Friday, July 24, 2020

ကျွန်ုပ်တို့အတွက် မျှော်လင့်ချက်ရောင်ခြည်

(၁)

NLD ပါတီမှ ရွေးကောက်ခံမည့် ကိုယ်စားလှယ်လောင်းများစာရင်း ထွက်ပေါ်လာချေပြီ။
၎င်းတို့သည် ကျွန်ုပ်တို့၏ ကိုယ်စားလှယ်များဖြစ်၏။
၎င်းတို့သည် ကျွန်ုပ်တို့၏ မျှော်လင့်ချက်များဖြစ်၏။
၎င်းတို့သည် ကျွန်ုပ်တို့ သားမြေးများ၏ အနာဂတ်များ ဖြစ်၏။
၎င်းတို့သည် ကျွန်ုပ်တို့တိုင်းပြည်ကို စနစ်ဆိုးကြီးမှ​ ရုန်းထွက် လွတ်မြောက်လာအောင် ပုခုံးဖြင့် ထမ်းတင်ပေးမည့်သူများ ဖြစ်ကြကုန်၏။

၎င်းတို့ အနိုင်ရရေးမှာ ကျွန်ုပ်တို့၏ သမိုင်းပေးတာဝန် ဖြစ်၏။
ထို့ကြောင့် ဦးဏှောက်ရှိသော ကျွန်ုပ်တို့/သင်တို့သည် သူတို့ကိုသာ ပုံအော မဲထည့်ကြရမည်။
မြန်မာပြည်၏ အနာဂတ် ပုံပေါ်လာအောင်၊ လက်ရှိစနစ်ဆိုးကြီးကို ပြုပြင်ပစ်ရအောင် NLD အစိုးရဖွဲ့နိုင်ရေးသည် သေရေးရှင်ရေးတမျှ အရေးကြီးလှ၏။

လက်ရှိ အဖြစ်အပျက်များကို အသင်တို့ နည်းနည်း စနည်းနာကြည့်ပါ။
နိုင်ငံကို ပြုပြင်ပြောင်းလဲလာအောင် လုပ်ဆောင်ရာတွင် NLD သာ ခြေအပေါ်ဆုံးဖြစ်သည်ကို သင်တို့ အမြင်ဖြစ်၏။
တခြားဟာ မကြည့်ပါနှင့်။
မနေ့တစ်နေ့က အမရပူရမှာ တာကျိုးသွားသည့်ကိစ္စကို ကြည့်ပါ။
သူတို့ဘယ်လိုလုပ်ခဲ့ကြသနည်း။ ၎င်းတို့သည် အပြောမဟုတ်။ အလုပ်နှင့် သက်သေပြကြသူများ မဟုတ်ကုန်လော။
(စကားစပ်၍ ပြောရလျှင် မြို့တော်ဝန်ကြီးနှင့် ကျွန်ုပ် အတိုင်းအတာတစ်ခုထိ ရင်းနှီးခင်မင်ပါသည်။ တာကျိုးသည့်ရက် မတိုင်ခင်ကလေးကမှ သူ့ဇနီးဆုံးထားတာ ဖြစ်၏။ တာကျိုးတော့ ညကြီးမင်းကြီး ပေါက်ချလာ၏။ သူ၏ ညှိုးငယ်နေ သည့်မျက်နှာကိုမြင်ရ၍ အမှန်တကယ်ပင် ကျွန်ုပ် အလွန်စိတ်မကောင်းဖြစ်မိ၏။ မီးသတ်အပါအဝင် ဝိုင်းကြဝန်းကြသူ   များအားလုံးကိုလည်း ကျေးဇူးတင်ပါသည်။)

နောက်တစ်ခုက တစ်ကမ္ဘာလုံး ကပ်ဆိုက်ခဲ့ရသည့် ကိုဗစ်၁၉ ကိစ္စ။
ကျွန်ုပ်သည်လည်း မြန်မာပြည်အစိုးရ၏ ကိုဗစ်၁၉ ကိုင်တွယ်မှုကို တစေ့တစောင်း အကဲခတ်ကြည့်နေမိသည်သာ ဖြစ်၏။
စိတ်အကျေနပ်ကြီးမဟုတ်တောင် အများကြီး ကောင်းပါသည်။
ကိုဗစ်သည် သောင်းနှင့်ချီဝင်လာသည့် နိုင်ငံခြားပြန်များမှ အများအပြား ကူးစက်နိုင်၏။
အထူးသဖြင့် မြဝတီနယ်စပ်မှနေ၍ ထိုင်းမှ ပြန်လာသူများကို ကြည့်ပြီး ကျွန်ုပ်မှာ ရင်တမမ ဖြစ်နေခဲ့တာ ဖြစ်၏။ 
သို့တိုင် အခြေအနေမှာ ကျွန်ုပ်ထင်ထားသလောက် ဆိုးရွားမလာခဲ့။

အသင်တို့သည် ယခု ကိုဗစ် ၁၉ နှင့် ၂၀၀၈ ခုနှစ်က ဖြစ်ခဲ့သည့် နာဂစ်မုန်တိုင်း သဘာဝဘေးဒုက္ခများ၌ အစိုးရ ကိုင်တွယ် လုပ်ဆောင်ပုံများကို နှိုင်းယှဉ်ကြည့်လိုက်လျှင်ပင် မည်သူ့ကို မဲပေးရမည်နည်းဆိုသည်ကို ပြတ်ပြတ်သားသား မြင်နိုင်ပါသည်။ 



(၂)

အသင်တို့အနေနှင့် NLD အစိုးရ၏ ကိုင်တွယ်ပုံများ၊ အချို့သော ခေါင်းဆောင်ပိုင်းမှ ပုဂ္ဂိုလ်ကြီးများ၏ လုပ်ပုံကိုင်ပုံများကို ကြိုက်မှာမဟုတ်ကြောင်း ကျွန်ုပ်သိပါ၏။

သို့သော် အသင်တို့သည် သူတို့ကို ခွင့်လွှတ်လိုက်ကြပါဘိ။
သူတို့သာမဟုတ်။
အသင်တို့ ကျွန်ုပ်တို့သည် စနစ်ဆိုးကြီး၏ ဖိနှိပ်မှုအမျိုးမျိုးအောက်တွင် မည်ကဲ့သို့ နေထိုင်ခဲ့ရသည်ကို အသင်တို့ အသိပင် မဟုတ်ပါလော။ 

ကျွန်ုပ်တို့သည် မမွေးမီကတည်းကပင် မဆလ စနစ်ဆိုးကြီးအောက်၌ မျက်စိပိတ်၊ နားပိတ်၊ ရှိသမျှ ဒွာရ (၇) ပေါက်လုံး အပိတ်ခံထားခဲ့ကြရသည် မဟုတ်တုံလော။ ကျွန်ုပ်တို့ပတ်ဝန်းကျင်မှာ လေ့လာစရာဆို၍ မဆလကထုတ်သည့် ဝါဒဖြန့်စာအုပ်များကလွဲ၍ မည်သည့်စာအုပ်များ ရှိခဲ့ပါသနည်း။ အသိပညာကြွယ်ဝလာလျှင် အုပ်ချုပ်ရခက်မည်စိုး၍ မဆလ၊ နဝတ အစိုးရတို့သည် သင်တို့၊ ကျွန်ုပ်တို့အပါအဝင် တစ်တိုင်းပြည်လုံးကို အသိပညာနည်းအောင်၊ နလဘိန်းဒုံးများဖြစ်အောင် လုပ်ထားခဲ့ကြသည် မဟုတ်လော။ ၎င်းတို့၏ ပြည်ပအားကိုး ပုဆိန်ရိုး၊ အဆိုးမြင်ဝါဒီများအား တိုက်ဖျက်ကြ အစရှိသည့် ဝါဒဖြန့် မှိုင်းလုံးများကိုသာ ကျွန်ုပ်တို့ ဦးဏှောက်အတွင်းသို့ တွင်တွင်ရိုက်ထည့်ခဲ့ကြကုန်သည် မဟုတ်လော။

နောက်ဘုန်းကြီး နှစ်ချက်ခေါက်ဆိုသလို မဆလ၏အမွေကို ဆက်ခံသော နဝတ တက်လာသည့်အခါ မြန်မာ့ပညာရေးမှာ ရေစုန်မျောရုံမျှမက အီးတွင်းထဲကိုပါ ပစ်ချခံခဲ့ရလေ၏။ ယနေ့ (၂၄ ဇူလိုင်၊ ၂၀၂၀) တိုင် ထိုအီးတွင်းထဲက ရုန်းမထွက်နိုင်သေးဆိုလျင် အသင်တို့ ငြင်းကြမည်လော။

၎င်းတို့သည် အသင်တို့ကျွန်ုပ်တို့၏ တောက်မည့်မီးခဲ တရဲရဲကလေးများကို မတောက်နိုင်အောင် ပြာဖြင့်ဖုံးခဲ့ကြ၏။ ရေဖြင့်ဖြန်းကာ အညွန့်ချိုးခဲ့ကြ၏။ 

သဟာနှင့်များတောင် သင်တို့က သူတို့ထံမှ ဘာများ မျှော်လင့်နေချင်ပါသေးသနည်း။
ခွင့်လွှတ်လိုက်ကြပါဘိ။
မုဆိုးစိုင်သင်ဆိုသလို သူတို့အလုပ်က သူတို့ကို သင်ပေးလိုက်ပါလိမ့်မည်။
သူတို့ကို သင်ယူခွင့်ကလေးများ ဆက်လက် ပေးလိုက်ကြပါကုန်လော။

(၃)

၂၀၁၅ တုန်းက ကျွန်ုပ်တို့ တစ်တိုင်းပြည်လုံးသည် မျှော်လင့်ချက်ကြီး တခွဲသားနှင့် NLD ကို ပုံအော မဲထည့်ခဲ့ကြ၏။
NLD အစိုးရတက်လာပြီဟေ့ ဆိုသည်နှင့် အသင်တို့ ကျွန်ုပ်တို့သည် မြန်မာပြည်ကြီးကို တာဝတိံသာနတ်ပြည်က နတ်ရေကန်ထဲ ကန်ချလိုက်သလို ဝုန်းကနဲ စနစ်များသည်လည်းကောင်း၊ လူများသည်လည်းကောင်း အကုန်ပြောင်းကုန်ကြမည် ဟု မှတ်ထင်ခဲ့ကြ၏။
ကိုယ်မျှော်မှန်းထားသလို ဖြစ်မလာသည့်အခါ အသင်တို့သည် ငါတို့လက်သန်းကို မင်ပေရကျိုးမနပ် ဟု စိတ်ပျက်ကြ ကုန်၏။

စိတ်မပျက်ကြပါကုန်လင့် မိတ်ဆွေများ။

ဒေါ်အောင်ဆန်းစုကြည်သည် ဘုရားမဟုတ်။
NLD သည်လည်း ဘုရားမဟုတ်။

သို့နှင့်များတောင် ၁၉၆၂ ခုနှစ်မှ ၂၀၁၅ ခုနှစ်တိုင် နှစ်ပေါင်းရာစုနှစ်တစ်ဝက်ကျော်ကျော် ဖျက်ဆီးထားခဲ့သည့် အိမ်စုတ်ကြီးကို နေ့ချင်းညချင်း ပြင်နိုင်မည်ဟု မျှော်လင့်ထားခြင်းမှာ ကျွန်ုပ်တို့၏ မိုက်မဲမှုသာ မဟုတ်ပါလော။

လီကွမ်ယုသည်လည်း စင်ကာပူကို အာဏာရှင်စနစ်နှင့် အုပ်ချုပ်ခဲ့တာ ဖြစ်၏။
သူသည် သူ့ကို ဖီလာကန့်လန့်လုပ်သူများအား အပြတ်အသတ်၊ နလံမထူနိုင်အောင် နှိပ်ကွပ်ကာ ထောင်ထဲ ထည့်ထား ခဲ့၏။ ဤသည်ကို ကျွန်ုပ်ကတော့ အလွန်သဘောကျ၏။
၎င်းသာ ပျော့စိပျော့ညံ့လုပ်နေ၍ နောက် ရွေးကောက်ပွဲတွင် ရှုံးနိမ့်သွားပါက သူချမှတ်ခဲ့သော စီမံကိန်းမှန်သမျှ ပျက်စီး သွားနိုင်သည်။ သူ့အိပ်မက်များအားလုံး ရေစုန်မျောသွားနိုင်သည်။ ယနေ့ စင်ကာပူဆိုတာ ဖြစ်လာမှာမဟုတ်။
ထို့ကြောင့် သူချမှတ်ထားသည့် စနစ်များကို အကောင်အထည်ဖော်နိုင်ဘို့ရာ သူ့ပါတီ ဆက်တိုက် အနိုင်ရနေဘို့၊ အစိုးရဖွဲ့နိုင်ဘို့လို၏။ 
စနစ်တစ်ခုကို အကောင်အထည်ဖော်ဘို့ဆိုတာ ၃-၄-၅ နှစ်နှင့် လုပ်လို့ရတာမဟုတ်။
အနည်းဆုံး အနှစ် (၃၀) လုပ်ရသည်။
သို့အတွက် အနှစ် (၃၀) တို့ကာလပတ်လုံး သူ့လက်ထဲမှာ အာဏာရှိနေဘို့လို၏။

နောက်ပြီး ခေါင်းဆောင်လုပ်မည့်သူသည် ပြတ်သားဘို့လို၏။ 

SIA ပိုင်းလော့များ ဆန္ဒပြစဉ်က မစ္စတာလီပြောပုံကို ကျွန်ုပ်အလွန်သဘောကျမိ၏။
ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်အပြည့်ရှိခြင်းနှင့် ဘာမဆိုရင်ဆိုင်မည်ဟူသော သတ္တိကို သူ့မျက်နှာတွင် တွေ့ရ၏။
သူ၏လေသံ၊ မျက်နှာအမူအရာ၊ ပြောပုံဆိုပုံတို့မှာ တကယ့် စံနမူနာ ယူလောက်ပါပေသည်။
ခေါင်းဆောင်ဆိုသည်မှာ အဲသလို ဖြစ်နေရမည်။

စာလည်းအတော်ရှည်သွားပြီမို့ နိဂုံးချုပ်ပါမည်။

တိုင်းပြည်တစ်ခုကို ထူထောင်ဘို့ရာ အနည်းဆုံး အနှစ် (၃၀) လိုကြောင်း အထက်တွင် ကျွန်တော် ပြောခဲ့၏။
ထို့ကြောင့် မြန်မာပြည်ကြီး လူလူသူသူ ဖြစ်လာစေဘို့ NLD သည် အနည်းဆုံးအားဖြင့် အနှစ် (၃၀) အစိုးရဖြစ်နေဘို့လို၏။
NLD သည် အနည်းဆုံး ရွေးကောက်ပွဲ (၆) ဆက်မျှ ဆက်တိုက် အနိုင်ရစေဘို့ -
တစ်နည်းအားဖြင့် ဟိုအကောင်တွေ လွှတ်တော်အနားကို ယောင်လို့တောင် သီမလာနိုင်စေဘို့ -
အသင်တို့ ကျွန်ုပ်တို့တွင် အလုံးစုံ တာဝန်ရှိ၏။
အသင်တို့သည် ဘာမှ တွေဝေမနေကြကုန်လင့်။

NLD ကိုသာ စုပြုံ မဲထည့်ကြကုန်လော့။

ကျေးဇူးတင်ပါသည်။

အေးငြိမ်း
၂၄ ဇူလိုင်၊ ၂၀၂၀ 

No comments: