင် ဝက်သားဒုတ်ထိုးရောင်းရခြင်း၊ ၃၈ ကားကြီးဂိတ်တွင် မကျည်းဖျော်ရည်ရောင်းခြင်း၊ လှည်းကလေးကိုတွန်း၊ မောင်းကလေး တနောင်နောင်တီးကာ သရက်သီး၊ ဇီးသီးစသည်များကို ရပ်ကွက်များအတွင်း လှည့်လည်ရောင်းရခြင်း စသည့် ဒုက္ခသုက္ခများ အဆုံးသတ်သွားလေတော့၏။ 

 

ဘာတဲ့၊ ခေါ်တဲ့ရာထူးက စိုက်ပျိုးရေးအင်ဂျင်နီယာဌာနမှာ လက်ထောက်ကထိက ဆိုလား။ 

 

စိုက်ပျိုးရေးအင်ဂျင်နီယာဆိုတာ ကျွန်ုပ်အတွက်တော့ ပီဘိ အသစ်အဆန်းတစ်ခု ဖြစ်ဘိ၏။ စိုက်ပျိုးရေးအင်ဂျင်နီယာ ဆိုသည့် စကားလုံးကို တစ်ခါမှ မကြားစဖူးခဲ့။ ယခုမှ စ ကြားဖူးတာဆိုတော့ ငါဒုက္ခရောက်နေတာ မမြင်ရက်လို့ အဘ ဘိုးမာဃက အသစ် တီထွင်ပေးလိုက်တဲ့ ဘာသာရပ်တစ်ခုပေဘဲဟုပင် ထင်မိသေး၏။ (ဟိသစ္စံ - ဤစကားမှန်၏။)

 

ကျောင်းသားဘဝက သုံးခဲ့သော ကျွန်းသေတ္တာလေးတစ်လုံးနှင့် ကျွန်ုပ် ရေဆင်းသို့ မအူမလည်ရောက်လာခဲ့သည်မှာ ၁၉၉၀ ပြည့်နှစ် သြဂုတ်လ ၁၉ ရက်နေ့ မနက် ၆ နာရီခွဲ ဖြစ်၏။ ရောက်တော့ မော်ကွန်းထိန်း ဦးတင်ဝင်းထံ သတင်းပို့ရ၏။ ဦးတင်ဝင်းမှာ ဝဝဖိုင့်ဖိုင့်၊ ဥပဓိရုပ်ကောင်းကောင်းနှင့် တကယ့် မော်ကွန်းထိန်းကြီးပါပေတည်း။ ချစ်စရာ အလွန်ကောင်းလေသည်။ ဦးတင်ဝင်းက လာ၊ ခင်ဗျား တို့ ဌာနမှူးဆီ လိုက်ပို့မယ်ဆိုကာ မွန်မင်းသားသို့ ခေါ်သွား၏။ စိုက်/အင်ဂျင်နီယာဌာနမှူးမှာ ဆရာဦးလှထွန်း ဖြစ်၏။ ဦးလှထွန်းမှာ ဦးတင်ဝင်းနှင့် ပြောင်းပြန်၊ လူကောင်သေးသေးလေး ဖြစ်၏။ လူသေးပေမင့် ရုပ်ကတော့ ခပ်မာမာအစားထဲက ဖြစ်၏။ သူက ကျွန်ုပ် နေရမည့် လူပျိုဆောင်သို့ လိုက်ပို့၏။ ထိုကာလက လူပျိုဆောင်တွင် တစ်ဆောင်လုံးမှ ဆရာဦးမြငွေနှင့် ဦးသန်းထွန်းဦး နှစ်ဦးသာ ရှိ၏။ ကျွန်ုပ်နှင့်ဆိုတော့ သုံးယောက်ဖြစ်သွားသပေါ့။ ဦးမြငွေနှင့် ဦးသန်းထွန်းဦးတို့နှစ်ဦးမှာ အဖြူနှင့်အမည်း၊ အရှေ့နှင့်အနောက် ကဲ့သို့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်ဘက်ဖြစ်၏။

 

ကိုမြငွေက စာဖတ်ရမှာ အလွန်ပျင်းသည်ဆို၏။ ကျောင်းဆရာလုပ်နေပြီး သူ့အခန်းတွင်း၌ စာနှင့်တူတာဆို၍ ရည်းစားစာကလေး တစ်စောင်တလေမှတောင် မရှိ။ သူက အချိန်ရှိသမျှ လိုင်းခန်းထဲသွားပြီး ကိုသန်းထွန်းတို့နှင့် တစ်ချိန်လုံး ဖဲထိုင်ရိုက်နေလေ၏။ 

ဆရာစံ (စာရေးဆရာကြည်မင်း) တို့က ကိုသန်းထွန်းဦးကို စာအုပ်သင်္ချိုင်း ဟု နာမည်ပေးထား၏။ သူ့ဆီရောက်သွားသည့် စာအုပ်များ မှာ အဝင်သာရှိပြီး ထွက်လမ်းမရှိသောကြောင့် ဖြစ်၏။ သူ့ဆီ၌ စာအုပ်များမှာ တောင်ပုံရာပုံ ဖြစ်နေ၏။ နောက်တော့ နဂါးစာပေမှ အမျိုးသမီးနှင့် အိမ်ထောင်ကျသွားလေရာ "အခုတော့ စာအုပ်တွေ မကိုင်နိုင်တော့ဘူးဗျို့။ ပိုက်ဆံတွေပဲ ထိုင်ရေနေရတယ်" ဟု သူ့ ထုံးစံအတိုင်း ပြုံးဖြဲဖြဲနှင့် ပြော၏။ "ကိုယ်ပိုင်တဲ့အကြောင်းအရာဆိုရင်တော့ အာပေါင်းအာရင်းသန်သန်နဲ့ သင်သပေါ့ဗျာ။ သိပ်မပိုင်တဲ့ အကြောင်း ဆိုရင်တော့ ခပ်တိုးတိုးပဲ။ ဟဲဟဲဟဲ" ဟုပြောခဲ့သူမှာလည်း သူပင်ဖြစ်၏။ ကိုသန်းထွန်းဦးက ရူပဗေဒဆရာဖြစ်၏။ "သန်းထွန်းဦး လာပြီးဆို အဝေးကြီးကနေ သိရတယ်" ဟု အဖေကြီးက ပြော၏။ သူက ဖိနပ်ကို ဘလပ်၊ ဘလပ်နှင့် ရှပ်တိုက်စီးတတ် သောကြောင့် ဖြစ်၏။

 

ကျွန်ုပ်က ကျွန်ုပ်အစ်မများကို "ဟောဒါ ဆရာစံတဲ့၊ တိမွေးကုက ဆရာ" ဟု မိတ်ဆက်ပေးသည့်အခါ ဆရာစံက "မြန်မာပြည်မှာတော့ တန်ဘိုးအကြီးဆုံး ပုဂ္ဂိုလ်ပေါ့" ဟု ခပ်တည်တည်နှင့် နောက်၏။ ထိုကာလ မြန်မာပိုက်ဆံ ၉ဝ တန်မှာ တန်ဘိုးအကြီးဆုံး ငွေစက္ကူ ဖြစ်၏။ ၉ဝ တန်ပေါ်တွင် ဆရာစံ၏ ရုပ်ပုံကို ရိုက်နှိပ်ထား၏။

 

 

ပထမ ကိုမြငွေက ကျွန်ုပ်ကို ဖဲဝိုင်းသို့ ခေါ်သွား၏။ သို့သော် ကျွန်ုပ်မှာ ဖဲကစားတာကို နည်းနည်းကလေးမှ စိတ်မဝင်စားလေရကား နောက်ထပ် ဆက်မလိုက်တော့။ ကျွန်ုပ်ကလည်း စာအုပ်သမားဖြစ်လေရာ ကိုသန်းထွန်းဦးနှင့်သာ အပေါင်းအဖော် ဖြစ်လေတော့၏။ သည်တော့ ကိုသန်းထွန်းဦးက သူ့မိတ်ဆွေများဆီခေါ်သွားကာ မိတ်ဆက်ပေးရာကအစ တိမွေးကုမှ ဆရာစံတို့နှင့်သော် လည်းကောင်း၊ သစ်တောမှ ဆရာများနှင့်သော်လည်းကောင်း၊ အထူးအားဖြင့် စိုက်ပျိုးရေး သုတေသနမှ ဆရာလေးများနှင့်သော် လည်းကောင်း မိတ်ဆွေများ ဖြစ်ရလေတာ့သတည်း။ 

 

(၄) စိုက်ပျိုးရေး တက္ကသိုလ်

 

ရုံးစတက်ရတော့ ဦးလှထွန်းက ကျွန်ုပ်ကို ဌာနမှဝန်ထမ်းများနှင့်သော်လည်းကောင်း၊ ရုံးပေါ်မှ လူများနှင့်သော်လည်းကောင်း လိုက်လံမိတ်ဆက်ပေး၏။ ပါမောက္ခချုပ်မှာ ဆရာကြီး ဦးမြညွန့် ဖြစ်၏။ ထိုစဉ်က ဦးမြညွန့်မှာ တိမွေးကုနှင့် စိုက်ပျိုးရေးတက္ကသိုလ် နှစ်ခုကို ပေါင်းပြီး တာဝန်ယူထားရ၏။ ဆရာကြီးမှာ ပန့်ကေနှင့် ဖြစ်၏။

 

ငွေစာရင်းမှူးမှာ ဒေါ်ဝင်းဌေးဖြစ်ပြီး ပြုံးပြုံး ပြုံးပြုံးနှင့် ချစ်စရာကောင်းပါသည်။ သူက အပျိုကြီးဖြစ်၏။ ရုံးအုပ် ဦးဘိုနီမှာ နောက်ပိုင်း ကျွန်ုပ်ရသောအိမ်နှင့် မျက်စောင်းထိုးတွင်ရှိသည်။ ဟဲဟဲ ဟဲဟဲ နှင့် အလွန်သဘောကောင်းသူ ဖြစ်လေသည်။ ဦးလှထွန်း မိတ်ဆက် ပေးဘို့ ကျန်ခဲ့သည်မှာ စာကြည့်တိုက်မှူး ဒေါ်လွင်မိုးညွန့် ဖြစ်၏။ သူလည်း အသားဖြူဖြူ ဝဝတုတ်တုတ် နှင့် အပျိုကြီးပင် ဖြစ်လေ သည်။ ခင်စရာကောင်းပါ၏။

 

တစ်နေ့ ကျောင်းသားတစ်ယောက် (ထိုကျောင်းသားမှာ ယခု စိုက်/တက္ကသိုလ်မှ ဆရာဦးကြည်တိုး ဖြစ်ပါသည်။) က ခေါ်သွား၍ ကျွန်ုပ် စာကြည့်တိုက်ရောက်သွား၏။ ကျွန်ုပ်လည်း စာအုပ်ဘီရိုများအကြား လှည့်လည်ကာ စာအုပ်များကို ကြည့်နေသခိုက် ဟိတ်၊ ဒီထဲကို ကျောင်းသားတွေ မဝင်ရဘူးဆိုတာ မသိဘူးလား ဟူသည့်အသံကြား၍ လှည့်ကြည့်လိုက်တော့ ခါးထောက်ခါ မျက်နှာ ခပ်တင်းတင်းနှင့် ရပ်ကြည့်နေသော စာကြည့်တိုက်မှူးကို တွေ့။ ကျွန်ုပ်လည်း အတော်လေး လန့်ဖြတ်သွားမိ၏။ နောက်မှ ကိုကြည်တိုးက အဲဒါ အခုမှ အင်ဂျင်နီယာဌာနကို အသစ်ရောက်လာတဲ့ ဆရာလေးပါ ဟု ဝင်ရှင်းလေမှ သြော် - ဟုတ်လား။ မသိလို့ပါနော် ဟု ပြာပြာသလဲ တောင်းပန်ရှာလေသည်။ ထိုအချိန်မှစကာ ကျွန်ုပ်လည်း ဒေါ်လွင်မိုးညွန့်နှင့် ရင်းနှီးသော မိတ်ဆွေများ ဖြစ်သွားလေတော့၏။

 

ဆရာဦးမြင့်သောင်း၏ဇနီး ဒေါ်မိမိကြီးကမူ ကျမက ဦးအေးငြိမ်း ဆိုတော့ ထောင်ထောင်မောင်းမောင်း လူကောင် အကြီးကြီး မှတ်နေတာဟု မှတ်ချက်ပြု၏။ ထိုအချိန်က ဒေါ်မိမိကြီးမှာ အရွယ်ကောင်းဖြစ်ပြီး အတော်ချောသည့် အမျိုးသမီးတစ်ဦး ဖြစ်၏။

အခြားမိတ်ဆွေများပင် အများအပြားကျန်သေးသော်လည်း စာမျက်နှာကိုငဲ့၍ ချန်ခဲ့ပါတော့မည်။ တစ်ခုပြောလိုသေးသည်မှာ မတင်တင်မြ လက်နှိပ်စက် အရိုက်ကောင်းပုံဖြစ်၏။ အဝယ်တော် ဦးကျော်မင်းဟန်က တင်တင်မြတို့ လက်နှိပ်စက်ရိုက်တာ ပြိုင်မြင်းတွေ ပြေးနေတာကျနေတာပဲ ဟု ချီးကျူး၏။ သူလက်နှိပ်စက်ရိုက်နေပုံမှာ တဖြောင်းဖြောင်းနှင့် ကြည့်လို့ အလွန် လှလေ သည်။ စာကျစာနလည်း အလွန်သပ်ယပ်လှ၏။ 

 

ရေဆင်းတက္ကသိုလ်များမှာ အခြားတက္ကသိုလ်များနှင့်မတူ။ နယ်မြေလေးတစ်ခုတွင် အခြားမည်သူတို့နှင့်မှ မရောနှောဘဲ သီးသန့် တည်ရှိနေသည်ဖြစ်ရာ ထိုနယ်မြေက ဝန်ထမ်းများမှာ မိသားစုတွေလို ဖြစ်နေကြ၏။ သူ့အကြောင်းကိုယ်သိ၊ ကိုယ့်အကြောင်းသူသိ။ တစ်ယောက်အခက်အခဲကို တစ်ယောက် ဝိုင်းဝန်းကူညီ ဖြေရှင်းပေးကြ။ ဘာပြဿနာမှ မရှိ၊ အလွန်အေးချမ်းလှသော ပတ်ဝန်းကျင်လေးဖြစ်လေရာ ကျွန်ုပ်ဘဝတွင် ကျင်လည်ခဲ့ရသည့် ကာလများအနက် အနှစ်သက်ဆုံး၊ အပျော်ရွှင်ဆုံးနှင့် စိတ်အချမ်းသာဆုံး ကာလများကိုပြပါဆိုလျှင် ရေဆင်းတွင်နေခဲ့ရသည့် ၇ နှစ်ခွဲကို ပြရပါလိမ့်မည်။


ဆက်ပါဦးမည်။

No comments: