Friday, July 10, 2020

၂၀၂၀ တွင်လည်း ကျွန်ုပ်တို့သည် NLD ကိုသာ ဆက်လက် မဲထည့်ရလိမ့်ဦးမည် ဆိုခြင်းအကြောင်း

NLD ကို လော်သည့်စာများ ရေးချင်သော်လည်း ယခုတလော ကျွန်ုပ်သည် ဘာမှန်းမသိသောကိစ္စများဖြင့် မအားလပ်နိုင် အောင်ရှိသောကြောင့် မရေးဖြစ်နိုင်အောင် ရှိချေ၏။ ယခုမူ အိပ်နေရင်းတန်းလန်း ဆီးချိုကျလာသည့်အတွက် သကြား ထ, စားရာမှ ပြန်အိပ်မရသောကြောင့် ဤစာကို ရေးလိုက်ရပြန်ချေသည် တမုံ့။

အမှန်က ကျွန်ုပ်ပင် ရေးစရာမလိုပါ။ အနှီမကောင်းဆိုးဝါးများ အဘယ်မျှ ယုတ်မာခဲ့သနည်း ဆိုသည်ကို မိတ်ဆွေတို့ အားလုံး သိနှင့်ကြပြီး ဖြစ်ပါသည်။ သို့သော် ကျွန်ုပ်တို့တိုင်းပြည်အပေါ် ၎င်းတို့ အဘယ်မျှယုတ်မာခဲ့သည်ဆိုသည်ကို ချမရေးလိုက်ရလျှင် ကျွန်ုပ် ပြန်အိပ်လို့ရတော့မည် မဟုတ်တော့သောကြောင့် အန်ထုတ်လိုက်ရခြင်း ဖြစ်ပါ၏။

ကျွန်ုပ်အဖို့မူ မြစ်ဆုံကိစ္စကဲ့သို့သော ထွေးမရ၊ အံမရပြဿနာတုံးကြီးကို ဖန်းတီးခဲ့တာ တစ်ခုတည်းနှင့်ပင် ၎င်းတို့ကို မဲမထည့်ရန် အကြောင်း လုံလောက်နေချေပြီ။ မြစ်ဆုံအတွက် ၎င်းတို့သည် အဘယ်မျှ ပညာမဲ့လိုက်ပါသနည်း။ အဘယ်မျှ အမြော်အမြင် နည်းလိုက်ပါသနည်း။ အဘယ်မျှ ဦးဏှောက်မရှိလိုက်ပါသနည်း။ အဘယ်မျှ မိုက်မဲလိုက်ပါသနည်း။ အဘယ်မျှ ဆိုးရွားယုတ်မာလိုက်ပါဘိသနည်း။

ဤကိစ္စကို ဘယ်လိုရှင်းကြမည်နည်း။ ယခုထက်တိုင် အဖြေမရှိသေးပါ။ ဤကမ္ဘာပေါ်တွင် ပေါ်ခဲ့ဖူးသမျှ ကမ္ဘာ့ အယုတ်ဆုံးခေါင်းဆောင် ဆိုသူတို့ပင် ၎င်းတို့ကို ဖင်ဖျားကို မမီသေးချေ။ (ကန်တော့ပါရဲ့၊ မိတ်ဆွေများ) ၎င်းတို့သည်ကား အယုတ်တကာ့ထိပ်ခေါင် ဖွတ်မင်းနောင်များ ဖြစ်လေတော့၏။

ဟိုတလောက မြစ်ဆုံကိစ္စ ဘယ်လောက်လျော်ရမလဲ။ ငါတို့ပြည်သူတွေ တစ်ယောက် ဘယ်လောက်စု လျော်လိုက်လျှင် ဖြစ်နိုင်သည် . . . . . စသဖြင့် ဖေ့စ်ဘုတ်တွင် ဖတ်လိုက်ရပါ၏။ ဤသည်ကိုကြည့်ခြင်းအားဖြင့် ကျွန်ုပ်တို့ပြည်သူများသည် ဤမြစ်ဆုံကိစ္စကြီးသာ ပြေလည်သွားမည်ဆိုလျှင် မိမိအိပ်ကပ်ထဲမှ ချွေးနည်းစာကလေးများကိုပင် အစိုးရသို့ ရက်ရက်ရောရော လှူဒါန်းရန် ဝန်မလေးကြ ဆိုသည်ကို အထင်းသား မြင်နိုင်ပါ၏။ ကျွန်ုပ်သည် ထို မြစ်ဆုံပြဿနာကြီး အား ဖန်တီးခဲ့သူများကို ပါးချချင်သလောက် ကျွန်ုပ်တို့တိုင်းသူပြည်သားများအား ချစ်ခင်လေးစားမိလေ၏။

ကျွန်ုပ်တို့တိုင်းသူပြည်သားများ သည့်ကလောက် ပူပင်သောကများပြီး သည်မျှ အရေးတကြီးဖြစ်နေချိန်တွင် ထို ပြဿနာ ၏ ဖန်တီးရှင်ကြီးများမှာမူ နည်းနည်းကလေးမှ $$ဂရုမစိုက်ဘဲ နေနိုင်အားလှပေစွ။ အခွက်ပြောင်လှပေစွ။ အရှက် မဲ့လှပေစွ၊ နောင်တမရနိုင်အားလှပေစွ။ ၎င်းတို့သည် ကျွန်ုပ်တို့ကို ကွယ်ရာမှနေ၍ နှုတ်ခမ်းတစ်ဖက်ကိုမဲ့ကာ လှောင်ပြုံးပြုံးနေမှာ မြင်ယောင်မိပါသေးတော့၏။

ဟိုတစ်နေ့က လူရာချီသေခဲ့သည့် ဖားကန့်ကိစ္စမှာလည်း ၎င်းတို့၏ စနက်မကင်းဟု ဆို၏။ ကျွန်ုပ် သေသေချာချာမသိပါ။ ၎င်းတို့သည် ပိုက်ဆံသာရမည်ဆိုလျှင် မဟုတ်တာမှန်သမျှ အကုန်လုပ်ကြသည်သာ ဖြစ်၏။ ရှေ့ရေး၊ နောက်ရေး၊ ဘေးရေး၊ အပေါ်ရေး၊ ဘာအရေးမှ ထည့်မစဉ်းစား၊ အဲလေ စဉ်းစားနိုင်လောက်အောင်လည်း ပညာကမရှိ။ ငါတကောကောဘို့ လောက်သာ သိကြသူများ ဖြစ်၏။ ထိုဖားကန့်ကိစ္စကိုသာ သည်အတိုင်းသာ လွှတ်ပေးထားလိုက်မည် ဆိုပါက နောင် ၅ နှစ်လောက်ကြာသည့်အခါ မဟာတာပနငရဲသို့ပင် လှေခါးထောင်ကာ ဆင်းနိုင်သည့်အခြေသို့ ဆိုက်သွား ပေလိမ့်မည်။

အခုတလော ဖေ့စ်ဘုတ်မှာ ပွထနေသည့် နေပြည်တော်မှ ဘုရားဆင်းတုတော်ပုံများကိုလည်း ကြည့်ပါ။ ဤပုံများမှာ ယခုမှ ပွထလာတာ မဟုတ်။ ယခင်နှစ်များကလည်း အုတ်အော်သောင်းတင်း ဖြစ်ခဲ့ဖူးသေး၏။

ဤသည်ကို ကြည့်ခြင်းအားဖြင့် ထိုသူတို့သည် ၎င်းတို့ အာဏာရရေးအတွက်ဆိုလျှင် သာမန်လူများကို မဆိုထားပါနှင့်။ ကိုယ်ကိုးကွယ်သည့် ဘုရားကိုပင် မဟုတ်တန်းလျားများ လုပ်ရန်၊ ချနင်းရန်၊ လက်ကိုချိုးပြီး ပေါက်တတ်ကရများလုပ်ရန် အနည်းငယ်မျှ မနှောင့်နှေးဆိုသည်ကို ဧရာဝတီမြစ်ထဲမှာ ဝေလငါးကြီး ကူးလာသကဲ့သို့ အလွန်အင်မတန်မှပင် ထင်ရှား လှပါပေတော့၏။

အစိုးရနေရာကို အလိုရှိလျှင် လူထုက ချစ်ခင်နှစ်သက်လာအောင် လုပ်ရမည်။ တိုင်းပြည်အပေါ် စေတနာကလေး နှစ်ပဲ ဘိုးလောက် ထားသင့်သည်။ ပညာဉာဏ်ကလေး (၄) တန်းအောင် ခလေးလောက်တော့ ရှိသင့်သည် ဆိုသည်ကို လူတိုင်း သိ၏။ သို့သော် ဤမျှရိုးစင်းလှသည့် သီအိုရီကလေးကိုပင် ၎င်းတို့မသိချေ။ မသိ၍သာ ကောင်းမွန်မှန်ကန်သောနည်း အားဖြင့် အာဏာရအောင် မကြိုးစားဘဲ မဟုတ်တန်းလျား ယတြာများလုပ်ကာ ကြိုးစားခြင်းမဟုတ်တုံလော။ ဤမျှလောက် ဦးဏှောက်မဲ့သူများ၊ ပညာမဲ့သူများ၊ ဆင်ခြင်တုံတရား မဲ့သူများ၏ လက်ထဲသို့ အာဏာကို ပြန်ထည့်ကြဦးမည်ဆိုလျှင် သင်တို့လောက်မိုက်မဲသူ ဤလောက၌ ရှိမည် မဟုတ်ချေ။

လူတစ်ဦးတစ်ယောက်၏ ပညာဉာဏ်၊ အရည်အချင်း၊ တွေးခေါ်မြော်မြင်နိုင်စွမ်းတို့ကို ၎င်းတို့ပြောသည့် စကားများ အားဖြင့် ခန့်မှန်းနိုင်သည်သာ ဖြစ်၏။ ယခု ထိုသည့် (so called) လူကြီးဆိုသူများ ပြောဆိုနေကြသည်များကို နည်းနည်း လောက်နားစွင့်ကြည့်စမ်းပါ။

ကျွန်တော်မှတ်မိသမျှ ထိုလူကြီးများပြောသည့်စကားများတွင် မှတ်စရာသားစရာဆို၍ ဘာတစ်ခွန်းမှ မတွေ့မိပါ။ ကျွန်ုပ်တွေ့သမျှတော့ အနှီလူဂျီးဆိုသူများ ပြောသမျှမှာ ဟာသပြက်လုံးများ အဆင့်ထက် မပိုပါ။ ကျွန်ုပ်သည် ၎င်းတို့ကို ကြည်ညိုချင်ပါသဖြင့် ၎င်းတို့ ပညာရှိဆန်ဆန်၊ လူကြီးလူကောင်းဆန်ဆန် ပြောသည့် စကားများရှိပါက မိတ်ဆွေတို့ ကျွန်ုပ်ကို ပြန်လည် ဝေမျှပေးစေလိုပါသည်။

သို့သော် ကျွန်ုပ် သဘောကျမိမလိုလို ရှိတာတစ်ခုတော့ ရှိ၏။ ဘာတဲ့ . . . သူတို့နဲ့ ပလဲနံပသင့်သွားရင် ကေတီဗီ အတူတူ သွားလို့ရတယ်၊ အရက်အတူတူသောက်လို့ရတယ်. . . .ဆိုလား။ နိပ်ဟ။ ကျွန်ုပ်မှာ သီချင်းဆိုဝါသနာပါသူတစ်ဦး ဖြစ်ရကား ၎င်းတို့နှင့်အတူ ကေတီဗီတွင် တွံတေးသိန်းတန်၏ “ထွေးညိုလေးရယ် . . သေးဆိုတာ မတ်တတ်ပေါက်ရ . . ဟ ဟ . . ဒယ်” ဆိုသည့်သီချင်းကို ဟဲရန် ကြံစည်မိလေသောဟူ၏။ သို့သော် ၎င်းတို့ဘီယာတစ်လုံးပြီးတစ်လုံးမှာကာ ဆို့သမျှ ကျွန်ုပ်ကချည်း ဒိုင်ခံရှင်းရမည့်အရေး မျှော်တွေးမိသောကြောင့်သာ ထို အကြံကို လက်လျှော့ရလေတော့သည်။

တစ်လ ဆယ်သိန်းလဲရ၊ ကေတီဗီအတူဆိုဘို့ အခွင့်အရေးလဲရ။ မဆိုးပါဘူး။ မမကြီး၏ လွှတ်တော်တက်ရသည့် ရည်ရွယ်ချက်ကို သိရသည့်အခါ ကျွန်ုပ်မှာ ကျွတ် ကျွတ် ကျွတ် ဟု သုံးကြိမ်တိုင်တိုင် စုပ်သတ်မိလေသော ဟူ၏။

ဒါဖြင့် မင်းက NLD ကို လွှတ်ကြိုက်သပေါ့လေ ဟတ်လား။
ဆြာရယ် - ကျွန်တော်ဖြင့် တစ်ခါမှတောင် ပါးစပ်မဟဖူးပါကလား ခင်ဗျာ။

YBS စပြီဟေ့ဆိုတော့ အရပ်များရင်လည်း ကူပါ။ လူများရင်လည်း ဝိုင်းပါ ဖြစ်ခဲ့ရသည့် အဖြစ်အပျက်အတွက် ကျွန်ုပ်သည် အဆိုပါ မောင်ရင်ဖြိုးကို နားရွက်တံတွေးဆွတ်ကာ ထိုင်ထ အခါ ၂၀၀ လောက်လုပ်ခိုင်းချင်မိလေ၏။ သို့တိုင် မနေ့ညကမှ မက်သည့်အိပ်မက်ကို မစဉ်းစားမဆင်ခြင်အဲ အရမ်းရောကာရော ထ ထ လုပ်တတ်သည့် လူကြီးမင်း၏ အမှားမှာ သံလမ်းနှင့်မတော်လို့ဆိုလား၊ သုံးလို့စားလို့မရသော ရထားတွဲကြီးများကို သည်အတိုင်း ကျီးထိုးထိုး၊ လောက်ကိုက်ကိုက် ပစ်ထားရသည်နှင့်စာလျှင် ခွင့်လွှတ်နိုင်ပါသေးသည်။

ဆရာမများကို ရည်းစားစကားပြောခိုင်းသည့် ကိစ္စမှာ တစ်နိုင်ငံလုံးလှည့်ကာ ပါးရိုက်မည့် ကိစ္စထက်စာလျှင် အများကြီး တော်ပါသေးသည်။

စာလည်းအတော်ရှည်သွားပြီမို့ နိဂုံးချုပ်ပါမည်။

နေပူတော် ဟိုမူကြိုကျောင်းက ဟိုခလေးမလေး ဟဝှာလုပ်ခံရသည်ကို တရားခံဘယ်သူလဲ သိလျက်နှင့် စောင့်ကြည့်နေခဲ့ ရသည့်ကိစ္စ၊

ဟဝှာ ၁၈ ယောက်ကို ဟိုဒင်းလုပ်ခဲ့တာတောင် Government hostel ၌ အစိုးရကျွေးသည့်ထမင်းကိုစားလျက် အိပ်လိုက်နှပ်လိုက်နှင့် လူကြားကောင်းရုံ ဒဏ်ကလေးမဖြစ်ညစ်ကျယ် ချသည့်ကိစ္စ . . .
(မှတ်ချက်။         ။ Government hostel ဟူသည့် အသုံးအနှုန်းမှာ ကျွန်ုပ်ပြောခြင်းမဟုတ်ပါ။ ကျွန်ုပ် စင်ကာပူပိုလီတွင် Safety Officer သင်တန်းတက်စဉ်က သင်တန်းဆရာတစ်ယောက် ပြောသည့် အသုံးအနှုန်း ဖြစ်ပါသည်။ ကျွန်ုပ်က ကြိုက်လှသဖြင့် ယူသုံးခြင်းဖြစ်ပါ၏။)

. . . စသည့် စသည့် တရားဥပဒေကို ကျော်ချင်သလိုကျော်၊ ခွချင်သလိုခွနေသည့် ကိစ္စများမှာ NLD သည် တင်းပြည့် ကျပ်ပြည့် အစိုးရမဟုတ်သေးသောကြောင့် ဖြစ်သည်ဟု ကျွန်ုပ်ကတော့ သည်လိုပင် ယူဆပါသည်။

ဆိုတော့ တင်းပြည့်ကျပ်ပြည့် အရပ်သားအစိုးရဖြစ်လာစေရန်၊ မြန်မာနိုင်ငံတဝှမ်းလုံးတွင် အရပ်သားအစိုးရ၏ အာဏာသက်ရောက် စေရန်၊ ဤကဲ့သို့ တင်းပြည့်ကျပ်ပြည့်အစိုးရ မဖြစ်နိုင်စေရန် ပိတ်ပင်တားဆီးထားသည့် မှော်စာအုပ်အစိမ်းကြီးကို မည်သည့် အစွယ်မှမရှိတော့ဘဲ မြွေစွယ်ကျိုးကဲ့သို့ ဖြစ်စေရန်၊ NLD က အစိုးရဖွဲ့နိုင်ရေးသည် သေရေးရှင်ရေးတမျှ အရေးကြီးပါသည်။ (ညွန့်ပေါင်းတွေ၊ ညွန့်ပက်တွေ လာမပြောပါနှင့်။ ကျွန်ုပ်ကတော့ ဘာနှင့်ပေါင်းတာမှ မကြိုက်ပါ။)

ဤသည်မှာ ကျွန်ုပ်တို့အရေး၊ သင်တို့အရေး၊ သင်တို့ကျွန်ုပ်တို့၏ သားစဉ်မြေးဆက်များအရေး ဖြစ်၏။
မိတ်ဆွေတို့ လူရွေးမမှားပါစေလင့်။

ယခု အစိုးရထဲမှ အချို့လူများကို သင်တို့မကြိုက်မှန်း ကျွန်ုပ်သိပါသည်။
သင်တို့လိုပဲ ကျွန်ုပ်လည်း မကြိုက်ပါ။

သို့သော် သင်တို့သည် လူရိုးဗလချီးနမ်းများကို ရွေးမည်လား။
တိုင်းပြည်ကို ရောင်းစားမည့်၊ အရေဆုတ်မည့်၊ သူတို့ယောက္ခမက ပေးထားသည့် အမွေပစ္စည်းနှယ် ပြုမူမည့် လူ့ဗရုတ်သုက္ခများကို မဲပေးမည်လား။

မြစ်ဆုံကဲ့သို့သော မဖြေရှင်းနိုင်သည့် ပြဿနာကြီးများ နောက်ထပ် မပေါ်ပေါက်စေရေးအတွက် နည်းလမ်းတစ်ခုသာ ရှိပါသည်။ ဤနည်းမှာ ထိုအကောင်များကို မည်သည့်နည်းနှင့်မျှ အာဏာပြန်မရလာစေရန် တားဆီးရေးပင် ဖြစ်ပါသတည်း။ ဤသည်မှာ နိုင်ငံသားအားလုံး၏ တာဝန်ပင် ဖြစ်ပါကြောင်း။

သင်တို့၌ ရွေးချယ်စရာများများမရှိ။
တစ်ခုတည်းသာရှိပါသည်။
အဘယ်ကိုရွေးရမည်ကို မိတ်ဆွေတို့သိပါသည်။

ကျေးဇူးတင်ပါသည်။

အေးငြိမ်း
၉ ဇူလိုင်၊ ၂၀၂၀

No comments: